အပိုင်း၇
Viewers 14k

Chapter 7

 - အိပ်ရာထဲမှာ သူနဲ့ ပိတ်မိနေရင်တောင် ကိစ္စမရှိဘူး 

 - 


ဤလိုညမျိုး၌ ကောင်လေး၏အသံက အထူးကြည်လင်ပြတ်သားနေလေသည်။ထုံရွှယ်လူက မျက်ဝန်းဝိုင်းဝိုင်းများဖြင့် ပတ်ချွဲနှပ်ချွဲပြောလိုက်သည်။


" ဒါက ငါတို့အိမ်လေ ... မင်းတို့က ဒီကမ္ဘာပေါ်မှာကျန်ခဲ့တဲ့ ငါ့ရဲ့တစ်ခုတည်းသောမိသားစုပဲ ... မင်းတို့ဆီ ပြန်လာသင့်တာပေါ့ ... "


ထိုအခါ ထုံကျားမင်၏ခနဲ့တဲ့တဲ့လေသံထွက်ပေါ်လာသည်။


" တခြားတစ်ယောက်ကိုပဲ ပလီပလာသွားပြောဖို့ စကားချန်ထားလိုက်ပါ ... ကျုပ်တို့ မိဘတွေ ဆုံးပါးသွားတုန်းက ခင်‌ဗျားပြောခဲ့တဲ့ ကြောက်စရာစကားတွေကို မေ့သွားပြီလား .... ကျုပ်တို့  ထုံမိသားစုက သူတောင်းစားတွင်းနဲ့တူနေတာကို ဘာကိစ္စပြန်လိုက်ရမှာလဲလို့ ပြောခဲ့တာလေ ... "


ထုံရွှယ်လူ့ခမျာ အနည်းငယ်စိုးထိတ်သွားခဲ့ပြီး မူလပိုင်ရှင် ပြောခဲ့သည့်အရာများက သူမ၏မှတ်ဉာဏ်တွင်း၌ ပေါ်ပေါက်လာသည်။


ထုံတကျွင်းတို့လင်မယားမှာ မူလပိုင်ရှင်တစ်ယောက် သူမ၏ဇစ်မြစ်အမှန်အားသိရှိပြီး မူးမေ့သွားသည့်အချိန်မှစ၍ သုံးကြိမ်သုံးခါ လာရောက် လည်ပတ်ခဲ့သည်။

ဒုတိယအကြိမ်တွင် မူလပိုင်ရှင်က ထုံတကျွင်းနှင့် ဇနီးဖြစ်သူတို့အား လက်ညိုးငေါက်ငေါက်ထိုးကာ ခါးခါးသီးသီးနှင်ထုတ်ခဲ့ပြီး သူတို့ယူလာသမျှ အရာအားလုံးကို ကြမ်းပြင်ပေါ် ပစ်ချခဲ့သည်။

တတိယအကြိမ်မှာတော့ အကျည်းမတန်ခဲ့ပေ။မူလပိုင်ရှင်က သူတို့နှင့်တွေ့ဆုံရန် တည့်တိုးပင် ငြင်းဆန်ခဲ့သောကြောင့်ဖြစ်သည်။


ဤသို့ဖြင့် အပြန်လမ်းတွင် ထုံလင်မယားမှာ မတော်တဆမှုထဲ၌ ပါဝင်သွားခဲ့သည်။ထိုအကြောင်းအရာများကိုတွေးတောရင်း ထုံရွှယ်လူ တစ်ယောက် ခေါင်းကိုက်လာသည်။

ချစ်ခြင်းမေတ္တာကဒ်ကိုထုတ်သုံးချင်ခဲ့သော်လည်း အခြေအနေမပေးသဖြင့် မီးစင်ကြည့်ကရတော့ပေမည်။


 " ဟုတ်ပြီလေ ... ဒါဆိုလည်း အမှန်တိုင်းပဲပြောပြရတော့တာပေါ့ ... ငါဟိုမှာဆက်မနေနိုင်တော့ဘူး ... နေစရာနေရာလိုတယ် ... "


