အပိုင်း ၁၁
Viewers 14k

Chapter 11

ဖန်ဝမ်ယွမ်က သူမအား သိမ်းသွင်းနိုင်သည် ... သူမသည် သူ့စကားကို နားထောင်လိမ့်မည် [၂]



အစ်မကြီး၏အသံကိုကြားလိုက်ရသောအခါ ထုံမျန်မျန်က ချက်ချင်းပင် ခုံပေါ်မှ ဝမ်းသာအားရဆင်းလာခဲ့ပြီး ခြေသလုံးတိုတိုတုတ်တုတ်လေးများဖြင့် ထုံရွှယ်လူ၏ကုတင်ရှိရာဆီသို့ ချဉ်းကပ်သွားတော့သည်။


" မမ နိုးလာပြီ ... "


မျက်ရည်များဝေ့ဝဲနေရှာသည့်ပေါင်မုန့်လုံးလေးကို မြင်လိုက်ရသောအခါ ထုံရွှယ်လူ၏နှလုံးသားထဲတွင် အနည်းငယ်နာကျင်သွားသည်။သူမက ထုံမျန်မျန်၏ခေါင်းကို ပွတ်သပ်ပေးရင်း " အင်း မမ နိုးလာပြီ .... နားရွက်က နာနေသေးလား " ဟု မေးမြန်းလိုက်၏။


ထုံရွှယ်လူ သတိမေ့မျောနေချိန်၌ ဝမ်ရူကွေ့ က ဆရာဝန်များအား ထုံမျန်မျန်၏ဒဏ်ရာကို ကြည့်ရှုပြီး ဆေးထည့်ရန် တောင်းဆိုခဲ့သည်။ထို့အပြင် ထုံရွှယ်လူ့ကိုလည်း မကြာမကြာစစ်ဆေးစေခဲ့သေးလေ၏။


ထိုအခါ ကုတင်ဘေးတွင်ရှိသောထုံမျန်မျန်က ခြေဖျားထောက်ကာ ရောက်ယမ်းခြင်းမရှိတော့သောနားရွက်အား ပွတ်သပ်လျက် ခေါင်းယမ်းပြလာခဲ့သည်။

" ဟင့်အင်း ... မနာတော့ဘူး ... ဦးလေး ...ဟို ... အစ်ကိုကြီးက မျန်မျန့်ကို ဆရာဝန်နဲ့ပြပေးတယ်... "


ထုံရွှယ်လူက ဝမ်ရူကွေ့အား မော့ကြည့်လိုက်ပြီး "ကျေးဇူးတင်ပါတယ် ရဲဘော် ဝမ်" ဟု စိတ်ရင်းမှန်ဖြင့် ပြောကြားလိုက်လေ၏။

ပြတင်းပေါက်မှဝင်ရောက်လာသော‌တောက်ပသည့်နေရောင်ခြည်က သူမ၏ဖြူစင်သော အသားအရေ နှင့် မျက်ဝန်းလဲ့လဲ့များအား ထင်ရှားနေစေသည်။


ဝမ်ရူကွေ့က ထုံရွှယ်လူကို ကြည့်ရှု‌နေခဲ့ရာမှ မျက်လွှာချလိုက်ပြီး ပြောကြားလာခဲ့သည်။

 " ကျွန်တော့်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး ...သေးသေးဖွဲဖွဲပါ ... ဘာမှမဟုတ်ပါဘူး  ... "


ထိုအခါ ထုံရွှယ်လူက သူမ၏အိတ်ကပ်ထဲမှ အနီရောင် စာအုပ်ငယ်ကို ဆွဲထုတ်ပြီး ဝမ်ရူကွေ့ထံသို့ ကမ်းပေးလိုက်သည်။


