Chapter 34
တစ္ဆေဘုရင်က တကယ်ကြီးကို ပြန်လည်မွေးဖွားလာတာ ပြီးတော့ ရှဲ့ယွင်နန်ကိုလည်း အရမ်း သဘောကျနေတယ် ...
တစ္ဆေဘုရင်က နောက်ဆုံးတွင် သူ့ကို ကူညီပါမည်ဟု ကတိပြုခဲ့သည့်တိုင် သူ့စိတ်ထဲတွင် အနည်းငယ် မရေမရာ ဖြစ်နေဆဲပင်။
ထိုသူ၏ စကားများကို ကြားပြီးနောက် သူ့ကို ဘာမှ မကြံစည်ခဲ့မိ၍သာ တော်သေးသည်ဟု ခံစားမိလိုက်သည်။
တစ္ဆေဘုရင်ကို သိမ်းသွင်းရန်အတွက်မူ ... ထိုသူသည် ပြန်လည်မွေးဖွားလာပြီးနောက် သူ့ကို လာမတွေ့သည့်အတွက် မဟာမိတ် ဖြစ်လာရန် မဖြစ်နိုင်တော့။
ဒီလိုဆိုမှတော့ သူ့ကို ရက်စက်တယ်ဆိုပြီး လာအပြစ်မတင်နဲ့ ...
ပြန်လည်မွေးဖွားလာတဲ့သူက တစ်ယောက်ဆိုရင်ကို လုံလောက်နေပြီ ... တစ္ဆေဘုရင်ကိုတော့ .. ဒီတိုင်း မထားနိုင်ဘူး ...
သူ၏ လက်ရှိခွန်အားဖြင့် တစ္ဆေဘုရင်ကို မကိုင်တွယ်နိုင်။ သို့သော် မြင့်မြတ်သည့် မြို့တော်ရှိ လူများကမူ ကိုင်တွယ်နိုင်ပေလိမ့်မည်။
ယဇ်ဆရာကို လိုက်ရှာနေသူများလည်း များမကြာမီ ရောက်လာကြတော့မည်။
အတိတ်ဘဝက ထိုသူများ ဟုန်ယဲ့မြို့တော်သို့ ရောက်လာချိန်တွင် မြို့တော်တစ်ခွင်လုံး ကသောင်းကနင်း ဖြစ်နှင့်နေပြီဖြစ်သည်။ ထိုသူတို့က တစ်ခုခုကို ခန့်မှန်းမိသွားသည့်ဟန် ဟုန်ယဲ့တောအုပ်ထဲသို့သာ တန်းတန်းမတ်မတ် ဝင်သွားခဲ့ကြသည်။ ရလဒ်အနေဖြင့် အင်အားကြီး အံ့ဖွယ်သားရဲတစ်ကောင်နှင့် တွေ့ကာ အမြောက်အများ သေကြေပျက်စီးခဲ့ကြရတော့သည်။
လျောင်မုယဲ့က ရှေ့ဆက်လုပ်ရမည့် အကြံအစည်များကို တွေးနေစဉ် တစ်ဖက်ရှိ တစ္ဆေဘုရင်က သက်ပြင်းမောတစ်ချက် ချနေ၏။ သူ့နှလုံးသားတစ်ခုလုံးမှာလည်း ထုံကျင်ကာ မလှုပ်ရှားနိုင်တော့ချေ။
သူ့သရုပ်မှန်ကတော့ ဖော်ထုတ်ခံလိုက်ရပြီ ...
မူလက သူသည် သူ့သရုပ်မှန်ကို ဖုံးကွယ်ကာ ရှဲ့ယွင်နန်ကို သင်ကြားပေးရန် တွေးခဲ့သော်ငြား ယခုမူ ထိုအကြံမှာ ဖြစ်နိုင်ချေ မရှိတော့။
ရှဲ့ယွင်နန်၏ လုံခြုံရေးအတွက် သူတို့နှင့်အတူ ဟုန်ယဲ့တောအုပ်ထဲသို့ လိုက်ပုန်းနိုင်ပါလျှင် ပိုကောင်းပေမည်။
ထိုသို့ သတိပြုမိပြီးနောက် တစ္ဆေဘုရင်မှာ နောင်တကြီးစွာ ရလာတော့သည်။
ရှဲ့ယွင်နန်နဲ့ တွေ့ပြီးနောက်ပိုင်း ကလေးအနားကို ဇွတ်အတင်း တိုးမသွားဘဲနဲ့ သူ့အမေကိုပဲ အကြောင်းကြားပြီး လာခေါ်ခိုင်းလိုက်သင့်တာ ...
