Chapter 19
သူမ၏ဒုက္ခများအကြောင်းပြောလျှင် သုံးရက်သုံးညပင်ပြီးမည်မဟုတ်ချေ
နေ့လယ်၌ မျှော်လင့်ထားသည့်အတိုင်းပင် မန်နေဂျာယွီ ပြန်ရောက်လာသည်။
မန်နေဂျာယွီ၏ ရွာ၌ကျန်ခဲ့သော အမေက အသည်းအသန်ဖြစ်နေသောကြောင့် ပြန်လာရန် ဖုန်းဆက်ခေါ်ခဲ့သည်။ မန်နေဂျာယွီလည်း လုပ်စရာရှိသည်များကို အမြန်ပြီးပြတ်အောင်လုပ်၍ ရွာသို့ အမြန်ပြန်သွားခဲ့သည်။
လွန်ခဲ့သောရက်များတွင် မန်နေဂျာယွီသည် ညရထားကိုစီး၍ အိမ်သို့ပြန်ကာ အမေ့ကို မနေမနားပြုစု၍ အမေ့အခြေအနေက သက်သာလာသောအခါမှ မြို့တော်သို့ ညရထားစီး၍ ပြန်လာခဲ့သောကြောင့် အလွန်ခရီးပန်းနေလေသည်။
ရုံးခန်းသို့ပြန်ရောက်၍ ထိုင်ရုံပင်ထိုင်ရသေးကာ ရေပင် မသောက်ရသေးချိန်တွင် မန်နေဂျာမာက ညှိုးနွမ်းသောမျက်နှာဖြင့် အခန်းထဲသို့ဝင်လာလေသည်။
"မန်နေဂျာယွီ...ကျွန်မ ထုံမိသားစုရဲ့ သေဆုံးခြင်းအကျိုးခံစားခွင့်တွေအကြောင်းပြောချင်လို့ပါ..."
မန်နေဂျာယွီက လက်ထဲမှ ကြွေခွက်ကိုချ၍ ပြောလိုက်သည်။
"ပြောပါ..."
မန်နေဂျာမာက ထုံလင်မယားသည် အလွန်ကြိုးစားသော အလုပ်သမားများဖြစ်ကြ၍ ယခု သူတို့ကွယ်လွန်သွားကြသောအခါ ကျန်ခဲ့သော ကလေးများက အလွန်ပင် သနားစရာကောင်းနေကြကြောင်းပြောပြလိုက်သည်။ ထုံတကျွင်း၏အမေက ယခု စိတ်အခြေအနေပုံမှန်မဟုတ်တော့သည်ကိုလည်း ထည့်ပြောလိုက်သည်။ စကားများစွာပြောနေသော်လည်း မန်နေဂျာမာ၏ အဓိကအချက်မှာ ထုံမိသားစုက အလွန်ပင် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အဖြစ်အပျက်နှင့် ကြုံတွေ့ရ၍ ယခုချက်ချင်း ထုံရွှယ်လူအား သေဆုံးခြင်းအကျိုးခံစားခွင့်များမပေးပါက မန်နေဂျာယွီသည် အလွန်ပင်ဆိုးရွားသော လူတစ်ယောက် ဖြစ်သွားလိမ့်မည်ဟု ပြောနေသကဲ့သို့ ဖြစ်နေလေသည်။
သို့သော် ဤကဲ့သို့ မြင့်မားသောရာထူးအထိရောက်အောင် တက်လာနိုင်သော မန်နေဂျာယွီသည်လည်း ထုံအသောလူတော့မဟုတ်ပေ။
"မန်နေဂျာမာ ပြောချင်တာက ထုံတကျွင်းရဲ့ သမီးက ပြန်ရောက်လာပြီး ငါတို့ရဲ့စက်ရုံမှာ အလုပ်လုပ်နေတယ်လို့ပြောနေတာလား..."
မန်နေဂျာမာက ခေါင်းငြှိမ့်လိုက်သည်။
"ကလေးမလေးက တကယ်ကို အလုပ်ကြိုးစားပြီး သူ့ရဲ့ မောင်နှမတွေကိုလည်း အရမ်းဂရုစိုက်တယ်...တကယ်ကို တာဝန်သိတတ်တဲ့ ကလေးမလေးပါ..."
