အပိုင်း ၄၁
Viewers 7k

Chapter 41




ဟုန်ယဲ့မြို့တော်ရှိ ပင်မခရိုင်တွင် ...


ဟုန်ယဲ့မြို့တော်၏ ဧရိယာသုံးခုအနက် ဆင်ခြေဖုံးဒေသမှာ အကြီးမားဆုံးဖြစ်ကာ ၎င်းနောက်တွင် ပင်မခရိုင်မှာ ဒုတိယ အကြီးဆုံးဖြစ်သည်။ 


ဘဝကို ဇိမ်ကျကျ ဖြတ်သန်းလိုသည့် အထက်တန်းလွှာများအဖို့ သူတို့၏ အမျိုးမျိုးသော အပန်းဖြေ အနားယူစရာ နေရာများနှင့် နေထိုင်ရန် အိမ်ယာများ တည်ဆောက်ရန် များပြားကျယ်ဝန်းလှသော မြေပမာဏကို လိုအပ်ပေသည်။ 


ဟုန်ယဲ့မြို့တော်သို့ ရောက်လာပြီးနောက် ယဇ်ဆရာနှစ်ဦးသည် တစ်ညခန့် အနားယူပြီးကာမှ ဟုန်ယဲ့မြို့တော် ယဇ်ဆရာအစည်းအရုံး ဥက္ကဌနှင့် မြို့တော်ဝန်တို့ကို တွေ့ဆုံလိုက်သည်။ အခြားသူများကမူ ... နောက်တွင် ကျန်ရစ်ခဲ့ကြ၏။ 


ကုသမှုကို လိုလားသည့် တိုက်ခိုက်သူများ၏ လိုက်လံဖမ်းဆီးမှုကို မခံလိုကြပေ။ 


လျောင်မုယဲ့က ထို ဂုဏ်သရေရှိ ဧည့်သည်တော်နှစ်ဦးကို ဖိတ်ကြားခဲ့သော်လည်း ထင်ထားသည့်အတိုင်း အငြင်းခံလိုက်ရသည်။ 


အိမ်အပြင်ဘက်တွင် ... ယဇ်ဆရာ၏ အစောင့်အရှောက်တစ်ဦးက သူ့ကို အထင်အမြင်သေးသည့် အကြည့်တို့ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။ 


“ငါတို့အရှင်က မင်း တွေ့ချင်တိုင်း တွေ့လို့ရတဲ့ လူစားမျိုး မဟုတ်ဘူး ..."


လျောင်မုယဲ့၏ စိတ်နှလုံးတစ်ခုလုံးကို ဒေါသမီးလျှံတို့ ဝါးမျိုသွားတော့သည်။ 


အရင်ဘဝက သူ သေသွားတဲ့အချိန်မှာ ဒီယဇ်ဆရာတွေဆိုတာ သေပြီးနှင့်နေတာမှ ကြာလှပြီ ... အခု သူတို့က သူ့ကို အထင်တောင် သေးလိုက်သေးတယ် ...


ထိုစဉ်က ရှဲ့ယွင်နန်သည် မိသားစုကြီးများကိုပါ တိုက်ခိုက်ခဲ့သည်မဟုတ်၊ ယဇ်ဆရာတို့၏ အထူးတလည် ကုသမှု အမျိုးမျိုးကိုပါ ပယ်ဖျက်ခဲ့ပေသည်။ ထိုအချိန်က မည်သည့်ယဇ်ဆရာကမှ ပြဿနာ လာမရှာရဲခဲ့။ 


သူတို့က အဆင့်နိမ့် တိုက်ခိုက်သူတို့၏ ဒဏ်ရာများကိုပင် ကုသပေးခဲ့ကြရသည်။ 


သို့သော် ကံမကောင်းသည့်အချက်မှာ ယခုအချိန်အထိ ယဇ်ဆရာတို့သည် အဆင့်အတန်း မြင့်မားနေကြဆဲ ဖြစ်သည်။ သူက ပြောလိုက်၏။ 


“ကျွန်တော်က တစ္ဆေဘုရင်နဲ့ ပတ်သက်တဲ့ သတင်းနည်းနည်းပါးပါး သိထားတာ ရှိတယ် အဲဒါ ယဇ်ဆရာနှစ်ယောက်ကို ပြောပြချင်လို့ ..."


မူလက သူသည် ယဇ်ဆရာများနှင့် ကိုယ်တိုင် တွေ့ရကာမှ ထိုအကြောင်းကို ပြောပြမည်ဟု ကြံစည်ထားခြင်း ဖြစ်သော်လည်း ယခုမူ မတတ်သာစွာဖြင့် ထုတ်ပြောလိုက်ရတော့သည်။ 


အစောင့်၏ အမူအယာက အလေးအနက် ဖြစ်သွား၏။


“ငါ အထဲကို သွားပြီး အစီရင်ခံလိုက်မယ် ...”


သူက ချက်ခြင်း လှည့်ဝင်သွားကာ တစ်ခဏမျှ ကြာသည့်အခါ ပြန်ထွက်လာပြီး လျောင်မုယဲ့ကို ပြောလိုက်သည်။ 


“ယဇ်ဆရာအရှင်တို့က မင်းကို တွေ့ချင်တယ်တဲ့ ...”


