Chapter 39
ယုံကြည်မှုကို ရရှိခြင်းမှာ လှပသည့် အရာတစ်ခုပင်။
သွမ့်ချန်ချင်း၏ နှလုံးသားတစ်ခုလုံး နွေးထွေးသွားကာ ရှဲ့ယွင်နန်ကို အားလုံး ဝန်ခံလိုက်လိုစိတ်များ ဖြစ်ပေါ်လာတော့သည်။
ရလဒ်အနေဖြင့် ရှဲ့ယွင်နန်က ချက်ခြင်း သူ့ကို ပွေ့ဖက်ကာ နမ်းလိုက်၏။
“ချန်ချင်း ကိုယ် အရမ်းပျော်တာပဲ ...”
ရှဲ့ယွင်နန်က အမှန်တကယ်ကို လွန်စွာ ပျော်ရွှင်နေခြင်းဖြစ်သည်။ သူသည် သူ့မှတ်ဉာဏ်ထဲက ဖြစ်ရပ်များကဲ့သို့ ကြုံတွေ့လာရမည်ကို စိုးကြောက်ခဲ့ဖူး၏။ ထိုသို့သာ ဖြစ်လာခဲ့ပါလျှင် သူ့ကိုယ်သူပင် ကာကွယ်ရန် အင်အားမရှိသည့် အလျောက် အံ့ဖွယ်သားရဲတို့၏ သတ်ဖြတ်စားသောက်ခြင်းကို ခံရကာ ဘဝကို အဆုံးသတ်ရမည် ဖြစ်သည်။
မနေ့ညက သွမ့်ချန်ချင်း ပြန်ပေးဆွဲခံလိုက်ရကြောင်း သိရသည့်အခါ ပို၍ပင် စိတ်လေးလံသွားရတော့သည်။
ယခုမှသာ လေးလံနေသော သူ့နှလုံးသားတစ်ခုလုံး ပြန်လည်တည်ငြိမ်လာတော့၏။
သူ ယဇ်ဆရာအဖြစ် နိုးထလာသည့် သတင်းအား သွမ့်ချန်ချင်းကို မျှဝေခြင်းမှာ သွမ့်ချန်ချင်းအနေဖြင့် စိတ်အေးသွားစေလို၍လည်း ဖြစ်သည်။
သူက သွမ့်ချန်ချင်းကို ပွေ့ဖက်ကာ နောက်ထပ် ပါးတစ်ဖက်ကိုပါ နမ်းရှိုက်လိုက်သည်။
“ချန်ချင်း စိတ်မပူနဲ့တော့ အနာဂတ်မှာ မင်း ဘယ်လောက်ပဲ စားနိုင်စားနိုင် ကိုယ် မင်းကို အပြည့်အဝ ကျွေးမွေးထောက်ပံ့နိုင်တော့မှာ ...”
သူက ယဇ်ဆရာတစ်ဦး ဖြစ်လာရာ သူ့လက်ထဲတွင် မည်မျှပင် ငွေကြေးပြတ်လပ်နေပါစေ ဆရာဖြစ်သူ ပို့ပေးသည့် အသားများကို စိတ်အေးသက်သာစွာဖြင့် စားသုံးနိုင်တော့မည် ဖြစ်သည်။
သွမ့်ချန်ချင်းကလည်း သူ့ကို ရှဲ့ယွင်နန်က ရုတ်တရက်ကြီး ထနမ်းလိမ့်မည်ဟု ထင်မထားရာ အနည်းငယ် ကြောင်အသွားတော့သည်။
ရှဲ့ယွင်နန်က ကြောင်အနေသူကို နောက်တစ်ကြိမ် ပွေ့ဖက်လိုက်ပြန်၏။
“ချန်ချင်း မင်းကို အရမ်းသဘောကျတာပဲ ဘာလို့များ ဒီလောက် ချစ်ဖို့ကောင်းနေရတာလဲ ... ဟင် ...”
