အပိုင်း ၄၀
Viewers 7k

Chapter 40




သွမ့်ချန်ချင်းက ရှဲ့ယွင်နန်မှာ ယဇ်ဆရာအဖြစ် နိုးထလာပြီးနောက်ပိုင်း ပိုမို တက်ကြွလာကြောင်း သတိပြုမိလိုက်သည်။ 


အရှင်းလင်းဆုံး ခြားနားချက်မှာ ရှဲ့ယွင်နန်၏ နမ်းရှိုက်ခြင်းကို ခံရပြီးနောက် သူ့နှုတ်ခမ်းများမှာ ပျားရည်ဖြင့် သုတ်လိမ်းခံထားရသည့်နှယ် ချိုမြိန်လာခြင်း ဖြစ်သည်။


“ချန်ချင်း မင်းက ပိုပိုပြီးကို ခန့်ညားလာသလိုပဲ ..."


“ချန်ချင်း .. ငါ မင်းကို မြင်ကတည်းက သဘောကျခဲ့တာ ...”


သွမ့်ချန်ချင်း “...”


ရှဲ့ယွင်နန်ရေ ခင်ဗျားကို ဒီလိုပုံစံမျိုး ဖြစ်လိမ့်မယ်လို့ နည်းနည်းလေးမှကို ထင်မထားမိဘူး ....


ရှဲ့ယွင်နန်မှာလည်း အမှန်တကယ်ကို စိတ်လှုပ်ရှားမိနေခြင်း ဖြစ်ပေသည်။ 


သူသည် မြင့်မြတ် မြို့တော်ရှိ ယဇ်ဆရာများအပေါ် အကောင်းမြင်ခြင်း အလျဉ်းမရှိသည့်တိုင် ယဇ်ဆရာတစ်ဦး၏ အဆင့်အတန်းမှာ လွန်စွာ မြင့်မားလှကြောင်းကိုမူ ဝန်ခံရပေမည်။ 


ယဇ်ဆရာတစ်ဦးအနေဖြင့် သူ့တွင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းလည်း ရှိပေသည်။ 


ချိုမြိန်လှသည့် နှုတ်ခမ်းဖျားမှာမူ ... သူ ကလေးဘဝကတည်းက ထိုကဲ့သို့ နှုတ်ချိုခဲ့ခြင်း ဖြစ်သည်။ 


မဟုတ်ရင် ဘယ်လိုလုပ် မြို့ထဲမှာ နာမည်ကြီးလိမ့်မလဲ ...


အသက်ကြီးလာသည့်အခါ ထို ပျားရည်ဆမ်းထားသည့် စကားများအား လူတိုင်းကို မပြောတော့ပေ။ 


ရှဲ့ယွင်နန်သည်သာ နှုတ်ချိုသည်မဟုတ်၊ သူ့အဖော်သားရဲဖြစ်သော ရှောင်ပိုင်မှာလည်း အင်အားအပြည့်ဖြင့် ခုန်ပေါက် ပြေးလွှားနေတတ်ရာ မြင်ရသူတိုင်း မပြုံးဘဲ မနေနိုင်။ 


သွမ့်ချန်ချင်းမှာမူ .. လတ်တလောတွင် ကျန်းမာရေးအခြေအနေ ဆိုးဝါးနေသည့်အတွက် ရှောင်ပိုင်၏ စိတ်အားထက်သန်မှုကို မခံနိုင်သေးချေ။ 


အံ့ဖွယ်သားရဲတို့၏ အသားကို စားသုံးကာ စိတ်စွမ်းအင်ကိုပါ လက်ဆောင်ရထားသည့်အတွက် ရှောင်ပိုင်သည် ပေါင် ၃၀ နီးပါးခန့် ရှိလာကာ အရွယ်ရောက်လုနီးပါး ဖြစ်လာတော့သည်။ သူက သွမ့်ချန်ချင်းနှင့် နီးနီးကပ်ကပ်နေရန် လူပေါ် ခုန်တက်လိုက်ချိန်တိုင်း သွမ့်ချန်ချင်းကို သွေးအန်စေခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရတော့သည်။ 


