အပိုင်း ၄၃
Viewers 10k

Chapter 43





တစ္ဆေဘုရင်မှာ အနိုင်ကျင့်ခံရသည်ဟု ခံစားရသည့်တိုင် အခန်းထောင့်တစ်နေရာတွင် ခေါက်ထားသည့် ခေါက်အိပ်ယာအား ထုတ်လာကာ အိပ်ယာခင်း၍ အိပ်လိုက်ဆဲပင်။ 


သူမှ နတ်ဘုရားအဆင့် တိုက်ခိုက်သူကို အနိုင်မတိုက်နိုင်တာ ဘာများ လုပ်နိုင်ဦးမှာလဲ ...


ပြီးတော့ သူကိုယ်တိုင်ကလည်း ဒီလို လုပ်ပေးဖို့ကို လိုလားတာလည်း ပါပါတယ် အဓိကကတော့ သွမ့်ချန်ချင်းက သူ့သားအပေါ် ဘာမကောင်းတဲ့ အကြံအစည်မှ မရှိတာရယ် ... သူ့ကိုလည်း အများကြီး သဘောကျတာရယ်ကြောင့် ရောပေါ့ ...


ပြီးတော့ ... သူသာ တစ်ခုခု ဖြစ်သွားခဲ့ရင် သူ့သားကို ကာကွယ်ဖို့က သွမ့်ချန်ချင်းကို မှီခိုရမှာ ... ဒီလိုလူကို နည်းနည်းလေးမှ အပြစ်ပြုမိလို့ မရဘူး ...


သူ့သားက သူ့ကို ကုသပေးနေတဲ့ ကိစ္စကတော့ ... တစ်ချိန်လုံး မအိပ်ဘဲ တစ်ခြားအလုပ်တွေ ဘာမှ မလုပ်ဘဲ သူ့သားကို ကူညီခိုင်းနေဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ ပြီးတော့ ကုနေတဲ့ အတောအတွင်း သူ့ဒဏ်ရာက ပိုပြီးလည်း ဆိုးလာနိုင်တော့ ... သူ့သားက သူ့ကို ကုပေးနိုင်လိမ့်မယ်လို့ တစ်ခါမှ တွေးမထားခဲ့ဖူးဘူး ...


တစ္ဆေဘုရင်က အိပ်ယာပေါ် လှဲကာ ညလုံးပေါက်နေရန် စိတ်ကို ပြင်ဆင်ထားလိုက်သည်။ 


ပြီးခဲ့သည့် နှစ်များအတွင်း အမျိုးမျိုးသော ကိစ္စများနှင့် ကြုံတွေ့ခဲ့ရရာ ဘေးနားတွင် လူရှိနေသည့်အခါ အိပ်မောကျရန် ခဲယဉ်းလာတော့သည်။ 


သို့သော် မည်သည့်အကြောင်းကြောင့်ရယ်မသိ၊ ရှဲ့ယွင်နန်က သူ့ကို တစ်ကြိမ် ကူညီပေးပြီးနောက် ရုတ်တရက် အိပ်ငိုက်လာကာ သူပင် သတိမပြုမိဘဲ အိပ်ပျော်သွားတော့သည်။ 


သွမ့်ချန်ချင်းက တစ္ဆေဘုရင် အိပ်ပျော်သွားစေရန် လှည့်ကွက်အချို့ ပြုလုပ်ပြီးနောက် ချက်ခြင်း ထထိုင်လိုက်သည်။ 


“အိပ်မပျော်ဘူးလား ...”


ရှဲ့ယွင်နန်က သူ့ကို ခပ်တိုးတိုး မေးလိုက်သည်။ 


တစ္ဆေဘုရင်၏ အိပ်ယာအကြီးကြီးကို သူနှင့် သွမ့်ချန်ချင်းတို့က တစ်ဖက်တစ်ချက်စီ အပိုင်ယူထားလိုက်ကြသည်။ သူက ထိုင်နေကာ သွမ့်ချန်ချင်းကမူ လှဲလျောင်းနေ၏။ 


“မဟုတ်ဘူး သန့်စင်ခန်း သွားချင်လို့ ...”


