Chapter 6
-“ပြီးသွားတာကပြီးသွားပြီဘဲ ဘာလို့ပြန်လာတာလဲ”
ဤအချိန်တွင် ထုံကျားရှင်းက အထဲဝင်လာကာ ထုံမျန်မျန်ကို သူမဆီမှဆွဲယူပြီး ဆူငေါက်လာသည်။
“ထုံမျန်မျန် နင် အရူးမလေး၊ အကိုကြီးက လူစိမ်းတွေနဲ့ စကားမပြောဖို့ မမှာခဲ့ဘူးလား”
ထုံမျန်မျန်က လန့်သွားပြီး နှုတ်ခမ်းစူကာ ပြန်ပြောလာသည်။
“မမကြီး သူစိမ်းမဟုတ်ဘူး”
မမကြီးက သူမအတွက်ကျစ်ဆံမြှီးကျစ်ပေးကာ နို့သကြားလုံးလည်းပေးသလို ပါးကိုလည်းနမ်းပေးသည်။
အရင်က သူမ၏မမဖြစ်သော ထုံကျန်းကျန်းသည် သူမကိုငတုံးမဟုသာ ခေါ်လေ့ရှိသည်။ ထို့အပြင် အနားတွင်ဘယ်သူမှမရှိပါက သူမကို ဆွဲဆိတ်တာမျိုးတောင်လုပ်ခဲ့ပေသည်။ ၎င်းက အလွန်နာ၏။
သူမ၏မိဘများကို ပြန်မတိုင်ရဘူးဟုတောင် ပြောထား၏။ သူမက ထိုမမကြီးကို သဘောမကျပေ။
သူ၏ညီမငယ်လေးက ထုံရွှယ်လူဘက်မှ ကာပြောပေးနေသည်ကို မြင်သောအခါ အရမ်းဒေါသထွက်လာပြီး သူမလေး၏ပါးကိုဖျစ်ညှစ်လိုက်သည်။
“နင်က အရူးမလေးဘဲ၊ ဘယ်သူ့ကိုမမကြီးလို့ခေါ်နေတာလဲ ဘာလို့သူမဘက်ကအရမ်းပါနေရတာလဲ သူမကနင့်ကိုခေါ်ပြီး ရောင်းစားသွားလိမ့်မယ်”
မှားယွင်းခံနေရသလို ခံစားရသဖြင့် မျန်မျန်၏မျက်လုံးများက ရဲတွတ်လာသည်။
“မျန်မျန်က အရူးမဟုတ်ဘူး၊ မမကြီးကလည်း မျန်မျန့်ကို ရောင်းစားမှာမဟုတ်ဘူး”
မျန်မျန်၏ပါးက ဖျစ်ညှစ်ခံလိုက်ရသဖြင့် နီရဲလာသည်ကို မြင်သွားသောအခါ ထုံရွှယ်လူက မျက်မှောင်ကြုတ်ပြီး အေးစက်စွာပြောလိုက်သည်။
“မျန်မျန်က သုံးနှစ်ဘဲရှိသေးတယ်၊ သူကဘာသိမှာလဲ ပြောစရာရှိရင် ငါ့ကိုလာပြော”
ဟမ့်၊ ကောင်းပြီလေ သူက သူမကိုပြောလိုက်မည်၊ ဘာကိုစိုးရိမ်နေရမှာလဲ။
ထုံကျားရှင်းက ထုတ်ပြောတော့မည့်အချိန်တွင် ထုံကျားမင်က သူ့ကိုတားလာသည်။
“ပါးစပ်ပိတ်ထား ကျားရှင်း”
ထိုသို့ပြောပြီးနောက် သူကလျှောက်လာကာ မျန်မျန်ကိုပွေ့ယူလိုက်ပြီး သူမ၏ပါးကိုညင်သာစွာပုတ်ပေးလိုက်သည်။
ထုံမျန်မျန်က ထုံကျားမင်း၏လက်ထဲတွင် ကွေးညွှတ်ကာ အနိုင်ကျင့်ခံနေသလိုလေသံဖြင့်ပြောလာသည်။
“ဒုတိယအစ်ကို မမကြီးက မကောင်းတဲ့သူမဟုတ်ပါဘူး မမကြီးက မျန်မျန်ကိုသကြားလုံးတွေပေးတယ်”