ရှဲ့ယွင်နန်က ထိုစကားများအား ရှောင်ပိုင်ကို ပြောလေ့ရှိခဲ့ဖူးသော်ငြား ယခုမူ ... ချစ်စရာကောင်းသည့် နေရာ၌ သွမ့်ချန်ချင်းသည် ရှောင်ပိုင်ကို လုံးဝ ရှုုံးနိမ့်မည်မဟုတ်ဟု ခံစားမိလာသည်။
ထို့နောက် သွမ့်ချန်ချင်း၏ နဖူးကို ထပ်နမ်းလိုက်ပြန်၏။
အသားယူခြင်း ခံလိုက်ရသည့် သွမ့်ချန်ချင်း “...”
ဒါက တကယ်ကြီးကို မျှော်လင့်မထားမိတာမျိုးနော် ...
ရှဲ့ယွင်နန်၏ အသားယူ နမ်းရှိုက်ခြင်းကို သုံးကြိမ်တိုင် ခံလိုက်ရသည့် သွမ့်ချန်ချင်းမှာ သူ ပြောရန် ကြံစည်ထားသည်များကို မေ့လျော့သွားကာ နောက်ထပ် ဝန်ခံရန်ပင် မဝံ့ရဲတော့ချေ။
ရှဲ့ယွင်နန်က သူ့ကို တကယ်ကို စိတ်ပါလက်ပါ ပြုစုပျိုးထောင်ပေးချင်နေတာပဲ ...
သူသာ အခုအချိန်မှာ ဝန်ခံလိုက်မိရင် ရှဲ့ယွင်နန်က အရင်က ထိခိုက်ထားတဲ့ ဒဏ်ရာတွေနဲ့ မှတ်ဉာဏ်ပျောက်တာတွေ အားလုံးက လိမ်နေတာလို့ ထင်သွားပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ကွာရှင်းမှာ သေချာတယ် ...
သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်တို့၏ ဆက်ဆံရေးမှာ နွေးထွေးနူးညံ့ကာ ထက်သန်နှစ်လိုမှုတို့ဖြင့် ပြည့်ဝနေစဉ် မြင့်မြတ်မြို့တော်မှ ထွက်ခွါလာသည့် ယာဉ်တန်းသည်လည်း ဟုန်ယဲ့မြို့တော်သို့ ရောက်ရှိလာသည်။
အများဆုံး လေးစားခံရသည့် ခရီးသည်နှစ်ဦးမှာ ယဇ်ဆရာနှစ်ဦးမှအပ မည်သူမှ မရှိနိုင်ချေ။
ယဇ်ဆရာအများစုမှာ မြင့်မြတ်မြို့တော်တွင်သာ နေထိုင်ကြကာ ပျောက်ဆုံးနေသည့် ယဇ်ဆရာအကြီးအကဲမှအပ စီနီယာအဆင့် ယဇ်ဆရာ ၂ ဦး၊ အလယ်အလတ်အဆင့် ယဇ်ဆရာ ၁၁ ဦး ရှိကြပြီး ကျန်ယဇ်ဆရာများမှာမူ ဂျူနီယာအဆင့်များသာ ဖြစ်ကြသည်။
မြင့်မြတ်မြို့တော်မှ ရောက်လာသည့် ယဇ်ဆရာနှစ်ဦးလုံးမှာ အဆင့်မြင့် တိုက်ခိုက်သူများကိုပင် ကုသပေးနိုင်သည့် အလယ်အလတ်အဆင့် ယဇ်ဆရာများ ဖြစ်ကြကာ ဟုန်ယဲ့မြို့တော် မဆိုထားနှင့်၊ မြင့်မြတ် မြို့တော်တွင်ပင် သူတို့၏ အဆင့်အတန်းမှာ မြင့်မားလှပေသည်။
ဒုတိယအချက်အနေဖြင့် သူတို့နှစ်ဦးကို လိုက်လံစောင့်ရှောက်ပေးရန် နဝမအဆင့် တိုက်ခိုက်သူနှစ်ဦးလည်း တစ်ပါတည်း ပါရှိလာ၏။
ထို့အပြင် မြင့်မြတ်မြို့တော်ရှိ အထက်တန်းလွှာ မိသားစုကြီးများမှ လူငယ်မျိုးဆက်သစ်များလည်း ပါရှိသေးသည်။ ထိုသူများမှာ ပြင်ပလောကအကြောင်း လေ့လာရန် ဟုန်ယဲ့မြို့တော်သို့ လိုက်ပါလာကြခြင်း ဖြစ်သည်။
ထိုအုပ်စုအနက် မျက်စိအဖမ်းစားနိုင်ဆုံးမှာ မြင့်မြတ် မြို့တော်ရှိ လုမိသားစု၏ သခင်လေး လုရှောင်ရန်ပင် ဖြစ်ပေသည်။
