အပိုင်း၉
Viewers 14k

Chapter 9

 - ထုံကျန်းကျန်း ... နင်တော့ ဇာတ်သိမ်းပြီ  

 - 


အမေထုံတစ်ယောက် သက်ပြင်းချလျက် အမျိုးသမီးအဖွဲ့ချုပ်ရုံး၏ဒုညွှန်ကြားရေးမှူးနှင့် စကားပြောနေချိန်တွင် တစ်စုံတစ်ယောက်က ရုံးခန်းတံခါးကို လာခေါက်ခဲ့သည်။


ယင်းနောက်တွင် စာရေးတစ်ဦးက အထဲသို့ဝင်ရောက်လာပြီး " ဒါရိုက်တာထုံ ... ဒါရိုက်တာကြီးရဲ့‌သမီးရောက်လာပါတယ် ... အခု အပြင်မှာပါ ... " ဟု အသိပေးလာသည်။


အ‌မေထုံက အံ့ဩသွားဟန်ဖြင့် " ဘယ်တစ်ယောက်လဲ ... " ဟု မေးမြန်းလိုက်လေ၏။


" အရင်က ရဲဘော် ထုံရွှယ်လူပါပဲ ... "


ထိုအခါ အမေထုံက “အိုး” ဟု ရေရွတ်လျက် သက်ပြင်းချနေမိခဲ့ပြီး ဒုညွှန်ကြားရေးမှူးက သတိ‌ပေးလာသည့်အခါမှ အသိစိတ်ပြန်ကပ်သွားကာ အပြင်သို့ ခပ်သုတ်သုတ်ထွက်လာခဲ့သည်။


အမေထုံခမျာ ထုံရွှယ်လူအား ကိုယ်တိုင်မြင်လိုက်ရချိန်တွင်မှ ဤနေရာ၌ အမှန်တကယ်ရှိနေပြီဟု စိတ်ဒုန်းဒုန်းချယုံကြည်နိုင်ခဲ့သည်။ 


" ရွှယ်လူ ...  ဒီမှာ ဘာလုပ်နေတာလဲ ... ဘယ်ကနေ လာတာလဲ ...  မနေ့က ဘာလို့ မပြောမဆိုနဲ့ ထွက်သွားတာလဲ ... မနေ့ညက သမီးအဖေနဲ့ အမေတို့  အရမ်းစိတ်ပူလို့  အိပ်လို့တောင်မပျော်ဘူး ... "


စကားပြောပြီးသောအခါတွင် ထုံရွှယ်လူ၏နံဘေး၌

ပေါင်မုန့်လုံးလေးကို တွေ့လိုက်ရသည်။  


"သူက.... "


ထုံမျန်မျန်မှာ ထုံရွှယ်လူ၏အနောက်တွင် ပုန်းနေခဲ့ပြီး

အမေထုံက သူမအား မေးမြန်းလာသည့်အခါတွင် ခေါင်းလေးပြူပြီး တစ်ချက်မော့ကြည့်လိုက်သည်။


သို့သော်လည်း အမေထုံနှင့် အကြည့်ချင်းဆုံသွားချိန်တွင်မူ သူမက ကြောက်ရွံ့နေသောယုန်သူငယ်လေးသဖွယ် အနောက်သို့ ပြန်ဝင်သွားခဲ့လေ၏။


" ဒါက သမီးညီမလေးလေ ... မျန်မျန် အန်တီလို့ခေါ်လိုက်ပါဦး ... " ထုံရွှယ်လူက ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။


အမေလူ၏အကြီးဆုံးမြေးမှာ မျန်မျန့်ထက် (၆)လသာကြီးသည်။အမေလူကို အဖွားလူဟု ကောင်းစွာသုံးနှုန်းနိုင်သော်လည်း သူမတို့က သွေးသားတော်စပ်ခြင်းမရှိပေ။


ထုံမျန်မျန်က မျက်နှာတစ်ခြမ်းကိုပြသလာခဲ့ပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် " အန်တီ ... " ဟု ရှက်ရွံ့စွာ ခေါ်ဆိုလိုက်သည်။


" အရမ်းလိမ္မာတဲ့ကလေးလေးပဲ ... သကြားလုံးစားမလား ... "


ထုံမျန်မျန်၏လေသံမှာ အလွန်ချစ်စရာကောင်းသောကြောင့် အမေထုံတစ်ယောက် အရည်ပျော်လုမတတ်ဖြစ်သွားသည်။သူမက အိပ်ကပ်ထဲမှ သကြားလုံးနှစ်လုံးကို ထုတ်ယူကာ ထုံမျန်မျန်အား ကမ်းပေးလိုက်လေ၏။

