အပိုင်း ၂၂
Viewers 14k

Chapter 22

- “နင်တို့ငါ့ကို ဘယ်လိုတွေးထားလဲဆိုတာ ဂရုမစိုက်ဘူး၊ ဒါပေမယ့် နင်တို့ရဲ့အပြည့်အဝပူးပေါင်းလုပ်ဆောင်မှုကို လိုအပ်တယ်။”



ထုံရွှယ်လူက သူ့ကိုကြည့်လိုက်သည်။


လောင်လင်း၏ဇနီးက ပြောမပြနိုင်လောက်အောင် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။


သို့သော် ထုံရွှယ်လူကိုအရှက်ကွဲအောင်လုပ်နိုင်မည်ကို တွေးမိသောအခါ မမြင်ရနီးပါးဖြစ်နေသော မျက်ခုံးများကိုမြှင့်ကာ အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။


“နင့်အဖွားကပြောတယ် နင်တို့အားလုံးက ကျေးဇူးမသိတတ်တဲ့ကလေးစုတ်တွေတဲ့ နင်တို့မိဘတွေဘာဖြစ်သွားတယ်ဆိုတာကိုတောင် သူတို့ကိုလှမ်းမပြောပြလာဘူးဆို မြို့တော်ကိုရောက်လာတာနဲ့ သူတို့ကနင့်ကို သင်ခန်းစာပေးလိမ့်မယ်”


သူမ၏အသံက ကြက်မအိုကြီးလိုပင် အနားတဝိုက်ကို ပျံ့နှံ့သွားသည်။


လောင်လင်း၏ဇနီး စကားကိုကြားသောအခါ လူတိုင်းက ထုံရွှယ်လူကိုလှည့်ကြည့်လာသည်။ 


ဘာဖြစ်တာလဲ။


ထုံမိသားစုက ကလေးတွေက တကယ်ဘဲ အိမ်ကိုသတင်းပြန်မပြောခဲ့ကြဘူးလား။


သူတို့အနောက်မှ ပြုတ်ကျသံများထွက်လာ၏။


လူတိုင်းက လှည့်ကြည့်လိုက်သောအခါ ထုံကျားရှင်းက ကြောင်အနေပြီး သူ့လက်ထဲမှထင်းများကလည်း ပြုတ်ကျနေသည်ကို တွေ့လိုက်သည်။


သူ့အနားတွင်ရပ်နေသော ထုံကျားမင်ကလည်း မျက်နှာမကောင်းပေ။


ညီအစ်ကိုနှစ်ယောက်ကို မြင်သောအခါ လောင်လင်း၏ဇနီးက ပို၍စိတ်လှုပ်ရှားလာသည်။ 


“အိုင်းယိုးး အချိန်ကိုက်ဘဲ နင်တို့နှစ်ယောက် ၊ ကျားမင် နင်က အိမ်ကိုဖုန်းဆက်ပြောခဲ့တယ်ဆို ၊ အခုတော့ နင့်အဖွားက ဖုန်းဆက်လာတယ် သူတို့ဘာမှမသိခဲ့ရပါဘူးတဲ့၊ ဆိုရိုးစကားရှိတယ်လေ နဂါးက နဂါးပေါက်ဘဲမွေးသလို ဇာမဏီငှက်ကလည်း ဇာမဏီပေါက်စကိုဘဲမွေးတယ်၊ ကြွက်တွေလိုမွေးလာတဲ့သူတွေကတော့ မွေးကတည်း မြေကြီးတူးဖို့ဘဲသိတာ တချို့လူတွေက သဘာဝကကို လူလိမ်‌တွေဘဲ”


ထင်းများကိုကိုင်ထားကာ ထုံကျားမင်က နှုတ်ခမ်းစေ့လာသည်။


ထုံရွှယ်လူက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကာ သူမကိုစိုးရိမ်စွာကြည့်လာသည်။

“အဒေါ့်ခေါင်းက အဆင်ပြေရဲ့လား၊ အဒေါ့်အတွက် ဆရာဝန်ခေါ်ပေးရမလား”


