အပိုင်း ၁၇
Viewers 14k

Chapter 17

- ထုံကျန်းကျန်းထွက်သွား‌ရတော့မည်



သူမ အား မခွဲချင်သောအကြည့်ဖြင့်လှမ်းကြည့်ကာကျန်နေခဲ့သော ပေါင်မုန့်လုံးလေးမျန်မျန်နှင့် ခွဲပြီးသောအခါ ထုံရွှယ်လူသည် သူမ၏ စာနှင့် သက်သေခံကတ်ပြားတို့ကိုယူကာ အနီးဆုံးရဲစခန်းသို့ ဦးတည်လိုက်သည်။


သူမက ထုံရွှယ်လူဖြစ်ကြောင်း သက်သေခံကတ်ပြားသည် ထုံရွှယ်လူနှင့် ထုံကျန်းကျန်းတို့ ပြန်ပေးဆွဲခံရစဉ်က ရဲစခန်းမှလုပ်ပေးထားခဲ့ခြင်းဖြစ်သည်။


ထိုသက်သေခံကတ်ပြားနှင့် စာရွက်တို့နှင့်ဆိုလျှင် ထုံရွယ်လူအနေဖြင့် အိမ်ထောင်စုစာရင်းကို ပြင်ဆင်ရမည်မှာ အလွန်လွယ်ကူသွားတော့မည်ဖြစ်သည်။ သူမ၏နာမည်ကိုပြောလိုက်ရုံနှင့် အကုန်ကိစ္စပြီးပေတော့မည်။


ထုံကျန်းကျန်းအတွက်တော့ သူမ၏နာမည်သည် ထုံတကျွင်းတို့လင်မယား မတော်တဆမှုနှင့် မဆုံးပါးခင်တည်းက အိမ်ထောင်စုစာရင်းမှ ထုတ်ပယ်ထားပြီးဖြစ်သည်။


အိမ်ထောင်စုစာရင်းကိစ္စကိုလုပ်ပြီးသောအခါ ထုံရွှယ်လူသည် ချည်ထည်စက်ရုံသို့ အမြန်ဆက်သွားလိုက်သည်။


ချည်ထည်စက်ရုံသို့ရောက်သောအခါ စက်ရုံရှေ့၌ စောင့်နေသော ကျိုးဖန်ကို မြင်လိုက်ရသည်။

"စောင့်နေလိုက်ရလို့တောင်းပန်ပါတယ်နော် အစ်မကျိုးဖန်..."


ကျိုးဖန်က ပြုံးကာပြောလိုက်သည်။

"အဲဒီလောက်လည်း မစောင့်လိုက်ရပါဘူး...အစ်မလည်း ခုနကမှရောက်တာ..."


အပူဒဏ်ကြောင့် ထုံရွှယ်လူ၏ပါးပြင်များက နီရဲနေကြသည်။

"ဒါဆို အထဲဝင်ကြရအောင်လေ..."


ကျိုးဖန်က ခေါင်းငြှိမ့်လိုက်သည်။


ရာထူးက ယခင်တည်းက ထုံမိသားစု၏ပိုင်ဆိုင်မှုဖြစ်သောကြောင့် စက်ရုံကို အသိပေးကာ ဖြည့်ရသော စာရွက်စာတမ်းများကလည်း အလွန်လွယ်ကူသည်။


လွှဲပြောင်းခြင်းကိစ္စပြီးသွားသောအခါ ထုံရွှယ်လူက ပြန်ရန်ပြင်နေသော ကျိုးဖန်ကို တားလိုက်သည်။


"အစ်မကျိုးဖန်...အစ်မဒီကိုရောက်လက်စနဲ့ ကုန်တင်ကုန်ချရာထူးလွှဲပြောင်းဖို့ကိစ္စကိုပါ တစ်ခါတည်း လုပ်လိုက်ရင်မကောင်းဘူးလား..."