ထုံမျန်မျန်မှာ ထုံရွှယ်လူက လက်ခံ၍ရသည်ဟု အချက်မပြမချင်း ထိုသကြားလုံးများအား မယူဝံ့ခဲ့ပေ။


ထိုအချိန်တွင် ထုံရွှယ်လူက သကြားလုံးများအား ပြန်ပေးလိုက်ပြီး အမေထုံ၏လက်ကိုဆုပ်ကိုင်ကာ ခပ်တိုးတိုးပြောကြားခဲ့သည်။


" အမေ ... သမီးက အမေ့ဆီအလည်အပတ်လာတာပါ ... အိမ်ထောင်စုစာရင်း ရွှေ့ချင်တာလည်းပါပါတယ် ... သမီးကို ဘာမှ ပေးစရာမလိုပါဘူး ... "


ထုံရွှယ်လူပြောလိုက်သောစကားကြောင့် အမေထုံ၏အပြုံးများက အနည်းငယ်မှေးမှိန်သွားခဲ့သည်။


" အိမ်ထောင်စုစာရင်းကို သမီးက တကယ်ရွှေ့ချင်တာလား "


ထိုအခါ ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်သည်။ 


" အမေ သမီးကို မသွားစေချင်ဘူးဆိုတာကို သိပါတယ် .... အမေနဲ့အဖေ့ကို အမြဲလွမ်းနေမှာပါ ... ထုံကျန်းကျန်းနဲ့ သမီးက တစ်မိုးအောက်တည်းမှာ အတူနေလို့ မဖြစ်ဘူးလေ ... "


အမေထုံက သက်ပြင်းအရှည်ကြီး ချလိုက်လေ၏။


ယင်းအချိန်မှာပင် ထုံရွှယ်လူက အမေထုံ၏ပုခုံးပေါ်သို့ လက်တင်လိုက်ပြီး " သက်ပြင်းမချပါနဲ့ အမေ ... သမီး ဒီမှာမနေပေမဲ့ အမေက သမီးအမေပဲလေ ...  အမေတို့ဆီလည်း မကြာမကြာ လာလည်ပါ့မယ် " ဟု နှစ်သိမ့်ပေးလိုက်သည်။


" ဟုတ်ပါပြီ ... ကတိနော် ... မကြာမကြာလာလည်ရမယ် ... "


ထုံရွှယ်လူလည်း ခေါင်းညိတ်ပြီး ကတိပေးလိုက်သည်။  ထို့နောက်တွင် သူမက စကားအကြောင်းအရာကို ပြောင်းလဲလိုက်လေ၏။


" ‌အမေ ... အိမ်ထောင်စုစာရင်းပြောင်းဖို့က အမြန်သွားမှရမှာ ... အမေနဲ့ စကားစမြည်ပြောဖို့ နောက်တစ်ခေါက်မှ ပြန်လာခဲ့ပါ့မယ် ... ရုံးမပိတ်ခင်သွားမှ ရမှာမလို့ပါ ... မဟုတ်ရင် နောက်တစ်ခေါက် ခရီးထွက်နေရမှာ ... "


" ဟုတ်ပြီ ဟုတ်ပြီ ... ချွေးမလတ်ကို ဖုန်းဆက်ပြီး သမီးအတွက်ပြင်ဆင်ထားခိုင်းလိုက်မယ် ... အဲဒါမှ သမီးရောက်တာနဲ့ အဆင်သင့်ဖြစ်နေမှာ ... "


" ကျေးဇူးတင်ပါတယ် အမေ ... "


ထုံရွှယ်လူတစ်ယောက် အမေထုံအား သွားရှာရသည့်ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းမှာ သွားရောက်လည်ပတ်ရန်ဖြစ်ပြီး တစ်ဖက်တွင်လည်း အိမ်ထောင်စု စာရင်းအင်းကိစ္စများနှင့်ပတ်သတ်၍ အမေထုံ့ထံမှ အကူအညီရရှိရန် မျှော်လင့်ခဲ့သည်။


ချိုင်ချွန်းလန်မှာ ပြည်သူ့လုံခြုံရေးဗျူရိုတွင် စီမံခန့်ခွဲရေးရာထူးဖြစ်ပြီး အိမ်ထောင်စုစာရင်းပြုစုသည့်ကိစ္စအရပ်အရပ်အား တာဝန်ယူထားသည်။