လုမိသားစုဝင် အများစု၏ အဖော်သားရဲများမှာ ဝံပုလွေများ ဖြစ်ကြကာ လက်ရှိ လုမိသားစုခေါင်းဆောင် အမျိုးသမီး၏ အဖော်သားရဲမှာလည်း အဖြူရောင်ဝံပုလွေတစ်ကောင် ဖြစ်ပေသည်။
လုရှောင်ရန်၏ အဖော်သားရဲ စတင် ထွက်ပေါ်လာစဉ်က အားလုံးသည် သူ့အဖော်သားရဲမှာလည်း ဝံပုလွေတစ်ကောင်ပင် ဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြသော်ငြား နောက်ပိုင်းတွင် ... ၎င်းသည် အမှန်တကယ်ပင် ခွေးတစ်ကောင် ဖြစ်နေကြောင်း သိလိုက်ရ၏။
သို့သော် အဖော်သားရဲ အမျိုးအစားက လုရှောင်ရန်၏ တိုက်ခိုက်နိုင်စွမ်းအပေါ် မည်သို့မှ သက်ရောက်ခြင်း မရှိခဲ့။
လုရှောင်ရန်သည် ငယ်စဉ်ကတည်းက တိုက်ခိုက်ခြင်းကို နှစ်သက်ခဲ့သူ ဖြစ်သည်။ အခြားသူများက ကျောင်းသို့ သွားကာ အံ့ဖွယ်သားရဲများအကြောင်း သင်ယူနေစဉ် သူက အပြင်ထွက်ကာ အံ့ဖွယ်သားရဲများနှင့် တိုက်ခိုက်နှင့်နေပြီ ဖြစ်သည်။
ထို့ကြောင့် အသက် ၂၇ နှစ်သာ ရှိသေးသည့်တိုင် ဆဌမအဆင့် တိုက်ခိုက်ရေးသမား ဖြစ်နှင့်နေပြီဖြစ်သည်။ အနည်းငယ်သာ ထပ်မံ အားစိုက်ထုတ်လိုက်ပါလျှင် ချက်ခြင်း စီနီယာတိုက်ခိုက်ရေးသမား ဖြစ်လာမည် ဖြစ်သည်။
ထိုအကြောင်းကြောင့်သာမက လုမိသားစုခေါင်းဆောင်တွင် သားသမီးမရှိရာ လုရှောင်ရန်ကို လုမိသားစု ဆက်ခံသူအဖြစ် ပျိုးထောင်ခဲ့သည့်အတွက် ငယ်စဉ်ကတည်းက သူ သင်ယူခဲ့ရသည့် ပညာရေးမှာ ဟုန်ယဲ့မြို့တော်သို့ သူနှင့်အတူ လိုက်ပါလာသည့် အခြားသခင်လေးများနှင့် ကွာခြားပေသည်။
ထိုအကြောင်းများကြောင့် သခင်လေးအုပ်စုတစ်စုလုံးက သူ့ကို “လုကော”ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
အားလုံးက သူနှင့် ရင်းနှီးလိုကြသော်ငြား ကံမကောင်းစွာဖြင့် လုရှောင်ရန်သည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ အဆက်အဆံ မလုပ်ဘဲ နေလိုသူ ဖြစ်နေပေသည်။
အခြားသူများက အမဲလိုက်ထွက်ရာတွင် အဖော်အပေါင်း၊ အစောင့်အကြပ်များနှင့် အမဲလိုက်ထွက်လေ့ ရှိကြသော်လည်း လုရှောင်ရန်ကမူ .. ထာဝစဉ် တစ်ကိုယ်တည်းသာ အမဲလိုက်လေ့ရှိ၏။
သို့သော် ထိုသို့ တစ်ကိုယ်တည်း အမဲလိုက်ခြင်းကပင်လျှင် လုရှောင်ရန်၏ သန်မာမှုကို မီးမောင်းထိုးပြနေပေသည်။
“ဟုန်ယဲ့မြို့တော်” ဟု ရေးထိုးထားသည့် ကျောက်ပြားကို ခပ်လှမ်းလှမ်းမှ လှမ်းမြင်လိုက်ရသည့်အခါ ၁၇/၁၈ နှစ်အရွယ် လူငယ်လေးတစ်ဦးက သူ့ကို လှမ်းကြည့်လိုက်သည်။
“လုကော ဟုန်ယဲ့မြို့တော်ကို ရောက်တော့မယ် ...”