သွမ့်ချန်ချင်းက သန့်စင်ခန်းသို့ သွားလိုက်ပြီး သူ ပြန်လာသည့်အခါ တစ္ဆေဘုရင်ကို စောင်ခြုံပေးရင်း သူ့အခြေအနေကိုပါ တစ်ပါတည်း စစ်ဆေးလိုက်သည်။ 


ရှဲ့ယွင်နန်က သူ့လှုပ်ရှားမှုများကို သတိမပြုမိပေ။ 


ထိုသူ၏ ပြဿနာမှာ ကျင့်ကြံမှု မှားယွင်းခြင်းနှင့် အတွင်းဒဏ်ရာများ ခံစားနေရခြင်းသာ ဖြစ်သည်။ 


ကျင့်ကြံခြင်းလောကတွင် ဤကဲ့သို့သော ပြဿနာမျိုးနှင့် ကြုံတွေ့ရပါက အစမှ ပြန်လည်စတင်၍ ကျင့်ကြံကာ ခန္ဓာကိုယ်ထဲရှိ ဒဏ်ရာများကို သက်သာပျောက်ကင်းအောင် ကုသကြမည်ဖြစ်သည်။ သို့သော် ဤကမ္ဘာရှိ လူများက ထိုအချက်ကို နားမလည်ကြ။ 


ထိုတိုက်ခိုက်သူများ၏ ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင် မရှိရာ ကိုယ်တိုင် မကုသနိုင်ကြချေ။ 


သူတို့၏ ခွန်အား တိုးတက်လာစေရန် အံ့ဖွယ်သားရဲတို့၏ အသားကို တစ်နှစ်ပတ်လုံး မှီခိုရသည့်တိုင် မသန့်စင်မှုကို မည်ကဲ့သို့ ဖယ်ထုတ်သင့်ကြောင်း မသိကြရာ ... ခန္ဓာကိုယ်မှာ ပြဿနာ တစ်ခုမဟုတ်တစ်ခု ရှိနေကြတော့သည်။ 


မည်သို့ပင်ဖြစ်စေ တစ္ဆေဘုရင်၏ ခန္ဓာကိုယ်ထဲတွင် အမျိုးမျိုးအဖုံဖုံသော ပြဿနာအားလုံး ရှိနေပေသည်။ ထိုကဲ့သို့သော ပြဿနာများ၏ တိုက်ခိုက်မှုကြောင့် သူ့ရှေ့တွင် ရှိနေသူ၏ ခန္ဓာကိုယ်မှာ များမကြာမီ ပျက်စီးယိုယွင်းတော့မည်ဖြစ်သည်။ 


ကုသခြင်းကိုသာ မခံယူပါလျှင် .. တစ်နှစ် နှစ်နှစ်ခန့်သာ အသက်ရှင်နိုင်ပေလိမ့်မည်။ 


သွမ့်ချန်ချင်းက ထိုသူ၏ ခန္ဓာကိုယ်တွင် ပြဿနာ ရှိနေကြောင်း သိထားသော်ငြား ဤမျှ ပြင်းထန်လိမ့်မည်ဟုတော့ ထင်မှတ်မထားချေ။ 


ဒီပြင်းထန်မှုအရဆို ကုသနှုန်းကလည်း သေချာပေါက်ကို နှေးမှာပဲ ...


ဒါပေမယ့် ပြဿနာရဲ့ အရင်းအမြစ်ကို မဟုတ်ဘဲ လက္ခဏာတွေကိုပဲ ရိုးရိုးရှင်းရှင်း ကုသတဲ့ နည်းလမ်းတွေလည်း ရှိတာပေါ့ ဘာလို့ဆို သူ့ရဲ့ စိတ်စွမ်းအင်အစိုင်အခဲထဲမှာ စိတ်စွမ်းအင်တွေ အများကြီး ရှိနေလို့လေ သူသာ ဒီစိတ်စွမ်းအင်တွေကို မသုံးဘဲ တစ္ဆေဘုရင်ရဲ့ ခန္ဓာကိုယ်ထဲ ထည့်ပေးလိုက်ရင် ဒီလူရဲ့ ဒဏ်ရာအများစုကို အချိန်တိုအတွင်း ကုသပေးနိုင်လောက်တယ် ...


