Chapter 42
တစ္ဆေဘုရင် ဝယ်ယူထားသည့် ခြံမှာ လွန်စွာ ကြီးမားလှသည်။ စိုက်ပျိုးမြေဧက အမြောက်အများ ပါရှိရုံသာမက ရေကန်ငယ်တစ်ခုလည်း ပါဝင်ပေသည်။
ဝန်ထမ်းများ နေထိုင်ရန် ဆောက်လုပ်ထားသည့် လေးထပ်တိုက် အဆောက်အဦးမှာလည်း ထိုရေကန်ဘေးတွင် တည်ရှိပေသည်။
စတုတ္ထအထပ်မှာ မူလက ပစ္စည်းပစ္စယအမျိုးမျိုးကို သိုလှောင်ရန် ရည်ရွယ်ချက်ဖြင့် အခန်းဖွဲ့ထားသော ထပ်ခိုးဖြစ်သည်။ သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်တို့က ထိုနေရာတွင် နေလိုကြောင်း ပြောလာရာ တစ္ဆေဘုရင်က ရှချင်အား ထိုအခန်းကို ရှင်းခိုင်းလိုက်သည်။သူမက ဝန်ထမ်းအိမ်ယာမှာ လွန်စွာ ကျဉ်းလွန်းသည်ဟု ခံစားမိသည့်အတွက် ပစ္စည်းအားလုံးကို ရှင်းထုတ်ကာ ထပ်ခိုးတစ်ခုလုံးကို သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်တို့အတွက် ပြင်ဆင်ပေးလိုက်သည်။
၎င်းမှာ ထပ်ခိုးဖြစ်သည့်တိုင် ကျဉ်းသည်ဟု မဆိုနိုင်။ ထို့အပြင် စိုက်ခင်းတစ်ခုလုံးကို မျက်နှာမူထားသည့် ဝရန်တာ တစ်ခုလည်း ပါရှိပေသည်။
မူလက စိုက်ခင်းအလုပ်သမားများသည် ထိုနေရာတွင် အဝတ်လျှော်ခြင်း/လှန်းခြင်းတို့ကို ပြုလုပ်လေ့ရှိကြသည်။ သို့သော် ရှချင်က အပင်အချို့ တူးလာကာ နေရာချထားပေးသည့်အတွက် လေထုတစ်ခုလုံး သက်ဝင်လှုပ်ရှားလာတော့၏။
အလယ်ရှိ အခန်းကျယ်ကြီးထဲတွင် ရှချင်က နှစ်မီတာ အကျယ်ရှိသည့် အိပ်ယာတစ်ခုနှင့် ဆိုဖာထိုင်ခုံ တစ်စုံစာကို ပြင်ဆင်ပေးလိုက်သည်။ သူမက ရေချိုးခန်းနှင့် အိမ်သာကိုပင် ထည့်ထားပေးလိုက်သေး၏။
ရေချိုးခန်းကို အလှပြင်ဆင်ပေးနေစဉ် သွမ့်ချန်ချင်းက တောင်ဘက်လှည့်ထားသော ဝရန်တာမှတစ်ဆင့် နေပူဆာလှုံနေလိုက်သည်။
သူ ကူးပြောင်းလာစဉ်က နွေရာသီ ဖြစ်သော်ငြား ယခုမူ ဆောင်းဦးသို့ပင် ရောက်နေပြီ ဖြစ်သည်။ ရာသီဥတုက အနည်းငယ် ပိုအေးလာသည့်အတွက် နေပူဆာလှုံရခြင်းမှာ လွန်စွာ ဇိမ်ရှိလှပေသည်။
ရေချိုးခန်းအိမ်သာ တပ်ဆင်ရာမှ ထွက်လာသည့် ရှချင်မှာလည်း ခေါက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ နေပူဆာလှုံနေသည့် မင်သက်ဖွယ် အလှလေးကို မြင်လိုက်ရသည့်အခါ ... နောက်တစ်ကြိမ် ငေးမောမိသွားတော့သည်။
သွမ့်ချန်ချင်းသည် မြို့ထဲတွင် မိတ်ကပ်ကို စဉ်ဆက်မပြတ် လိမ်းထားလေ့ ရှိသော်လည်း .. စိုက်ခင်းသို့ ပြောင်းလာပြီးနောက် မိတ်ကပ်လိမ်းခြင်းကို ရပ်တန့်လိုက်တော့သည်။
ဘာပဲဖြစ်ဖြစ် သူလည်း အပြင်ထွက်တော့တာမှ မဟုတ်တာ ...
