Chapter 37
တစ္ဆေဘုရင်က သွမ့်ချန်ချင်းကို ဒဏ်ရာရချင်ယောင်ဆောင်နေသည်ဟု ထင်ခဲ့သော်ငြား သွမ့်ချန်ချင်းမှာ အမှန်တကယ် ထိခိုက်မိသွားခြင်း ဖြစ်သည်။
အချိန်အတော်ကြာ ပြေးလွှားလှုပ်ရှားခဲ့ရသဖြင့် သူ့ခန္ဓာကိုယ်မှာ များစွာ ပင်ပန်းနေရာ စားသောက်ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း အိပ်ယာပေါ် လှဲချကာ အိပ်ပျော်သွားတော့သည်။
လှဲလျောင်းနေသူကို ကြည့်ရင်း ရှဲ့ယွင်နန်က အပြစ်မကင်းသည့်စိတ်ကို ခံစားလိုက်ရသည်။
သွမ့်ချန်ချင်းက သေချာပေါက် သူ့ကြောင့် ပြန်ပေးဆွဲခံလိုက်ရတာနေမှာ ...
ဒီလိုကိစ္စတွေကို ရှောင်ရှားပြီး မိသားစုကို ကာကွယ်နိုင်ဖို့ သူ သေချာပေါက် သန်မာရမယ် ...
ရှဲ့ယွင်နန်က သူ့ခန္ဓာကိုယ်မှာ တစ်ခုခု ထူးခြားနေကြောင်း အနည်းငယ် ခံစားမိသော်လည်း မည်သည့်အရာက ထူးခြားနေကြောင်း တိတိကျကျ မပြောတတ်ချေ။
သူ .... အလယ်အလတ်အဆင့် တိုက်ခိုက်သူ ဖြစ်လာတာများလား ...
ထိုအတွေးနှင့်အတူ သွမ့်ချန်ချင်းဘေး ဝင်လှဲကာ တစ်ဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။
တစ္ဆေဘုရင်က ညလုံးပေါက် မအိပ်ခဲ့ပေ။
မည်သူက သူ့ကို ဖုန်းပေးခဲ့မှန်းလည်း မသိရသလို သွမ့်ချန်ချင်းက ဘာဖြစ်နေမှန်းလည်း မသိရရာ ကြောက်ရွံ့စိုးရိမ်စိတ်တို့ အနည်းငယ် ထွက်ပေါ်လာကာ သူ့ကို တွေ့ဆုံလိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုပါ သိလိုလာတော့သည်။ သို့သော် ဟုန်ယဲ့တောအုပ်ထဲသို့ လူနှစ်ယောက်လွှတ်ကာ အမဲလိုက်ခိုင်းရန်ကိုလည်း မမေ့ခဲ့ချေ။
သူ့ကို ပြဿနာ လာရှာပါလျှင် သူ့ငယ်သားများအနေဖြင့် မယှဉ်ပြိုင်နိုင်မည်ကို စိုးရိမ်သည့်အတွက် အခြားသူများကိုသာ အမဲလိုက်ခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် နောက်ထပ် ဆက်လုပ်ရမည့် အစီအစဉ်များကိုပါ ဆွေးနွေးလိုက်၏။
မြင့်မြတ်မြို့တော်ရှိ ယဇ်ဆရာများနှင့် ပွင့်ပွင့်လင်းလင်း ရန်ငြှိုးဖွဲ့ထားသည့် S အဆင့် အလိုရှိ ရာဇဝတ်ကောင်မှာ ရှဲ့ယွင်နန်နှင့် အမှန်တကယ်ပင် သွေးသားတော်စပ်နေသည်။