" ရဲဘော် ဝမ် ...  ဒါက ရဲဘော် ဝမ်ရဲ့ ဖြတ်သန်းခွင့်လက်မှတ်ပါ ... အလုပ်ကိစ္စတွေပြီးသွားရင် ပြန်လာပေးဖို့လုပ်ထားခဲ့တာ ... အခုတော့ ပြန်ပေးနိုင်ပြီပဲ ... "


" ကျေးဇူးအများကြီးတင်ပါတယ် ... ဟုတ်သားပဲ ... ခေါင်းကိုက်နေသေးလား ... ဆရာဝန် ခေါ်ပေးရမလား ... "


ထုံရွှယ်လူက လျင်မြန်စွာ ခေါင်းယမ်းပြလိုက်ပြီး "မဟုတ်တာ ... အဆင်ပြေပါတယ် ... မနာတော့ဘူး " ဟု ပြန်လည်ဖြေဆိုခဲ့သည်။


ထိုစကားကိုကြားသောအခါ ဝမ်ရူကွေ့တစ်ယောက် စိတ်အေးသက်သာဖြစ်သွားခဲ့၏။


များမကြာမီမှာပင် ပြည်သူ့ရဲများရောက်ရှိလာတော့သည်။

ထုံရွှယ်လူမှာ စိုးရိမ်စိတ်လုံးဝမရှိဘဲ ဖြစ်ရပ်အား  ချဲ့ကား၍ စတင်ထွက်ဆိုပြောကြားတော့လေ၏။


" ဖြစ်ပျက်ခဲ့တာတွေက  လုံးဝ ကျွန်မအမှားမဟုတ်ပါ ဘူး ... ပြန်ပေးဆွဲတဲ့လူကိုပဲ အပြစ်တင်သင့်တယ် ... ပြီးတော့ ထုံမိသားစုက သူ့ကို ၁၅ နှစ်ကြီးများထောင် ပြုစုပျိုးထောင်ခဲ့တာ ... ဒေါသထွက်တယ်ဆိုရင်တောင်မှ မွေးစားမိဘရဲ့ ကလေးကိုတော့ မနှိပ်စက်သင့်ဘူးလေ ... "


" ကျွန်မရဲ့ သနားစရာကောင်းတဲ့ ညီမလေးက အခုမှ အသက် ၃ နှစ်ပဲ ရှိပါသေးတယ် ...  မကြာသေးခင်ကပဲ မိဘတွေကို ဆုံးရှုံးခဲ့ရတယ် ... အခုတော့ ဒီလိုမျိုး နှိပ်စက်ခံရပြန်ပြီ ... အရင်ခေတ်က ကျွန်တွေတောင်မှ ဒီ့ထက်ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံခံရတယ် ... အခုဆို ကျွန်မတို့က လူ့အဖွဲ့အစည်းသစ်မှာ ရှိနေတာလေ ... ရဲမှူးကြီးရယ် ...  ကျွန်မရဲ့ညီမလေးအတွက် အမှန်တရားကို ထုတ်ဖော်ပေးပါနော် ...အီးဟီးဟီးး ...  "


အမေထုံ၏ မေတ္တာရပ်ခံမှုနှင့် ထုံမိသားစု၏အချိတ်အဆက်များကြောင့် ရဲများမှာ ဤအမှုကိစ္စအား သီးသီးသန့်သန့်ဖြေရှင်းနိုင်ရန် မျှော်လင့်ခဲ့ကြသည်။သို့သော်လည်း ထုံရွှယ်လူ၏ထွက်ဆိုချက်က သူတို့အား စိတ်ပျက်သွားစေလေ၏။

အကြင်နာမဲ့သူများအား တွေ့မြင်ခဲ့ဖူးသော်လည်း ဤမျှလောက်အထိ အကြင်နာတရားကင်းမဲ့သူမျိုးနှင့်တော့ မကြုံဆုံခဲ့ဖူးပေ။


ဤလိုခေတ်ကာလကြီးတွင်ပင်လျှင် လမ်းပေါ်၌ သတ်မည်ဖြတ်မည်ဟု အော်ဟစ်ကြုံးဝါးပြီး ပြေးလိုက်တတ်သူက ရှိနေသေးသည်။