ရှောင်ပိုင်က လွန်စွာ ဉာဏ်ကောင်းလှ၏။ သွမ့်ချန်ချင်း၏ မျက်နှာကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ မှားသွားပြီဖြစ်ကြောင်း သိလိုက်ရာ “ဝုတ် ဝုတ်” ဟု အော်နေရာမှာ “ဝူး ...”ဟု သံရှည်ဆွဲကာ ပြောင်းလဲအော်လိုက်တော့သည်။ အမြီးကို လှုပ်ယမ်းလျက် သွမ့်ချန်ချင်း၏ဘေးတွင် ဝင်လှဲကာ သူ့လက်ကိုပါ လျာဖြင့် လျက်ပေးလိုက်သည်။ 


“ပေါက်စလေး ...”


သွမ့်ချန်ချင်းကလည်း သူ့ခေါင်းကို ပုတ်ပေးကာ စိတ်စွမ်းအင်အချို့ လွှဲပြောင်းပေးလိုက်သည်။ 


ရှဲ့ယွင်နန်မှာ လွန်စွာ စိတ်လှုပ်ရှားလွန်းနေ၍ ညစာ ပြင်ဆင်ချိန် နောက်ကျသွားတော့သည်။ ညစာစားနေချိန်အတွင်း သူက တစ္ဆေဘုရင်ကိုလည်း ချီးမွမ်းစကားများစွာ ပြောလိုက်သည်။


“ဆရာ ... ဆရာက ကျွန်တော် တွေ့ဖူးသမျှထဲမှာ အတော်ဆုံးလူပဲ အံ့ဖွယ်သားရဲတွေက်ို အများကြီးတောင် ဖမ်းနိုင်တယ်နော် ...”


“ပြီးတော့ သိထားတာတွေလည်း အများကြီး ဗဟုသုတလည်း ကြွယ်ဝချက်ပဲ ...”


“ဆရာ .. ထပ်ထည့်ပါဦး ...”


“ကျွန်တော့်အတွက်တော့ ဆရာက အကောင်းဆုံးပဲ ...”


တစ္ဆေဘုရင်မှာ နားထောင်လေလေ ပိုပြီး ဂုဏ်ယူမိလေ ဖြစ်လာကာ သွမ့်ချန်ချင်းကို လှည့်ကြည့်လိုက်သည်။ 


သွမ့်ချန်ချင်းက မနာလိုဖြစ်ခြင်း အလျဉ်းမရှိ။ 


ရှဲ့ယွင်နန်က သူ့ကို နမ်းတောင် နမ်းခဲ့သေးတာလေ ...


ညနေခင်းမှစကာ ညအထိ တောက်လျှောက် စိတ်လှုပ်ရှားနေခဲ့သော ရှဲ့ယွင်နန်လည်း နောက်ဆုံးတွင်တော့ စိတ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထားနိုင်ကာ အိပ်ယာထဲဝင်၍ စတင် ကျင့်ကြံရန် ပြင်လိုက်တော့သည်။ 


သူက အိပ်ယာပေါ် ထိုင်ကာ တစ္ဆေဘုရင် သင်ပြထားသည်များအတိုင်း တသွေမတိမ်း အလေးအနက် လေ့ကျင့်လိုက်သည်။ ၎င်းကို မြင်သည့်အခါ သွမ့်ချန်ချင်းကလည်း စိတ်စွမ်းအင်တစ်ဝက် ပို့ပေးလိုက်၏။ 


ဤကမ္ဘာပေါ်တွင် စိတ်စွမ်းအင်၏ တည်ရှိမှုမှာ လွန်စွာ နည်းပါးလှကာ ဆင်ခြေဖုံးဒေသတွင် အနည်းငယ်မျှပင် မရှိ။ သူသာ ရှဲ့ယွင်နန်ထံ စိတ်စွမ်းအင်အချို့ ခွဲဝေမပေးပါလျှင် ရှဲ့ယွင်နန် မည်မျှပင် ကြိုးစားလေ့ကျင့်ပါစေ အသုံးဝင်မည် မဟုတ်ချေ။ 