ထုံရွှယ်လူက စိတ်အနှောင့်အယှက်အဖြစ်စေဆုံးသော စကားများကို အနူးညံ့ဆုံးသောလေသံဖြင့် ပြောလာသည်။


အဲ့ဒါမှ ငါတို့ရွှယ်လူကွ။


လောင်လင်း၏ဇနီးက ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီးတောင် စိမ်းလာသည်။


“ကောင်မစုတ်လေး နင်ငါ့ကိုကျိန်ဆဲနေတာလား၊ ဒီလိုအသက်ငယ်ငယ်မှာတောင် ဒီလိုရိုင်းနေတာ၊ နင့်ကိုယူမယ့် ယောက်ျားမရှိမှာကို စိတ်မပူဘူးလား”


ထုံရွှယ်လူက အပြစ်ကင်းစင်စွာ ကြည့်လာသည်။

“ဒါပေမယ့် ကျွန်မက အဒေါ့်ကို ကျိန်ဆဲနေတာမဟုတ်ဘူးလေ၊ ကျွန်မအဖွားဆိုလည်း စိတ်လွတ်သွားကတည်းက အပြုအမူတွေမမှန်တော့ဘူး လူတိုင်းအဲ့ဒါကိုသိကြပါတယ်၊ အဒေါ်ကလည်း အဲ့လိုမျိုးဖြစ်နေတာလား ထင်မိလို့ ကျွန်မက ‌ဆရာဝန်နဲ့သွားပြဖို့ အကြံပေးတာပါ”


“……”

လောင်လင်း၏ဇနီးက ဒေါသထွက်လွန်းသဖြင့် သူမနှာခေါင်းတောင် ရွဲ့သွားသည်။


ထုံရွှယ်လူက ဘာမှသတိမပြုမိသလို ဟန်ဆောင်ကာ ဆက်ပြောလာသည်။


“ဒါမှမဟုတ် အဒေါ်က‌ခနလောက်စောင့်လိုက်ပါလား၊ ကျွန်မအဖွားဒီကိုရောက်လာရင် အဒေါ်လည်း အဖွားနဲ့အတူ ဆရာဝန်လိုက်ပြလိုက်ပေါ့၊ နှစ်ယောက်သွားတာဆိုတော့ လျှော့ဈေးနဲ့တောင် ရချင်ရသွားမှာ”


“ခွီ––”


ထုံရွှယ်လူပြောသည်ကို ကြားလိုက်သောအခါ လူတိုင်းက တံတွေးသီးမလိုပင်ဖြစ်သွားကြသည်။


လူများက ပစ္စည်းများကို ပမာဏတစ်ခုထိဝယ်သောအခါ လျှော့ဈေးရကြ၏။ ဆရာဝန်သွားပြရာတွင်လည်း လျှော့ဈေးရမည်ကို ဘယ်သူမှမကြားဖူးကြပေ။


လောင်လင်း၏ဇနီးက ရင်ထဲတွင် အဆင်မပြေမှုများပြည့်နေကာ ထုတ်ပြော၍လည်းမရသလို မြိုသိပ်၍လည်းရမနေချေ။ သူမက‌ ဒေါသထွက်လွန်းသဖြင်း ပါးရေများတောင် တုန်ခါ‌နေသည်။

“ဖွီ ဖွီ ငါ့ဦးနှောက်က အကောင်းတိုင်းဘဲ နင်တို့မိသားစုကသာ ဦးနှောက်ပျက်နေတာ”


ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်သည်။

“အဒေါ်ပြောတာ မှန်တယ်၊ ကျွန်မအ‌ဖွားက တကယ်ကိုဦးနှောက်မှာ ပြသနာဖြစ်နေတာပါ၊ ကျွန်မမိဘတွေဆုံးသွားပြီးချက်ချင်းမှာဘဲ ကျားမင်က သူတို့ကိုဖုန်းခေါ်ခဲ့တယ်၊ ပြီးတော့ အဖွားကဖုန်းလာကိုင်ခဲ့တာ၊ အဲ့ဒီအချိန်တုန်းက အဖွားမှာ ရောဂါဖြစ်နေတာကို မသိသေးဘူး၊ သူမကနောက်ပိုင်းမှာ ဒီအကြောင်းကိုမေ့သွားခဲ့တယ်၊ အခုကျအဖွားက ကျွန်မတို့ကိုမေးခွန်းထုတ်လာပြီ ကျွန်မတို့က တကယ်ဘဲအပြစ်ကင်းပါတယ်”


