Chapter 2
လက်စားချေရန်အတွက် ထုံရွှယ်လူ ပြန်လည်မွေးဖွားလာခဲ့သည် ၊ အလုပ်ရှုပ်နေအောင်လုပ်ဖို့ တစ်ခုခုရှာလိုက်တာ ပိုကောင်းမယ် [ ၂ ])
ချန်ယွဲ့လင်မှာ ယောင်မလေးအား သဘောကျသည့်အထဲတွင် မပါသော်လည်း ယခုအချိန်၌ သူမ လည်း ခက်ခဲသောအနေအထားတစ်ခုတွင် ရှိနေသည်ဟု ခံစားရသည်။
(၁၂)နှစ်ကြာအတူနေခဲ့သောမိသားစုက တစ်နေ့တွင် သွေးသားမတော်စပ်သူများအဖြစ်ပြောင်းလဲသွားပြီး တစ်ချိန်တည်းမှာပင် သူမ၏မွေးမိဘများသည်လည်း ကွယ်လွန်သွားကြသည်။ထုံရွှယ်လူမှာ သူမ၏ဘဝတွင် နေသားတကျဖြစ်နေခဲ့ပြီးဖြစ်သောကြောင့် ဤလိုတုံ့ပြန်သည်က မထူးဆန်းပေ။သူမသာ ထုံရွှယ်လူ၏နေရာ၌သာဆိုလျှင်လည်း အလွန်ပင် စိတ်ပျက်မိလိမ့်မည်။
ထုံရွှယ်လူက ခေါင်းခါသည်။
" ကျေးဇူးတင်ပါတယ် မမ ... ဒါပေမဲ့ ညီမလေး စိတ်ဆုံးဖြတ်ပြီးသွားပါပြီ ... အစ်ကိုကြီးနဲ့အတူတူ မိသားစုကို ဂရုစိုက်ပေးပါနော် ... "
ပြောပြီးသည်နှင့် သူမက ချန်ယွဲ့လင်ဆုပ်ကိုင်ထားသောသူမ၏လက်အား ပြန်ဆွဲယူလိုက်လေ၏။
ထုံရွှယ်လူ ထွက်ခွာသွားသည်ကိုကြည့်ရှုနေရင်း လူတိုင်း၏စိတ်ထဲ၌ ရှုပ်ထွေးသောခံစားချက်များဖြစ်ပေါ်လာသည်။
အစ်ကိုကြီးက သူ့တွင်ရှိသမျှ ပိုက်ဆံများကို ထုတ်လာခဲ့ပြီး ဇနီးသည်ဖြစ်သူအား ပြောလိုက်လေ၏။
" ညီမလေးကို လက်ဗလာနဲ့ လွှတ်လို့မဖြစ်ဘူး ... ယွဲ့လင် ... သူ့အဝတ်အစားတွေ ထည့်ပေးလိုက် .... "
၎င်းအား မြင်တွေ့လိုက်ရသောအစ်ကိုလတ်သည်လည်း သူ့တွင်ရှိသောပိုက်ဆံအားလုံးကို ထုတ်ယူရန်ကြိုးစားလိုက်သည်။ကံမကောင်းစွာပင် သူ့ထံ၌ ပိုက်ဆံများများစားစားရှိမနေပေ။ထို့ကြောင့် သူက ချိုင်ချွန်းလန်ဘက်သို့လှည့်ပြီး အခန်းတွင်းမှ ပိုက်ဆံသွားယူရန် အချက်ပြလိုက်သည်။
ချိုင်ချွန်းလန်မှာ ထိုကိစ္စကို သိပ်မကျေနပ်သော်လည်း လူတိုင်း၏ရှေ့၌ ငြင်းခုံ၍လည်း မဖြစ်သောကြောင့် ရှစ်ခေါက်ချိုးမျက်နှာထားဖြင့်သာ အခန်းတွင်းသို့ ဝင်သွားတော့လေ၏။
အစ်ကိုကြီးထံမှစကားအား ကြားလိုက်ရသောအခါ ကျောပေးထားသောထုံရွှယ်လူ၏နှုတ်ခမ်းစွန်းများက ဖျတ်ခနဲမြင့်တက်သွားခဲ့သည်။
သူမ ထွက်ခွာလာနေသောအရှိန်မှာလည်း ရုတ်ချည်းဆိုသလိုပင် လိပ်တစ်ကောင်သဖွယ် နှေးကွေးသွားလေ၏။
