Chapter 4
အနာဂတ်ရုပ်ရှင်မင်းသမီးကို သူမဘက်သို့သိမ်းသွင်းခြင်း
ကလေးမလေး၏ စကျင်ကျောက်လိုမျက်လုံးများက ကြည်လင်ပြီးတောက်ပနေကာ ပါးနှစ်ဖက်လုံးတွင် ပါးချိုင့်လေးများရှိပေသည်။
ထုံရွှယ်လူက မနေနိုင်ဘဲ ခေါင်းငုံ့ကာ သူ့ညီမလေး၏ပါးကိုတချက်ဖျစ်ညှစ်လိုက်သည်။
“ငါတို့ရဲ့ မျန်မျန်လေးက အရမ်းလှတာဘဲ၊ နတ်သမီးထက်တောင်လှသေးတယ်”
ထုံမျန်မျန်က မျက်လုံးဝိုင်းကြီးများဖြင့် သမင်ပေါက်လေးလို မော့ကြည့်လာသည်။။သူမ၏မျက်နှာသေးသေးလေးက ချက်ချင်းဆိုသလိုပင် အနီရောင်အဖြစ်ပြောင်းလဲသွားလေသည်။
ထုံရွှယ်လူက သူမကိုစတာ ရပ်လိုက်ပြီးနောက် လက်ကိုင်မှန်ကိုယူကာ ပထမဆုံးအကြိမ်အဖြစ် သူမ၏ပုံရိပ်ကိုကြည့်လိုက်သည်။
မှန်ထဲတွင် သူမမြင်လိုက်ရသောမျက်နှာမှာ နွေဦးအချိန်တွင်ပွင့်လန်းသည့် ပန်းများထက်ပင် ပို၍ဆွဲဆောင်နိုင်စွမ်းရှိပေသည်။ နှုတ်ခမ်းများကိုကွေးကြည့်လိုက်သောအခါ ပါးချိုင့်နှစ်ခုက သူမပါးတစ်ဖက်စီတွင်ပေါ်လာ၏။ သူမ၏ဘယ်ဘက်မျက်လုံးအောက်တွင် မွေးရာပါမျက်ရည်စက်ကဲ့သို့ အမှတ်လေးရှိနေကာ သူမမျက်လုံးများကို မူလကထက်ပိုပြီးတောက်ပသွားအောင် လုပ်နေပေသည်။
ဤသည်က အလွန်လှပသောမျက်နှာဖြစ်ကာ လှပလွန်း၍ တမျိုးတဖုံငြို့ယူဆွဲဆောင်သလိုတောင်ဖြစ်နေ၏။
သူမက အတိတ်ဘဝတွင်ဆွဲဆောင်မှုမရှိတာမျိုးမဟုတ်ပေ။ သို့သော်၎င်းအတွက် သူမပြင်ခဲ့သည်များရှိ၏။ ယခုတွင်မူလုံးဝကို သဘာဝအတိုင်းဖြစ်သည်။ သူမအနေဖြင့် ဘယ်ယောက်ျားကိုမှသဘောမကျချင်တော့ပေ။
သူမကိုယ်သူမဘဲ ပြန်ချိန်းတွေ့လို့မရဘူးလား။(🤣)
သူမရှာတွေ့လာသော မှန်တွင်ကြည့်ပြီးသောအခါ အိမ်၏အစားအစာအခြေအနေကိုစိစစ်ရန် ထရပ်လိုက်သည်။
၎င်းကစိတ်ပျက်စရာပင်။
ဆန်က 10ကျင်လောက်သာရှိပြီး ကန်စွန်းဥအိတ်တဝက်နှင့်အတူ ဆားရည်စိမ်ဟင်းသီးဟင်းရွက်အိုးလေးတစ်ခုကိုသာ တွေ့ရ၏။
(1ကျင်-0.5kg)
သူမဆက်ကြည့်လိုက်သောအခါ လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်ဟူ၍ မတွေ့ရဘဲ သေချာပေါက်ပင် အသားများ၏အရိပ်အယောင်ကိုမတွေ့ရပေ။ ထိုမျှသိရုံဖြင့်တင် ထုံရွှယ်လူ၏နှုတ်ခမ်းများက တွန့်လိမ်သွားသည်။