အားလုံး၏ သံသယများက လွင့်စင်သွားကြသည်။


သူတို့အားလုံးက အဖွားထုံတစ်ယောက် စိတ်လွတ်တတ်သည်ကို ကြားဖူးပေသည်။ သို့သော် သူတို့က ထိုရောဂါသည် ဤမျှအရေးကြီးသည့်ကိစ္စကိုတောင် မေ့သွားရလောက်သည်အထိ ပြင်းထန်မည်ဟု မထင်ထားခဲ့ပေ။


သူမစိတ်လွတ်သွားချိန်များတွင် လူများကိုတောင် လိုက်ရိုက်တတ်သည်ဟု ကြားဖူး၏။ သူမရောက်လာရင် သူတို့ကလေးတွေကို ဝေးဝေးကရှောင်ခိုင်းရမယ်။


သို့သော် လောင်လင်း၏ဇနီးသည် မျက်စောင်းထိုးကာ ပြောလာသည်။


“ **** အပြစ်ကင်းတာလား၊ ငါ့ရဲ့လောင်လင်းကပြောပြပြီးသား နင်တို့အဖွားအသံက အရမ်း‌ပေါ့ပါးသွက်လက်နေပြီး စိတ်ကလည်းကြည်နေတာဘဲတဲ့၊ သူမက စိတ်လွတ်တတ်တဲ့သူနဲ့ မတူဘူး......”


ခွမ်းးး။


ထုံရွှယ်လူက လောင်လင်းဇနီး လက်ထဲမှ ကြွေပန်းကန်လုံးကိုယူကာ မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။


လောင်လင်းဇနီး ;.....ငါ့ပန်းကန်!!!


သူမမအော်ရသေးခင်မှာပင် ထုံရွှယ်လူ၏မျက်လုံးများက နီရဲလာပြီး ငိုကြွေးလာသည်။


“အရင်တစ်ကြိမ်တုန်းကလည်း ရှူမိသားစုဆီသွားပြီး ကျွန်မတို့ရဲ့အလုပ်နေရာကို ပြန်မပေးဖို့ သွားပြောခဲ့တယ်၊ အခုလည်း ကျွန်မတို့မောင်နှမတွေကို လူလိမ်တွေလို့ စွပ်စွဲနေပြန်ပြီ၊ ကျွန်မတကယ်သိချင်မိတယ် ၊ ကျွန်မတို့အပေါ် ဒီလိုမျိုးလုပ်နေရအောင် ကျွန်မတို့က အဒေါ်ကိုဘာများအပြစ်လုပ်ခဲ့လို့လဲ”


လောင်လင်းမိန်းမ :“ငါ.....”


ထုံရွှယ်လူက သူမကိုစကားပြောရန် အခွင့်မပေးချေ။ ထုံရွှယ်လူက ရုတ်တရက်ဆိုသလိုပင် သူမနားသို့ကိုင်းကာ အသံတိုးတိုးဖြင့်ပြောလာသည်။


“အသက်ကြီးပြီး ‌ကျောက်ပေါက်မာတွေနဲ့ မကောင်းဆိုးဝါးလိုမိန်းမ၊ ကျွန်မက ရုပ်ဆိုးတဲ့သူတွေကို မြင်ဖူးပေမယ့် ရှင့်လောက်ရုပ်ဆိုးတာကိုတော့ မမြင်ဖူးဘူး၊  နေ့နေ့ညညကျွန်မကိုဘဲရွေးပြီး အပြစ်ရှာနေတာ ကျွန်မက ရှင့်ထက်ချောနေလို့ ဟုတ်တယ်မလား”


လောင်လင်း၏ဇနီးက မျက်စိပြူးသွားကာ သူမအား မယုံနိုင်သလို ကြည့်လာသည်။

“နင် နင်..နင်”