လျောင်မုယဲ့က ထိုသူ့နောက်မှ လိုက်ကာ ယဇ်ဆရာများနှင့် တွေ့ဆုံရန် စံအိမ်ထဲသို့ ဝင်သွားလိုက်သည်။ 


ယဇ်ဆရာတို့သည် တိုက်ခိုက်သူများထက်ပင် ပိုပြီး အသက်ရှည်ကြသေးသည်။ တိုက်ခိုက်သူတို့၏ သက်တမ်းမှာ သာမန်သူတို့နှင့် လွန်စွာ ဆင်တူကာ နှစ် ၁၀၀ ထက် တစ်ဖြည်းဖြည်း လျော့နည်းလာပေသည်။ သို့သော် ယဇ်ဆရာတို့မှာမူ မတူ။ အတိတ်အချိန်က သူတို့သည် ယဇ်ပူဇော်ခြင်း၊ ကျင့်ကြံခြင်းတို့၏ အကူအညီဖြင့် နှစ် ၂၀၀ မှ ၃၀၀ အထိ ရှင်သန်နိုင်ကြသည်။ 


လျောင်မုယဲ့ရှေ့တွင် ရှိနေသည့် ယဇ်ဆရာနှစ်ဦးမှာ သက်လတ်ပိုင်းအရွယ်သာ ရှိသေးသည်ဟု ထင်ရနိုင်သော်ငြား အမှန်တကယ်တွင် တစ်ဦးသည် အသက် ၉၀ ဝန်းကျင်ခန့်၊ ကျန်တစ်ဦးမှာ အသက် ၁၀၀ ကျော်နေပြီ ဖြစ်သည်။ 


နှစ်ကာလ ဒါဇင်ပေါင်းများစွာ ကောင်းမွန်ပြည့်စုံသည့် ဘဝတွင် နေထိုင်ခဲ့ကြရသောကြောင့် မျက်နှာအသားအရေမှာ အရေးအကြောင်းအနည်းငယ် ရှိသည့်တိုင် ချောမွေ့ပြေပြစ်နေဆဲပင်။ လျောင်မုယဲ့ ဝင်လာချိန်၌ ထိုသူနှစ်ဦးက စစ်တုရင် ထိုးနေကြ၏။ 


လျောင်မုယဲ့ ဝင်လာသည့်တိုင် ကစားပွဲကို မရပ်တန့်သေး။ သူ့ကို ဘေးဖယ်ထားကာ ခပ်ဖြည်းဖြည်း ဆက်ကစားနေကြသည်။ 


တစ်ခဏမျှ ဆက်ကစားပြီးကာမှ အနည်းငယ် ပိုငယ်ပုံရသည့် ယဇ်ဆရာက စစ်တုရင်အရုပ်ကို လွှတ်ချကာ ပြောလိုက်သည်။ 


“ကျွန်တော် ရှုံးသွားပြီ ...”


“အစောကြီးကတည်းက ဒါမျိုး ဝန်ခံလိုက်သင့်တာကို ...”


ကျန်တစ်ဦးက ပြောလိုက်သည်။ 


ကစားပွဲအပြီးတွင် စစ်တုရင်ခုံကို သိမ်းဆည်းရန်နှင့် သူတို့ လက်ဆေးနိုင်ရန် ရေဇလုံနှစ်လုံးကို ကိုင်ထားသူအချို့ ရောက်လာသည်။ 


လူပေါင်း မြောက်များစွာက အနားတွင် ဝိုင်းအုံစုရုံးပြီး ထိုယဇ်ဆရာနှစ်ဦးကို ကျိုးနွံစွာဖြင့် အလုပ်အကျွေး ပြုနေကြသည်။ 


ဤသည်မှာ လျောင်မုယဲ့ အမြဲ လိုချင်ခဲ့သည့် ဘဝမျိုးပင်။ ထို့ကြောင့် လျစ်လျူရှုခြင်း ခံရသည့်အခါ ပို၍ပင် မကျေမနပ် ဖြစ်လာတော့သည်။ 


ကံကောင်းထောက်မစွာဖြင့် သူ စိတ်မကျေမနပ် ဖြစ်နေစဉ်မှာပင် ယဇ်ဆရာနှစ်ဦး၏ လုပ်ငန်းဆောင်တာများလည်း ပြီးဆုံးသွားခဲ့သည်။ 


အစေခံများကို နှင်ထုတ်လိုက်ပြီးနောက် ပိုပြီး အသက်ငယ်သည့် ယဇ်ဆရာက ပြောလိုက်သည်။ 


“မင်းက တစ္ဆေဘုရင်ရဲ့သတင်း သိထားတယ် ဟုတ်လား ပြောပြစမ်းပါဦး ...”


