Chapter 18
- ထုံကျန်းကျန်းထွက်သွားရတော့မည်(၂)
ထုံရွှယ်လူကို စိတ်ဆိုးနေသူများထဲ၌ လောင်လင်း၏ဇနီးသာမကပဲ ထုံကျန်းကျန်းလည်း တစ်ယောက်အပါအဝင်ဖြစ်နေသည်။
ထုံကျန်းကျန်းကိုကြည့်ရသည်မှာ မျက်နှာက ညိုမှောင်၍ အရူးမကဲ့သို့ ဖြစ်နေသည်။
"သမီးကို ရွာကိုပို့မလို့ ဟုတ်လား...အမေတို့က သမီးကိုမွေးထားတဲ့ မိဘအရင်းတွေမှ ဟုတ်ကြသေးရဲ့လား..."
အမေထုံ၏မျက်လုံးများက နီရဲ၍ အပြစ်ရှိသူတစ်ဦးကဲ့သို့ မလုံမလဲဖြစ်နေသည်။
"အမေတောင်းပန်ပါတယ် ကျန်းကျန်းရယ်...အမေလည်း မဖြစ်စေချင်ပေမယ့် ဒီတစ်ခေါက်ကတော့ သမီးရဲ့အပြစ်လည်း ပါနေတယ်မဟုတ်လား..."
"အမေ့ပါးစပ်ကို ပိတ်လိုက်ပါတော့...သမီးဘက်က ဘာမှမမှားဘူး...သမီးကို အဲဒီခွေးစုတ်မက ရိုက်တာပါလို့ပြောနေတာကို အမေတို့ကမှ သမီးစကားကိုမယုံတာ...သမီးသိလိုက်ပါပြီ...အမေတို့စိတ်ထဲမှာ သူ့ကိုပဲ သမီးအရင်းလို့ သတ်မှတ်ထားကြတုန်းပဲမလား..."
ထုံကျန်းကျန်းသည် အဖေနှင့်အမေထုံတို့ကို ကြည့်ရင်း အံကိုကြိတ်ကာ အသံကုန်အော်ဟစ်နေလေသည်။
သမီးအရင်းထံမှ ယခုကဲ့သို့ အော်ဟစ်ပြောဆိုခြင်းခံနေရ၍ အမေထုံ၏ရင်ဘတ်က နိမ့်ချေ မြင့်ချေဖြစ်လာ၍ အသက်ပင် ရှူ၍မရဖြစ်လာလေသည်။
အဖေထုံက မျက်နှာတည်တည်နှင့် အော်လိုက်သည်။
"နင့်အသံကို အခုတိတ်လိုက်စမ်း...ဘယ်သူက ကိုယ့်ရဲ့ မိဘအရင်းတွေကို ဒီလိုအသံနဲ့ပြောလို့လဲ..."
ထုံကျန်းကျန်းက အဖေထုံ၏အသံကြောင့် အနည်းငယ်လန့်သွားသော်လည်း ချက်ချင်းတော့ အသံက မတိတ်သေးချေ။
အဖေထုံက ဆက်ပြောလိုက်သည်။
"သမီးမကျေမနပ်ဖြစ်တာကို အဖေတို့နားလည်ပေမယ့် အခုဖြစ်သွားတဲ့ကိစ္စက ရွှယ်လူ့အပြစ်မဟုတ်သလို သူကလည်းထုံမိသားစုကနေ ထွက်သွားပြီပဲ...ဘာဖြစ်လို့ သူ့ကို ဆက်ပြီး အနိုင်ကျင့်နေဦးမှာလဲ..."
"..."
ထုံကျန်းကျန်းသည် အံကို အားပြင်းစွာဖိကြိတ်လိုက်သောကြောင့် သွားများပင် ကြေမွသွားမတတ်ဖြစ်သွားသည်။
"သူက အရင် သမီးကိုစပြီး အနိုင်ကျင့်တာလေ..."
