အပိုင်း၈
Viewers 14k

Chapter 8

အိပ်ရာထဲမှာ သူနဲ့ ပိတ်မိနေရင်တောင် ကိစ္စမရှိဘူး [၂]



ထုံရွှယ်လူက အချဉ်ဖောက်ထားသော အသီးအရွက်များကိုအသုံးပြုကာ ခေါက်ဆွဲပြုတ်ခဲ့ပြီး ၎င်းအပေါ်မှ အလှဆင်ရန် ကြက်သွန်နီအချို့ကို ဖြူးလိုက်သည်။


ခေါက်ဆွဲအရည်က ကြည်လင်ပြီး ကြက်သွန်စိမ်းနှင့်တွဲစားလျှင် အလွန်ကောင်းမည့်ပုံစံပင်။အသား ၊ ငရုတ်ကောင်း အစရှိသည်များကို မထည့်လိုက်ရသည်က နှမျောစရာကောင်းလွန်းသည်။မဟုတ်လျှင်ပို၍ပင် အနံ့မွှေးပြီးစားကောင်းနေဦးမည်။


မွှေးပျံ့သောရနံ့ကြောင့် မျက်စောင်းထိုးအိမ်မှ  သက်လတ်ပိုင်း အဒေါ်ကြီးက နှာခေါင်းတရှုံ့ရှုံ့ဖြင့် အိမ်ရှေ့ရောက်လာသည်။

" ဟိုထုံမိသားစုက မိန်းကလေး ... မနက်အစောကြီး ဘာတွေလုပ်နေတာလဲ "


ထိုအခါ ထုံရွှယ်လူက ပြုံးရွှင်သောမျက်နှာထားဖြင့်  " အိုး ... ဘာမှမဟုတ်ပါဘူး ... ဒီတိုင်းကြက်သွန်နီစိမ်းကြက်ဥပန်ကိတ်နဲ့ ခေါက်ဆွဲချဉ်တစ်ပန်းကန်လောက်ပါပဲ ... " ဟု ပြန်ပြောလိုက်သည်။


" ဪ ... နေ့တိုင်းအဲလိုစားရင်တော့ တွက်ခြေမကိုက်ဘူးနော် ... အဆင်ပြေမှာမဟုတ်ဘူး ... "


" ဟုတ်တယ် ... ဒီနေရာက ဟိုဘက်ထုံမိသားစုလိုမဟုတ်ဘူး ... နေ့တိုင်း ဒီလိုစားနေလို့မဖြစ်ဘူး ... "


" ဟုတ်ပါ့ ... ဖြုန်းတီးလွန်းရာကျတယ် ... "


ထိုသို့ မစားသောက်နိုင်သည့် အခြားသောသက်လတ်ပိုင်းအရွယ် အဒေါ်ကြီးများကပါ ဝင်ရောက်ပြောဆိုလာခဲ့ပြီး သူမတို့ထံမှ ခါးသီးမှုများက စကားလုံးများတွင် ထင်ဟပ်နေသည်။ထိုအခါထုံရွှယ်လူက ' ဪ ... အခုမှသိတယ် ' ဟူသောအကြည့်မျိုးဖြင့်လှမ်းကြည့်လိုက်လေ၏။


" ကျေးဇူးပါ ဒေါ်လေးတို့ ... ဒေါ်လေးတို့ပြောတာမှန်ပါတယ် .... "


သူမက ပြောပြီးသည်နှင့်တစ်ပြိုင်နက် ပန်းကန်နှစ်ချပ်ကို သယ်ပြီး အိမ်ထဲကို ဝင်သွားတော့သည်။

ထုံရွှယ်လူမှာ တကယ်တမ်းတွင် အခြားသူများ၏တွေးခေါ်ပုံ သို့မဟုတ် ပြောပုံဆိုပုံကို ဂရုမစိုက်ပါ။အကြိမ်တိုင်း သူမစိတ်တိုင်းကျသာ လုပ်ဆောင်လေ့ရှိပြီး တတ်နိုင်လျှင် နေ့စဉ်နေ့တိုင်း အသားငါး စားဖို့ပါ ရည်ရွယ်ချက်ရှိသည်။