သူမ၏လက်သေးသေးလေးက အိတ်ကပ်ထဲသို့စမ်းကာ နို့သကြားလုံးတစ်ခုကို ဆွဲထုတ်ပြီး သူမအကို၏ပါးစပ်ထဲသို့ ထည့်ရန် ကြိုးစားလာသည်။
ဒါက သူမ၏ မမကြီးပေးထားသော သကြားလုံးဖြစ်သည်။ သူမက တစ်လုံးသာစားထား၏။ ကျန်သည့်နှစ်လုံးကို သူမ၏အစ်ကိုနှစ်ယောက်အတွက် ချန်ထားခြင်းဖြစ်သည်။
သို့သော် သူမ၏တတိယအစ်ကိုက သူမနှင့် မမကြီးကိုဆူငေါက်လာရာ သူမ၏သကြားလုံးကို မကျွေးချင်တော့ပေ။
ထုံကျားမင်က ရှောင်လိုက်သည်။
“ဒုတိယအစ်ကိုက မစားချင်ပါဘူး မျန်မျန်အတွက်ဘဲ သိမ်းထားလိုက်နော်”
ထုံမျန်မျန်က အလောတကြီးဖြစ်လာသည်။
“ဒုတိယအစ်ကို စားကြည့်”
အကယ်၍ ဒုတိယအစ်ကိုသာ မမကြီး၏သကြားလုံးကို စားလိုက်ပါက မမကြီးကို သူစိမ်းဟူ၍ ပြောလို့မရတော့ပေ။
ထုံကျားမင်က သူမကိုမဖြောင်းဖြနိုင်ရာ နောက်ဆုံးတွင် သကြားလုံးကို လက်ခံလိုက်ရသည်။
“ဒုတိယအစ်ကိုက နောက်မှ စားလိုက်မယ်နော်”
ထုံမျန်မျန်က လက်ခံလိုက်သော်လည်း သူ့ကိုထပ်ပြီး သတိပေးရန်မမေ့ပေ။
“ဒါဆိုရင် နောက်ကျ စားဖို့မမေ့နဲ့နော်”
ထုံကျားမင်က ခေါင်းညိတ်ပြကာ သူမလက်များကိုဆေးပေးရန် ခေါ်သွားသည်။
သူ့ညီမလေးက သူ့ကိုသကြားလုံးမပေးလာသည်ကို မြင်သောအခါ ထုံကျားရှင်းက ဒေါသထွက်လွန်းသဖြင့် နှာခေါင်းကရှူံ့ပွရှူံ့ပွဖြစ်လာသည်။ ထိုသို့ဆိုလျှင်တောင်မှ သူက ထုံရွှယ်လူကို သူမကသူခိုးတစ်ယောက်လို စောင့်ကြည့်နေဆဲဖြစ်သည်။
နောက်ဆုံးတွင် သူ့ဒုတိယအကိုနှင့် ညီမလေးရှိရာသို့ ပြေးလိုက်သွားသည်။
ထုံကျားမင်က သူ့ညီမလေး၏လက်များကို ဆေးကြောပေးပြီးနောက်တွင် သူ့ကိုယ်သူဆေးကြောလိုက်သည်။
ထုံကျားရှင်းက သူတို့ဆီပြေးလာကာ ဝမ်းနည်းနေပုံပေါ်၏။
“ဒုတိယအစ်ကို ကျွန်တော်သူ့ကိုပွင့်ပွင့်လင်းလင်း ပြောချင်တာကို ဘာလို့ခွင့်မပြုတာလဲ၊ ဘာကိုစိတ်ပူနေတာလဲ”
ထုံကျားမင်က ဘာမှပြန်မပြောပေ။
ထုံကျားရှင်းက နောက်မှလိုက်၍ ဗျောက်အိုးလို ပွက်လောရိုက်နေ၏။
“ဒုတိယအကို စိတ်မပူနဲ့ ညီမလေးကသာ သကြားလုံးတွေနဲ့ အရူးလုပ်ခံလိုက်ရတာ၊ ကျွန်တော်တော့အဲ့လိုဖြစ်မှာ မဟုတ်ဘူး၊ သူပြင်ထားတဲ့ညစာကိုတောင် စားမှာမဟုတ်ဘူး”