ဤသည်က ဆင်းရဲသည်ထက်ဆင်းရဲနေတာမျိုးပင်။ သို့သော် သူမကအခုမှစပြီးဒီနေရာတွင်နေထိုင်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သောကြောင့် သူမ၏အစာအိမ်ကိုဟောင်းလောင်းထားရန် ရည်ရွယ်ချက်မရှိပေ။
“မျန်မျန်ရေ မမကြီးက ထောက်ပံ့ရေးနဲ့တင်ပို့ရောင်းချရေးကော်မတီကို သွားလိုက်ဦးမယ် မမနဲ့အတူလိုက်လာချင်လား”
ထုံမျန်မျန်က သူမ၏မျက်တောင်ရှည်ကြီးများကို အကြိမ်အနည်းငယ်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးနောက်တွင် ခေါင်းခါပြလိုက်သည်။
“ဟင့်အင်း၊ သမီးမလိုက်ဘူး”
ဤမမကြီးက သူမ၏အရင်ကမမကြီးနှင့်ယှဉ်လျှင် ပို၍လှပသော်လည်း သူမအကိုက သူစိမ်းများနှင့်မလိုက်သွားရန် သတိပေးထားပေသည်။
ထုံရွှယ်လူက မျန်မျန်ကိုလိုက်ရန် အတင်းဖိအားမပေးပေ။ သူမက ဒေါ်လေးချိုင်ကိုကြည့်ကာ ထောက်ပံ့ရေးနဲ့တင်ပို့ရောင်းချရေးကော်မတီ၏တည်နေရာနှင့် ဟင်းသီးဟင်းရွက်များဝယ်နိုင်မည့် နေရာများကိုမေးလိုက်ပြီးနောက် စစ်တပ်သုံးလွယ်အိတ်ကိုလွယ်ကာ ထွက်သွားလိုက်သည်။
ဟင်းသီးဟင်းရွက်ဈေးက နေ့တိုင်းညနေလေးနာရီတွင် ဖွင့်လေ့ရှိသည်။ အခုတွင် သုံးနာရီခွဲသာရှိသေးသော်လည်း ဈေးတံခါးတွင် လူတန်းရှည်ကြီးနှစ်ခုက တန်းစီနေပြီဖြစ်သည်။
ဒေါ်လေးချိုင်၏စကားအရဆိုလျှင် ဤဟင်းရွက်ဈေးသည် ဒီဒေသတဝိုက်တွင် တခုတည်းသောဈေးဖြစ်ကာ တနေ့တွင်ကုန်ပစ္စည်းတမျိုးကိုသာ ရောင်းချခြင်းဖြစ်သည်။ ကုန်သွားပြီဆိုပါက ကုန်သွားပြီသာဖြစ်သည်။
သေချာပေါက်ပင် သူမက ဒီနေ့တော့ ဘာမှရနိုင်တော့မည်မဟုတ်ချေ။
ထုံရွှယ်လူက အသက်ကြီးကြီးမိန်းမတစ်ယောက်ကိုမေးလိုက်ကာ သုံးဘီးများဖြတ်သွားမည့်နေရာကို စောင့်ရန်သွားလိုက်သည်။
သူမက မိနစ်နှစ်ဆယ်လောက်စောင့်ပြီးသောအခါ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်က သုံးဘီးနှင့် သူမဘက်သို့ဦးတည်လာနေသည်ကို တွေ့လိုက်သည်။ သူမက အကြမ်းဖျင်အားဖြင့် 700-800ကျင်နီးပါးရှိသည့် ကုန်ပစ္စည်းများကို တင်လာ၏။
