အပိုင်း ၁၃
Viewers 21k

Chapter 13

သူမက ချီးပုံတစ်ခုတွေ့လိုက်ရသလိုမျိုး အစ်ကိုကြီးကို ရှောင်ဖယ်ပြီး ကျော်သွားတာ



ထုံရွှယ်လူက အလွန်လေးနက်နေကာ ဒီထက်ပိုပြီးတည်တည်ကြည်ကြည်မဖြစ်နိုင်တော့ပေ။


“သူတို့က ထုံမိသားစုကို အာဏာသုံးပြီး အနိုင်ကျင့်နေတယ်လို့ ခံစားသွားကြလိမ့်မယ်၊ အဖေနဲ့ အမေတို့က မကြာခင်ပင်စင်ယူတော့ကြမှာဆိုတော့ ဒါက အဖေတို့အပေါ် အကျိုးသက်ရောက်မှု သိပ်ရှိမှာမဟုတ်ဘူး ဒါပေမယ့် အစ်ကိုကြီးနှစ်ယောက်နဲ့ သူတို့မိန်းမတွေကျဘယ်လိုလုပ်မလဲ၊ သူတို့ကငယ်ရွယ်နေတုန်းဘဲ၊ အဲ့ဒီလိုမျိုးအာဏာအင်အားနဲ့ နိုင်ထက်စီးနင်းလုပ်တယ်လို့ အမည်တပ်ခံလိုက်ရရင် အလုပ်မှာရာထူးတိုးနိုင်ဦးမှာလား”


ထုံမိသားစုက သူမဆိုလိုရင်းကို ဖြေးဖြေးချင်းသဘောပေါက်လာ၏။


ထုံမိသားစုဝင်အားလုံးသည် အစိုးရဝန်ထမ်းများဖြစ်ကာ သူတို့ရာထူးများက အလွန်မြင့်မား၏။ သို့သော် အဖေထုံက ပင်စင်ယူတော့မည်ဖြစ်ကာ ထုံညီအစ်ကိုနှစ်ယောက်ကလည်း အလုပ်တွင် အရမ်းကြီးမထူးချွန်ကြပေ။


ထိုသို့အမည်တပ်ခံလိုက်ပါက သူတို့၏ဘဝသက်တမ်းတစ်လျှောက်လုံး ရာထူးတိုးခံရမည်မဟုတ်ပေ။


ရာထူး‌မှလျှော့ချခြင်းကိုတောင် ခံရနိုင်သည်။


ချိုင်ချွန်းလန်က ချက်ချင်းပင်လေသံပြောင်းကာ ခံစားချက်အပြည့်ဖြင့် ပြောလာသည်။


“ဘုရားရေ၊ ဒါဆိုရင် နင်အမှုဖွင့်ထားတာကို သွားပြန်မပိတ်ပါနဲ့ ညီမလေး”


သူမက ထုံရွှယ်လူကို ထုံကျန်းကျန်းထက် ပိုမုန်းတီးသော်လည်း သူမခင်ပွန်းနှင့်သူမ၏ အကျိုးအမြတ်များနှင့် ပတ်သက်လာသောအခါ သဘာဝကျစွာဖြင့် ထုံကျန်းကျန်းကိုစတေးရန် ရွေးချယ်လိုက်သည်။


ဒုတိယအစ်ကိုနှင့် ချန်ယွဲ့လင်သည်လည်း တစ်ပုံစံတည်းခံစားမိကြသည်။ သူတို့က ထုတ်မပြောရုံသာရှိသည်။


အဖေထုံနှင့် အမေထုံတို့ကလည်း အချင်းချင်းအကြည့်ဖလှယ်လိုက်ကာ ရင်ထဲတွင်ပိုလေးလာပြီး ခံစားချက်များရှုပ်ထွေးလာကြသည်။


ဧည့်ခန်းက အလွန်တိတ်ဆိတ်သွားသည်မှာ တစ်မျိုးတစ်ဖုံကိုးရိုးကားယားနိုင်နေ၏။


ထုံရွှယ်လူက ချိုင်ချွန်းလန်ကို လျစ်လျူရှုလိုက်သော်လည်း စကားကိုဆက်မပြောတော့ချေ။


သူမပြောဖို့လိုအပ်သည်များကို ပြောလိုက်ပြီဖြစ်သည်။ ထပ်ပြောနေစရာ မလိုတော့ချေ။


မူလကိုယ်‌အပေါ် ထုံကျန်းကျန်း၏မုန်းတီးမှုကို သူမနားလည်နိုင်သည်။ သူမကိုဒုက္ခလာပေးလာပါက အများဆုံးအနေဖြင့် သူမက ထုံကျန်းကျန်းကို သင်ခန်းစာတစ်ခုလောက်သာ ပေးလိုက်မှာဖြစ်သည်။


