Chapter 12
သူမက ချီးပုံတစ်ခုတွေ့လိုက်ရသလိုမျိုး အစ်ကိုကြီးကိုရှောင်ဖယ်ပြီး ကျော်သွားတာ
ထုံရွှယ်လူက ဒီနေရာတွင် ဖန်ဝမ်ယွမ်ကိုတွေ့လိုက်ရသည့် အတွက် မအံ့ဩပေ။
သူက ဘာအကြောင်းကြောင့်ဒီနေရာတွင်ရှိနေပါစေ သူ၏ဒီနေရာသို့လာသောခရီးသည် အချည်းနှီးသာဖြစ်ပေလိမ့်မည်။
ဖန်ဝမ်ယွမ်က သူမ တကိုက်စီဖြင့် နည်းနည်းချင်းစားနေသည်ကို ကြည့်ကာ သူ၏လက်ပတ်နာရီကိုလည်း ကြည့်လိုက်ပြီးနောက် ပိုပိုပြီးစိတ်မရှည်ဖြစ်လာသည်။
သူက ဒီတစ်ခုလုံးကိုစားရာတွင် နှစ်မိနစ်လောက်သာကြာမည်ဟုတွေးထားသော်လည်း အခုတွင် အနည်းဆုံးမိနစ်နှစ်ဆယ်ကျော်နေပြီဖြစ်ကာ သူမက မနက်စာစားမပြီးသေးပေ။
ဒီလိုပုံစံနှင့်ဆိုပါက သူအလုပ်နောက်ကျသွားလိမ့်မည်။
“မင်း မြန်မြန်စားပေးနိုင်မလား”
ထုံရွှယ်လူက မျက်ခုံးပင့်ကာ ပထမဆုံးအကြိမ်အဖြစ် သူ့ကိုကြည့်လိုက်သည်။
“ရှင် ဝေးဝေးသွားပေးလို့ရမလား”
“! ! !”
ဖန်ဝမ်ယွမ်က အလွန်ကြောင်အသွားရကာ သူမစကားကို တုံ့ပြန်ရန် အချိန်အနည်းငယ်ယူလိုက်ရသည်။
နောက်ဆုံးတွင် သူကစိတ်ပြန်စုသွားကာ မျက်နှာကနီရဲလာပြီး ပြောလိုက်သည်။
“ထုံရွှယ်လူ မင်းကိုမင်းဘာပြောနေတယ်ဆိုတာ သိသေးရဲ့လား၊ ဘယ်အချိန်ကစပြီး ဒီလိုကျိုးကြောင်းမဆီလျော်တဲ့သူဖြစ်လာတာလဲ”
ထုံရွှယ်လူက နှာခေါင်းရှုံ့လိုက်သည်။
“ရှင်က ကျွန်မကိုဆိုရင် အမြဲတမ်းကျိုးကြောင်းမသင့်ဘူးလို့ဘဲ မြင်နေတာမဟုတ်ဘူးလား၊ ဘာလို့အခုမှလာမေးနေတာလဲ”
သူမ၏တုံ့ပြန်စကားက သူ၏မျက်နှာကို သခွားသီးအိုကြီးလို တွန့်ရှုံ့သွားစေသည်။
“မင်းနဲ့ စကားနိုင်လုဖို့ ငါ့မှာ အချိန်မရှိဘူး ငါဒီကိုလာရတဲ့အကြောင်းရင်းက ထုံကျန်းကျန်းကို အမှုမဖွင့်ဖို့ပြောချင်လို့ဘဲ၊ လူတစ်ယောက်ရဲ့ အသိစိတ်ရှိစမ်းပါ၊ ထုံမိသားစုက မင်းကိုဆယ်နှစ်ကျော်ပြုစုပျိုးထောင်လာခဲ့တာ၊ ဒီလိုပုံစံနဲ့ သူတို့ကိုကျေးဇူးပြန်ဆပ်လိုက်တာလား”
ထုံမျန်မျန်က အလွန်ကြောက်သွားသဖြင့် သူမမျက်နှာကဖြူလျော်သွားပြီး ကြက်ဥကလက်ထဲမှလွတ်ကာ မြေကြီးပေါ်သို့ကျသွားသည်။
