Chapter 16
- ပထမဆုံးအကြိမ်အဖြစ် ဒီမိန်းကလေးကို သူတို့ဘဝထဲပြန်ဝင်လာခွင့်ပေးလိုက်ခြင်းက မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်သည်ဟု သူခံစားလိုက်မိသည်။(2)
-
“ယွမ်350လား”
ရှူပိုင်ကန်းက အနည်းငယ် လန့်သွားသည်။
“ညီမထုံ အဲ့ဒါက ဈေးနိမ့်နေတယ်လို့ မထင်ဘူးလား”
ဈေးကွက်ထဲ၌ အလုပ်နေရာတစ်ခုသည် ယွမ်500နီးပါးရှိသည်။ ပိုကောင်းမွန်သော အလုပ်များဆိုလျှင် ယွမ်800မှ1000ကြားထိရှိ၏။
ကုန်တင်ကုန်ချအလုပ်သည် လစာနည်းကာ ပင်ပန်းသောအလုပ်ဖြစ်သော်လည်း အနည်းဆုံး ယွမ်400နီးပါးတန်ဖိုးရှိသည်။
ကျိုးဖန်ကလည်း ခေါင်းညိတ်လာသည်။
“ညီမလေးက အလုပ်နေရာတွေ ဘယ်လောက်တန်ဖိုးရှိနေသလဲဆိုတာ ရင်းနှီးနေမယ်လို့ အမမထင်ဘူး၊ အခြားသူတွေဆို အနည်းဆုံး 415ယွမ်နဲ့ရောင်းကြတယ်”
ဤစုံတွဲက ရိုးသားသည်ကိုမြင်သောအခါ ထုံရွှယ်လူက ပို၍တောင်ပျော်မိသွားသည်။
“ကျွန်မသိပါတယ် ဒါပေမယ့် ကျွန်မမိဘတွေဆုံးပြီးနောက်မှာ အကိုတို့လင်မယားက အများကြီးကူညီပေးခဲ့တယ်လို့ ကျားမင်နဲ့ကျားရှင်းကပြောပြထားတယ်၊ အကိုတို့ကြောင့်သာ မဟုတ်ရင် ကလေးနှစ်ယောက်တည်းနဲ့ အကုန်လုံးကို ကိုင်တွယ်နိုင်ခဲ့မှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့်မလို့ ညီမက 350ယွမ်ဘဲတောင်းတာပါ”
ဒါဆိုက ဒါကအကြောင်းရင်းပေါ့။
လူအများအပြားက ကျေးဇူးတင်ခြင်းကို မဖော်ပြကြတော့ပေ။
သို့သော် ၎င်းကပင် သူတို့လင်မယားက ထုံရွှယ်လူတို့အပေါ် အခွင့်ကောင်းမယူနိုင်သည့် အကြောင်းအရင်းဖြစ်သည်။
ရှူပိုင်ကန်းက ပြောလိုက်သည်။
“ညီမထုံ ငါတို့တွေ အဲ့ဒီနေရာကိုဝယ်မှာပါ ဒါပေမယ့် 350ယွမ်နဲ့ မဟုတ်ဘူး၊ ညီမထုံကို ဈေးကွက်ဈေးနှုန်းအတိုင်း 415ယွမ်ပေးမယ်”
သဘာဝကျစွာပင် ထုံရွှယ်လူက ဒီအတိုင်းလက်မခံနိုင်ပေ။ မဟုတ်ပါက သူမ၏ကြိုးစားမှုအားလုံး အလကားဖြစ်သွားလိမ့်မည်။
“အကိုရှူ အမကျိုး အဲ့ဒါကမကောင်းဘူးနော်.....”