ထုံကျန်းကျန်းအော်ဟစ်နေသည်ကို အဖေထုံက ဝင်ပြောလိုက်သည်။
"တော်ပြီ ကျန်းကျန်း...ဒီကိစ္စကို ဆက်ပြောနေလို့ အကျိုးမရှိဘူး...ဒီတစ်ခေါက်ကိစ္စမှာ သမီးလုပ်လိုက်တာက တော်တော်ကြီးလို့ အဖေတို့လည်း သမီးကိုကာကွယ်ပေးလို့မရဘူး...ဒါပေမယ့် စိတ်မပူပါနဲ့...ရွာကလူတွေနဲ့ အဖေစကားပြောပြီးပါပြီ...ဟိုမှာ သမီး ဘာမှသိပ်လုပ်ရမှာမဟုတ်ဘူး...အဲဒီမှာ နည်းနည်းပါးပါးကူညီပြီး တစ်နှစ်နေရင် ပြန်လာလို့ရပြီလေ..."
လွန်ခဲ့သည့်နှစ်အနည်းငယ်၊ အထူးသဖြင့် ၆၀ ခုနှစ်များတုန်းက နိုင်ငံရေးအခြေအနေက အလွန်မငြိမ်မသက်ဖြစ်ခဲ့သည်။ ဘာမဟုတ်သည့် ကိစ္စလေးများနှင့် လူပေါင်းများစွာ လူသိရှင်ကြား အရှက်ကွဲ၊ စည်းစိမ်များပျက်စီးခဲ့ရသောကြောင့် လူတိုင်းက အရာရာကို အလွန်ပင် သတိထားနေရသည်။
ယခုတွင် နိုင်ငံရေးအခြေအနေက တည်ငြိမ်လာပြီဟု ထင်ရသော်လည်း မည်သူကမှ တပ်အပ်မပြောနိုင်သေးချေ။
ယခုကိစ္စကို ခုတုံးလုပ်၍ တစ်စုံတစ်ယောက်က ထုံမိသားစုသည် သူတို့၏ အာဏာရာထူးကို တလွဲအသုံးချနေသည်ဟု စွပ်စွဲလိုက်ပါက မိသားစုတစ်ခုလုံး ပျက်စီးတော့မည်ဖြစ်သည်။
ထို့ကြောင့် မိသားစုအတွက်နှင့် ထုံကျန်းကျန်းကို စတေးလိုက်ရခြင်းဖြစ်သည်။
ထိုသို့လုပ်လိုက်ရခြင်းက ထုံကျန်းကျန်းအတွက် မတရားမှန်း အဖေထုံသိသော်လည်း မတတ်နိုင်ချေ။ တကယ်တော့လည်း ထုံကျန်းကျန်း၏အပြစ်ပင်မဟုတ်လား။
ပြောစရာရှိသည်ကိုပြောပြီးသောအခါ အဖေထုံသည် အမေထုံကိုခေါ်၍ ထွက်သွားတော့သည်။
ထုံကျန်းကျန်းသည် ဒေါသထွက်လွန်း၍ အော်ဟစ်ပစ်ချင်စိတ်များပေါက်နေသည်။ သို့သော် ဒေါသထွက်နေခြင်းကြောင့် ဘာမှထူးလာမည်မဟုတ်ချေ။
နှစ်ရက်အကြာတွင် ထုံကျန်းကျန်းသည် လယ်တောသို့ အပို့ခံလိုက်ရတော့သည်။ ထုံမိသားစုက သူမအတွက် စားစရာမြောက်များစွာနှင့် ပစ္စည်းများစွာ ထည့်ပေးလိုက်သော်လည်း ထုံကျန်းကျန်း၏ဒေါသကတော့ မပြေသေးပေ။
ဤတစ်ခေါက်တွင်တော့ ထုံကျန်းကျန်းသည် ထုံမိသားစုတစ်ခုလုံးကို ဒေါသထွက်နေမိလေသည်။
ထုံကျန်းကျန်းထွက်သွားသည့်သတင်းကို မကြာခင်မှာပင် ထုံရွှယ်လူကြားသိလိုက်ရသည်။
ထုံကျန်းကျန်းကို လယ်တော၌ တစ်နှစ်သာ ထားလိုက်နိုင်သော်လည်း ထိုတစ်နှစ်ဆိုသောအချိန်သည် ထုံရွှယ်လူအတွက် သူမကိုယ်သူမ မြို့တော်၌ ထင်ရှားလာအောင်လုပ်ရန် လုံလောက်သောအချိန်ဖြစ်ပါသည်။
ထုံကျန်းကျန်းပြန်ရောက်လာလျှင် သူမကို လက်စားချေမည် မချေမည်ကိုတော့ ထိုအချိန်မှပင် ထုံရွှယ်လူ စဉ်းစားတော့မည်။
**
ဝမ်ရူကွေ့သည်လည်း ထိုသတင်းကောင်းကို ကြားသိလိုက်ရသည်။
"...ထုံမိသားစုရဲ့သမီးက လယ်တောကိုအပို့ခံလိုက်ရပြီး တစ်နှစ်နေရမယ်တဲ့..."