ခြံဝင်းအတွင်းမှ အိမ်ပေါက်ဝဆီသို့ လျှောက်လှမ်းနေရင်းဖြင့် ထုံရွှယ်လူတစ်ယောက် စိတ်ထဲမှ ရေတွက်နေခဲ့သည်။
" သုံး ... နှစ် ... တစ် ... "
ရေတွက်ခြင်းပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ချန်ယွဲ့လင်က " ခဏနေပါဦး ညီမလေး ... " ဟု အော်ခေါ်ပြီး အနောက်မှပြေးလိုက်လာသည်ကို ထုံရွှယ်လူကြားလိုက်ရသည်။
ထုံရွှယ်လူမှာ မျှော်လင့်မထားသောမျက်နှာထားမျိုးဖြင့် အနောက်သို့ ထိတ်လန့်တကြား လှည့်ကြည့်လိုက်တော့လေ၏။
" မမကြီး ... ဘာကိစ္စရှိလို့လဲ"
ထိုအခါ ချန်ယွဲ့လင်က သူမအား ကျောပိုးအိတ်တစ်အိတ်နှင့် အိတ်တစ်လုံး လက်ကမ်းပေးကာ တရှုံ့ရှုံ့ငိုလျက် ပြောလာသည်။
" အဝတ်အစားတွေ ယူသွားလိုက်ပါ ... အထဲမှာ ပိုက်ဆံနဲ့ အစားအသောက်လက်မှတ်တွေလည်း ရှိတယ် ... သိမ်းထားနော် ... အကယ်၍များ ... "
" မဟုတ်တာပဲ ...ဒီလိုမလုပ်ပါနဲ့ ..."
ထုံရွှယ်လူက ချန်ယွဲ့လင်အား အံ့အားသင့်စွာ တားလိုက်ပြီး အိတ်များအား သူမထံသို့ ပြန်တွန်းပေးလိုက်သည်။
" ညီမလေးက ထုံမိသားစုရဲ့သမီးမဟုတ်တော့ဘူး ... ဒါမျိုးတွေ လက်ခံလို့မဖြစ်ဘူး .... ”
ယောင်းမလေး၏ဤလိုပုံစံမှာ ယခင်ကနှင့် အဆပေါင်းများစွာ ကွဲပြားသွားသည်ဟု ချန်ယွဲ့လင် ခံစားလိုက်ရသည်။
" လက်ခံလိုက်ပါ ညီမလေး ... အစ်မ မေးပြီးသွားပြီ ... ညီမလေးရဲ့တကယ့်မိဘတွေရှိတဲ့ တခြားထုံမိသားစုက သိပ်မပြေလည်ဘူးတဲ့ ... စားဖို့သောက်ဖို့တော့ လိုအပ်မှာပဲ ... အစ်မတို့ ညီမလေးကို လက်ဗလာနဲ့လွှတ်လိုက်ရင် အဖေနဲ့အမေတို့ စိတ်ဆိုးလိမ့်မယ် ... "
ထိုအခါ ထုံရွှယ်လူက ဝန်ပိစေမိသည့်အတွက် အားနာနေသောမျက်နှာထားမျိုးဖြင့် အောက်နှုတ်ခမ်းကို ကိုက်လျက် ဆိုလာခဲ့သည်။
" ဟုတ်ကဲ့ ... လောလောဆယ်တော့ ယူသွားလိုက်ပါ့မယ် ... ပိုက်ဆံနည်းနည်းပါးပါး ပြန်ရှာနိုင်ခဲ့ရင် အစ်ကိုကြီးနဲ့ ယောင်းမကို ကျိန်းသေပေါက်ပြန်ဆပ်ပါ့မယ် ... "
ထုံရွှယ်လူမှာ ၎င်းတို့အား အခွင့်ကောင်းမယူချင်သော်လည်း အခြားထုံမိသားစုမှာ အလွန်ဆင်းရဲပြီး မျိုးစေ့ငွေအနည်းငယ် လိုအပ်မည်ကို သူမ သိသည်။
ကိုယ်တိုင်ငွေရှာလာနိုင်သည့်အချိန်မှ အဆပေါင်းများစွာပြန်ဆပ်တော့မည်။