လျောင်မုယဲ့က အသက်ကို ပြင်းပြင်းရှူကာ သူ ကြိုတွေးထားပြီးသား အကြောင်းအရာများကို ပြောပြလိုက်သည်။


“မြင့်မြတ်တဲ့အရှင် တစ္ဆေဘုရင်က ဒီနှစ်တွေထဲမှာ ဟုန်ယဲ့တောအုပ်ထဲမှာပဲ ပုန်းအောင်းနေခဲ့တာပါ သူ့ရဲ့ ငယ်သား နည်းနည်းလောက်ကပဲ သူ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ပေးဖို့ ဟုန်ယဲ့မြို့တော်မှာ ရှိနေကြတာပါ ကျွန်တော်က အဲဒီ့ ငယ်သားထဲက တစ်ယောက်အကြောင်းကို မတော်တဆ ရှာတွေ့သွားပြီးတော့ တစ္ဆေဘုရင်နဲ့ ပတ်သက်တာလေးတွေကို သိလာခဲ့ရတာပါ ...”


“အိုး ...”


ပိုငယ်သည့် ယဇ်ဆရာက မျက်ခွံကို မသိမသာ ပင့်ကာ ကြည့်လိုက်သည်။ 


လျောင်မုယဲ့က ဆက်ပြောလိုက်သည်။ 


“ဒါပေမယ့် ပြီးခဲ့တဲ့ တစ်လကျော်လောက်က တစ္ဆေဘုရင်နဲ့ သူ့လူတွေ မူမမှန်တော့တာကို သတိထားမိလိုက်ပါတယ် .. အဲဒီ့အချိန်တုန်းက ဟုန်ယဲ့တောအုပ်ထဲမှာ ရုတ်တရက်ကြီး တစ်ခုခု ပေါ်ထွက်လာသလားတော့ မပြောတတ်ပေမယ့် အံ့ဖွယ်သားရဲတွေအကုန်နီးပါးလောက် စိတ်ရူးဖောက်တော့မလို ဖြစ်ခဲ့ပါတယ် အဲဒီ့ ရုတ်တရက် ထွက်ပေါ်လာတဲ့အရာက ဘာလဲဆိုတာကိုတော့ ကျွန်တော်လည်း ကောင်းကောင်း မသိပေမယ့် တစ္ဆေဘုရင်က အဲဒါကို အလစ်သုတ်သွားပါတယ် အဲဒီ့နောက်ပိုင်း သူက ဟုန်ယဲ့တောအုပ်ထဲကနေ ထွက်လာ၊ စိုက်ခင်းတစ်ခင်း ဝယ်ပြီး ဟုန်ယဲ့မြို့တော် ဆင်ခြေဖုံးဒေသမှာပဲ ရုပ်ဖျက်ပြီး နေနေပါတယ် ...”


“သူက ဟုန်ယဲ့မြို့ရဲ့ ဆင်ခြေဖုံးဒေသမှာလား ...”


ပိုငယ်သည့် ယဇ်ဆရာ၏ အကြည့်တို့ အနည်းငယ် လှုပ်ခတ်လာသည်။ 


“ဟုတ်ပါတယ် အဲဒီ့အချိန်တုန်းက စိုက်ခင်းဝယ်ဖို့ဆိုပြီး သူ့လူတွေ ရောက်လာခဲ့တော့ သတင်းစုံ သိရအောင်ဆိုပြီး ကျွန်တော်တို့ လျောင်မိသားစုအပိုင် စိုက်ခင်းတစ်ခုကို ရောင်းပေးခဲ့ပါတယ် ပြီးတော့ ကင်မရာနဲ့ စောင့်ကြည့်ရေး ကိရိယာတွေလည်း တပ်ထားခဲ့တဲ့အတွက် အဲဒီ့ စောင့်ကြည့်ရေးကိရိယာတွေကနေပဲ သူ့သတင်းကို ရခဲ့တာပါ ..."


“ပြီးတော့ ဘာသိထားသေးလဲ ...”


“တစ္ဆေဘုရင်ရဲ့ မျက်နှာအစစ်ကိုပါ ဓာတ်ပုံရိုက်မိထားပါတယ် ..." 


သူက ရိုက်ထားသည့် ဗီဒီယိုကိုပါ တစ်ပါတည်း ထုတ်ပြလိုက်သည်။ 


ဗီဒီယိုထဲရှိ လူမှာ မျက်နှာတစ်ပြင်လုံး အမာရွတ်များဖြင့် ပြည့်နှက်နေသည့်အတွက် သူ့မူလရုပ်ရည်ကို မည်သူမှ မမှတ်မိနိုင်လောက်သော်ငြား ကိုယ်နေဟန်ထားနှင့် အစိတ်အပိုင်းများကိုမူ ရှင်းရှင်းလင်းလင်း မြင်နေရဆဲ ဖြစ်သည်။ 


ထို့အပြင် တိုက်တိုက်ဆိုင်ဆိုင်ပင် ဤလက်ရှိ ယဇ်ဆရာနှစ်ဦးသည်လည်း တစ္ဆေဘုရင်ကို မြင်တွေ့ထားဖူးပေသည်။ 