ပြီးတော့ တစ္ဆေဘုရင်ကလည်း သူ့ကို မသိဘူးဆိုတော့ ... ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က လူသိမများဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ မဟုတ်လား ... ဒီလိုဆိုမှတော့ ဘာလို့ မိတ်ကပ်လိမ်းနေရဦးမှာလဲ ...
မျက်နှာပေါ်မှာ မိတ်ကပ် အထူကြီး လိမ်းထားရတာ နည်းနည်းလေးမှ သက်တောင့်သက်သာ ဖြစ်မနေဘူး ...
ဘေးတွင် လူတစ်ယောက် ရောက်နေကြောင်း ခံစားမိလိုက်သည့်အတွက် ချက်ခြင်း လှည့်ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ ...”
“အ .. အဆင်ပြေပါတယ် ... ဒီလိုမျိုး နေပူဆာလှုံရတာ အဆင်ပြေရဲ့လား ...”
ရှချင်က နူးညံ့စွာ မေးလိုက်သည်။
သူမသည် မျက်နှာလှလှလေးများကို စွဲလမ်းတတ်သူ ဖြစ်ကာ ချောမောခန့်ညားသည့် အမျိုးသားများကို သဘောကျတတ်သော်လည်း အလှလေးများကိုမူ သဘောအကျဆုံးဖြစ်သည်။
ယခင်က ရှဲ့ယွင်နန်ကို အာရုံစိုက်မိခြင်းမှာလည်း ... ထိုသူက ချောမောသောကြောင့် ဖြစ်သည်။ သို့သော် ယခုမူ .. သူမ၏ရှေ့တွင် ရှိနေသူမှာ .. ရှဲ့ယွင်နန်ထက်ပင် များစွာ ချောမောနေသေး၏။
ဒီလိုမျိုးကြီး နေပူဆာလှုံနေရင် အသားနုနုလေးတွေ နေလောင်သွားမှာကိုတောင် စိုးရိမ်မိလာပြီ ...
“ဒီလိုလည်း မဟုတ်ပါဘူး .. ဒါပေမယ့် မှန်လုံအိမ်လေး ရှိရင်တော့ .. လေတိုက်တာကိုလည်း တားထားနိုင် ပြီးတော့ ဆောင်းတွင်းမှာလည်း ပိုနွေးလိမ့်မယ် ထင်တယ် ..."
သူက ပြောလိုက်သည်။
“မနက်ဖြန်ကျ ရှင့်အတွက် မှန်လုံအိမ်တစ်ခု လုပ်ပေးပါ့မယ် ...”
သူမက မဆိုင်းမတွ ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ...”
သူက ပြုံးပြလိုက်သည်။ ဤမိန်းကလေးမှာ များစွာ စိတ်အားထက်သန်လွန်းလှသည်ဟု ခံစားမိသော်ငြား သူမတွင် အခြား မကောင်းသည့် ရည်ရွယ်ချက်များ ရှိမနေကြောင်း ခံစားမိသည့်အတွက် ထွေထွေထူးထူး ဂရုစိုက်မနေတော့။
ရှဲ့ယွင်နန်မှာ အခန်းထဲသို့ ဝင်လာလျှင် ဝင်လာချင်း ရှချင်ကို ပြုံးပြနေသည့် သွမ့်ချန်ချင်းကို တွေ့လိုက်ရသည်။ ထို့အပြင် ရှချင်ကလည်း သွမ့်ချန်ချင်းကို နောက်တစ်ကြိမ် ငေးကြည့်နေပြန်ရာ ... ချက်ခြင်း စိတ်မသက်မသာ ဖြစ်လာတော့သည်။
ရလဒ်အနေဖြင့် ... သွမ့်ချန်ချင်း၏ လှပမှုကို လုံလုံလောက်လောက် သဘောကျပြီးဖြစ်သည့် ရှချင်မှာ တစ်ဖက်သို့ လှည့်လိုက်သည့်အခါ .. နောက်ထပ် ကိုလူချောတစ်ယောက်ကို တွေ့လိုက်ရပြန်သည်။ သူမက ရှဲ့ယွင်နန်ကို ပြုံးပြလိုက်သည်။
“ဆရာရှဲ့ ဘာများ လိုအပ်လို့လဲ အိမ်မှာ တစ်ခုခု လိုအပ်တာများ ရှိသေးလား လိုအပ်တာရှိရင် ကျွန်မ ပြင်ဆင်ပေးပါ့မယ် ...”