သူက မြင့်မြတ်သည့် မြို့တော်ရှိ ယဇ်ဆရာနှင့် ရန်ငြှိုးရန်စ ရှိခဲ့သည့်တိုင် ပြည်နှင်ဒဏ် အပေးခံရကာ အလိုရှိ ရာဇဝတ်ကောင် ဖြစ်လာသည်အထိ ရန်ငြှိုးထားရန် အစီအစဉ် မရှိခဲ့။ ထိုအချိန်က လက်ထပ်ပြီး ဇနီးဖြစ်သူတွင်ကိုယ်ဝန်ရှိနေရာ ... ထိုအကြောင်းကြောင့် အမုန်းတရားအားလုံးကို လွှတ်ချလိုက်ရန်ပင် တွေးခဲ့ဖူးသေးသည်။
ထိုစဉ် သူ့ဇနီးကို ပိုးပန်းဖူးသူတစ်ဦးက ရုတ်တရက် နိုးထလာကာ ယဇ်ဆရာဖြစ်သွားခဲ့၏။ ထိုသူက သူ့ဇနီးထံမှ အငြင်းခံရသည်ကို စိတ်ထဲ တေးမှတ်ထားသဖြင့် သူတို့၏ မွေးကင်းစကလေးကို လုယူကာ စွန့်ပစ်ရန် စေခိုင်းခဲ့သည်။
ထိုသတင်းကို သူတို့ သိရသည့်အချိန်တွင် သားဖြစ်သူမှာ သတ်ရန် အဝေးသို့ ခေါ်သွားခံရနှင့်နေပြီး ဖြစ်သည်။
အမျိုးမျိုးသော အခြားအလှည့်အပြောင်းများလည်း ဖြစ်ခဲ့သေးသော်ငြား သားဖြစ်သူကို ဆုံးရှုံးလိုက်ရခြင်းသည် သူ့အတွက် ကုလားအုတ်၏ ကျောရိုးကို ကျိုးပဲ့စေသည့် နောက်ဆုံးသော ကောက်ရိုးမျှင် ဖြစ်သွားခဲ့သည်။
သေဆုံးမှုကို အတုလုပ်ကာ အခြားလူအဖြစ်သို့ ပြောင်းလဲ၍ နိုးထလာကာစ ယဇ်ဆရာအသစ်များကို သတ်ဖြတ်ခဲ့သည်။ ထိုအချိန်မှစကာ ဝရမ်းပြေး ဖြစ်သွားခဲ့တော့၏။
ထိုအချိန်မှစ၍ မိသားစုအတွက် လက်စားချေရန် တစ္ဆေဘုရင်ဟူသော အမည်ကိုသာ အသုံးပြုခဲ့သည်။
နှစ်ပေါင်းများစွာ ကြာမြင့်လာပြီးနောက် သူ့တွင် ရန်သူတစ်ဦးသာ ကျန်တော့သည်။ ထို့အပြင် သူ့ကိုယ်ပိုင်အင်အားဖြင့် လူအများအပြားကိုလည်း ကယ်တင်နိုင်ခဲ့၏။
တစ္ဆေဘုရင်ဘဝဖြင့် နှစ် ၂၀ ကျော် နေထိုင်ခဲ့သည့်တစ်လျောက် အမျိုးမျိုးသော သစ္စာဖောက်မှုများနှင့်လည်း မကြာခဏ ကြုံတွေ့ခဲ့ရသည့်အတွက် အမြဲ ဂရုတစိုက် ရှိလာခဲ့သည်။ သူနှင့်အတူ ပါလာသည့် ငယ်သားများမှာ များသောအားဖြင့် ငယ်စဉ်ကတည်းက သူပျိုးထောင်ပေးခဲ့သည့် သူ့အပေါ် အကြွင်းမဲ့ သစ္စာရှိကြသူများ ဖြစ်ပေသည်။
သူ့အနေဖြင့် အပြည့်အဝ မယုံကြည်နိုင်သူများကိုမူ အနားတွင် ခေါ်ထားလေ့မရှိ။
သူ့လူများမှာ နေရာအနှံ့ ပြန့်ကြဲနေရာ မြင့်မြတ်သည့်မြို့တော်ကို တိုက်ခိုက်ရန် ခဲယဉ်းလှသည့်အတွက် ရှောင်ပုန်းနေရခြင်း ဖြစ်ပေသည်။
