အပိုင်း ၂၀
Viewers 14k

Chapter 20

 - သူမ၏ဒုက္ခများအကြောင်းပြောလျှင် သုံးရက်သုံးညပင်ပြီးမည်မဟုတ်ချေ(၂)



နောက်တစ်ရက် နှစ်ရက်ဆိုလျှင် ပေဟယ်မှလူများက စာရကြလောက်ပြီဖြစ်၍ ပေဟယ်မှ မြို့တော်သို့လာရန် တစ်ရက်နှင့်တစ်ညသာကြာသည်။ ထို့ကြောင့် နောက်အပတ်လောက်ဆိုလျှင် ပေဟယ်မှလူများ ဤသို့ရောက်လာကြလောက်ပြီဖြစ်သည်။ ထုံရွှယ်လူသည် ယခုဆိုလျှင် အိမ်ထောင်စာရင်းလည်း လုပ်ပြီးကာ သေဆုံးခြင်းအကျိုးအမြတ်များလည်း လက်ဝယ်ပိုင်ထားပြီဖြစ်၍ အလုပ်တစ်နေရာကိုလည်းရောင်းလိုက်ပြီဖြစ်သောကြောင့် သူမ လုပ်ရမည့်အလုပ်များ အကုန်ပြီးပြတ်နေပြီဖြစ်သည်။


ထို့ကြောင့် ယခုအချိန်တွင် ထုံရွှယ်လူသည် လူသိပ်မပင်ပန်းပဲ သက်သက်သာသာလုပ်နိုင်မည့် အလုပ်တစ်ခုကိုရလျှင် အတိုင်းထက်အလွန် ကောင်းတော့မည်ဖြစ်သည်။


ထိုအချိန်တွင် ရုတ်တရက် အနောက်မှ စားပွဲထိုးမိန်းကလေးနှစ်ယောက် စကားပြောနေကြသည်ကို ကြားလိုက်ရသည်။


 --


"ဘာဖြစ်လို့ နင့်ရဲ့အစ်မဝမ်းကွဲက နင်နဲ့ အလုပ်နေရာ လဲ‌ချင်ရတာလဲ...နင်တို့နှစ်ယောက်လုံးက အစိုးရပိုင်စားသောက်ဆိုင်တွေမှာလုပ်နေကြတာပဲကို...ဘာထူးမှာလဲ..."


ဆံပင်ရှည်နှင့် စားပွဲထိုးမိန်းကလေးက သက်ပြင်းချ၍ ပြောလိုက်သည်။


"ငါ့အစ်မရဲ့ ယောက္ခမနဲ့ ယောင်္ကျားက သူ့ကို တစ်ချိန်လုံးရိုက်နေကြတာ...အဲဒါကြောင့် အိမ်နဲ့ဝေးတဲ့နေရာမှာ အလုပ်လုပ်ရရင် အိမ်မှာနေစရာမလိုတော့ပဲ အရိုက်လည်းမခံရတော့မလားလို့လေ..."


ထိုစားပွဲထိုးမိန်းကလေးသည်လည်း သူမ အစ်မကို သနားသော်လည်း သူမ၏မိသားစုအကုန်လုံးက ဤနေရာ၌ နေကြခြင်းဖြစ်သည်။ ထို့အပြင် မြို့ထဲ၌လည်း နေစရာမရှိချေ။ ထိုမြို့ထဲမှအလုပ်ကိုလုပ်မည်ဆိုလျှင် အိမ်ငှားနေနေရမည်လား။


"နင်က သူနဲ့ အလုပ်လဲပေးဖို့ သဘောတူလိုက်တယ်ဆိုရင်တောင်မှ သူ့ယောက္ခမနဲ့ ယောင်္ကျားက လာခွင့်ပေးမယ်မထင်ပါဘူး..."