ဤသို့သောသူများအား ပြုပြင်ပြောင်းလဲပေးရန် အမှန်တကယ်ပင်လိုအပ်သည်။


ရဲများ ထွက်ခွာသွားပြီးနောက် ဝမ်ရူကွေ့သည်လည်း နှုတ်ဆက်စကား ပြောကြားလာခဲ့၏။


ထိုအခါထုံရွှယ်လူက ဝမ်ရူကွေ့အား ရိုးရိုးသားသားကျေးဇူးတင်ပါကြောင်း ထပ်မံဖော်ပြခဲ့သည်။ 

" ဒီနေ့ ကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော် ဝမ် ... "


" ကိစ္စမရှိပါဘူး " ဝမ်ရူကွေ့က အမှုမဲ့အမှတ်မဲ့ ဖြေလိုက်သည်။


တံခါးနားရောက်သောအခါ သူက‌ ခေတ္တရပ်တန့်ပြီး ထုံရွှယ်လူအား လှည့်ကြည့်လာခဲ့သည်။


" ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခုကြုံလာရရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ ... ကျွန်တော့် ဖုန်းနံပါတ် ရှိတယ်မလား ... "


ထုံရွှယ်လူတစ်ယောက် အနည်းငယ် အံ့အားသင့်သွားလေသည်။အထူးသဖြင့် ထုံမိသားစု၏နောက်ခံအကြောင်း သိရှိပြီးနောက်တွင် ဝမ်ရူကွေ့က သူမအား ကူညီလာမည်ဟု ထင်မထားခဲ့ပေ။ဤသည်မှာ သူ၏မိသားစုနောက်ခံက ထုံမိသားစုထက်ပင် သာလွန်ပါသည်ဟု အသိပေးလိုက်သလိုပင်။


တစ်ဖက်သားက စေတနာထား၍ကူညီရန် လိုလားနေသည့်အတွက် ထုံရွှယ်လူသည်လည်း ငြင်းဆန်မည်မဟုတ်ပါချေ။

သူမက ဝမ်ရူကွေ့အားပါးချိုင့်လေးများ ပေါ်သည်အထိ ပြုံးပြလိုက်သည်။


" ရဲဘော်ဝမ်က တခြားသူတွေကို ကူညီတတ်တဲ့  ချောချောမောမောလူကြီးလူကောင်း တစ်ယောက်ပဲနော် ... အကူအညီလိုရင် သေချာပေါက်ပြောပြပါ့မယ် "


" အဟမ်း ... "


ထိုအခါ ဝမ်ရူကွေ့က ချောင်းတစ်ချက်ဟန့်ပြီး အမြန်လှည့်ကာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။သူ၏အကြည့်များက တည်ငြိမ်နေခဲ့သော်လည်း နားရွက်အောက်ခြေများကတော့ တဖြည်းဖြည်းပူလောင်နီရဲလာခဲ့သည်။


ထုံကျန်းကျန်းအချုပ်ကျနေကြောင်း သိရှိလိုက်ရချိန်တွင် ထုံမိသားစုဝင်များအားလုံး ပြောမပြတတ်လောက်အောင် ထိတ်လန့်သွားကြသည်။


လမ်းလည်ခေါင်၌ လူတစ်ယောက်အား သတ်မည်ဖြတ်မည်ဟု အော်ဟစ်နေခဲ့ခြင်းလော။


ဤလိုလုပ်ရပ်မျိုးအား အဘယ်သို့ကျူးလွန်နိုင်ရသနည်း။


အမေထုံမှာ ထုံကျန်းကျန်းကို လက်မလွှတ်ချင်သော်လည်း  လက်ရှိမှာ ကာကွယ်ပေးနိုင်ရန်ခဲယဉ်းသောအခြေအနေပင်။


