အပိုင်း ၁၄
Viewers 21k

Chapter 14

 -ဟင်းး..အဲ့ဒါက ကိုးရိုးကားယားနိုင်လိုက်တာ 



သူမပြောသည်ကိုကြားသောအခါ လောင်လင်း၏ဇနီးက ဆတ်ခနဲရပ်သွားသည်။


“ငါက ဘာလို့ နင့်ကို ဆန်10ကျင်ယူလာပေးရမှာလဲ”


ဆန်10ကျင်သည် 1.43ယွမ်ကျ၏။ သူမက ဘယ်လိုရဲတင်းမှုနဲ့များ ဆန်10ကျင်တောင်းရဲတာလဲ။


ထုံရွှယ်လူက စိတ်ထိခိုက်သွားပုံဖြင့် ပြောလာသည်။

“အဒေါ်က အခုလေးတင် အိမ်နီးချင်းတွေဆိုတာ အချင်းချင်းကူညီပေးသင့်တယ်လို့ ပြောလိုက်တာမဟုတ်ဘူးလား၊ ကျွန်မတို့အိမ်မှာက ဆန်မရှိတော့ဘူး အဲ့ဒါကြောင့် အဒေါ့်ဆီက တချို့တလေတောင်းမယ်လို့ တွေးလိုက်တာပါ”


ဒေါ်လေးချိုင်က နောက်ဆုံးတွင် ဝင်ပြောရန် အခွင့်ရေးရလာသည်။


“အမလေးး ရွှယ်လူဆီက အသားဟင်းတောင်းတုန်းကကျ ငါတို့တွေက အချင်းချင်းကူညီပေးသင့်တယ်လို့ ပြောခဲ့ပြီး နင့်အလှည့်ကျ ဘာကိုမှပြန်ပြီးမပေးချင်ဘူးလား၊ ဘယ်လိုတောင်သတ္တိရှိတာလဲ”


“……”


လောင်လင်း၏အမျိုးသမီးမျက်နှာက လည်လိမ်ခံထားရသော ကြက်လိုပင် နီရဲလာသည်။


အနားရှိသူများကလည်း လောင်လင်းဇနီးပြောသည်ကိုကြားသောအခါ စိတ်လှုပ်ရှားသွားပြီး ပန်းကန်ပြန်ယူရန်လုပ်နေကြခြင်းဖြစ်သည်။ ယခုတွင် သူတို့အားလုံးက ရှက်ရွှံ့သွားကြသည်။


လောင်လင်းဇနီးထွက်သွားသောအခါ ထုံရွှယ်လူက နှုတ်ခမ်းတွန့်လိုက်ပြီး ညစာဆက်ပြင်နေလိုက်သည်။


သူမကို အခွင့်ကောင်းယူ‌ချင်တာလား၊ ဖြစ်နိုင်မှာမဟုတ်ဘူး၊ ဒီဘဝမှာမဖြစ်နိုင်ဘူး။


ထုံရွှယ်လူက အာလူးများကို အခွံနွှာကာ ‌ဝက်သားကျက်အောင်စောင့်နေရင်း အာလူးကို မျှင်မျှင်လေးဖြစ်အောင် ပါးပါးလှီးလိုက်သည်။


သူမက ဓားကိုင်ကျွမ်းရာ အာလူး‌တစ်မျှင်စီတိုင်းက အရွယ်စားတူနေ၏။ ဒေါ်လေးချိုင်က နောက်တစ်ခါ အံ့ဩသွားရပြန်သည်။


လောင်လင်း၏ဇနီးက အိမ်သို့ပြန်ရောက်လာသောအခါ ဒေါသထွက်လွန်းသဖြင့် သူမခေါင်းမှ အငွေ့များထွက်လာတော့မလိုပင်။ သူမက မျက်စောင်းထိုးလိုက်ကာ အိမ်မှတစ်ခါထပ်ထွက်ပြီး ရှူမိသားစုအိမ်သို့ သွားလိုက်သည်။