"ဟုတ်တယ်...နင်ပြောတာမှန်ပါတယ်...မနေ့ကပဲ သူ ငါ့ကို ဖုန်းဆက်ပြီး မလဲတော့ဘူးပြောတယ်...နောက်မှ ငါ့အမေပြောတာ...အစ်မက လဲဖို့စိတ်ကူးရှိတယ်လို့ပဲပြောရသေးတယ် သူ့ယောင်္ကျားက ထပ်ရိုက်လို့တဲ့လေ..."


ထုံရွှယ်လူက မျက်လုံးဝေ့လိုက်သည်။


အစိုးရပိုင်စားသောက်ဆိုင်ဆိုပါလား...


ထိုအလုပ်သည် အလွန်ကောင်းမည့်အလုပ်ဖြစ်သည်။ ပင်လည်းမပင်ပန်းသည့်အပြင် အစားအသောက်ကောင်းများလည်း နေ့တိုင်းစားရမည်ဖြစ်သည်။


ထို့အပြင် ထုံရွှယ်လူက ဟင်းချက်ရသည်ကိုကြိုက်သည်မလား။ ထိုအလုပ်သည် သူမအတွက် အသင့်တော်ဆုံးအလုပ်ဖြစ်ပေလိမ့်မည်။


ထုံရွှယ်လူသည် သူမ၏ စွံပလွံသီးကိတ်မုန့်ကို ကုန်အောင်စားလိုက်၍ နောက်ထပ်ပြဇာတ်တစ်ပုဒ်ကရန် အဆင်သင့်ပြင်လိုက်သည်။


"ဒုန်း..."


စားသောက်ဆိုင်ထဲ၌ ကျယ်လောင်သောအသံကြီးတစ်ခုမြည်သွားသည်။


ထုံရွှယ်လူက စားပွဲပေါ်ကို လက်ဝါးနှင့်ရိုက်ချလိုက်ခြင်းဖြစ်သည်။


"ဒါတော့ တော်တော်လွန်သွားပြီ..."


စားပွဲထိုးနှစ်ယောက်: "? ? ?..."


ဤခေတ်အခါတွင် ဤကဲ့သို့ ရိုင်းစိုင်းလွန်းသည့်လူမျိုး ရှိနေသေးသည်လား။


ဆံပင်တိုတိုနှင့်စားပွဲထိုးဖြစ်သူ ချန်တနီက မတ်တပ်ရပ်ကာ ခါးထောက်၍ ထုံရွှယ်လူကိုအော်ပြောလိုက်သည်။

"နင့်ကိုယ်နင် ဘာလုပ်နေတယ်လို့ထင်နေတာလဲ...ဒီစားပွဲကျိုးသွားရင် နင်လျော်မှာလား..."


ထုံရွှယ်လူက ဒေါသထွက်နေသောမျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။


"ကျွန်မတောင်းပန်ပါတယ် ရဲဘော်တို့...ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးဖို့ ကျွန်မမှာ စိတ်ကူးမရှိပါဘူး...ရဲဘော်တို့ပြောနေတဲ့စကားကိုကြားပြီး ကျွန်မ အရမ်းဒေါသထွက်သွားမိလို့ပါ..."


"မိန်းမတစ်ယောက်အနေနဲ့ ကျွန်မတို့က ကလေးမွေးပြီး ကလေးကို ပြုစုပျိုးထောင်ရရုံသာမကဘူး...ကိုယ်ဝန်ရှိနေချိန်မှာတောင်မှ အလုပ်ကိုသွားရတယ်...အဲဒါအပြင် အိမ်တစ်ခုလုံးနဲ့ အိမ်ကလူတွေအတွက်လည်း ကိစ္စအားလုံးကို လုပ်ပေးရသေးတယ်...အဲဒီလိုတွေလုပ်ပေးတာကိုတောင်မှ ကျေးဇူးမတင်တဲ့အပြင် လူတိုင်းရဲ့ အပြောအဆို အဆဲအဆိုကိုလည်းခံရသေးတယ်...အဲဒါကြောင့် ရဲဘော်ရဲ့ ဝမ်းကွဲအစ်မအကြောင်းကိုကြားရတော့ ကျွန်မ စိတ်မကောင်းလည်းဖြစ် ဒေါသလည်းထွက်သွားမိတာပါ..."