ထုံရွှယ်လူ့ထံသို့ သားနှင့်ချွေးမအား လွှတ်ရုံမှအပ အခြား ရွေးချယ်စရာ မရှိတော့ချေ။

ထုံကျန်းကျန်းအား ဤအတိုင်းလွှတ်ထားလိုက်ပါက ထုံမိသားစု၏ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်သည်။မည်သို့ပင်ဆိုပါစေ ဆေးရုံသို့ သွားပြီး ထုံရွှယ်လူ့ကို စည်းရုံးရန် လိုအပ်သည်။


ညိုးငယ်ရှက်ရွံ့သောအကြည့်များဖြင့် ဆေးရုံသို့ရောက်ရှိလာသောအစ်ကိုဖြစ်သူအား တစ်ချက်ကြည့်လိုက်ရုံဖြင့် လာရင်းကိစ္စရပ်အား ထုံရွှယ်လူအလိုလိုသိရှိသွားသည်။

လာဝံ့သောသူက လာဝံ့သည့်အတွက် လက်ဖက်စိမ်းမတစ်ဦး၏အမှန်အကန်အရည်အချင်းများအား ထုတ်သုံးရတော့ပေမည်။


အစ်ကိုဖြစ်သူ စကားတစ်ခွန်းမှ မပြောနိုင်သေးခင်မှာပင် ထုံရွှယ်လူက ဦးစွာ ငိုယိုပြလိုက်ပြီး ထုံကျန်းကျန်းက ထုံမျန်မျန်အား မည်သို့နှိပ်စက်ခဲ့ကြောင်း စတင်ဖောက်သည်ချလာတော့လေ၏။ထုံကျန်းကျန်းက သူမအား သတ်ပစ်မည်ဟု ခြိမ်းခြောက်အော်ဟစ်ပြီး မည်သို့လိုက်ဖမ်းခဲ့ကြောင်း ၊ မည်မျှပင်ကြောက်လန့်ခဲ့ပြီး အစ်ကိုကြီးအား ထပ်မံတွေ့နိုင်တော့မည်မဟုတ်ဟုပင် တွေးထင်နေမိခဲ့ကြောင်း စီကာပတ်ကုံးပြောကြားခဲ့သည်။


အစ်ကိုကြီးထုံ၏ဦးခေါင်းမှာ မူလအရွယ်အစားထက် နှစ်ဆခန့် ပိုမိုဖောင်းကားလာခဲ့ပြီး နောက်ဆုံးတွင် မည်သည့်စကားမှမပြောနိုင်ဘဲ ဆေးရုံမှ ပြန်လာခဲ့ရသည်။


ထုံရွှယ်လူမှာ အခြားလာရောက်သိမ်းသွင်းသူများကိုလည်း ထပ်တူညီသောဗျူဟာဖြင့် ပထုတ်ခဲ့ပြီး ၎င်းတို့အားလုံးသည်လည်း လာရင်းရည်ရွယ်ချက်အား အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ကြပေ။


ရွေးချယ်စရာမရှိသောထုံမိသားစုမှာ ဖန်ဝမ်ယွမ်အား  အကူအညီတောင်းရန် မြားဦးလှည့်လိုက်ကြသည်။

ထုံရွှယ်လူသည် ငယ်စဉ်ကတည်းက ဖန်ဝမ်ယွမ်၏စကားကို အမြဲနားထောင်ခဲ့သည်။

ဖန်ဝမ်ယွမ်သာ ထုံရွှယ်လူနှင့်စကားပြောလိုက်လျှင် သူမက ထုံကျန်းကျန်း၏အမှုအား သေချာပေါက် ပိတ်သိမ်းပေးလာလိမ့်မည်။