ထုံရွှယ်လူက သူမတစ်သက်တွင် ဘာမှလုပ်စရာမလိုခဲ့ချေ။ သူမက အစိုးရဝန်ထမ်းမိသားစုတွင် ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ သေချာပေါက်ပင် ဘာမှလုပ်တတ်မည်မဟုတ်ချေ။
သူမချက်ထားသော အစားအစာသည် ဆိုးရွားနေလိမ့်မည်။ အကယ်၍သူ့ကိုသတ်မည်ဆိုလျှင်တောင် သူမချက်ထားပေးသော ညစာကို စားမှာမဟုတ်ပေ။
ထုံရွှယ်လူ:“… …”
ကျစ် ကျစ်...ကြည့်ရတာ တတိယကလေးက သူတို့အားလုံးထဲမှာ အခက်ခဲဆုံးဖြစ်မယ့်ပုံဘဲ။
သို့သော် ၎င်းက သူ၏အတိတ်ဘဝမှ စိတ်နေသဘောထားဖြင့် ကိုက်ညီပေသည်။ ထုံကျားရှင်းက အကြံဉာဏ်များစွာရှိကာ အထူးသဖြင့် အဝတ်အစားဒီဇိုင်းများနှင့် ပတ်သက်လာလျှင်ဖြစ်သည်။
ကောင်တီကို အလုံးစုံပြုပြင်ပြောင်းလဲပြီးနောက်တွင် သူက ထိုနယ်ပယ်၌ အလွန်အောင်မြင်ခဲ့ပြီး နိုင်ငံတကာဆုအနည်းငယ်ကိုတောင် ရယူနိုင်ခဲ့သည်။
သူ၏စိတ်နေသဘောထားကမူ ပြသနာတစ်ခုဖြစ်သည်။အထူးသဖြင့် ပေဟယ်လို ဖိနှိပ်ခံထားရသည့် နေရာတွင် ကြီးပြင်းလာရသောအခါဖြစ်သည်။ ၎င်းက သူ့ကိုစိတ်ဆတ်ကာ ပေါက်ကွဲလွယ်စေ၏။ သူက ခံစားချက်များကို ဘယ်လိုကိုင်တွယ်ရမည်ကို မသိဘဲ နောက်ဆုံးတွင် သူ့ဇနီးက သူ့ကိုကွာရှင်းလာခဲ့သည်။ ကံမကောင်းစွာဖြင့် ကွာရှင်းသည့်နေ့တွင် သူ့ဇနီးက ကားမတော်တဆဖြစ်မှုဖြင့် သေဆုံးသွားခဲ့သည်။
ထုံကျားရှင်းက ထိုကိစ္စနှင့် ပတ်သက်ပြီး အလွန်နောင်တရကာ ဘယ်တော့မှ နောက်အိမ်ထောင်ထပ်မပြုတော့ပေ။
ထုံကျားမင်က ဆေးကြောသန့်စင်ပြီးနောက် သူ့ညီမလေးကိုချီကာ အိမ်ထဲဝင်လာခဲ့သည်။
စားပွဲက ညစာက အဆင့်သင့်ဖြစ်နေသည်ကို မြင်သောအခါ ခနရပ်သွားပြီး နောက်ဆုံးတွင် စားပွဲ၌ သူ့ညီမလေးနှင့်အတူ ထိုင်လိုက်သည်။
ထုံကျားရှင်းက တခုခုပြောလိုက်ချင်သော်လည်း သူ့ဒုတိယအစ်ကို၏အကြည့်ကိုမြင်သောအခါ ပါးစပ်ပိတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူက စိတ်ပိုင်းဖြတ်ပြီးသားဖြစ်သည်။ သူကသေချာပေါက် သူမချက်ထားသည်များကို ထိမည်မဟုတ်ပေ။
လုံးဝမထိဘူး!!!
