Chapter 35
သွမ့်ချန်ချင်းမှာ သွေးမအန်လိုသော်ငြား ထိန်းချုပ်မထားနိုင်ခဲ့ချေ။
သူ၏ လက်ရှိခန္ဓာကိုယ်မှာ လွန်စွာ အားနည်းလှရာ အင်အားကြီးမားလွန်းသည့် သိစိတ်ဝိဉာဉ်ကို မခံနိုင်။ သို့သော် ဤသည်ကသာလျှင် ရှဲ့ယွင်နန်၏ ဆရာကို တိုက်ခိုက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်နေပေသည်။
တစ္ဆေဘုရင်ကို သူ့စိတ်စွမ်းအင်ဖြင့် အလဲထိုးနိုင်ခြင်းမှာ အလွန်မိမိုက်လှသော်ငြား သူ့ခန္ဓာကိုယ်တွင်လည်း တစ်ခုခု မှားယွင်းသွားတော့သည်။
သည်းခံရန် ကြိုးစားခဲ့သေးသော်လည်း ဆက်မထိန်းနိုင်တော့။
ထို့နောက် နောက်ထပ် သွေးတစ်လုပ် ထပ်အန်လိုက်ပြန်သည်။
ပိန်လှီချောမောသည့် လူငယ်လေးတစ်ဦး ခပ်ဖျော့ဖျော့ လရောင်အောက်တွင် သွေးအန်နေသည့် မြင်ကွင်းမှာ ... အနည်းငယ်ပင် ဆွတ်ပျံ့ဖွယ် ကောင်းလှသော်ငြား ရှဲ့ယွင်နန်ကမူ စိုးထိတ်မှုကိုသာ ခံစားနေရသည်။
သူ့တွင် တစ္ဆေဘုရင်ကို မေးခွန်းထုတ်နေရန်ပင် အချိန်မရှိ၊ သွမ့်ချန်ချင်းကိုသာ စိုးရိမ်တကြီး ကြည့်လိုက်သည်။
"ချန်ချင်း ဘယ်လိုနေလဲ ..."
သွမ့်ချန်ချင်း၏ ရိုက်နှက်မှုကို ခံခဲ့ရသည့် တစ္ဆေဘုရင်မှာလည်း သူ့ဘဝသူ သံသယဖြစ်လာမိတော့၏။
သွမ့်ချန်ချင်းက သူ့ကို လက်သီးနဲ့ထိုး ပြီးတော့ "အဖေ" လို့လည်း လာခေါ်သေးတယ် ... အခုထိကို ဘာတွေ ဖြစ်သွားလဲ နားလည်အောင် ကြိုးစားနေရတုန်းပဲ ...
ထိုအချိန်မှာပင် ဒေါသနှင့် ပူဆွေးမှုတို့ တရစပ် ထွက်ပေါ်လာတော့သည်။
သူက အကွက်ချခံလိုက်ရတာပဲ ...
ဒီကောင်က သူ့ကို အကွက်ချပြီး သူ့သား နားလည်မှု လွဲသွားအောင် လုပ်နေတာ ...
ဒီလောက် သန်မာနေတာတောင် သူ့ကို အကွက်ချဖို့အရေး တမင်တကာ သွေးအန်ပြလိုက်သေးတယ် ...
သူက သွမ့်ချန်ချင်း၏ လုပ်ရပ်များမှာ တမင်တကာ ကြံရွယ်ထားခြင်းဟုသာ ခံယူလိုက်သည်။ အကြောင်းမှာ အစောပိုင်း သူ့ကို ရိုက်နှက်စဉ်က သွမ့်ချန်ချင်းသည် လွန်စွာ သန်မာပြီး အင်အားကြီးခဲ့၍ ဖြစ်သည်။
ဒီလိုလူက ဘယ်လိုလုပ် ကောက်ကာငင်ကာကြီး သွေးအန်မှာလဲ ...