မန်နေဂျာယွီက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ဟုတ်ပါပြီ ငါသိပါပြီ...သူ့ကို ငါ့ရုံးခန်းထဲလွှတ်လိုက်..."
မန်နေဂျာယွီသည် မန်နေဂျာမာ၏စကားများကို မယုံချေ။
မည်ကဲ့သို့သော အားကိုးရသည်ဆိုသည့်လူမျိုးက သူ၏မိဘအရင်းများကို မမှတ်မိချင်ပဲနေမည်နည်း။
မန်နေဂျာယွီတွေးနေသည်ကို မသိသော မန်နေဂျာမာကတော့ ထုံရွှယ်လူကို အမြန်သွားခေါ်လိုက်သည်။ ထုံရွှယ်လူက မန်နေဂျာမာကို ကျေးဇူးတင်စကားပြောကာ မန်နေဂျာယွီ၏ရုံးခန်းဆီသို့ ခပ်ဖြည်းဖြည်းသွားလိုက်သည်။
လက်ဖက်စိမ်းဟု နာမည်တပ်ခြင်းခံရသောလူတိုင်းသည် လူများ၏မျက်နှာကို ဖတ်ရာ၌ အလွန်ကျွမ်းကျင်ကြသည်။
ထုံရွှယ်လူသည်လည်း ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် မန်နေဂျာယွီက သူမအပေါ် မကျေမနပ်ဖြစ်နေကြောင်း သိလိုက်သည်။
ဤအခြေအနေရောက်မှတော့ မည်သို့ပင်ရှင်းပြ ရှင်းပြ ထူးတော့မည်မဟုတ်သောကြောင့် အခြားနည်းလမ်းတစ်ခုနှင့် ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်သည်။
ထုံရွှယ်လူသည် မန်နေဂျာယွီနားသို့ သွားရင်းဖြင့် စက္ကူစတစ်စကို ဆွဲထုတ်လိုက်သည်။
"မန်နေဂျာရဲ့အမေ နေမကောင်းဖြစ်နေတယ်လို့ ကျွန်မကြားပါတယ်...တော်ဝင်ဆရာဝန်ဆီကနေ ရလာတဲ့ ဆေးစာတစ်ခု ကျွန်မမှာရှိပါတယ်...ဒီဆေးတွေက ခန္ဓာကိုယ်ကို အားပြည့်စေပါတယ်...မန်နေဂျာကြီးရဲ့ အမေသောက်ဖို့ သင့်တော်လားဆိုတာ ကြည့်ကြည့်လိုက်ပါဦး..."
ထုံရွှယ်လူအား စက်ရုံမှ နှင်ထုတ်ရန် ပြင်ဆင်ထားသော စကားများသည် မန်နေဂျာယွီ၏လည်ချောင်းထဲ၌ တစ်ဆို့ကုန်ကြလေသည်။
တော်ဝင်ဆရာဝန်များဆီမှ ရသော ဆေးစာများမှာ အလွန်ပင် ရှားပါးလေသည်။
မန်နေဂျာယွီ့မိခင်၏ နာမကျန်းဖြစ်မှုမှာ အမေ့၏ အတိတ်မှ အဖြစ်အပျက်များကြောင့်ဖြစ်သည်။ အမေသည် တရုတ်ပြည်၌ အငတ်ဘေးဆိုက်ချိန်က သူမ၏ မောင်နှမများအတွက် အစားအသောက်များကို စုဆောင်းရင်းဖြင့် အစာရေစာပြတ်လပ်ငတ်ပြတ်ခဲ့ရသည်။ နောက်ပိုင်းနှစ်များတွင်တော့ ထိုမျှ အခြေအနေမဆိုးတော့သော်လည်း ကျန်းမာရေးကတော့ ပြန်ကောင်းမလာတော့ချေ။
မန်နေဂျာယွီက စကားပြောမည်ကိုရပ်၍ စာရွက်ကို လှမ်းယူလိုက်သည်။
"ဒါကို...မင်း ဘယ်က ရခဲ့တာလဲ..."
