Chapter 15
-ပထမဆုံးအကြိမ်အဖြစ် ဒီမိန်းကလေးကို သူတို့ဘဝထဲပြန်ဝင်လာခွင့်ပေးလိုက်ခြင်းက မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်သည်ဟု သူခံစားလိုက်မိသည်။(1)
ထုံရွှယ်လူတို့မောင်နှမရောက်လာချိန်တွင် ရှူမိသားစုက ညစာစားနေကြသည်။
ထုံရွှယ်လူနှင့်မောင်နှမများကို မြင်သောအခါ ရှူမိသားစုက အနည်းငယ်အံ့ဩသွားသည်။
ကျိုးဖန်က ပထမဆုံး သတိပြန်ဝင်လာသူဖြစ်သည်။
“အိုက်ယားး ညီမလေးရောက်လာတာဘဲ၊ လာ အထဲဝင်လေ”
ရှူမိသားစု၏ခြံဝင်းသည် ထုံမိသားစုထက်ပိုသေး၏။ သပ်ရပ်သေးငယ်သောနေရာတွင် လူကြီးသုံးယောက်နှင့် ကလေးတစ်ယောက်က စုပြုံနေကြရာ အလွန်ကြပ်သိပ်နေ၏။
အမေရှူက ပေါင်ပေါ်တွင် နှစ်နှစ်အရွယ်ကောင်းလေးတစ်ယောက်ကို တင်ထားသည်။ သူက လူတိုင်း၊အရာတိုင်းအား စိတ်ဆိုးနေသလို မှုန်ကုပ်ကာ မပျော်မရွှင်ဖြစ်ပုံပေါ်နေ၏။
ထုံရွှယ်လူက ၎င်းအားမမြင်သလိုပင် ဟန်ဆောင်လိုက်သည်။
“အမကျိုးဖန် ဘာလို့ညစာကို အရင်ပြီးအောင် မစားလိုက်တာလဲ၊ ကျွန်မတို့ အပြင်မှာစောင့်နေလိုက်မယ်၊ အမတို့စားပြီးမှ ကျွန်မတို့စကားပြောကြတာပေါ့”
ရှူပိုင်ကန်းက အလျင်အမြန်ပင် ကျန်နေသေးသည်များကို ပါးစပ်ထဲထိုးသွင်းကာ ထရပ်ပြီးပြောလာသည်။
“ကလေးအမေရေ သွားပြီး ရှင်းလိုက်တော့၊ ညီမထုံ လာလေ အထဲဝင်ပြီး ထိုင်ပါ”
ကျိုးဖန်က သူပြောသည်ကို သဘောတူကာ ထုံရွှယ်လူအား ပြောလိုက်သည်။
“အပြင်မှာ ခြင်တွေများတယ် ဒီမှာဘဲရပ်မနေချင်ပါနဲ့”
ထုံရွှယ်လူက သူမပြောသည်ကို သဘောတူကာ ထုံမျန်မျန်နှင့်အတူ အထဲဝင်သွားလိုက်သည်။
သူမက ရှူပိုင်ကန်းနှင့် သူ့မိန်းမကို တချိန်တည်းတွင် အကဲခတ်ကြည့်လိုက်သည်။ သူတို့က မြင်သာလောက်သည်အထိ မပျော်မရွှင်ဖြစ်နေသည်ကို မတွေ့ရသောကြောင့် သူမဘာသာခေါင်းညိတ်လိုက်မိသည်။
ထုံကျားမင်က ငယ်သေးပေမယ့် လူတစ်ယောက်ကိုဘယ်လိုအကဲဖြတ်ရမလဲဆိုတာ သိသားဘဲ။
ရှူပိုင်ကန်းတို့လင်မယားသည် လောဘကြီးကာ သူတို့ထက်အားနည်းသူများကို အနိုင်ကျင့်တတ်သည့် သူများနှင့် မတူပေ။
အမေရှူက မပျော်မရွှင်ဖြစ်နေပုံပေါ်သော်လည်း ဘာမှဆိုးဆိုးရွားရွားမပြောလာပေ။ သူမက ကလေးအား သူမ၏ချွေးမကိုပေးကာ ပန်းကန်များကိုဆေးကြောရန် မီးဖိုထဲသို့ သယ်သွားလိုက်သည်။