အနည်းငယ်ပြောဆိုနေကြပြီးနောက် နောက်ဆုံးတွင် 380ယွမ်နှင့်ရောင်းရန် သဘောတူလိုက်သည်။
ရှူပိုင်ကန်းက ဖြောင့်မတ်သောသူဖြစ်ကာ ချက်ချင်းပင် ထုံရွှယ်လူအား 250ယွမ်အရင်ပေးလာသည်။ သူတို့က မနက်ဖြန်ကျမှ ကျန်သည့်ပမာဏကိုချေးပြီး လာပေးရန်သာလို၏။
သဘာဝကျစွာပင် ထုံရွှယ်လူက အဆင်ပြေကြောင်းဖော်ပြလိုက်သည်။ သူတို့က ပေးချေမှုစာရွက်တွင် လက်မှတ်ထိုးကာ ပြန်ဖို့လုပ်လိုက်သည်။
သူတို့ထွက်လာသောအခါ အစက ဒယ်အိုးဖင်လိုပင် မည်းမှောင်နေခဲ့သော အမေရှူ၏မျက်နှာသည် ပန်းပွင့်လေးလို ပြုံးပြီးပြောလာသည်။
“အခုက အရမ်းနောက်ကျနေပြီ ကလေးအမေရေ ဘာလို့ သူတို့ကို လိုက်မပို့လိုက်တာလဲ”
ထုံရွှယ်လူက သူတို့နှင့်စကားစမြည်ပြောလိုက်ကာ ငြင်းဆိုရန်လက်လျှော့လိုက်ရသည်။
ရှူမိသားစုက သူတို့ကို ခြံပြင်ထိလိုက်ပို့ပေးကာ ကျိုးဖန်ဆိုလျှင် ထုံမျန်မျန်ကိုတောင် ချီထားပေး၏။
သူတို့က ထုံရွှယ်လူအား အစိုးရအရာရှိတစ်ယောက်ကိုလိုက်ပို့သလိုပင် လိုက်ပို့လာကြသည်။
ပြတင်းပေါက်နောက်တွင်ပုန်းနေသော လောင်လင်း၏ဇနီးသည် ၎င်းကိုမြင်သောအခါ အံ့ဩသွားသည်။
သူတို့က ရန်မဖြစ်ရုံတင်မကဘူး၊ ဘာလို့အချင်းချင်း အရမ်းရင်းနှီးနေတဲ့ပုံပေါက်နေတာလဲ။
ဘာဖြစ်သွားတာလဲ။
လောင်လင်း၏ဇနီးက သိချင်လွန်း၍ သေတော့မည်ဖြစ်သည်။
ကံမကောင်းစွာဖြင့် အခုချိန်သည် သူမအနေဖြင့် ရှူမိသားစုဆီသို့သွားကာ မေးမြန်းသင့်သည့်အချိန်မဟုတ်နေပေ။ ၎င်းကသူမကို သိချင်စိတ်ဖြင့် သတ်လုနီးပါးပင်။
ထုံမိသားစု၏အိမ်တွင်။
ထုံကျားရှင်းက အိမ်စာလုပ်နေသည်။ သူ၏ခဲတံကို ကိုက်ထားကာ အလွန်ဦးနှောက်ခြောက်နေပုံပင် ။
သူတို့ပြန်ရောက်လာသည်ကို မြင်သောအခါ သူက ခဲတံကိုပစ်ထုတ်လိုက်ပြီး ဆတ်ခနဲထရပ်လာသည်။
“ဒုတိယအစိကို နောက်ဆုံးတော့ပြန်ရောက်လာကြပြီပေါ့”
ထုံကျားမင်က တည်ငြိမ်သောမျက်နှာဖြင့် တုန့်ပြန်သလို အသံပြုလိုက်သည်။
တစ်ဖက်၌ ထုံကျားရှင်းကမူ ရူးအသည့်ကြက်ပေါက်လေးလို့ တွတ်ထိုးနေ၏။
“ဒုတိယအကို ရှူအိမ်ကိုဘာသွားလုပ်တာလဲ၊ ညီမလေးကျလိုက်လို့ရပေမယ့် ကျွန်တော်ကျဘာလို့မလိုက်ရတာလဲ”
ဤအချိန်တွင် ထုံကျားမင်က သူ့ကိုကြည့်လာသည်။
“မင်းအိမ်စာပြီးပြီလား”
ထုံကျားရှင်းက မိုးသီးရွာချခြင်းကိုခံလိုက်ရသော ခရမ်းသီးလိုဖြစ်သွားသည်။
“.......မပြီးသေးဘူး”
ထုံကျားမင်၏မျက်နှာက တည်သွားသည်။