ရှူပိုင်ကန်းနှင့် သူ့မိန်းမကျိုးဖန်က အလုပ်တွင်သာရှိသေးသော်လည်း သူတို့၏မိခင်ဖြစ်သော အမေရှူကမူ အိမ်တွင်ရှိ၏။


ခနကြာပြီးနောက်တွင် လောင်လင်းဇနီးက ရှူမိသားစုအိမ်မှထွက်လာကာ ထုံရွှယ်လူ၏အိမ်ဘက်သို့ ပြင်းထန်စွာ တံတွေးထွေးလိုက်သည်။


ဖွီ...!


အဲ့ဒီမိန်းမယုတ်ကတော့။ ရှူမိသားစုက သူတို့၏အလုပ်နေရာကို ပြန်ပေးရန်ငြင်းဆန်လိုက်သောအခါ ထုံရွှယ်လူတစ်ယောက် ငိုယိုမည်ကို သူမမြင်ချင်မိသည်။


ထုံရွှယ်လူက သူမ၏နောက်ကွယ်တွင် လောင်လင်း၏မိန်းမက ဘယ်လိုကြံစည်ထားသည်ကို မသိပေ။ သူမက အလျင်အမြန်ပင် အာလူးများကိုလှီးကာ ရေစိမ်ထားသည့် အာလူးအမျှင်များကို ထုတ်လိုက်သည်။


အိုးပူလာသောအခါ ထုံရွှယ်လူက ငရုတ်ကောင်း၊ ချင်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်များကိုထည့်ကာ အနံ့သင်းလာသည်အထိ မွှေလိုက်၏။ ထို့နောက်ဆီပူပူထဲသို့ အာလူးများကို ထည့်လိုက်သည်။ သူမက မိနစ်အနည်းငယ်ကြာပြီးသောအခါ ရှာလကာရည်အနည်းငယ်ကို ထည့်လိုက်၏။


နေဝင်လာသောအခါ အလုပ်သမားများက အိမ်ပြန်လာကြသည်။


ရပ်ကွက်ထဲသို့ ဝင်လာသည်နှင့် ချက်ချင်းပင် ဟင်းအနံ့များဖြင့် တိုက်ခိုက်ခံလိုက်ရသည်။ သူတို့က ချက်ချင်းပင် ပွက်ပွက်ညံလာကြသည်။


“ဒီအနံ့က ဘယ်ကလာတာလဲ”


“အရမ်းမွှေးလိုက်တာ ဘာအနံ့လဲ”


“အသားအနံ့လိုမျိုးဘဲ၊ ပြီးတော့ ချဉ်ချဉ်စပ်စပ်လို အနံ့တစ်ခုခုလည်းရတယ်”


လူတိုင်းက အလိုအလျောက်ပင် ထုံမိသားစု၏အိမ်ကို ကြည့်လိုက်ကြသည်။ ထုံရွှယ်လူကိုမြင်သောအခါ သူတို့အားလုံးက စိတ်ထဲတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်မိကြသည်။


လူတိုင်းက ပါးစပ်ထောင့်များမှ သရေများစီးကျလာကြသည်။––


သူတို့က ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုဆက်နေသွားရမှာလဲ။


ထုံကျားမင်နှင့် ထုံကျားရှင်းတို့သည် နောက်ဆုံးမှ ပြန်ရောက်လာကြသည်။ တစ်ယောက်ချင်းစီက သူတို့လက်ထဲတွင် ထင်းစည်းများကို သယ်လာကြသည်။


သူတို့အိမ်မှ မီးခိုးထွက်နေသည်ကို မြင်သောအခါ ထုံကျားရှင်းက မျက်စိပြူးသွားသည်။

“အိုး ရေးးးးးး နောက်ဆုံးတော့ ဒီညမှာ ညစာစားရတော့မယ်”


