အပိုင်း ၃
Viewers 14k

Chapter 3

- အို ကောင်ကလေး ၊ ဤသူဌေးမှာ သဘောကောင်းသည့်ကောင်လေးအရေခြုံထားသောဗီလိန်ဖြစ်ပုံရသည် 



အနောက်မှ ကျယ်လောင်သောအသံကြောင့် ထုံရွှယ်လူ အသိစိတ်ပြန်ဝင်လာသည်။သူမ လှည့်ကြည့်လိုက်သောအခါ အပြာရောင်ဝတ်စုံဝတ်ထားသောလူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။၎င်းအမျိုးသမီးကြီးက (၃) နှစ်သား သို့မဟုတ် ထိုမျှလောက်အရွယ် ယောက်ျားလေးတစ်ဦးအား လက်တစ်ဖက်ဖြင့် ချီပွေ့ထားသည်။


ကောင်လေးမှာ ညစ်ပတ်လွန်းသဖြင့် ထုံရွှယ်လူ့ခမျာ ကြာကြာပင် ဆက်ကြည့်မနေနိုင်ပေ။သူ၏ပုံစံမှာ ရွှံ့ထဲတွင် လူးလိမ့်ထားသကဲ့သို့ဖြစ်ပြီး နှာခေါင်းပေါက်များတွင်လည်း နှာစေးများထွက်နေသည်။


ထိုကလေးက သူမကို တောက်တောက်ပပပြုံးပြလာပြီး " အစ်မကြီးက အရမ်းလှတာပဲ ... " ဟု ဆိုလာခဲ့လေ၏။


လူလတ်ပိုင်းအမျိုးသမီးမှာ ထုံရွှယ်လူကို တွေ့လိုက်ရချိန်တွင် ငိုမိတော့မတတ်ဖြစ်သွားသည်။

လက်ရှိပတ်ဝန်းကျင်၌ နှစ်ပေါင်းများစွာကြာသည်အထိဤလိုမိန်းကလေးမျိုး တစ်ခါမှမမြင်ဖူးချေ။

ထုံရွှယ်လူ၏အသားအရည်မှာ အလွန်ဖြူစင်ပြီး တို့ဟူးထက်ပင် နူးညံ့နေသည်။


ထသွားထလာစစ်ဝတ်စုံ ၊  “ပြည်သူကို ကာကွယ်မှုပေးသည် ” ဟူသော စာသားပါအိတ်နှင့် ပန်ဒါပုံသဏ္ဍာန်ဒီဇိုင်းရှိသော လက်ဆွဲအိတ်တို့မှာ ဤမိန်းကလေးက သာမန်လူ မဟုတ်ကြောင်း ညွှန်ပြနေကြသည်။

လုပ်သားအိမ်ရာထဲ၌ နေထိုင်ခဲ့သည့် ကာလပတ်လုံး သူမနှင့်အမျိုးတော်စပ်နိုင်မည့်မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ဖူးသေးချေ။


" မင်္ဂလာပါ အန်တီ ... ကျွန်မက ထုံတကျွင်းရဲ့နေရာကို ရှာနေတာပါ ... "  


ထုံတကျွင်းမှာ မူလပိုင်ရှင်၏မွေးဖခင်ဖြစ်သည်။


" နှစ်ယောက်က ဘယ်လိုပတ်သတ်တာလဲ .... "


ထုံတကျွင်း၏နာမည်ကိုကြားသောအခါ သက်လတ်ပိုင်းအမျိုးသမီးက ထုံရွှယ်လူအား အလျင်စလိုမေးမြန်းလာခဲ့၏။

ထိုအခါ ထုံရွှယ်လူက မျက်လွှာချလိုက်ပြီး ဝမ်းနည်းကြေကွဲနေသောအကြည့်မျိုးဖြင့် " ကျွန်မက သူ့သမီးပါ ... " ဟု ဆွေးဆွေးမြေ့မြေ့ပြောလိုက်သည်။


" အိုး ... ဘုရားရေ ...နင်က ထုံတကျွင်းရဲ လူစားလဲခံလိုက်ရတဲ့သမီးလား ... "


သက်လတ်ပိုင်း အမျိုးသမီး၏‌လေသံမှာ လော်စပီကာတစ်ခုသဖွယ် ကျယ်လောင်သောအသံသက်ရောက်မှုရှိသည်။သူမပြောပြီးသည်နှင့်တစ်ပြိုင်နက် အခြားသောအမျိုးသမီးအနည်းငယ်က ခြံဝင်းထဲသို့ ပြေးထွက်လာကြသည်။


" ဟဲ့ .... ဘာတွေအော်နေတာလဲ "