ယခုမူ .. ထိုသူများက်ို လှုပ်ရှားစေလိုလာ၏။
လျောင်မိသားစု၏ ကျေးဇူးဖြင့် မြင့်မြတ်သည့်မြို့တော်တစ်ခုလုံး ကမောက်ကမ ဖြစ်နေ၍သာ စိတ်အေးနေရသည်။
သို့မဟုတ်ပါလျှင် .. တစ်စုံတစ်ယောက်သာ သူ့သားသည် ယဇ်ဆရာအဖြစ် နိုးထလာပြီဖြစ်ကြောင်း သိသွားပါလျှင် ... သူ့ကို ကျိန်းသေ အန္တရာယ်ပေးပေလိမ့်မည်။
ထို့အပြင် သူက အပြင်းအထန်လည်း ဒဏ်ရာရနေသေး၏။ သားဖြစ်သူက နိုးထလာပြီ ဖြစ်သည့်တိုင် ယဇ်ဆရာအသစ်သည် သူ့(တေစ္ဆဘုရင်)ဒဏ်ရာကို မကုသနိုင်သေးရာ သူ့အနေဖြင့် သက်တမ်းရှည်ရှည် နေထိုင်နိုင်တော့မည် မဟုတ်ချေ။
မနက်မိုးလင်းသည့်အခါ ရည်မှန်းချက်တို့ ပြည့်ဝနေသည့် တစ္ဆေဘုရင်က မနေ့ညက သူချန်ခဲ့သည့် ကားကို ပြန်ရှာလိုက်သည်။
မနေ့ညက စိုးရိမ်စိတ် ဖိစီးနေသည့်အတွက် ကားကို လမ်းတစ်ဝက်တွင် ပစ်ထားခဲ့မိ၏။
သူ ကားကို ရပ်ခဲ့သည့် နေရာသို့ ရောက်သည့်အခါ ကြောင်အသွားတော့သည်။
သူ့ကားက ဘယ်ရောက်သွားတာလဲ .. အခိုးခံလိုက်ရတာလား ....
တစ္ဆေဘုရင်မှာ ရှဲ့ယွင်နန်ထံသို့ ခြေလျင်သာ ပြန်လာခဲ့လိုက်ရတော့သည်။
သူ ရောက်သွားချိန်တွင် ရှဲ့ယွင်နန်က ဆိုင်ဖွင့်ပြီးနှင့်နေပြီဖြစ်သည်။ သို့သော် အောက်ထပ်တွင် လူမရှိ၊ အပေါ်ထပ်တွင် ဟင်းချက်နေပေသည်။
“သွမ့်ချန်ချင်းကရော ...”
အပေါ်ထပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် တစ္ဆေဘုရင်က မေးလိုက်သည်။
“သူက အိပ်နေတုန်း ...”
ရှဲ့ယွင်နန်က ဆရာဖြစ်သူကို လှည့်ကြည့်ပြီးနောက် အနည်းငယ် ကြောင်အသွား၏။
ဆရာက မနေ့က အဝတ်အစားတွေကို ဝတ်ထားနေတုန်းပဲ ...
မနေ့ညက လုံးဝ မအိပ်ခဲ့တာများလား ...
ရှဲ့ယွင်နန်က ထမင်းချက်ကာ အစောပိုင်းက သူ အရသာနှပ်ထားသည့် ဝက်သားပြားကို ထုတ်လာပြီး စိမ်းစိမ်းစိုစို အသီးအရွက်အချို့ဖြင့် ကြော်လိုက်သည်။ ဟင်းပန်းကန်များကို စားပွဲပေါ် တင်ရင်း တစ္ဆေဘုရင်ကို လှမ်းမေးလိုက်၏။
“ဆရာ တစ်ခုခု စားပြီးမှ ကိုယ်လက်သန့်စင်ပြီး အနားယူမလား ဒီမှာ အိပ်ယာအလွတ်တစ်ခု ရှိတယ် ...”