အခုချိန်က ဩဂတ်လဖြစ်ကာ နေရောင်က မေးကြီးပေါ်သို့ စူးရှစွာထိုးကျနေသည်။ မြေကြီးပေါ်မှတံလျှပ်များက လူများကို ပေါင်းအိုးတစ်ခုထဲတွင်ရှိနေသလို ခံစားမိစေ၏။
လျိုဟွမ်ရင်က သူမ၏သုံးဘီးပေါ်တွင် 700-800ကျင်နီးပါးရှိသည့် ကုန်ပစ္စည်းများကို တင်လာ၏။
ချွေးစက်များက သူမ၏အနက်ရောင်ပါးပြင်တစ်လျှောက်မှ လည်ပင်းဆီသို့ စီးကျလာကာ သူမအားစေးကပ်ပြီး သက်တောင့်သက်သာမရှိဖြစ်စေ၏။ သူမ၏ဖွာလန်ကျဲနေသောဆံပင်များက ပါးပေါ်တွင်ကပ်နေကာ အပူဒဏ်ကြောင့် ဟောဟဲလိုက်နေပေသည်။
ရုတ်တရက်ဆိုသလိုပင် လမ်းမဘေးမှ မိန်းမငယ်လေးတစ်ဦးက လမ်းမပေါ်ပြေးတက်ကာ သူမဆီသို့ရောက်လာသည်။
“အမကြီးက တောင်ကုန်းပေါ်ကိုနင်းရတော့မှာဘဲ၊ ညီမကူညီပါရစေ”
လျိုဟွမ်ရင်က ခေါင်းခါလိုက်သည်။
“ရပါတယ်၊ အမျိုးသမီးတွေက ကောင်းကင်တဝက်ကို ထောက်ကန်ထားနိုင်တယ်၊ ငါလုပ်နိုင်တယ်”
ထုံရွှယ်လူက လေးနက်စွာကြည့်လိုက်သည်။
“အမကြီး ဒါနဲ့ပတ်သက်ပြီးမကောင်းသလိုခံစားနေစရာမလိုပါဘူး၊ ညီမတို့ရဲ့သမ္မတ(မော်စီတုန်း)က လူတွေအချင်းချင်းကူညီပေးသင့်တယ်လို့ ပြောခဲ့တယ်လေ၊ အကုန်လုံးက အတူတူအလုပ်လုပ်နေတဲ့သူတွေဘဲ၊ အချင်းချင်းကူညီပေးတာက မှန်ပါတယ်”
ထိုသို့ပြောပြီးနောက် ထုံရွှယ်လူက သူမအား ငြင်းဆန်ရန်အခွင့်အရေးမပေးတော့ဘဲ ပြေးလာကာ အနောက်မှတွန်းလာ၏။
အနောက်မှတစ်ယောက်တွန်းပေးလာသောအခါ လျိုဟွမ်ရင်အတွက် တောင်ပေါ်သို့နင်းရာတွင် ပိုချောမွေ့လာ၏။ ဤနေရာသည် သူမ၏ခရီးစဉ်တစ်လျှောက်၌ အမြဲလိုလိုပင်ခက်ခဲနေခဲ့သောနေရာဖြစ်ကာ ယနေ့တွင်မူအတော်လေးလွယ်ကူနေခဲ့သည်။
ဈေးနေရာသို့ ရောက်တော့မည့်အခါ လျိုဟွမ်ရင်က ရပ်ကာပြောလိုက်သည်။
“ရဲဘော် ဒီနေ့ကူညီပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒီဟင်းရွက်တချို့ကို နင်ယူသွားလိုက်လေ၊ ငါပေးလိုက်မယ်”
ထုံရွှယ်လူ၏မျက်နှာက အပူဒဏ်ကြောင့်နီရဲနေ၏။ သူမက နဖူးပေါ်မှချွေးများကိုသုတ်ကာ လျိုဟွမ်ရင်ဆီလျှောက်သွား၏။ ထို့နောက် သူမက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အမကြီးက ညီမကိုဘယ်လိုလူလို့ထင်နေတာလဲ၊ ဒီလိုအခွင့်ကောင်းယူဖို့ကို ကျွန်မငြင်းဆန်ပါတယ်”
