အပိုင်း ၃၆
Viewers 7k

Chapter 36




သားဖြစ်သူမှာ လူအိုကြီးတစ်ယောက်၏ သွေးဆောင်ခြင်းကို ခံနေရသည်ဟု‌ တွေးမိသည်နှင့်တစ်ပြိုင်နက် တစ္ဆေဘုရင်၏ သွမ့်ချန်ချင်းအပေါ် ကြောက်ရွံ့စိတ်များ ယာယီ ပျောက်ကွယ်သွားတော့သည်။ 


"မင်းအသက် ဘယ်နှနှစ်လဲ ယွင်နန်က အခုမှ ၂၂ နှစ်ပဲ ရှိသေးတာကွ ..." 


ရှဲ့ယွင်နန်က အခုမှ ၂၂ နှစ်ပဲ ရှိသေးတာ ဒီ နတ်ဘုရားအဆင့် တိုက်ခိုက်သူက မရှိဘူးဆိုတောင် အနည်းဆုံး အသက် ၆၀ ၇၀ ဖြစ်နေပြီ ... 


တိုက်ခိုက်သူတစ်ဦးသည် ပိုမိုသန်မာလာလေ သက်တမ်း ရှည်လျားလာလေ ဖြစ်သည့်အတွက် များသောအားဖြင့် သူတို့၏ ရှိရင်းစွဲအသက်ထက် ပိုမို နုပျိုတတ်ကြပေသည်။ အသက်ငါးဆယ်အရွယ်သို့ ရောက်နေသူပင်လျှင် ၃၀ ဟုသာ ထင်ရနိုင်၏။ 


သူ့ရှေ့တွင် ရှိနေသူမှာ နတ်ဘုရားအဆင့် တိုက်ခိုက်သူ ဖြစ်ရာ အသက် ၆၀/၇၀ အရွယ် ဖြစ်နေသည့်တိုင် ငယ်ရွယ်သည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားခြင်းမှာ ယုတ္တိမရှိဟု မဆိုနိုင်ပေ။ 


ဒီလူ မိတ်ကပ်အထူကြီးတွေ လိမ်းနေတာ မထူးဆန်းတော့ပါဘူး ... 


ပြီးတော့ သူ့မှာ ထူးထူးဆန်းဆန်း ဝါသနာများ ရှိနေသလားပဲ .. နတ်ဘုရားအဆင့် တိုက်ခိုက်သူတစ်ယောက် ဖြစ်နေတာကိုတောင် အားနည်းချင်ယောင်ဆောင်နေသေးတယ် ... 


"ကျွန်တော်က ၂၂ နှစ် ..." 


သွမ့်ချန်ချင်းက ချောင်းဆိုးလိုက်ရာ သွေးစအနည်းငယ် ပါလာပြန်၏။ သူ့ပုံစံမှာ လွန်စွာ အားနည်းဖျော့တော့၍ သနားစဖွယ် ကောင်းလှသည်။ 


နှစ်ပေါင်းများစွာ အသက်ရှင်‌ နေထိုင်ခဲ့ရပြီး ဖြစ်သည့်တိုင် သူ့ကိုယ်သူ အလွန်အသက်ငယ်သေးသည်ဟုသာ ခံယူထားဆဲပင်။ 


ပထမဘဝ၌ နာမကျန်းဖြစ်နေသဖြင့် လူအများအပြားနှင့် ထိတွေ့ဆက်ဆံခြင်း မပြုခဲ့ရ။ ဒုတိယဘဝတွင် နှစ်ပေါင်းရာနှင့်ချီကာ နေထိုင်ခဲ့ရသည့်တိုင် သက်တမ်း၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ကျင့်ကြံခြင်းတွင် မြှုပ်နှံထားရပြီး ကျန်အချိန်များတွင်လည်း တိုက်ခိုက်နေရသည့်အတွက် ပတ်ဝန်းကျင်နှင့် များများစားစား ထိတွေ့ဆက်ဆံခြင်း မပြုနိုင်ခဲ့။ 


သူက အခုထိ အသက်ငယ်ငယ်လေးပဲ ရှိသေးတယ် တကယ်ကို ရိုးရိုးသားသား ပြောတာ ... 