“ကောင်းပြီ ...”
တစ္ဆေဘုရင်က သဘောတူလိုက်သည်။
သားလေးက ဂရုစိုက်ပေးတတ်လိုက်တာ ...
ရှဲ့ယွင်နန်က ဒုတိယအိပ်ခန်းထဲတွင် စားစရာအများအပြား သိုလှောင်ထားခဲ့သော်ငြား နောက်ပိုင်းတွင် ဆရာဖြစ်သူက သူ့ကို လေ့ကျင့်ရေးအခန်းတစ်ခု ပြင်ဆင်ပေးရန် ပြောခဲ့သည့်အတွက် ထိုကန်စွန်းဉအားလုံးကို အခြားနေရာသို့ ရွှေ့ကာ အခန်းကို ရှင်းလင်းထားခဲ့သည်။
ယခု ထိုအိပ်ခန်းက အလွတ်ဖြစ်နေရာ ရှဲ့ယွင်နန်က ထိုအခန်းထဲတွင် ထားခဲ့ဖူးသည့် အိပ်ယာများအား ပြန်ထည့်ပေးလိုက်ပြီး စောင်တစ်ထည်ကိုပါ ရှာလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်သည့် တစ္ဆေဘုရင်မှာလည်း ရင်ထဲ ထိရှသွားရတော့သည်။
သားလေးက တကယ်ကို လူကောင်းလေး ...
ဒီထဲမှာ အိပ်ယာရှိတယ်ဆိုတော့ .. အနာဂတ်မှာလည်း သူ ဒီမှာ လာနေလို့ ရသွားပြီ ...
ထိုသို့ တွေးနေစဉ် အခန်းထဲသို့ စားစရာများ ယူသွားသည့် သားဖြစ်သူကို တွေ့လိုက်သည်။
“ဘာလုပ်နေတာလဲ ...”
သူက ထုတ်မမေးဘဲပင် မနေနိုင်တော့။
“ချန်ချင်းကို ကျွေးဖို့ပါ ...”
ရှဲ့ယွင်နန်က ခပ်ပြုံးပြုံး ပြောလိုက်သည်။
“သူက ဒဏ်ရာရထားတာဆိုတော့ အခန်းထဲမှာပဲ စားခိုင်းမလို့ ...”
တစ္ဆေဘုရင်မှာ ပြန်မပြောဘဲပင် မနေနိုင်တော့။
“သူက လုံးဝကို အကောင်းကြီးပါ ...”
ရှဲ့ယွင်နန်က သက်ပြင်းချလိုက်သည်။
“ဆရာ ... ချန်ချင်းက ကျွန်တော်တို့နဲ့ မတူဘူး သူက အရမ်းကို အားနည်းတာ ...”
သိပ်မကြာခင်လေးကတင် သေမလို ဖြစ်ထားသေးတာလေ ...
တစ္ဆေဘုရင် “...”
အပြင်ဘက်က စကားသံများကို ကြားလိုက်ရသည့်အခါ သွမ့်ချန်ချင်းမှာ ရယ်ချလိုက်လိုစိတ်များ တဖွားဖွား ထွက်ပေါ်လာတော့သည်။
ရှဲ့ယွင်နန် ဝင်လာသည့်အခါ သွမ့်ချန်ချင်းက သူကိုယ်တိုင် စားရုံသာမက ရှဲ့ယွင်နန်ကိုပါ ခွံ့ကျွေးလိုက်သည်။
တစ္ဆေဘုရင် “...”
ဒီကောင်က ဟန်ဆောင်ကောင်းလိုက်တာများ ...