ထုံရွှယ်လူက မျက်နှာကိုတည်တည်ထား၍ လိမ်ပြောလိုက်သည်။
"ကျွန်မရဲ့ မွေးစားမိဘတွေဆီက ရခဲ့တာပါ..."
တကယ်တော့ ထိုစာရွက်မှာ ထုံရွှယ်လူ၏ အရင်ဘဝမှ ဆေးဆရာတစ်ယောက်၏ ဆေးစာရွက်ဖြစ်သည်။ သို့သော် ဆေးစာ၌ပါသည်များက အားပြည့်စေသည့်ဆေးများသာဖြစ်၍ လူတိုင်း မှီဝဲနိုင်လေသည်။
"ကျေးဇူးတင်ပါတယ် ရဲဘော်ရှောင်းထုံ..."
ထုံရွှယ်လူက ရိုကျိုးသောပုံလေးနှင့် ပြန်ပြောလိုက်သည်။
"ရပါတယ် မန်နေဂျာရှင့်...တခြားလူတွေမမြင်ခင် ဆေးစာကိုသိမ်းလိုက်ပါဦးနော်..."
မန်နေဂျာယွီက စာရွက်ပိုင်းလေးကို ခေါက်ကာ အင်္ကျီအိတ်ထဲသို့ ထည့်လိုက်ပြီးမှ ပြောလိုက်သည်။
"မင်း မိဘတွေ မတော်မတမှုနဲ့ ဆုံးသွားချိန်တုန်းက မင်းက ဘာဖြစ်လို့ ပေါ်မလာရတာလဲ..."
ခုနက အဖြစ်အပျက်ကြောင့် မန်နေဂျာယွီ၏အသံက ပျော့ပျောင်းနေဘေသည်။
ထုံရွှယ်လူ၏မျက်လုံးများက နီရဲလာ၍ တစ်စက္ကန့်မျှအကြာတွင် သူမ၏ ပြဇာတ်ကိုကလေတော့သည်။
"ကျွန်မက မရင့်ကျက်တဲ့ကလေးတစ်ယောက်လို့ မန်နေဂျာကြီး ထင်နေမှာကျွန်မသိပါတယ်...ဒါပေမယ့် ကျွန်မဘဝတစ်လျှောက်လုံး တူတူနေလာခဲ့တဲ့ မိဘတွေက ကျွန်မမိဘအရင်းတွေ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျွန်မ အရမ်းကြောက်ပြီး ဘာလုပ်ရမှန်းမသိအောင်ကို လမ်းပျောက်ခဲ့ရပါတယ်...နောက် ကျွန်မ မကြောက်တော့ပဲ ကိုယ်ဘာလုပ်ရမယ်ကို သိလာရတဲ့အချိန်မှာတော့ ကျွန်မမိဘတွေက...အဟင့် အဟင့်..."
"အဖြူစင်ဆုံး ချစ်ခြင်းမေတ္တာတွေက ကျွန်မရှေ့ကို ရှိနေတာတောင်မှ တန်ဖိုးထားရကောင်းမှန်း ကျွန်မ မသိခဲ့ဘူး...ဆုံးရှုံးပြီးမှပဲ ကျွန်မ နောင်တတွေရနေတော့တယ်...အဲ့ဒါက လူတစ်ယောက်ရဲ့ဘဝမှာ ဝမ်းနည်းစရာအကောင်းဆုံးအဖြစ်အပျက်ပဲလို့ ကျွန်မ ထင်ပါတယ်...ကောင်းကင်ဘုံကသာ နောက်တစ်ကြိမ်အခွင့်အရေးပေးခဲ့မယ်ဆိုရင် ကျွန်မရဲ့ မိဘတွေကို ကျွန်မ သေချာပေါက်ကို တောင်းပန်မှာပါ..."