ဒါပေမယ့် အခုအချိန်မှာ မြင့်မြတ်တဲ့ မြို့တော်ကလည်း မလုံခြုံဘူး ...
ဒါမှမဟုတ် ဒီဆင်ခြေဖုံးဒေသမှာပဲ သာမန်ဘဝလေးနဲ့ ဖြတ်သန်းခိုင်းတာက ပိုကောင်းမလား မဟုတ်ဘူး ဒါလည်း အဆင်မပြေဘူးပဲ ဒီကလေးမှာ သူ့ကိုယ်သူ ကာကွယ်နိုင်တဲ့ခွန်အား မရှိတော့ နောင်တစ်ချိန်မှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလေ ...
ကလေးကို သူနဲ့အတူ ခေါ်ထားရုံပဲ ရှိတော့တယ် ...
ဒါပေမယ့် ဒီကလေးကို အတူခေါ်သွားဖို့ဆို ပြဿနာတစ်ခု ထပ်ရှိနေသေးတယ် .. သွမ့်ချန်ချင်းပဲ ...
သူ့ကို ဖုန်းဆက်လာတဲ့သူက သွမ့်ချန်ချင်းကို ဒီနေရာမှာ ရှိမနေသင့်တဲ့သူလို့ ပြောခဲ့တယ် အဲဒါ ဘာကို ဆိုလိုတာလဲ ...
သူက သွမ့်ချန်ချင်းကို တိတ်တဆိတ် ဖမ်းဆီးကာ သူ့အဖော်သားရဲ၏ ဝေဝါးစေသော စွမ်းရည်ကို အသုံးပြု၍ သွမ့်ချန်ချင်း၏ အာရုံကို ထွေပြားအောင် လုပ်ကာ သူ့ဇစ်မြစ်အကြောင်း ရှင်းရှင်းလင်းလင်း မေးမြန်းရန် တွေးထားဖူး၏။
ယခု ကိစ္စများမှာ ဤကဲ့သို့ ဖြစ်လာရာ ... ထိုအတွေးကို အကောင်အထည်ဖော်ရမည့်အချိန်သို့ ရောက်လာတော့သည်။
သူက ရှဲ့ယွင်နန်၏ အိမ်ခေါင်မိုးပေါ်သို့ ပြန်လာလိုက်သည်။
သူ၏ အစောပိုင်းက ပို့ထားသည့် စာများအရ ငယ်သားများကလည်း သူနှင့်တွေ့ရန် ရှဲ့ယွင်နန်၏ ဆိုင်သို့ ရောက်နေကြပြီဖြစ်သည်။
စီနီယာအဆင့် တိုက်ခိုက်ရေးသမားများက အဆောက်အဦး၏ ခေါင်မိုးပေါ်တွင် မတ်တပ်ရပ်နေကာ အဆင့်နိမ့်တိုက်ခိုက်ရေးသမားများကမူ မလှမ်းမကမ်းတွင် ပုန်းအောင်းနေကြသည်။
လူဦးရေ တိုးလာသည်ကို ခံစားမိလိုက်သည့် သွမ့်ချန်ချင်း "..."
လက်ရှိအခြေအနေအရ သူသည် မီတာအနည်းငယ်အကွာကိုသာ စစ်ဆေးနိုင်သည်။ တစ္ဆေဘုရင်က ပြန်သွားကာ မည်သည့်အရာများ ပြုလုပ်ခဲ့ကြောင်း မသိရသော်ငြား အိမ်ခေါင်မိုးပေါ်တွင် ရှိနေသူများ များသည်ထက် များလာသည်ကို ခံစားမိလိုက်သောအခါ မသက်မသာ ဖြစ်လာတော့သည်။
တွေးနေရင်း သဘောပေါက်သွားချိန်မှာပင် တစ္ဆေဘုရင် ပြန်ရောက်လာ၏။
များမကြာမီ ထိုသူ၏ တီးတိုးစကားသံကို ကြားလိုက်ရသည်။
“မင်းတို့တွေ ဒီမှာ စောင့်နေကြ ငါအရင် လှုပ်ရှားလိုက်မယ် ...”
