အပိုင်း ၁
Viewers 14k

Chapter 1

(  လက်စားချေရန်အတွက် ထုံရွှယ်လူ ပြန်လည်မွေးဖွားလာခဲ့သည် ၊  အလုပ်ရှုပ်နေအောင်လုပ်ဖို့ တစ်ခုခုရှာလိုက်တာ ပိုကောင်းမယ် [ ၁ ])




ပြတင်းတံခါးအပြင်ဘက်မှ ပုစဉ်းရင်ကွဲသံများကြောင့် ထုံရွှယ်လူ နိုးလာသည်။


ခဏနေပါဦး ....


သတိလစ်မသွားသေးခင်အချိန်တွင် အပန်းဖြေစခန်း၌ နှင်းလျှောစီးနေခဲ့သည်ကို သူမ သတိရသွားမိသည်။


ဆောင်းလယ်ကြီးတွင် ပုစဉ်းရင်ကွဲများက အဘယ်ကြောင့်ရှိလိမ့်မည်နည်း။


ထုံရွှယ်လူတစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ထိုအခါ ကပိုကရိုခြင်ထောင်နှင့် ၎င်းဘေးရှိ သစ်သားစားပွဲတစ်ခုပေါ်တွင်တင်ထားသောခေတ်ဟောင်းဓာတ်ဘူးတစ်ဘူးကို သူမ ဦးစွာမြင်လိုက်ရသည်။ဓာတ်ဘူး‌၏ဘေးတွင်မူ 

" မိန်းမတွေက ကောင်းကင်တစ်ခြမ်းကို ထောက်တင်ထားတယ် " ဟူသည့် စာတန်းပါ ကြွေခွက်တစ်လုံးရှိလေ၏။ထုံရွှယ်လူတစ်ယောက် ဝေဝါးနေစဉ်မှာပင် တစ်စုံတစ်ယောက်က အခန်းတံခါးအား  အားပြင်းပြင်းဖြင့် တွန်းဖွင့်လာတော့သည်။


ကုတင်ပေါ်တွင် လဲလျောင်းနေသူမှာ မျက်လုံးပွင့်လျက်သားဖြစ်နေသည်ကိုမြင်သွားသည့်ချိုင်ချွန်းလန်က ချက်ချင်းဆိုသလိုပင် သူမ၏နှုတ်ခမ်းထူထူများဖြင့်  ပွစိပွစိပြောတော့လေ၏။


" အမလေး ...ငါ့ညီမရယ် ...အသက်ပဲကြီးနေပြီ ... ဘာကိစ္စ ဒီလိုလုပ်ရတာလဲ ... ဘာလို့အိမ်ထဲမှာ ဆွဲကြိုးချဖို့ကြံစည်တာလဲ ... ငါသာ လာပြီးမကြည့်ခဲ့ရင် နင် အိမ်ထဲမှာပဲ သေသွားတော့မလို့ ... "


" တော်ပါတော့ကွာ ... "


" ဘာကိုတော်ရမှာလဲ ... အရင်တုန်းကတော့ သူ့ကိုရှင့်ရဲ့ညီမအရင်းထင်ပြီးတော့ ကျွန်မရဲ့ယောင်းမအစစ် လို့ မှတ်ယူထားခဲ့တာ ... အဲဒါကြောင့်ပဲ သူ့အပေါ်ကောင်းပေးခဲ့တာ ... အခု သူက ထုံမိသားစုရဲ့သမီးမဟုတ်ဘူးဆိုတာကို အတည်ပြုပြီးပြီပဲ ... ဘာကိစ္စ ဘိုးဘေးလိုမျိုး မြှောက်စားနေရဦး‌တော့မှာလဲ ... သူနိုးလာတာနဲ့ ချက်ချင်း‌မောင်းထုတ်လိုက်သင့်တာ ... "


ချိုင်ချွန်းလန်က အိပ်ရာထဲတွင်လဲလျောင်းနေသောထုံရွှယ်လူ၏ကံဆိုးမှုအား ဝမ်းပမ်းတသာဖြစ်နေဟန်ဖြင့် ကြည့်ရှုနေခဲ့သည်။