ထုံကျားမင်ကို အိမ်ကို လှမ်းကြည့်ပြီးနောက် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။

“နောက်ဆုံးတော့တဲ့လား၊ ဒါဆို ဒီတစ်ချိန်လုံး မင်းစားနေတာဘာတွေလဲ”


ထုံကျားရှင်းက တံတွေးသီးသွားကာ ချောင်းဟန့်လိုက်ပြီး ကိုးရိုးကားယားဆန်ဆန်ပြောလာ၏။

“ဒုတိယအစ်ကို ကျွန်တော်က အကိုချက်ပေးတာတွေကို ဝက်စာလိုဘဲလို့ လုံးဝမညည်းပါဘူး”


ထုံကျားမင်;“……”

တကယ်လား။ ဒါဆိုဘာလို့  သူချက်ထားတာကို ဝက်စာနဲ့ယှဉ်ပြောလာတာလဲ။


ဆူညံသံများကိုကြားသောအခါ ထုံမျန်မျန်က အပြင်ဘက်သို့ ချောင်းကြည့်လာသည်။


ထုံကျားရှင်းက အလျင်အမြန်ပင် လက်ထဲမှထင်းစည်းကိုချကာ လက်ဆန့်ပေးလိုက်သည်။

“ညီမလေးရေ တတိယအစ်ကိုက မျန်မျန်ကို သတိရနေတာ”


ထုံမျန်မျန်က သူ့ကိုမမြင်ရသလိုပင် ဖြတ်လျှောက်သွားသည်။

“ဒုတိယအစ်ကို”


ထုံကျားရှင်း : “……”


အခြေအနေက တစ်ဖက်တွင် အနည်းငယ်ရှက်စရာကောင်းသွားသည်။


ထိုသည်ကိုမြင်သောအခါ ထုံရွှယ်လူက ပြုံးလိုက်မိသည်။


ဝက်သားနှပ်က အဆင့်သင့်နီးပါးဖြစ်နေပြီဖြစ်ပြီး မြေအိုးအဖုံးကိုဖွင့်လိုက်သောအခါ အသားနံ့က ခြံဝန်းတစ်ခုလုံးကို ဖုံးသွားသည်။


ထုံကျားရှင်းက တရှူံ့ရှူံ့ဖြင့်အနံ့ခံကာ ခုနကအရှက်ရစရာကို ချက်ချင်းမေ့သွားသည်။ သူက ခနလေးအတွင်း မီးဖိုဘေးသို့ရောက်လာကာ ဝက်သားနှပ်ကို အကြည့်မလွှဲနိုင်တော့ချေ။


ဝက်‌ဗိုက်သားနှင့် အာလူးသည် ‌နှပ်ထားသောကြောင့် နူးညံ့နေ၏။ အသား၏အဆီအပိုင်းက ဖောက်ထွင်းမြင်ရလုနီးပါးဖြစ်နေကာ အသားက အဆီဖြင့်ရွှန်းစိုနေသည်။ အသားများကို သကြားညိုအနှစ်ဖြင့် ဖုံးအုပ်ထားရာ အရောင်အဆင်းက နှစ်လိုဖွယ်ကောင်း‌ပြီး အလွန်အရည်ရွှမ်းနေ၏။


အနံ့ကလည်း အံ့ဩစရာပင်။


ထုံကျားရှင်းက ထုံရွှယ်လူကိုကြည့်ကာ ကို့ရိုးကားယားဖြင့်ပြောလိုက်သည်။


“အမ်းးဒါသယ်ဖို့ ကူညီပေးရမလား”


ထုံရွှယ်လူက အမှုမထားသလိုပင် ပြန်ပြောလိုက်သည်။

“အင်း သယ်ပေးလေ”