ယဇ်ဆရာအဖြစ် နိုးထလာပြီးနောက် ရှဲ့ယွင်နန်၏ စိတ်နေသဘောထားမှာ မသေမျိုးများနှင့် အနည်းငယ် တူလာကာ ရုပ်ရည်မှာလည်း ယခင်ထက် ပိုမိုချောမောလာသည်။ သူ၏ “ယဇ်ဆရာ” ဟူသည့် ဂုဏ်ပုဒ်ကိုမူ ထည့်ပြောရန်ပင် လိုမည်မထင်။ ရှချင်မှာ ရှဲ့ယွင်နန်နှင့် ပတ်သက်၍ ယခင်ထက်ပင် ပိုပြီး အားတက်သရော ဖြစ်လာတော့သည်။
ရှဲ့ယွင်နန်၏ စိတ်ထဲရှိ မသက်မသာဖြစ်မှုအားလုံး ချက်ခြင်း ပျောက်ကွယ်သွား၏။
“အခုကို အတော်လေး အဆင်ပြေနေပါပြီ ...”
သူက ပြောလိုက်သည်။
“အခုထိ နည်းနည်း အကြမ်းထည် ဆန်နေတုန်းပါပဲ .. ဒါပေမယ့် စိတ်မပူပါနဲ့ ကျွန်မ သေချာပေါက်ကို အားစိုက်ထုတ်ပြီး မြစ်တစ်ဖက်ကမ်းမှာ ရှင်တို့အတွက် အိမ်တစ်လုံးကို ရက်ပိုင်းနဲ့အပြီး ဆောက်ပေးပါ့မယ် ...”
ရှချင်က မလှမ်းမကမ်းရှိ မြေနေရာလွတ်ကို လက်ညှိုးထိုးပြလိုက်သည်။
ရှဲ့ယွင်နန် “.. ဒီလိုလုပ်ဖို့ မလိုပါဘူးဆို ..."
“လိုကိုလိုတာပေါ့ .. အာ ရှင်တို့နှစ်ယောက် ကောင်းကောင်း အနားယူလိုက်ကြပါဦး ...ကျွန်မလည်း အလုပ် ဆက်လုပ်လိုက်ဦးမယ် .. အိမ်သာက ဒီနှစ်ရက်အတွင်း သုံးလို့ မရသေးဘူးဆိုတော့ အရင်ဆုံး အောက်ထပ်က သန့်စင်ခန်းကိုပဲ သုံးထားပေးနော် ...”
သူမက ထိုသို့ပြောကာ သစ်သားပုံးကို သယ်ရင်း အောက်ပြန်ဆင်းသွားလိုက်သည်။
ထို့နောက် သွမ့်ချန်ချင်းက ရှဲ့ယွင်နန်ကို ပြောလိုက်၏။
“ယွင်နန် နောက်တစ်ခေါက် ထပ်လေ့ကျင့်မလို့လား ...”
“ဟုတ်တယ် ...”
သွမ့်ချန်ချင်းက ခေါက်ကုလားထိုင်ပေါ်တွင် ထိုင်နေခြင်းဖြစ်ရာ ရှဲ့ယွင်နန်လည်း သူ့ဘေးတွင် ဝင်ထိုင်ကာ စတင် ကျင့်ကြံလိုက်တော့သည်။
မူလက တစ်ယောက်တည်း ကျင့်ကြံရန် ကြံစည်ထားသော်ငြား သွမ့်ချန်ချင်းက သူ့ကို အဖော်ပြုကာ သူ ကျင့်ကြံသည့်မြင်ကွင်းကို ပိုပြီး မြင်လိုသေးသည်ဟု ပြောထားသည့်အတွက် ... သွမ့်ချန်ချင်း၏ ဘေးတွင် ကျင့်ကြံရန်သာ ရှိတော့သည်။
သူ သဘောကျတဲ့သူကို သေချာပေါက် အဖော်ပြုပေးရမှာပေါ့ ...
ပြီးတော့ သူကိုယ်တိုင်ကကို လိုလိုလားလား အလိုလိုက်ပေးချင်နေတာလေ... မိတ်ကပ်မလိမ်းထားတဲ့ သွမ့်ချန်ချင်းက အရမ်းကို မျက်စိပသာဒဖြစ်တာ ... ဒီလို အလှလေး ဘေးနားမှာ ရှိနေတော့ ပိုပြီးတော့တောင် ခံစားချက်တွေ ကောင်းမွန်လာသေးတယ် ...