ဝမ်ရူကွေ့၏အသံက အေးဆေးတည်ငြိမ်နေသည်။
"ဟုတ်ပြီ...ကျေးဇူးတင်ပါတယ်..."
"မင်းကလည်းကွာ ငါတို့က အချင်းချင်း ကျေးဇူးတင်နေရမယ့်လူတွေမှမဟုတ်တာ...ဪ ဟုတ်သားပဲ...မင်းက ဘာဖြစ်လို့ အခုမှ ရုတ်တရက်ကြီး ထုံမိသားစုအကြောင်းကို သိချင်လာတာလဲ...ဝမ်မိသားစုနဲ့ ထုံမိသားစုက ဘာ ပတ်သတ်မှုမှမရှိဘူးလို့ ငါထင်ထားတာ..."
"သူတို့ထဲက တစ်ယောက်ကို ငါသိလို့ပါ..."
ထိုစကားကိုကြားသောအခါ တစ်ဖက်လူက စိတ်ဝင်စားသွား၍ အသံကလည်း ပိုတက်ကြွလာသည်။
"ဘယ်သူလဲ...ယောင်္ကျားလား မိန်းမလား..."
"မင်း သိမယ့်လူမဟုတ်ပါဘူး...အခုကိစ္စကိုပြောပြလို့လည်း ငါ မင်းအပေါ် ကျေးဇူးအကြွေးတင်သွားပြီ..."
ပြောပြီးသောအခါ ဝမ်ရူကွေ့က ဖုန်းကိုချလိုက်တော့သည်။
ပြတင်းပေါက်အပြင်၌ နေက တောက်ပစွာသာနေ၍ ဝမ်ရူကွေ့၏ရှပ်အင်္ကျီအဖြူကိုပင် ရောင်ပြန်ဟပ်နေသည်။
ဝမ်ရူကွေ့၏အကြည့်က ပြတင်းပေါက်အပြင်ဘက်မှ နေရာတစ်နေရာသို့ကြည့်နေသည်ထင်ရသော်လည်း တကယ်တော့မဟုတ်ပေ။
ထိုအဖြူရောင်နေရောင်ခြည်အောက်တွင် အသက် ၄၊ ၅ နှစ်အရွယ် ကောင်လေးတစ်ယောက်က ကွဲကြေနေသော ပန်းကန်နှင့် ဖန်ခွက်များအလယ်၌ ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်နေသည်။
"ကျွန်တော်တောင်းပန်ပါတယ် မေမေရယ်...သားနောက်တစ်ခါ မလုပ်တော့ပါဘူးနော်...ကျေးဇူးပြုပြီး သားကိုမရိုက်ပါနဲ့တော့...အရမ်းနာလို့ပါ..."
ကလေးလေး၏ဒူးခေါင်းဆီမှ နီရဲသောသွေးများစိမ့်ထွက်လာ၍ ကြမ်းပြင်ကို ရဲရဲနီသွားစေလေသည်။
ထိုအချိန်၌ အနောက်မှ အသံတစ်သံထွက်ပေါ်လာသည်။
"ရူကွေ့...မန်နေဂျာခေါ်နေတယ်..."
ဝမ်ရူကွေ့လည်း အတွေးများကို ပြန်စုစည်းလိုက်၍ သာမာန်ထက် ပို၍ နှေးကွေးစွာ ပြန်ဖြေလိုက်သည်။
"ဟုတ်ပြီ...ကျွန်တော်သွားလိုက်ပါမယ်...'