"မင်းကိုယ်မင်း ၂၂ နှစ်လို့ ပြောရတာ မရှက်ဘူးလား သတ္တိရှိရင် မင်းမိတ်ကပ်တွေ ဖျက်ပြလိုက် ..." 


"ဒီနားမှာ မိတ်ကပ်ဖျက်ဆေးနဲ့ ဂွမ်းစ ရှိတယ် ယူလာပေး ..." 


သွမ့်ချန်ချင်းက ပင်မအိပ်ခန်းထဲတွင် ရှဲ့ယွင်နန် ထည့်ပေးထားသည့် အလှပြင်ပစ္စည်းများဖြင့် ပြည့်နှက်နေသော စားပွဲကို ပြလိုက်သည်။ 


တစ္ဆေဘုရင်ကလည်း  မိတ်ကပ်ဖျက်ဆေးနှင့် ဂွမ်းကို ချက်ခြင်း ယူပေးလိုက်သည်။ 


သွမ့်ချန်ချင်းက သူလိမ်းထားသည့် မိတ်ကပ်များကို စဖျက်လိုက်သည်။ 


သူသည် ထိုမိတ်ကပ်များကို စိတ်အနှောင့်အယှက် ဖြစ်နေမိသည်မှာ အတော်ကြာပြီဖြစ်သည်။ 


သူ့လို ကျားကျားယားယား ယောကျာ်းမျိုးက ဘာလို့ မိတ်ကပ်လိမ်းနေရမှာလဲ ... 


မိတ်ကပ်ကို ဖျက်ပြီးသည့်တိုင် သူ့ရုပ်ရည်မှာ ယောကျာ်းဆန်မသွားသော်ငြား လိမ်းလိုစိတ် ရှိမနေဆဲပင်။ 


ယခင်က မိတ်ကပ်လိမ်းရသည့် အဓိကရည်ရွယ်ချက်မှာ မူလကိုယ်၏ သရုပ်မှန်တွင် ပြဿနာတစ်ခုခု ရှိနေပါက ရှဲ့ယွင်နန်အတွက် အရှုပ်အထွေး ဖြစ်လာမည်ကို စိုးရိမ်ခဲ့၍ ဖြစ်သည်။ သို့သော် ရှဲ့ယွင်နန်၏ ဖခင်မှာ အင်အားကြီး ထိပ်သီးတိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည့်အပြင် သူ့ခွန်အားမှာလည်း များစွာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ နောက်ထပ် ပူပန်ကြောင့်ကြနေရန် မလိုအပ်တော့။ 


မျက်နှာပေါ်ရှိ မိတ်ကပ်အားလုံးကို အမြန် ဖျက်လိုက်သည်။ 


တစ္ဆေဘုရင် "..." 


သွမ့်ချန်ချင်း မိတ်ကပ်လိမ်းထားစဉ်က သူရွေးသည့် အရောင်မှာ အနည်းငယ် တောက်နေသည့်အတွက် သူ့ကို ရင့်ရော်သွားစေသော်ငြား .. ယခု မိတ်ကပ်ကို ဖျက်လိုက်သည့်အခါ ... 


ဒီတစ်ယောက်က အသက် ၂၀ ကျော်ပဲ ရှိသေးတယ်ဆိုတာ ဖြစ်နိုင်တယ်ဟ !!! 


ဒါက အဓိကအချက် မဟုတ်သေးဘူး အဓိကက .. ဒီလူက အရမ်းကို ကြည့်ကောင်းနေသလားလို့ ... 