သူမက ဤထက်ပိုသည့် အခွင့်ကောင်းများကို ရယူလိုသူဖြစ်သည်။
ဤအမျိုးသမီးက ဟင်းရွက်ဈေးတွင် အလုပ်လုပ်၏။ အကယ်၍ သူမသာ ဤအမျိုးသမီးနှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ထားပါက ထိုနေရာ၌ပစ္စည်းများဝယ်ယူရန် ပိုအဆင်ပြေလာမှာဖြစ်သည်။
လျိုဟွမ်ရင်က ပြုံးလိုက်သည်။
“နင်က ငယ်ရွယ်သေးပေမယ့် စိတ်နေစိတ်ထားကတော့ ဖြောင့်မတ်တာဘဲ”
ထုံရွှယ်လူက သူမကိုအလွန်ကြင်နာစွာကြည့်လိုက်သည်။
“ညီမနာမည်က ထုံရွှယ်လူပါ၊ ရွှယ်လူလို့ဘဲခေါ်ပါ၊ ဒီဟင်းရွက်အတွက် ကျသင့်သလောက်ကို ညီမပေးပါ့မယ်”
လျိုဟွမ်ရင်၏အပြုံးက ပိုပိုပြီးစစ်မှန်လာ၏။
“ငါ့ကို အမကြီးလျိုလို့ဘဲခေါ် ရှေ့လျောက်ဈေးလာဝယ်ချင်လာရင် ဒီအတိုင်းလာပြီး ငါ့ကိုရှာလိုက်”
“ကျေးဇူးပါ အမကြီးလျို”
ထိုအရာက သူမစောင့်နေသောအရာပင်ဖြစ်သည်။
သူမက ဟင်းရွက်တပွေ့တပိုက်နှင့် လျိုဟွမ်ရင်နှင့်အတူ ဈေးသို့သွားကာ မထွက်ခွာခင်၌ အခြားသူများ၏မနာလိုနေသော မျက်လုံးများရှေ့တွင် ပိုက်ဆံနှင့်စားစရာလက်မှတ်များကို အလုပ်သမားအားပေးလိုက်သည်။
ထို့နောက်သူမက ထောက်ပံ့ရေးနဲ့တင်ပို့ရောင်းချရေးကော်မတီသို့ ဦးတည်သွားကာ ကြက်ဥ1ကျင်နှင့် နို့သကြားလုံးများကို ဝယ်လိုက်သည်။ စုစုပေါင်း 2.6ယွမ်ကျသင့်၏။
အကုန်လုံးက မနက်မိုးလင်းကတည်းက ရောင်းကုန်နေပြီဖြစ်သောကြောင့် ထုံရွှယ်လူက ဝယ်လို့ရသလောက်သာဝယ်ပြီး အိမ်ပြန်သွားလိုက်သည်။
ခြံဝင်း၏ဝင်ပေါက်သို့ရောက်သောအခါ ခေါင်းလေးတစ်ဝက်က တံခါးနောက်မှထွက်နေပြီး ဝက်မြှီးလိုကျစ်ဆံမြှီးလေးများက အနောက်ဘက်တွင် လှုပ်ရမ်းနေ၏။
ထုံရွှယ်လူက ပြောလိုက်သည်။
“မျန်မျန်ရေ ဘာလို့ တံခါးနောက်မှပုန်းနေတာလဲ”
ဒေါ်လေးချိုင်က ချက်ချင်းပင်အထဲမှထွက်လာ၏။ ထုံရွှယ်လူပြန်ရောက်လာသည်ကို မြင်သောအခါ သူမက အသံကျယ်ကျယ်ဖြင့် လှမ်းပြောလာသည်။
“အိုးးကောင်းလိုက်တာ ပြန်ရောက်လာပြီပေါ့၊ မျန်မျန်က တံခါးဝမှာဘဲနေပြီး သမီးကို စောင့်မယ်လုပ်နေတာလေ၊ ဘယ်လိုပြောပြော အိမ်ထဲခေါ်လို့ကိုမရဘူး”