ဝမ်ရူကွေ့သည် အခန်းထဲမှ ထွက်ရန် လမ်းလျှောက်လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်အခါမှ အနောက်သို့ပြန်လှည့်ကာ ပြတင်းပေါက်ရှိရာသို့ လှမ်းကြည့်လိုက်ပြန်သည်။
သို့သော် အပြင်မှ ကလေးလေးကတော့ မရှိတော့ပါချေ။
***
ထုံရွှယ်လူသည် သူမ၏ ညောင်းညာကိုက်ခဲနေသော ပခုံးများကို နှိပ်မယ်လိုက်သည်။ ဤအလုပ်ကို သူမ ဆက်မလုပ်ချင်တော့ပေ။
အထည်အလိပ်စက်ရုံ၌ ချည်ထည်ထုတ်လုပ်သည့်အလုပ်နှင့် ကုန်တင်ကုန်ချအလုပ်တို့က အခက်ခဲဆုံးအလုပ်များဖြစ်သည်။ ကုန်တင်ကုန်ချလုပ်သူများက ကြားထဲ၌ အနားရသေးသော်လည်း ချည်ထည်ရက်ရသူများက မနားရချေ။ အလုပ်စသည့်အချိန်မှ အလုပ်သိမ်းသည့်အချိန်အထိ တစ်နေကုန်လုပ်ရ၍ တစ်ခါတစ်လေဆိုလျှင် အချိန်ပိုပင် ဆင်းရသေးသည်။
ထိုအလုပ်ကို ထုံရွှယ်လူ မလုပ်နိုင်တော့ချေ။
အခြားအလုပ်တစ်ခုကို အမြန်ပြောင်းရပေတော့မည်။
ထုံရွှယ်လူသည် အလုပ်လုပ်ရလွန်း၍ ပင်ပန်းလွန်းလှသောကြောင့် မူးမေ့လဲကျမတတ် ဖြစ်နေချိန်မှာပင် အလုပ်သိမ်းကြောင်းခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
ထုံရွှယ်လူ၏မျက်လုံးများက အရောင်တောက်ပသွားကြ၍ အခြားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ခြံထဲမှလွှတ်လိုက်သော သိုးများကဲ့သို့ စားသောက်တန်းသို့ အမြန်သွားလိုက်ကြသည်။
"ဂျုံပေါက်စီတစ်လုံးပေးပါ..."
ထုံရွှယ်လူသည် ရင်းနှီးနေသော ဆိုင်ပြတင်းပေါက်ဆီသို့သွား၍ မုန့်စားလက်မှတ်နှင့် ပန်းကန်လုံးကို လှမ်းပေးလိုက်သည်။
စားဖိုမှူးဟွမ်က ထုံရွှယ်လူ၏ ပန်းကန်ထဲသို့ ဂျုံပေါက်စီထည့်ပေးရင်း မေးလိုက်သည်။
"ရဲဘော်ရှောင်းထုံ...မင်းက နေ့တိုင်း ဂျုံပေါက်စီပဲစားနေတာပဲ...ဝရောဝရဲ့လား...တခြား အသားနဲ့ အသီးအရွက်တွေမစားဘူးလား..."
ထုံရွှယ်လူက မသိသာသော်လည်း တစ်ဖက်လူကတော့ သတိထားနိုင်လောက်သည့် ရှက်စနိုးဖြစ်နေသည့်ပုံလုပ်ကာ ပြုံး၍ ပြောလိုက်သည်။
"ရပါတယ်...လခလေးထုတ်ရင်တော့ ဝယ်စားဖြစ်လောက်မှာပါ..."