တစ္ဆေဘုရင်သည်လည်း တစ်ချိန်က မြင့်မြတ်သည့် မြို့တော်၏ အချောအလှစာရင်းတွင် ပါဝင်သည့် နာမည်ကြီး အမျိုးသားတစ်ဦးဖြစ်ကာ သူ့ကို ချစ်ကြိုက်ကြသူများ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးပေသည်။ သို့သော် ယခု သူ့ရှေ့တွင် ရှိနေသူနှင့် နှိုင်းယှဉ်ပါလျှင် အပြတ်အသတ် နောက်ကောက်ကျကျန်နေခဲ့ပေလိမ့်မည်။ 


ယခင်က သူသည် ထိုပိန်လှီနေသော အမျိုးသားက သူ့သား၏ အလှကို တပ်မက်ခြင်း ဖြစ်ရမည်ဟု ထင်ခဲ့မိသော်ငြား ယခုမူ ပြောစရာစကားပင် မရှိတော့။ 


သူ့သားက ဘယ်လိုဖြစ်ပြီးတော့များ ဒီလို နတ်ဘုရားအဆင့် တိုက်ခိုက်ရေးသမားနဲ့ တွေ့ဆုံခဲ့ရတာလဲ ... 


ပြီးတော့ သူကရော ဘာလို့ ဒီလို နတ်ဘုရားအဆင့် တိုက်ခိုက်ရေးသမားတစ်ယောက် ရှိတယ်ဆိုတာကို နည်းနည်းလေးတောင် မသိခဲ့ရတာလဲ ... 


"မင်းအသက်က ဘယ်နှနှစ်လဲ ..." 


သူက ထပ်မေးလိုက်ပြန်သည်။ 


"၂၈ နှစ် ဒါပေမယ့် အိုင်ဒီကတ် လုပ်ပေးတဲ့အချိန်မှာ ယွင်နန်က ၂၂ နှစ်လို့ပဲ ရေးဖို့ တိုက်တွန်းခဲ့တာ ..." 


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


အတိတ်ဘဝ၌ သူသည် ၂၈ နှစ်အရွယ်တွင် သေဆုံးခဲ့ရသည့်အပြင် အရိုးတည်ဆောက်ပုံအရ ခန့်မှန်းရလျှင်လည်း ဤခန္ဓာကိုယ်မှာ ၂၇ နှစ် ဝန်းကျင်ခန့် ရှိနေပြီဖြစ်သည်။ 


"ဘာလို့ ယွင်နန်နဲ့ လက်ထပ်ခဲ့တာလဲ ..." 


တစ္ဆေဘုရင်က ထပ်မေးလိုက်ပြန်သည်။ 


"ဘာလို့လဲဆို သူ့ကို သဘောကျလို့ပေါ့ ..." 


"ဘာလို့ သူ့ကို သဘောကျတာလဲ ..."


"ခင်ဗျားရဲ့သားက တစ်ခြားသူတွေ သဘောကျတာနဲ့ မထိုက်တန်ဘူးလို့ ထင်နေတာလား ..." 


သူက အညှာအတာမဲ့စွာဖြင့် ပြန်မေးလိုက်သည်။ 


တစ္ဆေဘုရင်က တစ်ချက်ပင် မတွေးဘဲ ပြန်ဖြေလိုက်၏။ 


"လုံးဝကို မထင်ဘူး ..." 


သူ့သားက အကောင်းဆုံးတွေနဲ့ အထိုက်တန်ဆုံးပဲ ... 


"အဖေ ကျွန်တော်က ယွင်နန့်အပေါ်မှာ တကယ်ကို လေးနက်တဲ့ ခံစားချက် ရှိနေတာပါ ..." 


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


"မင်း ..." 


တစ္ဆေဘုရင်က သူ့ရှေ့တွင် ရှိနေသူ၏ သရုပ်မှန်ကို ဆက်လက်မေးမြန်းမည်ပြုစဉ် သွမ့်ချန်ချင်းက ဖြတ်ပြောလိုက်သည်။ 


"ယွင်နန် ရောက်လာပြီ ..." 


‌တစ္ဆေဘုရင်က ချက်ခြင်း ပါးစပ်ကို ပိတ်ထားလိုက်သည်။ 


ရှဲ့ယွင်နန်က ဒေါက်တာဟူကို အပေါ်ထပ်သို့ ခေါ်လာလိုက်သည်။ 


ဒေါက်တာဟူက အမာရွတ်များဖြင့် ပြည့်နှက်နေသည့် တစ္ဆေဘုရင်ကို မျက်မှောင်ကြုတ်လျက် စိုက်ကြည့်ပြီးကာမှ သွမ့်ချန်ချင်းကို စမ်းသပ်ကုသပေးလိုက်သည်။ 