အကယ်၍ ဤဗီဒီယိုတစ်ခုတည်းကိုသာ မြင်ခဲ့ပါလျှင် ထိုဗီဒီယိုထဲရှိ အမျိုးသားမှာ တစ္ဆေဘုရင် ဖြစ်နေလိမ့်မည်ဟု ဆက်စပ်စဉ်းစားမိလိမ့်မည် မဟုတ်ချေ။ 


သို့သော် တစ်စုံတစ်ယောက်က သူတို့ကို ထိုသူမှာ တစ္ဆေဘုရင်ဖြစ်ကြောင်း ပြောလာရာ .... နှစ်ဦးလုံး၏ အမူအယာများ တင်းမာခက်ထန်လာတော့သည်။ 


ထိုသူ၏ ကိုယ်နေဟန်ထား အရပ်အမောင်းတို့မှာ တစ္ဆေဘုရင်နှင့် တစ်ထပ်တည်းပင် ဖြစ်သည်။


“အသေးစိတ် ပြောပြ ...”


ယဇ်ဆရာနှစ်ဦးက တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဆုံလိုက်ကြကာ ပိုအသက်ကြီးသည့် တစ်ယောက်က လျောင်မုယဲ့ကို ပြောလိုက်သည်။ 


လျောင်မုယဲ့က သူ ရှာတွေ့ထားသည်များနှင့် အတိတ်ဘဝက ဖြစ်ပျက်ခဲ့သည်များကို ပေါင်းစပ်ကာ ပြောလိုက်သည်။ သို့သော် အများအပြားတော့ မဟုတ်။ 


ဒီလူတွေကလည်း အများကြီး သိမထားသင့်ဘူးလေ ...


“အော် .. ဒါနဲ့ သူတို့တွေ စကားပြောနေကြတုန်းက ဟုန်ယဲ့တောအုပ်ထဲက အံ့ဖွယ်သားရဲတွေ စိတ်ရိုင်းဖောက်လာတာက ... အလောင်းတစ်လောင်းကြောင့်လို့ ပြောတာ ကြားမိသလိုပဲ ..."


လျောင်မုယဲ့က သူ အပြောလိုဆုံးအရာကို ထုတ်ပြောလိုက်သည်။ 


သူ သိထားသလောက်အရတော့ ... သေသွားတဲ့ ယဇ်ဆရာရဲ့ အလောင်းမှာ ရတနာတစ်ခုခု ရှိနေတာ သေချာတယ် ...


ဒီစကား ကြားပြီးတာတောင် ဒီယဇ်ဆရာတွေက လုံးဝ မလှုပ်ရှားဘဲ နေမယ်လို့တော့ မယုံဘူး ...


ပြီးတော့ သူတို့သာ စပြီး လှုပ်ရှားလာမယ်ဆိုရင် ... သေချာပေါက်ကို တစ္ဆေဘုရင်နဲ့ ရင်ဆိုင်ရမှာပဲ ...


တစ္ဆေဘုရင်လို သေခါနီး လူတစ်ယောက်က အလယ်အလတ်အဆင့် ယဇ်ဆရာနှစ်ယောက်နဲ့ နဝမအဆင့် တိုက်ခိုက်သူ နှစ်ယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်ရမယ်ဆိုရင် .. ဘယ်လိုနည်းနဲ့မှကို အလွတ်ရုန်းနိုင်မှာ မဟုတ်ဘူး ...


လျောင်မုယဲ့၏ အတွေးအတိုင်းပင်။ သူ့စကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ယဇ်ဆရာနှစ်ဦး၏ အကြည့်များ တောက်ပလာတော့သည်။ 


ဤကမ္ဘာတွင် စီနီယာအဆင့် ယဇ်ဆရာများသည်ပင်လျှင် သူတို့ မွေးလာသည့် ကလေးများမှာ ယဇ်ဆရာ ဖြစ်လာလိမ့်မည်ဟု တပ်အပ်မပြောနိုင်။ သူတို့၏ သားသမီးမြေးမြစ်များမှာ အခြားသူများနှင့် နှိုင်းယှဉ်ပါလျှင် ယဇ်ဆရာအဖြစ် နိုးထနိုင်ချေ ပိုများသည်ဟုသာ ပြောနိုင်ပေသည်။ 


သို့သော် ယဇ်ဆရာအကြီးအကဲမှာမူ ကွဲပြားလှ၏။ ယဇ်ဆရာအကြီးအကဲဟူသည့် ရာထူးမှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့်နေရာ ဖြစ်သည်။ 


ယခင် ယဇ်ဆရာအကြီးအကဲဟောင်း ကွယ်လွန်သည့်အခါ ထိုနေရာကို သူ့ကလေးများက အမွေဆက်ခံပြီး ယဇ်ဆရာအကြီးအကဲများ ဖြစ်လာကြရသည်။ ထိုသားသမီးများမှာ ယခင်က ယဇ်ဆရာဟုတ်မဟုတ် ဟူသည့် အချက်ကိုမူ ထည့်သွင်းစဉ်းစားခြင်း မပြုကြပေ။ 