ထို့နောက် သူက ရှဲ့ယွင်နန် အိမ်၏ မြောက်ဘက်ရှိ မီးဖိုချောင် အပြင်ဘက်သို့ လျှောက်လာကာ ပြတင်းပေါက်ကို ခွဲလိုက်သည်။
မီးဖိုချောင်ထဲသို့ အမြန်ဝင်လာကာ ထိုမှတစ်ဆင့် ပင်မအိပ်ခန်း အပြင်ဘက်သို့ ရောက်လာပြီး တံခါးကို အားဖြင့် ဖွင့်လိုက်သည်။
အခန်းထဲသို့ ရောက်သည့်အခါ သူသည် အိပ်မောကျနေသော ရှဲ့ယွင်နန်ကို တွေ့လိုက်ရသည်။ သွမ့်ချန်ချင်းကမူ ရှဲ့ယွင်နန်၏ ဘေးတွင် မအိပ်သေးဘဲ လှဲလျောင်းနေ၏။
အမြီးကိုးချောင်းမြေခွေး၏ အမြီးများ လှုပ်ယမ်းသွားကာ တစ္ဆေဘုရင်က ရှေ့တစ်လှမ်း တိုးလာပြီး သွမ့်ချန်ချင်းကို ဆွဲထုတ်၍ မီးဖိုချောင်ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ထွက်လိုက်သည်။
သူက သွမ့်ချန်ချင်းကို စစ်ဆေးမေးမြန်းရန် လူသူကင်းမဲ့သည့် နေရာတစ်ခုကို ရှာဖွေလိုက်သည်။
၎င်းမှာ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်သည့်အလျောက် သိသည့်သူ နည်းလေလေ ပိုကောင်းလေ ဖြစ်သည်။
တံခါးကိုဖျက်၍ ဝင်လာကတည်းက တစ္ဆေဘုရင်သည် သူ့အရည်အချင်းများကို ထုတ်သုံးနှင့်နေပြီး ဖြစ်သည်။ သူ၏ စွမ်းရည်အရ မေးခွန်းများ မေးမြန်းပြီးနောက် သွမ့်ချန်ချင်းသည် ချက်ခြင်း အိပ်မောကျ သွားကာ ဖြစ်ပျက်သမျှကို ပြန်လည်မှတ်မိတော့မည် မဟုတ်ချေ။
သူက သွမ့်ချန်ချင်းကို ဖမ်းချုပ်ထားရင်း မြစ်ကမ်းပါးအနီးသို့ သွားလိုက်သည်။ တိုက်ဆိုင်စွာပင် ထိုနေရာသည် သူ့ကို ရှဲ့ယွင်နန် ကယ်လာခဲ့သည့် နေရာလည်း ဖြစ်နေသေး၏။
ညအချိန်ဖြစ်၍ မြစ်ကမ်းဘေးတွင် မည်သူမှ မရှိ။ သူက သွမ့်ချန်ချင်းကို အောက်ချကာ မေးလိုက်သည်။
“မင်းနာမည်က ဘာလဲ ...”
တစ္ဆေဘုရင်၏ ဖမ်းခေါ်ခြင်းကို ခံလိုက်ရကတည်းက သွမ့်ချန်ချင်းသည်လည်း မည်သို့ ဆက်လုပ်သင့်ကြောင်း တွေးထားနှင့်ပြီးဖြစ်သည်။
ရှဲ့ယွင်နန်ရဲ့ ဆရာက ညကြီးမင်းကြီးမှာ လူအုပ်စုလိုက်ကြီးနဲ့ ရှဲ့ယွင်နန်ကို လာရှာတယ် ပြီးတော့ သူ့ကိုလည်း ပြန်ပေးဆွဲသွားသေးတယ် … ဒီလူက ဘာလိုချင်နေတာလဲ ...
သူက တစ်ခဏမျှ တွေးပြီးနောက် သိမ်းဆည်းထားသည့် သိစိတ်ဝိဉာဉ်များကို ဖြန့်ကျက်ကာ ပြန်ဖြေလိုက်သည်။
“သွမ့်ချန်ချင်း ...”