ထုံရွှယ်လူက ထုံမျန်မျန်ကိုချီလိုက်ပြီး သူမပေါင်ပေါ်တင်လိုက်သည်။ ထို့နောက် နားရွက်များကိုဖုံးအုပ်ကာ အေးစက်သောအသံဖြင့် ပြောလိုက်သည်။
“အတိအကျပြောရင် ရှင်က ဘယ်သူမလို့လဲ ရဲဘော်၊ ကျွန်မကို ဘာလုပ်ရမယ် ဘာမလုပ်ရဘူးပြောနေရအောင် ရှင်နဲ့ကျွန်မက ဘယ်လိုပတ်သက်မှုမျိုးရှိနေလို့လဲ”
အခြားစားသုံးသူများက ဖန်ဝမ်ယွမ်အားကြည့်လာကာ သူ့ကိုလက်ညိုးထိုးပြီး အချင်းချင်းတွတ်ထိုးပြောဆိုလာကြသည်။
“ငါက မင်းရဲ့.....အဲ့ဒါကကိစ္စမရှိဘူး၊ ဒီတစ်ခုကိုတော့ ငါပြောတာနားထောင်ရမယ်၊ အခုချက်ချင်းက ရဲစခန်းဆီသွားပြီး မင်းအမှုဖွင့်ထားတာကို ပိတ်သိမ်းလိုက်ပါ”
သူက သူမ၏သတို့သားလောင်းဟု ပြောလိုက်ချင်သော်လည်း ထိုစေ့စပ်မှုကို သူက ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့သည်ကို ပြန်သတိရသွားသည်။
ထုံရွှယ်လူက သူ့ကို အရူးတစ်ယောက်ကိုကြည့်နေရသလို ကြည့်လိုက်သည်။
“အခုတလော မှန်ထဲကိုရောကြည့်ဖြစ်ရဲ့လား”
“ဟားဟား ဒီမိန်းကလေးက အရမ်းရယ်ရတာဘဲ”
သူတို့နားမှလူများက ရယ်မောလာကြရာ ဖန်ဝမ်ယွမ်က ထိုသူများကြည့်ပြီး မပျော်မရွှင်ဖြစ်လာသည်။
ထုံရွှယ်လူက သူ့ကိုအာရုံမစိုက်ချင်တော့ပေ။ သူတို့စားလို့ပြီးတော့မည်ကို မြင်သောအခါ ထုံမျန်မျန်ကိုချီပြီး ထွက်သွားရန်လုပ်လိုက်သည်။
သူမ၏ဂရုမစိုက်သောပုံစံက ဖန်ဝမ်ယွမ်ကို ရန်စလိုက်ကာ သူ့ကိုစက္ကန့်အနည်းငယ်စာလောက် စိတ်လွတ်သွားစေသည်။ သူက သူမကိုဆွဲရန်လုပ်လိုက်သော်လည်း စားပွဲကို မတော်တဆဝင်တိုက်မိသွားသည်။
စားပွဲပေါ်မှ ပန်းကန်နှင့် ဇလုံအားလုံးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
မြင်ကွင်းက ရုတ်တရက်ဆိုသလိုပင် ကသောင်းကနင်းဆန်သွားသည်။
ဖန်မိသားစုသည် ရဲစခန်းမှအကြောင်းကြားလာသည်ကို လျင်မြန်စွာ လက်ခံရရှိသွားသည်။ အကြောင်းကြားလာသည်မှာ ဖန်ဝမ်ယွမ်ကို ဖမ်းဆီးထားသည်ဟူ၍ဖြစ်သည်။
ဖန်မိသားစု: “? ? ?”
ထုံရွှယ်လူ:“? ? ?”
