အပိုင်း ၃၈
Viewers 7k

Chapter 38




သွမ့်ချန်ချင်းက ရှဲ့ယွင်နန်အတွက် သင့်တော်သည့် ကျင့်ကြံရေးနည်းလမ်းကို ကြိမ်ဖန်များစွာ ရှင်းပြခဲ့သော်လည်း တစ္ဆေဘုရင်မှာ လုံးဝ နားမလည်နိုင်သေး။ 


သွမ့်ချန်ချင်းမှာ ကူကယ်ရာမဲ့လာ၏။ 


“ဒါဆို မှတ်မိလား ...”


“မှတ်မိတာပေါ့ ...”


တိုက်ခိုက်သူဖြစ်စေ ယဇ်ဆရာဖြစ်စေ သန်မာလာလေလေ မှတ်ဉာဏ်ကောင်းလာလေ ဖြစ်သည်။ သူ့ခွန်အားမှာ အားကောင်းလှရာ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွင်လည်း ထိုနည်းတူပင် ဖြစ်ပေသည်။ 


“ဒါဆို ကျွန်တော် ပြောတဲ့အတိုင်းသာ ရှဲ့ယွင်နန်ကို ပြောပြလိုက် ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည်လည်း ရှဲ့ယွင်နန်ကို သင်ကြားပေးချိန်၌ ဘေးတွင် ရှိနေမည်ဖြစ်ရာ မည်သည့် အမှားအယွင်းမှ ရှိမလာနိုင်။ 


“ကောင်းပြီ ...”


တစ္ဆေဘုရင်က သဘောတူလိုက်သည်။ 


သွမ့်ချန်ချင်းက ထပ်ပြောလိုက်ပြန်၏။ 


“ဒါနဲ့ ကျွန်တော် အိပ်တော့မလို့ ခင်ဗျားဘာသာပဲ ဆက်လုပ်လိုက်တော့ ...”


“အိပ်တော့မလို့လား ...”


တစ္ဆေဘုရင်က ကြောင်အသွားသည်။ 


“မင်း မနေ့ညက မအိပ်ဘူးလား ...”


“မနေ့ညကလား အိပ်ပါတယ် ဒါပေမယ့် အခုထိ အိပ်ချင်နေသေးလို့ ...”


သွမ့်ချန်ချင်းက မထူးဆန်းလေဟန်ဖြင့် ပြန်ဖြေလိုက်သည်။ 


“မင်းက နတ်ဘုရားအဆင့် တိုက်ခိုက်သူ ...”


“ဒီတိုင်း အိပ်ရတာကို သဘောကျလို့လဲ ဘာမှားလို့လဲ ...”


တစ္ဆေဘုရင်က ဘာလုပ်နိုင်ဦးမှာတဲ့လဲ .. ဘာမှကို မလုပ်နိုင်တော့ဘူးပေါ့ ...


သွမ့်ချန်ချင်းနှင့် တွေ့ပြီးကတည်းက ထိုသူကို တစ်ကြိမ်တစ်ခါမျှပင် အနိုင်မရခဲ့။ 


သွမ့်ချန်ချင်းက အမှန်တကယ်ပင် အိပ်ရန် ပြင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ တစ္ဆေဘုရင်လည်း ရေချိုး၍ တစ်ခဏမျှ အနားယူရန် ပြင်ဆင်လိုက်သည်။ 


အခန်းထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် အဝတ်အစားအသစ်တစ်စုံနှင့်အတူ ရှဲ့ယွင်နန် ချန်ထားခဲ့သည့် စာတိုတစ်စောင်ကိုပါ တွေ့လိုက်ရသည်။ 


သားလေးက တကယ်ကို ဂရုစိုက်ပေးတတ်တာပဲ ...