ထိုစကားများကြောင့် နည်းလမ်းတစ်ခုခုရှာပြီး ဤနေရာမှ ပြောင်းရွှေ့ရန်လိုအပ်သည်ဟု ထုံရွှယ်လူအတွေးပေါက်သွားသည်။လက်ရှိနေရာမှာ စကားပြောဆိုရန်အတွက် သီးသန့်မဆန်လွန်းပေ။


ထုံကျားမင်သည်လည်း မည်သည်ကိုမှ မကြားခဲ့ရဟန်ဖြင့် စင်းနှီးတုံးနှင့် ဟင်းချိုခပ်ဇွန်းကိုသာ ဘာသိဘာသာဆေးကြောကာ သူ၏ကန်စွန်းဥ ဂျုံယာဂုအား အထဲသယ်သွားလေသည်။


ယနေ့နံနက်တွင် ထုံမိသားစုဝင်များသည် အခြားသောအရသာရှိသည့်အစားအသောက်များအား စားသောက်ခဲ့ကြရသည်။


နံနက်စာစားပြီးချိန်၌ ထုံရွှယ်လူက သူမ၏တူချောင်းများကို ချလျက် " ဒီနေ့ အိမ်ထောင်စုစာရင်းပြောင်းရမှာ ... မျန်မျန့်ကို ခေါ်သွားလိုက်မယ် ... " ဟု ပြောလာခဲ့သည်။


ထုံမျန်မျန်က သူမ နာမည်ကိုကြားသောအခါ ချက်ချင်း မော့ကြည့်ပြီး ပြုံးပြလာလေ၏။

" ကောင်းလိုက်တာ ... မမနဲ့နေရတာကို မျန်မျန်သဘောကျတယ်  ... "


မည်မျှပင် ရူးနှမ်းလိုက်သနည်း။ထုံကျားရှင်းက သူ၏ညီမဖြစ်သူအား တစ်ချက်လှမ်းကြည့်လိုက်သည်။

 

သို့သော်လည်း ယင်းအခိုက်အတန့်တွင် ထုံကျားမင်ကပါ ခေါင်းညိတ်လျက် " ဟုတ်ပြီလေ ... " ဟု ပြောလာတော့သည်။


ထုံကျားရှင်းတစ်ယောက်  အလွန်တုန်လှုပ်သွားကာ လက်ထဲမှ တူချောင်းများပါ ပြုတ်ကျလုမတတ်ဖြစ်သွားသည်။


အစ်ကိုကြီးအား မည်သည့်အရာ ဝင်ပူးနေသနည်း။

ခြိမ်းခြောက်ခံခဲ့ရသည်ဆိုပါက အကြည့်ချင်း‌ဆုံပြီးမျက်တောင်ခတ်ပြလာနိုင်သည်ဟုတွေးကာ ထုံကျားရှင်းက ထုံကျားမင်အား လှမ်းကြည့်နေခဲ့သည်။

သို့သော်လည်း ထုံကျားမင်ထံတွင် ထုံကျားရှင်းအား ပြန်ကြည့်ရန် အချိန်မရှိပေ။

သူက ပန်းကန်သိမ်းပြီး ဆေးကြောကာ အလုပ်သို့သာ ဦးတည်သွားလေသည်။


ထုံကျားရှင်းမှာ သူကသာ စိတ်မလွတ်သေးသောတစ်ဦးတည်းသောသူဟု ခံစားခဲ့ရသည်။

အစ်ကိုကြီးနှင့် ညီမငယ်တို့မှာတော့ ထိုကဲ့သို့ အသီးသီး ဖြားယောင်းသိမ်းသွင်းခံခဲ့ကြရသည်။

မည်မျှပင် အရေးမပါလိုက်သနည်း။


ထုံကျားရှင်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါက်ဆွဲများအား တူဖြင့် အားပါပါထိုးကာ ပါးစပ်ထဲသို့ ပလုတ်ပလောင်းထည့်ပစ်လိုက်တော့သည်။


* ဟ ... ကောင်းသားပဲ ... နောက်တစ်ခေါက်ထပ်စားရမယ် *


***


ထုံရွှယ်လူက ထုံမျန်မျန်၏ဆံပင်ကို ချစ်စရာ ကျစ်ဆံမြီးနှစ်ချောင်းကျစ်ပေးခဲ့ပြီး ဘေးအိမ်မှ အန်တီ ချိုင်ကို အသိပေးကာ  စိတ်လှုပ်ရှားနေသောထုံမျန်မျန် နှင့်အတူ အပြင်ထွက်လာခဲ့သည်။