***
ဖန်မိသားစုသာမက ထုံရွှယ်လူသည်လည်း ဦးနှောက်ခြောက်သွားပေသည်။
သူမလုပ်လိုက်သမျှမှာ ‘ရှင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ’ဟုအော်လိုက်ခြင်းသာဖြစ်သည်။ သူမ စကားမဆုံးခင်မှာဘဲ ကန်တင်းမှ စားဖိုမှူးကပြေးထွက်လာကာ ဖန်ဝမ်ယွမ်အား ကြမ်းပြင်ပေါ်တွင် ဝင်လုံးလိုက်သည်။ ထို့နောက် ခနအကြာတွင် ရဲများရောက်လာကြသည်။
သူမက မလိုအပ်ပါဟု ရှင်းပြသော်လည်း စားဖိုမှူးကမူ သူမက လက်စားချေခံရမှာ ကြောက်နေ၍ဖြစ်လောက်မည်ဟု ထင်သွားပြီး အိမ်ပြန်ရန်နှစ်သိမ့်လာ၏။
…… ၎င်းက ဟာသအကြီးကြီးတစ်ခုသာဖြစ်သည်။
ဤအချိန်တွင် ဖန်မိသားစုက ဖန်ဝမ်ယွမ်နှင့်အတူ ရဲစခန်းမှထွက်လာကာ သူတို့အားလုံး၏မျက်နှာက မျောက်ဖင်လိုဖြစ်နေကြသည်။
အမေဖန်က ထုံရွှယ်လူလက်ကိုဆွဲပြီး ကျေးဇူးတင်စွာကြည့်လာသည်။
“ရွှယ်လူက အဲ့ဒါကဒေါ်လေးတို့ဝမ်ယွမ်မှားတာပါ၊ သူ့အတွက်ကောင်းတာလေးတွေ ပြောပေးလို့ ဒေါ်လေးကျေးဇူးတင်တယ်၊ ဒီမှာဒါတွေက ဒေါ်လေးတို့ကျေးဇူးတင်တာကို ဖော်ပြဖို့ပါကွယ်”
ထိုသို့ပြောပြီးနောက် သူမက အမျိုးမျိုးအထွေထွေရောနှောနေသော လက်မှတ်များနှင့် ပိုက်ဆံများကို ထုံရွှယ်လူလက်ထဲထည့်ပေးလာသည်။
ထုံရွှယ်လူက အလျင်အမြန်ပင် သူမလက်ထဲပြန်ထည့်ပေးလိုက်သည်။
“ပြန်ယူထားလိုက်ပါ ဒေါ်လေး၊ ကျွန်မဒါတွေကို လက်မခံနိုင်ပါဘူး”
၎င်းက နားလည်မှုလွှဲခြင်းတစ်ခုဖြစ်သော်လည်း သူတို့ သူမအပေါ်အကြွေးတင်သွားသည့် အကူအညီတစ်ခုလည်းဖြစ်သည်။
သဘာဝကျစွာပင် သူမက အလွယ်တကူကြေအေးပေးလိုက်မည်မဟုတ်ပေ။
ထုံရွှယ်လူက သူမပေးသည်များအား လက်မခံလိုသည်ကို မြင်သောအခါ အမေဖန်က ထုံရွှယ်လူသည် ကြင်နာကာ ရင့်ကျက်သည်ဟု ပိုပြီးခံစားလာရသည်။ သူမက ထုံရွှယ်လူလက်ကိုကိုင်ကာ မကြာခနလာလည်ရန်ပြောလိုက်သည်။
ထုံရွှယ်လူက ပြုံးကာ သဘောတူလိုက်ပြီး ထုံမျန်မျန်ကိုချီကာ ထုံမိသားစုဆီဦးတည်လိုက်သည်။
အမေဖန်က ထုံရွှယ်လူကို အနောက်မှကြည့်ကာ သက်ပြင်းချလိုက်သည်။
“ရွှယ်လူက အရင်တုန်းက အလိုလိုက်ခံရလို့ ဆိုးခဲ့ပေမယ့် လိမ္မာတဲ့ကလေးပါ၊ ဝမ်ယွမ် သားဘယ်လိုဖြစ်သွားတာလဲ၊ အမေက သားသူ့ကိုကောင်းကောင်းမွန်မွန်ပြောမယ်ထင်ထားတာ၊ ဘယ်လိုလုပ်ပြီး အငြင်းအခုန်လုပ်တာနဲ့ အဆုံးသတ်သွားရတာလဲ”