ချန်ယွဲ့လင်က သူမ၏လက်ကို မြှောက်လိုက်ပြီး ထုံရွှယ်လူ၏ခေါင်းအား ခပ်ဖွဖွလေး ပုတ်ပေးလာခဲ့၏။
" ဒီကလေးလေးက ဘယ်လိုလုပ်ပြီး အများကြီးရင့်ကျက်လာပါလိမ့် ... ရင်နာရအောင်လို့... "
ထိုအခါ ထုံရွှယ်လူ၏မျက်ဝန်းအိမ်တို့မှ မျက်ရည်များ စီးကျလာတော့သည်။
“ တစ်ယောက်က တစ်ခါသေပြီးမှတော့ ကျန်တဲ့တစ်ယောက်က ရင့်ကျက်ရတော့မှာပေါ့ ... မမ တကယ်တော့လေ .…”
" တကယ်တော့ ဘာဖြစ်လဲ ... "
ထုံရွှယ်လူ တုံ့ဆိုင်းသွားသည့်ပုံက ချန်ယွဲ့လင်အား သူမထံတွင် အခြားအခက်အခဲများ ရှိနေသည်ဟု ထင်မှတ်သွားစေသည်။
" အဆင်ပြေပါတယ် အစ်မကို ပြောပြလို့ရတယ် ... "
ထိုအခါ ထုံရွှယ်လူက ချန်ယွဲ့လင်အား စာနာသလိုလိုကြည့်ရှုကာ " ညီမလေး ထွက်သွားပြီးရင် မမ ဒီမှာ အနိုင်ကျင့်ခံရမှာကို စိုးရိမ်လို့ပါ ... " ဟု ပြောလာခဲ့လေ၏။
“……”
သူမသည် ထုံမိသားစုတွင်အာဏာရှင်ငယ်လေးသဖွယ်ဖြစ်သည်။ထိုသို့ဖြစ်လျက် မည်သူက သူမအား အနိုင်ကျင့်ဝံ့မည်နည်း။
" မမလည်း သတိထားမိမှာပါ .... မမလေးထုံ ပြန်ရောက်ပြီး နှစ်ရက်အကြာမှာ ယောက်မလတ်နဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်ဆိုတာကို ... မမက ကြင်နာတတ်ပြီး ပဋိပက္ခတွေကို ရှောင်တတ်တဲ့သူပါ ... သူတို့တွေက မမလေးကို အခွင့်ကောင်းယူကြမှာကို ညီမလေး စိုးရိမ်မိတယ် ”
“……”
ချန်ယွဲ့လင်မှာ ထိုအကြောင်းကို မည်သည့်အခါကမှ မတွေးမိခဲ့သော်လည်း ယခု ကြားလိုက်ရသောစကားကြောင့် သူမ၏နှလုံးသားက တစ်စတစ်စ နစ်မြုပ်သွားခဲ့သည်။
သူမသည် ချိုင်ချွန်းလန်နှင့် လက်ပွန်းတတီးမဖြစ်ပေ။
ထုံရွှယ်လူမှာ ဆိုးသွမ်းနိုင်သော်လည်း အနည်းဆုံးတော့ သူမအပေါ် တလေးတစားရှိသေးသည်။
ထို့အပြင် ထုံရွှယ်လူမှာလည်း ချိုင်ချွန်းလန်အားအမြဲတမ်းမုန်းတီးနေခဲ့သောကြောင့် သူမတို့နှစ်ဦးသည်တစ်လှေတည်းစီးသူများသဖွယ်ဖြစ်ခဲ့ကြသည်။
သို့သော်လည်း ယခုတွင်မူ ယောက်မအသစ်က ချိုင်ချွန်းလန်နှင့် ပူးပေါင်းသွားပြီလော။ထိုနှစ်ယောက်အား သူမ တစ်ကိုယ်တည်းဖြင့် မည်သို့ရင်ဆိုင်ရတော့မည်နည်း။
ချန်ယွဲ့လင်၏မျက်ခုံးတန်းများ တွန့်ချိုးသွားသည်ကို မြင်လိုက်ရသောထုံရွှယ်လူက သူမ၏ပုခုံးအား လက်ဖြင့်ခပ်ဖွဖွလှမ်းပုတ်ပေးလိုက်ပြီး အခင်းနေရာမှ ကျောခိုင်းထွက်ခွာသွားတော့သည်။