ထုံရွှယ်လူ၏စကားကိုကြားသောအခါ စားဖိုမှူးဟွမ်နှင့် အခြားလူများက သူမ အား သနားသည့်အကြည့်များဖြင့် ကြည့်လိုက်ကြလေသည်။
အမေရှူနှင့် အရာရှိချူးတို့ကြောင့် ခြံဝန်းထဲနှင့် ချည်ထည်စက်ရုံမှ လူများအားလုံးနီးပါးက ထုံရွှယ်လူ၏ မိဘများကွယ်လွန်သွားကြသည်သာမက အဖွားကလည်း စိတ်မနှံ့ဖြစ်သွားသည်ကို သိထားကြလေသည်။
သနားစရာမိန်းကလေးပေပဲ။ အသက်က ၁၈ နှစ်သာရှိသေးသော်လည်း မိသားစုတစ်ခုလုံး၏တာဝန်ကို ထမ်းထားရလေသည်။
အချုပ်အလုပ်ဌာနမှ မန်နေဂျာမာက အနားသို့ရောက်လာ၍ ပြောလိုက်သည်။
"စားဖိုမှူးဟွမ်...သူ့ကို ကြက်သွန်မြိတ်ပန်ကိတ်နဲ့ ဂေါ်ဖီနဲ့အသားကြော် ထည့်ပေးလိုက်ပါ...အဲဒါဖိုးကို ကျွန်မရဲ့ထမင်းလက်မှတ်ထဲ ထည့်ပေါင်းလိုက်..."
ထုံရွှယ်လူက လက်ကို အမြန် ဝှေ့ယမ်းကာပြောလိုက်သည်။
"ဟင့်အင်း မလုပ်ပါနဲ့...ဂျုံပေါက်စီနဲ့ပဲ ကျွန်မ ဗိုက်ဝပါတယ်..."
သို့သော် ထုံရွှယ်လူ၏စကားကို မန်နေဂျာမာက နားထောင်ရန် အစီအစဉ်မရှိချေ။ သူမသည် ထုံရွှယ်လူ၏ ပန်းကန်ကို လှမ်းဆွဲ၍ ပြောလိုက်သည်။
"ဘာတွေ စိတ်ပူနေတာလဲ...ဒီဟာလေးအတွက်ကို ငါမတတ်နိုင်ဘူးလို့ထင်နေတာလား..."
မန်နေဂျာမာ၏ သမီးက နောက်လဆိုလျှင် လက်ထပ်တော့မည်ဖြစ်၍ သတို့သားလောင်းကလည်း ကျောင်းအုပ်ဆရာတစ်ဦးဖြစ်သည်။ သတို့သားလေးက ငွေကြေးပြည့်စုံသည့်အပြင် တက်တက်ကြွကြွရှိသူတစ်ဦးလည်းဖြစ်သည်။ မန်နေဂျာမာ၏သမီးကိုလည်း တန်ဖိုးထားသည်။ သတို့သမီးကို ယွမ် ၁၈၀ နှင့် တင်တောင်းခဲ့သည့်အပြင် သူတို့အိမ်သို့ အပ်ချုပ်စက်၊ လက်ပတ်နာရီနှင့် ရေဒီယိုများပါ ပို့ပေးခဲ့သေးသည်။
မန်နေဂျာမာတို့ မိသားစုက တိုင်ပင်၍ ထိုပစ္စည်းများကို သမီးနှင့်ပြန်ထည့်ပေးလိုက်မည်ဟု ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ထို့အပြင် သမီး မျက်နှာမငယ်ရစေရန် စက်ဘီးတစ်စီးပါ ဝယ်ထည့်ပေးလိုက်ရန်လည်း တိုင်ပင်ခဲ့ကြသည်။
သို့သော် စက်ဘီးဝယ်ရန်လက်မှတ်က အလွန်ကို ရှားပါးသည်။ တစ်ခါတစ်ရံဆိုလျှင် တစ်နှစ်လုံးနေမှ တစ်စောင်ပင် မမြင်ရချေ။ အခြားလက်မှတ်များကို အသုံးပြု၍ စက်ဘီးဝယ်နိုင်သော်လည်း လက်မှတ်အစောင် ၅၀ လိုမည်ဖြစ်သည်။
ပမာဏက များလွန်းသောကြောင့် မိသားစုတစ်ခုလုံး နှစ်လ သုံးလခန့် စုဆောင်းသည်တောင်မှ ၇ စောင်လိုနေသေးသည်။ ထိုအကြောင်းကို ထုံရွှယ်လူက မည်သို့သွားသွားသည်မသိ၊ သူမ အလုပ်သို့လာသည့် ဒုတိယနေ့တွင် လက်မှတ် ၇ စောင် ယူလာပေးလေသည်။ ထိုလက်မှတ်များကို မန်နေဂျာမာ အားပေး၍ ဘာမှလည်း ပြန်မတောင်းဆိုခဲ့ချေ။