ရေချိုးပြီးနောက် ဒုတိယအိပ်ခန်းထဲသွားကာ အိပ်စက်လိုက်သော်ငြား များမကြာမီ ပြန်နိုးလာခဲ့သည်။ သူ အပြင်ထွက်လာသည့်အခါ ဟင်းချက်နေသည့် ရှဲ့ယွင်နန်ကို တွေ့လိုက်ရ၏။ 


သွမ့်ချန်ချင်းသည် မနေ့ညက ဒဏ်ရာရထားသည့်အတွက် ယနေ့ ဟင်းမချက်နိုင်။ 


“ဆရာ .. နိုးလာပြီလား ...”


ရှဲ့ယွင်နန်က သူ့ကို တိုးတိုးလေး မေးလိုက်သည်။ 


“ကျွန်တော် ဆရာ့ကို နှောင့်ယှက်မိသွားတာလား ..."


“မဟုတ်ဘူး ငါက နေ့ခင်းပိုင်းတွေဆို အိပ်လို့ မရလို့ .. ဒါနဲ့ သွမ့်ချန်ချင်းရော..”


“ချန်ချင်းက အိပ်နေတုန်းပဲ ...”


ရှဲ့ယွင်နန်က အသံတိုးတိုးဖြင့် ပြောနေဆဲပင်။ 


ကြည့်ရတာ သူ့သား အသံတိုးတိုးလေးနဲ့ ပြောနေတာက သွမ့်ချန်ချင်း နိုးသွားမှာ ကြောက်လို့ ဖြစ်နေတာကိုး ...


သွမ့်ချန်ချင်းက နတ်ဘုရားအဆင့် တိုက်ခိုက်သူလေ ရက်နည်းနည်းလောက် လုံးဝ မအိပ်ဘဲ နေရင်တောင် ဘာမှ မဖြစ်တာကို .. သူက ဘာလို့ ဒီလောက်အကြာကြီး အိပ်နေရတာလဲ ...


စိတ်ဓာတ်ကျနေစဉ်မှာပင် တစ္ဆေဘုရင်၏ ဖုန်းက အသံမြည်လာ၏။ အသံကို သူ အသားယူလာခိုင်းသည့် ငယ်သားတစ်ဦးတည်းသာ ကြားရသည်အထိ တမင်တကာ နှိမ့်လိုက်သည်။ 


သူ၏ တောင်းဆိုချက်ကြောင့် အသားက ချက်ပြုတ်ပြီးသား အနေအထားဖြင့် ရောက်လာသည်။ 


“ဒီတိုင်း ယူလာခဲ့ ...”


သူက ပြောလိုက်သည်။ များမကြာမီ ရှချင်က အသားအိုးအကြီးကြီးတစ်အိုးဖြင့် ရောက်လာသည်။ 


မနေ့ည အစည်းအဝေးအပြီးတွင် တစ္ဆေဘုရင်သည် အခြားသော ကိစ္စများအား ကိုင်တွယ်ရန် သူ့ငယ်သား အများစုကို ဤဒေသမှ ထွက်သွားခိုင်းခဲ့သည်။ 


အန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့လာပါလျှင် လူဦးရေအများအပြား ရှိနေပါက လွတ်မြောက်ရန် မလွယ်ကူ၍ ဖြစ်သည်။ 


သူ့ဘေးတွင် တောက်တိုမည်ရ လုပ်ပေးရန် လူသုံးဦးသာ ကျန်ခဲ့တော့သည်။ 


ရှဲ့ယွင်နန်က အသားယူလာပေးသည့် ရှချင်ကို တွေ့လိုက်သည့်အခါ ဟင်းခွက်အရေအတွက်ကို လျော့ချလိုက်သည်။ ထို့နောက်တွင်မှ အများအပြား ချက်သည့်တိုင် အဆုံးတွင် အားလုံး ကုန်အောင် စားနိုင်သူ ရှိနေကြောင်း သတိရလိုက်သည်။ 