ထိုအခါ တစ်ဖက်အိပ်ရာထဲမှ ထုံကျားမင်က ခနဲ့သလိုလို တုံ့ပြန်လာသည်။


" ဘယ်လိုအတွေးမျိုးနဲ့ စိတ်ရှိသလို ဝင်လို့ထွက်လို့ရတယ် ထင်နေတာလဲ ... "


ထိုအခါ ထုံရွှယ်လူ၏နီဆွေး‌ဆွေးနှုတ်ခမ်းသားများက အပေါ်သို့ကွေးညွတ်တက်သွားတော့လေ၏။

 " ငါပြင်ပေးတာကို မင်းစားခဲ့တယ်လေ .... "


အကယ်၍သာ ထုံကျားမင်က သူမကို အမှန်တကယ်နှင်ထုတ်ချင်ခဲ့လျှင် စတွေ့စဥ်အချိန်ကတည်းက အကောင်အထည်ဖော်ခဲ့လိမ့်မည်။သို့သော်လည်း သူက ထိုသို့မပြုခဲ့ပေ။ဤသည်မှာ တကွဲတပြားဖြစ်ခဲ့သည့် အစ်မအပေါ်ထား‌သောသံယောဇဉ်ကြောင့် ဆိုသည်မျိုးထက် သူမ၏အသုံးတည့်မှုအား သိရှိထားသောကြောင့်သာ ဖြစ်နိုင်လိမ့်မည်။


တစ်ဖက်က အသံတိတ်သွားခဲ့ပြီး အမှောင်ထဲမှ ထုံကျားမင်၏အမူအရာအား ထုံရွှယ်လူ မမြင်နိုင်ပေ။သို့သော်လည်း ယခုအချိန်၌ ထုံကျားမင်တစ်‌ယောက် အံ့ကြိတ်ထားလျက်ရှိနေမည်ကိုတော့ အလိုလိုသိနေသည်။


ထုံရွှယ်လူက အေးဆေးတည်ငြိမ်စွာပြောလိုက်လေ၏။


" မင်း ကျောင်းထွက်ပြီး အလုပ်လုပ်နေတာက ပေဟယ်မှာရှိတဲ့မိသားစုဘက်က ဖြစ်ကြောင်းကုန်စင်ကို သိမသွားခင် ရာထူးနှစ်နေရာကိုရောင်းထုတ်ဖို့အတွက်ပဲ ... ငါထင်တာ မှန်တယ်မလား ... "


ထုံရွှယ်လူ၏စကားက ထုံကျားမင်ကို ပြင်းပြင်းထန်ထန် တုန်လှုပ်သွားစေသည်။


သူက အိပ်ရာထဲမှ ကုန်းရုန်းထလာခဲ့ပြီး ထုံရွှယ်လူအား စူးစူးစိုက်စိုက်ကြည့်ရှု‌လာလေ၏။

" ဘာတွေကြံနေတာလဲ ... "


 " ငါ့မှာ ဘာအကြံမှ မရှိဘူးလို့ပြောရင် ယုံမှာလား ...

ဘာမှမပြောလည်း မင်းငါ့ကိုမယုံဘူးဆိုတာကို သိပါတယ် ... စက်ရုံက ရာထူးနှစ်နေရာအပြင် ပေဟယ်မှာရှိတဲ့မိသားစုကို လျို့ဝှက်ထားတဲ့ကိစ္စကိုလည်း သိတယ် ... ဒါတွေပေါ်သွားတာနဲ့ စက်ရုံဘက်က ဘယ်လိုကိုင်တွယ်လာမယ်ထင်လို့လဲ ... "


ထုံရွှယ်လူ၏လေသံမှာ အနည်းငယ်ထုံထိုင်းနေသော်လည်း စကားလုံးများကတော့ ဓားတစ်လက်သဖွယ်ပွင့်ထွက်သွားစေသည်။

ထုံကျားမင်က လက်များအား တင်းကြပ်စွာဆုပ်ထားခဲ့ပြီး " ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ဂရုမစိုက်ဘူး ဒါပေမဲ့ ဒီအကြောင်းကို လိုက်ဖွရင် ရေဆုံးမြေဆုံးထိ အလွတ််မပေးဘူး .... " ဟု ပြောလာခဲ့သည်။