သူက သွမ့်ချန်ချင်းကို ဒဏ္ဍာရီထဲက နတ်ဘုရားအဆင့် တိုက်ခိုက်သူလေလားဟုပင် သံသယရှိလာသည်။
ဒါပေမယ့် ... သူလည်း မြင့်မြတ်တဲ့မြို့တော်မှာ တောက်လျှောက် နေလာခဲ့တာပါ နှစ်တွေအကြာကြီး ပုန်းလျှိုးကွယ်လျှိုး နေခဲ့ရပေမယ့် တစ်ခါမှ အဆက်အသွယ် မပြတ်ဖူး၊ ဘယ်သတင်းကိုမှလည်း မလွတ်ခဲ့ဖူးပါဘူး ... ဒါကို နတ်ဘုရားအဆင့် တိုက်ခိုက်သူက ဘယ်ကနေ ထွက်လာရတာလဲ ...
သူက အမှန်တကယ်ပင် သွမ့်ချန်ချင်းကို တိုက်ခိုက်သူဟု ထင်မှတ်နေခြင်းပင်။
ယဇ်ဆရာတို့၏ ခန္ဓာကိုယ်မှာ လွန်စွာ အားနည်းကာ ထိုသူတို့၏ တိုက်ခိုက်ရေးနည်းလမ်းများမှာလည်း တိုက်ခိုက်သူများနှင့်မတူ၊ လုံးဝဥဿုံ ကွာခြားကြရာ သွမ့်ချန်ချင်းကဲ့သို့ လက်သီးကိုပင် အသုံးပြုနိုင်သူသည် ယဇ်ဆရာ မဖြစ်နိုင်။
ဒါဆို ပြဿနာက .. အခု သူ ဘယ်လို ရှင်းပြရမလဲ ဆိုတာပဲ ... ရှဲ့ယွင်နန်ကို ဝန်ခံလိုက်သင့်လား ... သူ့မှာ သွမ့်ချန်ချင်းကို ရိုက်နိုင်တဲ့စွမ်းရည် မရှိဘူးလို့ ပြောလိုက်သင့်လား ...
ဒါကြီးက အရမ်းကို ရှက်စရာ ကောင်းလွန်းတယ်ကွ ...
သူက အတွေးများဖြင့် ရုန်းကန်နေစဉ် သွမ့်ချန်ချင်းက ပြောလိုက်သည်။
"ငါ အဆင်ပြေပါတယ် ... ပြီးတော့ ယွင်နန် မင်းက ဆရာ့ကို အထင်လွဲနေပြီ တကယ်တမ်း ဆရာက ငါ့ကို ကယ်ခဲ့တာ ..."
သွမ့်ချန်ချင်းက သူ့ယောက္ခမကို ချောက်တွန်းလိုခြင်း အလျဉ်းမရှိ။
သူ့ကို ရိုက်ပြီးတဲ့အပြင် ချောက်ပါ တွန်းဦးမယ်ဆို ဒါ ... တမင်တကာ ပြဿနာ ရှာနေတာနဲ့ တူမသွားဘူးလား ...
သူက ရှဲ့ယွင်နန်နဲ့အတူ ဘဝကို ကောင်းကောင်းမွန်မွန် နေချင်ပါသေးတယ်နော် ...