“မင်းနဲ့ ရှဲ့ယွင်နန်က ဘယ်လို သိကြတာလဲ ပြီးတော့ မင်းက ဘာရည်ရွယ်ချက်နဲ့ ရှဲ့ယွင်နန့်ဘေးမှာ နေနေရတာလဲ ...”
တစ္ဆေဘုရင်က ထပ်မေးလိုက်သည်။
ရှဲ့ယွင်နန်ရဲ့ ဆရာက တကယ်ကြီးကို သူ့ကို သံသယဝင်နေတာပဲဟ ...
သွမ့်ချန်ချင်းမှာ ဟန်ဆောင်တတ်သူ ဖြစ်သည့်တိုင် ရှဲ့ယွင်နန်၏ ဆရာက ဆက်တိုက် စိုက်ကြည့်နေရာ နေရထိုင်ရ ခက်လာတော့သည်။
ထို့အပြင် သူက ထိုသူ၏ ရည်ရွယ်ချက်ကိုပါ သိလိုနေသေးသည်။
“ငါလည်း မေးစရာရှိတယ် ဘာလို့ ဒဏ်ရာရချင်ယောင်ဆောင်ပြီး ယွင်နန်ကို ကယ်ခွင့်ပေးလိုက်ရတာလဲ ...”
သူက ပြန်မေးလိုက်သည်။
တစ္ဆေဘုရင်က ကြောင်အသွားရှာ၏။
“မင်းက အသိစိတ် ရှိနေသေးတုန်းပဲလား ...”
“သေချာတာပေါ့ ...”
ထို့နောက် သူက တစ္ဆေဘုရင်ကို လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ဒီလူ ရှဲ့ယွင်နန်ကို ဘာလုပ်ချင်နေတာလဲဆိုတာကို သေချာပေါက် စုံစမ်းရမယ် ...
သွမ့်ချန်ချင်း၏ လက်ရှိခန္ဓာကိုယ်မှာ သူ့ကိုယ်ထဲရှိ အားကောင်းလှသော သိစိတ်ဝိဉာဉ်ကို ခံနိုင်ရည် မရှိသေးသော်ငြား အမြီးကိုးချောင်းမြေခွေးကို ဖိနှိပ်နိုင်ရန် အလို့ငှာ ချိတ်ပိတ်ထားသည့် အချို့အဝက်ကို ဖြည်ထုတ်လိုက်ရသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖိအားမှာ လွန်စွာ မြင့်မားလွန်းရာ မြန်မြန်ဆန်ဆန် တိုက်ခိုက်ရပေမည်။
ကံကောင်းထောက်မစွာဖြင့် အမြီးကိုးချောင်းမြေခွေး၏ တိုက်ခိုက်ရေးစွမ်းရည်မှာ များစွာ မကောင်းလှ။ အကြောင်းမှာ ၎င်း၏ နှစ်လိုဖွယ်ကောင်းသည့် ဆွဲဆောင်နိုင်စွမ်းက သန်မာလွန်းနေ၍ ဖြစ်သည်။ သွမ့်ချန်ချင်း၏ သိစိတ်ဝိဉာဉ်က ထိုစွမ်းရည်ကို ဖိနှိပ်ထားနိုင်ရာ ... တစ္ဆေဘုရင်ကိုမူ လက်သီးနှင့် ထိုးရန်သာ လိုအပ်သည်။
သူ့လက်မောင်းတို့မှာ များစွာ ပိန်လှီလှသော်ငြား ပစ်ခွင်းလှသည့် လက်သီးမှာမူ အားအင်အပြည့်ပင်။
တစ္ဆေဘုရင်က အေးစက်စွာ သရော်လိုက်သည်။ မည်သည့်အကြောင်းကြောင့် သူ့အဖော်သားရဲ၏ စွမ်းရည်က သွမ့်ချန်ချင်းအပေါ် မသက်ရောက်ကြောင်း မသိသော်ငြား ထိုသူ၏ လက်သီးကိုမူ အလေးအနက် မထားပေ။
သူက လက်ကို ဆန့်ထုတ်ကာ သွမ့်ချန်ချင်း၏ လက်သီးကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သော်ငြား လက်ကို ဆန့်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်မှာ ပြင်းထန်စွာ အထိုးခံလိုက်ရကာ ကျိုးကျေလုမတတ် ခံစားလိုက်ရတော့သည်။ သူ့အနေဖြင့် ထိုကဲ့သို့ ဖြစ်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားမိ။
သွမ့်ချန်ချင်းရဲ့ လက်သီးက ဒီလောက်အထိတောင် အားကြီးတယ်လား ...