သွမ့်ချန်ချင်း၏ အစားစားနိုင်စွမ်းမှာ အထင်ကြီးဖွယ်ရာပင်။ 


စားသောက်နေကြစဉ် သွမ့်ချန်ချင်းလည်း အိပ်ယာမှ နိုးလာသည်။ 


သူက အမှန်တကယ် အိပ်မောကျနေခြင်း မဟုတ်၊ ကျင့်ကြံနေခြင်းသာ ဖြစ်ပေသည်။ သို့သော် ညစာစားချိန် ရောက်နေပြီဖြစ်သည့်အတွက် .. ကျင့်ကြံခြင်းကို တစ်ခဏမျှ ရပ်နားထားလိုက်တော့သည်။ 


သူ့တွင် စိတ်စွမ်းအင် ထောက်ပံ့ပေးမည့် စိတ်စွမ်းအင်အစိုင်အခဲ ရှိနေသည့်တိုင် အံ့ဖွယ်သားရဲတို့ထံမှ စိတ်စွမ်းအင်ကို လိုအပ်နေဆဲပင်။ 


ထို့အပြင် စိတ်စွမ်းအင် အစိုင်အခဲမှ ထောက်ပံ့ပေးသည့် စိတ်စွမ်းအင်မှာ သူ့ကို အသားတိုးမလာစေနိုင်ပေ။ 


သူသည် ကျန်းမာလိုသူ ဖြစ်ရာ လေကိုပဲ စားသုံးနေ၍ မရချေ။ ယခင်က သွေးလည်း အန်ထားဖူးသည့်အတွက် ခန္ဓာကိုယ်ကို ကျိန်းသေ အားပြန်ဖြည့်ရပေမည်။ 


တစ္ဆေဘုရင်က သူ့ထက်ပင် ပိုစားနေသူကို လက်မှိုင်ချ၍သာ ထိုင်ကြည့်နေလိုက်သည်။ 


နတ်ဘုရားအဆင့် တိုက်ခိုက်သူတစ်ယောက်ရဲ့ ... မျှော်လင့်ထားတဲ့အတိုင်းပါပဲလား ...


ပြီးတော့ ဒီသွမ့်ချန်ချင်းက ..ဒီလောက်အများကြီး စားထားတာတောင် ဗိုက်က လုံးဝ ဖောင်းမလာဘူး .. သူစားထားတဲ့ စားစရာတွေအကုန် ဘယ်ရောက်ကုန်တာလဲ ...


ထို့ထက်ပိုကာ ပြောစရာစကား မဲ့ဖွယ်ရာများ ရှိနေသေး၏။ စားသောက်ပြီးနောက် သွမ့်ချန်ချင်းသည် ပါးစပ်ကို သုတ်ကာ နောက်တစ်ကြိမ် ထပ်အိပ်လိုက်ပြန်သည်။ 


တစ္ဆေဘုရင်မှာ စကားပင် မဆိုနိုင်တော့။ 


ရှဲ့ယွင်နန်က ကြောင်အနေသူကို ကြည့်ကာ အခြေအနေကို နောက်တစ်ကြိမ် ထပ်ရှင်းပြလိုက်သည်။ 


“ဆရာ ... ချန်ချင်းရဲ့ ခန္ဓာကိုယ်က အရမ်းကို အားနည်းတော့ ကျွန်တော်တို့တွေနဲ့ နှိုင်းယှဉ်ကြည့်လို့ မရဘူးလေ ...”


“အင်း ...”


ဘယ်လိုလုပ် သွမ့်ချန်ချင်းနဲ့ နှိုင်းယှဉ်လို့ ရမှာလဲ သူ့လက်မောင်းတွေက အရမ်းကို ပိန်လှီနေပေမယ့် .. သူ့လက်သီးက သေလောက်အောင်ကို အားပြင်းတယ်ကွ ...


