အပိုင်း ၁၀
Viewers 14k

Chapter 10

 - ဖန်ဝမ်ယွမ်က သူမအား သိမ်းသွင်းနိုင်သည် ... သူမသည် သူ့စကားကို နားထောင်လိမ့်မည် 

 - 


 " မျန်မျန် မမ ပြန်လာပြီ ... "


ထုံရွှယ်လူက စက်ဘီးစီးရင်း အော်ခေါ်နေခဲ့သည်။


" ကြားရင် ပြန်ဖြေနော် ... မျန်မျန် .... ထွက်လာပါ ... မမနဲ့ အိမ်ပြန်ကြရအောင်လေ နော် ... "


ပေါ့လျော့လွန်းသောသူမကိုယ်သူမသာ ထုံရွှယ်လူ အပြစ်တင်မိသည်။ထုံမျန်မျန့်အား မည်သည့်အခါတွင်မှ တစ်ယောက်တည်းမထားသင့်ခဲ့ပေ။

ကလေးငယ် အားကိုးရသူမှာ သူမအပြင် မရှိသည်မဟုတ်ပါလော။


ထုံမျန်မျန်သာ တစ်ခုခုဖြစ်ခဲ့ပါက ဘဝတစ်လျှောက်လုံး သူမကိုယ်သူမ အပြစ်တင်ဆုံးနိုင်မည်မဟုတ်တော့ချေ။


ထိုအချိန်တွင် လမ်းကြားတစ်ခုတွင်းမှ ကလေးငိုသံတစ်သံထွက်ပေါ်လာပြီး ထိုအသံမှာ ထုံမျန်မျန်၏လေသံနှင့်အလွန်ဆင်တူသည်။

ထုံရွှယ်လူက စက်ဘီးပေါ်မှ ခုန်ဆင်းကာ တစ်စက္ကန့်မှ မတုန့်ဆိုင်းဘဲ ထိုလမ်းကြောင်းအတိုင်း ပြေးသွားခဲ့လေသည်။

လမ်းကြားထဲတွင် ထုံကျန်းကျန်းက ထုံမျန်မျန်၏နားရွက်ကို ဆွဲထားရင်း အော်ဟစ်နေသည်။ 


" သောက်ကလေး ... ငါပြောတာကြားလား ... အိမ်ပြန်ပြီး ထုံရွှယ်လူက နင့်ကိုရိုက်လွှတ်တယ်လို့ နင့်အစ်ကိုနှစ်ယောက်ကို သွားပြောချေ  ... အဲ့ဟာမကို အိမ်ပေါ်က နှင်ချခိုင်းလိုက် ... "


ထုံမျန်မျန်၏မျက်နှာငယ်လေးက မျက်ရည်များဖြင့် ရဲတွတ်နေသည်။သူမက စူးရှသောလေသံဖြင့် အကြောက်အကန်ငြင်းဆိုလိုက်လေ၏။


" ဟင့်အင်း ... ဟင့်အင်း ... မျန်မျန်က မမကို အိမ်မှာမနေရအောင် လုံးဝမလုပ်ဘူး ... "


 " အရူးမ ... နင်ကများ .... အားးးးး .... "


စကားပင်မဆုံးသေး အနောက်မှ တစ်စုံတစ်ယောက်ကထုံကျန်းကျန်း၏ဆံပင်ကို ဆောင့်ဆွဲလာခဲ့သည်။

ထုံမျန်မျန့် နားရွက်ထံတွင်ရှိနေသောထုံကျန်းကျန်း၏လက်များက အလိုလိုပြေလျော့သွားလေ၏။ယခုအချိန်တွင် ထုံကျန်းကျန်းက ဝက်တစ်ကောင် အမဲဖျက်ခံနေရသည့်ပမာ စူးရှစွာအော်ဟစ်နေသည်။


" အားးးး ... ဘယ်သူလဲ ... "


 " နင့် ဘိုးဘေးလေ ... "


ထုံရွှယ်လူ၏မျက်ဝန်းများက အေးစက်နေခဲ့သည်။


" ‌လောကကြီးမှာ ငါအမုန်းဆုံးလူ နှစ်မျိုးရှိတယ် ... ပထမတစ်မျိုးက ကိုယ့်မိန်းမကိုယ် ပြန်ရိုက်နှက်တဲ့ယောက်ျား ... ဒုတိယတစ်မျိုးက ကူရာကယ်ရာမဲ့တဲ့ကလေးကို အနိုင်ကျင့်တဲ့လူ ...အခု ကြည့်ရသလောက်တော့ ပြဿနာရှိနေပြီပဲ  "