“ဒါဆိုရင် ဘာလို့အခုသွားမလုပ်တာလဲ”
ထုံကျားရှင်းက ထုံကျားမင်ကို လျှာတစ်လစ်ထုတ်ပြလိုက်ကာ ခဲတံဆက်ကိုက်ရန်သွားလိုက်သည်။
အပြင်ဘက်တွင် ထုံရွှယ်လူကရေချိုးရန် ရေနွေးကျိုနေ၏။ သူမက အအေးမခံနိုင်ရာ နွေရာသီဆိုလျှင်တောင်မှ ရေနွေးဖြင့်သာရေချိုးချင်ပေသည်။
ထုံကျားမင်က မီးဖိုနားလျှောက်လာကာ သူမအား အသံတိုးတိုးဖြင့်မေးလာသည်။
“ခုနတုန်းက ဘာလို့လိမ်လိုက်တာလဲ”
ထုံရွှယ်လူက အိုးကို အဖုံးအုပ်လိုက်ကာ ထရပ်ပြီး သူ့ကိုကြည့်လာသည်။
“ငါက အဖွားရူးသွားပြီလို့ ပြောလိုက်တာကို ဆိုလိုတာလား”
ထုံကျားမင်က ခေါင်းညိတ်ပြလိုက်သည်။
“သေချာပေါက် နင့်အတွက်ပေါ့”
ထုံရွှယ်လူက ပြန်ဖြေသည်။
“တကယ်လို့ ငါသာအဲ့လိုမပြောလိုက်ရင် သူတို့ရောက်လာတဲ့အခါ ရေကို ထိန်းထားနိုင်မှာမဟုတ်ဘူး”
ငိုသောကလေးသည် နို့ပိုသောက်ရ၏။
သူမက အခြားသူများအတွက်လုပ်ခဲ့ပေးသည်များကို ဘယ်တုန်းကမှဖုံးကွယ်ထားမည်မဟုတ်ချေ။
ထုံကျားမင်က မျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမယ့် နင်လိမ်ထားတာကရော ရေကိုငြိမ်အောင်ထိန်းနိုင်ပါ့မလား”
လူတစ်ယောက်က ရူးမရူးဆိုတာကို အခြားသူတွေက ပြောနိုင်တယ်မဟုတ်ဘူးလား။
ထို့ပြင် ပေဟယ်မှလူများက တစ်ယောက်မကရောက်လာကြမည်ဖြစ်ရာ သူမအလိုရှိသည်ကို လုပ်နိုင်မည်မဟုတ်ချေ။
ထုံရွှယ်လူက ပခုံးတွန့်လိုက်သည်။
“အဲ့ဒါကြောင့်ဘဲ ငါတို့ကအရင်လှုပ်ရှားထားဖို့ လိုတာလေ”
ယနေ့ညတွင် သူမက သားသမီးဝတ္တရားကျေပွန်ယောင်ဆောင်ခဲ့သည်မှာ အပျော်လုပ်နေခြင်းမဟုတ်ပေ။
ထုံကျားမင်၏ ဆင်ခြေက ယုတ္တိမရှိသဖြင့် ပေဟယ်မှသူများရောက်လာပါက ချက်ချင်းပင် လူတိုင်း၏ပစ်မှတ်ဖြစ်လာမှာဖြစ်သည်။
သူမဘက်က အရင်လှုပ်ရှားထားဖို့လို၏။
သူတို့၏အဖွား ကျယ်ကျင်းဟွာသည် သူတို့၏အကြံအစည်များအလုပ်ဖြစ်ရန်အတွက် ‘ရူး’နေဖို့လိုသည်။
သူမက အလုပ်နေရာအား ရှူမိသားစုကို ဈေးပေါပေါဖြင့်ရောင်းလိုက်ရသည့်အကြောင်းမှာ ရှူမိသားစုက သူမအပေါ်တွင် အကြွေးတစ်ခုတင်နေစေချင်၍ဖြစ်သည်။ အနာဂတ်တွင် အငြင်းအခုန်များဖြစ်လာပါက သူတို့က သူမဘက်တွင်ရှိနေရန် မျှော်လင့်မိသည်။
သူမကို တစ်ခါမှမမြင်ဖူးသေးသည့် လူကြီးအပေါ်ကို မကောင်းကြံရသည်မှာ မကောင်းသလိုခံစားရသလားဟုမေးလာပါက အဖြေမှာ သေချာပေါက် 'မခံစားရဘူး'ဟူ၍ဖြစ်သည်။