“ဘာကိုနင်လဲ၊ ရှင်က ကျွန်မကိုယောက်ျားရှာနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်နော်၊  ဒီလိုအသွင်အပြင်မျိုးနဲ့ ကျွန်မကိုယူမယ့်ယောက်ျားက ဘယ်လိုလုပ်မရှိဘဲနေမှာလဲ။ ပြီးတော့ တကယ်လို့ ကျွန်မကိုယူမယ့်ယောက်ျားမရှိရင်တောင် ကြည့်ရတာထူးဆန်းတဲ့လောင်လင်းကို ရှင်လက်ထပ်လိုက်တာမျိုးနဲ့ယှဉ်ရင် ပိုကောင်းတယ်”


ထုံရွှယ်လူက အလွန်ပြောဆိုနိုင်စွမ်းရှိကာ စကားတစ်ခွန်းနှင့် တစ်ခွန်းကြားတွင် အသက်ရှူတောင်မရပ်သွားပေ။


လောင်လင်းမိန်းမက အခုဆိုလျှင် ဒေါသထွက်လွန်းသဖြင့် တကိုယ်လုံးတုန်ရီလာ၏။ သူမက ထခုန်ကာ ထုံရွှယ်လူ၏ဆံပင်ဆီလက်ဆန့်လာသည်။

“ကောင်မစုတ်၊ ငါနင့်ပါးစပ်ကို တစစီ ဆွဲဖြဲပစ်မယ်”


ထုံရွှယ်လူက နောက်သို့တစ်လှမ်းဆုတ်ကာသူမကိုရှောင်ပြီး မျည်ရည်များဖြင့် စီခနဲအော်ပြောလာသည်။

“အဒေါ်လင်း ရှင်ဘာလုပ်မလို့လဲ”


ဤအချိန်တွင် ဈေးဝယ်ရာမှပြန်လာသော ဒေါ်လေးချိုင်နှင့် အမေရှူတို့က သူမတို့ကိုမြင်သွားသည်။ သူတို့က အလျင်အမြန်ပြေးလာပြီး လောင်လင်းမိန်းမ၏ လက်တစ်ဖက်စီကို ချုပ်ထားလိုက်သည်။


အနားရှိလူတိုင်းသည် အဖွားလင်းသည် ရုတ်တရက်ကြမ်းတမ်းလာမည်ဟု မမျှော်လင့်ထားကြဘဲ အလျင်အမြန်ပြေးလာကြသည်။


“လောင်လင်းရဲ့မိန်းမ ဒါဘာလုပ်တာလဲ စကားနဲ့ဘဲပြောလို့မရဘူးလား ၊လက်ပါလို့မရဘူးလေ”


“အဲ့ဒါပြောတာပေါ့၊ ဒါကပန်းကန်လေးတစ်လုံးဘဲလေ၊ တန်လို့လား”


“……”

လောင်လင်း၏မိန်းမက ဒေါသထွက်လွန်းသဖြင့် လူတောင် သတ်ချင်လာသည်။


ပန်းကန်တစ်ခုကြောင့်လား၊ မဟုတ်ဘူး၊ ဒါက သူမ၏တန်ဖိုးထားမှုပင်ဖြစ်သည်။


ဒေါ်လေးချိုင်က သူမကို ခိုင်မြဲစွာချုပ်ထားသည်။

“လောင်လင်းရဲ့ဇနီး နင်က သူမထက်အများကြီး အသက်ပိုကြီးတယ်၊ ‌တစ်နေ့ပြီးတစ်နေ့ ဘာကြောင့် ဒီကောင်မလေးကိုဘဲ အပြစ်ရှာနေတာလဲ၊နင်မရှက်ဘူးလား”


အမေရှူကမူ သူမ၏မျက်နှာတည့်တည့်အား တံတွေးထွေးကာ ပြောလာသည်။

“ဖွီ သေချာပေါက် သူမက အရှက်မရှိဘူးပေါ့၊ တကယ်လို့ သူမသာ အရှက်ရှိရင် စားစရာနည်းနည်းလောက်ကြောင့်နဲ့ အခုထိအငြိုးထားနေဦးမှာလား”