ယောက္ခမဖြစ်သူက မည်သည့်အကြောင်းကြောင့် ပြီးခဲ့သည့် နှစ်နှစ်ဆယ်လုံးလုံး ရှဲ့ယွင်နန်၏ ဘဝထဲမှ ပျောက်ကွယ်နေရကြောင်း မသိသေးသည့်တိုင် ထိုသူမှာ ရှဲ့ယွင်နန်အပေါ် ဆိုးယုတ်ခြင်း မရှိခဲ့။ ကိစ္စများသာ ယခုအတိုင်း ဆက်ဖြစ်နေပါလျှင် ရှဲ့ယွင်နန်ကလည်း ထို "ဆရာ" ဆိုသူကို ကျိန်းသေ လက်ခံလာမည် ဖြစ်သည်။
ရှဲ့ယွင်နန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့ပြီး ရုတ်တရက် တစ်ကိုယ်လုံး ပူနွေးလာကာ လန့်နိုးခဲ့သည်။
ဘေးတွင် သွမ့်ချန်ချင်း ရှ်ိမနေသလို အိပ်ခန်းတံခါးမှာလည်း ပွင့်လျက်သား ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ သူ့ကို အလျင်အမြန် လိုက်ရှာလိုက်တော့သည်။
သူ ရထားသည့် မှတ်ဉာဏ်ထဲတွင် ရုတ်တရက် ပြန်ပေးဆွဲခံရသည့် မှတ်ဉာဏ်များလည်း ရှိနေရာ သွမ့်ချန်ချင်းတွင်လည်း အလားတူ ဖြစ်ရပ်မျိုး ကြုံတွေ့နေမည်လားဟု စိုးရိမ်မိသွားသည်။
များမကြာမီ သွမ့်ချန်ချင်းနှင့် ဆရာဖြစ်သူကို ရှာတွေ့ခဲ့၍သာ တော်သေးသည်။ သူ့ဆရာမှာ အဆင်ပြေသည့်ပုံ ပေါ်သော်ငြား သွမ့်ချန်ချင်းက သွေးအန်လိုက်ရာ ... ချက်ခြင်း ဆရာဖြစ်သူကို မေးခွန်းထုတ်လိုက်မိတော့သည်။
ဤရက်ပိုင်းအတွင်း သူ့ဆရာက သွမ့်ချန်ချင်းကို များစွာ မနှစ်မြို့ကြောင်း သိသိသာသာ ပြသခဲ့ရာ ...
ဤကဲ့သို့ နားလည်မှု လွဲမှားခြင်းမျိုး ရှိနေလိမ့်မည်ဟု မျှော်မှန်းမထားမိခဲ့ချေ။
သူက ချက်ခြင်း ပြန်တောင်းပန်လိုက်သည်။
"ဆရာ ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော်က အခြေအနေကို ကောင်းကောင်း မသိဘဲ ဆရာ့ကို နားလည်မှု လွဲမိသွားပါတယ် ..."
"ကိစ္စမရှိဘူး ..."
တစ္ဆေဘုရင်က အနည်းငယ် ကြောင်အသွား၏။ သို့သော် ရှဲ့ယွင်နန်က သူ့မျက်နှာထားကို မမြင်နိုင်သေး။
"ဆရာ ဘာဖြစ်သွားခဲ့တာလဲ ..."
သူက မေးလိုက်သည်။
တစ္ဆေဘုရင် "..."
ဘာတွေ ဖြစ်သွားခဲ့တာလဲ ဆိုတာကို ငါကိုယ်တိုင်တောင် မသိဘူးကွ ရူးတော့မလိုပဲ ...
သူက ဘာပြောရမှန်း မသိ ဖြစ်နေစဉ် သွမ့်ချန်ချင်းက ဝင်ပြောလိုက်သည်။
"ယွင်နန် မင်း အိပ်မောကျနေတုန်း ငါက သိပ်အိပ်ချင်စိတ် မရှိတာနဲ့ စာအုပ်ထိုင်ဖတ်နေတာ အဲဒီ့အချိန်မှာ လူတစ်ယောက်က အိမ်ထဲ ဝင်လာပြီး ငါ့ကို ပြန်ပေးဆွဲခဲ့တယ်လေ တကယ်ကို ထင်မထားမိဘူး ဆရာ ရောက်လာပြီး ကယ်ပေးခဲ့လို့မှ တော်သေးတယ် ..."
"ဘယ်သူက မင်းကို ဖမ်းသွားတာလဲ ..."
ရှဲ့ယွင်နန်က လွန်စွာ စိတ်ပူနေ၏။
"မသိဘူး ... ငါ မသိတဲ့ လူတစ်ယောက်ပဲ ... မစ္စတာရှဲ့ရဲ့ ကျေးဇူးကြောင့်သာ မဟုတ်ရင် ဒီည ငါ သေမှာလားတောင် မသိဘူး ..."