သူ့ကို အံ့အားအသင့်စေဆုံးမှာ သွမ့်ချန်ချင်း၏ လက်သီးထိုးချက် မဟုတ်။ 


အဆင့်မြင့် တိုက်ခိုက်ရေးသမားများအကြား တိုက်ပွဲမှာ အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်သော်ငြား ထိုအချိန်က သွမ့်ချန်ချင်းသည် သူ့ကို တစ်ချိန်လုံး ဖိနှိပ်ထားခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုမှာ သာမန်လူနှစ်ဦး ရန်ဖြစ်နေသည့်နှယ်ပင်။ 


“ဆရာ ... မနေ့က ဆရာ့ကို တကယ် ကျေးဇူးတင်ပါတယ် ...ပြီးတော့ ကျွန်တော့်ကို နေ့တိုင်း အသားတွေ ပေးနေစရာ မလိုပါဘူး ဒါတွေက အရမ်း တန်ဖိုးကြီးတယ်လေ ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


ဆရာက သူ့ကို အများကြီး ကူညီပေးနေတော့ ... အကူအညီတွေကိုပဲ လက်ခံနေရတာ နည်းနည်းတောင် ရှက်လာသလိုပဲ ...


ဒီအသားနည်းနည်းလေးက ဘာတန်ဖိုးကြီးလို့လဲ... ရှဲ့ယွင်နန်သာ သူတို့နဲ့အတူတူ နေခွင့်ရခဲ့မယ်ဆိုရင် မွေးကတည်းကနေ အရွယ်ရောက်တဲ့အထိ ဒီလိုအသားမျိုး အဆပေါင်း ထောင်သောင်းမက ပိုစားရမယ့်ဟာကို ...


“တကယ်တော့ မင်းကို အသားတွေ ပေးနေတာ အလကားမဟုတ်ဘူး ငါလည်း မင်းအကူအညီကို လိုအပ်လို့ ...”


“ဆရာ .. ကျွန်တော့်ဆီကနေ ဘာအကူအညီကို လိုအပ်တာပါလဲ ...”

တစ္ဆေဘုရင်က ပြောလိုက်သည်။ 


“မင်းတော့ မသိလောက်ဘူး ...မင်းက တိုက်ခိုက်သူ မဟုတ်ဘဲ ယဇ်ဆရာ ဖြစ်နေတယ် ... ငါက အရင်တုန်းက တိုက်ပွဲတစ်ခုမှာ ဒဏ်ရာရထားဖူးတော့ ယဇ်ဆရာတစ်ယောက် ကုသပေးတာကို လိုအပ်နေတယ်လေ ... မင်းကို အသားတွေ ပေးတယ်ဆိုတာကလည်း မင်း ပိုပြီး သန်မာလာပြီးတော့ ငါ့ဒဏ်ရာတွေကို ကုသပေးနိုင်ဖို့ပဲ ...”


“ကျွန်တော်က ယဇ်ဆရာလား ...”


ရှဲ့ယွင်နန်က အနည်းငယ် ရှုပ်ထွေးသွားသည်။ 


သူက ... အရမ်း အရမ်းကို တန်ဖိုးရှိတဲ့ ယဇ်ဆရာ ဖြစ်နေတာတဲ့လား ...


ဒါပေမယ့် အရင် ဆရာ့ဆီကနေ သင်ယူခဲ့တာတွေက ... တိုက်ခိုက်သူနဲ့ ပတ်သက်တာတွေပဲ မဟုတ်ဘူးလား ...


“မင်းက ယဇ်ဆရာပဲ ပြီးတော့ မနေ့ညကမှ နိုးထလာခဲ့တာ ...”


တစ္ဆေဘုရင်က ပြောလိုက်သည်။ သူက ရှဲ့ယွင်နန်ကို ဖုံးကွယ်ထားရန် တွေးခဲ့ဖူးသော်လည်း နောက်ဆုံးတွင် သားဖြစ်သူ အမြန်ဆုံး အင်အားကြီးထွားလာစေရန် အလို့ငှာ ပြောပြထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။ 


အခုဆို သားအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ပေးလို့ရပြီလေ ...