ထုံရွှယ်လူ၏အသံကို ကြားသောအခါ ထုံကျန်းကျန်းတစ်ယောက် ဒေါသ ထောင်းခနဲထွက်သွားသည်။


" ထုံရွှယ်လူ ... သောက်ကောင်မ ... နင်လွှတ်စမ်း ... မဟုတ်ရင် ငါ့အကြောင်းသိမယ် ... နင်စောင့်‌ကြည့်နေ ... "


" အိုး ... သတိထားရတော့မှာပေါ့နော် ... နင်က ဘာတွေများဆက်လုပ်မလို့လဲ ... "


ထိုသို့ပြောပြီးနောက် ထုံရွှယ်လူသည် ထုံကျန်းကျန်းအား နံရံဘက်သို့တွန်းကပ်ပြီး တင်ပါးအား ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ဆောင့်ကန်ပစ်လိုက်တော့သည်။

ထုံကျန်းကျန်းမှာတော့ နံရံဆီသို့ အပစ်ခံလိုက်ရသည့် ပန်ကိတ်တစ်လုံးဖြစ်သွားသလို ခံစားလိုက်ရပြီး နှာခေါင်းပင်ပြားလုမတတ်ဖြစ်သွားသည်။

ထုံကျန်းကျန်းတစ်ယောက် နာကျင်လွန်းသဖြင့်မျက်ရည်များ စီးကျလာလေ၏။


" သောက်ကောင်မ ထုံရွှယ်လူ ... နင်က ငါ့ကိုစိန်ခေါ်တာလား ..."


ထိုအချိန်တွင် ထုံရွှယ်လူက အချက်သုံးချက်ကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

( ၁ )    သူမသည် ဦးစွာထိုင်ချလိုက်ပြီး မျက်နှာအား မြေမှုန့်များ သုတ်လိုက်သည်။

( ၂ )    ထို့နောက်တွင် ဆံပင်ကို ဖြည်ချပြီး ရှုပ်ပွသွားသည်အထိ ကြမ်းတမ်းစွာခါယမ်းလိုက်သည်။

 ( ၃ )  နောက်ဆုံးအနေဖြင့် သူမက ထုံမျန်မျန်အား ကောက်ပွေ့လိုက်ပြီး " ကယ်ကြပါရှင် ... ကျွန်မတို့ကို လိုက်သတ်နေပါတယ် ... " ဟု အော်လျက် တစ်ချိုးတည်းပြေးတော့လေ၏။


" ကောင်မ ... သတ္တိရှိရင် အဲဒီမှာရပ်လိုက်စမ်း ... ဒီနေ့နင့်ကို ငါ့လက်နဲ့သတ်မယ် ... "


ထုံကျန်းကျန်းမှာလည်း ဆင်ခြင်တွေးတောခြင်းအလျဉ်းမရှိဘဲ ထုံရွှယ်လူ၏အနောက်မှ ကောက်ကောက်ပါအောင် လိုက်သွားလေသည်။


ထုံရွှယ်လူက လမ်းကြားထဲမှ အပြင်သို့ ပြေးထွက်လာပြီး အာပေါင်ရင်းသန်စွာဖြင့် ဆက်လက်အော်ဟစ်နေသည်။


 "တစ်ယောက်ယောက် လာပါဦး ... ကယ်ကြပါဦးရှင် ... ကျွန်မတို့ကို လိုက်သတ်နေပါတယ် ... "


အမေထုံမှာ စာရေးနှစ်ဦးနှင့်အတူပြေးလွှားနေခဲ့ပြီး ထုံရွှယ်လူ၏အော်ဟစ်သံကိုကြားသောအခါ သုံးယောက်လုံး ထိတ်လန့်သွားကြသည်။

အမေထုံတစ်ယောက် ဖြူဖျော့သွားခဲ့ပြီး သူမက စာရေးဖြစ်သူအား " ရှောင်ဟွေ့ အစောင့်တွေသွားခေါ်ချေ ... မြန်မြန် ... " ဟု အမိန့်ပေးလိုက်သည်။ 