စကားဆုံးသောအခါ ထုံရွှယ်လူ၏ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာတော့သည်။
မန်နေဂျာယွီသည် မိန်းမများ၏မျက်ရည်ကို အလွန်ကြောက်သောကြောင့် ထုံရွှယ်လူ၏ပါးပေါ်သို့ မျက်ရည်များစီးကျလာသည်ကို မြင်သောအခါ ခေါင်းက မူလထက် နှစ်ဆခန့်ကြီးသွားသည်ဟု ခံစားလိုက်ရသည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ...ငိုနေတာရပ်ပါတော့...အရေးအကြီးဆုံးက မင်းမှားတယ်ဆိုတာကို မင်းကိုယ်တိုင်သိဖို့ပါပဲ...လူတိုင်းက အမှားလုပ်တတ်ကြတာပဲ...ပြီးတော့ မင်းက ငယ်သေးပြီး အမှား အမှန်ကို မသိသေးဘူးဆိုတော့ မင်းရဲ့မိဘတွေလည်း အဖြစ်မှန်ကိုသိရင် ခွင့်လွှတ်ကြမှာပါ..."
ထုံရွှယ်လူက မန်နေဂျာယွီအား မျက်ရည်ဝဲနေသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။
"တကယ်လားဟင်...ကျွန်မမိဘတွေက ကျွန်မကို ခွင့်လွှတ်ကြလိမ့်မယ်လို့ မန်နေဂျာကြီး တကယ်ထင်တာလား..."
မန်နေဂျာယွီက ခေါင်းကို ချက်ချင်းငြှိမ့်လိုက်သည်။
"ဟုတ်တယ်..."
ထုံရွှယ်လူက စိတ်သက်သာရာရသွားသည့်ပုံ ဟန်ဆောင်လိုက်သည်။
"ဒါဆိုရင် ကျွန်မ စိတ်အေးသွားပါပြီ..."
ထုံရွှယ်လူအငိုရပ်သွား၍ မန်နေဂျာယွီလည်း စိတ်အေးသွားရသည်။
မန်နေဂျာယွီသည် ထုံရွှယ်လူအား ယခင်က ကျေးဇူးမသိတတ်သည့်ကောင်မလေးဟု ထင်ထားမိသော်လည်း ယခုတွင် မျက်ရည်များစီးကျ၍ ရင်ဘတ်ထဲမှ ထွက်လာသောစကားများပြောနေသည်ကိုမြင်သောအခါ ထုံရွှယ်လူအပေါ်အထင်မှားမိလေပြီဟု ခံစားနေမိရသည်။
ထို့အပြင် မန်နေဂျာယွီသည် ထုံရွှယ်လူထံမှလည်း ဆေးစာရွက်ကို လက်ခံထားမိပြီဖြစ်သောကြောင့် ထုံရွှယ်လူကို မကောင်းဆက်ပြော၍လည်း မကောင်းတော့ပေ။
ထုံရွှယ်လူသည် မျက်ရည်များကို သုတ်၍ တည်ငြိမ်သောမျက်နှာဖြင့်ပြောလိုက်သည်။
"အတိတ်ကအကြောင်းတွေပြောနေလို့လည်း မထူးတော့ပါဘူး...အခုလောလောဆယ်အှာတော့ ကျွန်မ အလုပ်ကိုကြိုးစားလုပ်ပြီး ကျွန်မရဲ့ မောင်လေးတွေနဲ့ ညီမလေးကိုပဲ စောင့်ရှောက်ပြီးနေချင်ပါတော့တယ်...သူတို့တွေကိုလည်း လူ့အဖွဲ့အစည်းအတွက် တစ်ထောင့်တစ်နေရာက အရေးကြီးတဲ့လူတွေဖြစ်လာစေချင်တယ်...ဒီလိုအလုပ်တွေဆက်လုပ်သွားနိုင်အောင်လို့လည်း ကျွန်မက ရှေ့လျှောက် တည့်မတ်ပေးဖို့ မန်နေဂျာကြီးနဲ့ ဒီအဖွဲ့အစည်းကို တောင်းဆိုချင်ပါတယ်..."
"ကောင်းတယ်...မင်း ဒီလိုအသက်အရွယ်မှာတင် ဒီလိုတွေလုပ်ချင်စိတ်ရှိတာ ငါဝမ်းသာတယ်...ရှေ့လျှောက်လည်း ဒီလို ဆက်လုပ်နိုင်ပါစေ..."