" လာကြည့်စမ်း ...ထုံတကျွင်းရဲ့ လူစားလဲခံလိုက်ရတဲ့သမီးတဲ့ .... "


ပြေးထွက်လာကြသောအမျိုးသမီးများကထုံရွှယ်လူ၏ပတ်ပတ်လည်တွင် ဝန်းရံထားကာ သူမအား တိရိစ္ဆာန်ရုံမှ တိရစ္ဆာန်လေးတစ်ကောင်သဖွယ် အပေါ်အောက် စေ့စေ့ကြည့်ရှုနေကြသည်။


" ထုံတကျွင်းရဲ့သမီးဆိုတာသေချာတယ် ... ငါဓာတ်ပုံထဲမှာ မြင်ဖူးတယ် ... "


" နင်ပြောမှ တူလာသလိုပဲ ... အထူးသဖြင့် နှာခေါင်း .... "


" မိဘတွေ မောင်နှမတွေဆီ လာလည်တာလား ... ဟိုဘက်ကမိဘတွေကရော ခွင့်ပြုရဲ့လား ... "


ထုံရွှယ်လူမှာ သူမ၏ဦးခေါင်းပေါ်၌ ယင်ကောင်ထောင်ပေါင်းများစွာ တဝီဝီသောင်းကျန်းနေကြသလို ခံစားခဲ့ရသော်လည်း စိတ်မရှည်မှုအား ထုတ်ဖော်ပြသခြင်းမရှိခဲ့ပေ။


ယင်းအမျိုးသမီးများ စကားဆုံးသည့်အချိန်တွင်မှ သူမက " မိသားစုဆီပြန်လာတာပါ ... " ဟု ဆိုလိုက်သည်။


မည်သို့သောစကားနည်း။

မိသားစုထံ ပြန်လာသည်ဟု ဆိုလိုက်သလော။


" ကောင်မလေး ... လာနောက်နေတာလား ... "


" ဟိုဘက်ကမိဘတွေက အစိုးရဝန်ထမ်းတွေလို့ကြားတယ် ... ဘာလို့ဒီကိုပြန်လာချင်တာလဲ ... "


ထိုအခါ ထုံရွှယ်လူက ခေါင်းမော့လိုက်ပြီး လေးနက်သောလေသံဖြင့် " ကျွန်မက ထုံမိသားစုရဲ့ သမီးတစ်ယောက်ပဲ ... ပြန်လာသင့်တာပေါ့ .... ကိုယ့်မိဘကိုယ်တောင် အသိအမှတ်မပြုရင် တိရိစ္ဆာန်နဲ့ ဘာကွာတော့မှာလဲ .. " ဟု ပြောလိုက်သည်။


သူမကဲ့သို့ ခေတ်‌ဆန်သောဝတ်စားဆင်ယင်မှုနှင့် နူးညံ့သောအသွင်အပြင်ရှိသည့်သူမျိုးက ဤသို့သောနေရာတွင် မနေလိုဟု အားလုံးက တထစ်ချ မှတ်ယူထားခဲ့သည်။သို့သော်လည်း ထုံရွှယ်လူပြောလိုက်သောစကားက အားလုံးကို အံ့ဩသွားစေပြီး ပင်ကိုအရင်းအမြစ်အား မမေ့ပျောက်သောကလေးတစ်ဦးအဖြစ် ခံစားမိစေသည်။


သို့သော်လည်း ထိုအချိန်တွင် တစ်စုံတစ်ဦးက " နင့်မိဘတွေ ဆုံးပါးသွားတာ နှစ်ပါတ်ရှိပြီ ...  အခုမှဘာလို့ပြန်လာတာလဲ " ဟု မေးမြန်းခဲ့သည်။


၎င်းမေးခွန်းက လူတိုင်းအား မျက်မှောင်ကြုတ်သွားစေလေ၏။


ထုံလင်မယားမှာ လွန်ခဲ့သောနှစ်ပတ်က ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ထိုတစ်ယောက်ပြောသလိုပင် အမှန်တကယ်မိသားစုဆိုပါက ပြန်ရောက်သင့်သည်မှာ ကြာ‌လေပြီ။


ထိုအခါ ထုံရွှယ်လူက မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူမ၏မျက်လုံးများက နီရဲလာသည်။


" ပြန်မလာချင်လို့မဟုတ်ပါဘူး အစ်မကြီးရယ် ... ဖြစ်ပျက်သမျှကို သိလိုက်ရတဲ့အချိန်မှာ မူးမေ့လဲပြီး အပြင်းဖျားသွားတယ် ... အရင်နှစ်ရက်ကမှ အိပ်ရာထဲက ထနိုင်တာပါ ... လက်ကိုပဲကြည့်ပါတော့..."