သူမသည် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့ ဦးစွာသွားကာ အဆာပြေ မုန့်နှစ်ဗူးဝယ်ခဲ့ပြီး ယင်းနောက်တွင် ထုံမျန်မျန်နှင့်အတူ မြို့တော်ဆီသို့ ကားစီးသွားခဲ့သည်။


" မမ ... ဒါက မျန်မျန်ပထမဆုံး ကားစီးဖူးတာပဲ ... "


ထုံမျန်မျန်မှာ အလွန်စိတ်လှုပ်ရှားနေပြီး သူမ၏မျက်နှာလေးက နီရဲနေသည်။

သူမက တိရစ္ဆာန်လေးတစ်ကောင်ကဲ့သို့ ဟိုဟိုဒီဒီလှည့်ကြည့်ပြီး မျက်လုံးအဝိုင်းသားဖြင့် စပ်စုနေခဲ့လေ၏။

ထုံမျန်မျန်၏ချစ်ရာကောင်းမှုက ထုံရွှယ်လူအား အသည်းယားစေသည်။သူမကထုံမျန်မျန်၏ ပါးပြင်လေးအား ဖိကပ်နမ်းလိုက်ပြီး " ‌သဘောကျရင် မမက ညီမလေးကို ခဏခဏအပြင်ခေါ်သွားပေးမယ်လေ ... ဘယ်လိုသဘောရလဲ ... " ဟုမေးမြန်းသည်။


" အရမ်းကြိုက်တယ် .... "

ထုံမျန်မျန်က ချွဲပျစ်သောလေသံဖြင့် ပြောလိုက်ပြီး

အစ်မကြီး၏လည်ပင်းအား လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားလိုက်လေ၏။ပြုံးရွှင်နေသောထုံမျန်မျန်၏မျက်နှာတစ်ဖက်စီတွင် ပါးချိုင့်လေးများ ထင်းနေသည်။

သူမ၏အစ်မကြီးမှာ ချောမောပြီး ကိုယ်သင်းနံ့ကောင်းသည်။မနေ့ညကလည်း အစ်မကြီးအား ဖက်အိပ်ခဲ့သေး၏။


ယခုတွင်မူ အစ်မကြီးက သူမအား အပြင်ခေါ်သွား‌ပေးသည်။ဤအစ်မအား အလွန့်အလွန်ပင် သဘောကျမိနေပြီဖြစ်သည်။


ဘတ်စ်ကားက မြို့တော်ထံသို့ ဦးတည်သွားခဲ့ပြီး ကြမ်းတမ်းသောလမ်းကြောင့် ထုံရွှယ်လူတစ်ယောက် မူးဝေလာပြန်သည်။


ဤတစ်ကြိမ်တွင်လည်း ထုံမျန်မျန်မှာ အံ့အားသင့်စရာကောင်းနေပြီး သူမသည် မအီမသာဖြစ်ခြင်း လုံးဝမရှိခဲ့ပေ။


မြို့တော်သို့ ရောက်သောအခါ ထုံရွှယ်လူမှာ ထုံမိသားစုရှိရာ ခြံဝင်းဆီသို့ မသွားဘဲ အမျိုးသမီးအဖွဲ့ချုပ်ရုံးသို့ တိုက်ရိုက်သွားရောက်ခဲ့သည်။

သို့သော်လည်း ထောင့်တစ်နေရာအရောက်တွင် လူရိပ်တစ်ခုက မီးရှူးမီးပန်းအဟုန်ဖြင့် သူမထံသို့ တည့်တည့်ကြီး တိုးကပ်လာလေ၏။


ထုံရွှယ်လူမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ထုံမျန်မျန်အား အဝေးသို့တွန်းထုတ်ခဲ့ပြီး သူမ ကိုယ်တိုင်ကတော့ အချိန်မီ မရုန်းထွက်နိုင်ခဲ့ဘဲ နံရံနှင့်ကပ်ပြီး ပိတ်မိသွားခဲ့သည်။

ဤခေတ်ကာလကြီးတွင် မည်သူက ထိုသို့ပြုမူရဲသနည်း။ကာယအိန္ဓြေထိပါးမှုဖြင့် ရဲစခန်း၌ အမှုပင် ဖွင့်ပစ်နိုင်သော အပြုအမူမျိုးပင်။