ဤသည်မှာ ဟိတ်ကြီးဟန်ကြီးများသောကြောက်ရွံ့နေသူလေးတစ်ယောက်ပင်။အနာဂါတ်သူဌေးကြီးမှာ လက်ရှိအချိန်၌ အနည်းငယ်နုံအနေသေးသည်။


ထိုအချိန်၌ ထုံရွှယ်လူက ကုတင်ပေါ်တွင် ထထိုင်လိုက်ပြီး တက်ကြွစွာပြောလိုက်လေ၏။

" ပူးပေါင်းကြစို့ ... "


ထုံကျားမင်က မည်သည်ကိုမှ ချက်ချင်း တုံ့ပြန်မလာခဲ့ပေ။


" မင်းရဲ့လက်ရှိအသက်နဲ့ အနေအထားအရ စက်ရုံဘက်က မင်းကို ရာထူးနှစ်နေရာကို ရောင်းခွင့်ပေးမှာ မဟုတ်သလို မင်းမိဘတွေအတွက် အသက်လျော်ကြေးငွေလည်း ပေးမှာမဟုတ်ဘူး ...ပြောချင်တာက မင်းဘယ်လိုပဲကြံကြံ အရေးမပါဘူးဆိုတာပဲ ...  မတော်တဆမှုဖြစ်တာ တစ်လခွဲရှိနေပြီ ... ပေဟယ်မှာရှိတဲ့မိသားစုဆီကနေ ဒါကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်မယ်လို့ ထင်လဲ "


ခေတ္တစကားရပ်လိုက်ပြီးနောက် သူမက ဆက်လက်ပြောကြားပြန်သည်။


" ပေဟယ်ကလူတွေ ဒီကိုရောက်လာတာနဲ့ မင်းတို့ကို ပြန်ခေါ်သွားမှာ ... လျော်ကြေးနဲ့ရာထူး‌ကိစ္စ‌အကြောင်း စိတ်တောင်မကူးနဲ့ ... ကျောင်းတက်ဖို့မပြောနဲ့ အစာတောင်ကောင်းကောင်းစားရမှာမဟုတ်ဘူး ... "


 အမှောင်ထုထဲတွင် ထုံကျားမင်က သူမအား စူးရှစွာစိုက်ကြည့်နေသည်။သူက အောက်နှုတ်ခမ်းအား ခပ်တင်းတင်းကိုက်ထားသေးလေ၏။


ထုံရွှယ်လူကတော့ လိုရင်းကိုသာ ဆက်ပြောခဲ့သည်။

" ငါနဲ့ပူးပေါင်းရင် ပေဟယ်ကလူတွေ ဘာမှ အမြတ်ထုတ်နိုင်မှာမဟုတ်ဘူးလို့ အာမခံတယ် ... မင်းတို့သုံးယောက်လုံး မြို့တော်မှာဆက်နေပြီး ကျောင်းလည်းတက်နိုင်တယ် ... ရွာပြန်ပြီး ဝက်မွေးစရာ မလိုဘူး ... "


 “……”


အချိန်အတော်ကြာပြီးနောက် တစ်ဖက်မှ တင်းမာသောလေသံတစ်ခုထွက်ပေါ်လာသည်။


" ဘာတွေကြံနေတာလဲ ... "


" ရှင်းရှင်းလေးပဲ ... အပေးအယူလုပ်နေတာလေ ... ငါ့ကို အပြည့်အဝမယုံရင်တောင်မှ အပြင်တော့ဆွဲမထုတ်နဲ့ ..." 


ထုံရွှယ်လူက ပြတ်ပြတ်သားသားပြောလာခဲ့သောအခါ ထုံကျားမင်က မျက်ခုံးပင့်လျက်  "ဒါပဲလား ... "ဟု ပြန်မေးလာခဲ့သည်။


" ဒါပဲ ... " ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်လေ၏။


ထုံကျားမင်မှာ မျက်မှောင်ကြုတ်လျက် အတွေးများနေဆဲဖြစ်သော်လည်း တစ်ဖက်လူအား ပြန်လည်ခေါင်းညိတ်ပြလျက် ညှိနှိုင်းလိုက်တော့သည်။


" ကောင်းပြီလေ ... ဒါပေမဲ့ ကျားရှင်းနဲ့မျန်မျန်ကို ဒုက္ခမပေးပါဘူးလို့ အာမခံရမယ် ... "


