အပိုင်း ၂၁
Viewers 21k

Chapter 21

နေ့လယ်က နင့်အဖွား စက်ရုံကိုဖုန်းခေါ်လာတယ်! 



ထုံရွှယ်လူ ဤနေရာသို့လာရန်ဆုံးဖြတ်လိုက်စဉ်က စုရှူယင်နှင့် အလုပ်နေရာလဲရန်သာဖြစ်သည်။ သို့သော် ယခုတွင်တော့ အလုပ်နေရာလဲရန်ကို မစဉ်းစားနိုင်တော့ပဲ ထိုယောင်္ကျားကြီးကိုသတ်ချင်စိတ်များသာပေါ်နေတော့သည်။ ထုံရွှယ်လူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်ပြီးမှ ပြေးလိုက်ကာ အော်ပြောလိုက်သည်။


"ဒီမှာပါ ရဲဘော်ရဲတို့...ရှေ့နည်းနည်းဆက်သွားရင်ရောက်ပါပြီ...ဒီနားမှာ မိန်းမတစ်ယောက် အော်သံနဲ့ ယောင်္ကျားတစ်ယောက် အော်ဟစ်နေတာ ကျွန်မကြားခဲ့တယ်...မြန်မြန်လာကြပါရှင်..."


ဟဲပေါင်ကန်းက ထိုစကားများကိုကြားသော စုရှူယင်ကို ကန်မည်လုပ်နေသော ခြေတစ်ဖက်က လေထဲ၌ တန့်သွားသည်။ ထို့နောက် လည်ပင်းကိုဆန့်၍ လမ်းကြားထဲသို့ လှမ်းကြည့်လိုက်သည်။


‌အဝေးမှတဖြည်းဖြည်းနီးလာသော ခြေသံများမှလွဲ၍ ဘာမှမတွေ့သော်လည်း "ရဲဘော်ရဲ" ဟု ပြောလိုက်သည့်အသံက ဟဲပေါင်ကန်းကို တုန်လှုပ်သွားစေသည်။ 


"ဒီတစ်ခေါက်တော့ မင်းကံကောင်းသွားတယ်မှတ်...နောက်တစ်ခါ ငါ့ကိုပြန်ပြောရင် မင်းသေပြီသာမှတ်..."


ဟဲပေါင်ကန်းသည် စုရှူယင်အား နောက်တစ်ချက် ပြင်းထန်စွာ ထပ်ကန်လိုက်ပြီးမှ လှည့်ထွက်ကာ ပျောက်ကွယ်သွားတော့သည်။ ဟဲပေါင်ကန်းကို မမြင်ရတော့သည့်အချိန်မှ ထုံရွှယ်လူက လမ်းထောင့်မှ ထွက်လာလိုက်သည်။


"အစ်မက အစ်မရှူယင်ထင်တယ်...အစ်မ အဆင်ပြေရဲ့လား..."


စုရှုယင်က အရိုက်ခံထားရသောကြောင့် နာကျင်ကာ မူးဝေနေသည်။


ထုံရွှယ်လူက သူမနာမည်ခေါ်လိုက်သည်ကို ကြားသောအခါ စုရှူယင်က ဖြည်းညှင်းစွာ မော့ကြည့်လိုက်၍ သူမ မမြင်ဖူးသည့် မျက်နှာကို မြင်သောအခါ မေးလိုက်သည်။

"ကျွန်မကို...သိတာလား..."


ထုံရွှယ်လူက ခေါင်းငြှိမ့်လိုက်သည်။

"ကျွန်မက အစ်မရဲ့ ညီမဝမ်းကွဲ ဟွမ်ရှန်းလန်ရဲ့ မိတ်ဆွေပါ...ဒီအကြောင်းတွေက နောက်မှပြောလို့ရပါတယ်...အစ်မကို အခု ကျွန်မ ဆေးရုံခေါ်သွားမယ်..."


စုရှုယင်က ခေါင်းကိုခါလိုက်သည်။

"ရပါတယ်...ကျွန်မ ဘာမှမဖြစ်ပါဘူး..."