သူတို့ထိုင်ပြီးသောအခါ ထုံရွှယ်လူက သွယ်ဝိုက်မနေတော့ဘဲ တည့်ပင်ပြောလိုက်သည်။
“ကျွန်မတို့ဒီနေ့လာတာက အထည်အလိပ်စက်ရုံက အလုပ်နေရာနဲ့ ပတ်သက်ပြီးပြောချင်လို့ပါ”
ရှူပိုင်ကန်းက ခေါင်းညိတ်ပြလိုက်ကာ ရှက်ရွံ့နေပုံဖြင့်ပြောလာသည်။
“ဟုတ်တယ်၊ ဟုတ်တာပေါ့ ငါတို့လည်း မင်းပြန်လာတဲ့နေ့ကတည်းက အဲ့ဒီအကြောင်းကိုပြောချင်ပေမယ့် အဲ့ဒီနေ့မှာ ငါတို့ရဲ့ကလေးက နေသိပ်မကောင်းလို့ ဆေးရုံခေါ်သွားလိုက်ရတယ်၊ နောက်တစ်နေ့ကျတော့ မင်းက မြို့ထဲသွားတယ်လေ”
ကျိုးဖန်က သူမယောက်ျား၏စကားများကို သဘောတူစွာခေါင်းညိတ်ပြလာသည်။
“ဒီနေ့ ညီမပြန်ရောက်လာတာကိုသိလို့ ညစာစားပြီးရင် ညီမဆီလာဖို့လုပ်နေတာ ၊ ဒါပေမယ့် အမတို့မလာရသေးခင် ညီမလေးက အရင်ရောက်လာတာဘဲ”
ထုံရွှယ်လူ;“ ကျွန်မက မနက်ဖြန်ကစပြီး အထည်အလိပ်စက်ရုံမှာ အလုပ်ဝင်ချင်တယ်၊ အမကျိုးလုပ်ထားတဲ့ လုပ်အားခကတော့ ကျွန်မလစာရတဲ့အခါ ကျားမင်ကို အမဆီလာပေးခိုင်းလိုက်မယ်”
“ကျေးဇူးပါ ညီမထုံ”
ကျိုးဖန်က ထုံရွှယ်လူကို ပြုံးကာ ကျေးဇူးတင်လိုက်သော်လည်း ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။
အလုပ်မရှိတော့ပါက သူမ၏ယောက္ခမသည်သူမက သူမယောက်ျားအတွက် ဘယ်လိုတောင် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်ဆိုပြီး ညည်းညူလာဦးမှာဖြစ်သည်။
သူမက ရှူပိုင်ကန်းနှင့် ကျောင်းတွင်ဆုံခဲ့ပြီး ကွာခြားချက်မှာ ရှူပိုင်ကန်းက မြို့သားဖြစ်ပြီး သူမကရွာသူဖြစ်သည်။
သူမ၏ယောက္ခမသည် အမြဲလိုလိုပင် မြို့သူချွေးမကိုသာ လိုချင်နေခဲ့၏။ ထို့ကြောင့်ပင် သူမ ရှူပိုင်ကန်းနှင့်လက်ထပ်ပြီးသောအခါ သူမ၏ယောက္ခမက အမြဲလိုလိုညည်းညူပြစ်တင်နေခဲ့ခြင်းဖြစ်သည်။
သူမက အလယ်တန်းအဆင့်ကျောင်းကို အောင်ခဲ့သော်လည်း မြို့ထဲရှိအလုပ်များအားလုံးက လူပြည့်နေပြီဖြစ်ကာ အဆက်အသွယ်မရှိပါက အလုပ်ရရန် ခက်ခဲပေသည်။
သူတို့က ထုံမိသားစု၏အလုပ်နေရာကို ဝယ်ချင်ခဲ့သော်လည်း ထုံရွှယ်လူကရုတ်တရက်ပြန်ရောက်လာသဖြင့် ထိုအရာကဖြစ်နိုင်တော့မည် မဟုတ်ချေ။