“ဒါဆို .. ဆရာ ကျွန်တော် ယဇ်ဆရာအစည်းအရုံးမှာ စာရင်းပေးဖို့ လိုသေးလား ...”


ဤကုန်းမြေတိုက်တွင် ယဇ်ဆရာအရေအတွက် အနည်းငယ်သာ ရှိသည့်တိုင် ယဇ်ဆရာအစည်းအရုံးကမူ နေရာတိုင်းတွင် ရှိပေသည်။ 


ဒဏ်ရာရနေသည့် တိုက်ခိုက်သူများကလည်း အစည်းအရုံးတွင် စာရင်းသွင်းကာ ကုသမှုအတွက် ငွေပေးချေနိုင်သည်။ ထို့အပြင် ယဇ်ဆရာများက ထိုမြို့များသို့ ရောက်လာပါလျှင် အစည်းအရုံးသည် ထို ရောက်လာသည့် ယဇ်ဆရာများကို စောင့်ရှောက်ရန်ပါ တာဝန်ရှိပေသည်။ 


“အခု မြင့်မြတ်တဲ့မြို့တော်က ကမောက်ကမတွေ ဖြစ်နေတာ ယဇ်ဆရာအကြီးအမှူးကလည်း တိုက်ခိုက်ခံရပြီး ပျောက်သွားတာ တော်တော်ကြာနေပြီ အဲဒါကြောင့် မင်း နိုးထလာတယ်ဆိုတာကို တစ်ခြားသူတွေကို ထုတ်မပြောတာ အကောင်းဆုံးပဲ ...”


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


ရှဲ့ယွင်နန်ကလည်း သူ ရထားသည့် မှတ်ဉာဏ်ထဲတွင် ယဇ်ဆရာအကြီးအမှူးနှင့် ပတ်သက်သည့် သတင်းတစ်ခု ရှိနေကြောင်း သတိရလိုက်သည်။ 


ထိုအချိန်က ဟုန်ယဲ့မြို့တော်ကို အံ့ဖွယ်သားရဲများ လာတိုက်ခိုက်ရခြင်းမှာ ထိုနေရာတွင် ယဇ်ဆရာအကြီးအကဲ သေဆုံးခဲ့သောကြောင့် ကောင်းကင်ဘုံက အပြစ်ပေးခြင်းဖြစ်သည်ဟူသော ကောလဟာလများလည်း ရှိခဲ့ဖူးသည်။ 


လတ်တလော၌ သူ့တွင် ခွန်အားဟူ၍ မရှိရာ အခြားသူများကသာ သူ့ကို ယဇ်ဆရာဖြစ်ကြောင်း သိသွားပါလျှင် ... တစ္ဆေဘုရင်က သူ့ကို ကျိန်းသေ လာသတ်ပေလိမ့်မည်။ 


ရှဲ့ယွင်နန်က စာရင်းပေးမည့်အကြံကို ချက်ခြင်း လက်လျော့လိုက်သည်။ 


အခြားသော အကြောင်းပြချက်များလည်း ရှိနေသေးပေသည်။ သူက အထက်တန်းလွှာများကို အဆိုးမြင်သကဲ့သို့ ယဇ်ဆရာများ အပေါ်တွင်လည်း ထပ်တူထပ်မျှပင် အဆိုးမြင်စိတ်များ ရှိနေပေသည်။ 


အခြားအရာများကို မဆိုထားနှင့်၊ ယခုနှစ်၏ ပထမနှစ်ဝက်အတွင်းတွင်ပင် ယဇ်ဆရာတစ်ဦး ထွက်ပေါ်လာခဲ့ကာ ထိုသူကို မတော်တဆ ရန်စခဲ့သူမှာ မသေမချင်း တစ်ဖြည်းဖြည်း သင်ခန်းစာ အပေးခံခဲ့ရသည်။ 