သွမ့်ချန်ချင်းက ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
ရှဲ့ယွင်နန်ကလည်း လွန်စွာ ကျေးဇူးတင်မိသွား၏။
"ဆရာ့ကို ကျေးဇူးတင်ပါတယ် ..."
တစ္ဆေဘုရင်က တစ်ခဏမျှ ကြာသည်အထိ စကားပြန်မပြောနိုင်။ ထို့နောက်တွင်မှ အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
"မလိုအပ်ပါဘူး ..."
"အရင်ဆုံး ပြန်ကြရအောင် ချန်ချင်း ကိုယ် မင်းကို စမ်းသပ်ပေးဖို့ ဒေါက်တာဟူကို ပြောလိုက်မယ် ..."
သူက သွမ့်ချန်ချင်းကို ပွေ့ချီကာ ထွက်သွားလိုက်သည်။
သွမ့်ချန်ချင်း "..."
ဒီလိုမျိုး ပွေ့ချီတာက ... ထားပါ ငါလည်း အသားကျနေပြီးသားပဲ ...
သူတို့နှစ်ဦး၏ နောက်မှ လိုက်လာသည့် တစ္ဆေဘုရင်သည် ထိုပွေ့ချီသည့် မြင်ကွင်းကို မြင်လိုက်သည့်အခါ မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် ဖြစ်သွားတောါသည်။
သွမ့်ချန်ချင်း၏ ရိုက်နှက်ခြင်းကို ခံရပြီးနောက် တစ္ဆေဘုရင်၏ စိတ်နှလုံးထဲတွင် သွမ့်ချန်ချင်းဟူသည့် အမည်နာမကို အင်အားကြီးမားသန်မာသူဟု ရေးထိုးနှင့်ပြီး ဖြစ်သည်။
ဒီလိုမျိုး သန်မာတဲ့သူက တကယ်ကြီးကို သူ့သားရဲ့ မင်းသမီးလေးလို ပွေ့ချီတာကို လက်ခံတယ်ပေါ့ ...
သူက အနည်းငယ် စိတ်မသက်မသာ ဖြစ်ကာ အနည်းငယ်လည်း စိုးရိမ်မိလာသည်။
သူ့သားက ရိုသေလေးစားမှု မရှိဘူးလို့ တွေးပြီး လူမသိသူမသိ ရှင်းပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ ...
ထိုသို့ တွေးနေစဉ်မှာပင် တစ္ဆေဘုရင်သည် သားဖြစ်သူ၏ ပူပန်တကြီး မေးမြန်းသံကို ကြားလိုက်ရသည်။
"ချန်ချင်း နာနေလား ..."
"မနာဘူး အဆင်ပြေပါတယ် ကျွန်တော် ပြောတာကို မယုံရင် ဆရာ့ကို မေးကြည့်ကြည့် ..."
သွမ့်ချန်ချင်းက ပြောလိုက်သည်။
ရှဲ့ယွင်နန်က ခပ်သွက်သွက် လျှောက်နေရာမှ အနောက်သို့လှည့်ကာ မေးလိုက်သည်။
"ဆရာ ချန်ချင်းရဲ့ ဒဏ်ရာက ..."
တစ္ဆေဘုရင်က အသိစိတ်ကို ပြန်ကပ်စေကာ ဖြေလိုက်သည်။
"သူက အဆင်ပြေပါတယ် ..."
ဒီလူက ဘာဖြစ်ရမှာလဲ သွေးအန်တယ်ဆိုတာကလည်း တမင်တကာ လုပ်တာပဲဟာကို ...
သူ့ရဲ့ သရုပ်ဆောင်တာက တော်တော်လေး ကောင်းတာပဲ ဒါနဲ့ ဘာလို့ သွေးအန်ချင်ယောင်ဆောင်တာပါလိမ့် ...
တစ္ဆေဘုရင်မှာ သားဖြစ်သူ၏ သွမ့်ချန်ချင်းအား ခပ်တိုးတိုး ချော့မော့နှစ်သိမ့်နေသံကို မကြားခင်အထိ နားမလည်ခဲ့။
"အဆင်ပြေပါတယ် .. နောက်ထပ် ရက်နည်းနည်းလောက် ကောင်းကောင်း အနားယူလိုက်နော် ကိုယ် အရသာရှိတာတွေ ချက်ကျွေးမယ် ..."