“အင်း ...”
လုရှောင်ရန်က အရေးမစိုက်စွာဖြင့် ပြန်ဖြေလိုက်သည်။.
လုရှောင်ရန်၏ အကျင့်စရိုက်ကို အသားကျနေသူတစ်ဦးက ထပ်မေးလိုက်သည်။
“လုကော ဟုန်ယဲ့မြို့တော်မှာ ဘာလာလုပ်တာလဲ ...”
ထိုသူများသည် ပုံမှန်အားဖြင့် ဝေးလံသည့် ခရီးများကို မသွားရဲပေ။ ကြောက်မက်ဖွယ်ကောင်းသည့် အံ့ဖွယ်သားရဲများ သို့မဟုတ် တစ္ဆေဘုရင်ကဲ့သို့သော အလိုရှိ ရာဇဝတ်ကောင်များနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်ရ၍ ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ သူတို့အဖွဲ့ထဲ၌ နဝမအဆင့် တိုက်ခိုက်ရေးသမားနှစ်ဦးလည်း ပါရှိလာရာ ... ဤမျှ ကြီးမားသော အင်အားစုကို တစ္ဆေဘုရင်ပင် ပြဿနာ လာရှာရဲမည် မဟုတ်။ ထို့ကြောင့် သူတို့၏ မိဘများက လိုက်ပါရန် သဘောတူခဲ့ကြခြင်း ဖြစ်ပေသည်။
သို့သော် လုရှောင်ရန်မှာမူ မတူညီချေ။ သူသည် မကြာခဏ တစ်ကိုယ်တည်း အမဲလိုက်ထွက်တတ်သူ ဖြစ်ပေသည်။
ဒါဆို သူက သူတို့နဲ့အတူတူ ဘာလိုက်လုပ်တာလဲ ....
“လမ်းလျှောက်ထွက်ရုံတင် ...”
သူက မျက်ခုံးနှစ်ဖက်ကို စုတွန့်ကာ ဘေးနားတွင် ရပ်နေသူများကို စိုက်ကြည့်လိုက်ကြသည်။
လုရှောင်ရှန် မျက်မှောင်ကြုတ်သည်ကို မြင်လိုက်သည့်အခါ သူ့ကို မေးခွန်းနှစ်ခု မေးမိသူမှာ ထိတ်လန့်သွားတော့သည်။
လုရှောင်ရန်ရဲ့ ဒီလိုပုံစံက ... သူ စိတ်မကြည်တော့တာတော့ မဟုတ်လောက်ပါဘူးနော် ...
ဒီလို ဖြစ်လာမယ်မှန်းသာ သိရင် မေးခွန်းတွေ အများကြီး မမေးလိုက်ပါဘူး ...
“လမ်းလျှောက်ဖို့လား ... လုကော ဒါဆိုလည်း အချိန်ကောင်းလေး ပိုင်ဆိုင်နိုင်ပါစေ ...”
ထိုသူက ပြုံးကာ ပြောလိုက်ပြီးနောက် ချက်ခြင်း လုရှောင်ရန်ထံမှ အကြည့်လွှဲလိုက်သည်။
လုရှောင်ရန် “...”
ဒီကောင်က ဘာလို့ ချက်ခြင်း စကားစ ဖြတ်သွားရတာလဲ ...