ဖန်ဝမ်ယွမ်၏ မျက်နှာက ဒယ်အိုးဖင်လိုပင် မဲမှောင်လာလေသည်။
“……”
သူက ရှင်းပြချင်သော်လည်း ဆိုးသည်မှာ ဘယ်သူကများ သူ့ကိုယုံမှာလဲ။
မဖြစ်နိုင်ပေ။
ဖန်ကျင်းယွမ်က နောက်လှည့်ကြည့်ကာ။အလန့်တကြားဖြင့်ပြောလာသည်။
“အစ်ကိုကြီး ညီမလေး သတိထားမိလိုက်တာ ထုံရွှယ်လူက တချိန်လုံးမှာ အကိုကြီးကို လုံးဝမကြည့်ခဲ့ဘူးနော်”
“……”
ဖန်ဝမ်ယွမ်၏မျက်နှာက လုံးဝပင် မီးသွေးရောင်အဖြစ်ပြောင်းလဲသွားလေသည်။
ထုံရွှယ်လူက ထုံအိမ်သို့ရောက်သောအခါ ထုံမိသားစုက နေ့လယ်တွင် အလုပ်မှ ပြန်ရောက်လာကာစဖြစ်သည်။
ထုံရွှယ်လူကို မြင်သောအခါ သူတို့က အနည်းငယ် အံ့ဩသွားကြသည်။
အကြီးဆုံးအစ်ကို၏ ဇနီးဖြစ်သော ချန်ယွဲ့လင်က ပထမဆုံးသတိပြန်ဝင်လာသူဖြစ်သည်။
“ညီမလေးရောက်လာတာဘဲ၊ လာ လာ အထဲဝင်လေ”
အခြားသူများကလည်း နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။ အမေထုံက နေရခက်နေကာ ရှက်ရွံ့နေပုံပေါ်သည်။
“သမီးလာမယ်ဆိုတာ မသိလိုက်ဘူး၊ နေ့လယ်စာစားပြီးပြီလား”
ထုံရွှယ်လူကခေါင်းခါကာ မစားရသေးကြောင်းပြောလိုက်သည်။
အဖေထုံက ချက်ချင်းပင် အစ်ကိုကြီးထုံအား ကန်တင်းမှ ဝက်သားနှပ်သွားဝယ်ခိုင်းလိုက်သည်။
ထုံရွှယ်လူက မလိုဘူးဟု ပြောသော်ငြား အစ်ကိုကြီးထုံက ထွက်သွားပြီဖြစ်သည်။
ဆိုဖာပေါ်တွင်ထိုင်ကာ ထုံမိသားစုဝင်အကုန်လုံးက ထုံရွှယ်လူအားကြည့်လာကြပြီး သူမရုတ်တရက်ရောက်လာရသည့် အကြောင်းရင်းကို သိချင်လာကြသည်။
အဖေထုံက သက်ပြင်းချကာ ပြောလာသည်။
“ရွှယ်လူ ဒီတကြိမ်မှာ ကျန်းကျန်းက အပြစ်ရှိတဲ့သူပါ၊ အဖေက သူ့အစားတောင်းပန်ပါတယ်....”
သူပြောလို့မပြီးသေးခင်မှာဘဲ ထုံရွှယ်လူက မျက်နှာကိုအုပ်ကာ ငိုကြွေးလာသည်။
“ အဖေက အဲ့လိုပြောပြီး သမီးကိုဝမ်းနည်းအောင်လုပ်နေတာဘဲ၊ သမီးက ထုံမိသားစုရဲ့ သမီးအရင်းမဟုတ်ပေမယ့် အဖေတို့ရဲ့ 15နှစ်ကျော် ပြုစုပျိုးထောင်ပေးတာကိုခံလာရတာပါ ဘယ်လိုလုပ်ပြီး ထုံမိသားစုကို ထိခိုက်စေတာမျိုးကို လုပ်ရက်မှာလဲ”
အဖေထုံက အလွန်စိတ်လှုပ်ရှားသွားသည်။
“အိုက်ယားးးအဖေက အဲ့လိုပြောချင်တာမဟုတ်ပါဘူး၊ အဖေက သမီးကို အပြစ်မတင်ဘူး.....”