ထုံမျန်မျန်က ထုတ်ဖော်ခံလိုက်ရသည်ကို သိသွားသောအခါ ရှက်ရဲရဲဖြင့် တံခါးနောက်မှထွက်လာသည်။
သူမက ထုံရွှယ်လူအား စပျစ်သီးလိုမျက်လုံးနက်နက်များဖြင့် ကြည့်နေသည်မှာ လှလည်းလှသလို ချစ်စရာလည်းကောင်းနေ၏။
သူမ၏အကြည့်က ထုံရွှယ်လူ၏နှလုံးသားကို အရည်ပျော်သွားစေသည်။ ထုံရွှယ်လူက နို့သကြားလုံးများကို သူမကိုပေးလိုက်သည်။
“အိုင်းယားး မျန်မျန်က မမကြီးကိုလာစောင့်နေတာလား၊ လိမ္မာလိုက်တာ ဒီမှာ မမကြီးက မျန်မျန်အတွက် နို့သကြားလုံးတွေယူလာတယ် သဘောကျရဲ့လား”
ထုံမျန်မျန်၏မျက်လုံးများက ချက်ချင်းဆိုသလိုပင် ညဘက်မှကြယ်များလိုတောက်ပလာ၏။ သူမကခေါင်းသေးသေးလေးကိုငြိမ့်ပြကာ ပြောလာသည်။
“ဟုတ် မျန်မျန်ကသကြားလုံးတွေကို ကြိုက်တယ်”
သူမက ဒီမမကြီးသည် သူမမိဘနှင့် အရင်ကမမထုံကျန်းကျန်းလိုပင် ထွက်သွားပြီးနှင့်ပြန်မလာတော့ဘူးဟု ထင်နေခဲ့ခြင်းဖြစ်သည်။ သူမ အလွန်စိတ်ပူသဖြင့် တချိန်လုံး တံခါးဝတွင်စောင့်နေခဲ့ခြင်းဖြစ်သည်။(🥲)
သူမ၏မမကြီးက ပြန်ရောက်လာရုံသာမက သူမအတွက် နို့သကြားလုံးများကိုပါ ပြန်ယူလာပေးမည်ဟု မထင်ထားခဲ့ချေ။
ဤနို့သကြားလုံးများကို အရင်တုန်းကစားခဲ့ဖူးသည်။ ၎င်းက အလွန့်အလွန်ကိုချိုပေသည်။
ထုံရွှယ်လူက သူမခေါင်းလေးကိုပုတ်ပေးလိုက်သည်။
“ကောင်းတာပေါ့ မျန်မျန်ကဒါတွေကြိုက်လို့တော်သေးတယ်၊ စားလို့ကုန်သွားလို့ ထပ်လိုချင်လာရင် မမကြီးကိုလာပြောနော်”
“အထဲဝင်ရအောင် မမကြီးက မျန်မျန်အတွက်ညစာချက်ပေးမယ်”
ထုံရွှယ်လူကပြောရင်း မျန်မျန်ကိုခေါ်ကာ အတူတူဝင်သွားသည်။
ထုံမျန်မျန်က သူမ၏ခြေတံတိုတိုလေးများနှင့်အတူ အနောက်မှဖြေးဖြေးချင်းလိုက်လာသည်။
သူမက ထုံရွှယ်လူ၏အမြှီးလေးလို ကပ်ပါလာ၏။
ထုံရွှယ်လူက သူမသွားသည့်နေရာတိုင်းကို နောက်မှလိုက်လာသော ညီမလေးကိုကြည့်ကာ စိတ်ကျေနပ်သွားသည်။
ပထမဆုံးတိုက်ပွဲကတော့ နိဂုံးချုပ်သွားပြီဖြစ်သည်။
၎င်းက သူမတွေးထားသည်ထက် ပို၍လွယ်ကူနေပေသည်။
အနာဂတ်ရုပ်ရှင်မင်းသမီးကို သူမဘက်သို့သိမ်းသွင်းခြင်း-ပြီးဆုံး။