အငယ်ဆုံးသမီးလေးမှာ သခင်ကြီးနှင့်သခင်မကြီးတို့နှစ်ဦးစလုံး၏အသည်းအသက်ကလေးဖြစ်ကြောင်း အိမ်သားတိုင်း သိရှိကြသည်။သူတို့မဟုတ်သည့် အခြားသူက ကလေးအား ချီပွေ့ထားလျှင် ပြုတ်ကျမည်ကိုစိုးရိမ်ကြသည်။


၎င်းချီ‌ပွေ့ထားသူက သူတို့၏အသည်းအသက်လေးအား ပါးစပ်ထဲသို့ထည့်ပြီး ဝါးစားလျှင်တော့ အရည်ပျော်ကျသွားတော့လေမည် ဟူ၍ပင် ရှာကြံစိတ်ကူးယဉ်၍ အကဲပိုကြသူများဖြစ်လေသည်။မိဘများက ထုံရွှယ်လူအား သားနှစ်ယောက်ထက်ပင် ပို၍အလေးပေးပြီး သူမသည် ငယ်စဉ်ကလေးဘဝကတည်းက အကောင်းတကာ့အကောင်းဆုံးအရာများကိုသာရရှိခဲ့သည်။သူမ၏အသားအရည်မှာမူ အခွံခွာထားသော ကြက်ဥထက်ပင် ပိုမိုဖြူစင်နူးညံ့သေးသည်။


ထုံရွှယ်လူမှာ အလွန်အမင်းအလိုလိုက် ဖူးဖူးမှုတ်ခံထားရသူတစ်ဦးဖြစ်ပြီး ယောင်းမဖြစ်သူချိုင်ချွန်းလန်ပင်လျှင် သူမနှင့်ပြဿနာတစ်စုံတစ်ရာမဖြစ်‌စေရန် ဂရုတစိုက်ရှောင်ကြဉ်ရလေသည်။ချိုင်ချွန်းလန်မှာ ပိုမိုခက်ခဲကြမ်းတမ်းသောနေ့ရက်များ‌ရောက်လာမည်ဟုသာ ထင်မှတ်ထားခဲ့သော်လည်း အချိုးအကွေ့တစ်ခုဖြစ်ပေါ်လာသည်။


လွန်ခဲ့သောနှစ်လခန့်က ထုံမိသားစုထံသို့ မိန်းကလေးတစ်ဦး ရောက်လာခဲ့ပြီး သူမသည် လွန်ခဲ့သော၁၅နှစ်က ပြန်ပေးဆွဲခံခဲ့ရသည့်ထုံမိသားစု၏သမီးအစစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထိုအကြောင်းအရာမှာ လျှပ်စီးတစ်ခုသကဲ့သို့ ရိုက်ခတ်ပြိုးပြက်သွားခဲ့ပြီး ထုံမိသားစုတစ်ခုလုံးအား အံ့အားသင့်သွားစေခဲ့လေ၏။


လွန်ခဲ့သော ဆယ့်ငါးနှစ်က ၊ သုံးနှစ်သမီးအရွယ် ထုံရွှယ်လူမှာ ပြန်ပေးဆွဲခံခဲ့ရပြီး နှစ်နှစ်အကြာတွင် မိသားစုမှ သူမအား ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။သူမ၏နောက်ကျော၌မှဲ့ရှိပြီး အခြားအချက်အလက်များမှာလည်း ထပ်တူကျနေခဲ့သည့်အတွက် ထုံမိသားစုမှာ မည်သည့်အခါကမှ သံသယဝင်ခြင်းမျိုး မရှိခဲ့ပေ။


မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဤအချိန်တစ်လျှောက်လုံး အခြားသူ၏ကလေးအား ပြုစုပျိုးထောင်ပေးနေခဲ့ရသည်။