ထုံရွှယ်လူ၏နှုတ်ခမ်းစွန်းများက ကော့ချိုးနေခဲ့ပြီးဖြူစင်သော မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးတစ်ခု ရှိနေသည်။
လက်စားချေရန်အတွက် ထုံရွှယ်လူ ပြန်လည်မွေးဖွားခဲ့လေပြီ။ထို့ကြောင့်ပင် သူမ၏အချိန်များကို ပြောင်းလဲနိုင်ရန်အတွက် တစ်စုံတစ်ရာကို ရှာဖွေရမည်။
အခြားသူအား ဝင်နှောက်နေရန်အတွက် အချိန်ပိုရှိမနေချေ။
ထုံရွှယ်လူမှာ သူမ၏မှတ်ဉာဏ်ထဲမှ ဝင်ပေါက်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ထုံမိသားစုသည် အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာနပိုင် ခြံဝင်းထဲတွင် နေထိုင်ကြပြီး ဤနေရာရှိ လူတိုင်းမှာ အစိုးရအရာရှိများ ဖြစ်ကြလေ၏။
အဖေထုံမှာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာန၏ ရေနံဌာန ညွှန်ကြားရေးမှူးဖြစ်ပြီး အမေထုံကတော့ အမျိုးသမီးအဖွဲ့ချုပ် ညွှန်ကြားရေးမှူးဖြစ်သည်။အခြားထုံမိသားစုဝင်များသည်လည်း အစိုးရဝန်ထမ်းများဖြစ်ကြ၏။
ဤကဲ့သို့သော မိသားစုနောက်ခံသည် ခေတ်သစ်တွင်ပင်လျှင် အလွန်စွဲမက်ဖွယ်ကောင်းလှပြီး မူလပိုင်ရှင်က အဘယ်ကြောင့် ထွက်ခွာသွားရန် တုံ့ဆိုင်းနေခဲ့ကြောင်း ထုံရွှယ်လူအား နားလည်သွားစေသည်။
ထုံရွှယ်လူမှာ ခြံဝင်းအတွင်းရှိ အခြားအမျိုးသမီးများနှင့် ပက်ပင်းမတိုးမိ၍ မည်မျှကံကောင်းလိုက်ကြောင်း တွေးတောနေခဲ့လေသည်။
ထိုအချိန်တွင် ဖီးနစ်အမှတ်တံဆိပ် စက်ဘီးတစ်စီးက သူမ၏အရှေ့ မီတာဝက်ခန့်အကွာတွင်ရှိသည့် ခြံဝင်းတံခါး အပြင်ဘက်၌ ရွီးခနဲ ပိတ်ရပ်လာတော့၏။
ထိုစက်ဘီးက ထုံရွှယ်လူ့သွားမည့်လမ်းကို ကျားတစ်ကောင်သဖွယ် ပိတ်ဆို့ထားသည်။
ထုံရွှယ်လူ မော့ကြည့်လိုက်သောအခါ
စစ်ရောင်အင်္ကျီဝတ်ဆင်ထားသော အသက် ၁၇ ၊ ၁၈ အရွယ် ကလေးမတစ်ယောက်ကို တွေ့လိုက်ရသည်။
သူမက ကျစ်ဆံမြီးကျစ်ထားပြီး နေရောင်က နှဖူးပေါ်သို့ ရောင်ပြန်ဟပ်နေလေ၏။
ထိုတစ်ယောက်က ထုံရွှယ်လူကိုတွေ့လိုက်ရသဖြင့် အံ့ဩသွားဟန်ဖြင့် " ထုံရွှယ်လူ ... နင် ထုံမိသားစုကနေ နှင်ထုတ်ခံလိုက်ရပြီလား ... ဟားဟား... နင်ပြောတော့ သူတို့က နင့်ကိုနှင်ထုတ်ရလောက်တဲ့အထိ အသည်းမမာနိုင်ပါဘူးဆို ... "