အတိတ်က ထိုသို့ အစဉ်အဆက် ရာထူးဆက်ခံနိုင်ခြင်းမှာ သားရဲအရှင်၏ စွမ်းအားကြောင့် ဖြစ်ရမည်ဟု လက်ခံခဲ့ကြသော်ငြား .. ယခုမူ အားလုံးက ယဇ်ဆရာအကြီးအကဲထံတွင် အစဉ်အဆက် လွှဲပြောင်းပေးနိုင်သည့် ရတနာတစ်ခု ရှိနေသည်ဟု မှန်းဆမိလာကြတော့သည်။


လတ်တလော ယဇ်ဆရာအကြီးအကဲတို့၏ အခြေအနေ ပိုပိုပြီး ဆိုးရွားလာသည်မှာမူ နှမြောစရာပင်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အခြေအနေ ပိုဆိုးလာကာ သေဆုံးချိန်မှာလည်း ပိုပိုပြီး စောလာတော့သည်။ 


ယဇ်ဆရာ ဖြစ်လာနိုင်သည့် အရည်အချင်း မရှိဘဲ ယဇ်ဆရာအကြီးအကဲ၏ ရတနာကို လက်ကိုင်ထားကြသူများ ဖြစ်သည့်အတွက် ပြဿနာ တစ်ခုပြီးတစ်ခု ဖြစ်လာမည်မှာ ကျိန်းသေပင်။ 


ဒါပေမယ့် ... တကယ်လို့ ယဇ်ဆရာ ဖြစ်ပြီးသားသူကသာ အဲဒီ့ ရတနာကို ရသွားခဲ့ရင်ရော ...


သမိုင်းကြောင်းထဲမှာ မူလပထမ ပြီးတော့ အင်အားလည်း အကြီးဆုံး ယဇ်ဆရာအကြီးအကဲက နှစ် ၅၀၀ တောင် အသက်ရှင်နိုင်ခဲ့တယ် မဟုတ်လား ... သူတို့တွေလည်း ဒီအတိုင်း ဖြစ်လာလောက်လား ...


မြင့်မြတ်မြို့တော်ရှိ စီနီယာအဆင့် ယဇ်ဆရာနှစ်ဦး၏ အသက်မှာ မငယ်လှတော့။ မီးစာကုန် ဆီခမ်းချိန်သို့ပင် ရောက်လုနေပြီဖြစ်သည်။ 


သို့သော် သူတို့က မသေလိုသေး။ ထို့ကြောင့် ယဇ်ဆရာအကြီးအကဲ ပိုင်ဆိုင်သည့် ရတနာကို တပ်မက်စိတ်တို့ လွန်စွာ ပြင်းထန်လာကြပေသည်။ 


အထူးသဖြင့် နောက်ဆုံးသော ယဇ်ဆရာအကြီးအကဲပင်။ ထိုသူမှာ နှစ် ၄၀ ခန့်သာ နေထိုင်ရသေး၏။ 


နောက်ဆုံး ယဇ်ဆရာအကြီးအကဲမှာ ဆယ်ကျော်သက်အရွယ်ကတည်းက ယဇ်ဆရာအဖြစ်သို့ အောင်အောင်မြင်မြင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအချိန်မှစကာ သူ့ကျန်းမာရေးမှာ ပိုပိုပြီး ဆိုးရွားလာတော့သည်။ 


သိပ်မကြာခင်က မြင့်မြတ်မြို့တော်တွင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ စင်စစ်တွင် ထို မတော်တဆမှုမှာ ယဇ်ဆရာအကြီးအကဲကို တိုက်ခိုက်ခဲ့သည့် စီနီယာအဆင့် ယဇ်ဆရာနှစ်ဦး၏ လက်ချက်ပင် ဖြစ်သည်။ 


ယဇ်ဆရာအကြီးအကဲ ပျောက်ဆုံးသွားပြီးနောက် ထို စီနီယာအဆင့် ယဇ်ဆရာနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် သတိကြီးကြီးထား၍ စောင့်ကြည့်နေရသည့်အပြင် ယဇ်ဆရာအကြီးအကဲ၏ လက်အောက်ခံ အင်အားစုများမှ တိုက်ခိုက်လာသည်ကိုလည်း ခုခံနေရသေးသည့်အတွက် လှုပ်ရှားရန် အချိန်မရှိခဲ့။ 


ထို့အပြင် ပို၍ တိုက်ဆိုင်သည်မှာ ဟုန်ယဲ့မြို့တော်သို့ ရောက်လာသည့် ယဇ်ဆရာနှစ်ဦးမှာလည်း ထိုစီနီယာနှစ်ဦး၏ တပည့်များ ဖြစ်ပေသည်။ 


သူတို့၏ အဓိကတာဝန်မှာ ယဇ်ဆရာအကြီးအကဲ၏ ရုပ်အလောင်းကို ရှာဖွေရန် ဖြစ်သည်။ ဒုတိယတစ်ခုမှာ .. အကယ်၍ သူတို့သာ တတ်နိုင်ပါလျှင် တစ္ဆေဘုရင်ကိုပါ သတ်ခဲ့ရန် ဖြစ်သည်။ 