ထိုအခါ ရှောင်ဟွေ့က ချက်ချင်းပင် တတ်နိုင်သမျှ မြန်မြန်ထွက်ခွာသွားလေ၏။


ယင်းအချိန်၌ လူငယ်နှစ်ဦးကလည်း အခြားတစ်ဖက်မှ အပြေးအလွှားလာနေခဲ့ကြသည်။


ထိုနှစ်ယောက်မှာတော့ အခြားသူများမဟုတ်ပေ။မူလပိုင်ရှင်နှင့် စေစပ်ထားသူဖန်ဝမ်ယွမ်နှင့် ကနဦးက ထုံရွှယ်လူတွေ့ခဲ့သော ကိုယ်လူချောဝမ်ရူကွေ့တို့ပင် ဖြစ်သည်။


ထုံရွှယ်လူ၏ မျက်ဝန်းများက တောက်ပလာကာ သူမသည် ဝမ်ရူကွေ့ဆီသို့ အမြန်ပြေးသွားခဲ့သည်။


 ***

တစ်စုံတစ်ဦးအော်ဟစ်အကူအညီတောင်းနေသံကိုကြားသောအခါ ဖန်ဝမ်ယွမ်မှာ တစ်စက္ကန့်မျှပင် မတုံ့ဆိုင်းဘဲ ချက်ချင်းပြေးထွက်လာခဲ့သည်။


သို့သော်လည်း သူတို့ထံပြေးလာသူက ထုံရွှယ်လူ

ဖြစ်နေသည်ကိုမြင်လိုက်ရသောအခါ ဖန်ဝမ်ယွမ်မှာ အလိုလိုမျက်မှောင်ကြုတ်မိသွားတော့လေ၏။

ထုံရွှယ်လူမှာ ထုံမိသားစုမှ ထွက်ခွာသွားပြီမဟုတ်ပါလော။အဘယ်ကြောင့် သူမက ဤနေရာသို့ ပြန်ရောက်နေရပါသနည်း။ထုံရွှယ်လူက တစ်စုံတစ်ရာကို ထပ်မံကြံစည်နေပုံရသည်။


ထုံရွှယ်လူတစ်ယောက် ထုံမိသားစုမှ နုတ်ထွက်သွားလေပြီဟု ကြားသိရသောအခါတွင် ဖန်ဝမ်ယွမ်မှာ လုံးဝမယုံနိုင်ခဲ့ပေ။သူ၏ထင်မြင်ချက်က မှန်ကန်သလောက်ရှိပြီး တစ်ရက်တင်းတင်းမပြည့်သေးမီမှာပင် ထုံရွှယ်လူ ပြန်ပေါ်လာပြီဖြစ်သည်။ဖြစ်ပျက်ခဲ့သမျှအခြေအနေများက ဟာသကြီးတစ်ခုလိုပင်။


ဤသည်က သူမ၏နောက်ထပ်လှည့်ကွက်တစ်ခုများ ဖြစ်လေသလော။

ဖန်ဝမ်ယွမ်မှာ သူ့အ‌တွေးနှင့်သူ မျောပြီး တဖြည်းဖြည်းခြေလှမ်းများနှေးလာတော့သည်။


ဝမ်ရူကွေ့အတွက် ဖန်ဝမ်ယွမ်အား ကျော်တက်ရန် အချိန်သိပ်မကြာလိုက်ပေ။


ထုံရွှယ်လူမှာလည်း ဖန်ဝမ်ယွမ်၏အပြုအမူအား သတိမထားမိလိုက်ဘဲ  ဝမ်ရူကွေ့ဆီသို့သာ တစ်ချိုးတည်းပြေးသွားခဲ့သည်။


ယင်းနောက်တွင် သူမက အမောဖောက်နေသောလေသံဖြင့် " ရဲဘော် ဝမ် ... ကျွန်မနဲ့ညီမလေးကို ကယ်ပါဦး ... တစ်ယောက်ယောက်က ကျွန်မတို့ကိုသတ်ချင်နေတယ် ... " ဟု ပြောလိုက်လေ၏။


ထိုစကားများအား သက်သေပြပေးလိုက်သည့်သဖွယ်ပင် ထုံကျန်းကျန်းက ခေါင်းမွေးစုတ်ဖွားဖြင့် အော်ဟစ်ဆဲဆိုကာ အနောက်မှ ပြေးလိုက်လာခဲ့သည်။

" အဲဒီမှာရပ်စမ်း ထုံရွှယ်လူ ... သတ်ပစ်မယ် နင့်ကို ... "


ဝမ်ရူကွေ့က နှုတ်ဆိတ်စွာဖြင့် လက်များအား  ဆန့်ထုတ်လိုက်ပြီး ထုံရွှယ်လူနှင့် ထုံမျန်မျန်တို့အားသူ၏အနောက်သို့ဝင်စေကာ အရှေ့မှ ပိတ်ရပ်ထားလိုက်တော့သည်။