" ရတယ်လေ ... မင်းနဲ့ပူးပေါင်းရတာ အဆင်ပြေသားပဲ ... "

ထုံရွှယ်လူက ပြောပြောဆိုဆိုဖြင့် နံရံဘက်သို့ မျက်နှာမူပြီး အိပ်ရာပေါ်လှဲချလိုက်သည်။


" အိပ်ကြစို့ ... အသေးစိတ်ကို နောက်နေ့မှ ပြောကြတာပေါ့ ... "


ထုံကျားမင်တစ်ယောက် ထုံရွှယ်လူ့အား အချိန်အတော်ကြာမလှုပ်မယှက် စူးစိုက်ကြည့်နေခဲ့လေ၏။

၎င်းထုံမိသားစုထံသို့ သူ၏မိဘများ သွားရောက်ခဲ့ချိန်တွင် ထုံကျားမင်လည်း နောက်ယောင်ခံလိုက်သွားခဲ့သည်။ယင်းအချိန်၌ ထိုမိန်းမက သူ၏မိဘများယူလာခဲ့သည့်ပစ္စည်းများအား ကြမ်းပြင်ပေါ်ကောက်ပေါက်လျက် သူမအား နောက်နောင်မည်သည့်အခါမှ လာတွေ့ခြင်းမပြုရန် အော်ကြီးဟစ်ကျယ်‌ပြော‌ဆိုနေခဲ့သည်။


သိမ်ငယ်ဝမ်းနည်းနေခဲ့သောမိဘများ၏ပုံစံက ထုံကျားမင်အား အဆုတ်များပေါက်ကွဲလုမတတ် ခံစားရစေသည်။အခြားရွေးချယ်စရာသာရှိခဲ့ပါက ဤမိန်းမအား မည်သည့်အခါမှ ပြန်လည်လက်သင့်ခံပေးမည်မဟုတ်ပေ။


ယခုအချိန်တွင် ခြေတစ်လှမ်းဆက်တိုးရုံသာတတ်နိုင်ပြီး အကယ်၍သာ ဤမိန်းမက မိသားစုအား အန္တရာယ်ဖြစ်စေခဲ့လျှင်တော့ အဆုံးသတ်အထိ လုံးဝအလွတ်ပေးမည်မဟုတ်ချေ။


အနောက်မှ မည်သည့်အသံမှမကြားရသည်ကို ထုံရွှယ်လူ သတိပြုမိသွားသည်။အနာဂါတ်သူဌေးလောင်းလေးမှာ ယခုအချိန်ထိ ရုန်းကန်နေရဆဲဖြစ်ပုံပင်။

သို့သော်လည်း သူမသည် ထိုအကြောင်းကို မတွေးနိုင်သေးပေ။ယနေ့တွင် ဟန်ဆောင်ပန်ဆောင်လုပ်ရသည်က တစ်ကြောင်း ဟိုသွားဒီလာ ချက်ပြုတ်ရသည်က တစ်ဖုံဖြင့် အမှန်တကယ်ပင် ပင်ပန်းနုံးချိနေလေပြီ။


ရင်ခွင်ထဲမှ ပေါင်မုန့်လုံးကလေးက သူမဘက်သို့ လှည့်ပတ်လာခဲ့ပြီး ပုသေးသေးလက်ကလေးများဖြင့် သိုင်းဖက်လာခဲ့သည်။ထုံရွှယ်လူသည်လည်း ပေါင်မုန့်လုံးလေးအား ပြန်ဖက်ထားလျက် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့လေသည်။


ကူသန်းခြင်း၏ပထမဆုံးရက်တွင် ထုံရွှယ်လူတစ်ယောက် သက်ရှိဖက်လုံးကလေးဖြင့် အိပ်စက်ခဲ့ရသည်။


သို့သော်လည်း အခြားနေရာမှ တစ်စုံတစ်ယောက်မှာမူတစ်ညလုံးမအိပ်နိုင်ဖြစ်နေခဲ့သည်။


ထုံကျန်းကျန်းတစ်ယောက် အိပ်ရာထဲတွင် စိတ်ပျက်လက်ပျက် လူးလှိမ့်နေခဲ့ပြီး ဒေါသကြောင့် ပေါက်ကွဲလုမတတ်ဖြစ်နေသည်။