အခြားသူများက အုပ်စုလိုက် စကားပြောနေကြသည်ကို တွေ့လိုက်သည့်အခါ လုရှောင်ရန်လည်း တိတ်တိတ်လေးသာ ထွက်လာလိုက်သည်။
စကားပြောနေသူများ “...”
လုကောကို ကြည့်ရတာ နည်းနည်းလေး ခက်ထန်နေသလိုပဲနော် ... ငါတို့တွေ စကားပြောတာ ကောင်းကောင်း မပြောမိလို့များလား ...
ထို့နောက် ချက်ခြင်း စကားလမ်းကြောင်း ပြောင်းလိုက်ကြသည်။
“ငါကြားတာတော့ ဟုန်ယဲ့တောအုပ်ထဲမှာ အင်အားကြီး အံ့ဖွယ်သားရဲတွေမှ အများကြီးပဲတဲ့ ..."
“ဟုန်ယဲ့တောအုပ် မြေပုံကို ကြည့်ပြီး အဲဒီ့ထဲက အံ့ဖွယ်သားရဲတွေအကြောင်း နည်းနည်းလောက် လေ့လာကြည့်ကြရအောင်လေ ...”
“အခြေကျတဲ့အထိ စောင့်ဦး ပြီးမှ ငါတို့တွေ အတူတူ အမဲလိုက်ထွက်ကြတာပေါ့ ...”
...
လုရှောင်ရန် “...”
ဟေး မင်းတို့တွေ အတင်းအဖျင်းတွေကို ဘာလို့ ဆက်မပြောတော့တာလဲ ...
ထိုသူများက တစ်ခဏမျှ ဆွေးနွေးကြပြီးနောက် သူ့ကို ဆက်မေးလိုက်သည်။
“လုကော ကျွန်တော်တို့တွေ ဟုန်ယဲ့တောအုပ်ထဲမှာ အမဲလိုက် ထွက်ကြမလို့ ကောရော လိုက်ဦးမလား ...”
လုရှောင်ရန်က သဘောတူလိုခဲ့သော်ငြား ရန်သူလား မိတ်ဆွေလား မခွဲခြားတတ်သည့် သူ၏ အဖော်သားရဲအရူးကောင်အကြောင်းနှင့် မိဘများ၏ အရေးတကြီး မှာကြားချက်များကြောင့် ... ချက်ခြင်း ငြင်းဆန်လိုက်ရသည်။
“မလိုက်ဘူး ငါ တစ်ယောက်တည်းပဲ သွားမှာ ...”
အခြားသူများ “လုကောကတော့ တကယ်ကို လုကောပါပဲ ...”
“လုကော .. အစ်ကိုကြီးက အသန်မာဆုံးပဲ ...”
“လုကော တကယ်လို့ အံ့ဖွယ်သားရဲတွေ ဖမ်းမိလာရင် ကျွန်တော့်ကို ပြန်ရောင်းပေးနော် ...”
....
တစ်ယောက်တစ်ပေါက် ပြောနေကြစဉ် မလှမ်းမကမ်းမှ လူအုပ်တစ်အုပ်၏ စကားသံကို ကြားလိုက်ရသည်။
“ ဟုန်ယဲ့မြို့တော်ကနေ လူကြီးမင်းတို့ အားလုံးကို ကြိုဆိုပါတယ် ...”