ရှဲ့ယွင်နန်က သူ စားသောက်ပြီးသည်အထိ စောင့်ပေးပြီးကာမှ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။ အောက်ထပ်သို့ မဆင်းမီ သူက တစ္ဆေဘုရင်အား ရေချိုးကာ တစ်ခဏမျှ အိပ်ရန်ပါ ပြောလိုက်သေးသည်။
သို့သော် တစ္ဆေဘုရင်ကမူ သူပြောခဲ့သလို မလုပ်။ ရှဲ့ယွင်နန် ဆင်းသွားသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း သူ့အဖော်သားရဲကို ထုတ်ကာ ရှဲ့ယွင်နန် ရုတ်တရက် တက်မလာနိုင်စေရန် လှေကားထိပ်တွင် စောင့်ခိုင်းလိုက်သည်။ ထို့နောက် ကုတင်ဘေးတွင် ထိုင်ကာ သွမ့်ချန်ချင်းကို ပြောလိုက်သည်။
“စကားကောင်းကောင်း ပြောကြရအောင် ...”
“ကောင်းပါပြီ ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
တစ္ဆေဘုရင်က မေးလိုက်၏။
“မင်း အရင်က လက်ထပ်ဖူးလား ...”
သွမ့်ချန်ချင်းက တစ္ဆေဘုရင်သည် သူ့ဇစ်မြစ်အကြောင်း မေးလိမ့်မည်ဟုသာ တွက်ဆထားရာ ဤကဲ့သို့ မေးလာလိမ့်မည်ဟု မထင်ထားမိချေ။ သို့သော် မဆိုင်းမတွ ပြန်ဖြေလိုက်၏။
“ဟင့်အင်း ...”
တစ္ဆေဘုရင်က ထပ်မေးလိုက်ပြန်သည်။
“မင်းက ယွင်နန်နဲ့ တကယ်ကို အတူတူ ရှိနေချင်တာလို့ ပြောခဲ့တယ်နော် ဘာလို့လဲ ...”
“သေချာပေါက်ကို အတူတူ ရှိရဖို့ ဆန္ဒရှိတာပေါ့ အဲဒီလိုသာ ဆန္ဒမရှိရင် ကျွန်တော် ဒီမှာ လှဲနေဖို့ လိုပါ့မလား ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ သူက ချောတယ် ကြင်နာတတ်တယ် ပြီးတော့ သူ့အဖော်သားရဲကအစ ချစ်စရာလေးလေ ဒီလိုလူမျိုးကို သဘောကျမိသွားတာ ထူးမှ မထူးဆန်းတာ ...”
တကယ်ကြီးပဲပေါ့ ...
တစ္ဆေဘုရင်က စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ မင်းအနေနဲ့ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် ..."
“ကျွန်တော် ဂရုစိုက်ပေးမှာပါ ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
တစ္ဆေဘုရင်က ထပ်ပြောလိုက်၏။
“မင်း ငါ့သရုပ်မှန်ကို သိပြီးနှင့်နေပြီ မဟုတ်လား မင်းလည်း မင်းရဲ့ သရုပ်မှန်ကို ပြောသင့်တယ်လို့ မထင်ဘူးလား ...”
“နေပါဦး ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားရဲ့ သရုပ်မှန်ကို မသိသေးဘူး ကျွန်တော့်ရဲ့ သရုပ်မှန်အတွက်ကတော့ ... ဘာမှ ထွေထွေထူးထူး မရှိဘူး ဒီတိုင်း သွမ့်ချန်ချင်းပဲ ...”
သူက တကယ်ကို မူလကိုယ်ရဲ့ သရုပ်မှန်ကို မသိဘူးလို့ ...ဒါပေမယ့် သူ့ရှေ့မှာ ရှိနေတဲ့လူက နောက်ခံတစ်ခုခု ရှိနေတဲ့ပုံပဲ ... ဒီလိုလူကတောင် သူ့ကို မသိဘူးဆိုတော့ .. ကြည့်ရတာ မူလကိုယ်ရဲ့ သရုပ်မှန်က သိပ်ပြီး ပြဿနာ မရှိဘူး ထင်ပါတယ် ...
တစ္ဆေဘုရင် “... မင်းက ငါ့သရုပ်မှန်ကို မသိဘူး ဟုတ်လား ...”
“ကျွန်တော်က ဘာလို့ သိရမှာလဲ ...”