စုရှုယင်၌ ငွေကြေးတစ်ပြားတစ်ချပ်မှမရှိသောကြောင့် ထိုသို့ပြောနေခြင်းဖြစ်သည်ဟု ထုံရွှယ်လူသိလိုက်သည်။

"အစ်မရှူယင်...ကိုယ့်ဘာသာကိုယ်အတွက် မစိုးရိမ်ရင်တောင်မှ ကလေးကိုတော့ ဒဏ်ရာရှိ မရှိ စစ်ဆေးပေးသင့်ပါတယ်..."


စုရှူယင်၏ရင်ခွင်ထဲမှ ကလေးလေးက မျက်လုံးကိုမှိတ်ထားကာ မျက်နှာကလည်း စက္ကူကဲ့သို့ ဖွေးဆုတ်နေလေသည်။ စုရှူယင် အကန်ခံနေရချိန်တုန်းက ကလေးက သတိလစ်သွားဟန်တူသည်။


ကလေး သတိလစ်သွားသည်ကို ယခုမှမြင်သော စုရှူယင်သည်လည်း ထိုအခါမှပင် လန့်ဖြန့်သွား၍ ကလေးကို ဖက်ကာ ကုန်းထရန်ကြိုးစားလိုက်သည်။ သို့သော် အားနည်းလွန်းနေ၍ ထမရဖြစ်နေသည်။


ထုံရွှယ်လူလည်း စုရှူယင်ကို အမြန်ဆွဲထူလိုက်၍ ကလေးကို လှမ်းချီကာ နှစ်ယောက်လုံးကို ဆေးရုံသို့ ခေါ်သွားလိုက်တော့သည်။


***


စုရှူယင်၏တစ်ကိုယ်လုံး၌ အညိုအမည်းဒဏ်ရာများဖြင့် ပြည့်‌နေသော်လည်း ဆရာဝန်အား သူမ၏နှဖူးမှ ဒဏ်ရာကိုသာ ကုခိုင်းလေသည်။


စုရှူယင်၏သမီးလေး ဟဲရှောင်ချိုးတွင်တော့ မည်သည့်ဒဏ်ရာမှမရှိသော်လည်း သတိပြန်လည်လာသည့်အချိန်တွင်တော့ ကလေးက အလွန်ကြောက်လန့်ကာ တုန်ယင်နေသည်။


ဆရာဝန်နှင့်ပြပြီးသောအခါ ထုံရွှယ်လူတို့ ဆေးရုံထဲမှ ပန်းခြံလေးထဲ၌ ထိုင်လိုက်ကြသည်။


ထုံရွှယ်လူက စုရှူယင်ကို တွဲ၍ ခုံ‌တန်းပေါ်ထိုင်စေလိုက်ကာ မေးလိုက်သည်။

"အစ်မရှူယင်...အခု အစ်မဘာလုပ်မှာလဲ..."


စုရှုယင်က ဖူးယောင်နေသောမျက်နှာဖြင့် မည်သည့်ခံစားချက်မှမပါပဲ လှည့်ကြည့်လိုက်သည်။


သူမ၌ ဘာရွေးချယ်မှုများ ရှိပါသနည်း။ အခြေအနေက မည်မျှပင် ဆိုးနေစေကာမူ အံကြိတ်၍ သည်းခံနေရုံသာရှိသည်မဟုတ်လား။


စုရှူယင်သည် သူမက ကံဆိုးသောလူတစ်ယောက်ဟု ခံယူရုံမှလွဲ၍ အခြားလုပ်စရာလမ်းမရှိချေ။


ထုံရွှယ်လူက စုရှုယင်၏မျက်နှာကိုမြင်သောအခါ သူမ၏အတွေးများက သိလိုက်သည်။

"အစ်မရှုယင်...ကွာရှင်းဖို့ကို မစဉ်းစားမိဘူးလားဟင်...အစ်မမှာ အလုပ်လည်းရှိပြီး အစ်မကိုယ်တိုင်နဲ့ ကလေးကို ထောက်ပံ့နိုင်နေတာပဲ...ဘာဖြစ်လို့များ ဒီလိုအခြေအနေမှာ နေချင်နေရတာလဲ..."