ထုံရွှယ်လူသည် ထုံမျန်မျန်နှင့်အတူ ဆေးရုံတွင် တစ်ညတာ နေထိုင်ခဲ့သည်။


ထုံကျားမင်အား ဖုန်းဆက်၍အသိပေးထားပြီးဖြစ်သော်လည်း နောက်ထပ်တစ်ညတာသာ ဆက်နေလိုက်ပါက ထုံကျားမင်မှာ ရဲစခန်းသို့တန်းတန်းမတ်မတ်သွားပြီး တိုင်ချက်ဖွင့်လာနိုင်သည်။


ထို့အပြင် သူမသည် နေရာ ရာထူးနှင့် သေခြင်းဆိုင်ရာ ကိစ္စရပ်များဖြင့်သာအချိန်ကုန်နေခဲ့သည်။ထို့ကြောင့်ပင် ယနေ့၌ ထုံကျန်းကျန်း၏ကိစ္စရပ်အား တစ်ခါတည်း လက်စသတ်ရန် စီစဉ်ထားသည်။


ဦးစွာ ထုံမျန်မျန်နှင့် သူမတို့၏ ဝမ်းဗိုက်အရေးကို ဂရုစိုက်ရန်လိုအပ်ပေသည်။


ထုံရွှယ်လူမှာ ထုံမျန်မျန်၏လက်ကိုကိုင်ဆွဲကာ ဆေးရုံရှိ စားသောက်ဆိုင်သို့ သွားရောက်ခဲ့သည်။အသားယာဂု ပန်းကန်လုံးကြီး တစ်လုံး ၊ ဟင်းရွက်ပေါင်မုန့် နှစ်ခုနှင့် ကြက်ဥပြုတ်နှစ်လုံး တို့ကို မှာယူခဲ့ရာ အစားအသောက်လက်မှတ် ၇စောင်နှင့်   ၀.၇၈ ယွမ် ကုန်ကျခဲ့သည်။


" မမ ... ဒီမှာ မစားဘဲနေရအောင် ... ညီမလေးတို့ မွဲကုန်တော့မယ် ... "


ထုံမျန်မျန်က စားပွဲပေါ်ရှိ အစားအစာများကို ငေးကြည့်ရင်း ပတ်ချွဲနှပ်ချွဲပြောကြားလိုက်သောအခါ ထုံရွှယ်လူတစ်ယောက် ရယ်မိတော့မတတ်ဖြစ်သွားလေသည်။


" စိတ်မပူပါနဲ့ မျန်မျန် ... မမ ပိုက်ဆံရှာနိုင်ပါတယ် ... မမနဲ့နေရင် နေ့တိုင်း အသားတွေကျွေးမယ် ... ဘယ်လိုလဲ ... "


ပေါင်မုန့်လုံးလေး၏ရွှန်းစိုနေသောမျက်ဝန်းများက တောက်ပလာပြီး ကလေးငယ်က ကျေနပ်စွာ ခေါင်းညိတ်ပြလာလေသည်။


" ကောင်းပြီလေ ... မမ နောက်ကို လိုက်ပြီးတော့ အသားတွေစားမယ် ... "


" ဟားဟားဟားး ... "

ထုံရွှယ်လူမှာအဆုံးသတ်တွင် မထိန်းချုပ်နိုင်ဘဲ ရယ်မောလိုက်တော့သည်။


" ဟုတ်တယ် ... မမနောက်ကိုလိုက်ခဲ့ ... အသားတွေအများကြီးစားရမယ် ... "


ဆိုင်ထဲသို့ဝင်ရောက်လာသူဖန်ဝမ်ယွမ်မှာ ၎င်းမြင်ကွင်းအားမြင်လိုက်ရချိန်တွင် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်။

သူ မှတ်မိသ‌လောက်ပြောရလျှင် ထုံရွှယ်လူမှာ ကလေးများအပေါ်တွင် မည်သည့်အခါမှ စိတ်ရှည်လက်ရှည်မရှိခဲ့ပေ။ထုံမိသားစုမှ တူလေးနှစ်ယောက်ကိုလည်း အော်ငိုသည်အထိ အော်ဟစ်ကြိမ်းမောင်းမြဲသာဖြစ်သည်။