ထိုကဲ့သို့ ကြင်နာတတ်၍ စိတ်ထားကောင်းလွန်းသော မိန်းကလေးအား မည်သူက မချစ်ပဲ နေနိုင်ပါမည်နည်း။
ထမင်းတစ်နပ်မပြောနှင့်၊ ထုံရွှယ်လူအား ထမင်း ဆယ်နပ်ကျွေးရမည်ဆိုလျှင်ပင် မန်နေဂျာမာက ပျော်ပျော်ကြီး ကျွေးမည်ဖြစ်သည်။
မန်နေဂျာမာကို တား၍မရလိုက်သော ထုံရွှယ်လူက သေချာကျေးဇူးတင်စကားပြောလိုက်သည်။ စားဖိုမှူးဟွမ်ကလည်း ထုံရွှယ်လူအတွက် ဟင်းထည့်ပေးသောအခါ အခြားလူများထက် ပိုပိုသာသာထည့်ပေးသောကြောင့် စားဖိုမှူးကြီးကိုလည်း ထုံရွှယ်လူ ကျေးဇူးတင်လိုက်သည်။ ထို့နောက် မန်နေဂျာမာက ထုံရွှယ်လူအား အခန်းထောင့်ရှိ စားပွဲဆီသို့ ဆွဲခေါ်သွားလေသည်။
မန်နေဂျာမာသည် ကြက်သွန်မြိတ်ပန်ကိတ်အနည်းငယ်ကိုယူ၍ ဘေးဘီကိုကြည့်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။
"ဒီနေ့ စက်ရုံမန်နေဂျာ ပြန်ရောက်တော့မယ်...ငါ မင်းရဲ့ မိဘတွေသေဆုံးသွားတဲ့အတွက် မင်းအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ မေးလိုက်မယ်..."
ထုံရွှယ်လူ၏မျက်လုံးများက မျက်ရည်များဖြင့် စိုစွတ်လာသည်။
"ကျေးဇူးတင်ပါတယ် မန်နေဂျာ...ကျွန်မငယ်ငယ်တည်းက ကျွန်မက ကံအရမ်းကောင်းပြီး ကူညီပေးမယ့်လူတွေနဲ့ပဲ တွေ့ရမယ်လို့ အပြောခံလာရတာ...ဒါပေမယ့် ကျွန်မ မယုံခဲ့ဘူး...အခုမှပဲ တကယ်ယုံတော့တယ်...ကျွန်မ ဒီစက်ရုံကိုရောက်လာပြီး မန်နေဂျာနဲ့ တွေ့ခွင့်ရခဲ့တယ်လေ..."
ထုံရွှယ်လူ၏စကားများကြောင့် မန်နေဂျာမာသည် မျက်လုံးများပိတ်၍ သွားများသာပေါ်သည်အထိ နှစ်နှစ်ကာကာ ပြုံးလိုက်သည်။
"ဪ ကလေးမရယ်...နောက်လည်း တစ်ခုခုလိုတာရှိရင် ငါ့ဆီ အချိန်မရွေးလာလို့ရတယ် ဟုတ်ပြီလား..."
"ကျေးဇူးတင်ပါတယ် မန်နေဂျာမာ...ကျွန်မ မန်နေဂျာနဲ့ ဆုံတွေ့ရတဲ့အတွက် တကယ်ကို ကံကောင်းလွန်းပါတယ်..."
ထုံရွှယ်လူက နီရဲနေသောမျက်လုံးများဖြင့် မန်နေဂျာမာ အား ကျေးဇူးတင်စွာနှင့် လေးစားစွာ ကြည့်လိုက်သည်။
မန်နေဂျာမာသည်လည်း စိတ်ကြည်နူးသွားကာ ထုံရွှယ်လူအတွက် တာဝန်ယူပေးလိုစိတ်များလည်း ပြည့်လာလေသည်။
တကယ်ကို သနားစရာကောင်းတဲ့ကလေးမလေးပဲ...နောက်ဆိုရင် သူ့ကိုပိုဂရုစိုက်ပေးရမယ်...နေ့လယ်စာဝယ်ကျွေးတာနဲ့ မလုံလောက်သေးဘူး...ညဆိုင်းတွေကိုပါ လျှော့ပေးဦးမှပါလေ...