ဒါပေမယ့် သိပ်မကြာခင် ပြန်ပြီး အခြေအနေ ဆိုးလာမှာ ...


စိတ်စွမ်းအင် အစိုင်အခဲက နတ်လက်နက်ပဲ ....


ကူးပြောင်းလာပြီးနောက်ပိုင်း ဒီလိုမျိုး ကြံ့ခိုင်မှု အားနည်းတဲ့ ခန္ဓာကိုယ်နဲ့တောင် ကျင့်ကြံနိုင်တယ်ဆိုတာ .. ဒီ စိတ်စွမ်းအင် အစိုင်အခဲထဲက စိတ်စွမ်းအင်ကို မှီခိုလို့သာ လုပ်နိုင်တာ ... စွမ်းအင်ကို သူကိုယ်တိုင် စုပ်ယူပြီးမှ တစ်ခြားသူကို ကုသပေးတာက တစ်ခြားသူရဲ့ ခန္ဓာကိုယ်ထဲကို တိုက်ရိုက်လွှဲပြောင်းပေးတာထက် ပိုကောင်းပေမယ့် ...


သွမ့်ချန်ချင်းက တစ်ခဏမျှ တွေးပြီးနောက် စိတ်မပူတော့ရန် ဆုံးဖြတ်လိုက်သည်။ 


ရှဲ့ယွင်နန် တစ္ဆေဘုရင်ကို ကုသပေးတဲ့အချိန်မှပဲ သူက ဘေးက ကူညီပေးတာပေါ့ ...


ကိစ္စတွေသာ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် .. တစ္ဆေဘုရင်ရဲ့ ခန္ဓာကိုယ်လည်း လဝက်လောက်ဆို သက်သာလာလောက်ပြီ ...


ကူညီပေးပြီးနောက် သူလည်း ဆက်လက်ကျင့်ကြံနေလိုက်တော့သည်။


ရှဲ့ယွင်နန်ကမူ တစ္ဆေဘုရင်ကို တစ်ညလုံး နာရီဝက်တစ်ကြိမ် ကုသပေးနေလိုက်သည်။


နောက်တစ်နေ့မနက် နိုးလာသည့်အခါ တစ္ဆေဘုရင်သည် သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများ၏ ဆယ်ပုံတစ်ပုံခန့်မှာ သက်သာနေပြီဖြစ်ကြောင်း သိလိုက်ရ၍ ကြောင်အသွားတော့သည်။ 


“ယွင်နန် မင်း မနေ့ညက ငါ့ကို ဘယ်နှစ်ကြိမ်လောက် ကုသပေးခဲ့တာလဲ ...”


“၁၇ ကြိမ် ၁၈ ကြိမ်လောက် ဖြစ်မယ်ထင်တယ် ဘာဖြစ်လို့လဲ ...”


ရှဲ့ယွင်နန်က မေးလိုက်သည်။ 


“မင်းရဲ့စိတ်စွမ်းအင်ကရော အဆင်ပြေရဲ့လား ...”


တစ္ဆေဘုရင်က ထပ်မေးလိုက်ပြန်သည်။ 


လူတစ်ယောက်က ဘယ်လိုဖြစ်လို့ တစ်ညတည်းနဲ့ ဒီလောက် အကြိမ်ရေ အများကြီး ကုသနိုင်ရမှာလဲ ပြီးတော့ အဓိက အချက်က ဘာလဲဆို ရှဲ့ယွင်နန်ရဲ့ ပုံစံက အခုအထိ စိတ်စွမ်းအင်တွေ အများကြီး ရှိနေတဲ့ပုံ ပေါ်နေတယ်လေ ...


“ပြဿနာ မရှိပါဘူး ဆရာ .. ကျွန်တော် ဆရာ့ကို ကုသပေးပြီး ပြန်ကျင့်ကြံလိုက်တဲ့ အကြိမ်တိုင်း စိတ်စွမ်းအင်တွေ တိုးများလာတယ် ...”


သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ 


တစ္ဆေဘုရင် “...” 