"သူ့ရဲ့ နှလုံးခုန်သံရော ကိုယ်အပူချိန်ရော အကုန် ပုံမှန်ပဲ ကြည့်ရသလောက်တော့ အဆင်ပြေပါတယ် အခု ငါ့ဆီမှာက ဘာပစ္စည်းကိရိယာမှ ပါမလာတော့ အသေးစိတ် အကဲခတ်လို့ မရဘူး သွေးအန်တာကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုစီးလို့ ဖြစ်လိမ့်မယ် တကယ်လို့ စိုးရိမ်ရင် ဆေးရုံကို သွားပြီး ဆေးစစ်ကြည့်တာ ပိုကောင်းမယ် ..." 


ဒေါက်တာဟူ၏ ဆေးခန်းလေးမှာ အအေးမိခြင်းနှင့် တုပ်ကွေးတို့ကဲ့သို့သော အပရိက ပြဿနာလေးများကိုသာ ကုသပေးနိုင်ပေသည်။ သူသည် ပြင်ပဒဏ်ရာများကို ကုသရာ၌လည်း ကျွမ်းကျင်ကာ လူသုံးများသည့် တရုတ်တိုင်းရင်းဆေးများကိုပါ ရောင်းချပေးသည်။ 


သို့သော် နက်နဲသည့် အတွင်းပိုင်းပြဿနာများကိုမူ ကုသနိုင်ခြင်း မရှိပေ။ 


သွမ့်ချန်ချင်းကို စမ်းသပ်ပြီးနောက် သူက ကယ်လ်စီယမ်ဆေးပြားအချို့နှင့် ဗီတာမင်တစ်ပုလင်းကို ပေးခဲ့လိုက်သည်။ ထိုဆေးများမှာ ဘေးထွက်ဆိုးကျိုး မရှိပေ။ ထို့နောက် သူက လေထဲမှ အမွှေးနံ့တစ်ခုကို အနံ့ရလိုက်သည်။ 


"အသားဟင်း ချက်ထားတာလား သူ့ကို အသားနည်းနည်း ကျွေးတာလည်း ကောင်းတယ် ဒါပေမယ့် အစာမကြေတာမျိုး မဖြစ်အောင် နည်းနည်းပဲကျွေး ..." 


"ကောင်းပါပြီ ..." 


ရှဲ့ယွင်နန်က သဘောတူလိုက်သည်။ 


ဒေါက်တာဟူက ထပ်ပြောလိုက်သည်။ 


"ယွင်နန် မင်း အရင်က စားစရာတွေ အများကြီး ဝယ်ထားတယ် မဟုတ်လား ဆေးဖိုးကို စားစရာနဲ့ပဲ ရှင်းပေးလို့ ရမလား ..." 


"ရတာပေါ့ ဦးလေးဟူရဲ့ ကျွန်တော် ဦးလေးကို ပစ္စည်းတွေ လိုက်သယ်ပေးပါ့မယ် ..." 


ဒေါက်တာဟူ၏ စကားများကို ကြားလိုက်သည့်အခါ သွမ့်ချန်ချင်းက အနည်းငယ် ကြောင်အသွားသည်။ 


ဒေါက်တာဟူက ကောင်းကောင်းနေနေရတယ် ဆိုပေမယ့် ပိုက်ဆံမရှိဘူးလား ... 


ရှဲ့ယွင်နန်က ဒေါက်တာဟူကို လိုက်ပို့ပေးပြီးနောက် တစ္ဆေဘုရင်ကို မပြန်မီ နောက်တစ်ကြိမ် ကျေးဇူးတင်လိုက်ပြန်သည်။ သူက မီးဖိုထဲသို့ သွား၍ပင် တစ္ဆေဘုရင်အတွက် အသားကို ပြန်နွှေးပေးလိုက်သေး၏။ 


ဤရက်များအတွင်း သူတို့အိမ်သို့ တစ္ဆေဘုရင် ရောက်လာသည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်မှာ လွန်စွာ စိတ်အားထက်သန်ခဲ့သည်။ ယခုမူ ပို၍ပင် တက်ကြွနေသေး၏။ 


အစောပိုင်းက တစ္ဆေဘုရင် ချန်ထားခဲ့သည့် အသားများ အများအပြား ကျန်နေသေးကာ သွမ့်ချန်ချင်းမှာ ၎င်းတို့ကို စားချိန် မရှိခဲ့။ ဒဏ်ရာလည်း ရထားသည့်အတွက် စားချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။ 


"ယွင်နန် ဗိုက်ဆာတယ် ..." 