သို့သော် သူထိုင်လိုက်သောအခါ ပြင်းထန်သောအနံ့တစ်ခုက သူ့နှာခေါင်းကို တိုက်ခိုက်လာသည်။
သူက ဒီလိုအနံ့မျိုးကို ဘယ်တုန်းကမှမရခဲ့ဖူးသလို ဤကဲ့သို့အရောင်အဆင်းလှပသည့် ထမင်းကြော်ကိုလည်း မတွေ့ဖူးခဲ့ပေ။ ထမင်းတစ်စေ့စီက ရွှေရောင်သန်းနေကာ အလင်းအောက်တွင် တောက်ပနေ၏။
၎င်း၏ပုံစံက အလွန်နှစ်လိုဖွယ်ပင်။ ဘယ်လိုအရသာရှိလောက်မည်ကို သူသိချင်သွားသည်။
သူက ကျယ်လောင်စွာ တံတွေးမြိုချလိုက်မိကာ တချိန်တည်းတွင် သူ့ဗိုက်ကလည်း တဂွီဂွီမြည်လာသည်။
သူဘာလုပ်လိုက်သည် သတိမမူမိခင်မှာပင် ထမင်းကြော်ကို ဇွန်းအပြည့်ခပ်ကာ ပါးစပ်ထဲထည့်လိုက်မိသည်။
အိုးးဘုရားရေ ဒါက အရသာရှိလိုက်တာ!
ထမင်းက ကွက်တိကျစွာ နူးညံ့နေ၏။ ကြက်ဥများပါသည်ကို မတွေ့ရသော်လည်း ထမင်းတစ်လုတ်စီက ကြက်ဥအရသာရနေသည်။ သူက ကြက်ဥထမင်းကြော်တချို့ကို စားခဲ့ဖူးသော်လည်း ဒီနေ့စားရသလောက်ကို အရသာရှိတာမျိုးမကြုံခဲ့ဖူးပေ။
ထို့နောက်သူက တူဖြင့်မုန်ညင်းကြော်ကို ယူလိုက်သည်။ မုန်ညင်းကကြွပ်ဆတ်နေပြီး ကြက်သွန်ဖြူ၏ရနံ့က လျှာပေါ်တွင် ကခုန်နေသည်။
သူ့ကိုသတ်မည်ဆိုလျှင်တောင် မစားဘူးဟု ပြောခဲ့သောတစ်ယောက်သည် အချိန်ခနအတွင်း တစ်ပန်းကန်ကို အဆုံးသတ်လိုက်ကာ သူ့အတွက်ဒုတိယအကြိမ်ခပ်ယူလာသည်။
သူက ရှင်းလင်းစွာပင် ကိုယ့်ကိုကိုယ်ဖြတ်ရိုက်ခြင်းဟုသော စကားလုံးကို သရုပ်ဖော်နေခြင်းဖြစ်သည်။
သူက ဘာဖြစ်နေသည်ကို မသိပေ။ ညစာက အလွန်အရသာရှိလို့လား၊ အလင်းရောင်က အလွန်နူးညံ့နေလို့လားတော့မသိက ထုံရွှယ်လူက ခုနကလောက် အမြင်ကတ်စရာမကောင်းတော့ဘူးဟု သူခံစားမိလာသည်။
သူမက သူတွေးထားသလို အသုံးမဝင်တာမျိုးမဟုတ်ပေ။ အခုကစပြီး ဒီလိုအစားအစာမျိုးကို စားရမည်ဆိုပါက မဆိုးပေ။
ထုံကျားမင်းက သူ့ညီတစ်ယောက် အချိန်အကြာကြီးငတ်ပြတ်နေသကဲ့သို့ ပလုတ်ပလောင်းစားနေသည်ကို မကြည့်နိုင်တော့ပေ။