ဒါကြီးက ဖြစ်ရောဖြစ်နိုင်လို့လား ဒါမျိုး သူဖြင့် တစ်ခါမှကို မကြားဖူးပါဘူး ...


ဘာလို့ ဒီလိုမျိုး ဖြစ်လာတာလဲ မဟုတ်မှလွဲရော သွမ့်ချန်ချင်းရဲ့ ကျင့်ကြံစဉ်ကြောင့်များလား ...


ရှဲ့ယွင်နန်မှာ တစ်ညလုံး အလုပ်များနေခဲ့သည့်အတွက် အိပ်ယာမှ နိုးလာသည့်အခါ မလေ့ကျင့်လိုတော့။ ထို့ကြောင့် စိုက်ခင်းထဲတွင် အလုပ်လုပ်နေသူများထံ သွားကာသာ ကူညီပေးလိုက်တော့သည်။ 


သူ ထွက်သွားသည်ကို မြင်လိုက်သည့် တစ္ဆေဘုရင်ကလည်း သွမ့်ချန်ချင်းကို သွားရှာလိုက်တော့သည်။ 


“မင်း ယွင်နန်ကို ပေးတဲ့ ကျင့်ကြံစဉ်က တကယ်ပဲ စိတ်စွမ်းအင်ကို တိုးမြှင့်ပေးနိုင်တာလား ...”


“ဒါပေါ့ ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


“ဒါဆို ယွင်နန်က အလယ်အလတ်အဆင့် ယဇ်ဆရာ ဖြစ်လာနိုင်တာလား .. မဟုတ်သေးဘူး စီနီယာအဆင့်များလား ...”


သွမ့်ချန်ချင်းက စီနီယာအဆင့် ယဇ်ဆရာကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသော်လည်း သူ့စိတ်ထဲတွင်မူ သေချာနေသည်။ 


“ဒါပေါ့ ...”


တစ္ဆေဘုရင်က ကြောင်အသွားကာ ရုတ်တရက် တွေးမိသွားတော့သည်။ 


“မင်းက ယဇ်ဆရာအကြီးအကဲကို စောင့်ရှောက်ဖို့ အထူးတလည် တာဝန်ယူထားရတဲ့ တိုက်ခိုက်သူများလား ...”


ပြောကြတာတော့ ယဇ်ဆရာအကြီးအကဲရဲ့ ခွန်အားက မှန်းဆလို့ မရဘူး ပြီးတော့ အင်အားကြီး ကာကွယ်သူတွေလည်း အများကြီးပဲတဲ့ .. သူ့ရှေ့မှာ ရှိနေတဲ့သူက ယဇ်ဆရာအကြီးအကဲကို ကာကွယ်ဖို့ တာဝန်ယူထားရတဲ့ တိုက်ခိုက်သူ မဟုတ်လား ...


ဒါဆို သူ ရှဲ့ယွင်နန်ကို ပေးတဲ့ ကျင့်ကြံစဉ်ကလည်း ယဇ်ဆရာအကြီးအကဲရဲ့ ကျင့်စဉ်လား ...


သွမ့်ချန်ချင်းက ပြုံးရုံသာ ပြုံးပြကာ ဘာမှ ဆက်မပြောတော့။ 


ဘာ ယဇ်ဆရာအကြီးအကဲလဲ သူက ဘာမှတောင် နားလည်တာ မဟုတ်ဘူး ... ဒီလူကလည်း အရင် ရှဲ့ယွင်နန်ကို မြင့်မြတ်တဲ့ မြို့တော်အကြောင်း ရှင်းပြတုန်းက တိုက်ခိုက်သူတွေအကြောင်းပဲ အဓိကထားပြီး ပြောခဲ့တာလေ ...


တစ္ဆေဘုရင်က ဆိတ်ဆိတ်နေခြင်းကို ဝန်ခံခြင်းဟု မှတ်ယူလိုက်ဟန်ပင်။ တစ်ခဏမျှ စိတ်လှုပ်ရှားနေပြီးနောက် ဆက်မေးလိုက်သည်။ 


“ဒီလို ကျင့်ကြံစဉ်မျိုးက ခန္ဓာကိုယ်ကိုတော့ မထိခိုက်စေဘူး မဟုတ်လား ...”