ထိုသူများမှာ သူတို့ကို လာကြိုရန် ဟုန်ယဲ့မြို့တော်မှ ရောက်လာကြသူများ ဖြစ်ပေသည်။
လာရောက်ကြိုဆိုကြသူများအနက် လျောင်မုယဲ့လည်း ပါဝင်၏။
သူသည် လျောင်မိသားစု၏ ဆက်ခံသူ ဖြစ်သည့်တိုင် ဤသို့သော အခမ်းအနားမျိုးမှာ သူ့မျက်နှာကို ထုတ်ပြသင့်သည့် နေရာမျိုး မဟုတ်။ အဘိုးဖြစ်သူ၏ နောက်မှ လိုက်ကာသာ မြင့်မြတ်သည့် မြို့တော်မှ ရောက်လာသူများကို တစ်ယောက်မကျန် အကဲခတ်နေလိုက်သည်။
တစ္ဆေဘုရင်၏ ပြန်လည်မွေးဖွားလာမှုကြောင့် အချို့သော ကိစ္စရပ်များတွင် ပြောင်းလဲသွားသော်လည်း မြင့်မြတ် မြို့တော်မှ လူများကမူ သူ့မှတ်ဉာဏ်ထဲကအတိုင်း ရောက်လာကြဆဲပင်။
အတိတ်ဘဝက သူသည် ထို မြင့်မြတ်သည့် ယဇ်ဆရာနှစ်ဦးနှင့် များစွာ ဆက်ဆံပြောဆိုခဲ့ရခြင်း မရှိခဲ့ပေ။ နောက်ပိုင်း၌ ထိုသူနှစ်ဦးသည် ဟုန်ယဲ့တောအုပ်ထဲ၌ မတော်တဆ ဖြစ်သွားခဲ့သည်။
အခြားသူများမှာမူ ...
အတိတ်ဘဝက ထိုသူများ ရောက်လာပြီးနောက် ဟုန်ယဲ့မြို့တော်သည် ပို၍ပင် ကမောက်ကမ ဖြစ်လာကာ အမျိုးမျိုးသော အံ့ဖွယ်သားရဲတို့၏ ဝိုင်းအုံတိုက်ခိုက်ခြင်းကိုပါ ခံခဲ့ရသည်။ ထိုသူများက ဟုန်ယဲ့မြို့တော်တွင် ခေါင်းမာမာဖြင့် ဆက်နေခဲ့သည့်အတွက် သူသည် ထိုသူများနှင့် များစွာ ဆက်ဆံပြောဆိုခဲ့ရသည်။
ထိုသူများအနက် သူ မနှစ်မြို့ဆုံးသူမှာ လုရှောင်ရန်ပင် ဖြစ်ပေသည်။
လုရှောင်ရန်သည် သူ့ခွန်အားကို ဗဟိုထားကာ အခြားသူများကို အထင်သေးလေ့ရှိပြီး လျောင်မုယဲ့ကိုလည်း အမြဲ အထင်အမြင်သေးခဲ့သည်။
သို့သော် နောက်ပိုင်းတွင် လုရှောင်ရန်သည်လည်း ... လုံးဝ အခြေအနေ မကောင်းခဲ့။
အတိတ်ဘဝက သူမှတစ်ဆင့် ရှဲ့ယွင်နန်နှင့် လုရှောင်ရန်တို့ တွေ့ဆုံကြပြီးနောက် ... မည်သည့်နည်းလမ်းကို သုံးလိုက်သည်မသိ၊ လုရှောင်ရန်သည် ရှဲ့ယွင်နန်ကို ချစ်မိသွားကာ ထိုသူ၏ စကားများကို တစ်သွေမတိမ်း လိုက်နာတော့သည်။
နောက်ပိုင်းတွင် ရှဲ့ယွင်နန်က သူ့အင်အားစုများကို စုစည်းကာ မြင့်မြတ်မြို့တော်ကို တိုက်ခိုက်ချိန်၌ လုရှောင်ယန်သည် သူ့ကို ကယ်တင်ရန်အလို့ငှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ရှဲ့ယွင်နန်ကို အလိုလိုက် အကြိုက်ဆောင်ပေးရန် မလွယ်ကူသည်မှာ နှမြောဖွယ်ရာပင်။ လုရှောင်ရန်က သူ့အတွက် များစွာ ပေးဆပ်ခဲ့သည့်တိုင် သူက လုရှောင်ရန်၏ ချစ်ခွင့်ပန်မှုကို လက်မခံခဲ့ပေ။
အဆုံးတွင် လုရှောင်ရန်သည် ဝမ်းနည်းပူဆွေးစွာဖြင့် ရှချင်ဟူသော အမျိုးသမီးကို လက်ထပ်ကာသာ လုမိသားစုကို ဆက်ခံလိုက်ရတော့သည်။