တစ်ဖက်လူ ဟန်ချက်မထိန်းနိုင်သေးမီမှာပင် ထုံရွှယ်လူ က တွန်းထုတ်ပစ်လိုက်ပြီး  မျက်မှောင်ကြုတ်လျက် မော့ကြည့်လိုက်သည်။


နက်မှောင်သော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့ရမည်ကိုတော့ ထုံရွှယ်လူ ကြိုမသိခဲ့ပါ။ထိုမျက်လုံးပိုင်ရှင်မှာ အလွန်တိကျသော အင်္ဂါရပ်များရှိပြီး အကြည့်မလွှဲနိုင်လောက်သည်အထိ ချော‌မောသည်။သူ၏ဖီးနစ်မျက်လုံးများက ဖြည်းဖြည်းချင်းအထက်သို့တက်သွားခဲ့ပြီး တစ်စုံတစ်ယောက်၏နှလုံးသားအား ချိတ်ဆွဲသွား‌လေသည်။သူ၏မျက်နှာမှာလည်း ပြီးပြည့်စုံသောခန္ဓာကိုယ်ကဲ့သို့ ပင်ဆွဲဆောင်မှုရှိသည်။


ထိုတစ်ယောက်ထံတွင် ကျယ်ပြန့်သောပုံခုံးများနှင့် သေးသွယ်သောခါးရှိပြီး ခြေတံများမှာလည်း ရှည်လျားသွယ်လျသည်။ယခင်ဘဝက ထုံရွှယ်လူ မြင်ဖူးခဲ့သော မော်ဒယ်နှင့်စတားများကဲ့သို့ပင်။

ထိုသို့သောဆွဲဆောင်မှုမျိုးဖြင့်လမ်းလျှောက်သောအခါတွင် ဦးတည်သောနေရာက သိပ်အရေးမပါတော့ပေ။


ဤသို့သော ရူပါခန္ဓာရှိသူနှင့် နံရံအတွင်းဘက်၌ ပိတ်မိနေသည်ကို မဆိုထားနှင့် တစ်အိပ်ရာထဲ၌ အတူတူပိတ်မိနေလျှင်ပင် ကိစ္စမရှိပေ။


သူမ၏အရှေ့တွင် ရပ်နေသောအမျိုးသားမှာ ရှန်ဟိုင်းအမှတ်တံဆိပ်တန်ဖိုးကြီးနာရီကို ဝတ်ဆင်ထားပြီး သူ၏ကိုယ်ရောင်ကိုယ်ဝါမှာ အဝတ်အစားနှင့်အတူ တစ်မူထူးခြားနေသည်။


ဤလို ဒဏ္ဍာရီပုံပြင်ထဲမှဇာတ်ကောင်ကဲ့သို့‌သောသူမျိုးနှင့်မတော်တဆတွန်းမိတိုက်မိသွားသည့်အခါမျိုးတွင် အနည်းဆုံးတော့ အကောင်းမြင်ခံရစေရန် ကြိုးပမ်းအားထုတ်ရမည်။


ထုံရွှယ်လူ၏ အမူအရာက ချက်ချင်းပင် ဇောက်ထိုးမိုးမျှော်ပြောင်းလဲသွားပြီး မဟုတ်လျှင် အတွန်းခံလိုက်ရ၍ နာကျင်သွားသူက သူမ ဖြစ်နေသောအမူအရာမျိုးဖြင့် ရိုရိုကျိုးကျိုး တောင်းပန်စကားဆို‌တော့လေ၏။


" တောင်းပန်ပါတယ် ...  တောင်းပန်ပါတယ်‌နော် ... ကျွန်မ တမင်သပ်သပ်ရည်ရွယ်ပြီးတွန်းတာ မဟုတ်ပါဘူး ... "


" ကျွန်တော်ကသာ တောင်းပန်သင့်တာပါ ... ခေါင်းဘယ်လိုနေလဲဗျ ... "


ဟန်ချက်ထိန်းပြီးနောက်တွင် ဝမ်ရူကွေ့က  အနောက်သို့ ခြေတစ်လှမ်းဆုတ်သွားခဲ့ပြီး နှစ်ဦးသားကြား၌ အကွာအဝေးခြားလိုက်သည်။သူ၏လေသံက နက်နဲပြီး ဩဇာညောင်းသော်လည်း အသံအတက်အကျမရှိ၍ စိတ်ခံစားချက်အား ဖတ်ရန်ခက်ခဲလေသည်။