"အခုလေးတင် ‌သွေးအန်ထားတာလေ စားလို့ရတာ သေချာလို့လား ..." 


သူက မေးလိုက်သည်။ 


"သေချာပါတယ် တစ်ခုခု စားလိုက်ရင် သက်သာတာ ပိုပြီး မြန်လိမ့်မယ်လို့ ခံစားရလို့ ..." 


သွမ့်ချန်ချင်းက တစ္ဆေဘုရင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ 


"ဟုတ်တယ်မဟုတ်လား ..." 


"ဟုတ်တယ် ..." 


တစ္ဆေဘုရင်မှာ သဘောတူလိုက်ရုံမှအပ ပြောစရာမရှိ။ 


တိုက်ခိုက်သူများမှာ ဒဏ်ရာရသည့်အခါ အံ့ဖွယ်သားရဲတို့၏ အသားကို စားသောက်ရန် အမှန်တကယ်ပင် လိုအပ်ပေသည်။ 


ဒါပေမယ့် အခု သွမ့်ချန်ချင်းက ဒဏ်ရာ ရမထားဘူး မဟုတ်လား ... 


ထိုသို့ တွေးနေစဉ်မှာပင် ကျန်အသားအားလုံးကို ယူလာကာ သွမ့်ချန်ချင်းကို မေးနေသည့် သားဖြစ်သူကို တွေ့လိုက်ရသည်။ 


"ကိုယ် ခွံ့ကျွေးရမလား ..." 


"အင်း ..." 


သွမ့်ချန်ချင်းက ဖျော့တော့စွာဖြင့် ပြုံးပြလိုက်သည်။ 


ရှဲ့ယွင်နန်က သူ့ကို တစ်လုပ်ပြီးတစ်လုပ် ခွံ့ကျွေးကာ သွမ့်ချန်ချင်းကလည်း အလွန်လျင်မြန်စွာ စားသောက်လိုက်သည်။ 


၎င်းကို ကြည့်နေရင်း တစ္ဆေဘုရင်က တစ်ခုခု မှားနေ‌ကြောင်း သတိပြုမိသွား၏။ 


သူ့သားက ဘာလို့ အများကြီး စားနိုင်ပါလိမ့်လို့ အံ့ဩနေတာ အခု ကြည့်ရသလောက်တော့ အသားတွေက သူ့သား စားလိုက်တာ မဟုတ်ဘဲ အဲဒီ့ သွမ့်ချန်ချင်း စားလိုက်တာ ထင်တယ် ... 


ဒီလောက် သန်မာနေတာတောင် သူ့အသားတွေကို စားရဲသေးတယ် ဒီကောင် "အရှက်အကြောက်" ဆိုတဲ့ စကား ရှိမှန်းရော သိရဲ့လား ... 


ဘာလို့ သူ့ဘာသာသူ အမဲလိုက် မထွက်တာလဲ ... 


သူ့တွင် ပြောလိုသည့် စကားများ ရှိ‌သော်လည်း အနားတွင် ရှဲ့ယွင်နန်ပါ ရှိနေ‌သည့်အတွက် အားလုံးကို မြိုသိပ်ထားလိုက်ရသည်။ 


သို့သော် သွမ့်ချန်ချင်းက စကားစလာ၏။ 


"မစ္စတာရှဲ့ အတော်တောင် နောက်ကျနေပြီနော် အိမ်ပြန်ပြီး စောစောစီးစီး အနားယူလိုက်ပါတော့လား .." 


"ဟုတ်သားပဲ ဆရာ တော်တော်လေးတောင် နောက်ကျနေပြီ ..."