ချိုင်ချွန်းလန်က သူမအား အိမ်ထောင်စုစာရင်းကိစ္စနှင့်ပတ်သတ်၍ အကူအညီမပေးမည်ကို ထုံရွှယ်လူ စိတ်မပူပေ။ဖြစ်ပျက်ခဲ့‌သော သူမတို့၏နောက်ကြောင်းများအရ ကျိန်းသေပင် ဟိုဟိုဒီဒီဝေ့ဝိုက်နေမည့်လူစားမျိုးဖြစ်သည်။သို့သော်လည်း ထုံမိသားစုဘက်တွင် အချိန်များများစားစားမရှိပေ။


အမေထုံ ဖုန်းပြောပြီးသောအခါ ထုံရွှယ်လူက ပြည်သူ့လုံခြုံရေးဗျူရိုသို့ သွားရန်ပြင်လိုက်သော်လည်း အမေထုံက သူမအား တားဆီးလာပြန်သည်။


" ကလေးကို အတူခေါ်သွားမလို့လား ... ဝေးတယ်နော် ... အဆင်မပြေလောက်ဘူး ... ဘာလို့ ဒီမှာ မထားခဲ့တာလဲ ... အမေကြည့်ထားပေးမယ် .... "


အမေထုံ၏စကားက ကျိုးကြောင်းဆီလျော်သည်ဟုထုံရွှယ်လူခံစားရသည်။


ထုံရွှယ်လူရောက်နေသောနေရာမှနေ ပြည်သူ့လုံခြုံရေးဗျူရိုအထိ တစ်နာရီခန့် လမ်းလျှောက်သွားရမည်ဖြစ်သည်။ထုံမျန်မျန်မှာ ကလေးတစ်ယောက်ဖြစ်ပြီး ခပ်ကြာကြာ လမ်းလျှောက်နိုင်မည်မဟုတ်ပေ။ 

ထုံရွှယ်လူသည်လည်း သူမအား တစ်လမ်းလုံး ပွေ့ချီခေါ်ဆောင်သွားနိုင်မည်မဟုတ်ပါ။


အကယ်၍သာ ထုံမျန်မျန်မလိုက်ပါက ထုံရွှယ်လူမှာ စက်ဘီးငှားသွားနိုင်ပြီး အချိန်ကုန်လည်းသက်သာမည်ဖြစ်လေသည်။

မည်သို့ပင်ဆိုစေကာမူ ထုံရွှယ်လူသည် ‌ပေါင်မုန့်လုံးလေး၏ထင်မြင်ချက်အား စိတ်ရှည်လက်ရှည်မေးမြန်းကြည့်ခဲ့သည်။


" မျန်မျန် မမသွားစရာရှိတယ် ... ဒီမှာနေခဲ့ချင်လား မမနဲ့အတူ လိုက်ခဲ့ချင်လား ... "


ထိုအခါထုံမျန်မျန်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ချစ်စရာကောင်းစွာ ဖြေကြားလာခဲ့လေ၏။

 " မျန်မျန်က လိမ္မာတဲ့ကလေးလေးဖြစ်ချင်လို့ မမကို ဒီကပဲစောင့်ပါ့မယ် ... "


မျန်မျန်မှာ အမေထုံ၏စကားအား ကောင်းစွာနားလည်ပြီး သူမသည် အစ်မဖြစ်သူအား ဝန်ထုပ်ဝန်ပိုးမပေးလိုပေ။


ထိုအချိန်တွင် ထုံရွှယ်လူက လက်ကိုဆန့်ထုတ်လာပြီး မျန်မျန်၏ခေါင်းလေးအား ခပ်ဖွဖွပွတ်သပ်လာခဲ့သည်။


" မျန်မျန်က အရမ်းလိမ္မာတာပဲ ... အန်တီနဲ့အတူတူနေခဲ့နော် ... ဘယ်မှမသွားနဲ့ ... မကြာခင် မမ ပြန်လာခေါ်မယ် ... "

ထိုအခါ ပေါင်မုန့်လုံးလေးက ခေါင်းညိတ်ပြလာခဲ့သည်။


အမေထုံသည်လည်း အမျိုးသမီးအဖွဲ့ချုပ်ရုံးရှိ တစ်စုံတစ်ဦးထံမှ စက်ဘီးငှားပေးခဲ့ပြီး ထုံရွှယ်လူမှာ ပြည်သူ့လုံခြုရေးဗျူရိုသို့ ဦးတည်ထွက်ခွာခဲ့တော့လေ၏။


 ***


မိနစ်နှစ်ဆယ်ကြာပြီးနောက် ထုံရွှယ်လူတစ်ယောက်ပြည်သူ့လုံခြုံရေးဗျူရိုသို့ ရောက်ရှိသွားခဲ့သည်။