အမျိုးသမီးကြီး၏အသံက အလွန်ကျယ်လောင်ပြီး ထုံရွှယ်လူအား ခေါင်းကိုက်လာစေသည်။

သူမ၏ခေါင်းထဲတွင်မူ မသက်ဆိုင်သောမှတ်ဉာဏ်များစွာပေါ်ပေါက်လာ‌လေ၏ထိုသို့ဖြစ်စေခဲ့သည့် ရွှေ့ပြောင်းခြင်းနတ်ဘုရားကိုသာ အပြစ်တင်လိုက်ချင်တော့သည်။


မှန်ပေသည်။သူမသည် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းလာခဲ့ခြင်းပင်။


မကြာသေးမီကအထိ အပန်းဖြေစခန်းတစ်ခုတွင် လတ်လတ်ဆတ်ဆတ်အသားစိမ်းလေးဖြင့် နှင်းလျှောစီးနေခဲ့သေးသည်။

ယင်းအသားစိမ်းလေးမှာ ရင်အုပ်ကျယ်ကျယ်နှင့် ခြေတံရှည်များရှိပြီး အလွန်ပင်ချောမောသည်။သူသည် ဆွေကြီးမျိုးကြီးမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး အထူးသင့်လျော်သောဖူးစာရှင်လေးတစ်ဦးပင်။


ဤနှစ်များအတွင်းတွင် သူမအား လူအများအပြားက ကြွေဆင်းခဲ့ကြပြီး ထုံရွှယ်လူမှာ ပိုးပန်းခံရသည့်ခံစားချက်ကို အလွန်နှစ်သက်ခဲ့သည်။

သို့သော်လည်း သူမသည် မည်သူ့အပေါ်ကိုမှ လွယ်လွယ်နှင့် စိတ်မယိုင်ခဲ့ပေ။


ထို့ကြောင့်ပင် လက်ဖက်စိမ်းမများကြားထဲ၌ VIPအဆင့်အထိ ရည်ညွှန်းခြင်းခံခဲ့ရပြီး အကျင့်ယုတ်သောမိန်းမများ၏ရှေ့ဆောင်လမ်းပြလေယာဉ်ပျံကလေးတစ်စင်းဖြစ်လာသည်။


၎င်းအကြောင်းအရာများကို တစ်ဆင့်ပြန်ကြားသောအခါ ထုံရွှယ်လူ့ခမျာ ရယ်နေရုံသာတတ်နိုင်သည်။

ကျားမ နှစ်မျိုးစလုံးအ‌ပေါ် ယုတ်မာသူခင်မို့မို့အေးများမှာ အမျိုးသားများထက် အမျိုးသမီးများသာ ဖြစ်လေ့ရှိကြစမြဲပင်။


အသားစိမ်းလေးကတော့ သူမကို သုံးနှစ်ကြာအောင် ပိုးပန်းခဲ့လေ၏။အသားစိမ်းလေးမှာ သူမ စိတ်ရှိသလိုခြယ်လှယ်နိုင်ကာ နာခံစိတ်ရှိပြီး အရည်အချင်းလည်းပြည့်ဝသည်။ထို့ကြောင့်ပင် ထုံရွှယ်လူမှာ ယင်းအသားစိမ်းလေးက သူမအား လက်ဖက်စိမ်းမဘဝမှ အကျွတ်တရားရအောင်စွမ်းဆောင်ပေးမည့် တစ်ယောက်သောသူဟု မှတ်ယူလိုက်ပြီး အိမ်ထောင်ရှင်မ ၊ အမေကောင်းတစ်ယောက်ဖြစ်လာရန် ဆုံးဖြတ်ခဲ့လေ၏။


သို့သော်လည်း ဆက်ဆံရေးတစ်ခုအား စိတ်ရောကိုယ်ပါနှစ်၍ မတည်ဆောက်ရသေးမီမှာပင် သူမသည် နှင်းလျှောစီးလမ်းဘေးရှိ သစ်ပင်တစ်ပင်ကို ဝင်တိုက်မိသွားခဲ့သည်။နိုးထလာချိန်တွင်တော့ သူမသည် ၇၀ပြည့်နှစ်ကာလသို့ ရောက်ရှိနေခဲ့လေပြီ။