 

ထုံရွှယ်လူက ပြောပြောဆိုဆိုနှင့် သူမ၏အင်္ကျီလက်အား လှန်လိုက်ပြီး လက်မောင်းမှ အပ်ပေါက်ရာအမှတ်အသားများကို ပြသလိုက်လေသည်။

သူမ၏အရေပြားမှာအလွန်နုနယ်သည်နှင့်အမျှ အပ်‌ပေါက်ရာများတစ်ဝိုက်တွင် အနီရောင်အကွက်ကြီးများက ထင်ရှားနေသည်။


အားလုံးက ချက်ချင်းသဘောပေါက်သွားကြလေ၏။


သူမသည် အမှန်တကယ်ပင်သိတတ်ပြီး လိမ္မာရေးခြားရှိသောကလေးတစ်ယောက်ဖြစ်သည်။


ထုံကျန်းကျန်းနှင့် လားလားမျှမတူပေ။

ထုံတကျွင်းတို့လင်မယားက သူမအား နှစ်ပေါင်းများစွာ ပြုစု‌ပျိုးထောင်ခဲ့သော်လည်း နောက်ဆုံး၌ ထိုကလေးမက မိဘနှစ်ပါးအား နောက်ပြန်လှည့်မကြည့်ဘဲ ထားသွားခဲ့သည်။

မည်မျှပင် ကျေးဇူးကန်းလိုက်သနည်း။


ထုံရွှယ်လူက အင်္ကျီလက်ကိုပြန်ချလိုက်ပြီး မျက်လွှာချထားလေသည်။


အပ်ပေါက်ရာများမှာ ဒဏ်ရာအစစ်အမှန်များဖြစ်သော်လည်း ကြေကွဲဝမ်းနည်းခြင်းကြောင့်ရရှိလာ‌သည်‌တော့မဟုတ်ပေ။မူလပိုင်ရှင်သည် သူမ၏ဇစ်မြစ်ကိုသိရှိပြီးနောက်တွင် မွေးစားမိဘများထံမှ စာနာသက်ညှာမှုရရှိရန်အတွက် ဖျားနာ‌အောင် ရည်ရွယ်ချက်ရှိရှိပြုမူခဲ့ခြင်းဖြစ်လေသည်။


လိမ္မာရေးခြားရှိပြီးသိတတ်သောသူမျိုးကို မည်သူက မနှစ်သက်ဘဲနေနိုင်မည်နည်း။


အားလုံးက ထုံရွှယ်လူအား ပို၍ပင် မေတ္တာရှိသွားကြပြီး သူမအား ခြံဝင်းထဲသို့ ခေါ်ဆောင်သွားကြတော့သည်။


၎င်းတို့နှင့် စကားစမြည်ပြောဆိုခဲ့ရာမှ ထုံရွှယ်လူတစ်ယောက် ထုံမိသားစု၏အကြောင်းကို  ပိုမိုသိရှိလာခဲ့သည်။


ထုံတကျွင်းနှင့်ဇနီးသည်မှာ ပေဟယ်စီရင်စုဇာတိဖြစ်လေ၏။အထည်အလိပ်စက်ရုံမှ ဒါရိုက်တာ၏သားဖြစ်သူက သူတို့အား စက်ရုံတွင်အလုပ်လုပ်ရန် မြို့တော်သို့ပို့ဆောင်ခဲ့သည်။


ထုံတကျွင်းမှာ ကုန်တင်ကုန်ချလုပ်သားဖြစ်ပြီး ဇနီးသည်ကတော့ အထည်အလိပ်လုပ်သားပင်။


မိသားစုတစ်စု၌ အလုပ်လုပ်သောလူနှစ်ယောက်ရှိခြင်းက ရွာသူရွာသားများအတွက် ဂုဏ်ယူစရာပင်ဖြစ်‌လေသည်။မည်သို့ပင်ဆိုစေကာမူ သူတို့၏နေ့ရက်များက ခက်ခဲကြမ်းတမ်းခဲ့ပြီး ကလေး (၄)‌ယောက်အား ထောက်ပံ့ရသည်သာမက လစာ၏တစ်ဝက်အား ပေဟယ်မှ ၎င်းတို့၏မိသားစုထံသို့ ပြန်ပို့ပေးရသည်။


လွန်ခဲ့သည့်နှစ်လက သူတို့၏အကြီးဆုံးသမီးဖြစ်သူ ထုံကျန်းကျန်း အပြင်းဖျားခဲ့ပြီး ပြန်လည်ကောင်းမွန်လာချိန်တွင် သူမသည် ဤအိမ်မှသမီးမဟုတ်ကြောင်း ရုတ်တရက်ပြောလာခဲ့သည်။