ထုံရွှယ်လူသည်လည်း မန်နေဂျာကြီး၏စကားကြောင့် တက်ကြွသွားလေသည်။
"ဟုတ်ကဲ့ မန်နေဂျာကြီး... ကျွန်မရဲ့ နှလုံးသားနဲ့ စိတ်ကို ဒီစက်ရုံအတွက်..ထုံမိသားစုအတွက် ပုံအပ်ပြီး လုပ်ငန်းစုအင်အားမှာ တက်ကြွတဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ်..."
ထိုစကားကိုကြားသောအခါ မန်နေဂျာယွီလည်း နောက်ဆုံးတွင်တော့ ခေါင်းငြှိမ့်ကာ အံဆွဲကို ဆွဲဖွင့်၍ သေဆုံးခြင်းအကျိုးခံစားခွင့်စာရွက်ကို ထုတ်လိုက်လေသည်။
ယခင်ကတော့ ရွာထဲမှ ထုံမိသားစုဝင်များ လာမှသာ ထိုစာရွက်များကိုပေးရန်စီစဉ်ထားသော်လည်း ထုံရွှယ်လူကိုကြည့်ရသည်မှာ သူထင်ထားသလို ပေါ့ပျက်ပျက်ပုံမပေါက်ပဲ စိတ်ချရလောက်သည့်ပုံပေါက်သောကြောင့် ထုံရွှယ်လူ့ကိုသာပေးရန်ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ထုံရွှယ်လူသည်လည်း ထုံမိသားစုဝင်တစ်ဦးပင်မဟုတ်လား။
မန်နေဂျာယွီ၏ရုံးခန်းထဲမှ သေဆုံးခွင့်အကျိုးခံစားခွင့်များကို ကိုင်၍ ထွက်လာပြီးသောအခါ ထုံရွှယ်လူသည် ဘေးပတ်ဝန်းကျင်၌ လူရှိ မရှိ သေချာကြည့်ပြီးမှ စာအိတ်ကို နှာခေါင်းနားယူ၍ နမ်းလိုက်လေသည်။
ပိုက်ဆံ၏ရနံ့သည် အလွန်ပင် စွဲမက်ဖွယ်ကောင်းလှပေသည်။
သရုပ်ဆောင်ရခြင်းအလုပ်သည်ခက်ခဲ၍ ပင်ပန်းသောကြောင့် ယနေ့တစ်နေ့ အနားယူရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် မန်နေဂျာမာထံသို့ ခွင့်ယူချင်ကြောင်းသွားပြောသောအခါ အလျင်အမြန်ပင် ခွင့်ပြုချက်ရသွားသည်။
ထုံရွှယ်လူ အလုပ်ခွင့်ယူရသည့်အကြောင်းပြချက်မှာ စိတ်မနှံ့တော့သည့်အဖွားအတွက်ပို့ပေးရန် အားရှိသည့် အစားအစာများဝယ်ရန်ဟူ၍ ဖြစ်သည်။
ထိုကဲ့သို့သော သိတတ်ကြင်နာလှသည့်ကိစ္စကိုလုပ်ရန်အတွက် မန်နေဂျာမာလည်း ခွင့်မပေးပဲ မည်သို့ နေနိုင်တော့မည်နည်း။
ထုံရွှယ်လူသည် စက်ရုံထဲမှထွက်လာပြီးသောအခါ အစိုးရပိုင် စားသောက်ဆိုင်ဆီသို့ တန်းဝင်သွားလေတော့သည်။
***
အချိန်က နေ့လယ်စာစားချိန်ကျော်သွားပြီဖြစ်သောကြောင့် စားသောက်ဆိုင်သို့ ထုံရွှယ်လူရောက်သည့်အခါ စားနေသူ မည်သူမှမရှိချေ။
စားသောက်ဆိုင်မှ အလုပ်သမားမိန်းကလေးနှစ်ယောက်က အခန်းတစ်ဖက်၌ထိုင်ကာ စကားပြောနေကြလေသည်။
"မင်္ဂလာပါ ရဲဘော်တို့...ဒီမှာ အသားဟင်းရှိလားဟင်..."