အမေထုံကိုယ်တိုင် မှာကြားထားသည့်အတွက် ချိုင်ချွန်းလန်မှာ ထုံရွှယ်လူအား အခက်တွေ့အောင် မလုပ်ဝံ့ပေ။မည်သို့ပင်ဆိုစေကာမူ ထိုအချိန်တွင် ပြည်သူ့လုံခြုံရေးဗျူရို၏အကြီးအကဲမှာ ရုံးမှ ခေတ္တထွက်ခွာသွားခဲ့သည်ဖြစ်ရာ ထုံရွှယ်လူ့ခမျာ သူမ၏ခွင့်ပြုချက်စလစ်ကိုရရှိရန် နာရီဝက်ခန့်စောင့်ဆိုင်းခဲ့ရသည်။

တစ်ဖက်ထုံမိသားစုထံသို့ အိမ်ထောင်စုစာရင်းရွှေ့ပြောင်းရန်အတွက် ခွင့်ပြုချက်စလစ်လိုအပ်ပေသည်။


နောက်ဆုံးတွင် ထုံရွှယ်လူက စာရွက်ကို ခေါက်လိုက်ပြီး အိတ်ကပ်ထဲထည့်ကာ ထုံမျန်မျန်အား ပြန်လည်ခေါ်ဆောင်ရန် အမျိုးသမီးရုံးချုပ်ဆီသို့ ဦးတည်ခဲ့တော့သည်။


****


ထုံကျန်းကျန်းက မျက်မှောင်ကြုတ်လျက် အမျိုးသမီးအဖွဲ့ချုပ်ရုံးထံသို့ လျှောက်လှမ်းလာနေခဲ့သည်။သူမ၏မဲ့ရွဲ့နေသောမျက်နှာထားအရ စိတ်မကြည်ဖြစ်နေကြောင်း ထင်ရှားလေ၏။


အတိတ်တွင် ထုံရွှယ်လူမှာ မိသားစုအချိတ်အဆက်များဖြင့် စာပေနှင့်အနုပညာအသင်းသို့ ဝင်ရောက်ခဲ့သည်။သို့သော်လည်း ယခုအချိန်၌ ထုံကျန်းကျန်းပြန်လည်ရောက်ရှိလာသောကြောင့် ထုံရွှယ်လူမှာ ‌၎င်းရာထူးနေရာအား ဆက်လက်ထိန်းသိမ်းမထားနိုင်တော့ပေ။


ထုံကျန်းကျန်းကို အသည်းပေါက်သွားစေသောအရာမှာ စာပေနှင့်အနုပညာအသင်းဝင်များက သူမအား ထုံရွှယ်လူလောက် ဆွဲဆောင်မှုမရှိဟူ၍ တွေးထင်နေကြခြင်းပင်ဖြစ်သည်။ထိုမျှသာမကသေးဘဲ သူမ၏အဆိုစွမ်းရည်က စုတ်ချာပြီး အကများမှာလည်း ‌မာတောင့်တောင့်ဖြစ်နေသည်ဟု မှိုချိုးမျှစ်ချိုးဝေဖန်လေကန်လိုက်ကြသေးလေ၏။


ထုံကျန်းကျန်းတစ်ယောက် အလွန်တရာ ဒေါကန်နေသောအခြေအနေပင်။


ထောင့်တစ်နေရာသို့ အကြည့်ရောက်သွားခိုက်တွင် ထုံကျန်းကျန်း၏မျက်လုံးများ ပြူးကျယ်ကုန်တော့သည်။


" နင်က ဒီမှာဘာလုပ်နေတာလဲ ထုံမျန်မျန်  ... "

ထုံကျန်းကျန်းက ကြမ်းတမ်းစွာ မေးမြန်းခဲ့လေ၏။


ထိုအခါ ထုံမျန်မျန်က အံ့အားသင့်စွာ မော့ကြည့်လာပြီး ဖျော့တော့သောလေသံဖြင့် " မမကျန်း ... " ဟု ရေရွတ်ခေါ်ဆိုလိုက်သည်။


" ဘယ်သူ့ကို မမ လာခေါ်နေတာလဲ ... "


ထုံကျန်းကျန်းက ထုံမျန်မျန့်ဆီသို့ တစ်ဟုန်ထိုးဦးတည်လာပြီး ပုခုံးနှစ်ဖက်အား အားပါပါကိုင်ဆွဲလျက် အပူတပြင်းမေးမြန်းတော့သည်။


" ပြောစမ်း .... ဘယ်သူက နင့်ကို ဒီခေါ်လာတာလဲ ... ဟိုကောင်မ ထုံရွှယ်လူလား ... "