သူမ၏မိဘများမှာ အစိုးရအရာရှိများဖြစ်သည်ဟု ဆိုခဲ့ပြီး ထုံလင်မယားတားမြစ်နေသည့်ကြားကပင် သူမက ဇွတ်တရွတ်ထွက်သွားသည်ဟု ကြားရလေ၏။


လင်မယားနှစ်ယောက်လုံးက သူမအား အလွန်စိတ်ပူနေခဲ့ကြပြီး အလုပ်လုပ်နေရင်းဖြင့် တစ်ချိန်တည်းမှာပင် ထုံကျန်းကျန်းအားရှာဖွေခဲ့ကြသည်။နောက်ဆုံး၌ ပြန်ရှာတွေ့ခဲ့သော်လည်း ထုံကျန်းကျန်းမှာ သူတို့၏သမီး အမှန်တကယ်မဟုတ်သည့်အကြောင်းကိုသာ ကြားလိုက်ကြရသည်။


ကိစ္စရပ်များအား ပိုမိုဆိုးရွားသွားစေသည်မှာ သမီးနှစ်ယောက်အနက် မည်သူကမှ သူတို့အား မိဘအဖြစ် အသိအမှတ်ပြုကာ အိမ်ပြန်မလိုက်လိုခြင်းဖြစ်သည်။


ထုံလင်မယားနှစ်ယောက်မှာ စိတ်နှလုံးကွဲကြေစွာဖြင့် စက်ရုံသို့ အလုပ်ဆင်းရန်ပြန်လာခဲ့ပြီး အပြန်ခရီး၌ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခဲ့ကြသည်။

ထိုကာလ၌ ခရီးသွားလာခြင်းမှာစရိတ်စကကြီးမားသဖြင့် သူတို့၏ဈာပနအား စက်ရုံအလုပ်သမားများကသာ စီစဉ်ကြပ်မတ်ပေးခဲ့ရသည်။


ထုံရွှယ်လူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလိုက်လေ၏။

" ပေဟယ်က မိသားစုက ကျွန်မရဲ့မိဘတွေဆုံးသွားတဲ့သတင်းကို မသိသေးဘူးလို့ပြောချင်တာလား ... "


ပွေ့ချီထားသောကလေးက တွန့်လိမ်နေသဖြင့် အဒေါ်ကြီးက ကလေး ဖင်ကိုဖျန်းခနဲရိုက်လိုက်ပြီး ထုံရွှယ်လူ့အား ပြန်လည်ဖြေကြားသည်။

" သူတို့သိပါတယ် ... မတော်တဆဖြစ်ပြီးတော့ ကျားမင်က သူတို့ကိုဖုန်းဆက်တယ်လေ ... မအားလို့မလာနိုင်ဘူးလို့ပြောတယ်တဲ့ ... "


" ကျားမင်က အခုမှ ကျောင်းတက်နေတုန်းပဲမလား "


ထုံကျားမင်မှာ မူလပိုင်ရှင်၏မောင်အကြီးဆုံးဖြစ်ကြောင်းကို ထုံရွှယ်လူအတော်စဉ်းစားလိုက်ရသည်။


"မဟုတ်ဘူး ... ကျောင်းထွက်လိုက်တာ ကြာပြီ "

ထိုအချိန်တွင် အခြားလူလတ်ပိုင်း အမျိုးသမီးတစ်ဦးက ဝင်‌ပြောလာခဲ့သည်။


" သူ့မိဘတွေဆုံးသွားတော့ ညီလေးတွေအတွက် ကျားမင်က စက်ရုံမှာ ဝင်လုပ်ရတယ် ... သူ့အတွက် အရမ်းခက်ခဲမှာပဲ "


မိဘမရှိသောကလေးများမှာ ပေါင်းပင်များသဖွယ် တန်ဖိုးမဲ့ကြသည်။သူဌေးမင်းများအားလုံး၌ အတော်လေး ရင်နာစရာကောင်းသောငယ်ဘဝဇာတ်လမ်းများရှိတတ်ကြလေ၏။


ထိုစကားကြောင့် ပေဟယ်စီရင်စုရှိ မိသားစုများက ထုံတကျွင်းတို့လင်မယားအား ငွေပင်ကြီးများသကဲ့သို့သာ သဘောထားကြောင်း ထုံရွှယ်လူ နားလည်သွားသည်။