ထုံကျန်းကျန်း၏အမှားမှာ ထုံမျန်မျန်ကိုဦးတည်လိုက်ခြင်းပင်။


ကလေးသူငယ်အနိုင်ကျင့်မှုများသည် တစ်ခါမှမဖြစ်လျှင်မဖြစ်သလို ဖြစ်ပါကလည်း အကြိမ်အများကြီးဖြစ်တတ်သည်။


သူမက အနားတဝိုက်တွင် အလွန်အန္တရာယ်ရှိသော သူတစ်ယောက်ကို မထားနိုင်ပေ။ ထုံကျန်းကျန်းက တစ်နေ့နေ့တွင် ထုံညီအစ်ကိုမောင်နှမများ၏နောက်သို့ တစ်ဖန်လိုက်သွားရပေမည်။


သူမက ထုံကျန်းကျန်းအား လယ်များဆီသို့ ပို့ရလိမ့်မည်။


ထုံမိသားစုအိမ်တွင် ညစာစားပြီးနောက် ထုံရွှယ်လူက ထုံမျန်မျန်နှင့်အတူ ရန်ချင်းနယ်သို့ ပြန်ရန်လုပ်လိုက်သည်။ သူတို့နှင့်အတူ ထုံမိသားစုမှ ထုံမျန်မျန်အတွက် ပေးလိုက်သည့် နစ်နာကြေးများလည်း ပါလာကြသည်။


ခြံဝင်းအပြင်သို့ ထွက်လာသောအခါ လူနှစ်ယောက်က သူတို့ဆီလျှောက်လာ၏။


မိုးရွာသောအခါ မိုးရွာသည်ကို မြင်ရ၏။


သူတို့က ဖန်ဝမ်ယွမ်နှင့် ဖန်ကျင်းယွမ်တို့ဖြစ်သည်။


ထုံရွှယ်လူကိုမြင်သောအခါ ဖန်ဝမ်ယွမ်က အလိုအလျောက်အားဖြင့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။


ဒီနေ့မနက်တွင်ဖြစ်ခဲ့သည့် ကြောက်ရွံ့ဖွယ်အတွေ့အကြုံများကို ပြန်တွေးမိလိုက်သောအခါ သူ့ဘဝတစ်လျှောက်လုံး ဒီမိန်းမနှင့် ထပ်မတွေ့ရစေရန် ဆုတောင်းလိုက်မိသည်။


သူ့အမေက ထုံရွှယ်လူအား လူကိုယ်တိုင်ကျေးဇူးတင်သင့်သည်ဟု အကြိမ်ပေါင်းစွာပြောနေသောကြောင့်သာ ရောက်လာခြင်းဖြစ်သည်။


ထိုသို့‌တွေးပြီးနောက် သူကအသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

“ထုံ....”


သူပြော၍မပြီး‌သေးခင်မှာဘဲ ထုံရွှယ်လူက သူ့ဘေးမှဖြတ်လျှောက်သွားသည်။

၎င်းမှာ သူမက သူ့ကိုလုံးဝမမြင်သလိုပင်ဖြစ်သည်။


ဖန်ဝမ်ယွမ်:“……”


“အစ်ကိုကြီး ကြည့်လေ  ညီမလေးကနောက်နေတာမဟုတ်ဘူး၊ ထုံရွှယ်လူက အစ်ကိုကြီးကို ကြည့်တောင်မကြည့်ချင်ဘူး သူမက အစ်ကိုကြီးကိုဖြတ်လျှောက်သွားတာ....အစ်ကိုကြီးက ခွေးချီးပုံတစ်ပုံထက် ဘာမှမပိုသလိုဘဲ”


“…………”


****


သူတို့၏လူနေရပ်ကွက်များမှ ကားဂိတ်သို့ရောက်ရန် အနည်းငယ်ဝေး၏။ ထုံရွှယ်လူက လက်ထဲတွင် ပစ္စည်းအားလုံးကိုသယ်ထားရသဖြင့် အမောဆို့နေသော ခွေးတစ်ကောင်လိုပင်။


သူမက ခေတ်မှီသယ်ယူပို့ဆောင်ရေးနှင့် တစ်နေရာမှတစ်နေရာသို့သွားရာ၌ လမ်းပန်းဆက်သွယ်ရေးချောမွေ့မှုများကို အလွန်သတိရမိပေသည်။