နားထောင်ကြည့်ပါ။
အသေအချာ နားထောင်ပါ။
ထို့ထက်ပို၍ အူမြူးပျော်ရွှင်နေသောလေသံမျိုးမရှိတော့ပေ။
ထုံရွှယ်လူ၏ရှေ့တွင် ရပ်နေသောမိန်းကလေးမှာ မူလပိုင်ရှင်နှင့်စေ့စပ်ထားသူဖန်ဝမ်ယွမ်၏ညီမ ဖန်ကျင်းယွမ်ပင်။
ဖန်ဝမ်ယွမ်မှာ ရုပ်ရည်ချောမောပြီး မူလပိုင်ရှင်ကလည်း သူ့ကို တုန်နေအောင်ချစ်သည်။ဖန်ကျင်းယွမ်ကတော့ မူလပိုင်ရှင်အား ယောက်မ မတော်လိုဘဲ နှစ်ဦးကြားထဲသို့ဝင်ရန် အခွင့်အရေးရှိသမျှ ကြိုးစားခဲ့လေ၏။
မူလပိုင်ရှင်မှာလည်း ထိုမျှလောက်အထိ သိမ်မွေ့မနေသဖြင့် သူမတို့နှစ်ဦးကြားထဲ၌ ပဋိပက္ခများခဲ့လေသည်။
သို့သော်လည်း မူလပိုင်ရှင်က မူလပိုင်ရှင်သပ်သပ်ပင်။
ထုံရွှယ်လူကတော့ ဖန်ကျင်းယွမ်၏ယောက်မ ဖြစ်လာရန် ရည်ရွယ်ချက်လားလားမျှမရှိပါ။
ထုံရွှယ်လူက ဖန်ကျင်းယွမ်အား လုံးဝလျစ်လျူရှုပြီး နံ ဘေးမှဖြတ်သွားခဲ့သည်။
“……”
ဖန်ကျင်းယွမ်တစ်ယောက် အနှိမ်ခံရသလို ခံစားလိုက်ရပြီး ထုံရွှယ်လူ၏လက်ကောက်ဝတ်အား ဖမ်းဆွဲထားလိုက်လေ၏။
" ထုံရွှယ်လူ နင် နားပင်းသွားပြီလား ... ငါနင့်ကို ပြောနေတာ မကြားဘူးလား "
ထိုအခါ ထုံရွှယ်လူက သူမ၏နှဖူးအား လှည့်ကြည့်လာသည်။ဖန်ကျင်းယွမ်မှာ နှဖူးနှင့်ပတ်သတ်ပါက ဆတ်ဆတ်ထိမခံပေ။
" ဘာကြည့်နေတာလဲ ငါ့ခေါင်းက အကြီးကြီးပဲလို့ ပြောဦးမလို့လား ... "
ဖန်ကျင်းယွမ်မှာ ဦးခေါင်းကြီးပြီး ငယ်စဉ်ကတည်းက ထုံရွှယ်လူ့ထံတွင် သူမအတွက် နာမည်ပြောင်များစွာရှိခဲ့သည်။
ဦးခေါင်းခွံကြီး ၊ မုန်လာဥ ၊ ခေါင်းကြီးရုပ် အစရှိသဖြင့်ရှိပြီး ၎င်းတို့အနက် အဆိုးရွားဆုံးမှာ " ကျားခေါင်းရွှေငါး " ဟူသော အမည်ပင်ဖြစ်လေ၏။
ထိုနာမည်ပြောင်က ဖန်ကျင်းယွမ်အား အတောမသတ်လောက်အောင် ဒေါကန်ပြီး ဆွေ့ဆွေ့ခုန်စေသည်။
ယင်းအချိန်တွင် ဂိတ်ပေါက်ဝမှ အစောင့်ဦးလေးကြီးက ပြုံးစိစိမျက်နှာပေးဖြင့် " ရှောင်လူက မင်းရဲ့ခေါင်းနဲ့ပတ်သတ်ပြီးစနောက်တာက အခုမှလည်းမဟုတ်ဘူး ... " ဟု လှမ်းပြောလာသည်။
ထုံရွှယ်လူ့ခမျာ တုံ့ပြန်ရန် အခွင့်အရေးမရသေးရှာပေ။
" .... "
မီးလောင်ရာ လေမပင့်ပါနဲ့လားဆရာကြီးရေ ....