စုရှူယင်က ခြောက်သွေ့နေသော သူမ၏နှုတ်ခမ်းများကိုတင်းတင်း‌စေ့ကာ ဘာမှပြန်မပြောချေ။


ကွာရှင်းဖို့တဲ့လား။


စုရှူယင်သည် ကွာရှင်းချင်သော်လည်း ထိုအကြောင်းကို စကားစလိုက်မိသည်နှင့် ဟဲပေါင်ကန်းက သူမကိုရိုက်လိုက်သည်မှာ စုရှုယင်တစ်ယောက် အိပ်ယာထဲမှ သုံးရက်ခန့်မထနိုင်ဖြစ်သွားလေသည်။


ထို့အပြင် သူမ၏မိသားစုမှ မည်သူကမှလည်း သူမ ကွာရှင်းမည်ကို သဘောမတူကြချေ။ သူမသာ ကွာရှင်းလိုက်လျှင် မိသားစု အရှက်ရမည်ဖြစ်၍ ကွာရှင်းလိုက်ပါက အိမ်သို့ ဘယ်တော့မှ ပြန်မလာရန် အမိန့်ပေးထားလေသည်။


ထိုမျှမက သူမ ကွာရှင်းလိုက်လျှင် သူမ၏သမီးလေးကရော မည်သို့ဖြစ်မည်နည်း။


ဟဲမိသားစုသည် သမီးလေးကို စုရှူယင်ခေါ်သွားခွင့်ကို လုံးဝပေးမည်မဟုတ်သလို စုရှူယင်ကလည်း သမီးလေးကို ထိုမိသားစုထဲ၌ မထားခဲ့‌ချင်ပေ။


ထို့ကြောင့် ကွာရှင်းမည်လားဟု မေးလျှင် လုံးဝ ကွာရှင်းနိုင်မည်မဟုတ်ချေ။


ထုံရွှယ်လူက သက်ပြင်းချကာပြောလိုက်သည်။

"အစ်မရှူယင်...ဒါ ကျွန်မ ဝင်ပါရမယ့်ကိစ္စမဟုတ်ပေမယ့် အစ်မ ဒီလိုမတရားခံစားနေရတာကို ကျွန်မ မခံနိုင်လို့ပါ...အရင်ခေတ်မှာနေနေကြရင်တော့ ဟုတ်တာပေါ့...ဒါပေမယ့် အခုက ခေတ်သစ်ကို ရောက်နေပြီလေ...ကျွန်မတို့ရဲ့ ခေါင်းဆောင်ကြီးကိုယ်တိုင်က မိန်းမတွေက ကောင်းကင်တစ်ဝက်ကို ထမ်းနိုင်တယ်လို့ပြောထားတာပဲ...အစ်မက လှလည်းလှတယ် ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်စွမ်းလည်းရှိတယ်...သူတို့တွေ အစ်မကို ဒီလိုဆက်ဆံနေကြတာကို ဘာလို့ ငြိမ်ခံနေမှာလဲ..."


စုရှူယင်သည် ခုနကအထိ မျက်ရည်မကျအောင်ထိန်းထားသော်လည်း ထုံရွှယ်လူ၏စကားများကြောင့်မခံနိုင်တော့ပဲ ခံစားမျိုသိပ်ထားရသမျှ ဝမ်းနည်းမှုများအားလုံး ပွင့်အန်ထွက်လာကြတော့သည်။


ဟဲပေါင်ကန်းနှင့် လက်မထပ်ခင်ကဆိုလျှင သူမသည် စက်ရုံ၌ အလှဘုရင်မဖြစ်သည်။ ဟဲပေါင်ကန်းသာ စုရှူယင်အပေါ် ကောင်းပါမည်ဟု ကတိမပေးခဲ့ပါက သူမသည် ဟဲပေါင်ကန်းအား လုံးဝရွေးချယ်ခဲ့မည်မဟုတ်ချေ။


သူမတို့ လက်ထပ်ပြီးသည့်အခါတွင်တော့ အရာရာ ပြောင်းလဲသွားခဲ့သည်။ စုရှူယင်အား ဟဲပေါင်ကန်း ပထမဆုံးရိုက်ခဲ့သည့်အခါက စုရှူခယင်က သူမ၏အဝတ်အစားအသစ်များကို ယောင်းမအား ပေးမဝတ်စေချင်တုန်းကဖြစ်သည်။ ဒုတိယအချိန်က ယောက္ခမကြီးက သူမကို အော်နေချိန်တွင် ပြန်ပြောမိသောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင်တော့ အရိုက်ခံရသည့်အကြိမ်ကများလာသောကြောင့် အကြောင်းရင်းများကိုပင် မမှတ်မိတော့ချေ။