ကျိုးဖန်က အနည်းငယ်အံ့ဩသွားသည်။

"အခုချက်ချင်းလား...ဒါပေမယ့် အစ်မတို့ဆီမှာ ပိုက်ဆံကအဆင်သင့်မဖြစ်သေးဘူး..."


ကျိုးဖန်၏အစီအစဉ်က ယခုကိစ္စပြီးသောအခါ ရွာသို့ပြန်ပြီးမှ သူမ၏မိဘနှင့် အခြားဆွေမျိုးများဆီမှ ပိုက်ဆံအနည်းငယ်ချေးရန်ဖြစ်သည်။


ထုံရွှယ်လူက ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး...အစ်မတို့ ပိုက်ဆံရှိမှ ညီမကိုပေးပေါ့...အဲဒါကိုလည်း ညီမ သိပ်စိုးရိမ်စရာမလိုပါဘူး..."


လူတစ်ယောက်အား မိမိဘက်၌ပါစေချင်လျှင် အပြောနှင့်သာမကပဲ သူတို့အကျိုးရှိစေမည့်လုပ်ရပ်များကိုလည်း လုပ်ပေးရမည်ဖြစ်သည်။


ထုံရွှယ်လူထင်ထားသည့်အတိုင်းပင် သူမ၏စကားကိုကြားသောအခါ ကျိုးဖန် အလွန်ပင် ရင်ထဲမှ လှုပ်လှုပ်ခတ်ခတ်ခံစားလိုက်ရသည်။

"ညီမလေးရယ်...အစ်မ..အစ်မ ဘာပြောရမလဲတောင်မသိတော့ဘူး..."


ထုံရွှယ်လူက ပြုံးကာပြောလိုက်သည်။

"ဒါဆိုလည်း ဘာမှမပြောနဲ့တော့လေ...အစ်မကျိူးဖန်...အစ်ကိုရှူကိုပါ အခုဒီကိုလာခိုင်းလိုက်ပါလား...တစ်ခါတည်း ကိစ္စပြီးသွားအောင်..."


ကျိုးဖန်က ခေါင်းငြှိမ့်၍ သူမ၏ယောင်္ကျားကိုခေါ်ရန် သ‌င်္ဘောဆိပ်သို့ အမြန်ပြေးသွားလိုက်သည်။


ခဏအကြာတွင် ရှူပိုင်ကန်းက ချွေးတရွှဲရွှဲဖြင့်ပြေးလာကာ ထုံရွှယ်လူကို အထပ်ထပ်အခါခါ ကျေးဇူးတင်နေလေတော့သည်။


ထုံရွှယ်လူက သူမကို ကျေးဇူးတင်စရာမလိုကြောင်းပြော၍ သုံးယောက်သား ရုံးခန်းဆီသို့ ပြန်သွားကြပြန်သည်။


ထိုလွှဲပြောင်းရန်အတွက် တာဝန်ရှိသူ အရာရှိချူးသည် ထုံရွှယ်လူတစ်ယောက် အခြားလူများနှင့် ရုံးခန်းထဲသို့ပြန်ဝင်လာသည်ကိုမြင်သောအခါ အံ့ဩသွားသည်။ ထုံရွှယ်လူက သင်္ဘောကုန်တင်ရာထူးကို ရှူပိုင်ကန်းဆီသို့ လွှဲပြောင်းချင်သည်ဟုပြောသည့်အခါတွင်တော့ အရာရှိချူးတစ်ယောက် ပါးစပ်ဟောင်းလောင်းပွင့်သွားရလေတော့သည်။


"မင်း ဒီရာထူးကို လွှဲပြောင်းပေးချင်တာ သေချာရဲ့လား...မင်းတို့မြို့က မင်းရဲ့ဆွေမျိုတွေလည်း ရောက်မလာသေးဘူးမဟုတ်လား..."