ထိုအခါဖန်ကျင်းယွမ်၏ မျက်နှာက အမဲသားသဖွယ် နီရဲလာကာ ကပ်ကပ်လန်အောင် ပြန်ပက်တော့သည်။
" ခေါင်းကြီးကြီးရှိတာက ကံကောင်းခြင်းရဲ့ လက္ခဏာလို့ ငါတို့အမေက ပြောတယ် ... နင်တောင် ကြီးချင်နေတာ မဟုတ်ဘူးလား ... "
ထုံရွှယ်လူက သူမနှင့် ငြင်းခုံလာလိမ့်မည်ဟု ဖန်ကျင်းယွမ် ထင်မှတ်ထားခဲ့သည်။သို့သော်လည်း ထုံရွှယ်လူ၏နီဆွေးဆွေးနှုတ်ခမ်းများ ကော့ချိုးသွားသည်ကိုသာတွေ့လိုက်ရပြီး တစ်ချိန်တည်းမှာပင် သူမ၏ခပ်ပြေပြေပါးချိုင့်လေးများလည်း ပုံပေါ်လာခဲ့လေသည်။
" ခေါင်းကြီးတဲ့လူတွေက တော်တော်ဉာဏ်ကောင်းကြတယ်လို့ ကြားဖူးတယ် ... "
" ..... "
ယနေ့၌ ထုံရွှယ်လူဘာဖြစ်နေသနည်း။ရန်ပြန်မတွေ့သည့်အပြင် သူမအား ချီးပင်ကျူးနေလိုက်သေးသည်။
ဖန်ကျင်းယွမ်က မေးငေါ့လိုက်ပြီး " ဘာတွေကြံနေတာလဲ ... နင်စကားအကောင်းပြောတိုင်း ငါက လွှတ်ပေးမယ်ထင်မနေနဲ့ " ဟု ပြောလိုက်လေ၏။
သူမနှင့် ထုံရွှယ်လူတို့မှာ ငယ်စဉ်ကတည်းက ရန်ဘက်များဖြစ်ခဲ့ကြသည်။သို့သော်လည်း ထုံရွှယ်လူကလိမ္မာပါးနပ်လေရာ ဖန်ကျင်းယွမ်ခမျာ အမြဲလိုလိုရှုံးနိမ့်ခဲ့ရသည်။
ယခုတွင် ထုံရွှယ်လူမှာ ထုံမိသားစုမှ နှင်ထုတ်ခြင်းခံလိုက်ရသဖြင့် ဤသည်မှာ ဖန်ကျင်းယွမ်အတွက်တော့
တစ်သက်တာတွင်တစ်ခါသာရရှိသောအနိုင်ပိုင်းနိုင်မည့်အခွင့်အရေးဖြစ်လေသည်။
ထုံရွှယ်လူက သူမ၏မျက်နှာအား အပေါ်အောက် စူးစမ်းကြည့်ပြီး ပြောဆိုလာသည်။
" နင်က ရုပ်ရည်ရှိပြီးသားပါ ... ၈၀%လောက်လှနေပြီးသား ... ပြဿနာက နင့်ဆံပင်ပုံစံနဲ့မလိုက်ဖက်တာပဲ ... အဲဒါကြောင့် ၂၀% လျော့သွားတာ .... "
" .... "
ဖန်ကျင်းယွမ်ခမျာ ရုတ်တရက်ဆိုသလိုပင် မည်သို့ တုံ့ပြန်ရမှန်းမသိဖြစ်သွားခဲ့သည်။သူမက စောင့်မျှော်ကြည့်ရှုခြင်း ဗျူဟာကို ထုတ်သုံးခဲ့ပြီး ထုံရွှယ်လူထံမှ မည်သို့သောစရိုက်မျိုးထွက်ရှိလာမည်ကို စူစမ်းနေခဲ့သည်။
သို့သော်လည်း ထုံရွှယ်လူမှာတော့ စကားပြီးပြတ်သွားပြီး ၎င်းနေရာမှ ထွက်ခွာသွားတော့လေ၏။