“……”


လောင်လင်း၏ဇနီးက ဒေါသဖြင့် မေ့တောင်လဲချင်သွားသည်။ တံတွေးက သူမမျက်စိကို စင်လာ၏။


ထုံရွှယ်လူ၏ မျက်လုံးများက နီရဲနေ၏။

“ထိန်းကျောင်းရလွယ်တဲ့ မြင်းတွေက အစီးခံရသလို စိတ်ထားကောင်းတဲ့လူတွေကလည်း အရာအားလုံးကိုကျော်လွှားနိုင်တယ်၊ ကျွန်မစက်ရုံကအကြီးအကဲတွေဆီသွားပြီး မိဘမဲ့တွေက အခြားသူတွေအနိုင့်ကျင့်တာခံနေရတာကို ဒီအတိုင်းဘဲထိုင်ပြီး ကြည့်နေမှာလားဆိုတာ သွားမေးလိုက်မယ်”


ထုံကျားမင်က လက်ထဲတွင် ထင်းများကိုသယ်ပြီး ပြေးလာကာ ဆို၏။


“အစ်မကြီးနဲ့အတူ ကျွန်တော်လိုက်ခဲ့မယ်၊ ကျားရှင်း မင်းက ရဲစခန်းမှာသွားတိုင်ကြားလိုက်”


ဒါသည် ထုံကျားမင်က ထုံရွှယ်လူအား အစ်မကြီးအဖြစ်ညွှန်းဆိုလိုက်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။


သူမကို အစ်မကြီးအဖြစ်သတ်မှတ်ထားသော်လည်း သူက၎င်းအား အတိအကျထုတ်မပြောခဲ့သည်မှာဖြစ်နိုင်၏။ သို့သော် ထုံရွှယ်လူက ထိုကိစ္စကို အရမ်းဂရုမစိုက်ခဲ့ပေ။ အခုတွင် သူ၏တုံ့ပြန်မှုနှင့် တိကျစွာနားလည်နိုင်စွမ်းတို့ကြောင့် သူမက အလွန်ပျော်ရွှင်သွားသည်။


ထုံကျားရှင်းသည် ကိစ္စများက ဘယ်လိုလုပ် ဒီအခြေအနေထိရောက်သွားသည်ကို မသိသော်လည်း သူက ဒုတိယအစ်ကိုပြောသမျှကို အမြဲတမ်းနားထောင်နေကြဖြစ်သည်။ သူကခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။


“ဟုတ် ကျွန်တော်သွားလိုက်မယ်”


ထုံမိသားစုက ရဲစခန်းမှာအမှုဖွင့်ပြီး စက်ရုံမှအကြီးအကဲများကိုလည်း သွားရှာမည်ကို ကြားလိုက်ရသောအခါ လောင်လင်း၏မိခင်က ဆက်ပြီး မတည်ငြိမ်နိုင်တော့ချေ။


သူမက တက်စ်မေးနီးယန်းနတ်ဆိုးလိုပင် အိမ်ထဲမှပြေးထွက်လာကာ လောင်လင်း၏ဇနီးရှေ့တွင် ရပ်လိုက်သည်။


ဖြန်းး


သူမက ပါးကိုဖြတ်ရိုက်လိုက်သည်။

“လက်ဖွာတဲ့မိန်းမ၊ တစ်နေ့ကုန်ဘာမှမလုပ်ဘဲနဲ့ လျှောက်သွားပြီး ဒုက္ခလိုက်ပေးနေတယ်၊ မြန်မြန် အဲ့ကောင်မလေးကိုတောင်းပန်လိုက်”


လောင်လင်း၏ဇနီးသည် သူ့ယောက္ခမဆီမှအရိုက်ခံလိုက်ရသဖြင့် ကြောင်အသွားကာ နီရဲနေသောပါးဖြင့် ပြောလာသည်။


“အမေ သမီးက...”


