အပိုင်း ၅
Viewers 21k

Chapter 5

-အနာဂတ်ဘော့စ်နှစ်ယောက်က တချိန်တည်းတွင် ထွက်ပေါ်လာခြင်း 



ဟိုဟိုဒီဒီအတင်းဖျင်းများ ပြောနေချိန်တွင် အချိန်ကလျင်မြန်စွာ ကုန်ဆုံးသွားသည်။


ထုံရွှယ်လူက အပြင်ဘက်ကို တချက်ကြည့်ကာ ထရပ်လိုက်သည်။

“ဒေါ်လေးချိုင်ရေ နောက်တောင်ကျနေပြီဘဲ၊‌ ဒေါ်လေးနဲ့ ဆက်စကားပြောနေလို့မရတော့ဘူး”


ဒေါ်လေးချိုင်ကလည်း အပြင်ဘက်ကို တချက်လှည့်ကြည့်ကာ ပြန်ပြောလာသည်။


“အိုးးဘုရားရေ၊ စကားပြောနေရင်း အချိန်ကိုတောင် မေ့သွားတယ်၊ ရွှယ်လူရေ နင်တခုခုလိုရင် ဘယ်အချိန်မဆို ဒေါ်လေးဆီကိုလာခဲ့နော်၊ ကြက်ဥတွေကိုလည်း ပြန်ယူသွားလိုက်ပါကွယ်”


နေ့ရက်များက လူတိုင်းအတွက်ခက်ခဲနေပေသည်။ အထူးသဖြင့် မိဘနှစ်ပါးလုံးကို ဆုံးရှူံးလိုက်ရသော ကလေးများအတွက်ဖြစ်သည်။ သူမက သူတို့၏ကြက်ဥများကို မယူရက်ပေ။


“ဒေါ်လေးချိုင်ကလည်း ဘာမှမဖြစ်ပါဘူးဆိုနေမှ၊ ဒါက ကြက်ဥနည်းနည်းဘဲလေ ယူထားလိုက်ပါ”


ထုံရွှယ်လူက အလွန်အမင်းယဉ်ယဉ်ကျေးကျေးပြုမူရာတွင် ဘယ်တုန်းကမှ ‌မတော်ခဲ့ပေ။သူမက စကားပြောပြီးပြီးချင်းပင် အလျင်အမြန်လစ်ထွက်လာလိုက်သည်။


အပြင်ဘက်ရှိ ကောင်းကင်ကြီးသည် တစ်ယောက်ယောက်က လိမ္မော်ရည်မှောက်ချထားသကဲ့သို့ပင်။ ကောင်းကင်တစ်ခုလုံးက နီရဲ‌ကာ ခြံဝင်းတစ်ခုလုံးက နေရောင်ဖြင့် တောက်ပနေသည်။


ညစာအတွက်ပြင်ဆင်‌ရာမှ ထွက်လာသော မီးခိုးများက ခြံဝင်းများမှ မြင့်တက်လာသည်။ ထုံရွှယ်လူအား တစ်ခါမှမမြင်ဖူးသော ထိုသူများသည် သူမအားသိချင်စွာ ကြည့်လာကြသည်။


ထုံရွှယ်လူက အိမ်ထဲပြန်မဝင်ခင် လူတိုင်းအား ပြုံးကာ ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမက အိမ်ထဲသို့ဝင်ကာ ညစာအတွက် ပါဝင်ပစ္စည်းများကို ယူထုတ်လိုက်သည်။


မိသားစုတိုင်း၏ မီးဖိုက သူတို့အိမ်အဝင်၏အပြင်ဘက်တွင် ဆောက်ထားကြကာ ကိုယ်ရေးကိုယ်တာနေရာဟူ၍ရှိ‌မနေပေ။


ပို၍ဆိုးရွားသောအရာမှာ ထုံမိသားစု၏ မီးဖိုက ထင်းမီးဖိုဖြစ်သည်။


ထုံရွှယ်လူအနေဖြင့် ထင်းမီးဖိုကို ဘယ်လိုအသုံးပြုရမည်ကို သိသော်လည်း သူမ၏မျက်လုံးကိုမွှန်စေသဖြင့် အသုံးပြုရန် လုံးဝကိုမလွယ်ကူနေပေ။