မည်မျှပင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလိုက်သနည်း။
ထုံရွှယ်လူက လက်ကိုင်အိတ်ကိုဆွဲလျက် ဘတ်စ်ကားမှတ်တိုင်ဆီသို့ လမ်းလျှောက်သွားခဲ့သည်။သူမသည် နှစ်ပေါင်းများစွာ လက်ဖက်စိမ်းမတစ်ဦးဖြစ်ခဲ့ပြီး NPC အား အနိုင်ယူခြင်းကသာ သူမ၏ကျွမ်းကျင်မှုတစ်ခု ဖြစ်လာခဲ့သည်။တစ်စုံတစ်ယောက်အား မြင်လိုက်သည်နှင့် သူမကိုယ်သူမ မရပ်တန့်နိုင်တော့ပေ။
ဖန်ကျင်းယွမ်မှာ အနည်းငယ်စိတ်ပုပ်သော်လည်း လူဆိုးအဆင့်ထိ မရောက်သေးချေ။အရေးအကြီးဆုံးအရာမှာ သူမသည် အစိုးရအရာရှိတစ်ဦး၏ဒုတိယမျိုးဆက်ဖြစ်နေခြင်းပင်။
သူမ၏ဖခင်သည် အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာနရှိ စစ်ဘက်သုံးပစ္စည်းများဌာနမှ ၀န်ကြီးဖြစ်ပြီး အဖေထုံထက် ရာထူးပိုကြီးသည်။ထိုသို့သောသူအား သူမ၏ဘက်တော်သားဖြစ်လာအောင်စွမ်းဆောင်နိုင်ခဲ့ပါက သေချာပေါက် အကျိုးအမြတ်များပေမည်။
သူမ၏မှတ်ဉာဏ်အရတော့ ဖန်ကျင်းယွမ်နှင့် ထိပ်တိုက်တွေ့ဆုံခြင်းက အကောင်းဆုံးချဉ်းကပ်မှုမဟုတ်ချေ။
ကာလအတော်ကြာ အချင်းချင်း အခဲမကြေခဲ့ကြခြင်းက ထိုသို့သောချဉ်းကပ်မှု၏အားနည်းသောအစိတ်အပိုင်းဖြစ်လာသည်။
ဖန်ကျင်းယွမ်အား အမိဖမ်းနိုင်ရန်အတွက် ချိတ်ကောက်တစ်ခုလိုအပ်သည်။ခပ်မောက်မောက်နှဖူးပြင်နှင့် ဆံပင်ပုံစံကတော့ အကောင်းဆုံးငါးစာပင်ဖြစ်လေ၏။
ယခုအချိန်တွင် ထုံရွှယ်လူမှာ ချိတ်ကောက်၌ ငါးစာတပ်ပြီး ရေထဲသို့ပစ်ချလိုက်ပြီဖြစ်ရာ ငါးကြီးက လာဟပ်မည်ကို စောင့်ဆိုင်းရုံသာကျန်တော့သည်။
***
ထုံရွှယ်လူသည် ဘတ်စ်ကားမှတ်တိုင်ဆီသို့ နာရီဝက်ကြာ လမ်းလျှောက်ခဲ့ပြီး ရန်ချင်းနယ်သို့ ထွက်ခွာမည့်ဘတ်စ်ကားမရောက်မီ နောက်ထပ်တစ်နာရီခန့် ထပ်စောင့်ခဲ့ရသည်။
မြို့တော်ရှိဘတ်စ်ကားများတွင် အဖြူနှင့် အနီရောင် အစင်းကြောင်းများပါဝင်ပြီး အပြင်ပိုင်းတွင် ဖုန်များထူပိန်းနေကာ အတွင်းဘက်၌ အနံ့အသက်မကောင်းပေ။