အရင်က သွမ့်ချန်ချင်းကို ဘယ်သူတွေကများ ထိခိုက်အောင် လုပ်ခဲ့ပါလိမ့် ...
ရှဲ့ယွင်နန်သည် သူ့စိတ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် နာရီဝက်သာ ကျင့်ကြံရန် လိုအပ်ပေသည်။ တစ်ကြိမ် ကျင့်ကြံပြီးတိုင်းလည်း အနည်းငယ် ပိုများလာလေ့ရှိ၏။ လေ့ကျင့်ပြီးနောက် နောက်တစ်ကြိမ် တစ္ဆေဘုရင်ထံ သွားလိုက်ပြန်သည်။
သွမ့်ချန်ချင်းက သူ မကြာခင် ပြန်လာလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား ထိုအစား တစ္ဆေဘုရင်သာ ရောက်လာ၏။
သွမ့်ချန်ချင်းက အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
“ဘာလို့ ခင်ဗျား ဖြစ်နေတာလဲ ...”
တစ္ဆေဘုရင် “...”
ငါက ဘာဖြစ်နေလို့လဲကွ ... ဘာဖြစ်လို့ ဒီလို ရွံသလိုလို မျက်နှာထားမျိုး လုပ်ပြရတာလဲ ...
သို့သော် ထိုစကားများကိုလည်း ထုတ်မပြောရဲ။
“မင်းကို ပြောစရာရှိလို့ ...”
“ဘာလဲ ...”
သွမ့်ချန်ချင်းက မေးလိုက်သည်။
“ငါ့ရဲ့ သရုပ်မှန် ... ဖော်ထုတ်ခံလိုက်ရပြီထင်တယ် ...”
ဖြစ်ပျက်သွားသည်များမှာ များပြားလွန်း၍ သူ့တွင် ထိုအကြောင်း ပြောနေရန် အချိန်မရှိခဲ့။ ယခု အချိန်ရှိလာပြီ ဖြစ်သည့်အတွက် .. သွမ့်ချန်ချင်းကို ထိုအကြောင်း ပြောပြရန် စီစဉ်လိုက်တော့သည်။
“ဘာလဲ ...”
သွမ့်ချန်ချင်းက မေးလိုက်သည်။
တစ္ဆေဘုရင်က သူ့ကို လူတစ်ယောက် ဖုန်းလာပေးကာ ဆက်သွယ်ခဲ့ကြောင်း ပြောပြလိုက်သည်။
သွမ့်ချန်ချင်း “...”
သူက ဒီစိုက်ခင်းမှာ ပျော်ပျော်ပါးပါး နေမယ်လို့ တွေးထားတာကို ..အခု ဒီ ရှဲ့ယွင်နန်ရဲ့ အဖေက .. ဖော်ထုတ်ခံလိုက်ရပြီ ဟုတ်လား ...
ဒါက S အဆင့် အလိုရှိ ရာဇဝတ်ကောင်လေ ...
သူတို့တွေ အနာဂတ်မှာ လိုက်ပြီး ဖမ်းဆီးတာမျိုးနဲ့ မကြုံရလောက်ပါဘူးနော် ဟုတ်တယ်မဟုတ်လား ...
တစ္ဆေဘုရင်က သူ့အတွေးများကို မသိ။
“တကယ်တော့ ငါက ယွင်နန်ကို ဟုန်ယဲ့တောအုပ်ထဲမှာ ပုန်းရအောင် ခေါ်သွားချင်ခဲ့တာ နယ်မြေက ရှုပ်ထွေးတော့ နယ်မြေမကျွမ်းကျင်တဲ့သူတွေဆို ငါတို့ကို အလွယ်တကူ ရှာမတွေ့နိုင်ဘူးလေ .. မင်းရဲ့ သရုပ်မှန်က ဘာမှန်း မသိရတော့ စိုးရိမ်စရာ ကောင်းလို့ စမ်းသပ်ခဲ့တာ ... ထားပါ အခု ငါတို့မှာ မင်းရှိနေပြီဆိုတော့ .. ပုန်းနေစရာ မလိုတော့ပါဘူး ...”
သွမ့်ချန်ချင်း “....”