မြို့တော်သို့ လာလည်တိုင်း ကျိုင်းကောင်များသဖွယ် အရာအားလုံးကို အပိုင်သိမ်းသွားတတ်လေ့ရှိသူများက ထုံတကျွင်းတို့လင်မယားဆုံးပါးသွားချိန်၌ ရောက်မလာသည်က ဖြစ်နိုင်သည့်အရာလော။


အစိုးရနှင့် စက်ရုံမှ ပေး‌မည့်လျော်ကြေးများအား စိတ်မဝင်စားလျှင်ပင် အနည်းဆုံးတော့ စက်ရုံ၌ ရာထူးနှစ်နေရာလစ်လပ်သွားပြီဖြစ်သည်။

ဆိုလိုသည်မှာ ပေဟယ်ရှိမိသားစုက အလုပ်များ၍မလာသည်မျိုးမဟုတ်ဘဲ ဆုံးပါးသွားသည့်သတင်းအား ယခုအချိန်ထိ မသိသေးဟူ၍ပင်။


အနာဂါတ်စီးပွားရေးလောကမှ ထိပ်တန်းစာရင်းဝင် ထုံကျားမင်၏အကြောင်း ပြန်တွေးကြည့်မိသောအခါ ထုံရွှယ်လူ၏မျက်ခုံးတန်းများ မြင့်တက်သွားတော့လေသည်။


ဤသူဌေးမှာ သဘောကောင်းသည့်ကောင်လေးအရေခြုံထားသောဗီလိန်ဖြစ်ပုံရသည်။


**(


ထုံမိသားစုနေထိုင်သောနေရာမှာ အန်တီချိုင်တို့အိမ်နှင့် ကပ်လျက်သားဖြစ်သည်။


အိမ်ရှေ့သို့မရောက်သေးမီမှာပင် မေးထောက်လျက်ထိုင်နေသောမိန်းကလေးငယ်တစ်ဦးအား ထုံရွှယ်လူတွေ့လိုက်ရလေ၏။ထိုတစ်ယောက်က မြေပြင်ကိုသာ စူးစူးစိုက်စိုက်ကြည့်ရှုနေပြီး မည်သည့်အရာကို စူးစမ်းနေကြောင်း မသိနိုင်ပေ။

ယင်းအချိန်တွင် အန်တီချိုင်၏သားငယ်က လှုပ်လှုပ်ရွရွဖြစ်လာသည်။


" သားကို အောက်ချပေးပါ မေမေ ... သား မျန်မျန်နဲ့ ကစားချင်တယ်  ... "


ထိုအခါ အန်တီချိုင်က သူ့အား ဖင်နှစ်ကြိမ်ထပ်ရိုက်လိုက်ပြီး " ဒီလောက်ရွှံ့တွေပေတူးနေတာ .. မျန်မျန့်ကိုပါ ညစ်ပတ်အောင် မလုပ်ချင်စမ်းနဲ့ ... " ဟု ကြိမ်းမောင်းလိုက်သည်။


ထုံရွှယ်လူ၏မျက်လုံးများ တောက်ပလာသည်။


သားဖြစ်သူက တအိအိငိုလာခဲ့သော်လည်း အန်တီချိုင်က လျစ်လျူထားလေ၏။


" မျန်မျန်က နင့်ညီမလေးလေ ...  ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘတွေ မရှိတော့တာကို မြင်ရတာ သိပ်တော့ စိတ်မကောင်းဘူး ... "

ထိုစကားကို ပြောပြီးနောက် အန်တီချိုင်က သက်ပြင်းတစ်ချက်ချလာခဲ့သည်။


ထုံတကျွင်းတို့လင်မယားဆုံးပါးသွားပြီးနောက်တွင် ထုံမိသားစုရှိ ကလေးများထဲမှတစ်ဦးက စက်ရုံတွင် အလုပ်ဝင်လုပ်ရကာ  ကျန်တစ်ဦးက ကျောင်းသွားတက်သည်။ထို့ကြောင့်ပင် သူမက မျန်မျန့်အား စောင့်မတ်ကြည့်ရှုပေးခဲ့လေ၏။သို့ရာတွင် မျန်မျန်မှာ ဂျစ်တိုက်ခြင်းမရှိ ၊ အငိုမသန်သည့်လိမ္မာရေးခြားရှိသောကလေးဖြစ်သောကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်ပေ။

ထိုသို့ ရိုကျိုးသိတတ်လွန်းနေခြင်းက အန်တီချိုင့်အား ပို၍ရင်နာစေသည်။


အန်တီချိုင်သည်လည်း တစ်ဖက်တွင် နေ့စဉ်လုပ်ငန်းဆောင်တာများစွာကိုလုပ်ဆောင်ရပြီး သားသမီးရေးကလည်း ရှိသေးသည်။ထိုသို့ဖြစ်နေသည့်ကြားထဲမှ အခြားကလေးတစ်ဦးကိုပါ ထိန်းကျောင်းရခြင်းက လွယ်ကူသည်တော့မဟုတ်ပေ။