သူမ ဖြစ်စေချင်သည့်အတိုင်းပင် ထုံရွှယ်လူက ထုံမိသားစုကို စွန့်ခွာသွားခဲ့သော်လည်း ထိုအရာက သူမကို မပျော်ရွှင်စေခဲ့ပေ။သူမ၏အကြံအစည်မှာ ထုံရွှယ်လူ အား မိုးရေစိမ်ထားသော ကြက်စုတ်တစ်ကောင်ကဲ့သို့ ထုံမိသားစုမှ ထွက်ခွာသွားစေရန်ဖြစ်သည်။ 

ယနေ့ကဲ့သို့ သူမ၏စိတ်ဆန္ဒအလျောက် ထွက်ခွာသွားပြီး လူတိုင်းထံမှ သနားကရုဏာသက်မှုကိုရရှိနေသည်မျိုးကို မလိုလားပေ။


ထို့ပြင် သူမ၏ပထမယောင်းမသည်လည်း မည်သို့ဖြစ်သွားသည်မသိချေ။သူမ ပြောသမျှ စကားတိုင်းတွင် အနှောင့်အသွားမလွတ်သောအရာအချို့ပါဝင်နေပြီး ထိုအရာက ထုံကျန်းကျန်းကို စိတ်ရှုပ်စေသည်။


မည်သို့ပင်ဆိုပါစေ ထုံရွှယ်လူအား ဤအတိုင်းလွှတ်ထား၍မဖြစ်ပေ။သူမ တွေ့ကြုံခံစားခဲ့ရသမျှအား တန်ပြန်ခံစားစေချင်သည်။


 ***


နောက်တစ်နေ့မနက် မိုးသောက်ချိန်တွင် အပြင်မှ ချက်ပြုတ်နေသောအသံများကြောင့် ထုံရွှယ်လူ နိုးလာခဲ့သည်။သူမက ချက်ချင်းမထသေးဘဲ အိပ်ရာပေါ်တွင်အကြောဆန့်နေခဲ့ရာ အပြင်ဘက်၌ ယာဂုပြင်ဆင်နေသော ထုံကျားမင်အား လှမ်းတွေ့လိုက်လေ၏။


မနေ့ညက ညီအစ်ကိုနှစ်‌ယောက် ပန်းကန်ဆေးကြောကြသလိုပင် တစ်စုံတစ်ရာမှားယွင်းသည်ဟု မခံစားရပေ။

သူမသည် ကလေးပြုစုပျိုးထောင်ရန် သို့မဟုတ် မိခင်တစ်ဦးဖြစ်ရန် ဤနေရာတွင်ရှိနေခြင်းမဟုတ်ဘဲ သူတို့၏ကိစ္စအရပ်ရပ်ကိုထောင့်စေ့အောင် လိုက်ဂရုစိုက်နေရန်လည်း ရည်ရွယ်ချက်မရှိပါ။


ထို့အပြင် ယောက်ျားလေးများအား ငယ်ရွယ်စဉ်ကတည်းကပင် အိမ်မှုကိစ္စများတွင် ကူညီနိုင်သည့်စွမ်းရည်ရှိစေရန်အတွက် လေ့ကျင့်ထားပေးရန် လိုအပ်သည်။ထို့မှသာ ကိုယ်ကိုယ်တိုင် မိန်းမတစ်ဦးပင် မရှာနိုင်သော ငတုံးများအဖြစ် ကြီးပြင်းမလာကြမည်ဖြစ်သည်။


ထုံရွှယ်လူနိုးလာ‌သောအခါ ထုံကျားမင်က နေရခက်နေဟန်ဖြင့်လှည့်ကြည့်သည်။သို့သော်လည်း ထုံရွှယ်လူက သူ့အား အနှောက်အယှက်မပေးခဲ့ပေ။


ထုံရွှယ်လူ မျက်နှာသစ်ဆေးကြောပြီးသောအခါ ထုံကျားမင်က ကန်စွန်းဥ ဂျုံယာဂုတစ်ပန်းကန်ကို ပြင်ဆင်ပြီးသွားပြီဖြစ်သည်။သူနှင့်အတူပါလာသည့်တစ်ခုတည်းသောဟင်းမှာ အသီးအရွက်ချဉ် ပန်းကန်သေးသေးလေးသာဖြစ်လေ၏။