သို့သော် စိတ်စွမ်းအင် ပို့ပေးနေသူ ရှိသည့်အတွက် အခြေအနေက ပြောင်းလဲသွား၏။ 

ရှဲ့ယွင်နန်က သူ့ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်များ တိုးများလာကြောင်း ခံစားမိလာရာ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ပိုပြီး စိတ်အားထက်သန်လာတော့သည်။ ဤသို့ဖြင့် နှစ်ဦးသား လဲလျောင်းသူက လဲလျောင်း၊ ထိုင်သူက ထိုင်ရင်း တစ်ညလုံး အချိန်ကုန်ဆုံးလိုက်ကြတော့သည်။ 


ရှဲ့ယွင်နန်က မနက် နိုးလာပါလျှင် အိပ်ချင်ငိုက်မျဉ်းနေလိမ့်မည်ဟု တွေးထားခဲ့သော်ငြား အမှန်တရားမှာ သူ ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ပင်။ နောက်တစ်နေ့မနက် နိုးလာသည့်အခါ အပြည့်အဝ ရွှင်လန်းတက်ကြွနေ၏။ 


ဒါကလည်း ယဇ်ဆရာ ဖြစ်ရခြင်းရဲ့ ကောင်းကျိုးပဲလား ...


တကယ်ကို .. မိုက်လိုက်တာ ...


စိတ်စွမ်းအင်ကို ပိုင်ဆိုင်ရပြီးနောက် အိပ်စက်၍ မရနိုင်ပေ၊ သူ့စိတ်မှာ ကြည်လင်နေကာ ယခင်က မေ့လျော့နေသည့် အကြောင်းအရာများကိုပင် ပြန်လည် မှတ်မိလာပြီဟု ခံစားလိုက်ရသည်။


ယဇ်ဆရာတွေက ဉာဏ်ကောင်းတယ်လို့ ပြောကြတာ မထူးဆန်းတော့ပါဘူး .. စိတ်စွမ်းအင်လေး နည်းနည်းလောက် ရလိုက်တာနဲ့ သူတောင် အလိုလို ဉာဏ်ကောင်းလာသလိုပဲ ...


ပြောကြတာတော့ စိတ်စွမ်းအင်က တိုက်ခိုက်သူတွေကို သူတို့ကိုယ်တိုင်တောင် သတိမထားမိဘဲ အနားကို ကပ်ချင်လာအောင် လုပ်နိုင်စွမ်း ရှိတယ်တဲ့ ဒါပေမယ့် ဆိုးတာက သူ့ခန္ဓာကိုယ်ထဲမှာ စိတ်စွမ်းအင်တွေ အများကြီး မရှိဘူး ပြီးတော့ ကောင်းကောင်းလည်း မသုံးတတ်သေးဘူး ...


ဒီ့ထက်ပိုပြီး ကြိုးစားရမယ် ...


အိပ်ခန်းထဲမှ အားရဝမ်းသာစွာဖြင့် ထွက်လာစဉ် မနက်စာ ပြင်ဆင်နေသော တစ္ဆေဘုရင်ကို တွေ့လိုက်ရသည်။ 


“ဆရာ ဘယ်လိုဖြစ်လို့ မနက်စာ ပြင်နေတာလဲ ကျွန်တော် လုပ်လိုက်ပါ့မယ် ...”


“ငါလည်း အစောကြီး နိုးနေတာနဲ့ ပြင်လိုက်တာ ...”


“ဆရာက အရမ်းကို ကြင်နာတတ်တာပဲ .. ဒီကမ္ဘာမှာ ဆရာ့လို ဆရာမျိုး နှစ်ယောက်မရှိနိုင်ဘူး ...”


“မြှောက်ပြောမနေနဲ့ ...”


တစ္ဆေဘုရင်မှာ မပြုံးဘဲပင် မနေနိုင်တော့ချေ။ 


သားလေးက တကယ်ကို စကားချိုချိုလေးတွေ ပြောတတ်တာပဲ ...


တစ္ဆေဘုရင်မှာ လွန်စွာ စိတ်လက်ကြည်သာနေကာ ထမင်းစားရန် ထွက်လာသည့် သွမ့်ချန်ချင်းကိုပင် ပြုံးပြလိုက်သေးသည်။ 


သွမ့်ချန်ချင်း “...”


ယောက္ခမကြီးရေ .. ဒီအပြုံးကြီးက တော်တော်လေး ကြောက်ဖို့ကောင်းတယ်ဆိုတာရော သိရဲ့လား ...