စကားတစ်ခွန်းမှ မပြောသော်လည်း ဝမ်ရူကွေ့၏မြင့်မားကျယ်ပြန့်သောကျောပြင်က တစ်နည်းနည်းဖြင့်လုံခြုံသည့်ခံစားချက်မျိုးကို ပေးစွမ်းသည်။

ထုံကျန်းကျန်းက အနောက်မှပြေးလိုက်လာခဲ့ပြီး သူမ  ထပ်မံမအော်သေးနိုင်ခင်မှာပင် ဝမ်ရူကွေ့ထံမှ လက်မောင်းချိုးလိမ်ခြင်း ခံလိုက်ရရှာသည်။


ဝမ်ရူကွေ့၏ လုပ်ဆောင်ချက်များမှာ ချောမွေ့မြန်ဆန်ပြီး ပျော့ညံ့သောသု‌တေသနပညာရှင် ပုံရိပ်နှင့်ပင်မကိုက်ညီပေ။သူ၏မားမားမတ်မတ်ဖြစ်နေသည့်အသွင်အပြင်က ကောင်းစွာလေ့ကျင့်ရေးဆင်းထားသော စစ်သားတစ်ဦးနှင့် ပိုတူနေသည်။


ထုံရွှယ်လူတစ်ယောက် အံ့အားသင့်သွားခဲ့လေ၏။


" ရှင် ... ရှင့်ကိုယ်ရှင် ဘာထင်နေလဲ ... "


ထုံကျန်းကျန်းမှာ လက်လိမ်ချိုးခံထားရပြီး သွေးအန်လုမတတ်ဖြစ်နေသည်။


" လွှတ် ... အခုချက်ချင်းလွှတ် ... "


သို့သော်လည်း ဝမ်ရူကွေ့က လွှတ်မပေးသည့်အပြင် အားအနည်းငယ်ထပ်သုံးပြီး ထုံကျန်းကျန်းအား မြေပြင်ပေါ်သို့ ဆွဲလှဲပစ်လိုက်တော့၏။


ဖန်ဝမ်ယွမ်နှင့်အမေထုံတို့ နှစ်ဦးစလုံး အံ့ဩသွားကြသည်။


ထုံရွှယ်လူမှာ လိမ်ညာနေခြင်းမဟုတ်ဘဲ သူမ၏သမီးရင်းဖြစ်သူက အမှန်တကယ်ထိုသို့ပြုမူခဲ့လေသည်။ထိုအခြင်းအရာကို မျက်ဝါးထင်ထင်တွေ့လိုက်ရသောအမေထုံမှာ လွန်စွာပင် အံ့အားသင့်နေခဲ့လေ၏။အမေထုံမှာ ဖန်ဝမ်ယွမ်ထက်ပင် ပို၍ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေခဲ့သည်။


သူမသည် စာရေးမအား ရဲသွားခေါ်ရန်ညွှန်ကြားပြီးဖြစ်သည်။လက်ရှိအခြေအနေအရ ရဲများရောက်လာသည်နှင့်တစ်ပြိုင်နက် ထုံကျန်းကျန်းတစ်ယောက် ဇာတ်သိမ်းတော့ပေမည်။


ထိုသို့တွေးမိသွားသောအမေထုံက ထုံကျန်းကျန်းအား ကယ်တင်ရန် အမြန်သွားခဲ့သည်။

သို့သော်လည်း ထုံရွှယ်လူမှာ ထိုကဲ့သို့အဖြစ်ခံမည့်လူစားမျိုးမဟုတ်ချေ။


အမေလူချဉ်းကပ်လာသည်ကိုမြင်သောအခါ သူမက ဒူးထောက်လျက်သား မြေပြင်ပေါ်လဲကျသွားသည့်ဟန်ဖြင့် " အမေ  ... ကယ်ပါဦး ... ထုံကျန်းကျန်းက သမီးကို သတ်‌ချင်နေတယ် ... " ဟု ပြောလိုက်လေ၏။


" ရွှယ်လူ ... ဘာဖြစ်သွားတာလဲ ... "


အမေထုံက ထုံရွှယ်လူ့အား အလျင်အမြန်ဆွဲဖမ်းခဲ့သည်။


ထုံရွှယ်လူ၏ရှုပ်ပွနေသောဆံပင်များနှင့် ညစ်ပတ်ပေရေနေသည့်အခြေအနေကို တွေ့လိုက်ရသောအခါ အမေထုံတစ်ယောက် စိတ်ခံစားချက်များရှုပ်ထွေးလာတော့သည်။