ထုံရွှယ်လူတစ်ယောက် အစာအိမ်အတွက် အလုပ်ဖြစ်မည်မဟုတ်ဟု ခံစားလိုက်ရသည်။

သူမက ခေါက်ဆွဲခြောက်ထုပ်ကို‌ဖောက်ကာ ရေစိမ်ထားလိုက်ပြီးနောက် မနေ့က ကျန်ရှိနေသောကြက်ဥများကို ထုတ်လာခဲ့သည်။

ထုံရွှယ်လူမှာ ကြက်သွန်နီစိမ်းကြက်ဥပန်ကိတ်ပြုလုပ်ရန် ကြံရွယ်ထားခြင်းပင်။


သူမက ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်ဥသုံးလုံးဖောက်ထည့်ကာ ဆားအနည်းငယ်ဖြင့် ရောမွှေလိုက်လေ၏။ဒယ်အိုးထဲမှဆီပူလာသောအခါသူမက ၎င်းအရောအနှောအား လောင်းထည့်သည်။


ကြက်ဥများ ကျက်သွားသောအခါ ထုံရွှယ်လူက ဒယ်အိုးကို ညင်သာစွာ‌မြှောက်ပြီး ကြက်ဥပန်ကိတ်အား လှန်လိုက်၏။ထို့နောက်တွင် ပဲငံပြာရည်နှစ်စက်ထည့်လိုက်ပြီး ကြက်သွန်နီကြက်ဥပန်ကိတ်အား လက်စသတ်လိုက်သည်။


မနက်ခင်းအစောပိုင်းဖြစ်၍ အိမ်ရာထဲတွင် 

ဆေးကြောသန့်ရှင်းနေသူက ဆေးကြော ၊ ဝေါ်ထုန် ( တရုတ်ပြောင်းဖူးပေါင်မုန့် ) စားသူက စားနေကြသည်။


ထိုကာလ၌ အနံ့လွှဲပြောင်းစေသောစနစ်မျိုးလည်းမရှိသည်ဖြစ်ရာ လေတစ်ချက်အဝှေ့၌ မွှေးပျံ့သောရနံ့က လူတိုင်းထံသို့ တိုက်ရိုက်ရောက်သွားလေ၏။


ယခင်အချိန်များ၌ ဝေါ်ထုန်နှစ်ခုရှိရုံဖြင့်ပင် စိတ်ကျေနပ်စရာကောင်းနေပြီဖြစ်သော်လည်း ယခုတွင်တော့ ထိုသို့မဟုတ်တော့ချေ။ရုတ်တရက်ပင် ဝေါ်ထုန်၏အနံ့က ကောင်းသည်ဟု မခံစားရတော့ပါ။


ဤမှာပင် မဆုံးသေးပေ။

ထုံရွှယ်လူက အချဉ်ဖောက်ထားသော ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ပြီး ဂျင်း ၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို နုတ်နုတ်စင်းနေလေသည်။သူမ၏ လှုပ်ရှားမှုများက လျင်မြန်သေသပ်လှသည်။


ဆီပူလာသောအခါတွင် သူမက ဂျင်း ၊ ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကိုထည့်ကာ ဆီသတ်ပြီး ပဲငံပြာရည် နှင့် ဆားများ ထည့်လိုက်လေ၏။ထို့နောက်တွင် ရေအေးအနည်းငယ်ထည့်ကာ မွှေလိုက်သည်။ဟင်းရည်ပွက်ပွက်ဆူလာသောအခါတွင်မူ ကနဦးက ရေစိမ်ထားသောခေါက်ဆွဲများကိုထည့်လိုက်ပြီး ဆယ်မိနစ်ခန့်တည်ထားလိုက်တော့၏။


အိုးအဖုံးအား ပြန်ဖွင့်လိုက်ချိန်တွင်မူ ဟင်းရည်ငွေ့နှင့် ရနံ့တို့က ထုံရွှယ်လူ့ထံသို့ တည့်တည့်ရောက်လာပြီးနောက် အိမ်ရာအတွင်း ချက်ချင်းပျံ့နှံ့သွားသည်။