စားစရာနည်းနည်းလောက်နဲ့ သူ့ကိုမဆွဲဆောင်နိုင်ဘူးဆိုတာ ဘယ်သူပြောခဲ့တာလဲ။ သူမချက်ထားတာဆို တချက်လေးတောင်ထိမှာမဟုတ်ဘူးလို့ ဘယ်သူပြောခဲ့တာလဲ။
ရှက်စရာကောင်းလိုက်တာ။
ထုံမျန်မျန်၏ပါးလေးများက သူမစားနေသောအခါ ဖောင်းကားနေ၏။ သူမက အလွန်စိတ်ကျေနပ်နေပုံပင်။
ထုံရွှယ်လူက ပြုံးကာ ထုံမျန်မျန်၏မျက်နှာပေါ်မှ ထမင်းစေ့များကို ဖယ်ပေးလိုက်သည်။
ဘယ်လိုခေတ်ကာလအခြေအနေမှာဖြစ်စေ သူတို့၏စကားလုံးများကို ပြန်မြိုချမိသော လူများက အမြဲတမ်းရှိနေမှာပင်။
*
ဖန်မိသားစု၏အိမ်တွင်။
ဖန်ကျင်းယွမ်၏တူများက ဟင်းများအပေါ်တွင်လျှောက်ေမွှနေသည်။ထိုအရာကိုမြင်သောအခါ ဖန်ဝမ်ယွမ်က မျက်မှောင်ကြုတ်လာသည်။
“အဲ့ဒီအကျင့်ကို ဘယ်ကရလာတာလဲ နင်အဲ့လိုလုပ်လိုက်တော့ ကျန်တဲ့သူတွေက ဘယ်လိုစားရမှာလဲ”
စိတ်မကျေနပ်စွာပင် ဖန်ကျင်းယွမ်က နှုတ်ခမ်းစူလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမက သူမအကိုကြီးကမူ ကြောက်ရသည်။ သူမက မကျေမနပ်ရေရွတ်ရုံသာတတ်နိုင်သည်။
“အခြားသူတွေ စားလို့မရတော့ဘူးဆိုတာ ဘာအဓိပ္ပါယ်လဲ”
ဖန်ဝမ်ယွမ်က သူမကိုကြည့်လာသောအခါ ပါးစပ်ပိတ်လိုက်သည်။
သူမက စိတ်မကျေနပ်သေးသလို ခံစားရသည်။ ဤနှစ်များအတွင်းတွင် သူမ၏အကိုကြီးကပိုပိုပြီး ခက်ထန်လာခဲ့ကာ တနေကုန်လုံးတွင် အဖိုးအိုတစ်ယောက်လိုပင်ဖြစ်သည်။
ရုတ်တရက် သူမက ထုံရွှယ်လူနှင့်ဆုံခဲ့သည်ကို သတိရသွားသည်။ သူမက မျက်ဆံလှန်လိုက်ကာ ပြောလာသည်။
“အကိုကြီး ဒီနေ့နေ့လည်တုန်းက ညီမဘယ်သူနဲ့တွေ့ခဲ့တယ်လို့ ထင်လဲ”
ဖန်ဝမ်ယွမ်က မကြားသလိုပင် ဆက်စားနေ၏။
သူ၏တုံ့ပြန်ချက်က ဖန်ကျင်းယွမ်ကို မအံ့ဩသွားစေပေ။
“ညီမ ရွှယ်လူနဲ့တွေ့ခဲ့တယ်၊ အစ်ကိုကြီးတော့ မကြားလောက်သေးဘူး ထုံရွှယ်လူကို ထုံအိမ်ကကန်ထုတ်လိုက်ပြီ”
ညစာစားခန်းက တခနလောက်တိတ်သွားပြီး ထို့နောက်ပေါက်ကွဲထွက်လာသည်။
ဖန်အမေက ထိတ်လန့်သွားသည်။
“ရွှယ်လူကို ထုံမိသားစုကနှင်ထုတ်လိုက်တာလား၊ မဖြစ်နိုင်တာ”