ထုံရွှယ်လူက ညစာအတွက် ပါဝင်ပစ္စည်းများကိုပြင်ဆင်နေရင်း ဘယ်လိုလုပ်ပါက ပိုက်ဆံရှာနိုင်ကာ သူတို့၏ဘဝအခြေအနေကို တိုးတက်အောင်လုပ်နိုင်မည်ကို တွေးနေလိုက်သည်။


သူမက ကြွေဇလုံထဲသို့ ဆန်နှင့်‌ ရောကြော်မည့် ကြက်ဥများကို ထည့်လိုက်သည်။ သူမက ထိုင်ဝမ်မုန်ညင်းများကိုဆေးကြောကာ လေးပိုင်းပိုင်းလိုက်သည်။ ထို့နောက် ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းလိုက်၏။


သူမက ထမင်းကြက်ဥမွှေကြော်နှင့် ထိုင်ဝမ်မုန်ညင်းကြော်လုပ်ရန် ပြင်ဆင်ထားသည်။


ထမင်း၏အနံ့က ‌အိုးထဲမှ ဝေ့တက်လာသောအခါ မုန်ညင်းကြော်ရန်လုပ်လိုက်သည်။ သူမက မုန်ညင်းများကို ‌အခြောက်မခံခင် ရေနွေးဖြင့် ခနပြုတ်‌လိုက်သည်။ ထို့နောက် ရေအေးအေးဖြင့် ပြန်ဆေးကာ အသင့်ပြင်ထားသော ပန်းကန်ထဲသို့ ထည့်လိုက်သည်။


သူတို့က အိမ်တွင် ဝက်သားမှဆီထုတ်ကာ ချက်ပြုတ်ကြ၏။ ဆီကိုအပူပေးပြီးသောအခါ ပဲငံပြာရည်နှင့် ဆားကိုထည့်လိုက်ပြီး နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူကိုထည့်လိုက်သည်။ ကြက်သွန်ဖြူ၏အနံ့က ခြံထဲတွင် ပျံ့နှံ့သွား၏။


“ရွှယ်‌လူရေ ဘာတွေချက်နေတာလဲ၊ အနံ့က အရမ်းကောင်းနေရော”


ဒေါ်လေးချိုင်က သူတို့အိမ်နှင့် အနီးဆုံးဖြစ်ရာ အလျင်အမြန်ပင် အနံ့ရသွားသည်။


ထုံရွှယ်လူက အိုးထဲမှ ကြက်သွန်ဖြူဆော့စ်ကို မုန်ညင်းပေါ်သို့ လောင်းချရင်း ပြန်ဖြေလိုက်သည်။

“ဒေါ်လေးချိုင်ရေ သမီးက မုန်ညင်းကြော်နေတာ”


ဤအချိန်များတွင် လူအများစုက ဟင်းသီးဟင်းရွက်များကို ရေလုံသာပြုတ်ပြီး ဆီတစ်စက်၊နှစ်စက်ထည့်ရုံဖြင့် ပြီးပြီဖြစ်သည်။ ဘယ်သူကမှ ထုံရွှယ်လူလို ဆီအများအပြားကို မသုံးကြပေ။


အနီးအနားမှသူများသည် သူမပြောသည်ကို ကြားသောအခါ အံ့ဩသွားကြသည်။


သူမက ကြက်သွန်ဖြူနုပ်နုပ်စဉ်းနဲ့ ဆီကိုသုံးပြီး ဟင်းရွက်ကြော်ခဲ့တာလား၊ ဘယ်လိုတောင် အသုံးကြမ်းတာလဲ။


ထုံမျန်မျန်ကပြေးလာကာ မုန်ညင်းကြော်ပန်းကန်ကို ကြည့်ပြီး တံတွေးမြိုချလိုက်သည်။ သူမက အစားမက်သည့်ကြောင်ပေါက်လေးလိုဖြစ်နေကာ ဒီထက်ပိုပြီးချစ်စရာမကောင်းနိုင်တော့ချေ။


ထုံရွှယ်လူက ထိုအမူအရာကိုမြင်သောအခါ အသံထွက်‌ရယ်လိုက်သည်။


“မျန်မျန်က ဗိုက်ဆာနေပြီလား”


ပေါက်စီလုံးလေးက တံတွေးမြိုချရင်း ခေါင်းခါပြလာသည်။

“မျန်မျန်က ဗိုက်မဆာသေးပါဘူး၊ အကိုကြီးတို့ ပြန်ရောက်လာတာကိုစောင့်ဦးမှာ”