ထုံရွှယ်လူက ဝမ်းနည်းသွားသည့် မျက်နှာလုပ်လိုက်ကာ ပြောလိုက်သည်။


"ကျွန်မမိဘတွေရဲ့ မတော်တဆမှုကြောင့် ကျွန်မအဖွားလည်း စိတ်မူမမှန်ဖြစ်နေပြီ...အခုဆိုရင် အဖွားက လူတွေကို အော်လိုက် ရိုက်လိုက်နဲ့ တစ်ချိန်လုံး အနားမှာ လူတစ်ယောက်က စောင့်ကြည့်ပေးနေမှရတော့တာ...အဲဒါကြောင့် ကျွန်မ မိသားစုနဲ့တိုင်ပင်ပြီး ဒီရာထူးကိုလွှဲပြောင်းပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တာပါ..."


"ဪ မင်းရဲ့အဖွားက စိတ်မမှန်ဖြစ်သွားတာလား...တကယ်စိတ်မကောင်းစရာပဲ..."


ထို့ကြောင့် ထုံမိသားစုက ဒီကိုရောက်ရန် အလွန်ကြာနေသည်ကိုး။ မိသားစုထဲ၌ တစ်စုံတစ်ခု ဖြစ်နေခဲ့သည်မဟုတ်လား။


ထုံမိသားစုသည် ယခုတလော အလွန်ပင် ကံဆိုးမိုးမှောင်ကျနေကြဟန်တူသည်။ မကောင်းသည့်အရာများက တစ်ခုပြီးတစ်ခုပင် ဆက်တိုက်ဖြစ်နေလေသည်။


ထုံရွှယ်လူက သက်ပြင်းချကာပြောလိုပ်သည်။

"ဟုတ်တယ်...အဖွားရဲ့အဖြစ်ကိုကြားပြီးတော့ ကျွန်မတို့မောင်နှမတွေ အရမ်းစိတ်ပူနေကြတာ...ဒါပေမယ့် မောင်လေးတွေနဲ့ ညီမလေးကလည်း ငယ်သေးတော့ ကျွန်မတစ်ယောက်တည်း သူတို့တွေနဲ့တူတူ ရထားစီးသွားဖို့ကလည်း မဖြစ်နိုင်ဘူးလေ..."


အရာရှိချူးက နားလည်သွားသည့်ပုံဖြင့် ခေါင်းငြှိမ့်ကာ ရှုပိုင်ကန်းကို ကြည့်လိုက်သည်။

"အလုပ်သမားရှူပိုင်ကန်းကလည်း တော်တော်လက်မြန်တာပဲ...ဒီရာထူးအတွက် မင်း ပိုက်ဆံဘယ်လောက်ပေးလိုက်လဲ..."


ရှူပိုင်ကန်းက ရိုးသားသူတစ်ယောက်ဖြစ်သည်။

"သုံး..."


ထိုအခိုက်၌ ထုံရွှယ်လူက အမြန်ဝင်ဖြတ်ပြောလိုက်သည်။


"ဟိုတလောတုန်းက သင်္ဘောကုန်တင်ရာထူးတစ်ခုကို ၄၁ဝ ယွမ်နဲ့ အရောင်းအဝယ်ဖြစ်သွားတယ်လို့ကျွန်မကြားတယ်...အခု အစ်ကိုရှုနဲ့ အစ်မကျိုးဖန်တို့က ကျွန်မတို့အပေါ် အရမ်းကို စေတနာကောင်းပြီး ယွမ် ၂၀ တောင်ပိုပေးထားပါသေးတယ်..."


ထိုသို့ဆိုလျှင် ၄၃၀ ယွမ်ပေါ့။ ထိုငွေပမာဏသည် ထိုရာထူးအတွက် သင့်လျော်သောပမာဏဖြစ်သည်။


အရာရှိချူးလည်း သဘောတူကာ စာချုပ်ပေါ်၌ တံဆိပ်တုံးထုပေးလိုက်တော့သည်။


စက်ရုံရုံးခန်းမှ ထွက်လာပြီးသောအခါ ရှူပိုင်ကန်းနှင့် ကျိုးဖန်တို့ ဘာမှမပြောနိုင်ခင်မှာပင် ထုံရွှယ်လူက တောင်းပန်လိုက်သည်။