“နင်က ဘာဖြစ်လဲ၊ မြန်မြန်တောင်းပန်လိုက် မဟုတ်ရင် ငါနင့်ကို မိဘအိမ်ပြန်ပို့လိုက်မယ်”


လောင်လင်း၏ဇနီးက အံကြိတ်ရလွန်းသဖြင့် သွားများတောင်ကျိုးကြေမတတ်ဖြစ်နေ၏။ သူမကမကျေမနပ်ဖြင့် ထုံရွှယ်လူကိုကြည့်ကာ ပြောလိုက်သည်။


“ငါတောင်းပန်ပါတယ် ကောင်မလေး၊ နင့်အဒေါ်ငါက ဘာမှမသိလို့ပါ၊ ငါနင့်ကိုတောင်းပန်ပါတယ်”


ထုံရွှယ်လူက ဤရပ်ကွက်တွင် အမြဲပင် ပျော့ပြောင်းနူးညံ့သည့်သူဖြစ်ခဲ့သော်လည်း ဒီတစ်ကြိမ်တွင်တော့မဟုတ်ပေ။


“အိုးး တကယ်လို့ တောင်းပန်တာကသာ အရာအားလုံးကိုဖြေရှင်းနိုင်ရန် ကျွန်မတို့က ရဲတွေကို ဘာလို့လိုဦးမှာလဲ၊ ကျားရှင်း ရဲစခန်းကိုသွားပြီး တိုင်လိုက်၊ ပြီးရင် ရဲသားတွေကို စက်ရုံဆီကိုခေါ်လာခဲ့လိုက်၊ ငါတို့အဲ့ဒီမှာဆုံကြမယ်”


အမေလင်းက ဒေါသထွက်လွန်းသဖြင့် ရှေ့တက်ကာ သူ့ချွေးမကို နှစ်ခါထပ်ရိုက်လိုက်သည်။


“နင်ဘယ်လိုလုပ်လိုက်မိတာလဲဆိုတာ ကြည့်စမ်း၊ အသုံးမကျတဲ့မိန်းမ တကယ်လို့ နင်က ဒီနေ့ ဒီမိန်းကလေး ခွင့်လွှတ်လာအောင်မလုပ်နိုင်လို့ကတော့ မနက်ဖြန်ကျရင် တလင်းကို နင်နဲ့ကွာရှင်းခိုင်းလိုက်မယ်”


အကယ်၍ ထုံမိသားစုကသာ ဤကိစ္စကိုစက်ရုံမန်နေဂျာဆီအထိ ယူသွားမည်ဆိုပါက သူမ၏သားသည် အလုပ်ပြုတ်သွားနိုင်သည်။


လောင်လင်းဇနီးက နောက်ဆုံးတွင် ဤကိစ္စ၏လေးနက်မှုကို သတိထားမိလာသည်။


“ညီမလေး ငါတကယ်တောင်းပန်ပါတယ်၊ ဒီတစ်ကြိမ်ဘဲ ခွင့်လွှတ်ပေးပါ”


အနားရှိသူများကလည်း ဝင်ပြောလာကြသည်။


“အိုင်းယားး ကောင်မလေးရယ် ငါတို့အားလုံးက အိမ်နီးနားချင်းတွေလေ၊ ပုံစံအမျိုးမျိုးနဲ့ ပြောဆိုလို့ရတယ်၊ ရဲခေါ်တဲ့အထိတော့ မလိုပါဘူး”


“အမှန်ဘဲ အဲ့လောက်ထိလုပ်ဖို့မလိုပါဘူး”


“ဒီတစ်ကြိမ်မှာ လောင်လင်းဇနီးက လွန်သွားတယ် ဒါပေမယ့် သူမက ကိုယ့်အမှားကိုယ်သိနေပါပြီ ဒီတစ်ခါလောက်ဘဲ ခွင့်လွှတ်ပေးလိုက်ပါ၊ သူမက နောက်တစ်ကြိမ်လုပ်လာရဲရင် ငါတို့အကုန် သူမကိုဝိုင်းအော်ပေးမယ်”