*


အမှန်တကယ်ကူးပြောင်းခြင်းမတိုင်မီတွင် ထုံရွှယ်လူမှာ အကယ်၍သာကူးပြောင်းခဲ့ရပါက ပြန်သွားရန်သင့်တော်မည့်အချိန်ကာလများအကြောင်းအား သူမ၏ပလတ်စတစ်ညီအစ်မများနှင့် ဆွေးနွေးခဲ့ကြလေသည်။ထိုအချိန်တွင် ထုံရွှယ်လူမှာ (၆၀) ၊ (၇၀) ပြည့်နှစ်ကာလများက အဆင်ပြေကြောင်းပြောကြားခဲ့ပြီး အမှန်တကယ်ပင် ( ၇၀ ) ပြည့်နှစ်အချိန်သို့ရောက်ရှိလာသည်။


မည်မျှပင် စိတ်ရှုပ်ထွေးစရာကောင်းလိုက်သောကိစ္စနည်း။


ပြဿနာမှာ သံသယဖြစ်ဖွယ်ကိုယ်ကျင့်တရားစံနှုန်းများပါရှိသည့် ထိုစာအုပ်က လုံးဝရယ်စရာကောင်းနေခြင်းပင်။ဝတ္ထုထဲတွင် အမျိုးသမီးဇာတ်ဆောင်သည် သူမ၏ပြန်လည်မွေးဖွားလာမှုနှင့် ရွှေလက်ချောင်းဖြစ်သည်ဟူသောအချက်တို့ကိုအသုံးချကာ အယောင်ဆောင်သမီး၏စေ့စပ်ထားသူနှင့် အလုပ်တို့ကို သိမ်းပိုက်ပြီး ဘဝတွင်ရှိသည့် ကြီးကျယ်သော အရာမှန်သမျှကို အဆုံးသတ်သွားစေခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ ထုံရွှယ်လူသည် ဤစာအုပ်မှ အယောင်ဆောင်သမီးအဖြစ်သို့ ကူးပြောင်းလာခဲ့သည်။  ဦးနှောက်သေနေသောအမြောက်စာအဖြစ် အမျိုးသမီးဇာတ်ဆောင်ထံမှ အကြိမ်ကြိမ် ပါးရိုက်ခံရပြီးနောက်တွင် ကွာရှင်းထားသောအဘိုးကြီးနှင့် လက်ထပ်ကာ နောက်ဆုံးတွင် အိမ်တွင်းအကြမ်းဖက်မှု၏သားကောင်အဖြစ် သေဆုံးသွားရမည်ဖြစ်သည်။


တိုတိုတုတ်တုတ်ပြောရပါက သူမ၏ဇာတ်ကောင်မှာ ဇာတ်လမ်းတစ်လျှောက်ငြိမ်သက်စွာနေနေရမည့် ငတုံးမတစ်ယောက်ပင်ဖြစ်လေ၏။ပြုခဲ့သမျှအရာအားလုံး ဝဋ်လည်ခဲ့လေပြီလော။သို့သော်လည်း သူမသည် မည်သည့်အခါကမှ တတိယလူ(စနိုက်ကြော်)မဖြစ်ဖူးသကဲ့သို့ မည်သည့်မိန်းကလေးအပေါ်ကိုမှလည်း မယုတ်ညံ့ခဲ့ဖူးပေ။


ထိုသို့ဖြစ်ခဲ့ပါလျက် အဘယ်ကြောင့် ထိုသို့အခြေအနေများဖြစ်လာရသနည်း။


မည်သို့ပင်ဆိုပါစေ  ဖြစ်ပျက်သည်များက ဖြစ်ပျက်ပြီးလေပြီ။နောက်ထပ်ခြေလှမ်းများအကြောင်းတွေးကြည့်ရုံသာတတ်နိုင်လိမ့်မည်။


ထို့အပြင် ဤခန္ဓာကိုယ်သည် အသက် ( ၁၈ ) နှစ်သာရှိသေးပြီး သူမ၏မရွှေ့ပြောင်းမီက ခန္ဓာကိုယ်ထက် ( ၇ )နှစ်ပိုငယ်သည်။ သူမသည် အရှေ့သို့တစ်ကွက်ကြိုရောက်နှင့်ပြီးသားဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက် သို့မဟုတ် ရွှေလက်ချောင်းကြောင့်နှင့် စိုးရိမ်သည်မျိုးမရှိပေ။မတူညီသောမြေပုံများ၌ NPC များအား ခုခံအနိုင်ယူနေသကဲ့သို့သာ မြင်ယောင်ထားသည်။