သူတို့က ထိုကိစ္စနှင့်ပတ်သက်ပြီး ဝမ်းနည်းခဲ့ကြသော်လည်း ၎င်းက ထုံမိသားစု၏နေရာဖြစ်သဖြင့် သူတို့ကို ပြန်ပေးရမည်မှာ မှန်ကန်သော လုပ်ရပ်ဖြစ်သည်။
ထုံရွှယ်လူက ဤလူနှစ်ယောက်သည် သူမအပေါ် တကယ်ပင်မကျေနပ်တာမျိုး မရှိသည်ကို သတိထားမိလိုက်သည်။ ထို့နောက် သူမက အကြံအစည်၏ ဒုတိယပိုင်းကို ထုတ်လိုက်သည်။
“ကျားမင်က ကျောင်းပြန်တက်ဖို့စီစဉ်နေတယ်၊ အဲ့ဒါကြောင့် ကုန်တင်ကုန်ချလုပ်ရတဲ့ အလုပ်နေရာကို ရောင်းဖို့စီစဉ်ထားတယ်၊ အဲ့ဒါ အဲ့ဒီနေရာကို စိတ်ဝင်စားတဲ့သူတစ်ယောက်ယောက်ကို အကိုရှူနဲ့အမကျိုးတို့ သိလားဟင်”
သူမပြောသည်ကိုကြားသောအခါ ရှူပိုင်ကန်းတို့နှစ်ယောက်လုံးက အနည်းငယ်ထိတ်လန့်သွားကြသည်။
“အဲ့ဒီနေရာကို ရောင်းမလို့လား၊ မင်းတို့မိသားစုက အဲ့ဒီနေရာကို မလိုဘူးလား”
ထုံတကျွင်းက မွေးရပ်တွင် ညီအစ်ကိုနှစ်ယောက်ရှိ၏။ သူတို့က အလည်လာတိုင်း အလုပ်မရှိသည်ကို ညည်းညူလေ့ရှိကြသည်။ တစ်ခါတုန်းကဆိုလျှင် သူတို့က ထုံတကျွင်းကို သူတို့အတွက်အလုပ်ရှာပေးရန် ဖိအားပေးကာ မြို့ပေါ်တွင် လဝက်ထိကြာအောင်နေခဲ့ပြီးမှ ထုံတကျွင်း၏ပိုက်ဆံကိုယူကာ ပြန်သွားခဲ့ကြသည်။
ထုံတကျွင်း၏ ထိုညီအစ်ကိုနှစ်ယောက်က ကုန်တင်ကုန်ချလုပ်ရသည့် အလုပ်နေရာကို ရောင်းချင်ပါ့မလား။
ထုံရွှယ်လူက သက်ပြင်းချလာသည်။
“သေချာပေါက် ကျွန်မတို့က အဲ့ဒီနေရာကိုသိမ်းထားချင်တာပေါ့၊ ဒါပေမယ့် တလောတုန်းက ကျွန်မတို့အဖွားက စိတ်လွတ်သွားပြီး အချိန်ပြည့်ဂရုစိုက်ပေးဖို့လိုလာတယ်၊ ကျွန်မရဲ့ ဦးလေးနှစ်ယောက်က သားသမီးဝတ္တရားအရမ်းကျေပွန်ကြတာ၊ သူတို့က ရွာမှာဘဲနေပြီး အဖွားကိုဂရုစိုက်ပေးချင်နေကြတယ်လေ အဲ့ဒါကြောင့် ကျွန်မတို့က ဒီအလုပ်နေရာကိုရောင်းလိုက်မလို့ပါ”
“အိုးး စိတ်လွတ်သွားတာလား”
ရှူပိုင်ကန်းတို့ လင်မယားက ထိတ်လန့်သွားကြသည်။
လွန်ခဲ့သည်ခြောက်လလောက်က အဖွားထုံအလည်လာတုန်းကဆိုလျှင် တစ်နေ့သုံးနပ်စာလုံးကို အသားပါရမည်ဟု အမိန့်ပေးခဲ့ပြီး သူမ၏ အခြားသူများအားဆူငေါက်သံများနှင့် အသက်ဝင်နေခဲ့သည်။ ဘယ်လိုလုပ်ပြီး ရုတ်တရက်စိတ်လွတ်သွားတာလဲ။