ကားထဲသို့ဝင်ပြီးနောက်တွင် ထုံရွှယ်လူက မျက်နှာရှစ်ခေါက်ချိုးဖြင့်လက်မှတ်ရောင်းသူထံသို့ ပြား(၃၀) ကို ပေးအပ်လိုက်သည်။ယင်းနောက်တွင် သူမသည်နောက်ဆုံးတန်း၌ နေရာလွတ်တစ်ခုကို တွေ့ရှိခဲ့လေ၏။
ဘတ်စ်ကားထွက်ခွာလာပြီးနောက်တွင် ယာဉ်မောင်းသူက သီချင်းလေးတညဉ်းညဉ်းဖြင့် ရန်ချင်းနယ်ဘက်သို့
ဂျွမ်းပြန်လုမတတ် မောင်းနှင်လာခဲ့သည်။
လမ်းကြမ်းသဖြင့် ထုံရွှယ်လူတစ်ယောက် ထိုးအန်မိတော့မတတ်ပင်။
မောဟိုက်နေသောခံစားချက်များ ပျောက်ကွယ်မသွားမီအချိန်အထိ ထုံရွှယ်လူမှာ ကျောက်ဆောင်ပေါ်၌အကြာကြီး ထိုင်နေခဲ့သည်။
ထုံမိသားစုတွင် အဖေရော အမေပါအလုပ်လုပ်ကြပြီး နှစ်ဦးစလုံးမှာ ဟုန်ရှင်းအထည်အလိပ်စက်ရုံမှ အလုပ်သမားများဖြစ်ကြသည်။
ထုံရွှယ်လူတစ်ယောက် တစ်ဆင့်ပြီးတစ်ဆင့် မေးမြန်းလာရင်းဖြင့် စက်ရုံလုပ်သားများအိမ်ရာသို့ရောက်ရှိခဲ့လေ၏။
ခြံဝင်းတစ်ဝိုက်၏ပတ်ဝန်းကျင်မှာ သူမ မျှော်လင့်ထားသည်ထက်ပင် အများကြီး ပိုဆိုးနေသေးသည်။
ကြီးကြီးမားမားမဟုတ်သော ခြံဝင်းထဲတွင် အိမ်ထောင်စု ( ၂၀ ) ခန့်ရှိပြီး ၎င်းတို့တစ်ဦးစီတွင် အနည်းဆုံး မျိုးဆက်သုံးဆက် ၊ တစ်ချို့တစ်လေတွင်မူ လေးဆက်အထိ ရှိကြသည်။အတိုချုပ်ပြောရပါက ဤဝင်းထဲ၌ နေထိုင်သူ အယောက် ( ၁၀၀ ) ကျော်ရှိသည်။
ဤလိုကျဉ်းမြောင်းသောနေရာ၌ လူအများအပြားစုပြုံနေထိုင်ကြသောကြောင့် ကိုယ်ပိုင်ပစ္စည်း အများအပြားက ဘုံပိုင်ဧရိယာများထဲသို့ပါရောက်ရှိနေကြလေ၏။
၎င်းအရာက ပတ်ဝန်းကျင်အား ပိုမိုညစ်ပတ်စုတ်ပြတ် ရှုပ်ထွေးသွားစေသည်။
ကူးပြောင်းမလာခဲ့မီအချိန်တွင်ပင်လျှင် ထုံရွှယ်လူသည် စတုရန်းမီတာ ( ၁၀၀၀ )ကျော် ကျယ်ဝန်းသည့်အိမ်ကြီး၌ နေထိုင်ခဲ့ပြီး သူမ၏အိမ်ရှိ ရေချိုးခန်းများမှာ ဤအိမ်ရာမှ မြေတစ်ကွက်စာထက် အဆများစွာပိုကျယ်လေသည်။
ခြံဝင်းထဲသို့ မဝင်ရသေးမီမှာပင် ထုံရွှယ်လူတစ်ယောက် ခေါင်းထိုးကိုက်လာလေသည်။
ထိုအချိန်တွင် နံဘေးမှ အသံတစ်သံထွက်ပေါ်လာလေ၏။
" မင်္ဂလာပါ ရဲဘော် ... ဘယ်သူ့ဆီ လာလည်တာလဲ ... "