ထုံကျားရှင်းက နားရွက်ထိတပ်ချိတ်မတတ်ပင် ပြုံးလိုက်သည်။ သူက ဝက်သားနှပ်အိုးကိုမပြီးနောက် ရူးသလိုလိုဖြင့် အော်လိုက်သည်။

“ညစာ ရပြီ”


ထုံရွှယ်လူက သူ့နောက်မှနေ၍ အာလူးချဉ်စပ်ကြော်ကို သယ်ကာ လိုက်သွားသည်။


အထဲသို့ရောက်သောအခါ အာလူးအနည်းငယ်နှင့် ဝက်သားတုံးများကို  ပန်းကန်တစ်ခုစီ သီးသန့်ခပ်ထည့်ပြီး ဘေးအိမ်မှဒေါ်လေးချိုင်စီသို့ သွားပေးရန် လုပ်လိုက်သည်။ သူမသွားတော့မည့်အချိန်တွင် ထုံညီအစ်ကိုနှစ်ယောက်၏စကားဝိုင်းကို ကြားလိုက်ရသည်။


“ဒုတိယအစ်ကို စိတ်မပူနဲ့၊ ကျွန်တော်ဘက်ပြောင်းမှာမဟုတ်ဘူးလို့ ကတိပေးတယ်၊ ခုနကဒီအတိုင်း သူမကို ဟင်းအိုးဝိုင်သယ်ပေးတာပါ”


“ကျွန်တော်က သူ့ကိုကောင်းဟန်ဆောင်ပေးနေတာလေ၊ အဲ့လိုမှ သူမက ဒီမှာဆက်နေပြီး ကျွန်တော်တို့အတွက်ချက်ပေးမှာပေါ့၊ ကျွန်တော်က အရမ်းဉာဏ်ကောင်းတယ်လို့ အစ်ကိုကြီးမထင်ဘူးလား”


“မထင်ဘူး”


“ဘာလို့ မဟုတ်ရမှာလဲ၊ အကိုကြီးချက်တာက အရမ်းဆိုးရွားတယ်လေ၊ ကျွန်တော်က သူ့အပေါ်မကောင်းပေးလို့ဆိုပြီး သူမက ထုံကျန်းကျန်းလို ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ”


“ပါးစပ်ပိတ်ထား”


ထုံရွှယ်လူ; “……”


ထုံကျားမင်ကို အပြင်ပန်းတွင်ကောင်းမွန်ကာ အတွင်းဘက်တွင် နတ်ဆိုးတစ်ကောင်ဖြစ်သည်ဟု ဆိုပါက ထုံကျားရှင်းသည် ရူးမိုက်သည့် အဖြူရောင်ဝက်ဝံတစ်ကောင်သာဖြစ်သည်။


ပြီးတော့ ရူးမိုက်တဲ့အဖြူရောင်ဝက်ဝံက သူမကို ကြိုးကိုင်နိုင်မှာလား။


သူက သေချာပေါက်ပင် ကိုယ့်ကိုကိုယ်အထင်ကြီးနေခြင်းဖြစ်သည်။


ညစာစားသောအခါ ထုံကျားရှင်းက သုံးရက်လောက်ဘာမှမစားရသေးသောသူလို စားနေ၏။ သူက ထမင်းကို အကြိမ်အနည်းငယ်ထပ်ထည့်ကာ ဝက်သားနှပ်မှဟင်းအနှစ်ဖြင့် ရောနယ်ပြီး ပလုတ်ပလောင်း စားနေပေသည်။


ဝက်သားဟင်းအနှစ်ဖြင့်နယ်ထားသောထမင်းနှင့် နူးအိနေသော ဝက်သားက အလွန်အရသာရှိနေသဖြင့် တစ်စုံတစ်ယောက်ကိုတောင် အော်ငိုသွားစေနိုင်သည်။