**
ထုံကျန်းကျန်းတစ်ယောက် ဆေးရုံပေါ်တွင် နိုးလာသောအခါ ထုံရွှယ်လူနှင့် ရန်ဖြစ်ပြီး သူမကအရမ်းနုနယ်သောကြောင့် ထုံဖေဖေနှင့် ထုံမေမေတို့ကို စိတ်ပူသွားမိစေသည့်အတွက် ကိုယ့်ကိုကိုယ်အပြစ်တင်လိုက်သည်။
ထို့ကြောင့် သူမက ဆေးရုံတွင် တညနေရန်မှာ အလကားဖြုန်းတီးသည်ဟု ခံစားမိသဖြင့် ဆေးရုံမှဆင်းရန် အတိုက်အခံပြုလိုက်သည်။
ထုံဖေဖေနှင့် ထုံမေမေတို့သည် နဂိုကတည်းက သူတို့၏သမီးရင်းအပေါ် အပြစ်ရှိသလို ခံစားနေရပြီးဖြစ်ကာ အခုတွင်လည်း သူမက ဘယ်လိုတောင်ရင့်ကျက်နေသည်ကို မြင်လိုက်ရသောအခါ ထုံရွှယ်လူအား အလွန်ကလေးဆန်သည့်အတွက် စတင်ကာ အပြစ်တင်လာကြသည်။
အိမ်သို့ပြန်ရောက်အခါ ထုံရွှယ်လူက ထွက်သွားပြီဆိုသည်ကို သိလိုက်ရသည်။
ထုံကျန်းကျန်းက မယုံကြည်နိုင်စွာကြည့်လိုက်မိသည်။
“ယောက်မ ထုံရွှယ်လူက တကယ်ထွက်သွားတာလား”
ထုံရွှယ်လူက ကြိုးကိုင်ကာ ထုံမိဘနှစ်ယောက်ကို သူမအပေါ်သနားစိတ်ဝင်လာအောင် လုပ်တာအသေအချာဟု သူမခံစားမိ၏။
မကောင်းဆိုးဝါးမ၊ ဉာဏ်နီဉာဏ်နက်များလိုက်တာ။
ချန်ယွဲ့လင်က သူမကို တချက်ကြည့်လိုက်သည်။
“ငါကဘာလို့ ဒီကိစ္စကိုညာပြောရမှာလဲ ရွှယ်လူထွက်သွားတာဖြင့် နာရီနဲ့ချီနေပြီ”
“ဘာလို့ နှုတ်တောင်မဆက်ဘဲ ထွက်သွားနိုင်ရတာလဲ”
အခုလေးတင် ထုံအမေက သူမကိုဘယ်လိုကလေးဆန်သည်ဟု တွေးနေခဲ့သော်လည်း ထုံရွှယ်လူထွက်သွားပြီဆိုသည်ကို သိလိုက်ရသောအခါ ချက်ချင်းပင်ဝမ်းနည်းသွားသည်။
ထုံရွှယ်လူက သူတို့၏သမီးရင်းမဟုတ်သော်ငြား သူတို့က ဆယ်နှစ်ကျော်မြတ်နိုးကာ အလိုလိုက်ပျိုးထောင်ခဲ့ရသော ကလေးသာဖြစ်သည်။ သူမက ဒီအတိုင်းထွက်သွားလိုက်လို့ရသည့် တစ်စုံတစ်ယောက်မဟုတ်ပေ။
ထုံအမေ၏ပုံစံကို မြင်သောအခါ ထုံကျန်းကျန်းက မပျော်တော့ပေ။
သူမက အပြစ်ရှိသလိုပြောလာသည်။
“အကုန် သမီးအပြစ်တွေပါ၊ သူနဲ့သမီးရန်မဖြစ်လိုက်သင့်ဘူး ဒီအတိုင်းရွှယ်လူအော်တာကို ခံလိုက်ရမှာ၊ အဲ့ဒီလိုဆို သမီးကမေ့လဲစရာမလိုတော့သလို ရွှယ်လူကလည်း နှုတ်မဆက်ဘဲထွက်သွားတော့မှာ မဟုတ်ဘူး ၊ အမေ ဝမ်းမနည်းပါနဲ့ သမီးသူ့ကို သွားပြန်ခေါ်လိုက်မယ်”