သူတို့က ဟုန်ယဲ့မြို့တော်သို့ လာရောက်ရန် တွန့်ဆုတ်ခဲ့ကြသေး၏။ တစ္ဆေဘုရင်မှာ လွန်စွာ သန်မာသူဖြစ်ရာ အန္တရာယ်နှင့် ကြုံတွေ့မည်ကို များစွာ ကြောက်ရွံ့နေကြပေသည်။ 


ထို့အပြင် ယဇ်ဆရာအကြီးအကဲ၏ ရုပ်အလောင်းမှာမူ .. ထိုသူသည် ပုန်ကန်ထကြွမှုကို ကြုံတွေ့ချိန်က ပြန်လည်တိုက်ခိုက်ရန် အင်အား မရှိခဲ့သည့်အတွက် ... မည်သူကမှ ရတနာသည် သူ့ထံတွင် ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ 


သို့သော် လျောင်မုယဲ့၏ စကားများအရ ...


ယဇ်ဆရာနှစ်ဦးက တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စိုက်ကြည့်လိုက်ကြသည်။ အကြည့်တို့မှာ ပိုပြီး ငြင်းပယ်လိုသည့် အရိပ်အယောင်တို့ များပြားလာ၏။ 


နှစ်ဦးလုံးမှာ တူညီသော အတွေးတစ်ခုတည်းကိုသာ တစ်ပြိုင်တည်း တွေးလိုက်မိကြသည်။ 


ယဇ်ဆရာအကြီးအကဲ ကျန်ခဲ့တဲ့ ရတနာကို ငါတစ်ယောက်တည်းပဲ အပိုင်ရရမယ် ...


အဲဒီ့ ရတနာဆိုတာက ဘာအရည်အချင်းမှ မရှိတဲ့ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကိုတောင် စီနီယာအဆင့် ယဇ်ဆရာ ဖြစ်လာစေနိုင်တဲ့ ပစ္စည်းလေ ဒါကိုသာ သူတို့တွေ ရလိုက်မယ်ဆိုရင် .. သေချာပေါက်ကို ယဇ်ဆရာအကြီးအကဲအဆင့်အထိ ချက်ခြင်း တန်းရောက်သွားမှာပဲ ...


ထိုတစ်ခဏ၌ မည်သူကမှ ထိုရတနာကို ရှာတွေ့သည့်အခါ ဆရာဖြစ်သူထံ လွှဲပြောင်းပေးရန် စဉ်းစားမထား။ ရလျှင်ရချင်း သူတို့ကိုယ်တိုင် ဝါးမြိုပစ်ရန်သာ ကြံစည်ထားကြသည်။ 


သို့သော် လက်ရှိအခြေအနေအရ .. ထိုပစ္စည်းမှာ တစ္ဆေဘုရင်၏ လက်ထဲတွင် ရှိနေရာ... ဤကိစ္စမှာ ရေရှည် စဉ်းစားရမည့်ကိစ္စ ဖြစ်နေသည်။ 


ယဇ်ဆရာနှစ်ဦးမှာ အသက်အားဖြင့် မငယ်တော့ရာ .. ထိတ်လန့်စရာ ကိစ္စများနှင့် ကြုံတွေ့သည်တိုင် မူပျက်မသွား။ 


သို့သော် အဆုံးတွင်မူ ... တစ်စုံတစ်ခုက စိမ့်ထွက်လာသည်။ 


လျောင်မုယဲ့ကလည်း ၎င်းကို သတိထားမိကာ တဆတ်ဆတ် တုန်ရီလာ၏။ 


သူသည် ပြန်လည်မွေးဖွားလာပြီးနောက် လောကနိယာမ ကျင်လည်ရာလမ်းကြောင်းအား ဖျက်ဆီးမိမည်ကို စိုးရိမ်သောကြောင့် ယဇ်ဆရာ၏ အလောင်းကို ဆယ်ယူခြင်း မပြုခဲ့။ 


သို့သော် ယခုအခြေအနေများအရ အကဲခတ်ရပါလျှင် ...ယဇ်ဆရာအကြီးအကဲ ပိုင်ဆိုင်သည့် ရတနာမှာ လွန်စွာ အဖိုးထိုက်တန်သည့်ဟန်ပင်။ 


တစ္ဆေဘုရင်ကလည်း ဒီအကြောင်းကို သိထားလို့ ယဇ်ဆရာရဲ့ အလောင်းကို လိုက်ဆယ်နေတာ နေမှာ ...


တစ္ဆေဘုရင်ကမူ သူသည် လူတစ်ချို့၏ မျက်လုံးထဲတွင် ယဇ်ဆရာအကြီးအကဲ၏ အလောင်းကို ဆယ်ကာ ရတနာကို လုယူထားသူအဖြစ်သို့ ရောက်နေပြီဖြစ်ကြောင်း မသိသေးချေ။ 


ယခုအချိန်၌ အတော်လေး အနေကြပ်နေ၏။ 


“ဆရာ စိုက်ခင်းထဲမှာ နေရာလွတ်တွေမှ အများကြီးပဲ ဘာလို့ ဘာတစ်ခုမှ မစိုက်တာလဲ ...”