စကားဆုံးခါနီးတွင် ထုံရွှယ်လူက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သောကြောင့် အကြောများပင် ထင်းနေလေသည်။ ထုံရွှယ်လူကိုကြည့်ရသည်မှာ တစ်‌စုံတစ်ယောက်ကို ထထိုးတော့မည့်ပုံနှင့်တူနေသည်။


ယခုထိ အိမ်ထောင်မကျသေးသော ဆံပင်ရှည်နှင့် စားပွဲထိုးဖြစ်သူ ဟွမ်ရှန်းလန်က ထုံရွှယ်လူပြောသည်ကို သိပ်သဘောမပေါက်သော်လည်း ချန်တနီကတော့ ထိုစကားများကို လုံးဝသဘောပေါက်လေသည်။


ချန်တနီ၏ယောင်္ကျားနှင့် ယောက္ခမတို့က မရိုက်နှက်ကြသော်လည်း သူမကို ကြည်ဖြူကြသည်တော့မဟုတ်ပေ။


ချန်တနီ သမီးနှစ်ယောက် မွေးပြီးချိန်မှစ၍ ယောက္ခမကြီးက သူမကို သဘောမကျနိုင်တော့ပေ။ ချန်တနီက တင်ပဆုံကြီးသောကြောင့် သားယောက်ျားလေးမွေးမည်ထင်ခဲ့သော်လည်း အခုတော့ ဘာမှသုံးစားမရသည့် မိန်းကလေးများကိုသာမွေးနေသည်ဟု တဖွဖွပြောနေလေ‌တော့သည်။


ဒုတိယသမီးလေးကိုမွေးပြီးစဉ်တုန်းက တစ်လတောင် မနားရပဲ အလုပ်ပြန်သွားရကာ အေးစက်သည့်ဆောင်းရာသီ၌ မနက်အစောကြီးထ၍ တစ်မိသားစုလုံး၏အဝတ်များကို လျှော်ရသည်ကိုလည်း ပြန်အမှတ်ရနေမိသည်။ ထိုအချိန်မှစ၍ ချန်တနီ၏ကျန်းမာရေး ချို့ယွင်းလာခြင်းဖြစ်သည်။ ယခုဆိုလျှင် ရာသီလာသည့်အခါတိုင်း အလွန်နာကျင်ကိုက်ခဲသည့်ဝေဒနာကို ခံစားနေရသည်။


နောက်ဆုံး သားလေးမွေးပြီးမှသာ ယောက္ခမကြီးက သူ့သားကို နောက်မိန်းမယူခိုင်းနေသည်ကို ရပ်တော့သည်။ သူ့ယောင်္ကျားကလည်း ဘာမှမထူးပေ။ အပြင်၌ အဆင်မပြေဖြစ်လာတိုင်း သူ့ဒေါသများကို ချန်တနီပေါ် ပုံချတတ်သည်။


ချန်တနီ၏ကံဆိုးမှုများကို ပြောနေရလျှင် သုံးရက်သုံးညပြောလျှင်တောင် ကုန်တော့မည်မဟုတ်ပါချေ။


ချန်တနီသည် မျက်နှာတည်တည်နှင့် ခါးထောက်နေရာမှ ချက်ချင်းပင်ပုံစံပြောင်းသွားသည်။


"ရဲဘော်...နင့်စကားတွေက ဒီ့ထက်ပိုပြီး မမှန်နိုင်တော့ဘူး...မိန်းမဖြစ်ရတာ တကယ်ကို ခက်ခဲပင်ပန်းတာပဲ..."