ရှဲ့ယွင်နန်ကလည်း သူ့ကို စောစောပြန်အနားယူရန် အကြံပြုလိုက်သည်။ 


တစ္ဆေဘုရင်တွင် အနားယူရန် ရည်ရွယ်ချက် မရှိသော်ငြား ဆက်နေနေရန်လည်း မဖြစ်နိုင်တော့သည့်အတွက် ရှဲ့ယွင်နန်၏ အိမ်ထဲမှ တွန့်ဆုတ်စွာဖြင့်သာ ထွက်လာခဲ့လိုက်ရတော့သည်။ 


သို့သော် သူက ဝေးဝေးသို့ မသွား။ သူ့လူများကို ရှာဖွေရန် အိမ်နောက်ဖေးသို့ ထွက်လာလိုက်သည်။ 


ဝါးတောထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူ့ငယ်သားများ ရောက်လာကြသည။ 


"ဘော့စ် ..." 


တစ်ယောက်ပြီးတစ်ယောက် ဝမ်းသာအယ်လဲ ထွက်လာသူများကို တွေ့လိုက်ရသည့်အခါ တစ္ဆေဘုရင်က စိတ်ဆိုးမာန်ဆိုးဖြင့် မေးလိုက်သည်။ 


"တော်တော်ကို ပျော်နေကြလား ..." 


ထိုသူတို့က မျက်နှာတွင် ထင်ဟပ်နေသည့် ပြုံးပျော်ရိပ်တို့ကို ချက်ခြင်း ဖိနှိပ်လိုက်သည်။ 


"ဘော့စ် တောင်းပန်ပါတယ် ..." 


ဘော့စ်က ရှဲ့ယွင်နန်ရဲ့ အိမ်ထောင်ဖက်ကို ပြန်ပေးဆွဲခဲ့ပေမယ့် သူတို့တွေ ဂရုမစိုက်မိလို့ ရှဲ့ယွင်နန်ကို မတားနိုင်ခဲ့ဘူး ... ဒါ တကယ်ကို သူတို့ရဲ့ အမှားပဲ ... 


"မင်းတို့ကို ယွင်နန်ကို ကာကွယ်ဖို့ မပြောခဲ့ဘူးလား ဘာလို့ သူ ပြေးထွက်လာတာကို ထိုင်ကြည့်နေကြတာလဲ ..." 


တစ္ဆေဘုရင်က အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေ၏။ သူ့ငယ်သားများသည် ရှဲ့ယွင်နန်ကို ကျိန်းသေ တားဆီးထားနိုင်သည့်သူများ ဖြစ်ကြပေသည်။ 


"ကျွန်တော်တို့တွေ အရမ်း စိတ်လှုပ်ရှားလွန်းလို့ မတားနိုင်လိုက်တာပါ ..." 


"ဘော့စ် သူက နိုးထလာပြီ ပြီးတော့ တိုးတက်နှုန်းကလည်း တော်တော်လေး မြန်ဆန်တယ် ..." 


"သူ့အဖော်သားရဲက ခွေးတစ်ကောင်လေ ဘော့စ် သူ့အဖော်သားရဲက လမ်းကြောင်းကို ဦးဆောင်နေတာ ကျွန်တော်တို့တွေ ဘယ်လိုမှကို လမ်းကြောင်းပြောင်းလို့ မရဘူး ..." 


ထိုစဉ်က သူတို့လည်း ရှဲ့ယွင်နန်ကို တားဆီးလိုခဲ့သော်ငြား ရှဲ့ယွင်နန်သည် ရုတ်တရက် နိုးထလာခဲ့သည့်အတွက် အချိန်မီ မတုန့်ပြန်နိုင်ခဲ့။ 


နောက်ပိုင်းတွင် ရှဲ့ယွင်နန်ရော သူ့အဖော်သားရဲကပါ တစ်ဟုန်ထိုး‌ ပြေးထွက်သွားရာ သူတို့အနေဖြင့်လည်း နောက်က ပြေးလိုက်ရုံသာ ရှိတော့သည်။ 


သူတို့အနေနဲ့ ရှဲ့ယွင်နန်ကို တားတော့ တားနိုင်တာပေါ့ ဒါပေမယ့် သူ့ကို အပြစ်ပြုမိမှာကိုရော မကြောက်ရတော့ဘူးလား ... 