တစ္ဆေဘုရင် "..."
ဒီလူက သူ့သား ချော့ပြောတာကို ခံချင်လို့ ဒဏ်ရာရချင်ယောင်ဆောင်နေတာလား ...
တစ္ဆေဘုရင်သည် မည်သည့်အကြောင်းကြောင့် သွမ့်ချန်ချင်းလို အင်အားကြီးသူက သူ့သားဘေးတွင် နေနေကြောင်း နားမလည်ခဲ့။ ယခုမူ အနည်းငယ် မှန်းဆလာနိုင်တော့သည်။
သွမ့်ချန်ချင်းက သူ့သားကို တကယ်ကြိုက်နေတာများလား ...
ဒါက ဖြစ်တော့ ဖြစ်နိုင်သားပဲ ...
ဒီလူက သူ့သားအနားမှာ ကပ်နေရတာကို သဘောကျတယ် ပြီးတော့ သူ့သားရဲ့ အဖော်သားရဲကအစ ...
ဘာလို့ သူ့လို သန်သန်မာမာ ယောကျာ်းကြီးက အားနည်းချင်ယောင်ဆောင်နေရတာလဲ ဆိုတာကတော့ ... သူ့သားက ဟိုးအရင်တုန်းက ဒီလိုပုံစံမျိုးကို ကြိုက်တယ်လို့ ပြောခဲ့ဖူးသလားလို့ပဲ ...
တစ္ဆေဘုရင် "..."
နတ်ဘုရားအဆင့် တိုက်ခိုက်သူတစ်ယောက် ချစ်မိသွားရင် ဒီအတိုင်းပဲလား ...
သွမ့်ချန်ချင်းက တစ္ဆေဘုရင် ထိုသို့တွေးနေကြောင်း မသိ။
ရှဲ့ယွင်နန် ရောက်လာစဉ်က သူသည် ရှဲ့ယွင်နန်ကို ဝန်ခံရန် စဉ်းစားနေခဲ့မိသည်။
သို့သော် အချိန်မှာ မကောင်းလှ။
သူက ရှဲ့ယွင်နန်ကို လွန်စွာ သဘောကျလှသော်ငြား ရှဲ့ယွင်နန်ကမူ သူ့ကို ထိုမျှအထိ သဘောကျသည်လည်း မဟုတ်။ သနားစိတ်ကသာ ပိုများနေသေးသည်။
ထို့အပြင် သူက အားနည်းဖျော့တော့သည့် အလှလေးများကိုသာ သဘောကျနေဆဲ ဖြစ်ကြောင်းကိုမူ ထည့်ပြောနေရန်ပင် လိုမည်မထင်ချေ။
သူသာ ရှဲ့ယွင်နန်ကို ချက်ခြင်း ဝန်ခံလိုက်ပါလျှင် ထိုနေရာတွင်ပင် ကွာရှင်းခံရနိုင်ပေမည်။
သူက အခုလေးတင် ရှဲ့ယွင်နန်ရဲ့ အဖေကို ရိုက်ထားမိတာလေ ... ဒီခွန်အားနဲ့သာဆို ရှဲ့ယွင်နန်က သေချာပေါက်ကို သူက အတိတ်မေ့ချင်ယောင်ဆောင်နေတာလို့ ထင်သွားမှာပေါ့ ...
ပြီးတော့ အရေးအကြီးဆုံးတစ်ချက်အနေနဲ့ ... တိုက်ခိုက်ပြီးနောက်ပိုင်း သူ့ခန္ဓာကိုယ်က တကယ်ကို အားနည်းနေတာ ကောင်းကောင်းမွန်မွန်ပဲ အနားယူချင်တယ် ဆက်ပြီး မတိုက်ခိုက်ချင်တော့ဘူး ...