“လိမ္မာလိုက်တာ၊ သွား အထဲမှာသွားဆော့နေ  မျန်မျန်ရဲ့အကိုနှစ်ယောက် ပြန်ရောက်လာတာနဲ့ ညစာစားကြမယ် ဟုတ်ပြီလား”


ထုံမျန်မျန်က ဆန်ဆိတ်နေသော ကြက်ပေါက်လေးလိုပင် ခေါင်းငြိမ့်ပြကာ အိမ်ထဲသို့ ခြေထောက်သေးသေးလေးများဖြင့် ပြေးဝင်သွားသည်။


ထုံမျန်မျန်ထွက်သွားသောအခါ ထုံရွှယ်လူက  ချက်ထားသော ထမင်းကိုခပ်လိုက်ကာ ဖွလိုက်သည်။ ထို့နောက်  ကြက်ဥဖောက်ကာ ‌ဆားအနည်းငယ်ထည့်လိုက်သည်။


သူမက ဝက်ဆီတချို့ကို အိုးထဲသို့ထပ်ထည့်လိုက်ပြီး ဆီဆူလာသောအခါ ဖွထားသောထမင်းကို အိုးထဲထည့်လိုက်သည်။ ထို့နောက်    ခလောက်ထားသော ကြက်ဥများကိုယူကာ အလျင်အမြန်ပင် အိုးထဲသို့ထည့်ကာ မွှေလိုက်သည်။


နှစ်မိနစ်အကြာတွင် အနံ့မွှေးသည့် ကြက်ဥထမင်းကြော်က ပြီးသွား၏။


ထမင်းကြော်အနံ့က ‌လေနှင့်အတူ ဒေါ်လေးချိုင်၏နှာခေါင်းဝသို့ရောက်လာရာ သူမကိုပိုပိုပြီး ဗိုက်ဆာလာစေသည်။


သူမကမနေနိုင်တော့ဘဲ ပြေးလာကာ တချက်ကြည့်လိုက်သည်။ ချက်ချင်းပင် သူမက အလန့်တကြားဖြစ်သွားသည်။


“အိုက်ယိုးးးရွှယ်လူ နင်ဒီထမင်းကို ဘယ်လိုလုပ်ထားတာလဲ၊ ဘယ်လိုဖြစ်ပြီး အရောင်ကအရမ်းလှသလို အနံ့ကလည်း မွှေးနေတာလဲ”


“ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး၊ သင့်တော်တဲ့ဆီပမာဏကိုသုံးလိုက်တာပါ အဲ့ဒါပါဘဲ”


“ဟုတ်ပါပြီ နင်မမှားဘူး၊ ဒါပေမယ့် ဆီကဈေးကြီးတယ်လေ နင့်မိသားစုရဲ့အခြေအနေကို တွက်ဆပြီး ပိုချွေတာသင့်တယ်”


ဒေါ်လေးချိုင်က သူမကို ရင်းနှီးစွာ အကြံပေးလာခြင်းဖြစ်ရာ ခေါင်းညိတ်ပြလိုက်သည်။


ဒေါ်လေးချိုင်က သိချင်သွား၏။

“စကားမစပ် နင်ကချက်ပြုတ်တတ်တာလား၊ ငါခုနကတည်းက သိချင်နေတာ ၊ အရင်မိသားစုရဲ့ အိမ်မှာ နင်အိမ်အလုပ်တွေ လုပ်ရလား”


ထုံရွှယ်လူက ပါးစပ်ဖျားလေးတင် လိမ်လည်လိုက်သည်။

“ဟုတ်တယ် မွေးစားမိဘအိမ်မှာဆို ကျွန်မက ချက်ပြုတ်ဖို့ ကူညီပေးနေကြလေ”


အမှန်တွင် မူလကိုယ်က သူမ၏ဘဝတစ်‌လျှောက်လုံးတွင် အိမ်အလုပ်ဟူ၍အနည်းငယ်တောင် မလုပ်ခဲ့ဖူးပေ။ ချက်ပြုတ်တတ်သောသူမှာ သူမသာဖြစ်သည်။