"အစ်ကိုရှုနဲ့ အစ်မကျိုးဖန်...အရာရှိကို ငွေပမာဏ လွှဲပြောလိုက်တဲ့အတွက် ညီမ တောင်းပန်ပါတယ်နော်...အမှန်ကိုသာပြောလိုက်ရင် အစ်ကိုတို့က ကလေးတွေအပေါ်မှာ အခွင့်ကောင်းယူနေကြတယ်လို့ ထင်ကုန်ကြမှာစိုးလို့ပါ...အဲဒါကြောင့်..."


ထိုအတွေးမျိုးကို ရှူပိုင်ကန်းနှင့် ကျိုးဖန်တို့ တွေးပင်မတွေးမိခဲ့ကြပါပေ။


ကျိုးဖန်က ထုံရွှယ်လူသည် သူတို့သဘောတူထားသည့် ငွေပမာဏထက် ယွမ် ၅၀ ပင် လျှော့ပေးထားရသောကြောင့် စိတ်ပြောင်းကာ ပိုက်ဆံပိုတောင်းတော့မည်လားဟု စိတ်တထင့်ထင့်ဖြစ်နေမိသည်။ ယခုတွင်တော့ ထုံရွှယ်လူက ကျိုးဖန်တို့အတွက်ပါ ထည့်စဉ်းစားပေးနေလေသည်။


ထို့ကြောင့် ကျိုးဖန်သည် တစ်ချိန်တည်းမှာပင် ထုံရွှယ်လူကို ကျေးဇူးတင်မိကာ မိမိကိုယ်ကိုယ် အပြစ်တင်သည့်စိတ်များလည်း ဖြစ်ပေါ်နေလေသည်။ ကျိုးဖန်သည် ထုံရွှယ်လူ၏လက်ကိုကိုင်ကာ ပြောလိုက်သည်။


"တောင်းပန်စရာမလိုပါဘူး ညီမလေးရယ်...အစ်မတို့ကသာ ညီမလေးကို ကျေးဇူးတင်ရမှာပါ..."


ဘေးမှ ရှူပိုင်ကန်းကလည်း ခေါင်းတဆတ်ဆတ်ငြှိမ့်နေသည်။


ထုံတကျွင်းနှင့် ဇနီးတို့ ကွယ်လွန်သည့်အချိန်က ရှူပိုင်ကန်းသည် များများစားစားမကူညီနိုင်ခဲ့ပေ။ ထို့ကြောင့် ထုံမိသားစု၏ကလေးများကလည်း သူတို့ကိုကူညီရန် ဤမျှကြိုးစားလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ချေ။


သူတစ်ပါး၏ကျေးဇူးကိုသိတတ်၍ မောင်နှမများကိုလည်း ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်နေသော ဤထုံတကျွင်း၏သမီးသည် တကယ်ပင် ပြိုင်စံရှားပါပေသည်။


ထုံတကျွင်းတို့လင်မယားက ဤကလေးမလေးနှင့်အတူ မနေသွားရပါလားဟု စဉ်းစားမိ၍ ရှုပိုင်ကန်း သက်ပြင်းချလိုက်မိသည်။


ရှူပိုင်ကန်းနှင့် ကျိုးဖန်တို့နှင့် လမ်းခွဲပြီးသောအခါ ထုံရွှယ်လူသည် သူမ၏အလုပ်ကိုစလုပ်ရန် ထုတ်လုပ်ရေးနေရာသို့ သွားလိုက်သည်။


ကျိုးဖန်တစ်ယောက်ကတော့ မကြာခင်အလုပ်ရတော့မည်ဖြစ်သောကြောင့်လားမသိ စက်ရုံထဲမှ စထွက်လာတည်းက သူမမျက်နှာက ပြုံးရွှင်နေလေသည်။