ယခုအခါတွင် မျန်မျန်၏အစ်မရင်း ရောက်ရှိလာခဲ့ပြီဖြစ်သောကြောင့် နောက်ဆုံး၌ ကလေးအား မိသားစုဝင်ထံသို့ ပြန်လည်အပ်နှံနိုင်လေပြီ။


ကလေးမလေးမှာ ခြံဝင်းတွင်းမှ အသံဗလံများအား လုံးဝ သတိမထားမိပုံရသည်။သူမက မြေပြင်ကို စူးစူးစိုက်စိုက်စိုက်ကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်နေခဲ့ပေ၏။


အနီးသို့ ရောက်သွားသောအခါ အန်တီချိုင်က ကျယ်လောင်စွာပြောလိုက်လေသည်။

" မျန်မျန် ... ဒီမှာ နင့်အစ်မ ပြန်လာပြီ ... "


' အစ်မ ' ဟူသောစကားလုံးကြောင့် ကလေးမလေးက ချက်ချင်းမော့ကြည့်လာခဲ့သည်။


သူမတွင် အလွန်နူးညံ့သောမျက်နှာရှိပြီး မျက်ဝန်းများကလည်း စပျစ်သီးသဖွယ် ဝိုင်းဝန်းနေကာ ရှည်လျားထူထပ်သော မျက်တောင်များက စုတ်တံနှစ်ချောင်းသဖွယ်ပင်။


ထုံရွှယ်လူတစ်ယောက် မင်သက်သွားလေ၏။

မှန်ပေသည်။ထုံမျန်မျန်မှာ (၉၀)ခုနှစ်များအတွင်း၌ ပြည်တွင်းရောပြည်ပမှာပါ နာမည်ကြီးခဲ့သောမင်းသမီးတစ်လက်ဖြစ်သည်မှာ အံဩစရာမရှိပါချေ။သူမသည် ငယ်ရွယ်စဉ်ကပင် အလွန်လှပနေပြီဖြစ်သည်။


ထုံမျန်မျန်သည် (၉၀)ခုနှစ်များအတွင်း၌  "ကမ္ဘာ့အကျော်ကြားဆုံး ထိပ်တန်းအမျိုးသမီးအဆိုတော်ဆယ်ဦးစာရင်းဝင်ဆုတံဆိပ် " နှင့် " ကမ္ဘာ့အကျော်ကြားဆုံး ထိပ်တန်းမင်းသမီးဆယ်လက် စာရင်းဝင်ဆုတံဆိပ် " များပင် ရရှိခဲ့လေ၏။

သူမသည် တရုတ်နိုင်ငံပြင်ပတွင် လူသိများသည့် တစ်ဦးတည်းသောနာမည်ကျော်ဖြစ်လာမည်ဖြစ်သည်။


ကံမကောင်းစွာပင် ထုံမျန်မျန်မှာ သူမ၏အသက်မွေးဝမ်းကြောင်းအထွတ်အထိပ်၌ သေတမ်းစာမချန်ဘဲ အဆုံးစီရင်သွားခဲ့သည်။


ဤဖြစ်ရပ်မှာ လူတကာအား စိတ်နှလုံးညှိုးနွမ်းစေခဲ့ပြီး

အချို့ကမူ သူမ၏ဆုံးဖြတ်ချက်မှာ အချစ်ရေးကံမကောင်းခြင်းနှင့် အလွန်ဝမ်းနည်းစရာကောင်းသော ကလေးဘဝကြောင့်ဖြစ်သည်ဟု ကောက်ချက်ချခဲ့ကြသည်။

မပျော်ရွှင်သောကလေးဘဝကို ကုစားရန်အတွက် တစ်သက်တာလုံးကြာရှည်သွားနိုင်သည်။မိသားစု‌ကြောင့်ဖြစ်ပေါ်လာသော စိတ်မလုံခြုံမှုက သေရာပါသွားနိုင်လေ၏။


ထုံမိသားစု၏သားသမီးသုံးယောက်မှာ အသီးသီးအောင်မြင်လာကြသော်လည်း မည်သူမျှ မပျော်ရွှင်ကြပေ။၎င်းမှာ ဝမ်းနည်းစရာကိစ္စပင်။


သို့သော်လည်း ယခုအချိန်၌ အခြေအနေက ကွဲပြားသွားလေပြီ။သူမ ရောက်ရှိလာခဲ့ပြီဖြစ်၏။

ဤကလေးများအား ပေဟယ်မှ မိသားစုထံသို့လည်းပြန်အပ်မည်မဟုတ်သကဲ့သို့ သူတို့၏ငယ်ဘဝကိုလည်း အုံ့မှိုင်းခံမည်မဟုတ်တော့ပေ။