မူလပိုင်ရှင်၏ မွေးမိဘနှစ်ပါးစလုံးသည် ယာဉ်တိုက်မှုကြောင့် သေဆုံးသွားကြပြီး မူလပိုင်ရှင်အပြင် နောက်ထပ် ကလေးသုံးဦးလည်း ရှိသေးသည်။

၎င်းကလေးသုံးဦးမှာ ယခုအချိန်တွင် ဆင်းရဲတွင်းနက်နေသော်လည်း ၎င်းတို့သည် သက်ဆိုင်ရာနယ်ပယ်များတွင် အထက်တန်းစားများ ဖြစ်လာကြမည်ဖြစ်သည်။

ယခု ထုံရွှယ်လူ၏အရှေ့တွင် ရွေးချယ်စရာနှစ်ခုရှိသည်။


 [ ၁ ]   ထုံမိသားစု၌ဆက်နေပြီး အမျိုးသမီးဇာတ်ဆောင်အား တတ်စွမ်းသမျှ ခုခံပါ။

 [ ၂ ]    ထုံမိသားစုမှထွက်သွားပြီး အနာဂတ်သူဌေးလောင်းသုံးဦးကို ပြုစုပျိုးထောင်ရန် ပြန်သွားပါ။


စာအုပ်တစ်အုပ်သို့ ကူးပြောင်းလာချိန်တွင် မည်သူက အမျိုးသမီးဇာတ်ဆောင်နှင့် အဆက်မပြတ်တိုက်ပွဲဝင်နေချင်မည်နည်း။ ကိုယ်တိုင်ဇာတ်ဆောင်လုပ်လိုက်ပြီး တစ်ဆင့်ပြီးတစ်ဆင့် သဘာဝကျကျလေး အမြင့်တက်သွားခြင်းကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မည်။


ကလေးထိန်းရတော့ပေမည် ....


ထုံရွှယ်လူက စဉ်းစား‌နေရင်းဖြင့်မျက်တောင်ခတ်နှစ်ကြိမ်ခတ်ကာ အနည်းငယ် ငြီးတွားလိုက်သည်။

လှုပ်လှုပ်ရှားရှားဖြစ်လာသည်ကို သတိပြုမိသွားသောချိုင်ချွန်းလန်က သူမအား အားပြင်းပြင်းဖြင့်လာတွန်းပြီး " နိုးရင်လည်း အိပ်ရာထဲက ထွက်သွား ... " ဟု ပြောလေ၏။


ထိုအခါ ထုံရွှယ်လူ၏နှုတ်ခမ်းများက အနည်းငယ် လှုပ်ခတ်သွားခဲ့ပြီး သူမက ထပ်မံ၍ညဉ်းတွားလိုက်ပြန်‌သည်။


" ဘာပြောတာလဲ ... ကျယ်ကျယ်ပြောလေ ... "

ချိုင်ချွန်းလန်က ထုံရွှယ်လူ၏ပါးစပ်နားသို့ နားထိုးကပ်‌ပေးကာ မေးခွန်းထုတ်သည်။


ထုံရွှယ်လူက မည်သည်ကိုမှ ပြန်မဖြေဘဲ ချိုင်ချွန်းလန်၏ပုခုံးကိုလှမ်းဆွဲကိုင်ကာ အနားသို့ပိုတိုးကပ်စေသည်။ယင်းနောက်တွင် သူမက ချိုင်ချွန်းလန်၏နားထဲသို့ မြေခွေးအူနေသလို စူးစူးရှရှအော်ဟစ်ပစ်လိုက်တော့လေ၏။


" အားးး.... "