“ဆရာ .. ကန်စွန်းဥတွေ သိုလှောင်တဲ့ပုံစံက မှားနေတယ်နော် ...”


“ဆရာ .. စိုက်ခင်းထဲက ပြောင်းဖူးတွေက ရိတ်သိမ်းချိန် ရောက်နေပြီလေ ဘာလို့ လူငှားပြီး မရိတ်သိမ်းသေးတာလဲ ...”


ရှဲ့ယွင်နန်မှာ စိုက်ခင်းကို လှည့်ပတ်ကြည့်ပြီးနောက် သက်ပြင်းမချဘဲပင် မနေနိုင်။


ဆရာက စိုက်ခင်းကို ဝယ်လို့သာ ဝယ်ထားတာ နည်းနည်းလေးမှကို ဂရုမစိုက်ဘူးပဲ ...


ကြည့်ပါဦး .. စိုက်ခင်းတစ်ခုလုံး ရှုပ်ပွနေတာပဲ ...


“အဟမ်း ... ဒါဆို ငါတို့တွေ ဘာလုပ်ကြမလဲ ...”


သူက မေးလိုက်သည်။ 


ရှဲ့ယွင်နန်က ပြောလိုက်၏။ 


“ဆရာ .. ဂိုထောင်ထဲက ကန်စွန်းဉတွေကို လုပ်အားခအနေနဲ့ သုံးလို့ရတယ်လေ ပြီးတော့ သီးနှံတွေ ရိတ်သိမ်းဖို့ လူငှားရဦးမယ် ... အာ .. ဟုတ်သားပဲ ဆရာ့ကို ဒီစိုက်ခင်းနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲတဲ့နေရာမှာ ကူညီဖို့ အတွေ့အကြုံ ရှိပြီးသား လူတစ်ယောက်လောက် ငှားလို့ရတယ်လေ ...”


“ကောင်းပြီ ...”


တစ္ဆေဘုရင်က သဘောတူလိုက်သည်။ 


ရှဲ့ယွင်နန်မှာ စိုက်ခင်းကို မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း လုံးဝ သိထားခြင်း မရှိရာ ထိုသို့ အကြံပေးပြီးနောက် တစ္ဆေဘုရင်ကို ပြောလိုက်သည်။ 


“ဆရာ .. ဆရာ့ကို ကုသပေးပါရစေ ...”


“မင်းက အခုမှ ယဇ်ဆရာ ဖြစ်ကာစပဲ ရှိသေးတယ်လေ စိတ်မပူပါနဲ့ ...”


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


သူ့သားက အခုမှ ယဇ်ဆရာ စဖြစ်ကာစ အဆင့်နိမ့်ယဇ်ဆရာလေးပဲ ရှိသေးတာကို ဘယ်လိုလုပ် သူ့ကို ကုပေးနိုင်ပါ့မလဲ ဒါ သပ်သပ် အချိန်ဖြုန်းတဲ့သဘောပဲလေ ...


“ဆရာ ကျွန်တော့်ကို ကုသခွင့်ပေးပါ ကျွန်တော်က စိတ်စွမ်းအင်ကို ဘယ်လို အသုံးပြုရမလဲဆိုတာကို လေ့လာထားလို့ ...”


ရှဲ့ယွင်နန်က သူ့ဆရာ၏ ကျေးဇူးများကို ပြန်ပေးဆပ်ရန် လွန်စွာ မျှော်လင့်တကြီး ဖြစ်နေသည်။ 


ထိုစကားကို ကြားပြီးနောက် တစ္ဆေဘုရင်လည်း သဘောတူလိုက်ရတော့သည်။ 


သူ့ကို လေ့ကျင့်စရာအဖြစ် အသုံးပြုလို့လည်း ဖြစ်နိုင်သားပဲ ...


ရှဲ့ယွင်နန်က လူသားများ၏ ဒဏ်ရာကို မည်ကဲ့သို့ ကုသရမည်ဖြစ်ကြောင်း မသိသော်လည်း သေချာသည့် အချက်တစ်ချက်မှာ .. စိတ်စွမ်းအင်သည် လူသားတို့ကို အနာရောဂါပျောက်ကင်းအောင် ကူညီပေးနိုင်ပေသည်။ 


သူက ကျင့်ကြံထားသည့် စိတ်စွမ်းအင်များကို တစ္ဆေဘုရင်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။ 


နွေးထွေးသည့် ခံစားချက်တစ်ခု တစ်ဖြည်းဖြည်း ထွက်ပေါ်လာ၏။ တစ္ဆေဘုရင်မှာ လွန်စွာ သက်တောင့်သက်သာ ဖြစ်လှသည့် ရေဇလုံတစ်ခုထဲတွင် စိမ်နေရသည်ဟု ခံစားမိလာသည်။ သို့သော် ကံမကောင်းစွာဖြင့် ထိုခံစားချက်မှာ ကြာရှည်မခံ။ 


၎င်းမှာ ချမ်းအေးသည့် ညတစ်ည၌ မီးလှုံလိုက်ရသည့်အလားပင်။ နွေးထွေးသော်ငြား .. မီးခြစ်မှ ထွက်ပေါ်လာသည့် မီးတောက်တစ်ခုနှယ် .. ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။ 


ပြီးတော့ သူ့ဒဏ်ရာကလည်း သက်သာလာသလိုပဲ ... နည်းနည်းလေးလောက်ပဲလို့ ပြောရမလား? …


၎င်းကို လျစ်လျူရှုထား၍ ရသော်ငြား ယဇ်ဆရာတို့သည် ကုသမှုအပြီးတွင် အနားယူရန် လိုအပ်ပေသည်။ 


“ဆရာ ဘယ်လို ခံစားရလဲ ...”