သူ့ခန္ဓာကိုယ်က အခုထိ အပြည့်အဝ ပြန်မကောင်းသေးဘူးလို့ ...
နောက်ထပ် နှစ်ရက်လောက် အနားယူပြီးရင် သူနဲ့ တစ္ဆေဘုရင် တိုက်ခိုက်တုန်းက ရခဲ့တဲ့ ဒဏ်ရာတွေ ပျောက်ကင်းတော့မှာ ဆိုပေမယ့် .. နောက်တစ်ကြိမ် ထပ်တိုက်ရမယ်ဆိုရင် .. ထပ်ပြီး ဒဏ်ရာ ရလာမှာ မဟုတ်လား ...”
ဒါပေမယ့် လူတွေက မလာလောက်ပါဘူး ... ပြီးတော့ သူလည်း တောထဲမှာ တကယ်ကို မနေချင်ဘူး ...
ခေတ်မီပစ္စည်းကိရိယာတွေ မရှိဘဲ နှစ်ပေါင်း ရာနဲ့ချီပြီး နေလာခဲ့ရတာ .. အဲဒီလို ဘဝကြီးကို တကယ် ငြီးငွေ့နေပြီလို့ ...
သူက ပြောလိုက်သည်။
“ခင်ဗျားက အလိုရှိ ရာဇဝတ်ကောင် ဖြစ်နေပြီ မဟုတ်လား ဘာလို့ ကိုယ့်ပြဿနာကို ကိုယ်တိုင် မရှင်းနိုင်ရတာလဲ ...”
“ဘာကြီး ...”
တစ္ဆေဘုရင်က သူ့စကားများကို နားမလည်။
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“ကျွန်တော့်ကို နေ့တိုင်း အလယ်အလတ်အဆင့် အံ့ဖွယ်သားရဲတစ်ကောင် ဒါမှမဟုတ် ထူးခြားဆေးပင်တစ်ပင် ပေး .. ပိုများလေ ကောင်းလေပဲ ...”
“ငါလည်း အမဲလိုက်ထွက်ဖို့ တွေးထားပြီးသား ဒါက ပြဿနာမရှိဘူး ...”
“ဒါနဲ့ ချက်ဖို့ပြုတ်ဖို့ ပြင်ဆင်တာကို ကိုယ့်ဘာသာကိုယ်ပဲ လုပ်မယ် ...”
သွမ့်ချန်ချင်းက ထပ်ပြောလိုက်ပြန်သည်။
“မင်းက ဟင်းချက်ရတာ ကြိုက်လို့လား ...”
တစ္ဆေဘုရင်က အနည်းငယ် အံ့အားသင့်သွား၏။
ဒီတစ်ယောက်က နတ်ဘုရားအဆင့် တိုက်ခိုက်သူ မဟုတ်လား ... ဒါတောင် ချက်ဖို့ပြုတ်ဖို့အရေးကို ဖက်တွယ်နေတုန်းပဲဆိုတော့ ... တကယ်ကို ချက်ရတာကမှ သူ့အချစ်စစ်များလား ...
ဒါပေမယ့် သူ့ရဲ့ ဟင်းချက်တဲ့ စကေးကတော့ သိပ်ပြီး မကောင်းဘူးနော် ...
သွမ့်ချန်ချင်းက သူ့ကို မင်သက်စွာ စိုက်ကြည့်နေလိုက်သည်။
“ဘယ်လိုချက်ရမလဲဆိုတာ သိတယ် ပြီးတော့ အံ့ဖွယ်သားရဲရဲ့ အသားထဲက စွမ်းအင်တွေကိုလည်း အမြင့်ဆုံးဖြစ်အောင် လုပ်ပေးနိုင်တယ် ...”
ဒီလိုကိုး ... သူ ချက်ဖို့ပြုတ်ဖို့အရေး အရမ်း အားသန်နေတာ မထူးဆန်းတော့ပါဘူး ...
တစ္ဆေဘုရင်က ပြောလိုက်သည်။
“ဒီနေ့ ဖမ်းလာတဲ့ အံ့ဖွယ်သားရဲက မီးဖိုချောင်ထဲမှာ ...”
သွမ့်ချန်ချင်းက မတ်တပ်ထရပ်လိုက်သည်။
“သွားကြည့်လိုက်မယ် ...”