“ငါက တစ္ဆေဘုရင်လေ ...”
သူက ပြောလိုက်သည်။
“တစ္ဆေဘုရင်? နာမည်ကြီးက နည်းနည်း .... ရုပ်ဆိုးလိုက်တာ ...”
တစ္ဆေဘုရင်က သွမ့်ချန်ချင်းမှာ တမင်တကာ ပြောနေခြင်း ဖြစ်ရမည်ဟု ယူဆလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။
“ငါက S အဆင့် ရာဇဝတ်ကောင် ဒီကုန်းမြေတိုက်ကြီး တစ်ခုလုံးရဲ့ တစ်ဦးတည်းသော S အဆင့် အလိုရှိ ရာဇဝတ်ကောင်လို့ ...”
သွမ့်ချန်ချင်း “...ခင်ဗျားက ရှဲ့ယွင်နန်ကို အသိအမှတ်မပြုတာ မထူးဆန်းတော့ပါဘူး ...”
သူကိုယ်တိုင်ကလည်း သူ့သရုပ်မှန်တွင် ပြဿနာတစ်ခုခု ရှိနေမည်ကို စိုးရိမ်ခဲ့သော်လည်း ယခုအခြေအနေအရဆိုလျှင် ရှဲ့ယွင်နန်၏ အဖေကသာ ပြဿနာ အများဆုံး ဖြစ်နေပေသည်။
သူ့ခန္ဓာကိုယ်ရဲ့ မူလကိုယ်က အရမ်း အားနည်းတာပဲ S အဆင့် တိုက်ခိုက်သူကို ဘယ်လိုနည်းနဲ့မှကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး ...
တစ္ဆေဘုရင် “...”
ငါ့နှလုံးသားတွေ ကွဲကြေသွားပြီလို့တောင် ခံစားနေရပြီ ...
သွမ့်ချန်ချင်းက သူ့ဇစ်မြစ်အကြောင်း ပြောပြလိုခြင်း အလျဉ်းမရှိသည့်အတွက် သူလည်း ဆက်မေးမနေတော့။
သူက တစ်ခြားသူကို ရိုက်လည်း မရိုက်နိုင်ဘူး စိတ်အာရုံ ထွေပြားအောင်လည်း မလုပ်နိုင်ဘူး ... ဒါဆို သူ ဘာရော လုပ်နိုင်သေးလဲ ...
ထိုအချိန်တွင် သွမ့်ချန်ချင်းက စကားပြန်စလာသည်။
“ဒါနဲ့ အဖေ ကျွန်တော့်မှာ အဖေ့ကို ဒုက္ခပေးစရာလေး ရှိသေးတယ် ...”
“စကားက လွန်ကြူးလိုက်တာ ...”
“ကျွန်တော်က ယွင်နန်နဲ့အတူ ခင်ဗျားကို လေးလေးစားစား ပြောနေတာလေ ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
ကျေးဇူးတင်ပေမယ့် နည်းနည်းလေးမှကို မလိုအပ်ဘူးနော် .. ဒါကြီးက စိတ်မသက်မသာပဲ ဖြစ်စေတာကွ သိရဲ့လား ...
တစ္ဆေဘုရင်က မေးလိုက်သည်။
“မင်းက ဘာအတွက် ငါ့အကူအညီကို လိုတာလဲ ...”
“ကျွန်တော့်မှာ ယွင်နန်အတွက် သီးသန့် ဖန်တီးပေးထားတဲ့ လေ့ကျင့်ရေးနည်းလမ်းတစ်ခု ရှိတယ် အဲဒါ သူ့ကို သင်ပေးလို့ ရမလား ...”
“ယွင်နန် ယဇ်ဆရာအဖြစ် နိုးထလာတာ မင်းနဲ့ သက်ဆိုင်နေတာလား ဒါက ယဇ်ဆရာတွေအတွက် လေ့ကျင့်ခန်းလား ...”