" အမေ ... သမီးက သူ့နေရာကိုဝင်ယူထားလို့

ထုံကျန်းကျန်းက လက်စားချေမယ်လို့ပြောနေတယ် ... မျန်မျန့်ကို ဒုက္ခပေးရုံတင်မကဘူး သမီးကိုပါ သတ်ပစ်မယ်တဲ့ ... အီးဟီးဟီး... "


ထုံရွှယ်လူက ပြောပြောဆိုဆိုဖြင့် အမေထုံ၏ပုခုံးပေါ် သို့ ခေါင်းအပ်ပြီး အော်ငိုချလိုက်တော့၏။


အစ်မဖြစ်သူငိုကြွေးနေသည်ကိုမြင်သောအခါ ထုံမျန်မျန်လည်း မျက်ရည်များဝေ့ဝိုက်လာတော့သည်။

" လူဆိုးမကြီး ... လူဆိုးမကြီးကို ရိုက်ပစ်ရမယ် ... "


ပေါင်မုန့်လုံးလေး ငိုကြွေးလာသောအခါ ထုံရွှယ်လူက သရုပ်ဆောင်နေရာမှ ရပ်တန့်လိုက်ပြီး အမြန်မော့ကြည့်ကာ ကလေးငယ်အား ပွေ့ဖက်ထားလိုက်တော့သည်။


" အကုန်လုံး မမရဲ့အမှားတွေပါ ... မျန်မျန့်ကို တစ်ယောက်တည်း မထားခဲ့သင့်ဘူး ... မငိုနဲ့တော့နော် ကလေးလေး ... "


ထုံမျန်မျန်မှာ တော်တော်နှင့်အငိုမရပ်နိုင်ဘဲ ရှိုက်သံပင်ထွက်နေပြီဖြစ်သည်။သူမ၏မျက်လုံးများနှင့် နှာခေါင်းထိပ်များက နီရဲနေပြီး ၎င်းပုံစံက အလွန်သနားစရာ ကောင်းလှသည်။


ထိုအချိန်တွင်ထုံမျန်မျန်၏ဘယ်ဘက်နားတစ်ဖက်လုံး နီရဲရောင်ရမ်းနေသည်ကို ထုံရွှယ်လူသတိပြုမိသွားလေ၏။

ထုံရွှယ်လူတစ်ယောက် ထုံကျန်းကျန်းအား ယခုချက်ချင်းပင် လက်စတုံးပစ်ချင်စိတ်ပေါက်သွားသည်။


" ရွှယ်လူ ... ကျန်းကျန်းအစား အမေက တောင်းပန်ပါတယ် ... ရဲတွေရောက်လာတော့မယ် ... ကျန်းကျန်းကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးနိုင်မလား ... "


ငိုကြွေးသံများကြားတွင် အမေထုံခမျာ ဦးခေါင်းများပေါက်ထွက်လုမတတ်ဖြစ်နေလေ၏။


ထုံမျန်မျန်၏နီရဲရောင်ယမ်းနေသောနားရွက်အား မြင်လိုက်သောအခါတွင် သူမလည်း ထုံကျန်းကျန်းအား သတ်ပစ်ချင်စိတ်ဝင်လာမိသည်။သို့သော်လည်း သမီးဖြစ်သူမှာ သူမနှင့်အတူ ကြီးပြင်းလာခဲ့ခြင်းမဟုတ်သည့်အတွက် ထိုသို့သောအကျင့်စရိုက်ရှိနေသည်အား ဗွေယူ၍ မရပြန်ပေ။


ထုံရွှယ်လူ့အတွက် မတရားကြောင်း နားလည်သော်လည်း အဘယ်မှာရွေးချယ်စရာရှိပါမည်နည်း။သမီးနှစ်ယောက်စလုံးအား သူမ မေတ္တာရှိသည်။


ထုံရွှယ်လူက အမေထုံအား မျက်လုံးအပြူးသားဖြင့်ကြည့်ရှုလိုက်လေ၏။ရဲများလာရောက်နေသည်အား မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ရသောအခါ သူမက ချက်ချင်းပင်  မူးမေ့ချင်ယောင်ဆောင်ကာ မျက်ဖြူဆိုက်ပြီး လှဲချပစ်လိုက်တော့သည်။