တစ္ဆေဘုရင်က နားထောင်ရင်း တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။ 


"နိုးထလာတယ် ..." 


နိုးထလာသည်ဟူသည့် စကားမှာ ယဇ်ဆရာများအတွက် သုံးနှုန်းသောစကား ဖြစ်သည်။ 


ယဇ်ဆရာတို့၏ စွမ်းရည်မှာ တိုက်ခိုက်ရေးသမားများနှင့်မတူ။ နိုးထလာပြီးမှသာ ယဇ်ဆရာအဖြစ်သို့ ရောက်ရှိနိုင်ကာ စိတ်စွမ်းအင်ကို အသုံးပြုနိုင်ပေသည်။ 


ယဇ်ဆရာ ဖြစ်နိုင်မည့် အရည်အချင်း ရှိသူများမှာလည်း ယဇ်ဆရာမျိုးနွယ်ဝင်များသာ ဖြစ်လေ့ရှိကြသည်။ 


သူရော သူ့မိန်းမရောက တိုက်ခိုက်သူတွေလေ သူတို့ရဲ့သားက ယဇ်ဆရာဖြစ်ဖို့ အလားအလာရှိတယ်ဆိုတာ မဖြစ်သင့်ဘူး မဟုတ်လား ... 


"ဟုတ်တယ် ဘော့စ် ရှဲ့ယွင်နန်က ယဇ်ဆရာအဖြစ် နိုးထလာတာ ကျွန်တော်တို့တွေအကုန် ခံစားမိတယ် ..." 


"ကျွန်တော့်အဖော်သားရဲက သူ့ကို အရမ်းသဘောကျနေတာ ..." 


"ဘော့စ် သူက ဘော့စ်ရဲ့တပည့်ဆို အနာဂတ်ကျ ကျွန်တော်တို့ရဲ့ ဒဏ်ရာတွေကို ကုသခိုင်းပေးလို့ ရမလား ..." 


"ဘော့စ် သူ့ကို မြန်မြန်လေး ကုသခိုင်းလိုက်နော် ..." 


တစ္ဆေဘုရင်မှာ‌ နောက်တစ်ကြိမ် ကြောင်အသွားပြန်သည်။ 


ဒီတစ်ညတည်းမှာပင် ဖြစ်သွားတာတွေက များလွန်းမနေဘူးလား ... 


သူ့ရဲ့ သရုပ်မှန်ကလည်း သူစိမ်းတစ်ယောက်ရဲ့ လက်ထဲမှာ ပေါ်သွားတယ် သွမ့်ချန်ချင်းက ‌နတ်ဘုရားအဆင့် တိုက်ခိုက်သူ ပြီးတော့ သူ့သားကလည်း ယဇ်ဆရာအဖြစ် နိုးထလာတယ်တဲ့လား ... 


ဒီတိုက်ကြီးမှာ ယဇ်ဆရာ တစ်ရာတောင် မရှိတာ သူ့သားက အဲဒီ့အုပ်စုထဲက တစ်ယောက်တဲ့ ... 


လူတိုင်းက သူ့ကို ယဇ်ဆရာမုန်းတီးရေးသမားလို့ ထင်နေကြတာလေ အခု သူ့သားက ယဇ်ဆရာတဲ့လား ... 


"ဒါနဲ့ ဘော့စ် စောစောက ဘာလို့ ကျွန်မတို့ကို လူစုခိုင်းရတာလဲ ..." 


ရှချင်က မေးလိုက်သည်။ 


ဟုန်ယဲ့တောအုပ်ထဲကို နောက်တစ်ကြိမ် ပြန်‌ပုန်းဖို့နဲ့ ... ရှဲ့ယွင်နန်ကိုပါ တစ်ပါတည်း ခေါ်သွားဖို့ပေါ့ ... 


ဒါပေမယ့် အခု ကိစ္စတွေ အများကြီး ဖြစ်လာတော့ သူလည်း တောထဲ ပြန်သွားစရာ မလိုတော့ဘူး...ပြောရရင် ပြန်လည်း မသွားချင်ပါဘူး ... 