ကြည့်ရသည်မှာ သူမအနေဖြင့် ပိုက်ဆံရှာရာ၌ အလုပ်ကြိုးစားရတော့မည့်ပုံပင်။ သိပ်မကြာခင်အချိန်တွင် ကားမဝယ်နိုင်လျှင်တောင် အနည်းဆုံး သူမအတွက်စက်ဘီးတော့ဝယ်ရလိမ့်မည်။


“အိုးး ရွှယ်လူပြန်ရောက်လာပြီလား”

ရပ်ကွက်ထဲသို့ ထုံရွှယ်လူဝင်လာသည်ကို သတိပြုမိသွားသောအခါ ဒေါ်လေးချိုင်က ကျယ်လောင်စွာအော်ဟစ်လာသည်။


ထုံရွှယ်လူက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ် ဒေါ်လေးချိုင် ကျွန်မက မွေးစားမိဘအိမ်မှာ တစ်ညနေခဲ့ပြီးပြီလေ၊ သူတို့က ပေးမပြန်စေချင်ပေမယ့် ကျွန်မက ကျားမင်နဲ့ ကျားရှင်းကို စိတ်ပူလို့”


ဒေါ်လေးချိုင်က စိတ်အေးသွားသလို ကြည့်လာသည်။

“နင့်လို အမမျိုးရှိတာ သူတို့‌တွေအရမ်းကံကောင်းတာဘဲ၊ နင်ပြန်လာလို့ ငါဝမ်းသာတယ်၊ တကယ်လို့ နင်သာပြန်မလာသေးရင် အခြားလူတွေက နင့်အကြောင်းကို ဘယ်လိုကောလဟလတွေ လိုက်ဖြန့်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ”


ထုံရွှယ်လူက တစ်နေ့လောက်သာ ထွက်သွားရသေးသော်လည်း သူမထွက်သွားသည်ကို သိသွားသောအခါ ထင်ကြေးမျိုးစုံဖြင့် ပြောဆိုလာကြသည်။


တချို့က ထုံရွှယ်လူကို အခက်ခဲကိုမရင်ဆိုင်နိုင်၍ လက်လျှော့သွားပြီဟုပြောကာ တချို့ကလည်း သူမက ထုံမျန်မျန်ကိုခေါ်သွားချင်၍သာ ပြန်လာတာဟုဆိုကြ၏။ ထုံမျန်မျန်က လှပ‌၍ချစ်စဖွယ်ကောင်းသူဖြစ်ကာ သူမလိုမိန်းကလေးများကို ရောင်းစားနိုင်သည့် ‌ဈေးအများအပြားရှိပေသည်။


ထိုသို့ပြောသည်ကိုကြားသောအခါ ဒေါ်လေးချိုင် ကြားဝင်ကာ ရန်ဖြစ်လိုက်၏။


ဤသို့ဖြစ်နေသဖြင့် ထုံရွှယ်လူပြန်လာသောအခါ သူမက ဘယ်လိုလုပ်ပြီး အသံကျယ်ကျယ်နှင့် အော်မပြောဘဲ နေနိုင်မှာလဲ။


ထုံရွှယ်လူက အနားတဝိုက်ကို တချက်ကြည့်လိုက်သည်။


“ဒါက ကျွန်မရဲ့အိမ်လေ အခြားဘယ်ကိုသွားရမှာလဲ၊ ကျွန်မရဲ့မွေးစားမိဘတွေက ကျွန်မကိုအရမ်းသတိ‌ရနေကြတာ ပြီးတော့ ပစ္စည်းတွေအများကြီးကိုလည်း ပေးလိုက်သေးတယ်၊ ဒေါ်လေးဘဲ ကြည့်လိုက်၊ လက်နှစ်ဖက်လုံးနဲ့တောင် မနည်းသယ်လာရတာ”


မနေ့က မြို့ပေါ်တွင်နေခဲ့ရသည်မှာ ‌အကြောင်းအရင်းနှစ်ခုရှိသည်။ ပထမတစ်ခုမှာ နေမကောင်းဟန်ဆောင်ပြီး ထိုသို့မှသာ ထုံကျန်းကျန်းအား လယ်များဆီပို့နိုင်မှာမလို့ဖြစ်သည်။ ဒုတိယတစ်ခုမှာ သူတို့မောင်နှမလေးယောက်က ဆင်းရဲ‌မွဲတေနေသည့် မိဘမဲ့များမဟုတ်သည်ကို ဒီနေရာမှသူများသိစေချင်၍ဖြစ်သည်။ သူတို့ကိုအနိုင်ကျင့်ချင်ပါက အရင်ဆုံးသေသေချာချာစဉ်းစားဖို့ လိုလိမ့်မည်။