ထိုစားပွဲထိုးကိုကြည့်ရသည်မှာ ထုတ်မပြောသည့် ဇာတ်လမ်းတစ်ခုခုတော့ရှိပုံရသည်ဟု ထုံရွှယ်လူတွေးနေမိသည်။


ထုံရွှယ်လူသည် သူမနားသို့လျှောက်သွား၍ ခံစားချက်များစွာဖြင့် ခေါင်းညိတ်လိုက်သည်။


"ဟုတ်တယ်မဟုတ်လား...ကျွန်မတို့မိန်းမ‌တွေက ကြက်တွေထက်ပိုစောအောင်ထရတယ်...ခွေးတွေထက်ပိုနောက်ကျပြီး အိပ်ယာဝင်ရတယ်...စားတော့လည်း ဝက်တွေရဲ့စားကြွင်းစားကျန်လောက်ပဲစားရပြီး နွားတွေထက် ပိုပြီး ပင်ပင်ပန်းပန်းအလုပ်လုပ်ရတယ်...ပြီးတော့လည်း ပွဲတော်ရက်တွေမှာဆိုရင် စားပွဲမှာတောင်ထိုင်ခွင့်မရှိဘူး..."


ဟွမ်ရှန်းလန်က ခုနတုန်းက ထုံရွှယ်လူပြောနေသည်များကို သိပ်နားမလည်သော်လည်း စကားဆုံးသောအခါ သူမ၏အမေသည်လည်း နှစ်သစ်ကူးဆိုလျှင် မိုးမလင်းခင်တည်းကထ၍ ကျွန်တစ်ယောက်ကဲ့သို့ တစ်‌နေကုန် ချက်ပြုတ်အလုပ်လုပ်ရသည့်တိုင်အောင် စားပွဲ၌ ထိုင်ခွင့်မရချေ။ ဟွမ်ရှန်းလန်လည်း စဉ်းစားရင်းဖြင့် အမေ့ကို စာနာသနားမိသွားသည်။


ပြီးလျှင် သူမ၏ဝမ်းကွဲအစ်မလည်း ထိုနည်းတူပင်ဖြစ်သည်။ အစ်မလည်း ဟယ်မိသားစု၏သားနှင့် လက်ထပ်ပြီးတည်းက တစ်ရက်မှ စိတ်ချမ်းချမ်းသာသာနေရသည်ဟူ၍ မရှိချေ။ နေ့စဉ်အရိုက်ခံနေရသည်က သာမာန်ကဲ့သို့ ဖြစ်နေပေပြီ။


ထို့ကြောင့် ဟွမ်ရှန်းလန်လည်း အခြားမိန်းကလေးနှစ်ယောက်ပြောနေသည်ကို ခေါင်းညိတ််ထောက်ခံနေမိသည်။

ဟုတ်တယ်...မိန်းမဖြစ်ရတာ တကယ်ကို မကောင်းတာပဲ...


ထုံရွှယ်လူက ဆက်ပြောလိုက်သည်။

"အမျိုးသမီးတွေက ကောင်းကင်ကိုတောင် ထမ်းထားနိုင်တယ်လို့ ကျွန်မတို့ရဲ့ခေါင်းဆောင်ကြီးက ပြောထားတယ်မလား...အဲဒါကို ဘာဖြစ်လို့ ယောင်္ကျားတွေက မိန်းမတွေကို အခုလိုမျိုး ဆက်ဆံနေရသေးတာလဲ...ကျွန်မဆုံးဖြတ်လိုက်ပြီ...အဲဒီ ဒုက္ခရောက်နေတဲ့ အလုပ်သမားအစ်မကို ကျွန်မ ကူညီပေးတော့မယ်..."


ဟွမ်ရှန်းလန်က အနည်းငယ် လန့်သွားမိသည်။

"ရှင်က ကျွန်မ အစ်မကို ကူညီပေးမယ် ဟုတ်လား..."