ရှဲ့ယွင်နန်က မေးလိုက်သည်။ 


“အတော်လေးကို နေလို့ အဆင်ပြေတယ် .. မင်းလည်း ပင်ပန်းသွားရပြီ မဟုတ်လား သွားပြီး အနားယူတော့ ...”


သူက ပြောလိုက်သည်။ 


ရှဲ့ယွင်နန်မှာ အနည်းငယ်မျှပင် ပင်ပန်းခြင်း မရှိ။ သူ့ဆရာ၏ ဒဏ်ရာကို အပြည့်အဝ ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိကြောင်း သိထားရာ ချက်ခြင်း ပြောလိုက်သည်။


“ဆရာ .. နောက်ကျ ထပ်ပြီး ကုသပေးပါ့မယ် ...”


ထိုစကားကို ကြားသည့်အခါ တစ္ဆေဘုရင်မှာ ချက်ခြင်းပင် ရယ်မောလိုက်ချင်တော့၏။ 


သူ့သားက ဒီတစ်ခေါက် စိတ်စွမ်းအင်တွေကို အကုန် သုံးလိုက်တဲ့ပုံပဲ ... နောက်တစ်ခေါက် သူ့ကို ထပ်ကုသပေးဖို့ဆို .. အနည်းဆုံး တစ်ရက်နဲ့ တစ်ညလောက် အနားယူမှ ရမှာ ...


တစ္ဆေဘုရင်က ရှဲ့ယွင်နန်၏ စကားများကို အတည်မယူ။ သို့သော် ရှဲ့ယွင်နန်ကမူ အလေးအနက် ပြောနေခြင်း ဖြစ်သည်။ 


သွမ့်ချန်ချင်းနှင့် အတူနေသည့် သူ့အိမ်သို့ ပြန်ကာ ဆက်လက်ကျင့်ကြံလိုက်၏။ နာရီဝက်ခန့်အကြာတွင် ကုန်ဆုံးသွားသော စိတ်စွမ်းအင်များ ပြန်လည်ပြည့်ဝလာကာ ယခင်ထက်ပင် ပမာဏ အနည်းငယ် ပိုများလာ၏။ 


ထို့ကြောင့် တစ္ဆေဘုရင်ထံ အပြေးသွားကာ နောက်တစ်ကြိမ် ကုသပေးလိုက်ပြန်သည်။ 


တစ္ဆေဘုရင် !!!!!!


သူ့သားက ပါရမီရှင်လားဟ .. ဘာလို့ စိတ်စွမ်းအင် ပြန်ရတာ ဒီလောက် မြန်နေရတာလဲ ...


ဒါမှမဟုတ် ... အရင်က စိတ်စွမ်းအင်ကို တစ်ခါမှ မသုံးဖူးလို့လား ...


သူပင် စကားမပြောရသေး။ ရှဲ့ယွင်နန်က နောက်တစ်ကြိမ် လေ့ကျင့်ရန် ထွက်သွားပြန်သည်။ 


နာရီဝက်ခန့် ကြာပြီးနောက် .. ကုသပေးရန် နောက်တစ်ကြိမ် ရောက်လာပြန်၏။ 


ထို့နောက် တစ်ဖန် လေ့ကျင့်ပြန်ကာ ... နာရီဝက်ခန့် ကြာသည့်အခါ ကုသပေးရန် ထပ်ရောက်လာပြန်သည်။ 


တစ္ဆေဘုရင် “...”


သူ့ကိုယ်သူ ရေခဲတုံးတစ်တုံးလို့ ခံစားနေရတဲ့အချိန်မှာ .. လူတစ်ယောက်က ဒီရေခဲတုံးပေ

ါ်ကို နာရီဝက်တစ်ခါ မီးခြစ် လာခြစ်နေသလိုပဲ ...


ရေခဲတုံးရဲ့ ထောင့်စွန်းလေးတွေက တကယ်ကြီးကို အရည်ပျော်လာနေပြီ ...


သူ့သားသာ သူ့ကို ဒီပုံစံအတိုင်း နာရီဝက်တစ်ခါ လာကုသပေးနေမယ်ဆိုရင် တစ်နှစ်အတွင်းမှာ .. သူ့ဒဏ်ရာတွေ အပြည့်အဝ ပျောက်ကင်းသွားလောက်လား ...


ဒါက ဖြစ်ရော ဖြစ်နိုင်ပါ့မလား ...