စုရှူယင်သည် လက်ထပ်ပြီး၍ သုံးနှစ်ကြာသည်အထိ ကိုယ်ဝန်မရသောကြောင့် ယောက္ခမကြီးက အသုံးမကျသည့်ကြက်အမြုံမဟု ခေါ်လေသည်။ စုရှုယင်က ဆေးရုံသို့ သွား၍ ဆရာဝန်နှင့် တိုင်ပင်ကြည့်သောအခါ စုရှူယင်၌ ဘာပြဿနာမှမရှိဟု ဆရာဝန်ကပြောသည်။ ထို့ကြောင့် သူမယောင်္ကျား၌သာ ပြဿနာတစ်ခုခုရှိသောကြောင့်ဟု စုရှူယင်ထင်မိသည်။ ထိုအကြောင်းကို ဟဲပေါင်ကန်းအားပြော၍ ဆေးရုံ၌ သွားစစ်ဆေးရန်တိုက်တွန်းမိသောအခါတွင်လည်း သူမအရိုက်ခံခဲ့ရသေးသည်။


ထိုအကြိမ်တုန်းက စုရှူယင် အလွန်ပြင်းထန်စွာရိုက်ခံခဲ့ရကာ သွားနှစ်ချောင်းကျိုး၍ လက်ချောင်းတစ်ချောင်း အရိုးအက်သွားခဲ့သည်။


နောက်နှစ်တွင် စုရှူယင်ကိုယ်ဝန်ရခဲ့သော်လည်း သမီးလေးသာ မွေးဖွားခဲ့သည်။ ကလေးက မိန်းကလေးဆိုသည်ကို သိသည်နှင့်တစ်ပြိုင်နက် ယောက္ခမကြီးက မွေးခန်းထဲမှ ချက်ချင်းလှည့်ထွက်သွားခဲ့သည်။ ယခု သမီးလေးပင် သုံးနှစ်ရှိပြီဖြစ်သော်လည်း ဟဲပေါင်ကန်းရော သူ့အမေရောတို့သည် သမီးလေးအား တစ်ခါမှ ပွေ့ဖက်ယုယသည်ဟူ၍ မရှ်ိခဲ့ချေ။


စုရှူယင် အံကို ဖိကြိတ်နေသည်ကို ကြည့်၍ ကွာရှင်းရန်အတွေးကို နည်းနည်းတော့တွေးနေမိပြီဖြစ်ကြောင်း ထုံရွှယ်လူသိလိုက်သည်။ ထို့ကြောင့် စကားကိုဆက်ပြောလိုက်သည်။

"အစ်မရှူယင်...ကိုယ့်အတွက်ကိုယ်မတွေးရင်တောင် ကလေးအတွက်တော့ စဉ်းစားပါဦး..."


"ဒီမှာကြည့်ပါဦး ကလေးက ဒီနေ့အတွက်လန့်ရတာနဲ့တင် သတိတောင်လစ်သွားရတယ်...ဒီလိုမျိုးသာ ကြောက်ကြောင်လန့်လန့်နဲ့ တစ်ချိန်လုံးနေနေရရင် ရှေ့လျှောက်ဘယ်လိုလုပ်မလဲ...ပြီးတော့ အစ်မယောင်္ကျားရဲ့ ဒေါသနဲ့ဆိုရင် တစ်နေ့ကျရင် ကလေးကို မရိုက်ဘူးလို့ ပြောလို့မရဘူးလေ..."


"ဟင့်အင်း...သူ...သူအဲ့လိုတော့ မလုပ်..."