ချန်တနီသည်လည်း ဘာပြောရမည်မသိဖြစ်သွားသည်။


ယခုကဲ့သို့ အမျိုးသမီးတစ်ယောက် ဒုက္ခရောက်နေသည်ကို စိတ်မကောင်းဖြစ်သည်မှန်သော်လည်း ထိုကိစ္စက အခြားမိသားစုတစ်ခု၏ကိစ္စမဟုတ်လား။ သူတို့ ဘာများဝင်ပါနိုင်မည်နည်း။


ထုံရွှယ်လူက ခေါင်းငြှိမ့်လိုက်သည်။


"ကျွန်မရဲ့အဖေက PLA လောင်စာဆီထောက်ပို့ဌာနက ဒါရိုက်တာနဲ့ အမေက အမျိူးသမီးအဖွဲ့ချုပ်က ဒါရိုက်တာပါ...ကျွန်မအစ်ကိုနှစ်ယောက်လုံးနဲ့ သူတို့မိန်းမတွေကလည်း အကုန် အစိုးရဝန်ထမ်းတွေကြီးပဲ...ကျွန်မ အကူအညီတောင်းလိုက်ရုံနဲ့ အစ်မ ဝမ်းကွဲအစ်မရဲ့ ယောက္ခမနဲ့ ယောင်္ကျားကို ကောင်းကောင်းသင်ခန်းစာပေးနိုင်မှာ..."


ထုံရွှယ်လူ၌ ထိုကဲ့သို့ နောက်ခံကောင်းကောင်းရှိမှန်း ချန်တနီနှင့် ဟွမ်ရှန်းလန်တို့မသိကြချေ။ ထို့ကြောင့် နှစ်ယောက်လုံး အံ့ဩသွားကြသည်။


ဟွမ်ရှန်းလန်သည် သူမ အစ်မ၏ ယောက္ခမနှင့် ယောင်္ကျားတို့ကို သင်ခန်းစာပေးချင်သော်လည်း သူမ ဝင်၍ ဆုံးဖြတ်ပေးလို့ရသည့်နေရာမဟုတ်ချေ။


ဟွမ်ရှန်းလန် ချီတုံချတုံဖြစ်နေသည်ကို ထုံရွှယ်လူက ချက်ချင်းသတိထားလိုက်မိ၍ ပြောလိုက်သည်။

"ဒါဆိုရင် ဒီလိုလုပ်ကြမလား...အစ်မရဲ့ အစ်မအလုပ်လုပ်တဲ့နေရာလိပ်စာကို ကျွန်မကိုပေးလေ...ကျွန်မကိုယ်တိုင်သူ့ကိုသွားပြောလိုက်မယ်...သူသဘောတူတယ်ဆိုရင် ကျွန်မ ကူညီလိုက်မယ်...သဘောမတူဘူးဆိုရင်လည်း သူ့ရဲ့ဆန္ဒကို ကျွန်မ လိုက်နာလိုက်ပါမယ်...အဲဒါဆိုရင် ဘယ်လိုလဲ..."


ဟွမ်ရှန်းလန်၏မျက်လုံးများ အရောင်တောက်သွားကြသည်။


"အဲဒါ အရမ်းကောင်းတဲ့အကြံပဲ...ကျေးဇူးတင်ပါတယ် ရဲဘော်..."


***


စားသောက်ဆိုင်မှ ထွက်လာပြီးသောအခါ ထုံရွှယ်လူသည် ဟွမ်ရှန်းလန်ပေးသော လိပ်စာဆီသို့ ကားစီးသွားလိုက်သည်။


ထင်ထားသည့်အတိုင်းပင် ယနေ့ စုရှူယင် အလုပ်သို့ မလာဟု ဆီးပြောခြင်းခံလိုက်သည်။


မြို့ထဲမှ အစိုးရပိုင်စားသောက်ဆိုင်မှ စားပွဲထိုးက အထိုးခံထားရ၍ ယောင်ကိုင်းနေသော မျက်လုံးနှင့် မနာလိုသောအကြည့်ဖြင့် ထုံရွှယ်လူကို လှမ်းကြည့်လိုက်သည်။

"အစ်မရှူယင်နဲ့ ဘယ်လိုအမျိုးတော်တာလဲ...မင်းအကြောင်းကို တစ်ခါမှပြောသံမကြားဖူးဘူး..."