နောက်ဆုံးယဇ်ဆရာအကြီးအကဲက အသက်မရှည်ဘူးဆိုတာ သူ မှတ်မိနေသေးတယ် ...


ဒါပေမယ့် မူလပထမ ယဇ်ဆရာအကြီးအကဲကတော့ အတော်လေး အသက်ရှည်ခဲ့သလိုပဲ ...


“မဖြစ်ဘူး ...”


သွမ့်ချန်ချင်းက ပိုင်နိုင်သေချာစွာ ပြောလိုက်သည်။ 


“ကောင်းတယ် ...”


“ကျွန်တော့်ဆီမှာ ခင်ဗျားနဲ့ သင့်လျော်တဲ့ ကျင့်ကြံစဉ်လည်း ရှိတယ် သင်ယူချင်လား ...”


သွမ့်ချန်ချင်းက ထပ်မေးလိုက်သည်။ 


သူ လေ့ကျင့်နေသည့် ကျင့်ကြံစဉ်မှာ သူ့ရှေ့တွင် ရှိနေသူနှင့် သင့်လျော်ခြင်း မရှိလှ။ သို့သော် ယခင်ဘဝက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတစ်ဦးသည် သူ့ကို တစ္ဆေဘုရင်ကဲ့သို့သော လူစားမျိုးအတွက် လွန်စွာ သင့်လျော်သည့် ကျင့်ကြံရေးနည်းလမ်းတစ်စုံကို ပေးခဲဖူးသည်။ 


အိုး ဒါနဲ့ အဲဒီ့ ကျင့်ကြံရေးနည်းလမ်းမှာ ဆွဲဆောင်ရေးနည်းလမ်းတွေလည်း ပါသေးတယ် ဒါကို ကျင့်ကြံတဲ့သူက ပိုပိုပြီးကို ဆွဲဆောင်မှု ရှိလာပြီး ... ဒီကျင့်ကြံစဉ်ကို ပိုင်နိုင်သွားပြီဆိုရင်တော့ လူတစ်ယောက်ကို ညှို့ယူဖမ်းစားဖို့ဆိုတာ စက္ကန့်ပိုင်းပဲ ကြာတယ်တဲ့ ...


အဲဒါတင် မကဘူး ဒါက ညင်သာပြီး ခန္ဓာကိုယ်ကိုပါ အားဖြစ်စေနိုင်သေးတယ် ...


အတွင်းဒဏ်ရာတွေ အသာထား ဒါကို ကျင့်ကြံပြီဆိုရင် အမာရွတ်ပါမကျန် အကုန် ပျောက်သွားတာ ...


အမြီးကိုးချောင်းမြေခွေးထက်ပိုပြီး ဒီကျင့်ကြံစဉ်နဲ့ သင့်တော်တဲ့သူရယ်လို့ ရှိကိုမရှိဘူး ...


အဲဒီ့အခါကျရင် ရှချင်လည်း သူနဲ့ ရှဲ့ယွင်နန်ကို စွဲလမ်းမနေတော့ဘဲ တစ္ဆေဘုရင်ရဲ့ ညှို့ချက်ကို ခံလိုက်ရလိမ့်မယ် ...


“ကောင်းပြီ ...”


တစ္ဆေဘုရင်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ 


“ဒါဆို ခင်ဗျားကို သင်ပေးမယ် ...”


သွမ့်ချန်ချင်းက သူ့ကို စတင် ရှင်းပြလိုက်သည်။ ရှင်းလင်းချက်တို့မှာ လွန်စွာ အသေးစိတ်လှ၏။ 


ကျင့်စဉ်မှာ လွန်စွာ ရိုးရှင်းလှပေသည်။ ထို့အပြင် ၎င်းမှာ မြေခွေးကဲ့သို့ တစ်ပါးသူကို ညှို့ယူဖမ်းစားတတ်သည့် မိစ္ဆာကျင့်ကြံသူများနှင့် အထူး သင့်လျော်လှကာ ၎င်းကို လူသားများအား ဖြားယောင်းသွေးဆောင်ရာတွင် အသုံးပြုခဲ့ကြသည်။ ... အိုး မဟုတ်သေးဘူး တိုက်ခိုက်တဲ့နေရာမှာ သုံးခဲ့တာ ...