သူမသည် CSMC အရှေ့မှ ဖြတ်သွားမိသောအခါ ခဏမျှ စဉ်းစားလိုက်၍ ပြန်လှည့်ကာ ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။


ဆယ်မိနစ်ခန့်အကြာတွင် ကျိုးဖန်သည် လက်တစ်ဖက်၌ နို့သကြားလုံးတစ်ထုပ်နှင့် တစ်ဖက်က ပေါင်မုန့်နှစ်ထုပ်ကိုကိုင်ကာ အိမ်ကို ပြန်နေလေတော့သည်။


ကျိုးဖန်သယ်လာသော ပစ္စည်းများကိုမြင်သောအခါ အမေရှု၏မျက်ခုံးများက တွန့်ကွေးသွားကြသည်။


"နင် ဘာဖြစ်လို့ ပစ္စည်းတွေဒီလောက်အများကြီး ဝယ်လာရတာလဲ...ငါတို့ အခုလောလောဆယ် ပိုက်ဆံမသုံးနိုင်သေးဘူးဆိုတာ နင်မသိဘူးလား..."


အမေရှုက ကျိုးဖန်က အသုံးအဖြုန်းကြီးလွန်းသည်ဟု ထုတ်မပြောရုံတမယ် ဆူနေခြင်းဖြစ်သည်။


သို့သော် ဤတစ်ခေါက်တွင်တော့ ကျိုးဖန်က ဝမ်းမနည်းတော့ပဲ အမေရှုကို အိမ်ထဲသို့ညဆွဲခေါ်ကာ ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။


"ညီမလေးရွှယ်လူက ကျွန်မတို့အတွက် အကောင်းဆုံးဖြစ်မယ့်ဟာကို စဉ်းစားပေးပြီး ပိုက်ဆံတွေလည်း အများကြီးလျှော့ပေးလိုက်တယ်...အဲဒါကြောင့် ကျွန်မတို့ဘက်ကလည်း ကျေးဇူးတင်တဲ့အနေနဲ့ တစ်ခုခုပြန်လုပ်ပေးသင့်တယ်ထင်လို့လေ..."


ထုံရွှယ်လူက ရာထူးလွှဲပြောင်းခြင်းကို ဤမျှမြန်မြန်လုပ်ပေးလိမ့်မည်ဟု မထင်ထားသောကြောင့် ကျိုးဖန်၏စကားကိုကြားသောအခါ သူမ၏အမူအရာများက ချက်ချင်းပြောင်းလဲသွားသည်။


"သမီးပြောတာမှန်တာပေါ့...အမေတို့ ကျေးဇူးတင်ကြောင်းကိုပြရမယ်...ဒါ အရမ်းကောင်းတဲ့ အကြံဉာဏ်ပဲ..."


သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် အပြင်မှ အသံတစ်သံပေါ်လာသည်။

"ယောက်မရေ...ငါ့အိမ်မှာ ဆားကုန်သွားလို့ တစ်ဇွန်းလောက်ချေးချင်လို့ပါ..."


ထိုအသံပိုင်ရှင်မှာ လောင်လင်း၏ဇနီးဖြစ်နေသည်။ ကျိုးဖန်က အလျင်အမြန်ပင် နို့သကြားလုံးများနှင့် ပေါင်မုန့်များကို ကြောင်အိမ်ထဲသို့ ထည့်လိုက်သည်။


အမေရှူက အပြင်သို့ထွက်၍ လောင်လင်း၏ဇနီးကို ဆားတစ်ဇွန်းပေးလိုက်သော်လည်း သူမက ပြန်ရန်အစီအစဉ်ရှိသေးပုံမရချေ။


"ယောက်မ...နင်တို့ရဲ့ရာထူးကိစ္စရောဘယ်လိုလဲ...အဲဒီထုံမိန်းကလေးက နင်တို့ကို ပက်ပက်စက်စက်ပြောလိုက်သေးလား..."