တစ္ဆေဘုရင်ကလည်း သူ့ကို မီးဖိုထဲသို့ ချက်ခြင်း ခေါ်သွားပေးလိုက်သည်။
သူတို့နှစ်ဦးကို မြင်သည့်အခါ တစ္ဆေဘုရင်၏ အနီးကပ် ငယ်သားသုံးဦးမှာ အနည်းငယ် ပဟေဠိ ဖြစ်သွားရတော့သည်။ သူတို့က ရှချင်ကိုပါ ဆွဲခေါ်ကာ တီးတိုး ပြောလိုက်ကြတော့၏။
“ဘာလို့ ဘော့စ်က အဲဒီ့ သွမ့်ချန်ချင်းကို ရုတ်တရက်ကြီး ကောင်းပေးနေရတာလဲ ...”
“သွမ့်ချန်ချင်းက ဟင်းချက်နေတယ် ဒါပေမယ့် ဘော့စ်က တကယ်ကြီးကို ကူပေးနေတာလား ...”
“အရင်ကဆို သွမ့်ချန်ချင်းကို အရမ်းကို မကြိုက်တာ မဟုတ်လား သူက အဲဒီ့တစ်ယောက်ကို ဖမ်းပြီးတောင် သင်ခန်းစာ ပေးဖို့ လုပ်လိုက်သေးတယ်လေ ...”
ထို့နောက် ရှချင်ကို တစ်ပြိုင်တည်း စိုက်ကြည့်လိုက်ကြ၏။
“ရှချင် နင်ရော ဘာတွေ ဖြစ်ကုန်တာလဲ သိလား အကြောင်းအရင်းက ဘာတဲ့လဲ ...”
ရှချင်က ပြောလိုက်သည်။
“သွမ့်ချန်ချင်းက ကြည့်ကောင်းလို့များလား ...”
ကျန်နှစ်ဦးမှာ စကားပင် ပြန်မပြောနိုင်တော့။
“ဘော့စ်က သွမ့်ချန်ချင်းကို ကြိုက်နေတာလား ...”
“အဲဒီ့ သွမ့်ချန်ချင်းက တကယ်ကို ကြည့်ကောင်းတာ ...”
“ဘော့စ်ကသာ သူ့ကို ကြိုက်နေတာ တကယ်ဆို .. ဒါ ရှဲ့ယွင်နန်ကို အပြစ်ပြုမိသလိုပဲ မဟုတ်ဘူးလား ...”
....
သူတို့၏ သီးသန့်စကားဝိုင်းကို ရှဲ့ယွင်နန်ရော တစ္ဆေဘုရင်ပါ မကြားခဲ့။
သို့သော် သွမ့်ချန်ချင်းကမူ ကြားလိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာကာ တစ္ဆေဘုရင်ကို ထူးဆန်းသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ ...”
တစ္ဆေဘုရင်မှာ ထိုအကြည့်တို့ကို နေသားမကျ။
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“ခင်ဗျားက ဘာလို့ ဒီလိုမျက်နှာမျိုး ဖြစ်နေရတာလဲ ...”
“ငါ့မျက်နှာအစစ်က လူမြင်ခံလို့ မရလို့ ...”
သူက ပြောလိုက်သည်။
သူသည် မြင့်မြတ် မြို့တော်ရှိ လုမိသားစုခေါင်းဆောင်၏ ခင်ပွန်း ဖြစ်ခဲ့ရာ တစ်ယောက်ယောက်သာ သူ့မျက်နှာအစစ်ကို တွေ့သွားပါလျှင် လုမိသားစုမှာ သေချာပေါက် ဂယက်ရိုက်ခံရမည်ဖြစ်သည်။
ထိုစဉ်က ရင်းနှီးခဲ့ဖူးသည့် မြင့်မြတ်မြို့တော်ရှိ သူ့မိတ်ဆွေများသည်လည်း သူ့ကြောင့် ကံဆိုးမိုးမှောင် ကျသွားကြပေလိမ့်မည်။
ယခင်က သူ့မျက်နှာအစစ်ကို ဖျက်ဆီးပစ်ရန် တွေးခဲ့ဖူးသေးသော်ငြား .. မလုပ်လိုခဲ့ ။
“ခင်ဗျားနဲ့ ယွင်နန်ရဲ့ အကြောင်းကိုရော လျှို့ဝှက်ထားမှာလား ခင်ဗျားရဲ့ ငယ်သားတွေကိုပါ ပြောမပြဘဲနဲ့လေ ...”