ချန်ယွဲ့လင်ကလည်း အလျင်အမြန်ဝင်ပြောလာသည်။
“ဟုတ်ပါတယ် ညီမလေးရယ် မငိုနဲ့တော့ အဲ့ဒီလိုနဲ့ နင့်ရဲ့ညီမလေးကို ခြောက်မိသလိုဖြစ်နေပြီ”
ထုံမျန်မျန်က ထုံရွှယ်လူကိုဖက်ထားကာ သူမမျက်လုံးများက မျက်ရည်ဝဲနေပြီး ငိုတော့မည့်ပုံစံပေါ်နေသော်လည်း မငိုမိအောင်ထိန်းထားသည်မှာ အလွန်သနားစရာကောင်းနေ၏။
ချိုင်ချွန်းလန်က မျက်ဆံလှန်လိုက်ပြီး နှုတ်ခမ်းစေ့ကာ ပြောလာသည်။
“နင်လုပ်ဖို့ကြိုးစားနေတဲ့ လှည့်ကွက်သေးသေးလေးကိုရပ်လိုက်၊ အဖေ့ကိုအရူးမလုပ်နေနဲ့၊ ညီမလေးရေ နင်ကမနေ့ကတည်းက ငိုလိုက်ယိုလိုက်နဲ့ ထုံမိသားစုတစ်ခုလုံးကို နင်နဲ့အတူ ကျွမ်းထိုးပလက်လန်အောင်လုပ်နေတာ၊ တကယ်ဘဲဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
ထုံရွှယ်လူက မျက်နှာကိုအုပ်ထားဆဲဖြစ်ကာ ပို၍ငိုကြွေးလာသည်။
“ဒုတိယယောက်မက ညီမကိုအဲ့လိုဘဲမြင်နေတာလား၊ အဟင့်..အဲ့ဒါက အရမ်းနာကျင်ရတယ်”
ထိုအရာကိုမြင်သောအခါ ဒုတိယအစ်ကိုထုံက ချိုင်ချွန်းလန်ကို တချက်စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းက အရာအားလုံးကိုမွှေနှောက်ရတာ သဘောကျနေတာဘဲ၊ ပါးစပ်ပိတ်ထားလိုက်”
ချိုင်ချွန်းလန်က အလွန်ဒေါသထွက်ရသဖြင့် သွေးပါအန်ချင်သွားသည်။
ထုံရွှယ်လူက အလွန်လက်ဖက်စိမ်းဆန်သော ပုံစံဖြင့်ပြောလာသည်။
“ဒုတိယအစ်ကို ညီမကြောင့်နဲ့ ရန်မဖြစ်ပါနဲ့၊ ညီမလေးကြောင့် ရန်ဖြစ်နေတာကို မမြင်ချင်ဘူး”
အဆင့်မြင့်လက်ဖက်စိမ်းဆန်ဆန်စကားကြောင့် ထုံရွှယ်လူက သူမကိုယ်သူမတောင် ရွံမိသွားသည်။
ဒုတိယအစ်ကိုထုံက ပြောလိုက်သည်။
“ကြည့်စမ်း ညီမလေးကတောင် သူမရဲ့အသက်အရွယ်နဲ့ မင်းထက်ပိုပြီး ရင့်ကျက်သေးတယ်”
“……”
ချိုင်ချွန်းလန်သည် သူမကိုထုံရွှယ်လူ၏လက်ဖက်စိမ်းမြှားများဖြင့် ပစ်ခံလိုက်ရသလို ခံစားမိသွားသည်။
ထုံရွှယ်လူက အရိုးသားဆုံးသော လေသံဖြင့်ပြောလာသည်။
“အမေ၊ အဖေ ထုံကျန်းကျန်းက ကလေးတစ်ယောက်ကို အနိုင်ကျင့်ပြီး လူတစ်ယောက်ကိုသတ်ချင်တယ်လို့ အော်ဟစ်ခဲ့တာပါ၊ ပြီးတော့ အဲ့ဒါတွေအားလုံးက လူအများရှေ့မှာ ဖြစ်သွားတာ၊ သမီးက ခွင့်လွှတ်ပေးလိုက်လို့ ရပေမယ့် အခြားသူတွေကရော ဘယ်လိုနေမလဲ၊ အခြားသူတွေက ထုံကျန်းကျန်းတစ်ယောက် လမ်းမအလည်မှာ လူကိုရိုက်နှက်ပေမယ့် အလွယ်တကူလွတ်သွားတယ်ဆိုတာ သိသွားရင် ဘာဖြစ်သွားမလဲ၊ အခြားသူတွေက ဘယ်လိုတွေးမယ်လို့ အမေတို့ထင်သလဲ”
ထုံမိသားစုဝင်အားလုံးက ခေါင်းခြောက်သွားကြသည်။
အခြားသူတွေက ဘယ်လိုတွေးကြမှာလဲ။