နားအတွင်း၌ ငလျင်ထန်သွားခဲ့ပြီး ရုတ်တရက်လဲသေတော့မလို ခံစားလိုက်ရသည်။ချိုင်ချွန်းလန်တစ်ယောက် နားပင်းပြီဟုပင် အမှတ်မှားသွားပြီး ထုံရွှယ်လူ၏လက်အား ရိုက်ချလိုက်တော့လေ၏။


" ဘာဖြစ်နေတာလဲ ... ဘာကိစ္စရုတ်တရက်ကြီး ထအော်နေတာလဲ ...အမလေး ငါ့နား ... "


ထိုအခါ ထုံရွှယ်လူက လဲလျောင်းနေခဲ့ရာမှ ရင်ဘတ်ပေါ်လက်တင်ပြီး ထထိုင်လာသည်။သူမ၏မျက်နှာပေါ်တွင်မူ ကြောက်လန့်တုန်လှုပ်နေသောအမူအရာရှိလေ၏။


" အိပ်မက်ထဲမှာ ယောင်း ... ယောင်းမလတ်က ကြွက်ကြီးဖြစ်သွားပြီ ကျွန်မကို အိမ်ထဲကနေ နှင်ထုတ်နေတာတဲ့ ... အ ... အရမ်းကြောက်စရာကောင်းတာပဲ ... "


ချိုင်ချွန်းလန် : ......


အစ်ကိုလတ် : .....


ယခုအချိန်ထိ နားအူနေဆဲဖြစ်သည့်ချိုင်ချွန်းလန်တစ်ယောက် သူမကို ကြွက်ဖြင့်ခိုင်းနှိုင်းနေသည့်ထုံရွှယ်လူအား မီးတောက်အကြည့်များဖြင့် ကြည့်လိုက်တော့လေ၏။အော်ဟစ်ပွဲကြမ်းတော့လုဆဲဆဲမှာပင်  အပြင်ဘက်မှ ခြေသံများထွက်ပေါ်လာသည်။


"ဘာဖြစ်တာလဲ ...  ဘယ်သူက ဒီလောက်ထိအကျယ်ကြီးအော်နေတာလဲ ”


အစ်ကိုအကြီးဆုံးနှင့် သူ၏ဇနီးသည်ချန်ယွဲ့လင်တို့က အခန်းထဲသို့ အပြေးဝင်လာကြသည်။


ထိုအခါ အစ်ကိုလတ်က " ဘာမှ မဖြစ်ပါဘူး ... ညီမလေးက အိပ်မက်ဆိုး မက်ပြီး လန့်နိုးသွားတာပါ ... " ဟု ပြေပြေလည်လည် ပြောကြားလိုက်လေ၏။

ထိုသို့ပြောပြီးသည်နှင့် ထုံရွှယ်လူ၏ပါးပြင်ပေါ်သို့ ဆင်းသက်လာသောမျက်ရည်စီးကြောင်းများအား သူတို့တွေ့လိုက်ကြရသည်။အခန်းထဲမှ ကျန်လေးယောက်စလုံး လန့်ဖျပ်သွားကြပြီး ချိုင်ချွန်းလန်ခမျာတော့ အပြစ်မကင်းသလို စတင်ခံစားလာရတော့သည်။သူမက လည်ကိုဆန့်ပြီး ပြူးကျယ်နေသောမျက်ဝန်းများဖြင့် အိုးမလုံအုံပွင့်စွာ ကပ်ကပ်လန်အောင် ပြောကြားလာခဲ့လေ၏။


" နင့်ဘာသာနင် အိပ်မက်ဆိုးမက်တာနော် ... ငါနင့်ကို  

နှင်ထုတ်မယ်လို့ တစ်ခါမှ မပြောရသေးဘူး ... ငါ့ကိုအပြစ်လာဖို့မယ် မကြံနဲ့ ... "