ဒေါ်လေးချိုင်က သူမလုပ်ချင်သည်ကို သဘောပေါက်ကာ ဆက်ပြောလာသည်။


“အိုးးးနင့်မွေးစားမိဘတွေက နင့်အပေါ်အရမ်းကောင်းတာဘဲ၊ အဲ့ဒါကအဓိပ္ပါယ်ရှိတယ် သူတို့နင့်ကို ဆယ်နှစ်ကျော်ကြီးများတောင် ပြုစုပျိုးထောင်ခဲ့တာလေ၊ နင်ကသူတို့ရဲ့ သမီးအရင်းလိုတောင်ဖြစ်နေပြီ”


ထုံရွှယ်လူက ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမပစ္စည်းများကို အိမ်ထဲသို့သွင်းလိုက်သည်။


ထုံရွှယ်လူက ထုံမျန်မျန်အား ပန်းသီးခြောက်နှင့် ဟောသွန်းသီးခြောက်များကိုပေးကာ ဘေးအိမ်မှ ကျူးတန်နှင့်သွားကစားရန် ပြောလိုက်သည်။ သူမက ခနလောက်အနားယူလိုက်ပြီးနောက် လက်ဆေးကာ ညစာပြင်ရန် စတင်လိုက်သည်။


ထုံမိသားစုက သူမကို ဝက်ဗိုက်သား1ကျင်နှင့် အာလူးတစ်ချို့ကို ထည့်ပေးလိုက်သည်။ သူမက အာလူးဝက်သားနှပ်နှင့် အာလူးချဉ်စပ်ကြော်လုပ်ရန် စီစဉ်ထား၏။


သူမက ဝက်ဗိုက်သားကို အလျင်အမြန်ဆေးကြောလိုက်ကာ ‌ရေထည့်ထားသောအိုးထဲသို့ ထည့်ပြီး မိနစ်အနည်းငယ်ကြာအောင်ပြုတ်လိုက်သည်။ ထို့နောက်တွင် ၎င်းအား ရေအေးထဲတွင် အသားတပြင်လုံးအေးသွားသည်အထိ ထည့်ထားလိုက်သည်။


ထို့နောက် သူမက ဝက်သားအား လေးထောင့်ပုံစံအတုံးလေးအားတုံးလိုက်သည်။ ထုံမျန်မျန်ပါစားမည်ဖြစ်သောကြောင့် အသားတုံးများကို ပုံမှန်ထက် ပိုသေးအောင်လှီးလိုက်၏။


သူတို့ပြန်လာသည့်လမ်းတွင် သူမက ထောက်ပံ့ရေးနဲ့တင်ပို့ရောင်းချရေးကော်မတီမှ ငရုတ်ကောင်းနှင့် စမုန်စပါးများကို ဝယ်ခဲ့ပေသည်။


ဒယ်အိုးကိုအပူပေးပြီးသောအခါ သူမက ဆီ၊ ဟင်းခတ်အမွှေးအကြိုင်၊ ကြက်သွန်မြိတ်၊ ချင်းနှင့် ကြက်သွန်ဖြူတို့ကိုထည့်ကာ မီးအေးအေးတွင် ဆီသတ်လိုက်သည်။


အနံ့သင်းလာသောအခါ သူမက ဝက်ဗိုက်သားအတုံးများကိုထည့်လိုက်ပြီး အရောင်ပြောင်းသည်အထိ မွှေထားလိုက်သည်။ ထို့နောက် အသားများကို ခနထုတ်လိုက်ကာ သကြားခဲကိုထည့်လိုက်၏။


သကြားခဲက တူးရန်လွယ်ကူသဖြင့် အဆက်မပြတ်မွှေနေမှဖြစ်မည်။ သကြားကအရောင်ပြောင်းလာသောအခါ ပဲငံပြာရည်ထည့်လိုက်ပြီး ခုနတုန်းက ဖယ်ထားသည့် ဝက်သားများကို ပြန်ထည့်ကာ သကြားနှင့်ရောမွှေလိုက်၏။


ဝက်သားအားလုံးကို သကြားအနှစ်နှင့် နှံ့အောင်မွှေပြီးသောအခါ မြေအိုးထဲသို့ထည့်လိုက်သည်။ ထို့နောက် မြေအိုးထဲသို့ ရေသုံးခွက်လောင်းထည့်ကာ အဖုံးပိတ်လိုက်ပြီး မီးအပူချိန်အနေတော်တွင် နှပ်ထားလိုက်သည်။