သူတို့ရပ်ကွက်တစ်ခုလုံးတွင် ထုံမိသားစု၏ သမီးရင်း၊မွေးစားသမီးတို့နှင့် ပတ်သက်ပြီး ကောလဟလပေါင်းစုံပျံ့နှံ့နေပေရာ လူတိုင်းက သိထားပြီးသားဖြစ်သည်။
ဆယ်နှစ်ကျော်ပြုစုပျိုးထောင်ခဲ့သူက သမီးရင်းမဟုတ်သည်မှာ အလွန်ဝမ်းနည်းစရာပင်။ သူတို့က ကလေးနှစ်ယောက်လုံးကို ချစ်မြတ်နိုးကာ ဘယ်တစ်ယောက်ကိုမှ လက်လွှတ်ပေးနိုင်မည်မဟုတ်ပေ။ ၎င်းကို စောင့်ကြည့်ရသည်မှာ ဝမ်းနည်းစရာပင်။
လူတိုင်းက ထုံမိသားစုသည် သူတို့၏မွေးစားသမီးကို မောင်းထုတ်နိုင်မည်မဟုတ်ဟု ယူဆထားကြသည်။ အကြောင်းအရင်းမှာ ထုံရွှယ်လူကိုယ်တိုင်က မသွားချင်တာလည်းပါဝင်သလို မိသားစုဝင်များကလည်း နှစ်ပေါင်းများစွာသံယောစဉ်တွယ်နေပြီးသားဖြစ်သောကြောင့်ပင်။ ဘယ်လိုစိတ်နဲ့များ ထုံရွှယ်လူကို သူမ၏မူလမိသားစုစီပြန်လွှတ်ကာ ဒုက္ခခံခိုင်းရက်မည်နည်း။
ထို့ကြောင့် ထုံရွှယ်လူမောင်းထုတ်ခံလိုက်ရသည်ကို ကြားသောအခါ သူတို့က အလွန်ထိတ်လန့်သွားကြသည်။
ဖန်ကျင်းယွမ်က လူတိုင်းသူမအပေါ်အာရုံစိုက်လာသည်ကို မြင်သောအခါ အလွန်စိတ်ကျေနပ်သွားသည်။
“သူတို့က ဘာလို့မမောင်းထုတ်နိုင်ရမှာလဲ၊ သမီးက ထုံရွှယ်လူကို အိတ်အသေးအကြီးမျိုးစုံနဲ့ ကားဂိတ်ကိုသွားနေတာကို မြင်ခဲ့တာ၊ အမေ၊ အမေ အခုဆို ထုံရွှယ်လူက ထုံအိမ်ကနေ မောင်းထုတ်ခံလိုက်ရပြီဆိုတော့ အစ်ကိုကြီးနဲ့ စေ့စပ်ကြောင်းလှမ်းထားတာကလဲ ပျက်သွားပြီပေါ့နော် ဟုတ်တယ်မလား”
ဖန်အမေနှင့် အဖေတို့က အချင်းချင်းအကြည့်ဆုံသွားပြီးနောက်တွင် သူတို့၏သားကို လှည့်ကြည့်လာကြသည်။
“ဝမ်ယွမ် သားဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ချင်လဲ”
ဖန်ဝမ်ယွမ်က မော့တောင်မော့မကြည့်လာပေ။ သူကတည်ငြိမ်စွာပြောလာသည်။
“အဲ့ဒါက အဆင်ပြေသွားတာဘဲ မဟုတ်ဘူးလား၊ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်က အဲ့ဒီကိစ္စကို ဘယ်တုန်းကမှ အလေးအနက်မထားခဲ့ဘူးလေ”