စုရှူယင်က ဖြူဖျော့သော မျက်နှာဖြင့် ငြင်းဆန်လိုက်သည်။


သို့သော် သူမ၏စကားများက မခိုင်မာလွန်း၍ သူမကိုယ်တိုင်ပင် ယုံပုံမရပေ။


"ထားပါတော့...ကလေးကို မရိုက်ဘူးဆိုရင်တောင် အစ်မကိုတော့ ရိုက်နေတယ်မဟုတ်ဘူးလား...အစ်မ ဒီဟာကြီးကို ဘယ်အချိန်အထိ ငြိမ်ခံနေမလို့လဲ...ကျွန်မ ပုံပြင်တစ်ပုဒ်ပြောပြမယ် အစ်မ...ဟိုးရှေးရှေးတုန်းက ယောင်္ကျားရိုက်တာကို အမြဲခံနေရတဲ့ မိန်းမတစ်ယောက်ရှိတယ်တဲ့...အဲဒီမိန်းမက ဘယ်လောက်ပြင်းပြင်းထန်ထန်ပဲ ရိုက်ခံနေရပါစေ ကွာရှင်းဖို့ကို ဘယ်တုန်းကမှ မစဉ်းစားဘူးတဲ့...ပုံပြင်က ဘယ်လိုအဆုံးသတ်သွားလဲ အစ်မသိလား..."


စုရှူယင်က ထုံရွှယ်လူကိုကြည့်၍ မထုံတတ်သေးမျက်နှာဖြင့် ခေါင်းခါပြလိုက်သည်။


ထုံရွှယ်လူက ရုတ်တရက် အသံကို နှိမ့်ကာ ပြောလိုက်သည်။

"အဲဒီမိန်းမသေသွားတယ်လေ...သူ့ယောင်္ကျားသတ်လိုက်တာ..."


စုရှူယင်က "အို..." ဟု ပါးစပ်မှ ထွက်သွား၍ မျက်နှာကလည်း သွေးမရှိတော့သလို ဖြူဆုတ်သွားလေသည်။ သူမသည် ကြောက်လန့်စိတ်ဖြင့် ပြူးကျယ်နေသော မျက်လုံးများဖြင့် ထုံရွှယ်လူကို လှမ်းကြည့်လိုက်သည်။


ထုံရွှယ်လူ: "သူ့ယောင်္ကျားက သူ့ကို သတ်လိုက်ပြီးတော့ ရောဂါနဲ့ပဲ သေသွားသလိုဖြစ်အောင် လုပ်လိုက်တယ်လေ...အဲဒီမိန်းမသေပြီး တစ်လမကြာခင်မှာပဲ သူ့ယောင်္ကျားက နောက်မိန်းမထပ်ယူလိုက်တယ်...နောက်မိန်းမက သေသွားတဲ့မိန်းမရဲ့ အလုပ်နေရာကိုဝင်ယူ...ကုတင်နေရာမှာအိပ်ပြီး ကျန်ခဲ့တဲ့သမီးလေးကိုလည်း နှိပ်စက်တယ်...ကြားရတာနဲ့တင် စက်ဆုပ်စရာမကောင်းဘူးလားဟင်..."


ပုံပြင်၏အဆုံးသတ်ကို ကြားသောအခါ စုရှူယင်သည် ထိန်း၍မရအောင် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာလေသည်။


သူမဖက်ထားသော ရင်ခွင်ထဲမှ သမီးလေးကလည်း စုရှူယင်၏ကြောက်စိတ်ကို ခံစားမိသည့်ပုံနှင့် ကြောင်ပေါက်လေးကဲ့သို့ အသံသေးသေးလေးနှင့် ငိုနေလေသည်။

"မေမေ..."


သမီးလေး၏ "မေမေ" ဟု ခေါ်သံကိုကြားသောအခါ မျက်ရည်များက စုရှုယင်၏ပါးနှစ်ဖက်ပေါ်သို့ စီးကျလာလေသည်။

"အဟင့်ဟင့်...ဘုရားရေ...ကျွန်မ ဘယ်လိုလုပ်ရတော့မှာလဲ..."