ထိုစကားကိုကြားသောအခါ ထုံကျားမင်လည်း လန့်သွားသည်။ သူက ထုံရွှယ်လူကို လှည့်ကြည့်လိုက်၏။
သို့သော် သူက အလျင်အမြန်ပင် ခေါင်းငုံ့ကာ သူမကိုထုတ်မပြောလိုက်ပေ။
ထုံရွှယ်လူက အလွန်လေးနက်သောပုံစံဖြင့် ဆက်လိမ်လာသည်။
“ဆရာဝန်ပြောတာတော့ အဲ့ဒါက သူငယ်ပြန်ရောဂါ ဒါမှမဟုတ်ရင် အဲ့လိုမျိုးဆင်တူဘဲတဲ့။ သူမက တချိန်လုံးစိတ်လွတ်နေတာတော့ မဟုတ်ဘူး တစ်ခါတစ်လေကျရင် လူတွေကိုမှတ်မိပြီး ပုံမှန်လိုဘဲ၊ ဒါပေမယ့် အခြားအချိန်တွေမှာကျ ရောဂါထလာပြီး လူတွေကိုဆူငေါက်ပြီး ရိုက်နှက်တယ်၊ ရွာကလူအတော်များများက သူမရိုက်တာကို ခံလိုက်ရပြီတဲ့”
“အဲ့ဒါကြောင့် ကျွန်မရဲ့ဦးလေးနှစ်ယောက်က သူမကိုခေါ်ပြီး မြို့ကိုမပြောင်းလာရဲဘူးဖြစ်နေတာ၊ သူတို့လယ်ထဲက အလုပ်တွေရှင်းပြီးရင် လာမယ်လို့ စီစဉ်ထားပေမယ့် အဖွားက နေမကောင်းတာကြောင့် နှောင့်နှေးသွားတယ်”
ထုံရွှယ်လူက သက်ပြင်းချလိုက်သည်။
သူမပြောသည်ကို ကြားသောအခါ ကျိုးဖန်က စိတ်ပူသွားသည်။
“အဲ့လောက်တောင် ပြင်းထန်တာလား၊ သူမက ပြန်ကောင်းလာနိုင်ပါ့မလား”
ထုံရွှယ်လူက ထပ်မံသက်ပြင်းချလာကာ လက်ရမ်းပြလာသည်။
“ကျွန်မတော့ အဲ့လိုမထင်ပါဘူး၊ အဖွားကိုမတွေ့ရသေးပေမယ့် သူမအသက်ကြီးလာတဲ့အချိန်မှာ ဒီလိုရောဂါဖြစ်လာတယ်ဆိုတာ သိလိုက်ရတော့ စိတ်မကောင်းဘူး.....”
အဆုံးတွင် သူမမျက်လုံးများကနီရဲကာ အသံကတိုးဝင်သွားသည်။ သူမပုံစံက အလွန်ဝမ်းနည်းနေသလိုပင်။
ထုံကျားမင်; “……”
သူတောင် ယုံမိတော့မလို့။
တစ်ဖက်တွင် ရှူပိုင်ကန်းနှင့် ကျိုးဖန်တို့က ထုံရွှယ်လူသည် အလွန်ဝတ္တရားကျေပွန်သော ကလေးဖြစ်သည်ဟု ခံစားမိလာကြသည်။
ထုံရွှယ်လူပြန်မလာခင်က သူမနှင့်ပတ်သက်ပြီး ကောလဟလမျိုးစုံရှိခဲ့၏။ အထူးသဖြင့် ထုံတကျွင်းတို့လင်မယားနှစ်ယောက် သေဆုံးသွားပြီးနောက်ပိုင်းတွင်ဖြစ်သည်။ ထိုအချိန်တွင် အဆိုးဝါးဆုံးသောကောလဟလများထွက်လာ၏။
အခုကြည့်ရသည်မှာ လူတိုင်းကသူမအပေါ်အထင်လွဲခဲ့ကြပုံပင်။ သူမက တစ်ခါမှမတွေ့ဖူးသော အဖွားဖြစ်သူကိုတောင် စိုးရိမ်နေသောသူဖြစ်ရာ ဘယ်လိုလုပ် ချမ်းသာမှုနောက်ကိုသာလိုက်ပြီး မဆင်းရဲချင်သည့်သူမျိုးဖြစ်နိုင်မှာလဲ။