ထို့ကြောင့် အမြီးကိုးချောင်း မြေခွေးဖြစ်သူ တစ္ဆေဘုရင်မှာ အလျင်အမြန်ပင် သင်ယူနိုင်ခဲ့တော့သည်။ 


ကျင့်ကြံရင်း သူ့ဒဏ်ရာများကို ကုသခြင်းဖြင့် အလုပ်များနေသည့်အတွက် တစ္ဆေဘုရင်သည် ဤရက်ပိုင်းအတွင်း အိမ်အပြင်သို့ပင် မထွက်မိပေ။ 


လျောင်မုယဲ့ထံမှ သတင်းရပြီးနောက် သူ့ကို အာရုံစိုက်နေကြသူများမှာ ပြောစရာစကားပင် မရှာနိုင်ကြတော့ချေ။ 


သူတို့က စုံစမ်းစစ်ဆေးရန် စိုက်ခင်းထဲသို့ သူလျှိုအချို့ ထည့်ခဲ့သော်ငြား တစ္ဆေဘုရင်၏ အရိပ်အယောင်ကိုမျှပင် မတွေ့ရေချ။ ထိုအစား စိုက်ခင်းထဲရှိ လူများအားလုံးမှာ ... အမှန်တကယ်ပင် အလေးအနက် စိုက်ပျိုးနေကြကြောင်း သိလိုက်ရသည်။ 


ဒီစိုက်ခင်းက ပုံမှန်ပါပဲ .. အထဲက အမာရွတ်တွေနဲ့ လူက တကယ်ပဲ တစ္ဆေဘုရင် ဟုတ်ရဲ့လား...


မြင့်မြတ်မြို့တော်မှ ရောက်လာသည့် အလယ်အလတ်အဆင့် ယဇ်ဆရာနှစ်ဦးအနက် ပိုငယ်သည့် ယဇ်ဆရာ၏ အမည်မှာ မုန့်ယန်ဖြစ်သည်။ 


သူသည် တစ္ဆေဘုရင်ကို လွန်စွာ ကြောက်ရွံ့သူ ဖြစ်ရာ ထိုသူမှာ ဟုန်ယဲ့မြို့တော်တွင် ရှိနေသည်ဟု ကြားလိုက်ရစဉ်က အိမ်သို့ပင် ပြန်ပြေးမိလုမတတ်ပင်။ ... မဟုတ်သေးဘူး မြင့်မြတ်မြို့တော်ကို ပြန်ပြေးတယ်လို့ ပြောရမှာ ...


သို့သော် တစ္ဆေဘုရင်၏ လက်ထဲတွင် ယဇ်ဆရာအကြီးအကဲ ကျန်ရစ်ခဲ့သည့် ရတနာ ရှိနေနိုင်ကြောင်း သိလိုက်ရသည့်အခါ အိမ်ပြန်ရန်လည်း တွန့်ဆုတ်သွားရတော့သည်။ 


အခြားသူနှင့် နှိုင်းယှဉ်ပါလျှင် သူက ပို၍ပင် စိတ်ရှည်ရှည် မထားနိုင်တော့။ နှစ်ရက်ခန့် စောင့်ဆိုင်းပြီးနောက် နောက်ထပ် ထပ်မစောင့်နိုင်၊ လှုပ်ရှားရန် ပြင်ဆင်လိုက်တော့သည်။ 


စိုက်ခင်းကို သွားရောက်စစ်ဆေးရန် သူ့လူများကို ခေါ်လိုက်ကာ နဝမအဆင့် တိုက်ခိုက်သူကိုပါ သူ့အား ကာကွယ်ပေးရန် တောင်းဆိုလိုက်သည်။ 