ထုံရွှယ်လူမှာ ထုံမိသားစုမှ သမီးမဟုတ်ကြောင်း သေချာနေပြီဖြစ်သော်လည်း သူတို့ သူမအား  ပြုစုပျိုးထောင်ခဲ့သည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သည်။အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ဖြစ်ခဲ့လျှင်ပင် သံယောဇဉ်ကြိုးများ တွယ်နှောင်နှင့်ခဲ့ပြီးဖြစ်လေမည်။ယောက္ခထီးနှင့် ယောက္ခမတို့က ယခုအချိန်ထိ ဤတစ်ယောက်အား တွယ်တာနေကြသေးသည်။ထို့ကြောင့် ဆုံးဖြတ်ချက်မချရသေးမီအထိ ထုံရွှယ်လူအား အလွန်အကြူးစော်ကားပြုမူ၍ မဖြစ်ပေ။နောက်နောင်တွင် အကျိုးဆက်များဖြစ်လာမည်ကို ချိုင်ချွန်းလန် စိုးရိမ်မိသည်။


ထုံရွှယ်လူက ကုတင်ပေါ်မှ ဆင်းသက်လာကာ ကနဦးက ချိုင်ချွန်းလန်ရိုက်ချခဲ့သော သူမ၏လက်ဖမိုးမှ အနီရောင်အကွက်ကြီးကို အမှတ်မထင်ပြပြီး


 "စိတ်မပူပါနဲ့ မမ ... ညီမလေး မမကို အပြစ်မတင်ပါဘူး .." 


ဟု ပြောလိုက်သည်။ထိုအခါ ထုံညီအစ်ကိုနှစ်ဦးစလုံးက ချိုင်ချွန်းလန်အား တစ်ပြိုင်နက် စိုက်ကြည့်လာကြသည်။


 ချိုင်ချွန်းလန် :  “……”

ထုံရွှယ်လူက သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး မျက်လုံးများနီမြန်းသွားသည်အထိ ပွတ်သပ်လိုက်လေ၏။


 “အစ်ကိုကြီး ... အစ်ကိုလတ် ...  ဒါက ညီမလေး အစ်ကိုကြီးတို့ကို ဒီလိုမျိုး စကားပြောရတဲ့နောက်ဆုံးအကြိမ် ဖြစ်နိုင်တယ် ...  အခုဒီမှာ ညီမလေးကို မကြိုဆိုဘူးဆိုတာ သိပါတယ် ... အခုချက်ချင်းပဲ ညီမလေး ထွက်သွားပေးပါ့မယ် ... "


ထိုအခါ အစ်ကိုကြီးက ဝင်ရောက်ပြောဆိုလာသည်။


" မဟုတ်တာ ... အစ်ကိုကြီး တစ်ယောက်လုံးရှိတယ် ... ညီမလေးကို ဘယ်သူမှ ဒီနေရာကနေ နှင်ထုတ်လို့မရဘူး ... "


အစ်ကိုလတ်ကလည်း သူ၏ဇနီးသည် ချိုင်ချွန်းလန်အား ကြည့်နေရင်းဖြင့် ထပ်လောင်းပြောဆိုလာလေ၏။


" ဟုတ်တယ် ညီမလေး ... ဒီမှာပဲနေပါ ... ထုံမျိုးရိုးက မိသားစုကြီးတစ်ခုပဲကို ... လူတစ်ယောက်ကို တင်ကျွေးထားဖို့က မခဲယဥ်းပါဘူး ... "


ချိုင်ချွန်းလန်တစ်ယောက် ဒေါသထွက်လွန်းသဖြင့် အံကိုသာတင်းတင်းကြိတ်ထားရသည်။ထုံရွှယ်လူက ခေါင်းခါလိုက်ပြီး သနားကမားလေသံဖြင့် ဖြေကြားလေ၏။