မနက်စာ စားပြီးနောက် သူက ရှဲ့ယွင်နန်ကို ပြောလိုက်သည်။ 


“ယွင်နန် ကျင့်ကြံတယ်ဆိုတာက အရမ်းကို အချိန်ပေးရတဲ့အလုပ် ... ဒီ ကားပြင်ဆိုင်ကို ဖွင့်မနေတော့ဘဲ ငါနဲ့အတူ စိုက်ခင်းမှာပဲ လိုက်နေပါ့လား ပြီးတော့ အဲဒီ့မှာပဲ ဆက်ကျင့်ကြံလေ ဒါဆို မင်းလည်း မြန်မြန် သန်မာလာပြီး ငါ့ကို ကုသပေးနိုင်လိမ့်မယ် ...”


တစ္ဆေဘုရင်က ရှဲ့ယွင်နန်မှာ သွမ့်ချန်ချင်း ပေးသည့် ကျင့်ကြံစဉ်များကို လေ့ကျင့်ခြင်းဖြင့် မည်သည့်ရလဒ်မှ ရလာမည် မဟုတ်ဟု ခံယူထားသည်။ 


မြင့်မြတ်မြို့တော်ရှိ ယဇ်ဆရာအချို့မှာ အသက်ငယ်ရွယ်စဉ်ကတည်းက နိုးထလာကြသူများ ဖြစ်သည့်တိုင် ယခု အသက် ၇၀ ၈၀ အရွယ် ရောက်သည်အထိ ဂျူနီယာအဆင့်တွင်သာ ရှိနေကြသေးသည်။ 


ခွန်အားကို တိုးမြင့်အောင် ကျင့်ကြံရာတွင် ယဇ်ဆရာတို့မှာ တိုက်ခိုက်သူများထက်ပင် ပိုမို ခက်ခဲသေးသည်။ 


သူ့ကို ကုသပေးရန် ရှဲ့ယွင်နန်ကို တောင်းဆိုခြင်းမှာမူ ... ယုံတမ်းစကားမျှသာ ဖြစ်ပေသည်။ 


သူသည် အဆင့်မြင့်တိုက်ခိုက်သူတစ်ဦး ဖြစ်ရာ ဂျူနီယာအဆင့် ယဇ်ဆရာတစ်ဦးက သူ့ကို လုံးဝ ကုသပေးနိုင်မည် မဟုတ်ချေ။ 


အလယ်အလတ်အဆင့် ယဇ်ဆရာပင်လျှင် စွမ်းနိုင်မည် မဟုတ်။ သူ့ဒဏ်ရာမှာ ပြင်းထန်လွန်းလှ၏။


ယခုလက်ရှိ မြင့်မြတ်သည့် မြို့တော်ရှိ အသက် ၂၀၀ နီးပါး ရှိနေပြီဖြစ်သော စီနီယာအဆင့် ယဇ်ဆရာ နှစ်ဦးကသာ သူ့ကို ကုသပေးနိုင်သည်။ သို့သော် ထိုသူတို့ထံမှ အကူအညီကို ရရန်လည်း မဖြစ်နိုင်။ ထိုနှစ်ဦးအနက် တစ်ဦးသည် သူ့ဖခင်ကို သတ်ခဲ့သည့် လူသတ်သမား ဖြစ်ပေသည်။ 


တစ္ဆေဘုရင်သည် သူ့ကိုယ်သူ သေလူဟု မှတ်ယူထားသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ 


သူက ရှဲ့ယွင်နန်ကို စိုက်ခင်းတွင် နေစေလိုခြင်းမှာ သူ့ကို ပြဿနာ လာရှာသူများ ရှိနေပါလျှင် မြို့ထဲတွင် နေထိုင်သူများကိုပါ သက်ရောက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။


အဆင့်မြင့်တိုက်ခိုက်သူတို့၏ အင်အားမှာ တစ်မြို့လုံးကို ဖျက်ဆီးနိုင်သည်အထိ လွန်စွာ ပြင်းထန်အားကောင်းလှပေသည်။