ထိုစကားကိုကြားသောအခါ အမေရှူက သူမ၏ထူထဲတိုတုတ်သောမျက်ခုံးများကို ပင့်ကာပြောလိုက်သည်။


"ရွှယ်လူက တကယ်ကို ထက်မြက်ပြီး စေတနာကောင်းတဲ့မိန်းကလေးပါ...သူက ဘာဖြစ်လို့များ ငါတို့ကို ပက်ပက်စက်စက်ပြောမှာလဲ...နင်ကရော ဘာတွေဖြစ်နေတာလဲ...ဒီကို ခဏခဏလာပြီး သူ့မကောင်းကြောင်းပဲပြောနေတယ်..."


ထိုစကားကြောင့် လောင်လင်း၏ဇနီး တစ်ခဏမျှ ဆွံ့အသွားလေသည်။


"နင် ဘာတွေပြောနေတာလဲ ယောက်မရယ်...ငါ ဘယ်တုန်းကများ အဲဒီမိန်းကလေးကို မကောင်းပြောမိလို့လဲ..."


"ငါ ဘာတွေပြောနေတာလဲ ဟုတ်လား...မနေ့ကပဲ ချည်ထည်စက်ရုံက ရာထူးကို သူ့ကိုပြန်မပေးဖို့ နင် လာပြောနေတယ်လေ...ကလေးမလေးက သူ့မိဘတွေကို မကြာသေးခင်ကပဲ ဆုံးရှူံးထားရတာကို နင်က ကလေးတွေကို ကူညီဖို့မစဉ်းစားပဲ ဘယ်လိုအခွင့်ကောင်းယူရမလဲဆိုတာပဲစဉ်းစားနေတယ်...နင် ဘာဖြစ်လို့များ ဒီလောက်တောင် ရွံစရာကောင်းနေရတာလဲ..."


အမေရှူ၏အသံက ဒေါ်လေးချိုင်၏အသံကဲ့သို့ပင် ကျယ်လောင်၍ပြတ်သားနေသောကြောင့် သူမ၏အသံကို ခြံဝန်းတစ်ခုလုံးက ကြားနေရလေသည်။


ခြံဝန်းထဲ၌ အဝတ်လျှော်နေသော အန်တီချိုင်ကလည်း အမေရှူ၏အသံကိုကြား၍ နှုတ်ခမ်းကိုတင်းတင်းစေ့ကာပြောလိုက်သည်။


"မနေ့က ရွှယ်လူက သူ့ကို အသားခွဲမပေးလို့ ရွှယ်လူ့မကောင်းကြောင်းတွေကို လူတိုင်းကိုလိုက်ပြောနေတာ...တော်တော်ကို မကောင်းတဲ့မိန်းမပဲ..."


မနေ့က အဖြစ်အပျက်များကို လူတိုင်းမြင်ခဲ့ကြ၍ တော်တော်များများက လောင်လင်း၏မိန်းမတစ်ယောက် တော်တော်အရှက်ရသွားမည်ဟု ထင်နေကြသည်။


သို့သော် ယခုတွင်တော့ လောင်လင်း၏မိန်းမက ထုံရွှယ်လူ၏မဟုတ်မမှန်သတင်းများ လိုက်လွှင့်နေကြသည်ကိုတော့ သတိမထားမိကြချေ။


ထိုအမျိုးသမီးထက် ဆိုးရွားသည့်လူ ရှိနိုင်ပါဦးမည်လား။


လောင်လင်း၏မိန်းမလည်း အန်တီချိုင်၏စကားကြားသောအခါ မျက်နှာက နီရဲသွား၍ သွေးသုံးလီတာခန့် အန်ထွက်တော့မတတ်ပင် ဖြစ်သွားသည်။


သို့သော် ကံမကောင်းစွာပင် နှစ်ယောက်နှင့်တစ်ယောက် မယှဉ်နိုင်သောကြောင့် သူမ လည်လိမ်ခံထားရသောကြက်ကြီးပုံစံနှင့်သာ အိမ်သို့ ပြန်သွားရလေတော့သည်။