သို့သော် ယဇ်ဆရာကမူ ဘာမှ မဖြစ်ခဲ့။ 


သွမ့်ချန်ချင်း ကြုံတွေ့ခဲ့သည်များမှာလည်း ... မြင့်မြတ်မြို့တော်တွင် ယဇ်ဆရာများသည် လူအများ၏ လေးစားခြင်းကို ခံရရာ .. သွမ့်ချန်ချင်းကို အနိုင်ကျင့်ညှင်းပန်းခဲ့သူမှာလည်း ယဇ်ဆရာတစ်ဦးပင် ဖြစ်ပေလိမ့်မည်။ 

(သားအဖနှစ်ယောက်လုံး ကိုယ့်အတွေးနဲ့ကိုယ်တော့ ဟုတ်နေကြတာပဲ 🤣)


“ဒါဆို ဆရာ .. ကျွန်တော် အခုချက်ခြင်း ကုသပေးမယ်လေ ...”


သူက ချက်ခြင်း ပြောလိုက်သည်။ 


“အလောတကြီး မလုပ်နဲ့ မင်းကို ဘယ်လို လေ့ကျင့်ရမလဲဆိုတာ အရင် သင်ပေးမယ် ...”


ထို့နောက် တစ္ဆေဘုရင်က သူ့ကို သွမ့်ချန်ချင်း သင်ပေးထားသည့် ကျင့်ကြံရေးနည်းလမ်းကို ပြန်ပြောပြလိုက်သည်။ 


ရှဲ့ယွင်နန်က တစ်ခုကိုမှ နားမလည်လေရာ အံ့ဩတကြီး ပြန်မေးလိုက်သည်။ 


တစ္ဆေဘုရင် “.. ငါက ယဇ်ဆရာ မဟုတ်ဘူး အဲဒါကြောင့် ငါလည်း နားမလည်ဘူး ...”


ရှဲ့ယွင်နန် “...”


ကောင်းပြီလေ ဒါဆိုလည်း ကိုယ့်ဘာသာကိုယ် နားလည်အောင်ပဲ ကြိုးစားရတော့မှာပေါ့ ...


ရှဲ့ယွင်နန်က တစ္ဆေဘုရင် သင်ပေးသည့်အရာအများစုကို နားမလည်သော်ငြား သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ကို လေ့လာရန် ကြိုးပမ်းလိုက်သည့်အခါ အမှန်တကယ်ပင် ခံစားမိလာသည်။ 


တိုက်ခိုက်သူတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ဤကဲ့သို့သော စွမ်းအင်မျိုး မရှိ၊ ယဇ်ဆရာများကသာ ထိုကဲ့သို့သော စိတ်စွမ်းအင်ကို ပိုင်ဆိုင်နိုင်ပေသည်။ 


ထို့အပြင် သူ့ဆရာ၏ သင်ပြမှုအရ ထိုစိတ်စွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့ နည်းစနစ်ကျကျ လှည့်ပတ်စေပါလျှင် ထိုစိတ်စွမ်းအင်မှာ ပို၍ အားကောင်းလာမည်ဖြစ်သည်။ 


ရှဲ့ယွင်နန်က ထိုကဲ့သို့ ရှုပ်ထွေးလှသည့် လုပ်ရပ်မျိုးကို မလုပ်နိုင်လောက်ဟု တွေးလိုက်သည်။ 


သို့သော် သူ အနည်းငယ်မျှ ကြိုးစားရုံဖြင့်ပင် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်က အလိုလို လှည့်ပတ်လာ၏။ 


ဤသည်မှာ သူ့ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်များကို လမ်းပြပေးခဲ့သည့် သွမ့်ချန်ချင်း၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်ကြောင်းကိုမူ မသိချေ။ 


တစ္ဆေဘုရင်က အင်အားကြီးမားသည့်တိုင် ယဇ်ဆရာတို့၏ ကျင့်ကြံပုံကို နားမလည်သည့်အတွက် ထူးဆန်းသည်ဟု မခံစားရေပ။ မြင့်မြတ် မြို့တော်ရှိ ယဇ်ဆရာများမှာ ကျင့်ကြံခြင်း အလျဉ်းမရှိဟု ယူဆရသည့်တိုင် ...