ဖန်အမေက သူ့ကို တချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ကောင်းပြီလေ၊ အဲ့လိုမဟုတ်ဘူးလို့ အမေခန့်မှန်းပြီးသားပါ၊ နောက်တစ်ကြိမ် ထုံမိသားစုနဲ့ တွေ့တဲ့အခါ အသိပေးလိုက်မယ်၊ ဒီကိစ္စကြောင့်နဲ့ သူတို့နဲ့ဆက်ဆံရေးကို အထိခိုက်မခံနိုင်ဘူး”
ဤစေ့စပ်ကြောင်းလမ်းမှုသည် ထုံဖိုးဖိုးနှင့် ဖန်ဖိုးဖိုးတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင် ဖန်ဝမ်ယွမ်က ထုံရွှယ်လူကို ဘယ်သောအခါမှ သဘောမကျခဲ့ပေ။ ထုံရွှယ်လူကသာ ဖန်ဝမ်ယွမ်ကို လက်ထပ်လိုခြင်းဖြစ်သည်။ ထိုအရာက မိသားစုနှစ်ခုလုံးအတွက် ခေါင်းခဲစရာဖြစ်ခဲ့၏။
ဖန်ဝမ်ယွမ်က ထုံရွှယ်လူကို ဘယ်တုန်းကမှ မကြိုက်ခဲ့သလို အခုတွင် ထုံရွှယ်လူကလည်း ထုံမိသားစု၏ကလေးမဟုတ်တော့သောကြောင့် တွဲဖက်ပေးနေစရာမလိုတော့ချေ။ သဘာဝကျစွာပင် စေ့စပ်ကြောင်းက ပျက်သွားပေမည်။
ဖန်ဝမ်ယွမ်က ဘာမှမထူးခြားပုံပေါ်သော်လည်း ဖန်ကျင်းယွမ်ကမူ စိတ်လှုပ်ရှားနေ၏။
သူမက ထုံရွှယ်လူဆီသွားကာ ဤအကြောင်းအား သူမ၏မျက်နှာတည့်တည့်သို့ ပစ်ပေါက်လိုက်ချင်သည်။ ထိုအခါ ထုံရွှယ်လူတစ်ယောက် ဘယ်လိုဖြစ်သွားမည်ကို သူမသိချင်မိသည်။
ထုံရွှယ်လူက သူမတစ်ယောက် ဖန်မိသားစု၏ညစာစကားဝိုင်းခေါင်းစဉ်ဖြစ်လာသည်ကို မသိပေ။
အခုကာလများတွင် ဖျော်ဖြေရေးဟူ၍ များများစားစားမရှိသောကြောင့် လူတိုင်းက ညစာစားပြီးလျှင် ကိုယ်လက်ဆေးကာ အိပ်ရာဝင်လေ့ရှိကြသည်။
ထုံမိသားစုလည်း အတူတူပင်။သူတို့က မီးများကိုပိတ်ကာ အိပ်ရာဝင်လိုက်သည်။ ထုံမျန်မျန်က ထုံရွှယ်လူဘေးတွင် အရုပ်မလေးလိုတိုးဝှေ့လာကာ သူမ၏ပါးလေးက ဖိအိပ်ထားသဖြင့် ပန်းရောင်သန်းနေသည်။
အပြင်ဘက်ရှိ ပိုးကောင်သံများသာကြားနေရကာ အခန်းထဲတွင် အလွန်တိတ်ဆိတ်နေသည်။
ရုတ်တရက်ဆိုသလိုပင် အသံတိုးတိုးတစ်ခုက တိတ်ဆိတ်မှုကို ချိုးဖျက်လာသည်။
“ပြီးသွားတာတွေက ပြီးသွားပြီဘဲ ဘာလို့ပြန်လာတာလဲ”