အဲဒါကြောင့် .. ခပ်ဖြည်းဖြည်းချင်း အချိန်ယူပြီးမှ လုပ်တာ အကောင်းဆုံးဖြစ်လိမ့်မယ်...
သွမ့်ချန်ချင်းက ရှဲ့ယွင်နန်၏ ပွေ့ချီမှုကို ခံယူကာ အိမ်သို့ ပြန်လာလိုက်သည်။
သူတို့နောက်မှ ဆက်တိုက် လိုက်လာသည့် တစ္ဆေဘုရင်သည်လည်း နောက်ဆုံးတွင် စိတ်နှင့်လူနှင့် ပြန်ကပ်သွားလေပြီ။ သူက အမှောင်ထဲသို့သာ အကြည့်စူးစူးတို့ကို ပစ်လွှတ်နေလိုက်သည်။
ရှဲ့ယွင်နန်၏ အိမ်ခေါင်မိုးပေါ်တွင် သူ့လူများ အများအပြား ရှိနေကာ ထိုများပြားလှသော လူပမာဏနှင့်ပင် ရှဲ့ယွင်နန်ကို တားဆီးခြင်း အလျဉ်းမရှိခဲ့။
သူ့စိတ်ထဲ လွန်စွာ ရှုပ်ထွေးနေကာ သွမ့်ချန်ချင်းနှင့် စကားပြောလိုသော်ငြား ရှဲ့ယွင်နန် ရှိနေသည့်အတွက် ပြောခွင့်မကြုံ။
သူ့ငယ်သားများသည်လည်း ခေါင်းဆောင်ဖြစ်သူ၏ တုန့်ပြန်ပုံကြောင့် ကြောင်အသွားကြသည်။ သို့သော် တစ်ယောက်ပြီးတစ်ယောက် အမှောင်ထဲမှ ထွက်လာကာ သူ့ကို လက်ယမ်းပြရင်းပင် ပြုံးနေလိုက်ကြသေးသည်။
တစ္ဆေဘုရင် "..."
ဒီကမ္ဘာကြီးက ဘာတွေ ဖြစ်ကုန်တာလဲဟ ... အားနည်းတဲ့ သွမ့်ချန်ချင်းက ချက်ခြင်းလက်ငင်းကြီး အင်အားကြီးသွားရုံတင် မကဘူး သူ့ငယ်သားတွေကပါ ရူးကြောင်ကြောင် ဖြစ်ကုန်ပြီလား မသိဘူး ...
လတ်တလော၌ သူ့ငယ်သားများကို အာရုံစိုက်နေချိန်မရှိပေ။ ရှဲ့ယွင်နန်တို့နှင့်အတူ အိပ်ခန်းထဲအထိ လိုက်ဝင်သွားလိုက်သည်။
သူ့စိတ်ထဲတွင် သံသယတို့ အပြည့်ဖြစ်နေကာ ရှဲ့ယွင်နန်ကို ဆက်မေးချင်နေဆဲပင်။
"ဘော့စ်က ဘာလို့ ရှဲ့ယွင်နန်ကို ထူးထူးခြားခြား ဆက်ဆံပါလိမ့်လို့ တွေးနေတာ ... လက်စသတ်တော့ ဒီလိုကိုး ..."
"ဘော့စ်ကတော့ တကယ်ကို ခေါင်းဆောင်ဖြစ်ထိုက်ပါတယ်ကွာ ... သူက ပါရမီရှင်တွေကို ဘယ်လို ရှာမလဲဆိုတာ သိတယ် ..."
"ငါကတော့ တကယ်ကို ပျော်နေပြီ ..."
"ရှဲ့ယွင်နန်က ယဇ်ဆရာ ဖြစ်နေလိမ့်မယ်လို့ တကယ်ကို ထင်မထားဘူး ... ဘော့စ်က တကယ်ကို ယဇ်ဆရာတစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်တာပဲကွ ..."
....