သူက မေးလိုက်သည်။
သွမ့်ချန်ချင်းကလည်း ဤကမ္ဘာပေါ်ရှိ ယဇ်ဆရာတို့၏ တည်ရှိမှုမှာ လေးစားမှုကို ခံယူရသည့် နေရာတွင် ရှိနေကြောင်း သိထားသည်။
ရှဲ့ယွင်နန်က ယဇ်ဆရာအဖြစ် နိုးထလာတာလား ...သူ့ခန္ဓာကိုယ်ထဲကို ချီတွေ ထည့်ပေးထားတာ အရှင်းကြီးကို ...
နေပါဦး ခန္ဓာကိုယ်ကို ကျင့်ကြံတဲ့သူက တိုက်ခိုက်သူ ဖြစ်လာပြီး ချီကျင့်ကြံရေးသမားက ယဇ်ဆရာ ဖြစ်လာတာလား ... ဒီလိုဆိုရင်တော့ ယုတ္တိရှိသားပဲ ...
သွမ့်ချန်ချင်းက စိတ်ကူးပြောင်းကာ တိုက်ရိုက် ပြောလိုက်သည်။
“ဟုတ်တယ် ...”
ယဇ်ဆရာတို့၏ ကျင့်ကြံစဉ်မှာ တိုက်ခိုက်သူများနှင့် လုံးဝ ကွာခြားလှပြီး ယဇ်ဆရာများအတွက် ကျင့်ကြံစဉ်များမှာ .. တစ္ဆေဘုရင်၏ လက်ထဲတွင်လည်း မရှိပေ။
သို့သော် နတ်ဘုရားအဆင့် တိုက်ခိုက်သူ၏ လက်ထဲတွင် ဤကဲ့သို့သော ကျင့်ကြံစဉ်များ ရှိနေခြင်းမှာ ယုတ္တိရှိပေသည်။
သူက သွမ့်ချန်ချင်းထံမှ အမြန် သင်ယူလိုက်ပြီးနောက် ရှဲ့ယွင်နန်ကို ပြန်သင်ပေးရန် အသင့်ဖြစ်လာသည်။
တစ်ယောက်က သင်ကြားကာ ကျန်တစ်ယောက်က သင်ယူနေစဉ် ...အရေးကြီးပုဂ္ဂိုလ်များ စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းက ဟုန်ယဲ့မြို့တော်သို့ ဦးတည်လာ၏။
စောင့်ကြပ်လိုက်ပါလာသည့် ယာဉ်တန်းမှာ အလွန်ကြီးမားကာ အပြင်ဘက်ဆုံးအပိုင်းတွင် တိုက်ခိုက်သူများ ကားတစ်စီးနှင့်အပြည့် ပါရှိသည်။
ထိုကဲ့သို့သော ကားများဖြင့် ဝန်းရံထားသည့် ယာဉ်အမျိုးအစားများ အများအပြား ပါရှိကာ အားလုံးမှာ တန်ဖိုးကြီး ယာဉ်များသာ ဖြစ်ကြသည်။
အလယ်၌ RV အကြီးကြီးနှစ်စီး ရှိနေ၏။ ထိုကားနှစ်စီးမှာ ဆယ်မီတာမက ရှည်လျားကာ လေးငါးမီတာခန့် မြင့်မားပြီး အမိုးပေါ်တွင် လှေကားတပ် စင်မြင့်တစ်ခုစီလည်း ပါရှိသည်။ ယာဉ်တစ်စီးပေါ်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးက အရက်သောက်နေကြပြီး လူငယ်အများအပြားက ကျန်စင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေကြသည်.
“ဟုန်ယဲ့မြို့တော်က ရောက်တော့မှာလား ...”
လူငယ်တစ်ဦးက မေးလိုက်သည်။
“လမ်းက တော်တော်လေး ဆိုးတယ်နော် နောက်ဆုံးတော့ အနားယူရမယ့်နေရာကို ရောက်တော့မယ် ...”