သူမ၏စကားလုံးများက အလွန်လေးလံနေ၏။
သူမစကားများသည် သူမအပြစ်ဟုသာပြောနေသည်ဟု ထင်ရသော်လည်း စကားတစ်ခွန်းစီတိုင်းက ထုံရွှယ်လူတစ်ယောက် ဘယ်လိုတောင် အကျိုးအကြောင်းမညီညွတ်သည်ဟု ညွှန်ပြနေ၏။
ချန်ယွဲ့လင်းက သူမပြောသည်ကိုကြားသောအခါ သူမ၏ဒီယောက်မအသစ်က မရိုးရှင်းဘူးဆိုသည်ကို ပိုပိုပြီးခံစားမိလာသည်။
သူမက လက်ဆန့်ကာ ထုံကျန်းကျန်းကိုတားလိုက်သည်။
“ကျန်းကျန်း ညီမလေးရွှယ်လူက ကျန်းကျန်းအတွက် နေရာဖယ်ပေးသွားတာ၊ တကယ်လို့ ကျန်းကျန်းက အခုချိန်မှာ သူ့ကိုသွားပြန်ခေါ်လိုက်ရင် ရွှယ်လူရဲ့အားစိုက်ထုတ်သမျှအားလုံးက အလကားဖြစ်သွားလိမ့်မယ်၊ တကယ်လို့ သူမပြန်ရောက်လာပြီးမှ နင်တို့ထပ်ပြီး အဆင်မပြေဖြစ်လာရင် ဘယ်လိုလုပ်မလဲ”
“… …”
ထုံကျန်းကျန်းက ဒေါသထွက်လွန်းသဖြင့် အသက်ရှူတောင် ရပ်သွားသည်။
'ငါ့အတွက် နေရာဖယ်ပေးတယ်' ဆိုတာက။ဘာသဘောလဲ၊ သူမက အစကတည်းက ထုံမိသားစု၏သမီးရင်းဖြစ်ခဲ့တာပင်။ ထုံရွှယ်လူကသာ သူမ၏နေရာကိုလုယူသွားသောသူဖြစ်သည်။
ဒါ့အပြင် သူကဘဲ သူမနဲ့ရန်ဖြစ်ချင်တာမဟုတ်ဘူးလား၊ ထုံရွှယ်လူကသာ အမြဲတမ်းသူမကို ရန်စသောသူဖြစ်သည်။ မဟုတ်လို့လား။
သို့သော် သူမက ဤသည်ကို ထုတ်မပြောနိုင်ပေ။ အလွန်ဒေါသထွက်လာ၏။
ချန်ယွဲ့လင်က သူမကိုလျစ်လျူရှုကာ ထုံအဖေနှင့် ထုံအမေဘက်လှည့်လိုက်သည်။
“အမေ၊ အဖေ ညီမလေးက အမေတို့ကို ဒီလိုအခြေနေမျိုးမခံစားချင်စေသလို အိမ်မှာလည်း နေ့တိုင်းရန်မဖြစ်ချင်ဘူးတဲ့ အပြင်လူဖြစ်တဲ့ သူမက ထွက်သွားလိုက်တာ အကောင်းဆုံးပါတဲ့၊ အနာဂတ်မှာ အမေတို့နှစ်ယောက်ကို ကောင်းကောင်းဂရုစ်ိုက်ပေးဖို့လည်း သမီးကိုမှာခဲ့တယ်....”
နောက်ဆုံးအပိုင်းကိုကြားသောအခါ ထုံအမေ၏မျက်လုံးများက နီရဲသွားသည်။
“အဲ့ဒီကလေးကတော့လေ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ဆိုသလို ရင့်ကျက်သွားရတာလဲ၊ ကြားရတာရင်ထဲမကောင်းလိုက်တာ....”
“… …”
ထုံကျန်းကျန်း၏ အကြည့်က တို့ဖူးပုပ်ထက်ပင် ပိုပိုပြီး ပုပ်အက်လာသည်။
ဘာကိုရင့်ကျက်တာလဲ။ သေချင်းဆိုးမ!!