သူတို့သာ စိုက်ခင်းထဲသို့ ပြောင်းနေခဲ့ပါလျှင် ... သူသာမက သွမ့်ချန်ချင်းပါ ရှိသည့်အတွက် ရှဲ့ယွင်နန်လည်း အဆင်ပြေကာ မတော်တဆ တိုက်ပွဲဖြစ်ခဲ့သည့်တိုင် သာမန်သူများအား ထိခိုက်သွားစေမည်ကို ပူပန်နေရန် မလိုပေ။ 


ယခင်ကသာ ထိုကဲ့သို့ ပြောလာပါလျှင် ရှဲ့ယွင်နန်က လက်ခံမည် မဟုတ်။ သူက ဆရာဖြစ်သူ၏ နေရာသို့ သွားကာ အလကား နေထိုင်စားသောက်ရမည်ကို မလိုလားပေ။ 


သို့သော် ယခုမူ ... သူကိုယ်တိုင်သည်လည်း အမြန်ဆုံးနည်းဖြင့် ပိုမိုသန်မာလိုနေပြီ ဖြစ်သည်။ 


ပြီးတော့ ဆရာနဲ့ အတူတူ နေတာက ပိုပြီး ဘေးကင်းနိုင်မလားလို့ ... သွမ့်ချန်ချင်းကလည်း သူ့ကိုယ်သူ မကာကွယ်နိုင် ပြီးတော့ မြို့ထဲမှာ နေတာကလည်း နည်းနည်း အန္တရာယ်များတယ်လေ ...


ရှဲ့ယွင်နန်က စိုက်ခင်းထဲ လိုက်နေရန် သဘောတူလိုက်သည့်တိုင် မြို့ထဲတွင် ကားပြင်ဆိုင်ဟူ၍ သူ့ဆိုင် တစ်ဆိုင်သာ ရှိရာ ... သူက ဆိုင်တံခါးကို ပိတ်ပြီးနောက် စိုက်ခင်းလိပ်စာကို ရေးပေးကာ ကားပြင်လိုပါလျှင် စိုက်ခင်းသို့ လာပြင်ရန် စာကပ်ထားလိုက်သည်။ 


တစ္ဆေဘုရင်၏ စိုက်ခင်းမှာ မြို့ထဲနှင့် သိပ်မဝေးလှရာ အကယ်၍ ကားပျက်ခဲ့သည့်တိုင် အလွယ်တကူ လာပြင်နိုင်ပေသည်။ 


ရှချင်က လွန်စွာ စိတ်လောကြီးနေ၍ ကုန်တင်ကား အသစ်ကို ထုတ်မောင်းလာခဲ့သည်။ သူမက သေတ္တာအကြီးကြီး တစ်ခုကို သယ်ထားသည့် ရှဲ့ယွင်နန်ကို တွေ့လိုက်သည့်အခါ ချက်ခြင်း ကားပေါ်မှ ဆင်း၍ ကူသယ်ပေးလိုက်သည်။ 


“ဆရာရှဲ့ ... ကျွန်မ သယ်ပါ့မယ် ...”


“ကျွန်တော် သယ်နိုင်ပါတယ် ...”


ရှဲ့ယွင်နန်မှာ အခြားသူများထံမှ အကူအညီ ယူရခြင်းကို အသားမကျသေးချေ။ 


ပြီးတော့ အရေးအကြီးဆုံးအချက်က ဘာလဲဆို ... ရှချင်က မိန်းကလေးလေ ...


“ကျွန်မပဲ လုပ်ပါ့မယ် ... ဘယ်လိုလုပ်ပြီး ဆရာ့ကို ဒါမျိုး သယ်ခိုင်းရပါ့မလဲ ...”


သူမက သူ့လက်ထဲမှ သေတ္တာကို ဆွဲယူသွားလိုက်သည်။ 


ဒါက ယဇ်ဆရာလေ ...


ဒီကမ္ဘာကြီးမှာ ယဇ်ဆရာတွေက ဘာအလုပ်မှကို လုပ်စရာအကြောင်း မရှိဘူး သူတို့ ဗိုက်ဆာတယ်ဆိုရင်တောင် လူတွေက ပါးစပ်ထဲအထိ ခွံ့ကျွေးကြဦးမှာ ...