မဟုတ်မှလွဲရော အဲဒီ့လူတွေက အရမ်းကို ပျင်းရိကြလွန်းလို့များလား ...


ရှဲ့ယွင်နန်ကို သင်ကြားပေးမှုအပြီးတွင် တစ္ဆေဘုရင်သည် သက်ပြင်းချကာ သူ့အခန်းထဲသို့ ပြန်၍ အနည်းငယ် အိပ်စက်ရန် ပြင်လိုက်သည်။ 


သူ့သရုပ်မှန် ဖော်ထုတ်ခံရကာ ရှဲ့ယွင်နန်မှာလည်း ပစ်မှတ်ထားခြင်း ခံနေရသည့်အတွက် ... လတ်တလောတွင် ရှဲ့ယွင်နန်ကို တစ်ယောက်တည်း ထားခဲ့ရန် အစီအစဉ် မရှိပေ။ 


သူ သွားအိပ်နေစဉ် ရှဲ့ယွင်နန်က တစ်ဖက်အခန်းရှိ သွမ့်ချန်ချင်းကို သွားရှာလိုက်သည်။ 


အိပ်ယာပေါ် လှဲနေသည့် သွမ့်ချန်ချင်းမှာ အနည်းငယ် အားနည်းနေသေးသည့်ဟန်ပင်။ ရှဲ့ယွင်နန်က တစ်ခဏမျှ တွေးပြီးနောက် ကုတင်ပေါ်တက်ကာ သူ့ဘေးတွင် ဝင်လှဲလိုက်သည်။ 


သူက သွမ့်ချန်ချင်းကို ပွေ့ဖက်ကာ နမ်းလိုက်သည်။ 


“ချန်ချင်း ကိုယ့်မှာ မင်းအတွက် သတင်းကောင်းရှိတယ် ...”


“ဘာသတင်းလဲ...”


သွမ့်ချန်ချင်းက ပြန်မေးလိုက်သည်။


“ကိုယ်က ယဇ်ဆရာတစ်ယောက် ဖြစ်နေတာတဲ့ ... ဘယ်သူ့ကိုမှ မပြောနဲ့နော် ...”


ရှဲ့ယွင်နန်သည် မူလက သူ ယဇ်ဆရာအဖြစ် နိုးထလာသည့်အကြောင်းကို ဖုံးကွယ်ထားရန် စဉ်းစားခဲ့သော်ငြား ...


သွမ့်ချန်ချင်းကလည်း ရှဲ့ယွင်နန်က သူ့ကို ပြောပြလိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သည်။ 


ယခုလက်ရှိတွင် သူသည် အလွန်အားနည်းသူတစ်ဦး ဖြစ်နေသည့်အပြင် ရှဲ့ယွင်နန်နှင့်လည်း အလွန် စိမ်းသက်နေဆဲ ဖြစ်သည့်အတွက် ...


သို့သော် ရှဲ့ယွင်နန်က သူ့ကို

ဖုံးကွယ်မထား၊ အကုန်အစင် ပြောပြခဲ့သည်။ 


ထို့ကြောင့် သွမ့်ချန်ချင်း၏ နှလုံးခုန်သံတို့ အဆမတန် မြန်ဆန်လာ၏။ 


“ဘာလို့ ကျွန်တော့်ကို ပြောပြရတာလဲ ...”


ရှဲ့ယွင်နန်က ပြုံးပြလိုက်သည်။ 


“ဘာလို့ဆို မင်းက ကိုယ့်ရဲ့ လက်တွဲဖော်လေ ...”