စင်စစ်အားဖြင့် လုရှောင်ရန် လုမိသားစုခေါင်းဆောင် ဖြစ်သွားခြင်းမှာ ဆိုးဝါးသည်ဟု မဆိုသာ။ သို့သော် ရှဲ့ယွင်နန်က လုမိသားစုကို ရုတ်တရက် စတင်တိုက်ခိုက်ခဲ့သည်။
လုရှောင်ရန်သည် ရှဲ့ယွင်နန်ကို နက်နက်ရှိုင်းရှိုင်း ချစ်မိနေသူဖြစ်ရာ အိမ်ထောင်ပြုပြီး သားသမီးများ ထွန်းကားပြီးသည့်တိုင် လုမိသားစုတစ်ခုလုံးနှင့် အခွင့်အာဏာအားလုံးကို ရှဲ့ယွင်နန်၏ လက်ထဲသို့ ထည့်ကာ အရာအားလုံးကို အသစ်မှ ပြန်စရန် ပထမဆုံး သဘောတူခဲ့သူလည်း ဖြစ်ပေသည်။
ထို့နောက်တွင် လုရှောင်ယန်သည် လုမိသားစု၏ ခေါင်းဆောင်အဖြစ် ဆက်ရှိနေသေးသည့်တိုင် ထိုမျှ အင်အားမရှိတော့။
လုရှောင်ယန်ရဲ့ ကလေးတွေကတော့ ... သူတို့အဖေကို မုန်းနေကြမလားတောင် မသိဘူး ...
လျောင်မုယဲ့က ထိုသို့တွေးကာ လုရှောင်ယန်ကို သနားသည့် အကြည့်တို့ဖြင့် ကြည့်လိုက်သည်။
မူလက စိတ်ပျံ့လွင့်နေသည့် လုရှောင်ယန်မှာ တစ်ခုခုကို ခံစားမိသွားသည့်ဟန်။ မျက်မှောင်ကို ကြုတ်လျက် လျောင်မုယဲ့ရှိရာဘက်သို့ စိုက်ကြည့်လိုက်သော်ငြား မည်သည့် မူမမှန်မှုကိုမှ မတွေ့ရ။
အခြားနေရာများသို့သာ ဆက်ပြီး ငေးကြည့်နေလိုက်သည်။
သူသည် အဒေါ်ဖြစ်သူ လုမိသားစု၏ ခေါင်းဆောင်ကြောင့် ဟုန်ယဲ့မြို့တော်သို့ လိုက်လာရခြင်း ဖြစ်သည်။
ဤနေရာသို့ မလာမီ အဒေါ်က သူ့ကို လျှို့ဝှက်ချက် အကြီးကြီးတစ်ခု ပြောခဲ့၏။
မြင့်မြတ်မြို့တော်ရှိ ကလေးများကို မျက်ရည် ပိုးပိုးပေါက်ပေါက် ကျအောင်ပင် ခြောက်လှန့်နိုင်သည့် ကြောက်မက်ဖွယ် S အဆင့် အလိုရှိ ရာဇဝတ်ကောင် တစ္ဆေဘုရင်မှာ “စောစောစီးစီး သေသွားခဲ့ရသည့် သူ့ဦးလေး” ဖြစ်နေပေသသည်။
ဦးလေးဖြစ်သူ၏ အခြေစိုက်စခန်းတစ်ခုမှာ ဟုန်ယဲ့မြို့တော်ဘေးတွင် ရှိနေသည်ဟုလည်း သိရ၏။ ဤတစ်ကြိမ်တွင် ယဇ်ဆရာနှစ်ဦး ဟုန်ယဲ့မြို့တော်သို့ လာရောက်ရခြင်း၏ ရည်ရွယ်ချက်ထဲတွင် ဦးလေးဖြစ်သူကို ဖမ်းဆီးရန်လည်း ပါဝင်ရာ သူ့အဒေါ်က ဦးလေး မသေဆုံးအောင် ကာကွယ်ပေးရန် အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။
အဒေါ်ဖြစ်သူနှင့် စကားမပြောမီ သူ့အဖော်သားရဲကို အပြင်သို့ ထုတ်ခဲ့မိသည်။
သူ့အဖော်သားရဲက တစ်အိမ်လုံးအနှံ့ ပြေးလွှားကာ မျက်နှာကြတ်ပေါ်ပင် ခုန်တက်လိုက်သေးသည်။ များမကြာမီ အောက်သို့ ပြန်ပြုတ်ကျလာ၏။
သို့သော် သူ့အဒေါ် စကားပြောပြီးသွားသည့်အခါ .. ထိုအဖော်သားရဲက ကိုယ်ကို ဘောလုံးတစ်လုံးနှယ် ကွေးထားလျက် တဆတ်ဆတ် တုန်နေ၏။ အပေါ့များ ထွက်ကျလာမည်ကို ကြောက်နေသည့်နှယ် အမြီးကိုပါ တင်ပါးနှစ်ဖက်ကြား ညှပ်ထားလိုက်သေးသည်။
တကယ်ကို မျက်နှာပျက်စရာပဲ ...