သူမက လက်ဖက်စိမ်းမအဖြစ် မွေးလာခြင်းမဟုတ်ပေ။ သူမက ဘယ်တုန်းကမှ မိဘများ၏ချစ်ခြင်းကို မခံခဲ့ရပေ။ သူမ၏အဖေက သူမအမေဆုံးပြီးတနှစ်အကြာတွင် နောက်အိမ်ထောင်ပြုလိုက်ကာ သူမမိသားစုက စိုးရိမ်နေခဲ့ပြီးနောက်တွင် သူမက ထိုအခြေအနေထိ မတည်ရှိနိုင်ခဲ့ပေ။


သူမက မိသားစု၏ချီးကျူးမှုကို ရနိုင်ရန်အတွက် ဘယ်လိုချက်ပြုတ်ရမည်ကို လေ့လာခဲ့သည်။ ထို့နောက်တွင် ထိုအိမ်၏စားဖိုးမှူးအဖြစ် အဆုံးသတ်သွား၏။


သူမ၏မိထွေးနှင့် ဖအေတူမအေကွဲညီမသည် သူမပေါ်တွင် လွှမ်းမိုးထားခဲ့သည်။ သူမ၏ဖအေတူမအေကွဲညီမသည် သူမ၏ပိုင်ဆိုင်မှုကို လုယူရသည်ကို သဘောကျ၏။ သူမ၏အဝတ်အစား၊ သူငယ်ချင်းနှင့် နောက်ဆုံးတွင် သူမ၏သတို့သားလောင်းကိုပါ လုယူသွားခဲ့သည်။


ထိုသို့ဖြင့် တစ်ဖက်တွင် အသံတိတ်ပေါက်ကွဲပြီး တိတ်ဆိတ်စွာ ရင်ထဲ၌သေဆုံးနေခဲ့ရပြီး နောက်ဆုံး၌ လက်ဖက်စိမ်းအဖြစ်အဆုံးသတ်သွားပေသည်။


သူမက ဒီနေရာကို မကူးပြောင်းလာမီ မိသားစုထဲမှ လူတိုင်းကို အနိုင်ယူခဲ့သည်။


အခြားသူများ စိတ်ကျေနပ်ရန်အတွက်သာ ချက်ပြုတ်ခြင်းကိုလေ့လာခဲ့သော်လည်း ထိုအရာက သူမ၏အစီအစဉ်တွင် အကြီးမားဆုံးလက်နက်ဖြစ်လာခဲ့သည်။


အခု 70ခုနစ်သို့ ကူးပြောင်းလာပြီးနောက်တွင်လည်း ထိုလက်နက်ကိုဆက်လက်သယ်ဆောင်ထားရမည်ဖြစ်သည်။


ဒေါ်လေးချိုင်က အနံ့မွှေးသည့်အပေါ် ပြောဆိုနေချိန်တွင် လူတိုင်းကလည်း ကြည့်ရူရန်စုဝေးလာကြသည်။


သူတို့သည် ထမင်းတ‌စ်စိချင်းစီက ကြက်ဥဖြင့် ဖုံးခံထားရကာ ရွှေရောင်သန်းနေသည်ကို မြင်လိုက်ရသည်။ ထိုထမင်းကြော်က အမြင်လည်းကောင်းသလို အနံ့လည်းကောင်းပေသည်။


သူတို့က အနံ့၊အရောင်အဆင်း၊ အရသာတို့ဖြင့် လွှမ်းမိုးခံလိုက်ရသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်တင် တစ်စုံတစ်ယောက်ကို ဆာလောင်သွားစေသည်။


မွှေးကြိုင်နေသောအနံ့က လူတိုင်း၏ အနံ့ခံအာရုံကို တိုက်ခိုက်သွားကာ သူတို့၏တံတွေးမြိုချသံများနှင့် အစာအိမ်ထဲမှ တဂွီဂွီမြည်သံများကို အတိုင်းသားကြားနေရ၏။


အဖွားအိုတစ်ယောက်က သူမလက်ထဲတွင်ပါလာသော ယောင်းမဖြင့် ထမင်းကြော်ကို တဇွန်းခပ်လိုက်ချင်သော်လည်း ထုံရွှယ်လူ လျင်မြန်စွာဖုံးလိုက်ကာ ပြောလိုက်သည်။


“ အိုင်းယားး ကျွန်မက ထမင်းကြော် အေးသွားမှာ မလိုချင်လို့ပါ”

 