သို့သော်လည်း ယခုအချိန်၌ထုံရွှယ်လူက အနည်းငယ်ပြောင်းလဲသွားသလိုပင်။


မည်သို့ပင်ဆိုပါစေ ထိုကိစ္စက သူနှင့် မသက်ဆိုင်ပေ။ဤနေရာသို့ ဖန်ဝမ်ယွမ် ရောက်လာရသောရည်ရွယ်ချက်မှာ ထုံကျန်းကျန်း၏အမှုကိစ္စအား ဖြန်ဖြေပေးရန်သာဖြစ်သည်။ထုံရွှယ်လူနှင့် မည်သို့သောကိစ္စရပ်မျိုးကိုမှ ပြုလုပ်ရန် ရည်ရွယ်ချက်မရှိပါ။


ကံမကောင်းစွာဖြင့် ထုံမိသားစုနှင့် ဖန်မိသားစုတို့ကမိတ်ဆွေများ‌ဖြစ်နေကြပြီး မနေ့ညတွင် အမေထုံက သူ့အား ဖုန်းဆက်၍ အကူအညီတောင်းခဲ့သည်။အမေထုံအား မငြင်းဆန်နိုင်သည့်အတွက် ဖန်ဝမ်ယွမ်တစ်‌ယောက်ကြိုးစားပေးပါ့မည်ဟု ကတိပေးခဲ့ရလေ၏။ကြိုးစားမှုဟုသာဆိုသော်လည်း ထုံရွှယ်လူက သူ၏စကားကို နားထောင်မည်မှာ သေချာသလောက်ပင်ဖြစ်သည်။


ဖန်ဝမ်ယွမ်က သူ့အတွေးနှင့်သူ ထုံရွှယ်လူရှိရာထံသို့ လျှောက်လှမ်းသွားခဲ့သည်။


စားပွဲပေါ်သို့ အရိပ်တစ်ခုကျရောက်လာလေ၏။

ထုံရွှယ်လူ မော့ကြည့်လိုက်သောအခါ ဖန်ဝမ်ယွမ်၏

ဝက်ခြေထောက်မျက်နှာကြီးအား တွေ့မြင်လိုက်ရသည်။


ထုံရွှယ်လူက မျက်စောင်းတစ်ချက်ထိုးလိုက်ပြီးခေါင်းပြန်ငုံ့ကာ ကြက်ဥကိုသာ ဆက်လက်အခွံခွာနေလေ၏။ထို့နောက်သူမက ထုံမျန်မျန့်အတွက် ကြက်ဥကို တုတ်နှင့်ထိုးပြီး ကမ်းပေးလိုက်သည်။ထုံမျန်မျန်မှာ ကြက်ဥပြုတ်အား ဤလိုပုံစံမျိုးဖြင့် မစားဖူးသည့်အတွက် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။


ထုံရွှယ်လူမှာ ထုံမျန်မျန်အား အစာမနင်စေရန်အတွက် အသေအချာဂရုစိုက်ပေးခဲ့ပြီးနောက်တွင် ဟင်းရွက်ပေါင်မုန့်အား ခပ်‌သေးသေးဖဲ့ကာ ပါးစပ်ထဲသွင်းလိုက်လေ၏။


ဖန်ဝမ်ယွမ် :: .......

 

အဘယ်ကြောင့် တမင်တကာလစ်လျူခံရသည်ဟု ခံ‌စားနေရပါသနည်း။


ဖန်ဝမ်ယွမ်က လည်ချောင်းရှင်းပြီး ထုံရွှယ်လူနှင့် မျက်နှာချင်းဆိုင် ခုံတွင် ဝင်ထိုင်လိုက်သည်။ 


"ရွှယ်လူ ... နားလည်မှုမလွဲပါနဲ့ ... ငါ ဒီနေ့ မင်းကို ထုံကျန်းကျန်းရဲ့အကြောင်းပြောဖို့လာတာပါ ......"