မူရင်းဝတ္ထုတွင် ကျယ်ကျင်းဟွာသည် မကောင်းဆိုးဝါးလို မိန်းမဖြစ်ကာ ဘော့စ်လေးသုံးယောက်၏ ဆိုးရွားသောကလေးဘဝအတွေ့အကြုံ အားလုံးသည် သူမနှင့်သက်ဆိုင်နေ၏။
ထုံမျန်မျန်က အမြဲပင်လှပသောမိန်းကလေးတစ်ယောက်ဖြစ်ကာ သူမအသက်ခြောက်နှစ်အရွယ်သာရှိသေးချိန်တွင် သူမထက်အသက်ဆယ်နှစ်ကျော်ကြီးသော သူမ၏ဝမ်းကွဲ ဖျက်စီးသည်ကိုခံလိုက်ရသည်။(🥹) ကျယ်ကျင်းဟွာက ထိုကိစ္စကိုသိသွားသောအခါ သူမ၏မြေးကို မဆူရုံတင်မကဘဲ ထုံမျန်မျန်ကို အရှက်မရှိကာ ဒီလိုအသက်ငယ်ငယ်နှင့် ဆွဲဆောင်တတ်နေပြီဟု ပြောခဲ့သည်။
ထိုအရာက ထုံမျန်မျန်ကို စိတ်ဒဏ်ရာအများအပြားဖြစ်စေခဲ့သည်။ သူမကတချိန်တည်းတွင် ကြောက်ရွံ့မိသလို မုန်းတီးနေပြီး သူမ၏အစ်ကိုနှစ်ယောက်ကိုလည်း မပြောရဲခဲ့ပေ။ သူမက နောက်ဆုံးတွင် ဤအဖြစ်အပျက်ကို အလျှော့ပေးလိုက်ရပြီး သူမဘဝ၏အထွတ်အထိပ်အချိန်တွင် သေကြောင်းကြံသွားသည်။
ထုံကျားမင်က ဆက်ပြောချင်သေးသော်လည်း အိမ်ထဲမှနေ၍ ထုံမျန်မျန်က ဖောင်းကားနေသော ပါးလေးတစ်ဖက်ကိုကုတ်ကာ ထွက်လာသည်ကိုမြင်လိုက်သည်။
သူမက ထုံရွှယ်လူဆီပြေးလာသည်။
“မမကြီး မျန်မျန်အိပ်ငိုက်နေပြီ အိပ်ရာဝင်ချင်တယ်”
ထုံရွှယ်လူက ကိုင်းကာ သူမကိုချီလိုက်၏။
“ခနလောက်စောင့်ပါဦး မမကြီးတို့ရေချိုးပြီးမှ အိပ်ကြမယ်လေ၊ ရေမချိုးတဲ့ကလေးတွေက အနံ့ဆိုးတဲ့ ဝက်ပေါက်လေးတွေအဖြစ် ပြောင်းသွားတတ်တယ်တဲ့”
ထုံမျန်မျန်က မျက်လုံးပြူးသွားကာ ရူးအအခွေးပေါက်လေးနှင့် တူနေ၏။ သူမက အသားပြည့်နေသောလက်ဝါးလေးကိုခါကာ ပြောလာသည်။
“မျန်မျန်က အနံ့ဆိုးတဲ့ဝက်လေးမဖြစ်ချင်ဘူး”
“ဒါဆိုရေချိုးပြီး အနံ့မွှေးသွားမှ အိပ်ကြတာပေါ့ ဟုတ်ပြီလား”
ထုံရွှယ်လူက သူမလေး၏ပါးကိုနမ်းလိုက်သည်။
ထုံမျန်မျန်က တခစ်ခစ်ရယ်ကာ သူမလက်များကို ထုံရွှယ်လူလည်ပင်းတွင်ရစ်ပတ်ထားလိုက်သည်။
“အွန်းးမျန်မျန်တို့က ရေချိုးပြီး အနံ့မွှေးနေမှာ”
ထုံကျားမင်သည် သူ၏ညီမငယ်လေးက ထုံရွှယ်လူလက်ပေါ်တွင် ရယ်နေသည်ကိုမြင်သောအခါ မျက်ခုံးများက ပြေလျော့သွားစည်။
သူတို့မိဘများဆုံးသွားစဉ်က ထုံမျန်မျန်တစ်ယောက် ငိုလွန်း၍ အသံကွဲသွားသည်ကို သူသတိရသွားသည်။
နောက်ပိုင်းတွင် သူမက အငိုရပ်သွားသော်လည်း ပုံမှန်လိုအသက်ဝင်မှုများမရှိတော့ချေ။
ဒီရက်များအတွင်းတွင် သူမက ပြန်ပျော်ရွှင်လာကာ အချိန်ပြည့်ပြုံးရယ်နေ၏။