လက်မောင်းများအား အဆမတန်အားဖြင့် ကိုင်ဆုပ်ခြင်းခံထားရရှာသောထုံမျန်မျန့်ခမျာ နာကျင်မှုကြောင့် မျက်ရည်များလှိမ့်ဆင်းလာလေ၏။


" မမ နာမည်ကို ‌မခေါ်နဲ့ ... မမကျန်းက တကယ်ကို မကောင်းတာပဲ ... "


ထုံမျန်မျန်က ထုံရွှယ်လူ့ဘက်မှ စစ်ကူလိုက်ပေးနေသည်ကို မြင်လိုက်ရသောအခါ ထုံကျန်းကျန်းတစ်ယောက် အလွန်အမင်းဒေါသထွက်သွားပြီး ချက်ချင်းပင် ဆူးချွန်ငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။


ထိုဟာမ ထုံရွှယ်လူမှာ ဤအတိုင်းထွက်သွားမည့်သူ မဟုတ်ကြောင်း သူမ သိသည်။မနေ့ကပင် အိမ်ပေါ်မှဆင်းသွားပြီး ယနေ့၌ ကလေးတစ်ယောက်နှင့်အတူပြန်ပေါ်လာသည်။မည်သည်ကို ကြံစည်နေပါသနည်း။


ထိုအကြောင်းက အရေးမကြီးပေ။မည်သို့သောအခြေအနေတွင်ဖြစ်ပါစေ ထုံရွှယ်လူ၏စိတ်သဘောအတိုင်းဖြစ်ခွင့်မပေးနိုင်ပေ။

ထုံကျန်းကျန်းက ထုံမျန်မျန်အား ပါးစပ်ပိတ်ပြီး လူခြေတိတ်သောအဆောက်အဦးလမ်းကြားထဲသို့ ဆွဲခေါ်သွားတော့သည်။


*** 


အမျိုးသမီးအဖွဲ့ချုပ်ရုံးသို့ ပြန်ရောက်သောအခါ အမေထုံနှင့် စာရေးမနှစ်ယောက်တို့က တစ်စုံတစ်ရာအား ရှာဖွေနေသည်ကို ထုံရွှယ်လူ တွေ့လိုက်ရသည်။


"အမေ ဘာလုပ်နေတာလဲ ... "


ထိုအခါ အမေထုံက လန့်လန့်ဖျပ်ဖျပ်ဖြင့် " ပြန်လာပြီလား ... သမီးညီမ မျန်မျန် ပျောက်သွားပြီ ... " ဟု ဆိုလာခဲ့လေ၏။


" ဘာဖြစ်တာလဲ ... မျန်မျန်က ဘယ်လိုပျောက်သွားတာလဲ ... "


အမေထုံမှာ ဖြစ်ပျက်သမျှအား ရှင်းပြလာခဲ့သည်။သူမ၏မျက်ဝန်းများက နီရဲနေခဲ့ပေသည်။


ထုံရွှယ်လူ ထွက်ခွာသွားပြီးနောက် အမေထုံမှာ အလွန်အမင်းလျှော်ဖွပ်ထား၍ အဖြူရောင်ပြောင်းလုဆဲဆဲဖြစ်နေသောထုံမျန်မျန်၏အဝတ်အစားများအား သတိပြုမိသွားခဲ့သည်။ထို့ကြောင့် သူမက ပိုက်ဆံနှင့် လက်မှတ်အချို့ယူရန်အတွက် ရုံးခန်းတွင်းသို့ ခပ်သုတ်သုတ် ဝင်ရောက်သွားခဲ့လေ၏။ယင်းအချိန်တွင် ထုံမျန်မျန်မှာ အပေါက်ဝ၌ ဆော့ကစားနေခဲ့သည်။


အမေထုံပြန်ရောက်လာချိန်တွင်မူ ထုံမျန်မျန်က အခင်းနေရာတွင် မရှိတော့ပေ။


ဝင်ပေါက်အနီးနားမှ လုံခြုံရေးအစောင့်ကို မေးမြန်းသောအခါတွင်လည်း ထုံမျန်မျန်အား မတွေ့မိဟုသာ ဆိုသည်။ထိုစကားအရ ထုံမျန်မျန်မှာ ရုံးနယ်မြေထဲ၌သာ ရှိနေသေးပုံရသည်။


ထုံရွှယ်လူမှာ စိတ်ကြည်လင်ခြင်းမရှိသော်လည်း ယခုအချိန်က တစ်ဦးပေါ်တစ်ဦးအပြစ်ဖို့နေရမည့်အချိန်မဟုတ်ပါ။