“ဒါဆို မင်းတို့မောင်နှမတွေက ရွာကိုပြန်ကြမှာလား”
ထုံရွှယ်လူက ခေါင်းခါပြလိုက်သည်။
“ကျွန်မတို့မပြန်ပါဘူး၊ ရွာမှာက လုပ်စရာအလုပ်မရှိတော့ဘူး၊ ပြီးတော့အဖွားကလည်း ဂရုစိုက်ပေးဖို့လိုတယ်လေ ကျွန်မတို့ပြန်သွားလိုက်တာက ဦးလေးနဲ့အဒေါ်တို့ကို ဝန်ပိုစေရုံဘဲဖြစ်သွားမှာ”
“အဲ့ဒါအပြင် ကျွန်မကအရွယ်ရောက်နေပါပြီ၊ ပိုက်ဆံရှာပြီး ကျွန်မရဲ့မောင်နှမတွေကို ထောက်ပံ့ပေးနိုင်နေပြီ ပိုက်ဆံစုပြီးတာနဲ့ အဖွားအတွက် အာဟာရရှိတာလေးတွေ ပြန်ပို့ပေးရမယ်”
ထုံရွှယ်လူ၏စကားကိုကြားသောအခါ ကျိုးဖန်၏အကြည့်က ပိုပိုပြီးနူးညံ့လာသည်။
“ညီမလေးက ဝတ္တရားကျေပွန်လိုက်တာ ညီမလေးပြောတာကို အဖွားဖြစ်သူကြားရင် သေချာပေါက်ပျော်နေမှာဘဲ”
“လူကြီးတွေအပေါ် တာဝန်ဝတ္တရားကျေပွန်တာက လုပ်သင့်တဲ့အရာပါ”
သူမပြောသည်ကိုကြားသောအခါ ထုံရွှယ်လူက ရှက်ရွံ့သလိုကြည့်လာသည်။
“အိုးးဟုတ်သား၊ အကိုရှူနဲ့ အမကျိုးတို့ရော ကုန်တင်ကုန်ချရာထူးကို ဝယ်ဖို့စဉ်းစားထားလား”
ကျိုးဖန်က အနည်းငယ်ထိတ်လန့်သွားသည်။
“အဲ့ဒါကို ဝယ်ဖို့လား၊ ဒါပေမယ့် အမတို့က အဲ့နေရာကို သုံးမှမသုံးတာ”
ကုန်တင်ကုန်ချအလုပ်သည် ရုပ်ပိုင်းဆိုင်ရာအင်အားလိုအပ်ပြီး ယောက်ျားများသာလုပ်ကိုင်ကြသည်။ သူတို့မိသားစုတွင် ရှူပိုင်ကန်းက တစ်ဦးတည်းသောသားဖြစ်သည်။ထိုနေရာကို ဝင်လုပ်မည့်သူမရှိပေ။
ထုံရွှယ်လူ; “ အမတို့က အခုဝယ်ထားပြီး တစ်ယောက်ယောက်နဲ့ လဲလို့ရတယ်လေ၊ အလုပ်တစ်ခုရလာအောင် အခုလိုထိုင်စောင့်နေတာထက်စာရင် အလဲလှယ်လုပ်ပေးနိုင်မယ့် အလုပ်နေရာတစ်ခုရှိနေတော့ ပိုပြီးအခွင့်ရေးရတာပေါ့”
ရှူပိုင်ကန်းတို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။
သူမပြောတာမှန်၏။ သူတို့ဘယ်လိုလုပ်ပြီး ၎င်းကိုတစ်ခါမှမစဉ်းစားဖူးတာလဲ။
အလုပ်နေရာလွတ်ကို စောင့်နေတာထက်စာလျှင် အခြားသူနှင့် အလဲအလှယ်လုပ်ပေးနိုင်သည့် အလုပ်တစ်ခုရှိနေပါက ပိုပြီးလွယ်ကူလိမ့်မည်။ တစ်ခုတော့ရှိသည်.......
“အဲ့ဒီနေရာအတွက် ဘယ်လောက်လိုချင်တာလဲ၊ ညီမလေး”
“အကိုရှူနဲ့ အမကျိုးဖန်တို့က ညီမကို ယွမ် 350ဘဲပေးဖို့လိုတယ်”