 ထုံရွှယ်လူက  ခေါင်းခါလျက် " ကျွန်မ အဆင်ပြေပါတယ် ...  ရှင့်ကိုကြည့်ရတာအလျင်လိုနေတဲ့ပုံပဲ ... ကျွန်မက ရပါတယ် ... ဘာမှမဖြစ်ပါဘူး ... " ဟု ပြောလိုက်သည်။သူမ၏လေသံက ပျားရည်သဖွယ်နူးညံ့ချိုမြိန်ပြီး စကားလုံးများမှာလည်း အလွန်ပင် သဘောထားကြီးပုံပေါ်နေလေ၏။


ဝမ်ရူကွေ့က ခေါင်းငုံ့ကာ တစ်ဖက်လူကို ငုံ့ကြည့်လိုက်သည်။ထိုအခါ ဦးခေါင်းထိပ်ကို ဦးစွာမြင်လိုက်ရပြီး ထိုမှတစ်ဆင့်  ကြည်လင်နေသောနှဖူးပြင်နှင့် မျက်ဝန်းဝိုင်းဝိုင်းများအား အသီးသီးတွေ့လိုက်ရ‌သည်။အနောက်တွင် မီးခိုးရောင်နံရံတစ်ခုရှိပြီး အလင်းရောင်မှိန်ဖျော့ဖျော့က ဤမိန်းကလေး၏အသားအရည်အား ပိုမိုနူးညံ့ပုံပေါက်စေသည်။နှဖူးဘေးဘက်တွင်မူ ဖြာကျနေသော ဆံချည်တစ်မျှင်ရှိပြီး  သူမ၏မျက်လုံးအောက်ဘက်ရှိ မှဲ့လုံးကလေးက မည်သည့်အချိန်တွင်မဆို လှိမ့်ဆင်းလာနိုင်သည့် ရေစက်လေးသဖွယ်ပင်။


ဝမ်ရူကွေ့၏မျက်တောင်များ အနည်းငယ်လှုပ်ခတ်သွားခဲ့ပြီး သူက ထုံရွှယ်လူ့ထံမှ အကြည့်လွှဲလိုက်သည်။


" တောင်းပန်ပါတယ် ... အလျင်လိုနေလို့ ဆေးရုံတော့လိုက်မပို့ပေးနိုင်တော့ဘူး ... ကျွန်‌တော့်ဖုန်းနံပါတ်ပေးလိုက်ပါ့မယ် ... ကုန်ကျစရိတ်ကို ကျွန်တော်အကုန်တာဝန်ယူပါ့မယ် ... ဘယ်လိုသဘောရလဲ‌ဗျ ... "


ထုံရွှယ်လူမှာ ထိုသူ၏အဆက်အသွယ်အချက်အလက်များအား အလွယ်တကူရလိမ့်မည်ဟု မျှော်လင့်မထားခဲ့သောကြောင့် အလွန်ပင် ကြိတ်၍ဝမ်းပန်းတသာဖြစ်သွားတော့သည်။


ထုံရွှယ်လူတစ်ယောက် ဟန်ဆောင်ပန်ဆောင်ငြင်းတော့လုဆဲဆဲမှာပင် ထုံမျန်မျန်က သူမ၏ခြေထောက်အား  သိုင်းဖက်လာလေသည်။ပေါင်မုန့်လုံးကလေးမှာ မျက်ရည်များတသွင်သွင်စီးကျလျက် ကြောက်ရွံနေသည့်ကြားထဲမှပင် အစ်မဖြစ်သူအားနှစ်သိမ့်ပေးနေသေးသည်။


" မမ ... ဘာမှမဖြစ်ဘူးနော် ... မျန်မျန်က ဥုံဖွလုပ်ပေးမယ် ... "


ထိုအခါ ထုံရွှယ်လူက ပေါင်မုန့်လုံးလေးအား ချီပွေ့ကာ အမြန်နှစ်သိမ့်ပေးလိုက်လေ၏။

" မမ အဆင်ပြေပါတယ် ... လုံးဝကို မနာဘူးရယ် ... "