" မေမေ ၊ ဖေဖေနဲ့ အစ်ကိုတွေ အစ်မတွေအားလုံးကိုလွမ်းနေမှာပါ ... ညီမလေး ဆက်နေနေရင် အကုန်လုံးရှုပ်ထွေးသွားလိမ့်မယ် ... ထွက်သွားတာပဲကောင်းပါတယ် ... ဒီနှစ်တွေအတွင်း ညီမလေးကို ပြုစု‌ပျိုးထောင်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ် ... ညီမလေး အရင်တုန်းက ဆိုးခဲ့ပြီး အစ်ကိုကြီးတို့ကို အကြိမ်ကြိမ်အခါခါစိတ်ပျက်စေခဲ့တယ် ... အခုတော့ အဲလိုကိစ္စမျိုးရှိမှာ မဟုတ်တော့ပါဘူး ... မေမေက မိုးတွေရွာရင် ဒူးနာတတ်တယ် ... သူ့ကိုဂရုစိုက်ပေးပါ ... ဖေဖေကတော့ ခဏခဏ ခေါင်းတစ်ခြမ်းကိုက်တတ်တာမလို့ နောက်ကွယ်မှာ အရက်ခိုးမသောက်အောင်လို့ သေချာလေးစောင့်ကြည့်ပေးပါနော် ... "


အဆုံးသတ်၌ သူမ၏အသံက ကွဲအက်သွားပြီး မျက်ဝန်းအိမ်ထဲ၌လည်း မျက်ရည်များအတောမသတ်နိုင်အောင် အိုင်ထွန်းနေသည်။ထုံရွှယ်လူ‌တစ်ယောက် ၎င်းမျက်ရည်များအား တတ်စွမ်းသလောက် ချုပ်ထိန်းထားပေ၏။


လူသားများက ထူးဆန်းလွန်းသည်။အကယ်၍သာ လူတစ်ယောက်က အမြဲတစေ ရင့်ကျက်လာပြီး စာနာတတ်သူဆိုပါက ထိုသို့ပြောလာချိန်တွင် သာမန်ဟုသာ မှတ်ယူကြလိမ့်မည်။သို့သော်လည်း ဆိုးသွမ်းပြီးအလိုက်ကမ်းဆိုးမသိတတ်သူတစ်ဦးက ပြောလာချိန်တွင်မူ ထိုသူမှာ အမှန်တကယ်ရင့်ကျက်သွားလေပြီဟု ယုံကြည်ကြပေမည်။


ယခုအချိန်တွင် အစ်ကိုကြီးတို့လင်မယားနှင့် အစ်ကိုလတ်၏စိတ်ထဲတွင် ထိုသို့သောအတွေးမျိုးရှိနေသည်။

အထူးသဖြင့် အလိုက်ကမ်းဆိုးမသိတတ်သူ ထုံရွှယ်လူတစ်ယောက် မျက်လုံးများနီနေသည့်ကြားထဲမှ မငိုဝံ့သည့်‌မြင်ကွင်းအား မြင်လိုက်ရသောအခါ ရုတ်ချည်းဆိုသလိုပင် သူတို့၏နှလုံးသားများက အရည်ပျော်သွားကြတော့လေ၏။


ချန်ယွဲ့လင်က ထုံရွှယ်လူ၏လက်ကို ဆုပ်ကိုင်ပြီး ပြောလာခဲ့သည်။


" ညီမလေး ဒီမှာဆက်နေသင့်တယ် ...  ဒီလိုမျိုးထွက်သွားလိုက်ရင် အဖေနဲ့အမေ ပြန်လာတဲ့အခါကျ အစ်မတို့ ဘာပြန်ပြောရတော့မလဲ "


အိမ်ပြန်ရောက်လာခါစ ယောက်မအစစ်လေးမှာ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားခဲ့ရပြီး သူမက ထုံရွှယ်လူအား ပြင်းပြင်းထန်ထန်အော်ငေါက်ခဲ့သည်။ထိုသို့ဖြစ်ခဲ့ရာမှ သူမသည် သတိမေ့သွားခဲ့ပြီး မိသားစုမှ ဆေးရုံသို့ခေါ်ဆောင်သွားခဲ့လေ၏။ 


မိဘများထံမှ လျစ်လျူခံလိုက်ရသောထုံရွှယ်လူမှာတော့ စိတ်ခံစားချက်ပြင်းထန်စွာဖြင့် ကြိုးဆွဲချရန် ကြိုးစားခဲ့တော့‌သည်။


ခြုံငုံပြောရပါလျှင် အိမ်တော်၌ ဂယက်ပေါင်းသောင်းခြောက်ထောင်မက ဖြစ်ပျက်ခဲ့လေသည်။



xxxxxx