“ကျိုးအာ ...”
သူက အဖော်သားရဲကို လှမ်းခေါ်လိုက်သော်ငြား အသုံးမဝင်။ ကြောက်မက်ဖွယ် မိစ္ဆာတစ်ကောင်က သူ့သားရဲကို ဖိနှိပ်ထားသည်ဟု ခံစားမိလိုက်သည်။
ရှေ့မှာ ရှိနေတဲ့သူက တကယ်ပဲ ဘယ်လိုလူစားမျိုးလဲ ...
သူသည် နဝမအဆင့် တိုက်ခိုက်သူတစ်ဦး ဖြစ်ကာ ယခင်ကလည်း အခြား အဆင့်တူ တိုက်ခိုက်ရေးသမားများနှင့် တိုက်ခိုက်ဖူးပေသည်။ ထိုသို့ တိုက်ခိုက်ချိန်တိုင်း အားလုံးက ကျိုးအာ၏ သက်ရောက်မှုကို ခံစားခဲ့ကြရ၏။ သို့သော် ယခု သူ့ရှေ့တွင် ရှိနေသူမှာမူ .. အနည်းငယ်မျှပင် သက်ရောက်ခြင်း ခံရဟန်မတူ။
ပြီးတော့ ဒီလောက်အထိ ပိန်လှီနေတဲ့သူက ဘာလို့များ ဒီလိုမျိုး ခွန်အားကြီးနိုင်ရတာလဲ ...
တစ္ဆေဘုရင်က တစ်ခဏမျှ ဖိနှိပ်ခံလိုက်ရသည်။
သွမ့်ချန်ချင်း “...”
ဒီတစ်ယောက်ကို တိုက်ခိုက်ရတာ လွယ်လိုက်တာ ...
ထားပါ တကယ်တော့ ဒီလူက တိုက်ခိုက်ရတာ လွယ်တာ မဟုတ်ဘဲ သူ့သိစိတ်ဝိဉာဉ်က အရမ်း သန်မာလွန်းနေတာလို့ ပြောရမယ်ထင်တယ် ...
သူ့ရှေ့တွင် ရှိနေသူမှာ ခွန်အားအရာ၌ ချီသန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်နေပြီ ဖြစ်သည်။ သို့သော် သူကလည်း အတိဒုက္ခ စမ်းသပ်ချက်ကို ကျရှုံးခဲ့သည့် မိစ္ဆာအိုကြီးတစ်ကောင် ဖြစ်နေရာ ...
(တစ္ဆေဘုရင်က အဆင့် ၁၀ ဆို သူက အဆင့် ၉၉ လောက်မှာ ရှိနေတာလို့ ပြောချင်တာပါ)
သူက လက်သီးဖြင့် အကြိမ်အနည်းငယ်ခန့် ထပ်ထိုးကာ တစ္ဆေဘုရင်ကို ဘယ်ပြန်ညာပြန် ထိုးနှက်လိုက်သည်။
တစ္ဆေဘုရင်မှာ ထွက်ပြေးချင်သော်ငြား တစ်စုံတစ်ခုက သူ့ကို ချုပ်နှောင်ပိတ်ဆို့ထားသည့်ဟန် ထွက်ပြေးရန် အခက်တွေ့နေ၏။
ဒါက ဒီလူရဲ့ အရည်အချင်းများလား ...
ထိုသို့ တွေးနေစဉ်မှာပင် သွမ့်ချန်ချင်း၏ ကန်ချက်ကြောင့် မြေပေါ်သို့ လဲကျသွားတော့သည်။
သွမ့်ချန်ချင်းက သူ့ရင်ဘက်ပေါ် ဒူးတစ်ဖက်ထောက်ကာ လည်ပင်းကို ညှစ်ထားရင်း မေးလိုက်သည်။
“ပြောစမ်း မင်းက ဘယ်သူလဲ ...”