“ယွင်နန်က ငါ့ကြောင့် အရှုပ်အထွေးထဲ ဆွဲထည့်ခံလိုက်ရမှာကို မကြောက်ဘူးလား အခုဆို သူက ယဇ်ဆရာ ဖြစ်နေပြီလေ .. ငါ့သားသာ မဟုတ်သရွေ့ လူတွေကို သူက သွေးဆောင်ခံလိုက်ရတာပါလို့ ပြောလိုက်ရင် အနာဂတ်မှာ မြင့်မြတ်မြို့တော်ကို သွားနိုင်မှာ ပြီးတော့ တောက်ပတဲ့ အနာဂတ်လည်း ရှိလာမှာလေ...”
တစ္ဆေဘုရင်က ပြောလိုက်သည်။
ဤကိစ္စများ ပြီးသွားပါလျှင် သူ့သားသည် မြင့်မြတ်မြို့တော်သို့ သွားနိုင်ကာ သူသည်လည်း လုမိသားစုသို့ ပြန်၍ လုမိသားစုခေါင်းဆောင် ဖြစ်လာနိုင်မည် ဖြစ်သည်။
“ကောင်းပြီ ...”
သွမ့်ချန်ချင်းက ထပ်မပြောတော့။
ဘာပဲဖြစ်ဖြစ် အတင်းပြောခံရလို့ သေမှာက သူမှ မဟုတ်တာ ...
ရှဲ့ယွင်နန်က သွမ့်ချန်ချင်းကို ရှာကာ စောစောစီးစီး လေ့ကျင့်ရန် မလုပ်ခဲ့ပဲ စိုက်ခင်းမှ ငှားထားသူများအနက် အချို့မှာ သူနှင့် ရင်းနှီးသူများ ဖြစ်နေရာ ထိုသူများကို သွားပြီး ကူညီပေးနေလိုက်သည်။
ညနေခင်း၌ သူက အနည်းငယ် စိတ်လှုပ်ရှားနေခဲ့၏။
“နောက်ထပ် နှစ်ရက်ဆို အပင်တွေ အများကြီး စိုက်လို့ ပြီးတော့မှာ တစ်ချို့ ဟင်းသီးဟင်းရွက်တွေက ကြီးထွားတာ မြန်တော့ တစ်လလောက်ဆို ရင့်မှည့်လောက်ပြီ ...”
ရှဲ့ယွင်နန်က သူ ပြောသည့် အကြောင်းအရာကို ဆက်ပြီး နားထောင်လိုသော်ငြား ထိုစဉ်မှာပင် ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“အခု ကိုယ် လေ့ကျင့်ချင်တယ် စိတ်စွမ်းအင် ပြန်ရလာရင် ဆရာ့ကို သွားပြီး ကုသပေးရဦးမယ်လေ ..သူ့ကို တံခါးပိတ်မထားဖို့ ပြောထားဦးမှပဲ ...”
ကျင့်ကြံနေသည့်အတွက် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်မှာလည်း တစ်ဖြည်းဖြည်း တိုးများလာသည်။ ၎င်းကို အသုံးပြုကာ တစ်ဖန် ကျင့်ကြံပြန်သည့်အခါ တစ်ဖန် ထပ်တိုးလာပြန်ပြီး ကြံ့ခိုင်မှုပါ တိုးများလာ၏။ ထို့ကြောင့် ၎င်းကို အသုံးပြုကာ ကျင့်ကြံလိုက်ပြန်တော့သည်။
သွမ့်ချန်ချင်း “..”
"ဒါဆို တစ်ညလုံး နာရီဝက်တစ်ခါ ခင်ဗျားရဲ့ ဆရာဆီကို သွားမလို့ စီစဉ်ထားတာလား ..."
“ကိုယ်မသိသေးဘူး တကယ်လို့ မင်းအတွက် အနှောင့်အယှက်ဖြစ်ရင် ... ဒါမှမဟုတ် ကိုယ် ဆရာ့အခန်းထဲပဲ သွားလေ့ကျင့်လိုက်ရမလား...”
သူက ပြောလိုက်သည်။
“ကျွန်တော်ကျ တစ်ယောက်တည်း ...”
သွမ့်ချန်ချင်းက သူ့လက်ကို လှမ်းဆွဲလိုက်၏။
ရှဲ့ယွင်နန်က လေ့ကျင့်ပြီးလျှင် ပြန်လာမည်ဟု ပြောမည်ပြုစဉ်မှာပင် သွမ့်ချန်ချင်းက ထပ်ပြောလိုက်ပြန်သည်။
“ကျွန်တော်လည်း ခင်ဗျားနဲ့အတူ ဆရာ့အခန်းထဲ လိုက်ခဲ့မယ် ...”