ဒါက ဒီမိန်းကလေးအား ပြန်လာခွင့်ပြုလိုက်ခြင်းသည် မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်သည်ဟု ပထမဆုံးအကြိမ်အဖြစ် သူခံစားလိုက်မိသည်။
*
နောက်တစ်နေ့တွင် အလွန်နေသာနေ၏။
လုပ်စရာအများအပြားရှိနေသောကြောင့် ထုံရွှယ်လူက မနက်စာအဖြစ် ကြက်သွန်ဖြူနှင့်ဟင်းရွက်ကြော်ကိုသာ လုပ်လိုက်သည်။
ယမန်နေ့ညက အာလူးနှင့် ဝက်သားနှပ်များရှိသေးသဖြင့် ပြန်နွေးလိုက်၍ရပေသည်။ ထိုအရာများနှင့်အတူ ထုံကျားမင်လုပ်ထားသော ကန်စွန်းဥဆန်ပြုတ်တို့က ပြီးပြည့်စုံသောမနက်စာပင်ဖြစ်သည်။
စားပြီးသောအခါ ထုံကျားရှင်းကို ပန်းကန်ဆေးခိုင်းလိုက်ပြီး သူမကမူ ထုံမျန်မျန်ကိုကြည့်ထားပေးရန် ဒေါ်လေးချိုင်ဆီသို့ခေါ်သွားလိုက်သည်။
ယမန့်နေ့ညတွင် ဒေါ်လေးချိုင်က သူမဆီမှ အာလူးနှင့် ဝက်သားနှပ်အနည်းငယ်ကို ရရှိခဲ့သည်။ ၎င်းက အလွန်အရသာရှိလွန်းသဖြင့် သူတို့မိသားစုတစ်လုံးက လျှာကိုမြိုချမိမတက်ပင်ဖြစ်ခဲ့ရသည်။
သူမက ဘယ်လိုပြန်ပေးဆပ်ရမလဲ စိတ်ပူနေချိန်တွင် ထုံရွှယ်လူက ရောက်လာကာ ထုံမျန်မျန်ကိုကြည့်ထားပေးရန် တောင်းဆိုလာသည်။ သေချာပေါက်ပင် သူမကပျော်ပျော်ရွှင်ရွှင်လက်ခံလိုက်သည်။
ထုံမျန်မျန်က သူမ၏ဘောင်းဘီစကိုဆွဲကာ ခေါင်းမော့ပြီးပြောလာသည်။
“မမကြီး မျန်မျန်လည်းအတူလိုက်လို့မရဘူးလား”
ပေါက်စီလုံးလေး၏မျက်နှာက ပန်းရောင်သန်းကာ နူးညံ့နေပြီး မျက်တောင်ရှည်များကလည်း ယပ်တောင်နှစ်ခုလိုဖြာထွက်နေ၏။ သူမက ပြောမပြနိုင်လောက်အောင် ချစ်စရာကောင်းပေသည်။
ထုံရွှယ်လူ၏နှလုံးသားက အရည်ပျော်သွားသည်။ သူမက ဆောင့်ကြောင့်ထိုင်ကာ ထုံမျန်မျန်၏မျက်လုံးများနှင့် တညီတည်းဖြစ်အောင် ကြည့်ကာပြောလိုက်သည်။
“မမကြီးက ဒီနေ့လုပ်စရာတွေအများကြီးရှိလို့ အလုပ်သွားဖို့လိုတယ်၊ အဲ့ဒါကြောင့် မျန်မျန်ကိုခေါ်သွားလို့မရတာ မျန်မျန်ကလိမ္မာပါတယ်၊ ဒေါ်လေးချိုင်နဲ့နေခဲ့နော် လျှောက်မသွားနဲ့ ဟုတ်ပြီလား”
ထုံမျန်မျန်၏စပျစ်သီးလိုမျက်လုံးများက ရွှန်းစိုနေသည်။ သူမက နှုတ်ခမ်းစူနေကာ နောက်ဆုံး၌ ခေါင်းသေးသေးလေးကိုငြိမ့်ပြလိုက်သည်။
“ဟုတ် မျန်မျန်ကလိမ္မာတယ် မျန်မျန်လျှောက်သွားမှာမဟုတ်ဘူး”
ပေါက်စီလုံးလေးက အလွန်ချစ်ဖို့ကောင်းနေသဖြင့် ထုံရွှယ်လူက သူမပါးကိုတစ်ချက်နမ်းလိုက်သည်။
“မျန်မျန်က လိမ္မာလိုက်တာ၊ မမကြီးပြန်လာရင် မျန်မျန်အတွက် အရသာရှိတာတွေချက်ပေးမယ်နော်”