လူများက သူတို့မခံစားရသောအခါ ဒီလိုပင်ဝင်ရောက်ဖြန်ဖြေတတ်ကြသည်။


ထုံရွှယ်လူက အသံတိတ်ကျိန်ဆဲလိုက်သော်လည်း သိမ်မွေ့စွာပြောလိုက်သည်။


“ကောင်းပြီလေ၊ အဒေါ်တို့အားလုံးက ဝိုင်းပြောပေးနေမှတော့ နားထောင်လိုက်ပါ့မယ်....ဒါပေမယ့် အဒေါ်လင်းက တကယ်ဘဲ ကိုယ့်အမှားကိုယ်သိအောင် သူမရဲ့မိဘအိမ်ကို နှစ်ပတ်လောက်ပြန်စေချင်တယ်”


အမေလင်းက ထုံရွှယ်လူတစ်ယောက်က ကျိုးကြောင်းမသင့်သည်များ တောင်းဆိုလာမှာကို စိုးရိမ်နေခဲ့သည်။သို့သော် ထုံရွှယ်လူက သူ့ချွေးမအား ကိုယ့်လုပ်ရပ်ကိုသိစေရန်အတွက် မိဘအိမ်ပြန်စေချင်သည်ကို မြင်သောအခါ ချက်ချင်းပင်လက်ခံလိုက်သည်။


“စိတ်မပူနဲ့၊ ငါသူ့ကိုချက်ချင်းသွားခိုင်းလိုက်မယ်”


ထိုစကားကိုကြားသောအခါ လောင်လင်း၏ဇနီးက စိုးရိမ်လာသည်။

“အမေ ကျွန်မ.....”


“ဘာကျွန်မလဲ၊ မြန်မြန်အထုပ်ပြင်ပြီး သွားတော့”


လောင်လင်းဇနီးက ဒေါသထွက်လွန်းသဖြင့် နှာခေါင်းတောင်ရွဲ့စောင်းလာ၏။ သူမက အရှူံးပေးလိုက်သော်လည်း ထုံရွှယ်လူက သူမကို မိဘအိမ်ပြန်သွားခိုင်းရန် တိုက်တွန်းလာ၏။


အခြားသူများသည် ထုံရွှယ်လူက ဘာလို့အလွန်တိုက်တွန်းနေသည်ကို မသိသော်လည်း သူတို့က ရဲများမပါလာသရွေ့ ကိစ္စကြီးမဟုတ်ဟု ‌ယူဆထားကြသည်။ 


ဘယ်သူကမှ သူမအတွက် မပြောပေးကြသဖြင့် လောင်လင်းဇနီးက နောက်ဆုံးတွင်  ယောင်ကိုင်းနေသောပါးဖြင့် ခြံထဲမှထွက်သွားလိုက်သည်။


လူရှင်းသွားသောအခါ ထုံမျန်မျန်က အိမ်ထဲမှထွက်လာသည်။

“မမကြီး”


“အရမ်းမြန်မြန်မပြေးနဲ့လေ ချော်လဲမယ်”


ထုံရွှယ်လူက အမြန်ပြေးသွားကာ သူမဆီပြေးလာသော ပေါက်စီလုံးလေးကို ကောက်ချီလိုက်သည်။


ထုံမျန်မျန်က သူ့အမလက်ထဲသို့တိုးဝင်သွားကာ နို့လိုချိုအီအီ အသံလေးဖြင့် ပြောလာသည်။

“မမကြီး မျန်မျန်က မမကြီးစကားနားထောင်ပြီး ခုနကမထွက်လာခဲ့ဘူး”


ပေါက်စီလေးက ထုံရွှယ်လူအား ‌အရောင်တောက်နေသောမျက်လုံးများဖြင့်ကြည့်နေသည်မှာ 'သူမကိုမြန်မြန်ချီးကျူးပါ မမကြီး သူမကလိမ္မာတဲ့ကောင်မလေးပါ'ဟု ပြောနေသလိုပင်။


ထုံရွှယ်လူက စိတ်ပျော့သွားကာ သူမလေး၏ပါးဖောင်းဖောင်းလေးကို နမ်းလိုက်သည်။


“ငါတို့မျန်မျန်က အရမ်းကိုလိမ္မာလိုက်တာ”