ထုံမျန်မျန်သည် ထုံကျန်းကျန်းကိုတွေ့ရန်မျှော်လင့်နေသော်လည်း ထို့အစား သူမ မသိသောအမျိုးသမီးတစ်ဦးကိုသာတွေ့လိုက်ရသည်။သူမသည် စိတ်ရှုပ်ထွေးသွားခဲ့ပြီး မျက်လုံးများတွင်လည်း မသေချာမရေရာမှုများဖြင့် ပြည့်နှက်သွားလေ၏။


ထိုအခါ အန်တီချိုင်က သားဖြစ်သူအား မြေပြင်ပေါ်ချလိုက်ပြီး  ထုံမျန်မျန်ရှိရာဘက်သို့ လှည့်ကာ ပြောတော့သည်။


" မျန်မျန် ဘာလို့ စကားမပြောတာလဲ ...  ဒါက နင့်အစ်မအရင်းပဲ ... ခေါ်လိုက်လေ ... "


" သူက ... သမီးအစ်မ မဟုတ်ဘူး  ... "


" သူက နင့်အစ်မအစစ်ပဲ ...  ထုံကျန်းကျန်းက နင့်အစ်မရင်းမဟုတ်ဘူး ... အဲ့ဟာမက ဒီတိုင်း မျက်ဖြူဝံပုလွေမ ... သူ့ကို မေ့လိုက်တာပဲကောင်းတယ် ... "


အန်တီချိုင်က ပြောပြောဆိုဆိုဖြင့် ရေခပ်ရန်ထွက်သွားတော့လေသည်။

ခြံဝင်းထဲ၌ ရေစည်ပိုင်းကြီးတစ်ခုရှိပြီး ဤလိုပူပြင်းသောရာသီဥတုမျိုး၌ ရေမိုးချိုးရန် ‌အနေတော်ဖြစ်သည်။


ထုံမျန်မျန်က ထုံရွှယ်လူအား စိမ်းသက်စွာကြည့်ရှုနေခဲ့ပြီး ပါးစပ်ကိုတင်းတင်းပိတ်၍ မည်သည့်စကားမှမပြောပေ။သူမကိုကြည့်ရသည်မှာ ပျော့ညံ့သောယုန်ကလေးတစ်ကောင်ကဲ့သို့ပင်။


ထုံရွှယ်လူ၏နှလုံးသားမှာ  ချက်ချင်းဆိုသလို အရည်ပျော်သွားခဲ့ပြီး သူမက ထုံမျန်မျန်၏အရှေ့တွင် ထိုင်ချလိုက်ကာ  “ မျန်မျန် ... မမက ထုံရွှယ်လူပါ ... ညီမလေးရဲ့ အစ်မရင်းပဲ ... အခုချိန်ကစပြီး မမက ဂရုစိုက်ပေးမယ် ... ဘယ်လိုလဲ ... " ဟု ပြောလိုက်သည်။


ထုံမျန်မျန်က မျက်လွှာချလိုက်ပြီး  လက်ချောင်းများကို 

သာ လိမ်ယှက်နေခဲ့လေသည်။


သို့သော်လည်း ထုံရွှယ်လူက အတင်းအကြပ်ဖိအားမပေးခဲ့ပေ။သူမက ညာလက်မောင်းကို အနည်းငယ်မြှောက်ပြလိုက်ပြီး " အိုး ... မမ အိတ်က အရမ်းလေးနေလို့ ချရတော့မယ်ထင်တယ် ... မျန်မျန်က တံခါးဖွင့်ပေးမလား ... " ဟု မေးလိုက်လေ၏။


ထိုအခါ ထုံမျန်မျန်က မော့ကြည့်လာခဲ့သည်။သူမက အနည်းငယ် တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံးတွင် ထိုင်နေရာမှ ထလာကာ ထုံရွှယ်လူ၏အရှေ့မှ လမ်းပြပေးတော့သည်။


ထုံရွှယ်လူသည် ကလေးများ အထူးသဖြင့် ဆိုးသွမ်းသောကလေးများအပေါ် စိတ်ရှည်သည်းခံခြင်းအလျဥ်းမရှိပါ။သို့သော်လည်း ထုံမျန်မျန်ကဲ့သို့ လိမ္မာရေး‌ခြားရှိသောကလေးများနှင့်တော့ ပြဿနာတစ်စုံတစ်ရာမရှိချေ။