ဝူးးဝူးးးးဒါက အရမ်းအရသာရှိတာဘဲ။


သူဘဝတစ်လျှောက်လုံးတွင် ဤမျှစားကောင်းသော ဝက်သားကိုမစားခဲ့ဖူးပေ။


ထုံကျားရှင်းသည် ဒီလိုဟင်းများကိုသာ ဆက်စားနိုင်မည်ဆိုပါက ထုံရွှယ်လူအပေါ်ကောင်းကောင်းဆက်ဆံပေးသလို ဆက်ဟန်ဆောင်ရန်ဆုံးဖြတ်လိုက်သည်။


သူစိတ်ဆုံးဖြတ်လိုက်ပြီ။


ထုံကျားမင်သည်လည်း ပုံမှန်ထက်စာလျှင် ပို၍မြန်မြန်စားနေခဲ့သည်။ ထုံမျန်မျန်တောင်မှ စားနေသဖြင့် ပါးနှစ်ဖက်လုံးဖောင်းကားနေသည်မှာ ချစ်စရာရှဉ့်လေးတစ်ကောင်းလိုပင်။


***

ညစာစားပြီးသောအခါ ထုံကျားရှင်းက ပန်းကန်ဆေးရန် သွားလိုက်သည်။


ထုံရွှယ်လူက ထုံမျန်မျန်ကို ပေါင်ပေါ်တွင်ကာ စားပွဲ၌ထိုင်လိုက်သည်။ သူမက လိုရင်းကို တိုတိုနှင့်ရှင်းလင်းစွာပြောလိုက်သည်။


“ငါ အိမ်ထောင်စုစာရင်းအတွက် ထောက်ခံစာရခဲ့ပြီ၊ မနက်ဖြန်ကျရင် ရဲစခန်းကိုသွားပြီး အိမ်ထောင်စုစာရင်းပြောင်းလိုက်မယ်”


ထုံကျားမင် :“အင်းး”


ထုံရွှယ်လူကမေးလိုက်သည်။

“ရှူမိသားစုကိုခနချေးထားတဲ့ နေရာကရော ဘယ်လိုနေလဲ၊ သူတို့က ယုံရတဲ့သူတွေလား”


ထုံကျားမင်၏ အသံကနိမ့်ကာ ဩနေ၏။

“အစ်ကိုကြီးရှူက ငါတို့မိဘတွေရဲ့မတော်တဆဖြစ်ပြီးနောက်မှာ ငါတို့ကိုအများကြီးကူညီခဲ့တယ်”


ထုံရွှယ်လူ;“နင်ကရော၊ အနာဂတ်အတွက် ဘယ်လိုစီစဉ်ထားလဲ၊ ကျောင်းပြန်တက်ချင်လား ဒါမှမဟုတ် နင့်ညီနဲ့ညီမကိုစောင့်ရှောက်ပြီး အိမ်အလုပ်လုပ်ချင်လား”


“……”

ထုံကျားမင်၏ နှုတ်ခမ်းများက ပြင်းထန်စွာ တွန့်ကွေးသွားသည်။


“ငါကတော့ ကျောင်းပြန်သွားချင်တာပေါ့၊ ဒါပေမယ့်....”


သို့သော် သူတို့က လုံလုံလောက်လောက်မလုပ်နိုင်မှာကို စိုးရိမ်နေပြီး အဆိုးဆုံးမှာ အခြားဆွေမျိုးများ၏ရွာသို့ ပြန်ခေါ်သွားခြင်းခံရမှာကို စိုးရိမ်မိသည်။


“ကောင်းပြီ တကယ်လို့ နင်ကကျောင်းပြန်တက်ချင်ရင် ‘ဒါပေမယ့်’ ဆိုပြီးမရှိဘူး၊ မနက်ဖြန်ကစပြီး အလုပ်မသွားနဲ့တော့၊  ပြီးတော့ ပေဟယ်က အဲ့ဒီသူတွေကို စာတစ်စောင်ပို့ဖို့မမေ့နဲ့ဦး၊ သွားရအောင် အခုက ငါ့ကို ရှူအိမ်ဆီခေါ်သွားပေးပါ”