“မင်းက ဘယ်သူလဲ မင်းကို တစ်ခါမှ မတွေ့ဖူးဘူး မင်းက ဘယ်ကနေ ရောက်လာတာလဲ ...”
တစ္ဆေဘုရင်မှာ တုန်လှုပ်စ ပြုလာတော့သည်။
ငါ့သားရဲ့ အိမ်ထောင်ဖက် ... ဒီလူက ဘယ်ကနေ ရောက်လာတာလဲ ...
“မပြောဘူးပေါ့ ဟုတ်လား ဒါဆိုလည်း ငါ့ဘာသာငါပဲ ကြည့်တော့မယ် ...”
သွမ့်ချန်ချင်းက တစ္ဆေဘုရင်၏ မျက်နှာဖုံးကို ဆွဲဖြဲလိုက်သည်။
သူက ထိုသူ၏ မျက်နှာမှာ အတုဖြစ်ကြောင်း အစောပိုင်းကတည်းက သိထား၏။
တစ္ဆေဘုရင်က အပြင်းအထန် ရုန်းကန်လိုက်ကာ သွမ့်ချန်ချင်း၏ ဖိနှိပ်မှုကို ခံနေရသည့် အမြီးကိုးချောင်း မြေခွေးကလည်း သည်းထန်စွာ အော်ဟစ်လိုက်သည်။
“ငြိမ်ငြိမ်နေစမ်း ...”
သွမ့်ချန်ချင်းက သူ့စိတ်စွမ်းအင်ဖြင့် အမြီးကိုးချောင်း မြေခွေးကို မြေပေါ်သို့ ဖိထားလိုက်သည်။
သူကိုယ်တိုင်မှာလည်း မသက်သာလှ။
အင်အားကြီးမားလွန်းသည့် သိစိတ်ဝိဉာဉ်သည် သူ့ခန္ဓာကိုယ်ကိုပါ ဖျက်ဆီးနေပေသည်။
ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင် အစိုင်အခဲက သူ့ကို ကူညီပေးနေ၍သာာ တော်သေးသည်။ သို့သော် ကုသမှုမှာ ပျက်စီးနှုန်းကို အမှီမလိုက်နိုင်ရာ ... လွန်စွာ နာကျင်လှပေသည်။
သူက တစ္ဆေဘုရင်၏ မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်။
ရှဲ့ယွင်နန်နှင့် များစွာ တူညီလှသည့် မျက်နှာတစ်ခု ထွက်ပေါ်လာ၏။
ထိုသူ၏ အသားအရေမှာ တစ်နှစ်ပတ်လုံး နေရောင်နှင့် မထိတွေ့ရသဖြင့် ဖြူရော်နေပေသည်။ ထို့အပြင် ထိုသူ၏ အဖော်သားရဲမှာ မြေခွေးတစ်ကောင်ဖြစ်ရာ သူ၏ မျက်ဝန်းတို့ကအစ နှစ်လိုစွဲမက်ဖွယ် ဖြစ်နေသည်။
မူရင်းအသက်မှာ များစွာ မငယ်လှတော့။ သို့သော် အသက် ၃၀ ဝန်းကျင်ခန့်ဟုသာ ထင်ရကာ ရုပ်ရည်ပိုင်းဆိုင်ရာတွင် ရှဲ့ယွင်နန်ထက်ပင် ပိုမိုသာလွန်နေသေးသည်။
၎င်းမှာ အဓိကအချက် မဟုတ်သေး။ အဓိက အချက်မှာ ထိုသူသည် ... ရှဲ့ယွင်နန်နှင့် တစ်ခုခု တော်စပ်နေသူ ဖြစ်ပေလိမ့်မည်။
ဒီလိုဆိုရင်တော့ ဖြစ်ခဲ့သမျှက အကုန် ယုတ္တိရှိသားပဲ ...
ထိုသူသာ ရှဲ့ယွင်နန်နှင့် သွေးသားတော်စပ်ပါလျှင် ရှဲ့ယွင်နန်ကို ကျိန်းသေ ကောင်းကောင်းမွန်မွန် ဆက်ဆံမည် ဖြစ်သည်။
ထိုသူက ရှဲ့ယွင်နန်နှင့် သက်ဆိုင်နေပါလျှင် သူ့ကို သံသယဝင်သည့်အတွက် ရှဲ့ယွင်နန် အနားယူခြင်းကို အခွင့်ကောင်းယူကာ သူ့ကို လာဖမ်းဆီးခြင်းမှာလည်း ယုတ္တိရှိပေသည်။
ဒါပေမယ့် ဒါလည်း မဟုတ်သေးဘူး ...