ထုံရွှယ်လူက သူမ၏ စစ်တပ်လွယ်အိတ်ထဲမှ နို့သကြားလုံးအနည်းငယ်ကို ယူ၍ စားပွဲထိုးအမျိုးသမီး၏လက်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် ပြုံးကာ ပြောလိုက်သည်။


"ကျွန်မက သူ့ညီမဝမ်းကွဲရဲ့ မိတ်ဆွေပါ...သူ့ညီမက အစ်မရှူယင်အတွက် သတင်းစကားလေးပါးလိုက်လို့ပါ...သူက ဒီနေ့ခွင့်ယူထားတယ်ဆိုတော့ ဒုက္ခပဲ...ကျွန်မ ဘယ်လိုလုပ်ရတော့မလဲ..."


စားပွဲထိုးအမျိုးသမီးသည် အစတုန်းကတော့ ထုံရွှယ်လူ၏ရုပ်ရည်ကိုကြည့်၍ မနာလိုဖြစ်နေသော်လည်း နို့သကြားလုံးအနည်းငယ်ရပြီးသောအခါ ထုံရွှယ်လူကိုကြည့်ရသည်မှာ အမြင်ကတ်စရာဖြစ်မနေတော့ချေ။


"အရေးကြီးတယ်ဆို သူ့ရဲ့ လိပ်စာပေးလိုက်မယ်လေ..."


ထုံရွှယ်လူက ဝမ်းသာအားရပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ရဲဘော်...ကျွန်မ တကယ်ကို ကျေးဇူးတင်ပါတယ်..."


စုရှူယင်သည် အစိုးရပိုင်စားသောက်ဆိုင်နှင့် အနည်းငယ်လှမ်းသောနေရာတွင်နေ၍ ထိုနေရာသို့ရောက်အောင် ထုံရွှယ်လူသည် လူတော်တော်များများကို မေးမြန်းလာရလေသည်။


စကျင်ကျောက်များခင်းထားသော လမ်းကြားလေးထဲသို့ ထုံရွှယ်လူလျှောက်လာချိန်တွင် အမျိုးသမီးတစ်ယောက်၏ အော်ဟစ်ငိုယို၍ အကူအညီတောင်းသံ၊ ယောင်္ကျားတစ်ယောက်၏ဒေါသတကြီးအော်ဟစ်သံနှင့် ကလေးများ၏ငိုယိုနေသံများကိုကြားလိုက်ရသည်။


လန့်သွားသောထုံရွှယ်လူက ခြေလှမ်းကိုပိုမြန်လိုက်သည်။


လမ်းကွေ့ကိုချိုးဝင်လိုက်သောအခါ ထုံရွှယ်လူသည် အရပ်မြင့်မြင့် တုတ်တုတ်ခိုင်ခိုင်လူတစ်ဦးက အမျိုးသမီးတစ်ဦးကို ကန်နေသည်ကို မြင်လိုက်ရသည်။


အမျိုးသမီးသည် ထောင့်တစ်နေရာ၌ ကွေးကွေးလေးဖြစ်နေ၍ ဆံပင်များကလည်းရှုပ်ပွကာ ခေါင်းကလည်း တစ်ခုခုနှင့်ထိထားပုံပေါ်ကာ သွေးများစီးကျနေသည်။ အင်္ကျီရင်ဘတ်နားတွင်လည်း သွေးများပေနေသည်။


အမျိုးသမီးသည် ယောင်္ကျားကြီးကို ပြန်ခုခံမနေသော်လည်း ရင်ခွင်ထဲ၌‌ရှိနေသော ကလေးကို မထိခိုက်စေရန် ပွေ့ဖက်ကာကွယ်ပေးထားလေသည်။


ထုံရွှယ်လူက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိလေသည်။