ထုံရွှယ်လူ၏စကားများက ပိုပိုသာသာဖြစ်နေသည်ဟု စုရှူယင်မထင်မိပေ။


စုရှူယင်သာ အနှေးနှင့်အမြန် နောက်ထပ်ကိုယ်ဝန်မရပါက သူမယောင်္ကျားသည် သူမကို တကယ်ပင် သတ်ပစ်လေတော့မလားမသိပေ။ မိသားစုကို အရှက်ရမည်စိုး၍ ကွာရှင်းပေးမည်တော့မဟုတ်ပေ။ ထို့ကြောင့် ဟဲပေါင်ကန်းအတွက် အကောင်းဆုံးနည်းလမ်းမှာ စုရှူယင်ကို အစဖျောက်၍ နောက်မိန်းမယူရန်သာဖြစ်သည်။


ထုံရွှယ်လူက မျက်နှာတည်တည်နှင့်ပြောလိုက်သည်။

"အစ်မ သူတို့ကို သွားတိုင်လိုက်တော့..."


စုရှုယင် အငိုရပ်သွားသည်။

"တိုင်ရမယ်?..."


ထုံရွှယ်လူက ခေါင်းငြှိမ့်လိုက်သည်။

"ဟုတ်တယ် တိုင်လိုက်တော့...အစ်မကိုယ်ပေါ်က ဒဏ်ရာတွေက အကောင်းဆုံးသက်သေနဲ့ ညီမလည်း မျက်မြင်သက်သေရှိနေတာပဲလေ...အစ်မသွားတိုင်လိုက်တာနဲ့ သူတို့ အပြစ်ပေးခံရမှာပဲ..."


ယနေ့ခေတ်တွင် အိမ်တွင်းအကြမ်းဖက်မှုအတွက် အပြစ်ပေးခြင်းဟူသည်မှာ မရှိသလောက်ရှားသော်လည်း ထိုခေတ်အခါတုန်းကတော့ ပြင်းထန်စွာအပြစ်ပေးလေ့ရှိသည်။


စုရှူယင်က အလွန် တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။


ထို့နောက် ထုံရွှယ်လူကို ဖြူဖျော့သောမျက်နှာဖြင့်မော့ကြည့်လိုက်သည်။

"ဟင့်အင်း...အစ်မ အဲဒီလို မလုပ်နိုင်ဘူး..."


စုရှူယင်သာ သူတို့ကို သွားတိုင်လိုက်ပါက အခြားလူများက သူမကို မည်သို့ထင်ကုန်ကြတော့မည်နည်း။


သူမကလေး၏ အဖေဖြစ်သူကို ထိုသို့ တိုင်တန်းသည့်အတွက် အလွန်ရက်စက်သောမိန်းမဟု ထင်ကုန်ကြတော့မည်ဖြစ်သည်။


ထို့အပြင် စုရှူယင်၏မိသားစုများကိုယ်တိုင်ကလည်း နားလည်ပေးကြမည်မဟုတ်ပေ။


သနားစရာကောင်းသောလူများ၏နောက်ကွယ်တွင် အကြောင်းတစ်ခုခုတော့ ရှိနေကြစမြဲဖြစ်သည်။


စုရှူယင်က သူမကိုယ်တိုင် ခိုင်ခိုင်မာမာမရပ်တည်နိုင်ခြင်းအပေါ် ထုံရွှယ်လူ ဒေါသထွက်နေမိသည်။


သို့သော်လည်း အချိန်က တဖြည်းဖြည်းမှောင်လာပြီဖြစ်၍ ယခုမှ မပြန်လျှင် ဘတ်စ်ကားများ ရှိတော့မည်မဟုတ်သောကြောင့် ယခုလောလောဆယ်တော့ ထုံရွှယ်လူ လက်လျှော့ရတော့မည်ဖြစ်သည်။


ထုံရွှယ်လူသည် စုရှူယင်နှင့် လမ်းခွဲကာ ရန်ချင်းနယ်သို့ ကားစီးကာပြန်သွားလေသည်။


ခြံဝန်းထဲသို့ ထုံရွှယ်လူ ဝင်လိုက်သည်နှင့် လောင်လင်း၏ဇနီးက ထုံရွှယ်လူနားသို့ လျှောက်လာကာ ပြောလိုက်သည်။


"အမလေး ကောင်မလေး နင်မသိသေးဘူးမလား...နေ့လည်က နင့်အဖွားက စက်ရုံကို ဖုန်းဆက်သွားတယ်တဲ့..."