ကပ်စီးနှဲလိုက်တာ။


အဖွားကြီးက နှုတ်ခမ်းစေ့ကာ သူမ၏ယောင်းမနှင့်အတူ ပြန်ထွက်သွားသည်။


လူတိုင်းက ဒီကာလများတွင် အဝတ်အစားနှင့် အစားအစာများပြတ်လတ်နေကြကာ ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်၏အိမ်တွင် ညစာလိုက်စားသည်မျိုးကို ပြုလုပ်ကြမည်မဟုတ်ပေ။ ထုံရွှယ်လူ၏ အချက်အပြုတ်က ဘယ်လိုပင်ကောင်းမွန်နေပါစေ ဘယ်သူကမှမေးမြန်းရဲကြ‌မည်မဟုတ်ပေ။


ထုံရွှယ်လူက ထိုအခွင့်အရေးကိုယူကာ ကြက်ဥထမင်းကြော်နှင့် ကြက်သွန်ဖြူမုန်ညင်းကြော်ကို အထဲယူသွားလိုက်သည်။ သူမကဆေးကြောရန် ပြန်ထွက်လာသည့် အချိန်တွင် တံခါးဝ၌ကောင်လေးနှစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။


အကြီးတစ်ယောက်က 11နှစ်ဝန်းကျင်ရှိလောက်ကာ ကျောကိုဆန့်ထားကာ မတ်မတ်ရပ်နေ၏။ သူက အနည်းငယ်ပိန်ပါးနေပုံပေါ်ကာ မျက်တောင်ထူထူများက သူ၏ထင်ရှားသောမျက်လုံးများကို ဖုံးလုနီးပါးဖြစ်နေသည်။


အငယ်တစ်ယောက်ကမူ 7နှစ်8နှစ်ဝန်းကျင်ရှိပြီး ကတုံး‌ဆံပင်ပေါက်ဖြင့်ဖြစ်သည်။ သူ၏ဆံပင်‌များက ဖြူကောင်လိုပင် ထိုးထောင်နေကာ ဝိုင်းစက်နေသော မျက်လုံးများက ထုံရွှယ်လူကို အပေါ်အောက်ဆန်ကြည့်လာသည်။


ကောင်လေးနှစ်ယောက်သည် ပုံစံအားဖြင့် သိပ်မတူကြသော်လည်း နှ‌စ်ယောက်လုံးက ထုံရွှယ်လူအား မရင်းနှီးသောအမူအရာဖြင့် ကြည့်နေကြသည်။


သူမသာမှန်မည်ဆိုပါက ထိုနှစ်ယောက်သည် သူမ၏မောင်များဖြစ်သည် ထုံကျားမင်နှင့် ထုံကျားရှင်းတို့ပင်ဖြစ်လိမ့်မည်။


အနာဂတ်ဘော့စ်နှစ်ယောက်က တချိန်တည်းတွင် ထွက်ပေါ်လာ၏။


ဘယ်လိုတောင် စိတ်လှုပ်ရှားစရာကောင်းလိုက်လဲ။



ထုံကျားရှင်းက ပိတ်စအများပြားကို စုချုပ်ထားသည့် ကျောပိုးအိတ်ကိုလွယ်ထားသည်။ သူက သူ့အစ်ကိုနားသို့ကပ်ကာ ပြောလိုက်သည်။


“ဒုတိယအကို သူက အစ်ကိုပြောတဲ့ တစ်ယောက်လား”


သူတို့၏မိဘများ မတော်တဆမဖြစ်ခင်တွင် ဓာတ်ပုံတစ်ခုကို ပြန်ယူလာခဲ့ကြသည်။ ဓာတ်ပုံထဲမှသူသည် အခုသူတို့ရှေ့တွင်ရှိနေသော တစ်ယောက်နှင့် အတော်လေးဆင်၏။


ထိုအရာက ပြသနာမဟုတ်ပေ။ အဓိကမှာ ‘သူမက ဒီမှာဘာလုပ်နေတာလဲ’


ထုံကျားမင်က ထုံရွှယ်လူကို စိုက်ကြည့်ကာ ဘာမှမပြောလာပေ။


သူတို့နှစ်ဦးသည် အနာဂတ်ဘော့စ်များဖြစ်လာမည် ဆိုသော်လည်း ယခုချိန်တွင် ထုံရွှယ်လူရှေ့မှ ကလေးများသာဖြစ်သည်။ သဘာဝကျစွာပင် သူမက သူတို့ကြောင့် ခြိမ်းခြောက်ခံရသလို မခံစားရပေ။