သူ့အမူအယာမှာ အဖော်သားရဲနှင့် အနည်းငယ်ပင် တူမနေ၍သာ တော်သေးသည်။ ထိုသတင်းကို ကြားရသည့်တိုင် သူ့အမူအယာမှာ ပြောင်းလဲမသွား၊ အဖော်သားရဲအနားသို့ လျှောက်သွားကာ ၎င်းကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်လိုက်သည်။
အဖော်သားရဲတွေက ပိုင်ရှင်ရဲ့ ခံစားချက်ကို ကိုယ်စားပြုတယ်တဲ့လား ... ပေါက်ကရတွေ ...
သူကဖြင့် သူ့အဖော်သားရဲနဲ့ နည်းနည်းလေးတောင် တူမနေပါဘူးနော် ...
သူက အဖော်သားရဲလိုလည်း သတ္တိမကြောင်ဘူး ပြီးတော့ ဉာဏ်ပညာကြီးလို့၊ ကိုယ်ခံပညာမှာ ကျွမ်းကျင်လို့ဆိုပြီး လူထောင်ပေါင်းများစွာရဲ့ စံပြပုဂ္ဂိုလ်တောင် ဖြစ်ထားတဲ့သူပါ ...
ဒါပေမယ့် ဦးလေးက ... မှတ်မိသေးတယ် ငယ်ငယ်ကဆို အချိန်တော်တော်များများကို ဦးလေးနဲ့အတူ နေခဲ့ရတာ ... သူနဲ့ ကစားရတိုင်း အကြောင်းပြချက် မရှိဘဲ ရူးမိုက်တဲ့ ကိစ္စတွေ လုပ်ခဲ့မိတာလေ ... ဦးလေးက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ ...
အခု သူက ပိုပြီး ကြောက်စရာကောင်းလာတဲ့အပြင် S အဆင့် အလိုရှိ ရာဇဝတ်ကောင် ဖြစ်နေပြီလို့တော့ ထင်ကို ထင်မထားဘူး ...
ပြီးတော့ တစ္ဆေဘုရင်လေ ... သူက တစ္ဆေဘုရင်တဲ့ ...
အိုက်ယား ဦးလေးကဖြင့် သူ့အကူအညီကို လိုမယ်လို့တောင် မထင်ပါဘူးနော် ...
ဦးလေးကို ကူညီရမှာနဲ့စာရင် မိန်းမလှလေးတစ်ယောက်နဲ့ တွေ့ပြီးပဲ ချစ်ကြိုက်လိုက်ချင်တယ် ... သူ့အသ
က် ဒီလောက် ကြီးနေတာကိုတောင် အခုထိ တစ်ခါမှ ရည်းစား မထားဖူးသေးဘူး ...
ဘဝက အရမ်းကို သနားစရာကောင်းတာပဲ ...
အဖြူရောင်ကို ဝတ်ဆင်ထားသည့် အေးစက်ခက်ထန်လှသော လုရှောင်ရန်သည် လူအုပ်ကြားထဲတွင် အသံတိတ် ရပ်နေကာ အတွေးတို့ကို နယ်ချဲ့နေပေသည်။