ထုံမျန်မျန်မှာ မျက်ရည်လေးတစမ်းစမ်းဖြစ်နေဆဲပင်။သူမက လူကြီးများ၏အမူအရာကိုအတုခိုးကာ ရင်ဘတ်ကို လက်ဖြင့်ပုတ်လျက် " မမ မနာ‌ဘူးဆိုတော့ မျန်မျန်ပါ စိတ်သက်သာရာရသွားသလိုပဲ ... " ဟု ချစ်စဖွယ်ကောင်းစွာပြောကြားလာခဲ့သည်။


မျန်မျန်၏ချစ်ရာကောင်းမှုများကြောင့် ထုံရွှယ်လူတစ်ယောက် အလွန်ပင် ရင်ထဲထိသွားလေ၏။ယင်းနောက်တွင် သူမက တစ်ဖက်လူအား မော့ကြည့်လိုက်ပြီး ချိုချိုသာသာစကားဆက်သည်။


" ရပါတယ် ရဲဘော် ... မတော်တဆဖြစ်တာပဲ ... ဘာမှပေးစရာမလိုပါဘူး ... "


အနောက်မှနံရံ‌က နေရောင်ခြည်တန်းအား ပိတ်ဆို့ထားပြီး ထိုမှတစ်ဆင့် အနှီအမျိုးသား၏မျက်နှာပေါ်၌ အလင်းတန်းအချို့ ရောင်ပြန်ဟပ်နေသည်။ထူးထူးခြားခြား ရှည်လျားထူထဲသောမျက်တောင်များက သူ၏မျက်လုံးများအောက်၌ အရိပ်များထင်ဟပ်နေစေလေ၏။

နွေလယ်ခေါင်၏ နေရောင်အောက်တွင် ထုံရွှယ်လူနှင့် ပေါင်မုန့်လုံးလေးစကားပြောနေသည်ကို သူက စိတ်ရှည်လက်ရှည်ရပ်‌စောင့်ပေးနေခဲ့သည်။


ထိုသူမှာ စိတ်ပိုင်းဖြတ်ထားပုံရပြီး မှတ်စုစာအုပ်ငယ်နှင့် ဘောပင်အား အိတ်ကပ်ထဲမှ ဆွဲထုတ်ကာ စာမျက်နှာပေါ်တွင် တစ်စုံတစ်ရာကို ရေးခြစ်တော့သည်။

ဘောပင်ကိုင်ထားသော သူ၏လက်ချောင်းများက ရှည်လျားသွယ်လျပြီး လက်သည်းများမှာလည်း အလွန်တိုကာ လက်သည်းခွံများက ပန်းရောင်သမ်းနေသည်။ဆရာဝန် သို့မဟုတ် စန္ဒယားပညာရှင်လက်ဟုပင် ထင်ရစေလောက်၏။


ထုံရွှယ်လူတစ်ယောက် ထိုသူ၏အလုပ်အကိုင်အား မှန်းဆနေခဲ့သည်။

ယင်းအချိန်တွင် တစ်ဖက်လူက မှတ်စုစာအုပ်ထဲမှ စာမျက်နှာကို ဆုတ်ဖြဲကာ သူမထံ ကမ်းပေးလာခဲ့လေ၏။


" ကျေးဇူးပြုပြီး လက်ခံပေးပါ ... "


ထုံရွှယ်လူလည်း နောက်ထပ်တစ်ကြိမ်ငြင်းဆန်မနေတော့ဘဲ အရှက်မဲ့စွာဖြင့် စက္ကူပိုင်းအား လှမ်းယူလိုက်တော့သည်။စာရွက်ပေါ်တွင် နာမည်နှင့်တကွ နံပါတ်တန်းတစ်ခုက နေရာယူထားလျက်ရှိ၏။


' ဝမ် ရူ ကွေ့ ' ဟူသော စာလုံးတစ်လုံးချင်းစီအား ထုံရွှယ်လူ စူးစူးစိုက်စိုက်ကြည့်ရှုနေမိသည်။

သူ၏လက်ရေးလက်သားမှာ ခိုင်မာပြီး စိုက်ထုတ်အား အတန်အသင့်ရှိကာ သေသပ်ရှင်းလင်းပေ၏။


ထုံရွှယ်လူက လက်ထဲတွင် စာရွက်ကို ကိုင်ထားရင်း  မော့ကြည့်လျက် ပြုံးပြုံးရွှင်ရွှင်ပြောလိုက်သည်။


" ကောင်းပါပြီ ...  လိုအပ်ရင် ရဲဘော်ဝမ်ကို ဆက်သွယ်လိုက်ပါ့မယ် "