ထုံမျန်မျန်က သစ်သားတံခါးအိုလေးကိုတွန်းဖွင့်ပြီး ထုံရွှယ်လူအား လှည့်ကြည့်ကာ " ဒီမှာထားလို့ရတယ် ... " ဟုပြောလိုက်လေ၏။


ထိုအခါ ထုံရွှယ်လူက သူမ၏နူးညံ့သောပါးပြင်လေး‌အား ခပ်ဖွဖွဆွဲညှစ်လျက် ဆိုလေသည်။

" ကျေးဇူးတင်ပါတယ် မျန်မျန် ...  အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးပဲ ... "


ထိုအခါ ထုံမျန်မျန်၏နှုတ်ခမ်းများက ပို၍ခပ်တင်းတင်းစေ့သွားခဲ့ပြီး သူမ၏ဖြူဖွေးနေသောနားရွက်လေးများမှာလည်း ပန်းရောင်သမ်းသွားတော့သည်။


ထုံရွှယ်လူမှာ အခန်းတစ်ဝိုက်ကိုစူးစမ်းကြည့်ခဲ့ရာ ကုတင်နှစ်လုံး ၊ ဆက်တင်အဟောင်းတစ်စုံနှင့် အခန်းထောင့်တွင်ကပ်ထားသောစားပွဲခုံအပုကလေးတစ်လုံးကို တွေ့ခဲ့သည်။ယင်းခုံပုလေးပေါ်တွင် ပန်းကန်ခွက်ယောက်များနှင့် တူချောင်းများရှိနေသည်။


စတုရန်းမီတာ ၂၀ပတ်လည်ရှိသောအခန်းမှာ ရိုးရှင်းသော်လည်း သန့်ရှင်းပြီး ထုံရွှယ်လူမျှော်လင့်ထားသည်ထက် အနည်းငယ်ပိုကောင်းခဲ့သည်။

ထုံရွှယ်လူက အိတ်ကို ကုတင်ပေါ်တင်ကာ အပြင်မှ ချောင်းကြည့်နေသော ထုံမျန်မျန်အား လက်ယပ်ခေါ်လိုက်သည်။


" ဒီကိုလာ မျန်မျန် ... မမ ဆံပင်ကျစ်ပေးမယ် "


ထုံမျန်မျန်မှာ တစ်ကိုယ်လုံး အလွန်သန့်ရှင်းနေပြီး သူမ၏ဖြူ‌ဖွေးသောမျက်နှာမှာလည်း ကြည်လင်ရှင်းသန့်နေသည်။သို့သော်လည်း သူမ၏ဆံပင်ကတော့ အနည်းငယ်ပွနေကာ အဝေးမှကြည့်ပါက ငှက်သိုက်သဖွယ်ဖြစ်နေလေ၏။


ထုံမျန်မျန်က သူမ၏လက်သေးသေးလေးများဖြင့် တံခါးဘောင်ကို ဆုပ်ကိုင်ထားရင်း  " တကယ် ဆံပင်ကျစ်တတ်တာလား ... " ဟု မေးမြန်းလာခဲ့သည်။


ထိုအခါ ထုံရွှယ်လူက ပြုံးပြလျက် 

" ဒါပေါ့ ... မျန်မျန့်ကို ဒီအိမ်ရာထဲက အလှဆုံး မိန်းကလေးဖြစ် လုပ်ပေးမယ် ... ကဲပါ ...  မြန်မြန် လာ... " ဟု ပြောလိုက်သည်။


ထုံမျန်မျန်၏မျက်ဝန်းအိမ်များထဲ၌ အလင်းတန်းများ ရှိနေသည်။ကနဦးတွင် သူမက အနည်းငယ်တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံး၌ ထုံရွှယ်လူ့ထံသို့ လျှောက်လှမ်းသွားလေသည်။


ထုံမျန်မျန့်ထံတွင် တောက်ပြောင်သောပိတုန်းရောင်ဆံကေသာရှိပြီး ထုံရွှယ်လူက ၎င်းတို့အား ကျစ်ဆံမြီးနှစ်

ချောင်း ကျစ်ပေးခဲ့သည်။အားလုံးပြီးသွားသောအခါ သူမက စားပွဲပေါ်မှ မှန်ကိုယူကာ ထုံမျန်မျန့်အား ပြသလိုက်လေ၏။


ယခင်ကထက် ပိုမိုလှပသွားသောဆံပင်ကိုကြည့်ရှုပြီးသောအခါ ထုံမျန်မျန်က စိတ်ကျေနပ်စွာဖြင့် မော့ကြည့်

လျက် ထုံရွှယ်လူ့အား ပြုံးပြလာခဲ့သည်။