ဘယ်သူမဆို ဤစကားများကို ထုတ်ပြောနိုင်ပေသည်။ အဲ့ဒါက ဘယ်လိုဖြစ်ပြီး သူမကိုရင့်ကျက်သွားစေတာလဲ။
ပြီးတော့ ပထမယောက်မက ဘယ်လိုဖြစ်နေတာလဲ၊ ရုတ်တရက်ကြီး ဘာလို့ထုံရွှယ်လူဘက်ကို ပါသွားဝာာလဲ။
ဒီကျက်သရေတုံးအုပ်စုကတော့။
***
ထုံရွှယ်လူကတော့ သူမ ထုံကျန်းကျန်းအတွက် ဆင်ထားခဲ့သော ထောင်ချောက်သည် လျင်မြန်စွာအလုပ်ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမက ဝယ်လာသောပစ္စည်းများကို ခြံထဲတွင်ချလိုက်သည်။ ထို့နောက် လက်တဆုပ်အပြည့် သကြားလုံးများနှင့် ကြက်ဥနှစ်လုံးကိုယူကာ ဘေးအိမ်မှ ဒေါ်လေးချိုင်ဆီသို့သွားလိုက်သည်။
ကောင်ငယ်လေးက ပုရွက်ဆိတ်များ အသိုက်ရွေ့နေသည်ကို ကြည့်နေရာမှ သူမကိုမြင်သည်နှင့် ချက်ချင်းပြေးထွက်လာ၏။
“မမကြီးက အရမ်းလှတာဘဲ”
ထုံရွှယ်လူက သူ့ကို သကြားလုံးနှစ်ခုပေးကာ မေးလိုက်သည်။
“သားနာမည်က ဘယ်လိုခေါ်လဲ”
နို့သကြားလုံးကို လက်ထဲတွင် တင်းတင်းဆုပ်ထားကာ သူက ဒီထက်ပိုပြီး မပျော်နိုင်တော့ပေ။
“သားနာမည်က ကျူးတန်ပါ"
(Tn: ကျူးတန်က ဝက်ဥလို့အဓိပ္ပါယ်ရပါတယ်)
ကျူးတန်တဲ့လား။
ထုံရွှယ်လူက တံတွေးသီးမလိုတောင်ဖြစ်သွားသည်။
“သားအကိုနာမည်က ကောတန်လား”
(Tn:ကောတန်-ခွေးဥ)
ကျူးတန်၏ ပါးစပ်က ကြက်ဥပုံစံဟသွားကာ သူအံ့ဩသွားသည်ကို သူမသိလိုက်၏ ထို့နောက် သူက ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသည်။
“သားအကိုကြီးနာမည်က ကောတန်ပါ၊ ဒုတိယအကိုက ယန်တန်၊ သားကတော့ကျူးတန်”
(Tn: ယန်တန်-သိုးဥ)
“… …”
ဟုတ်ပြီ၊ သူတို့က ဥအားလုံးကိုအပိုင်စီးထားတာဖြစ်မယ်။
ဒေါ်လေးချိုင်က လျှောက်လာလာချင်းပင် ကျူးတန်လက်ထဲမှ သကြားလုံးများကို ဆွဲယူလိုက်သည်။
“နို့သကြားလုံးတွေက ဈေးကြီးတယ်၊ နင်ပြန်ယူသွားသင့်တယ် ဒီကလေးပေါ်မှာ ဖြုန်းတီးမနေနဲ့”
ထုံရွှယ်လူက သူမကို ချက်ချင်းတားလိုက်သည်။
“ဒေါ်လေးချိုင်ရယ် ဒီအတိုင်းသရေစာလေးတချို့ပါ၊ ဘာမှမဖြစ်ပါဘူး ဒေါ်လေးက သမီးတို့ရဲ့ မျန်မျန်ကိုကောင်းကောင်းဂရုစိုက်ပေးထားတာ ကျေးဇူးတင်လို့ပါ”
လူတိုင်းက စကားလှလှများ ကြားရသည်ကို သဘောကျကြပေသည်။
ဒေါ်လေးချိုင်က ချက်ချင်းပင် မျက်လုံးများပျောက်သွားသည်အထိ ပြုံးကာ ပြောလာ၏။
“အိုင်းး ယဉ်ကျေးနေစရာမလိုပါဘူး၊ အကုန်လုံးက အိမ်နီးချင်းတွေဘဲလေ အချင်းချင်းကူညီပေးမှ မှန်ကန်မှာပေါ့”