ရှဲ့ယွင်နန် ရုတ်တရက် နိုးလာကာ သွမ့်ချန်ချင်းကို လိုက်ရှာရန် ပြေးထွက်လာခဲ့စဉ်က သူတို့လည်း သူ့ကို တားဆီးထားရန် တွေးခဲ့မိသေးသည်။
ရလဒ်အနေဖြင့် ... ရုတ်ချည်းဆိုသလို ရှဲ့ယွင်နန်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရကာ သူတို့၏ အဖော်သားရဲများကပါ သူ့အနားသို့ ပြေးသွားကြလုမတတ် ဖြစ်သွားတော့၏။
၎င်းမှာ အချိန်အားဖြင့် မကြာသည့်တိုင် သူတို့အားလုံး အကြောင်းအရင်းကို သိလိုက်ကြသည်။
ရှဲ့ယွင်နန်က ... စွမ်းရည်နိုးထကာ ယဇ်ဆရာတစ်ယောက် ဖြစ်လာခဲ့ခြင်းပင် ဖြစ်သည်။
ရှဲ့ယွင်နန်၏ နောက်ပိုင်း လှုပ်ရှားမှုများကလည်း ထိုအတွေးမှာ အမှန်ဖြစ်ကြောင်း သက်သေပြနေ၏။
သူ သွမ့်ချန်ချင်းကို ရှာရန် ထွက်လာစဉ်က လမ်းလျှောက်သည့်နှုန်းမှာ လွန်စွာ မြန်ဆန်ကာ သူ့အဖော်သားရဲမှာလည်း အရွယ်အစား ကြီးမားသည့် ခွေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက မြင်သူတိုင်းကို သူ့အနားသို့ ထိန်းချုပ်၍ မရစွာ နီးကပ်လာလိုစိတ်များ ဖြစ်ပေါ်စေပေသည်။
ဤသည်မှာ ယဇ်ဆရာတစ်ယောက်၏ ဆွဲဆောင်မှုနှင့် အင်အားပင်။
ရှဲ့ယွင်နန်က ယဇ်ဆရာတဲ့ .. ဘော့စ်က သူ့ကို ထူးထူးခြားခြား အလေးပေးနေတာ မထူးဆန်းတော့ပါဘူး ...
သူတို့မှာသာ လေ့ကျင့်ရေး မဆင်းရသေးတဲ့ ယဇ်ဆရာတစ်ယောက် ရှိမယ်ဆိုရင် .. နောက်ပိုင်း ဒဏ်ရာရမှာကို မပူရတော့ဘူး ...
"အပျော်စောမနေနဲ့ဦး ဘော့စ်က ကြည့်ရတာ ရှဲ့ယွင်နန်ရဲ့ အိမ်ထောင်ဖက်ကို ထိခိုက်အောင် လုပ်မိထားတယ် ထင်တယ်နော် ... ရှဲ့ယွင်နန် ဒေါသထွက်သွားရင် ဘယ်လိုလုပ်မလဲ ..."
ရှချင်က ပြောလိုက်သည်။
အခြားသူများ "..."
ယဇ်ဆရာတို့၏ သည်းခံနိုင်စွမ်းမှာ မမြင့်လှ။ အကယ်၍ ရှဲ့ယွင်နန်သာ ဒေါသထွက်လာပါလျှင် ...
တစ္ဆေဘုရင်က ထိုအကြောင်းများကို မသိသေး။ သူက သွမ့်ချန်ချင်းတို့နှင့်အတူ အိမ်ထဲသို့ လိုက်ဝင်သွားကာ ရှဲ့ယွင်နန်က ဆရာဝန် သွားပင့်ခဲ့ပြီး သူ့ကိုမူ သွမ့်ချန်ချင်းအား ကြည့်ပေးထားရန် အကူအညီတောင်းခဲ့သည်။
ရှဲ့ယွင်နန် မရှိတော့သည်နှင့် တစ်ပြိုင်နက် သူက ချက်ခြင်း ထုတ်မေးလိုက်သည်။
"မင်းက ဘယ်သူလဲ ..."
သွမ့်ချန်ချင်းက ပြုံးလိုက်သည်။
"သွမ့်ချန်ချင်းလေ ..."