ဒီလူရဲ့ အဖော်သားရဲက မြေခွေးလေ မြေခွေးတစ်ကောင်နဲ့ ခွေးတစ်ကောင်က ဘယ်လိုဖြစ်လို့ သွေးသားတော်စပ်နိုင်မှာလဲ ...
နေပါဦး ... လူတွေက ဒီတိုင်း လက်ထပ်ကြ ကလေးမွေးကြတာပဲ မဟုတ်လား ခွေးနဲ့ကြောင် လက်ထပ်လိုက်ရင် မွေးလာတဲ့ကလေးက ခွေးလည်းဖြစ်နိုင်၊ ကြောင်လည်း ဖြစ်လာနိုင်တာပဲလေ ...
ပြီးတော့ ရှောင်ပိုင်ကလည်း ... တကယ်တမ်း ပြောရရင် မြေခွေးတစ်ကောင်နဲ့ တူနေတာပဲ မဟုတ်လား ...
သူက ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။
“ခင်ဗျားနဲ့ ရှဲ့ယွင်နန်က ဘာတော်တာလဲ ...”
တစ္ဆေဘုရင်ကလည်း သူ့မျက်နှာ ဖော်ထုတ်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်နှင့် သူ့အကြား ဆက်ဆံရေးကို ဖုံးကွယ်ရန် မဖြစ်နိုင်တော့ကြောင်း သဘောပေါက်နှင့်ပြီး ဖြစ်သည်။
ယနေ့ သူ့သရုပ်မှန် ဖော်ထုတ်ခံခဲ့ရကာ အရိုက်လည်း ခံခဲ့ရသည့်အတွက် သူ့ဘဝကြီးကိုပင် သံသယ ဝင်လာတော့သည်။
“သူက ငါ့သား မင်းအနေနဲ့ ငါ့ကို သတ်ချင်ရင်တောင် ကျေးဇူးပြုပြီး သူ့ကိုတော့ လွှတ်ပေးပါ သူက ဘာမှ မသိဘူး ...”
သွမ့်ချန်ချင်းက ထိုသူကို ရှဲ့ယွင်နန်၏ အစ်ကိုဟုသာ ထင်ထားမိရာ အဖေ ဖြစ်နေလိမ့်မည်ဟု တွေးပင် မတွေးမိချေ။
ငါ့ယောက္ခမကို ရိုက်လိုက်မိတာ ဘယ်လိုလုပ်ရမလဲ ... မြန်မြန်လေး ပြန်ဖြေပေးကြပါ အွန်လိုင်းပေါ်ကနေ စောင့်နေမယ် ...
သူက နောက်တစ်ကြိမ် ချောင်းထပ်ဟန့်ကာ တစ္ဆေဘုရင်ကို လွှတ်ပေးလိုက်သည်။
“ဒါဆို ခင်ဗျားက ယွင်နန်ရဲ့ အဖေပေါ့ ဒါဆို ကျွန်တော့်ယောက္ခမပဲလေ ... အဖေ အဆင်ပြေပါရဲ့လား ...”
တစ္ဆေဘုရင် ??????
“အဖေ ဒါတွေအားလုံးက နားလည်မှု လွဲတာတွေပါ .. ကျွန်တော် တကယ်ကို တောင်းပန်ပါတယ် ...”
သူက အလေးအနက် တောင်းပန်လိုက်သည်။
သူက ယောက္ခမ ဖမ်းလာတဲ့ အသားတွေကို အများကြီး စားထားရုံတင် မကဘူး လူကိုပါ ရိုက်လိုက်မိသေးတယ် ...
တစ္ဆေဘုရင်မှာ တစ်ခဏမျှ စကား ပြန်မပြောနိုင်တော့။ ထို့နောက်တွင်မှ သဘောပေါက်သွားတော့သည်။
ဒီသွမ့်ချန်ချင်း ... သူ့သားအပေါ်မှာ တကယ်ကို လေးလေးနက်နက် ရှိတာလား ...