ယဇ်ဆရာတိုင်းကို တိုက်ခိုက်သူ တစ်ဦးချင်းစီတိုင်းက ကာကွယ်ပေးထားတတ်ကြသော်ငြား ပုံမှန်အားဖြင့် နဝမအဆင့် တိုက်ခိုက်သူများတော့ မဟုတ်ကြချေ။ သူ့ကို ကာကွယ်ပေးနေသည့် နဝမအဆင့် တိုက်ခိုက်သူမှာ အခြားနေရာများသို့ သွားရောက်စဉ်က တွေ့လာခဲ့ခြင်း ဖြစ်ပြီး အပြန်အလှန်အားဖြင့် တစ်ဖက်သူ၏ ဒဏ်ရာများကိုလည်း ကုသပေးရပေသည်။ 


မုန့်ယန်ကို ကာကွယ်ပေးနေသည့် နဝမအဆင့် တိုက်ခိုက်သူမှာ မြင့်မြတ်မြို့တော်ရှိ မိသားစုကြီးတစ်ခုမှ ဆင်းသက်လာသူ ဖြစ်ပြီး ရှစ်ဟိုင်ယွမ်ဟု အမည်ရပေသည်။ သူတို့မိသားစု၏ အဖော်သားရဲ အများစုမှာ ခြင်္သေ့များ ဖြစ်ကြပြီး သူသည်လည်း အလားတူပင်။ 


ရှစ်ဟိုင်ယွမ်မှာ မုန့်ယန်နှင့် ရွယ်တူ အသက် ၇၀ ကျော်နေပြီ ဖြစ်သည်။ အသက် ၁၀၀ ခန့် ရှိနေပြီဖြစ်သည့် အချို့သော တိုက်ခိုက်သူများနှင့် နှိုင်းယှဉ်ပါလျှင် သူ့ကို ငယ်ရွယ်သည်ဟုတော့ သတ်မှတ်၍ မရနိုင်တော့ချေ။ 


အဘိုးအဖြစ်သို့ပင် ရောက်နှင့်နေပြီဖြစ်၏။ 


သူသည်လည်း တစ္ဆေဘုရင်အကြောင်းကို သိထားသော်ငြား မြွေကို ခြောက်မိသလို ဖြစ်မည်ကို စိုးရိမ်သည့်အတွက် တစ်ကြိမ်တစ်ခါမှ ရောက်လာခြင်း မရှိခဲ့။ ယခုမှ ပထမဆုံးအကြိမ် ဖြစ်သည်။ 


သူ့တာဝန်မှာ စိုက်ခင်းတွင် ရှိနေသူသည် အမှန်တကယ် တစ္ဆေဘုရင်အစစ် ဟုတ်မဟုတ် စစ်ဆေးရန် ဖြစ်သည်။ 


အကယ်၍ တစ္ဆေဘုရင် ဟုတ်ခဲ့ပါလျှင် စတင်တိုက်ခိုက်ရန် အခြားသူများကို အချက်ပြပေးရမည် ဖြစ်သည်။ 


စိုက်ခင်းထဲတွင် လူအများအပြား မရှိပေ စုစုပေါင်း ငါးယောက်ခြောက်ယောက်ခန့်သာ ရှိကာ နှစ်ဦးမှာ အနီးဝန်းကျင်ရှိ မြို့များမှ လာအလုပ်လုပ်သည့် သာမန်သူများ ဖြစ်ကြပေသည်။ 


ဒါဆို သူတို့ဘက်ကရော ...


သူတို့ဘက်တွင် လူအများအပြား ပါမလာသည့်တိုင် အလယ်အလတ်အဆင့် ယဇ်ဆရာတစ်ဦး၊ နဝမအဆင့် တိုက်ခိုက်သူတစ်ဦးနှင့် အဌမအဆင့် တိုက်ခိုက်သူနှစ်ဦး ပါဝင်ပေသည်။ 


သူတို့က တစ္ဆေဘုရင်ကို သေချာပေါက် အလဲထိုးနိုင်တာပေါ့ ...