ထုံရွှယ်လူ အထင်မှားသွားမည်ကို မလိုလားသည့်အတွက် ဖန်ဝမ်ယွမ်က ဦးစွာ စကားပုလ္လင်ခံခဲ့သည်။


မည်သို့ပင်ဆိုပါစေ သူ့စကားမဆုံးသေးမီမှာပင် ထုံရွှယ်လူက ကြားဖြတ်ပြောလာလေ၏။

" နေ့လည်စာစားနေတာ မမြင်ဘူးလား ... "


ထုံရွှယ်လူက ဖန်ဝမ်ယွမ်အား စိတ်မရှည်သောအကြည့်မျိုးဖြင့် မော့ကြည့်လျက်ရှိသည်။


ဖန်ဝမ်ယွမ်မှာ အခြေအနေအား နားလည်နိုင်ရန် မနည်းကြိုးစားလိုက်ရသည်။

အကယ်၍သာ အစောပိုင်းက လျစ်လျူရှုခံရခြင်းမှာ ထင်ယောင်ထင်မှားဖြစ်ခဲ့သောအရာဆိုလျှင် ယခုတွင်မူ ထုံရွှယ်လူ၏စိတ်မရှည်မှုက သူမ၏မျက်နှာပေါ်တွင် အထင်းသားပေါ်နေလေပြီ။


မနေ့က သူမအား မကူညီခဲ့သည့်အတွက် စိတ်ဆိုးနေခြင်းလော။


ထုံရွှယ်လူမှာ မနေ့ကဖြစ်ရပ်၌ အမှန်တကယ်ပင် ဉာဏ်နီဉာဏ်နက်များနေသည်ဟု ဖန်ဝမ်ယွမ် ထင်ထားခဲ့သည်။ထို့ကြောင့်ပင် သူ၏ခြေလှမ်းများအား ရပ်တန့်ပစ်ခဲ့ခြင်း‌ဖြစ်လေ၏။သို့သော်လည်း ထုံကျန်းကျန်းက အနောက်မှပြေးလိုက်လာသည်ကို မြင်လိုက်ရသောအခါ ဖန်ဝမ်ယွမ်မှာ အပြစ်ရှိသလိုခံစားခဲ့ရသည်။

မည်သို့ပင်ဆိုပါစေ  ကြီးကြီးမားမားထိခိုက်ခဲ့သည်မျိုးလည်း မရှိသည် မဟုတ်ပါလော။


ကိစ္စမရှိပါ။မိမိကသာပို၍ သဘောထားကြီးပေးလိုက်တော့မည်။


" ကောင်းပြီလေ ...  မင်း ပြီးတဲ့အထိ ငါစောင့်မယ် ... ပြီးမှ စကားပြောကြတာပေါ ... "


သို့ရာတွင် ထုံရွှယ်လူက သူ့အား တစ်ချက်ပင်လှည့်မကြည့်ဘဲ သူမ၏ ဟင်းရွက်ပေါင်မုန့်ကိုသာဖြည်းညင်းစွာ ဝါးနေခဲ့သည်။


ထိုအချိန်၌ထုံရွှယ်လူမှာ ယခင်ဘဝက နှစ်သက်ဖွယ်ကောင်းသော အစားအစာများအားလုံးကို တွေးတောနေခဲ့လေ၏။


ဂဏန်းသားဖက်ထုပ်များ ၊ ကြည်လင်နေသော ပုဇွန်ဖက်ထုပ်များ ၊ ကြက်ဥဌာပနာပေါင်မုန့်များနှင့် ကြွပ်ကြွပ်ရွရွကြက်ဥမုန့်များမှာ အလွန်စားချင်စဖွယ်ဖြစ်ပြီး အတွေးနှင့်ပင် မျက်ရည်တောက်တောက်ကျသွားစေနိုင်သည်။