မဟုတ်ရင် .. ဘာလို့ ဒီလိုမျိုး အင်အားကြီးတဲ့သူက သူ့ကို အဖေလို့ ခေါ်ချင်ပါ့မလဲ ...
ဒါပေမယ့် သူက အခုလေးတင်မှ အရိုက်ခံထားရတာလေ ... တကယ်ကို အဖေလို့ အခေါ်မခံချင်ပါဘူးနော် ....
“အဖေ .. အဖေ့အနေနဲ့ ကျွန်တော့်ကို အပြစ်တင်လို့ မရဘူးလေ အဲဒီ့အချိန်တုန်းက အဖေက တကယ်ကို သတ်တော့ဖြတ်တော့မယ့်အတိုင်း ဖြစ်ခဲ့တာလေ ...”
သူက သူ ဆုတ်ဖြဲထားသည့် တစ္ဆေဘုရင်၏ မျက်နှာဖုံးကို ပြန်တပ်ပေးလိုက်သည်။
တစ္ဆေဘုရင်က သူ့လုပ်ရပ်များကို အံ့ဩနေစဉ်မှာပင် ရှဲ့ယွင်နန်၏ စကားသံကို ရုတ်တရက် ကြားလိုက်ရသည်။
“ချန်ချင်း ... ချန်ချင်း ...”
ရှဲ့ယွင်နန်က အိပ်နေရမှာ မဟုတ်ဘူးလား ဘာလို့ ဒီနား ရောက်လာရတာလဲ ...
အခု ဘယ်လို လုပ်ကြမလဲ....
တစ္ဆေဘုရင်က မျက်နှာဖုံးကို ပြန်တပ်ကာ မြေပေါ်မှ ထ၍ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်လိုက်သည်။
ထိုအခါမှ သူသည် ဖိနှိပ်ခြင်း ခံခဲ့ရသည့်တိုင် အနည်းငယ်ပင် ဒဏ်ရာမရခဲ့ကြောင်း သတိပြုမိသွားတော့သည်။ အစမှ အဆုံးအထိ သွမ့်ချန်ချင်း၌ သူ့ကို နာကျင်စေလိုသည့် ရည်ရွယ်ချက် မရှိခဲ့ကြောင်း သိသာလှသည်။
သူက သွမ့်ချန်ချင်းကို စစ်ဆေးမေးမြန်းလိုခဲ့သော်ငြား ... သွမ့်ချန်ချင်း၏ စစ်ဆေးမေးမြန်းခြင်းကိုသာ ခံခဲ့ရသည်။
“အဖေ အဆင်သင့်ဖြစ်ပြီလား ...”
“အင်း ...”
တစ္ဆေဘုရင်က ပြန်ပြောလိုက်သည်။
ထို့နောက် သွမ့်ချန်ချင်း၏ စကားသံကို ကြားလိုက်ရ၏။
“ယွင်နန် ငါ ဒီမှာ ...”
သူ့အသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်ကလည်း အမြန်ရောက်လာ၏။ သူတို့နှစ်ဦးကို တွေ့လိုက်ရသည့်အခါ ပို၍ပင် ပျော်ရွှင်သွားတော့သည်။
“ချန်ချင်း .. ဆရာ ...”
“ယွင်နန် ...”
သွမ့်ချနန်ချင်းက အော်ခေါ်ပြီးနောက် သွေးတစ်လုပ် အန်ကာ တစ်ကိုယ်လုံး ယိမ်း
ထိုးသွားတော့သည်။
“ချန်ချင်း ...”
ရှဲ့ယွင်နန်က ချက်ခြင်း သူ့ကို ပြေးဖက်ကာ တစ္ဆေဘုရင်ကို ကြည့်လိုက်သည်။
“ဆရာ သူ ဘာဖြစ်သွားတာလဲ .. မဟုတ်မှလွဲရော သူ့ကို ဘာလုပ်လိုက်တာလဲ ...”
တစ္ဆေဘုရင် “...”
ငါ ဘာမှ မသိဘူး ဘာမှ မလုပ်ဘူးလို့ .. အရိုက်ခံခဲ့ရတာ ငါပါလို့ ပြောရင် ယုံမှာလား ...