သူမက ရေတိုင်ကီဆီသို့ လျှောက်သွားကာ ရေတစ်ခွက်ခပ်လိုက်သည်။ ထို့နောက် သူမကဆေးကြောနေရင်း သူတို့ကို လှမ်းပြောလိုက်သည်။

“အိုး နင်တို့ပြန်ရောက်လာပြီဘဲ၊ သွား ကိုယ်လက်ဆေးပြီး ညစာစားဖို့လာကြ”


ထုံကျားရှင်းက သူ့အကိုကို တံတောင်ဖြင့်တွတ်လိုက်သည်။

“ဒုတိယအစ်ကို သူမဒီကိုဘာကြောင့်ရောက်နေတာလို့ ထင်လဲ၊ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ”


သူက အလွန်မငယ်တော့သလို နုံလည်း 

မနုံအတော့ပေ။ ဘာတွေဖြစ်နေသည်ကို သူက အတိအကျသတိမူမိပေသည်။


သူတို့၏သွေးရင်းအမဆိုသူက အိမ်ပြန်လာရန် ငြင်းဆန်ခဲ့၏။ သူမရော ထုံကျန်းကျန်းကပါ အခြားတစ်ဖက်တွင်သာ နေလိုသော မျက်ဆံဖြူဝံပုလွေများဖြစ်သည်။ ထိုဘက်မိသားစုမှ လူအားလုံးသည် အစိုးရဝန်ထမ်းများဖြစ်သည်ကို သူတို့သိထားကြသည်။ တည့်တိုးပြောရလျှင် ထုံကျန်းကျန်းရော၊ ထိုအမရင်းကပါ သူတို့မိသားစုကို အလွန်ဆင်းရဲသည်ဟု ယူဆထားခြင်းဖြစ်သည်။


ထိုအချိန်တုန်းက ငြင်းဆန်ခဲ့ပြီး အခုမှပြန်ရောက်လာသည်မှာ ဘာကိုဆိုလိုချင်တာလဲ။


ထို့အပြင် သူမနှင့်ထုံကျန်းကျန်းတို့ကြောင့်သာ မဟုတ်ပါက သူတို့၏မိဘများအသက်ရှင်နေဦးမှာဖြစ်သည်။


ထုံကျားရှင်းက ပိုပြီးတွေးလေလေ ပိုဒေါသထွက်လာ၏။  သူ၏လက်သီးက မထိန်းချုပ်နိုင်စွာမာကြောလာသည်။


ထုံကျားမင်ကမူ ထုံရွှယ်လူကို ကြည့်ကာ ဘာမှမပြောလာပေ။


သူတို့နှစ်ယောက်လုံးက သူမပြောသည်ကိုနားမဝင်ကြသည်ကိုမြင်သောအခါ ကြိုးစားနေသည်ကို ရပ်ရန်ဆုံးဖြတ်လိုက်သည်။ သူမကတစ်ဖက်လှည့်ကာ အိမ်ထဲဝင်သွားပြီး မီးထွန်းကာ ညစာကိုအသင့်ပြင်လိုက်သည်။


ဤအနာဂတ်ဘော့စ်နှစ်ယောက်သည် ထုံမျန်မျန်လို သုံးနှစ်ကလေးများမဟုတ်ပေ။ သူမက သူတို့ကို နို့သကြားလုံးတစ်လုံးလောက်နှင့် အနိုင်ယူနိုင်မည် မဟုတ်ချေ။


ထုံကျားမင်သည် ပုံမှန်အားဖြင့် အပြင်ဘက်တွင် နတ်သားဖြစ်သော်လည်း အတွင်းထဲတွင် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ ဒီနေ့အချိန်တွင် ဤအသက်အရွယ်နှင့် လုပ်လာနိုင်သော အကြံများကိုကြည့်ပါက သူ့အား အနိုင်ယူရန်မှာ သေချာပေါက်ပင် ခဲယဉ်းလိမ့်မည်။


သို့သော် သူမက စိတ်မပူပေ။ လူတိုင်းတွင် အားနည်းချက်ကိုယ်စီရှိကြ၏။ သူမလုပ်ရန်လိုအပ်သောအရာမှာ ထိုအားနည်းချက်က ဘာဆိုသည်ကို ရှာဖွေပြီး အနိုင်ယူရမှာဖြစ်သည်။