ကျန်သူများကလည်း တစ်ညီတစ်ညွတ်တည်း သဘောတူလိုက်ကြသည်။
သူ့ဘေးတွင် အေးစက်သည့် မျက်နှာထားဖြင့် မတ်တပ်ရပ်နေသည့် အင်္ကျီအဖြူ ဝတ်ထားသော လူငယ်လေးက အနည်းငယ် အထင်သေးဟန်ဖြင့် သရော်လိုက်သည်။
“လမ်းကြမ်းတယ် ဟုတ်လား မြင့်မြတ်တဲ့မြို့တော်ကနေ ထွက်လာကတည်းက တစ်လမ်းလုံး စားလိုက်အိပ်လိုက် လုပ်နေတာကို ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး ပြောနိုင်ရတာလဲ ...”
“လုကော ကျွန်တော်တို့က အစ်ကို့လို မဟုတ်ဘူးလေ ...”
“ဟုတ်တယ် လုကော ကျွန်တော်တို့တွေက မြင့်မြတ်တဲ့ မြို့တော်ကနေ တစ်ခါမှ ထွက်မလာဖူးဘူးလေ ...”
“လုကော ကျွန်တော် ကြားမိတာတော့ ကောက အလယ်အလတ်အဆင့် အံ့ဖွယ်သားရဲတွေ အများကြီး ဖမ်းခဲ့ဖူးတယ်ဆို ဘယ်လို ဖမ်းခဲ့တာလဲဟင် ...”
“လုကော ကော အမဲလိုက်ထွက်ရင် ကျွန်တော်ရော လိုက်ခဲ့လို့ ရမလား ...”
....
အဖြူဝတ် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။
“အမဲလိုက်တဲ့နေရာကို မင်းလိုက်လာရင် ငါ့အတွက် အနှောင့်အယှက် ဖြစ်ရုံပဲ ရှိမှာ ...”
အရမ်းကို သန်မာလိုက်တာ ... သူတို့တွေအားလုံး လုကောရဲ့ရှေ့ကို ရောက်ရင် သေးသေးလေး ဖြစ်သွားသလိုပဲ ....
ထိုအချိန်မှာပင် လုကောက ထပ်ပြောလိုက်သည်။
“ငါ အမဲလိုက် သွားလိုက်ဦးမယ် ...”
ထို့နောက် သူက ကားပေါ်မှ ခုန်ဆင်းကာ မြေကြီးကို ညင်သာစွာ ပုတ်ပြီး လှစ်ခနဲ ပြေးထွက်သွားလိုက်သည်။
နောက်တွင် ကျန်ရစ်ခဲ့သည့် လူငယ်အားလုံး ပြိုင်တူ သက်ပြင်းချလိုက်ကြ၏။
“လုကောရဲ့ အရှိန်အဝါက တကယ်ကို အားကျချင်စရာပဲ ...”
သူတို့ရဲ့ လုကောက မြင့်မြတ်တဲ့မြို့တော်ရဲ့ အအေးစက်ဆုံး လူငယ်လေးလေ အရမ်းကိုလည်း အင်အားကြီးတာ ...
အညှာအတာကင်းမဲ့သည့် အစ်ကိုလုက အလျင်အမြန် ပြေးထွက်လာကာ ယာဉ်တန်းကို လုံးဝ မမြင်ရတော့ကာမှ သူ့ အဖော်သားရဲကို ထုတ်လိုက်သည်။
မြေခွေးပုံ
စံ ခွေးတစ်ကောင်က ခပ်သွက်သွက် ပြေးလာကာ လမ်းဘေးရှိ ရွှံ့ဗွက်အိုင်ကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း လူးလှိမ့်လိုက်၏။
အစ်ကိုလုက သူ့အဖော်သားရဲ ပျော်ရွှင်မြူးထူးနေသည့် မြင်ကွင်းကို အလွန်အမင်း အေးစက်တင်းမာကာ လွှမ်းမိုးချုပ်ခြယ်နိုင်စွမ်း မြင့်မားသည့် အကြည့်တို့ဖြင့် ကြည့်နေလိုက်သည်။