“ပစ္စည်းတွေက တော်တော်များတော့ .. အတူတူ သယ်ရအောင်လေ ...”


သူက ပြောလိုက်သည်။


“မဟုတ်တာ ... တစ်ယောက်ထဲပဲ သယ်လိုက်ပါ့မယ် ...”


ရှချင်က ချက်ခြင်းပင် ပစ္စည်းများကို အမြန် ပြောင်းရွှေ့လိုက်သည်။ 


ရှဲ့ယွင်နန်က အတော်လေး အံ့ဩသွား၏။ 


“တကယ်ကို သန်မာတာပဲနော် ...”


“ဟုတ်တယ် ကျွန်မက ... ထားပါ ကျွန်မပဲ လုပ်လိုက်ပါ့မယ် ...”


ရှချင်က သူမသည် ဆဌမအဆင့် တိုက်ခိုက်သူဖြစ်ကြောင်း ပြောလိုသော်လည်း သူမတို့ အသုံးပြုနေသည့် အိုင်ဒီအတုများကို သတိရသွားသည့်အတွက် ချက်ခြင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။ 


ဆဌမအဆင့် တိုက်ခိုက်သူတစ်ဦးအဖို့ အိမ်ပြောင်းရွှေ့ရန် ကူညီပေးခြင်းမှာ အသေးအဖွဲသာ ဖြစ်ပေသည်။ 


သူမက ခပ်သွက်သွက် လှုပ်ရှားလိုက်သည်။ 


ထိုမြင်ကွင်းကို မြင်သည့်အခါ ရှဲ့ယွင်နန်က အနည်းငယ် အားကျမိသွား၏။ 


သူ့ခွန်အားလည်း ဒီလိုမျိုး သန်မာလာရင် ကောင်းမှာပဲ …


ဒါပေမယ့် သူက ယဇ်ဆရာ ဖြစ်လာတော့ .. ယဇ်ဆရာတွေရဲ့ ခန္ဓာကိုယ်က မကြံ့ခိုင်ဘူးလားလို့နော် ...


နေပါဦး .. ဒါဆို သူ့ခန္ဓာကိုယ်ကလည်း သွမ့်ချန်ချင်းလိုလေး ဖြစ်လာမှာလား ...


သူက အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ 


သွမ့်ချန်ချင်းက လှမ်းမေးလိုက်၏။ 


“ယွင်နန် ဘာဖြစ်လို့လဲ ...”


“အနာဂတ်ကျ ကိုယ့်လက်နဲ့ ပုခုံးတွေကို သုံးပြီး ဘာပစ္စည်းကိုမှ မ,လို့ မရတော့မှာကို နည်းနည်း စိတ်ပူနေလို့ ...”


“မစိုးရိမ်ပါနဲ့ ဒါမျိုး မဖြစ်ပါဘူး ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


“ခင်ဗျားက ဒီ့ထက်ပိုပြီးကို သန်မာလာမှာပါ ..."


ချီကျင့်ကြံသူတို့၏ ခန္ဓာကိုယ်မှာ ခန္ဓာကိုယ် ကြံ့ခိုင်စေရန် ကျင့်ကြံသူများလောက် မသန်မာသည့်တိုင် ပျော့ညံ့သည်ဟုလည်း မဆိုနိုင်ပေ။ 


သူ့အကူအညီနှင့်သာဆိုလျှင် ရှဲ့ယွင်နန်သည် အနှေးနှင့်အမြန် သူ့အဖေဖြစ်သူကိုပင် လက်သီးတစ်ချက်တည်းဖြင့် အလဲထိုးနိုင်တော့မည် ဖြစ်သည်။ 


ဒီကမ္ဘာက နဝမအဆင့် ကျင့်

ကြံသူတွေက ... တကယ်ကို အားနည်းတာပဲ ...


ဒီလိုဆိုမှ ရှဲ့ယွင်နန်ရဲ့ အဖေကို ကြည့်ရတာ ဒဏ်ရာရထားသလိုပဲ ...သူ့ကို အခွင့်အရေးရှာပြီး ကုပေးဦးမှပဲ ... အမ် ... ရှဲ့ယွင်နန်ကိုပဲ လေ့ကျင့်ခိုင်းလိုက်ရမလား ...