ဝက်ဗိုက်သားသည် မီးအေးအေးဖြင့် နှပ်ပါက အကောင်းဆုံးဖြစ်သည်။ သို့သော် ၎င်းက တစ်နာရီကြာ၏။ သူမက ထိုအတွက်အချိန်မရှိပေ။


ခနအကြာတွင် အသား၏ရနံ့က အိုးထဲမှ ‌ထွက်လာသည်။


မွှေးကြိုင်သောရနံ့က အနားတဝိုက်သို့ပြန့်နှံ့သွားကာ လူတိုင်းက တံတွေးမြိုချလိုက်မိကြသည်။


လူကြီးများက ကိုယ့်ကိုကိုယ်ထိန်းနိုင်သော်လည်း ကလေးများကမူ ထုံမိသားစု၏အိမ်ရှေ့သို့ ‌အပြေးလာကာ ခြံရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး အနံ့လာခံကြ၏။


တချို့ကလေးများဆိုလျှင် မြေကြီးပေါ်တွင် လူးလိမ့်ကာ ငိုယိုနေကြ၏။

“အသားစားချင်တယ်၊ အသားစားချင်တယ်လို့”


ကလေးများက ကောင်းကောင်းမသိ၍ဖြစ်နိုင်သော်လည်း ပြသနာမှာ တချို့ကလေးများက ထကြွသောင်းကျန်းနေခြင်းဖြစ်သည်။


လောင်လင်း၏မိန်းမက လျှောက်လာပြီး သူမ၏ပါးစပ်အပြည့်သွားဝါဝါများကို ထုတ်ပြကာပြောလာ၏။

“ကောင်မလေး နင်ကနေ့တိုင်းကို အရသာရှိတာတွေလုပ်နေတော့တာဘဲ၊ နင့်မွေးစားမိဘတွေက အရမ်းချမ်းသာလိမ့်မယ် ဟုတ်တယ်မလား”


ထုံရွှယ်လူက ပြုံးကာ ဘာမှပြန်မပြောလိုက်ပေ။သူမ၏‌မွေးစားမိဘများက ချမ်းသာသည်ဆိုလျှင်တောင်မှ ထိုအဖွားကြီးနှင့် ဘာမှမဆိုင်ပေ။


ပြုံးနေသော ထုံရွှယ်လူကိုကြည့်ကာ လောင်လင်းဇနီးက ရှေ့တစ်လှမ်းတိုးလာပြီး သူမကိုပြောလာသည်။

“နင်ချက်ထားတာတွေက အရမ်းမွှေးတာဘဲ၊ ကြည့်ဦး ဒီကလေးက အနံ့ကြောင့် ငိုတောင်ငိုနေပြီ နင်ချက်ပြီးသွားရင် ဒီကလေးအတွက် ပန်းကန်လုံးတစ်လုံးစာလောက် ပေးလိုက်ပါလား”


ဘေးအိမ်မှ ဒေါ်လေးချိုင်က ထိုစကားကိုကြားသောအခါ စိုးရိမ်သွားသည်။ သို့သော်ငြား သူမဘာမှမပြောနိုင်ခင်မှာပင် ထုံရွယ်လူက ခေါင်းငြိမ့်ပြကာ ပြောလာ၏။


“ရတာပေါ့”


လောင်လင်းမိန်းမက သူမပေါင်ကိုရိုက်ကာ ချောင်းဟန့်လိုက်သည်။

“အဲ့လိုမှမှန်တာ၊ ငါတို့လိုအိမ်နီးချင်းတွေက အချင်းချင်းကူညီပေးသင့်တယ်”


ထုံရွှယ်လူက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

“အဒေါ်ပြောတာ မှန်တယ်”


သူမပြောသည်ကိုကြားသောအခါ လောင်လင်း၏မိန်းမက ပြုံးလိုက်သည်။

“အိုင်းယားး ဒီအသားက အနံ့ကောင်းလိုက်တာ၊ အဲ့ဒါက ကျက်နေလောက်ပြီ၊ ငါသွားပြီး ပန်းကန်သွားယူလိုက်ဦးမယ်”


“အဒေါ် ခနလေး”

ထုံရွှယ်လူက သူမကိုရပ်ခိုင်းလိုက်သည်။


“အဒေါ်သွားရင်းနဲ့ ဒီကိုပြန်လာရင် ဆန်10ကျင်လောက်ယူခဲ့ပေးပါဦး”