ဆင်းရဲပုံဆောင်နေရသောကြောင့် ခုရက်ပိုင်း ထုံရွှယ်လူချက်စားသောဟင်းများမှာ ဂေါ်ဖီထုပ်နှင့် ပဲသီးများသာဖြစ်သည်။ ထိုသို့ ရိုးစင်းသောဟင်းများကိုစားနေရသောကြောင့် ထုံရွှယ်လူ လဲ၍ပင်သေချင်နေမိသည်။
"အမလေး အမလေး...နေ့လယ်စာစားချိန်ကျော်ပြီးမှ နင်က အသားဟင်းလိုချင်နေတာလား...နင့်စိတ်ကူးထဲမှာပဲရမယ်..."
ဆံပင်တိုတိုနှင့်စားပွဲထိုးက စိတ်မရှည်သည့်ပုံနှင့်ပြောလိုက်သည်။
ထိုကဲ့သို့သော အပြုအမူ၊ စိတ်နေစိတ်ထားနှင့် စားပွဲထိုးမျိုးသည် ယနေ့ခေတ်တွင်ဆိုလျှင်တော့ လူတကာ၏အပြစ်တင်ခြင်းကိုခံရ၍ ဘဝပျက်နေတော့မည်ဖြစ်သော်လည်း ထိုခေတ်အခါတုန်းကတော့ ထိုကဲ့သို့ မောက်မာနိုင်ပေသည်။
ထုံရွှယ်လူလည်း အခြားလူများ၏ ရိုင်းစိုင်းမှုကြောင့် စိတ်ညစ်မနေချင်သောကြောင့် ဘာမှပြန်တုံ့ပြန်မနေတော့ပဲ ဆက်မေးလိုက်သည်။
"ဒါဆို ဘာတွေ ရနိုင်သေးလဲ..."
ဆံပင်ရှည်ရှည်နှင့် စားပွဲထိုးကပြောလိုက်သည်။
"ဒီမှာ ပဲသီးစိမ်းဟင်းချိုနဲ့ စွံပလွံသီးကိတ်မုန့်တော့ရသေးတယ်...ယူမလား..."
"ဟုတ်ကဲ့ ဟုတ်ကဲ့...အဲဒါတွေ ကျေးဇူးပြုပြီး တစ်ခုစီပေးပါနော်..."
ဆံပင်ရှည်နှင့်စားပွဲထိုးက ထုံရွှယ်လူကိုပြောလိုက်သည်။
"ပဲသီးစိမ်းဟင်းချိုက ၀.၁၁ ယွမ် နဲ့ စွံပလွံသီးကိတ်မုန့်က ၀.၂၀ ယွမ်ရယ် ထမင်းစားလက်မှတ်နှစ်စောင်နဲ့ သကြားလက်မှတ်တစ်စောင်ကျတယ်..."
ထိုဈေးမှာ အလွန်သက်သာသော ဈေးနှုန်းဖြစ်သည်။
ထုံရွှယ်လူလည်း အိတ်ထဲမှာ ပိုက်ဆံနှင့် လက်မှတ်များကို အမြန်ဆွဲထုတ်လိုက်သည်။
ဆံပင်ရှည်နှင့်စားပွဲထိုးကလည်း ထုံရွှယ်လူ့ထံမှ ပိုက်ဆံနှင့် လက်မှတ်များကို လက်ခံယူကာ အစားအသောက်များယူလာပေး၍ ချက်ချင်းပင် ယခင်နေရာသို့ပြန်သွား၍ စကားထိုင်ပြောနေလေတော့သည်။
ပဲသီးစိမ်းဟင်းချိုက အရသာသိပ်မရှိသော်လည်း စွံပလွံသီးကိတ်မုန့်ကတော့ မဆိုးလှပေ။
ထုံရွှယ်လူသည် စားနေရင်းဖြင့် ခေါင်းထဲမှလည်း စဉ်းစားနေလေသည်။