ထုံရွှယ်လူက ထုံကျားမင်၏တုန့်ဆိုင်းနေမှုကို လျစ်လျူရှူလိုက်ကာ ထုံမျန်မျန်၏လက်ကိုဆွဲပြီး အပြင်သို့ထွက်သွားသည်။


ထုံကျားမင်က ခနလောက်ရပ်နေပြီးနောက် အလျင်အမြန်ပင်ထရပ်ကာ နောက်မှလိုက်သွားလိုက်သည်။


အပြင်ဘက်တွင်မှောင်နေပြီဖြစ်ကာ ဘာမှန်းမသိရသည့်ပိုးကောင်များက တစ်နေရာရာမှ အော်နေကြသည်။


အရှေ့မှလျှောက်သွားသော သူမ၏နောက်ကျောမှာ ဖြောင့်တန်းနေပြီး အလွန်ယုံကြည်အားကိုးရလောက်သည့် ခံစားချက်ကို ပေးနေ၏။


ထုံမျန်မျန်က အရှေ့မှလှည့်လာကာ လက်ရမ်းပြလာသည်။

“ဒုတိယအစ်ကို မြန်မြန်လာလေ”


“လာပြီ”


***


ဝမ်ရူကွေ့က ဓာတ်ခွဲခန်းမှ သူ၏အဆောင်ခန်းသို့ပြန်ရောက်လာသောအခါ ဘေးအခန်းရှိ ကျိုးယန်ထွက်လာသည်နှင့် ဆုံ၏။


သူက ဝမ်ရူကွေ့ကို ပြုံးပြကာပြောလာသည်။

“ငါ ဒီရက်ပိုင်းအတွင်း အရမ်းတွေအလုပ်များနေခဲ့တာ ၊ ငါကြား‌တာတော့ မင်းအဖိုးက မင်းကိုအိမ်ထောင်ဖက်တွေ့ဖို့ ပြန်လာအောင် နေမကောင်းသလိုဟန်ဆောင်ခဲ့တယ်ဆို၊ ဘယ်လိုဖြစ်သွားလဲ ကောင်မလေးကလှလား”


ဝမ်ရူကွေ့က အလင်းရောင်ကိုနောက်ကျောပေးထားကာ ပြောလာ၏။

“ငါမသိဘူး”


“ဒါဆိုရင်တော့ မကြိုက်ဘူးဘဲ”


ဝမ်ရူကွေ့က သူ့ကို "အင်းး'ဟု အသံပြန်ပြုလိုက်သည်။


ကျိုးရန်က မေးလာသည်။

“မင်းရဲ့ မျက်နှာတွေကို မခွဲခြားနိုင်တာကလည်း အရမ်းထူးဆန်းတာဘဲ၊ ငါဘဲမင်းကို ကောင်းကောင်းမသိသေးတာလား ငါက မင်း အခြားသူတွေကို ခက်ခဲစေချင်လို့ တမင်လုပ်တယ်ထင်နေတာ”


လရောင်က တံစက်မြိတ်မှထိုးလာကာ ဝမ်ရူကွေ့အပေါ်ကျလာပြီး သွယ်လျ‌သောပုံရိပ်ကို လရောင်အောက်တွင် ထင်းနေစေသည်။


ရုတ်တရက်ဆိုသလိုပင် နူးညံ့ကာနှစ်လိုဖွယ်ကောင်းသော မျက်နှာတစ်ခုက သူ့စိတ်ထဲပေါ်လာ၏။ သူမအသားရေပေါ်ရှိ မျက်ရည်စက်ပုံစံမှဲ့လေးက မပြောပြနိုင်လောက်အောင် ဆွဲဆောင်နိုင်စွမ်းရှိသည်။


အနီရောင်နံရံနှင့် နေရောင်အောက်တွင် သူက ထိုမျက်နှာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။