 " ထပ်ပြီးတော့ တောင်းပန်ပါတယ်"


ဝမ်ရူကွေ့က နောက်တစ်ကြိမ်တောင်းပန်ပြီး အမြန်လှည့်ထွက်သွားခဲ့သည်။

ထုံရွှယ်လူကတော့ ဝမ်ရူကွေ့၏ကျောပြင်အား လှမ်းကြည့်နေခဲ့လေ၏။


* ရှည်လိုက်တဲ့ ခြေတံတွေ ... *


ထိုအချိန်တွင် ထုံမျန်မျန်၏မျက်ဝန်းဝိုင်းဝိုင်းများက မြေပြင်ပေါ်တွင်ရှိနေခဲ့ပြီး သူမက ထုံရွှယ်လူ့အား ကိုင်‌ဆွဲလာလျက် " မမ ကြည့်ပါဦး ... " ဟု ပြောလာခဲ့သည်။

ထုံမျန်မျန် ညွှန်ပြသည့်နေရာကို ကြည့်လိုက်သောအခါလက်ဖဝါးအရွယ် အနီရောင်စာအုပ်ငယ်တစ်အုပ်ကိုတွေ့လိုက်ရလေ၏။


ထုံရွှယ်လူက ပေါင်မုန့်လုံးလေးကို ချထားလိုက်ပြီး စာအုပ်ငယ်ကို ကောက်ယူလိုက်သည်။စာအုပ်ကို ဖွင့်ကြည့်လိုက်သောအခါတွင်မူ ဖြတ်သန်းသွားလာခွင့်လက်မှတ်ဖြစ်ကြောင်းသိရှိလိုက်ရတော့၏။


 အဖွဲ့အစည်း - အခြေခံသုတေသနစင်တာ

 အမည် - ဝမ်ရူကွေ့

 အသက် : ၂၅

 ရာထူး - သုတေသီ

 မွေးရပ်မြေ - အချက်အချာမြို့တော်

 အိုင်ဒီ နံပါတ် : ၁-၃၁၇၇


ဘေးဘက်၌ အဖြူအမည်း ဓာတ်ပုံတစ်ပုံရှိပြီး  ဓာတ်ပုံထဲတွင် ဝမ်ရူကွေ့မှာ အလွန်ငယ်ရွယ်သော်လည်း သူ့မျက်လုံးများက မှင်ကဲ့သို့ နက်မှောင်နေသည်။


ထုံရွှယ်လူတစ်ယောက် "အခြေခံသုတေသနစင်တာ" နှင့် "သုတေသီ" ဟူသောစာလုံးများကို ကြည့်ရှုနေခဲ့မိသည်။ဝမ်ရူကွေ့မှာ သာမန်လူမဟုတ်ကြောင်း မှန်းဆမိခဲ့သော်လည်း  သူမ မျှော်လင့်ထားသည်ထက်ပင် ပို၍ ထူးခြားနေသေးသည်။


ဝမ်ရူကွေ့ အလျင်စလိုဖြစ်နေခဲ့ပုံကို သတိရမိသွားသောအခါ ဤအရာအား လိုအပ်လေမလားဟူသောအတွေးဖြင့် အနောက်မှလိုက်ပေးရန်အတွက် ထုံရွှယ်လူ ကြိုးစားမိသေးသည်။


သို့သော်လည်း သူမက နှေးကွေးလွန်းပြီး ဝမ်ရူကွေ့မှာ အနက်ရောင်ကားတစ်စီးထဲသို့ ဦးစွာဝင်ရောက်သွားနှင့်ခဲ့လေပြီ။


၁၉၇၆ခုနှစ်ထုတ်ကားမှာ ခေတ်သစ် ထိပ်တန်းပြိုင်ကားတစ်စီးထက်ပင် ပိုမိုတောက်ပြောင်နေခဲ့သည်။

ဝမ်ရူကွေ့မှာ ဥစ္စာပေါရုပ်ချောသောထောင်ထောင်မောင်းမောင်းအမျိုးသားတစ်ဦးပင်။


ထုံရွှယ်လူမှာတော့ ဖြတ်သန်းသွားလာခွင့်လက်မှတ်အား မည်သို့ပြန်ပေးရမည်ကို ကြံစည်တွေးဆနေခဲ့သည်။