သူ့သားဘေးမှာ နတ်ဘုရားအဆင့် တိုက်ခိုက်သူ တစ်ယောက်လုံး ရှိနေတာလေ ... 


မြင့်မြတ်တဲ့မြို့တော်က လူအိုကြီးတွေ ရောက်လာရင်တောင် ... နတ်ဘုရားအဆင့်ကို အနိုင်တိုက်နိုင်ကြမှာတဲ့လား ... 


ပြောကြတာတော့ နတ်ဘုရားအဆင့် ရောက်နေတဲ့သူတွေက အဆင့်မြင့်ယဇ်ဆရာကိုတောင် ကြောက်စရာ မလိုတော့ဘူးတဲ့ ... 


ရှချင်က ထပ်ပြောလိုက်ပြန်သည်။ 


"ဘော့စ် ရှဲ့ယွင်နန် နိုးထလာတော့မှာ ဆိုတာကို ခံစားမိလို့ ကျွန်မတို့ကို လှမ်းခေါ်လိုက်တာလား ..." 


တစ္ဆေဘုရင်က "အင်း" ဟုသာ ပြောလိုက်ရ‌တော့သည်။ ငယ်သားများက သူ့ကို အမြင်ကောင်း ရှိခြင်းအတွက် ဝိုင်းဝန်းချီးကျူးလိုက်ကြ၏။ 


တစ္ဆေဘုရင် "..." 


တစ်ဖက်တွင် တစ္ဆေဘုရင် ထွက်သွားပြီးနောက် ရှဲ့ယွင်နန်က သွမ့်ချန်ချင်းကို ဖြစ်ကြောင်းကုန်စင် မေးလိုက်သည်။ 


"အဲဒီ့အချိန်တုန်းက ငါ အရမ်းကြောက်နေလို့ ဘာကိုမှ ကောင်းကောင်း မသိလိုက်ဘူး ..."


ထိုစကား ကြားလိုက်သည့်အခါ ရှဲ့ယွင်နန်က သွမ့်ချန်ချင်းကို ပြန်ပေးဆွဲသွားသူမှာ လျောင်မုယဲ့နှင့် ယန်ယုကော တစ်ဦးဦး ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။ 


နှစ်ဦးလုံးမှာ အပြစ်ရှိသူများ ဖြစ်ကြရာ ဤလုပ်ရပ်မျိုး ကျူးလွန်လျှင်ပင် အံ့ဩစရာ မရှိပေ။ 


အခု အဲဒီ့နှစ်ယောက်လုံးက သူတို့ကို အာရုံစိုက်နေပြီဆိုတော့ သူတို့တွေ ဘာဆက်လုပ်သင့်လဲ ... 


ရှဲ့ယွင်နန်က အနည်းငယ် စိတ်ပူပန်ကာ လှုပ်ရှားလိုစိတ်တို့ ဖြစ်လာသည်။ 


သို့သော် သွမ့်ချန်ချင်း မရိပ်မိစေရန်အတွက် ထိုခံစားချက်ကို ထုတ်မပြခဲ့။ သူက ပြောလိုက်သည်။ 


"ချန်ချင်း အနာဂတ်မှာ ကိုယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့အထိ မနေတော့ဘူး ကိုယ် မင်းကို ကာကွယ်ပေးမယ် အခု ကိုယ်က တိုက်ခိုက်သူ ဖြစ်သွားပြီ ပြေးတာလည်

း အရမ်းမြန်လာတယ် သိလား ..." 


သွမ့်ချန်ချင်းက သဘောတကျ ရယ်လိုက်သည်။ 


"ယွင်နန် မင်းက အရမ်းအံ့ဩဖို့ ကောင်းတာပဲ ..." 


ရှဲ့ယွင်နန်မှာ တိုက်ခိုက်သူ ဖြစ်လာခြင်း မဟုတ်။ ချီသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိခြင်းသာ ဖြစ်သည်။ 


ရှဲ့ယွင်နန်ရေ ... ကျင့်ကြံရေး ခရီးစဉ်ကို တရားဝင် စတင်လို့ ရပါပြီ ...