ထို့အပြင် သူမက ဤကလေးနှစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ပါက လက်ဖက်စိမ်းလုပ်ခဲ့သည့် ထိုနှစ်များက အလကားဖြစ်သွားလိမ့်မည်။


အိမ်ထဲတွင် ထုံမျန်မျန်က ထိုင်နေကာ ဘယ်ကတွေ့လာမှန်းမသိသည့် ကတ်ကြေးဖြင့် သူမ၏ခြေသည်းများကို ညှပ်ရန်လုပ်နေ၏။


သူမ၏ခြေချောင်းသေးသေးလေးတစ်ခုကို ဆန့်ထုတ်ကာ ကတ်ကြေးကို သူမ၏ ခြေသည်းပေါ်တွင် တင်လိုက်သည်။ သူမ၏ခြေချောင်းများသည် အန္တရာယ်ကို အာရုံခံမိသည့်အလား ကတ်ကြေးကိုရှောင်သွားကြသည်မှာ ကိုယ်ပိုင်အသိစိတ်ရှိနေသလိုပင်။


သူမ၏လက်က အလျင်အမြန်နောက်မှလိုက်လာသော်လည်း သူမ၏ခြေထောက်က ထပ်ရှောင်သွားပြန်သည်။ ဤသို့ဖြင့် အကြိမ်အနည်းငယ်ဖြစ်နေကာ သူမလက်က ခြေသည်းများဆီကို မရောက်နိုင်ဖြစ်နေသည်။


နောက်ဆုံးတွင် သူမက ပင်ပန်းသွားပုံပေါ်သည်။ သူမ၏ခြေထောက်ကို လက်ညှိုးထိုးကာ နို့လိုချိုချိုအီအီအသံလေးဖြင့် လူကြီးတစ်ယောက်လို ဆုံးမလာသည်။

“နင်ကဆိုးတယ်၊ နင်က မျန်မျန်လောက်တောင် မလိမ္မာဘူး”


ထုံရွှယ်လူက မထိန်းနိုင်ဘဲ အော်ရယ်လိုက်သည်။


ထုံမျန်မျန်ကို လက်ထဲတွင်ကတ်ကြေးနှင့်မြင်လိုက်ရသောအခါ သူမထိတ်လန့်သွားခဲ့၏။ မျန်မျန်၏ခြေထောက်သေးသေးလေးများကို မကယ်တင်နိုင်တော့ဘူးဟုတောင် ထင်သွားမိသည်။


ထုံရွှယ်လူ၏ရယ်သံကိုကြားသောအခါ မျန်မျန်က မော့ကြည့်လာသည်။ ထို့နောက်ချက်ချင်းပင် သူမ၏လက်မောင်းတုတ်တုတ်လေးများကို ထုံရွှယ်လူဆီဆန့်ထုတ်လာသည်။

“မမကြီး မျန်မျန်ကအဖက်ခံချင်တယ်”


ထုံရွှယ်လူက လျှောက်လာကာ သူမကိုချီပြီး လက်ထဲမှ ကတ်ကြေးကိုဖယ်လိုက်သည်။

“ကိုယ့်ဘာသာကိုယ် ကတ်ကြေးနဲ့ထပ်ကစားရတော့ဘူးနော်၊ အဲ့ဒါကအရမ်းအန္တရာယ်များတယ် ဟုတ်ပြီလား”


သူမ၏ပုခုံးပေါ်တွင်မှီပြီးနောက် ထုံမျန်မျန်က ထုံရွှယ်လူ၏လည်ပင်းတဝိုက်တွင် လက်ကိုချိတ်ထားကာ ပြောလာသည်။

“ဟုတ်ကဲ့ မမကြီး ၊မျန်မျန်က အဲ့ဒီလိုထပ်မလုပ်တော့ဘူး”


ပေါက်စီလုံးလေး၏ နို့လိုအသံက ချိုမြိန်ကာ နူးညံ့နေ၏။ သူမက ဒီထက်ပိုပြီး ချစ်စရာမကောင်းနိုင်တော့ပေ။


ထုံရွှယ်လူ၏နှလုံးသားသည် မျန်မျန်ကြောင့် နောက်တစ်ကြိမ်အရည်ပျော်ရပြန်သည်။ သူမက မျန်မျန်ကို ပါးချိုင့်လေးများကို နမ်းလိုက်သောအခါ တခစ်ခစ်ရယ်လာလေသည်။