ဒေါသအရှိန်ဖြင့်မေ့လဲသွားခြင်းမှာ သရုပ်ဆောင်မှုသပ်သပ်ပင်။


အမေထုံမှာ ကျဉ်းထဲကြပ်ထဲအခြေအနေသို့ရောက်နေကြောင်း ထုံရွှယ်လူ နားလည်ပြီး သမီးအရင်းဖြစ်သူအား မျက်နှာသာပေးသည့်အချက်ကိုလည်း လက်ခံပေးနိုင်သည်။


သို့ရာတွင် ထုံကျန်းကျန်းအား ငါးမြားချိတ်မှ လွှတ်ပေးရန်တောင်းဆိုသည်ကတော့ ဒီတစ်သက်မဖြစ်နိုင်ချေ။


လောလောလတ်လတ်ဖြစ်ရပ်ကြောင့် အမေထုံခမျာ အံ့အားသင့်နေမိတော့သည်။သူမ ပြောခဲ့သည်မှာ စကားလေးတစ်ခွန်းမျှသာဖြစ်သော်လည်း ထုံရွှယ်လူက ဒေါသအရှိန်ဖြင့် မူးလဲသွားသည်မဟုတ်ပါလော။


များမကြာမီမှာပင် ရှောင်ဟွေ့က ရဲများဖြင့် ပြန်ရောက်လာခဲ့သည်။


အစ်မကြီးဖြစ်သူ မူးမေ့သွားသောအခါ ထုံမျန်မျန်က အော်ဟစ်ငို‌ကြွေးလာမည်ဟု ထုံရွှယ်လူ ထင်ထားမိခဲ့သည်။သို့သော်လည်း ထုံမျန်မျန်၏အခြေအနေမှာ ထိုမျှလောက်အထိ မပြင်းထန်ပေ။သူမက ‌ထုံကျန်းကျန်းဆီသို့ ယက်ကန်ယက်ကန်ဖြင့် တိုးကပ်သွားကာ တဖတ်ဖတ်ထုရိုက်နေခဲ့ပြီး ရဲများအား ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့သည်။


ဝမ်ရူကွေ့နှင့် အခင်းနေရာတွင်ရှိခဲ့သောအခြားသူများက သက်သေထွက်ဆိုခဲ့ကြပြီး ဖြစ်စဉ်‌အကြောင်းအရာများအား ငြင်းဆိုခြင်းမပြုခဲ့ကြပေ။


ထို့ကြောင့်ပင် ရဲများက ထုံကျန်းကျန်းအား စခန်းခေါ်သွားကာ ခေတ္တချုပ်နှောင်ထားရန် ဆုံးဖြတ်ခဲ့ကြသည်။


တစ်ဖက်တွင်လည်း အခြားသူများက ထုံရွှယ်လူအား အနီးနားရှိ ဆေးရုံတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ကြပေ၏။


 ***


ဆေးရုံတွင်ဖြစ်လေသည်။


ထုံရွှယ်လူတစ်ယောက် ဆရာဝန်၏ကုသမှုအောက်တွင် သတိပြန်လည်လာသည်။မျက်လုံးဖွင့်လိုက်သောအခါ ဝမ်ရူကွေ့က ထုံမျန်မျန်အား စိတ်ရှည်လက်ရှည်ရေတိုက်နေသည့်မြင်ကွင်းအား ဦးစွာတွေ့လိုက်ရသည်။

သူ၏လှုပ်ရှားမှုများက မရင်းနှီးစွာ မာတောင့်တောင့်ဖြစ်နေသည်ကတော့ ခြွင်းချက်တစ်ခုပင်။


ယခုအချိန်ထိ ငိုရှိုက်နေသေးရှာသောထုံမျန်မျန်က ကွဲအက်နေသည့်လေသံဖြင့် မေးမြန်းနေလေသည်။


" ဦးလေး ... မမက ဘယ်တော့မှ နိုးမှာလဲ"


ဦးလေး ....

ထုံရွှယ်လူတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိတော့သည်။


" မျန်မျန် ... ဦးလေးမဟုတ်ဘူးလေ ... အစ်ကိုကြီးလို့ခေါ်ရမှာပေါ့ ... "


အကယ်၍သာ ထုံမျန်မျန်က ဝမ်ရူကွေ့အား ဦးလေးဟု ခေါ်ဆိုနေပါက သူမလည်း ထိုအတိုင်း သုံးနှုန်းနေရလိမ့်မည်။