ရှစ်ဟိုင်ယွမ်၏ ရည်ရွယ်ချက်မှာ မုန့်ယန်၏ ဆရာဖြစ်သည်။ သူသာ ယဇ်ဆရာအကြီးအကဲ ချန်ထားခဲ့သည့် ရတနာကို ရခဲ့ပါလျှင် ၎င်းကို မြင့်မြတ်မြို့တော်သို့ ချက်ခြင်း ပြန်ယူသွားကာ စီနီယာအဆင့် ယဇ်ဆရာထံသို့ ပေးလိုက်မည်ဖြစ်သည်။ 


အလယ်အလတ်အဆင့် ယဇ်ဆရာကို စိတ်ကျေနပ်အောင် လုပ်ပေးတာနဲ့စာရင် စီနီယာအဆင့် ယဇ်ဆရာကို စိတ်ကျေနပ်အောင် လုပ်ပေးတာက ပိုပြီး အကျိုးမရှိဘူးလား ...


ဒါကို မိသားစုထဲမှာ သုံးလို့လည်း ရသားပဲ .. ပြောမရဘူး အဲဒီ့ရတနာက တစ်ယောက်ယောက်ကို ယဇ်ဆရာအကြီးအကဲ ဖြစ်အောင်တောင် လုပ်ပေးချင် ပေးနိုင်မှာ ...


ရှစ်ဟိုင်ယွမ်က သူ့အဖော်သားရဲနှင့်အတူ စိုက်ခင်းထဲသို့ ခိုးဝင်လိုက်သည်။ 


များမကြာမီ စိုက်ခင်းထဲတွင် သူ့အဖော်သားရဲကို စိတ်လှုပ်ရှားစေသည့် တစ်စုံတစ်ခု ရှိနေကြောင်း သတိပြုမိလိုက်၏။ ၎င်းက သူ့အဖော်သားရဲကို နိုးကြားတက်ကြွစေနေ၏။ 


အစောပိုင်း စိတ်လှုပ်ရှားမှုမှာ ယဇ်ဆရာအကြီးအကဲ ချန်ထားခဲ့သည့် ရတနာကြောင့် ဖြစ်ရမည်ဟု ခန့်မှန်းမိသော်ငြား ဒုတိယတစ်ခုမှာမူ တစ္ဆေဘုရင်ကြောင့်သာ ဖြစ်ပေလိမ့်မည်။ 


သူက ချက်ခြင်း အချက်ပြအမှတ်အသားကို ထုတ်လွှတ်လိုက်သည်။ 


ဒီမှာ တစ္ဆေဘုရင် ရှိနေတယ် ...


သူ အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် စိုက်ခင်းထဲတွင် ရှိနေသူအားလုံး အိပ်ယာနိုးလာကြတော့သည်။ 


တစ္ဆေဘုရင်က အိပ်ပျော်မနေဘဲ ကျင့်ကြံနေရာ ... အချက်ပြအမှတ်အသားကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ခိုးဝင်လာသူကို ဖမ်းဆီးရန် ပြေးထွက်လာလိုက်သည်။


အဖော်သားရဲကိုပါ တစ်ခါတည်း အပြင်ထုတ်၍ ၎င်း၏ မွေးရာပါစွမ်းရည်ကို အမြင့်ဆုံးအထိ တိုးမြှင့်ကာ သူ့ကိုယ်သူ ကိုယ်ယောင်ဖျောက်လိုက်သည်။ သူ လေ့ကျင့်ထားကာစ ကျင့်ကြံရေးနည်းလမ်းကိုပါ တစ်ပါတည်း အသုံးပြုလိုက်၏။ 


ရှစ်ဟိုင်ယွမ်သည် တစ္ဆေဘုရင်နှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသောအခါ အနည်းငယ် ငေးမောမိကာ နှလုံးခုန်သံတို့လည်း မြန်ဆန်လာတော့သည်။ 


သူ့ရှေ့တွင် ရှိနေသည့် အမျို

းသားမှာ တစ်မျက်နှာလုံး အမာရွတ်များဖြင့် ပြည့်နှက်နေသည့်တိုင် သူ့နှလုံးသားကို လှုပ်ခတ်စေခဲ့၏။ သူ့ဘဝ၏ အချစ်ဦး နတ်ဘုရားမကို မျက်မြင်တွေ့ခဲ့ရသည့် ၁၇ နှစ် ၁၈ နှစ်အရွယ်သို့ ပြန်လည်ရောက်ရှိသွားလေသလားဟုပင် ခံစားမိတော့သည်။