ဒါက ဘာမှ မပြောတာနဲ့ အတူတူပဲကွ!!!
သွမ့်ချန်ချင်း၏ အပြုံးကို မြင်ကာမှ သူက တစ်ခုခုကို သတိရသွားသည့်ဟန်။
"ဒါနဲ့ မင်းအသက်က ဘယ်နှနှစ်လဲ ..."
နတ်ဘုရားအဆင့် တိုက်ခိုက်သူ .. ဒါက နတ်ဘုရားအဆင့် တိုက်ခိုက်သူလေ ...
နတ်ဘုရားအဆင့် တိုက်ခိုက်သူ ဖြစ်ဖို့ဆို ဆယ်စုနှစ်နည်းနည်းလေးလောက်နဲ့ မရဘူး မဟုတ်လား ...
သွမ့်ချန်ချင်းကလည်း ပြန်မဖြေနိုင်တော့။
တစ္ဆေဘုရင်၏ အသံက အနည်းငယ် ပိုကျယ်လောင်လာသည်။
"မင်းက ငါ့ထက် အသက်ကြီးလာ အရမ်း သန်မာတော့ ..."
သွမ့်ချန်ချင်းက ဘာပြောရမှန်း မသိ၍ ပြန်မဖြေ။ သူသည် အမှန်တကယ်ပင် တစ္ဆေဘုရင်ထက် အသက်ပိုကြီးပေသည်။
တစ္ဆေဘုရင်၏ ဒေါသတို့ ပေါက်ကွဲထွက်လာ၏။
"မင်းက ငါ့ထက်တောင် ပိုအသက်ကြီးနေတာကို ငါ့သားကို ပစ်မှတ်ထားရဲတယ်ပေါ့ ပြီးတော့ သူ့ကို ယွင်နန်ကောလို့တောင် ခေါ်လိုက်သေးတယ် မင်း ..မင်း ..."
တစ္ဆေဘုရင်က သူ့ကို အရှက်မရှိဟု ပြောမည်ပြုစဉ် သွမ့်ချန်ချင်းက ရုတ်တရက် ခေါင်းကိုမော့လိုက်သည်။
သူ့အကြည့်တို့ကို ရင်ဆိုင်လိုက်ရသည်နှင့် တစ်ပြိုင်နက် စကားသံတို့ ပျောက်ရှသွား၏။
သူ ဒီကောင့်ကို မရိုက်နိုင်ဘူးလို့ ...
သူ့မှာ အရင်ကတည်းကကို ရန်သူတွေ အများကြီး ရှိနှင့်နေပြီးသားလေ .. နောက်ထပ်တစ်ယောက် ထပ်တိုးဖို့ မလိုအပ်တော့ဘူးလို့ ...
သွမ့်ချန်ချင်းက ပြောလိုက်သည်။
"ကျွန်တော်က အခုထိ အရမ်း အသက်ငယ်နေတုန်းပဲ ..."
သူ့ခန္ဓာကိုယ်က သေချာပေါက်ကို အသက်သုံးဆယ်အောက်ပဲ ရှိဦးမှာ ...
တစ္ဆေဘုရင် "..."
အရမ်း ငယ်တယ် ဟုတ်လား ဒီခွန်အားနဲ့ကို အရမ်းငယ်တယ် ...
ဒီကောင်ကတော့ မျက်တောင်
တစ်ချက် မခတ်ဘဲကို လိမ်ညာနေတာပဲ ...
သူတောင် နဝမအဆင့် တိုက်ခိုက်သူ ဖြစ်လာတာ သိပ်မကြာသေးဘူး ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ နဝမအဆင့် တိုက်ခိုက်သူ ဖြစ်လာတဲ့သူဆိုတာလည်း တကယ့်ကိုမှ နည်းနည်းလေးပဲရှိတာ ...
နေပါဦး .. ဒီကောင်က သူ့မျက်နှာပေါ်က အရေးအကြောင်းတွေကို ဖုံးဖို့များ မိတ်ကပ်လိမ်းတာလား ...