တစ္ဆေဘုရင်သာ ကျန်းမာရေး မကောင်းရင် ရှဲ့ယွင်နန်ကလည်း ဒီအကြောင်းကိုပဲ ဆက်တိုက် တွေးနေဦးမှာ ...
သူလည်း သူ့ခန္ဓာကိုယ်ကို ကူညီပြီး ကုသပေးချင်တယ် ...
ပြီးတော့ လူတွေကို တစ်ချို့ နည်းလမ်းတွေလည်း သင်ပေးလို့ရတယ်လေ ... သူတို့တွေ အန္တရာယ်ကြုံလာတိုင်း သူ့ကိုပဲ မှီခိုနေလို့ မရဘူးလေ ...
တစ္ဆေဘုရင်က အိပ်ယာမဝင်ခင် ရေကောင်းကောင်းချိုးကာ သူ၏ အကောင်းဆုံး ညအိပ်ဝတ်စုံတစ်စုံကို လဲဝတ်ထားလိုက်သည်။
အိပ်ယာခင်းကိုပင် အသစ်လဲထားကာ ကြမ်းခင်းမှာလည်း ပြောင်ရှင်းနေ၏။
နေပါဦး ... သူ့သားက သူ့ကို လာပြီး ကုသပေးမလို့လေ ...
အဲဒါကို အိပ်ယာခင်းတွေဘာတွေ လဲပြီးကာစပဲ ရှိသေးတယ် .. သူ့သားက သွမ့်ချန်ချင်းကို ခေါ်လာတော့ ...
ဒါ ဘာအတွက်လဲ ...
တစ္ဆေဘုရင်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားတော့သည်။
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“မစ္စတာရှဲ့ .. ယွင်နန်က ဟိုဘက်နဲ့ ဒီဘက် ကူးချည်သန်းချည် မလုပ်ချင်လို့ ခင်ဗျားဘက်ပဲ လာမလို့တဲ့ ကျွန်တော်က တစ်ယောက်တည်း နေရတာကို ကြောက်လို့ လိုက်လာခဲ့လိုက်တာ ... ကျွန်တော့်အတွက် ခေါက်အိပ်ယာလေး တစ်ခုဆို ရပါတယ် ...”
တစ္ဆေဘုရင် “...”
သူကဖြင့် သွမ့်ချန်ချင်းကို နည်းနည်းလေးမှတောင် လိုက်မလာစေချင်ပါဘူးနော် ...
နေပါဦး သွမ့်ချန်ချင်းက ဘာလို့ သူ့ကို စိုက်ကြည့်နေရသေးတာလဲ ...
ထိုသို့ အံ့ဩမိနေစဉ် သွမ့်ချန်ချင်းက သူ ခင်းထားကာစ အသစ်စက်စက် အိပ်ယာကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည့်အခါ ...
ရုတ်တရက် နားလည်သွားတော့သည်။
“သွမ့်ချန်ချင်း မင်းက ကျန်းမာရေး မကောင်းတဲ့သူဆိုတော့ အိပ်ယာအကြီးပေါ်ပဲ အိပ်ပါ ငါပဲ ခေါက်အိပ်ယာနဲ့ အိပ်လိုက်မယ် ...”
ထိုသို့ ပြောပြီးနောက် သွမ့်ချန်ချင်းကို နောက်တစ်ကြိမ် ချောင်းကြည့်လိုက်သည်။
ထို
အခါမှ သွမ့်ချန်ချင်း၏ ကျေနပ်အားရနေသော အကြည့်တို့ကို တွေ့လိုက်ရတော့သည်။
“ဆရာ .. ဒါမျိုးလုပ်ပေးဖို့ မလို ...”
“ဟုတ်သားပဲ .. ငါက ခေါက်အိပ်ယာနဲ့ အိပ်ရတာကို အရမ်း သဘောကျတာ ...”
သူက အလေးအနက် ပြောလိုက်သည်။
သူ့ဘဝက အရမ်းကို သနားဖို့ ကောင်းတာပဲ .. သူ့အိပ်ယာအသစ်လေးကို .. သူ့သားရဲ့ လက်တွဲဖော်က ဓားပြတိုက်သွားပြီ ...