Chapter 23
“နင်တို့ငါ့ကို ဘယ်လိုတွေးထားလဲဆိုတာ ဂရုမစိုက်ဘူး၊ ဒါပေမယ့် နင်တို့ရဲ့အပြည့်အဝပူးပေါင်းလုပ်ဆောင်မှုကို လိုအပ်တယ်”(၂)
ထုံကျန်းကျန်းကိစ္စပြီးကတည်းက သူမကိုယ်တိုင် သတိထားတတ်လာရုံမကဘဲ ထုံမျန်မျန်ကိုလည်း နောက်တစ်ကြိမ် သူမကတယောက်ယောက်နှင့် ရန်ဖြစ်နေသည်ကို တွေ့ပါက ပုန်းပြီး အကာအကွယ်ယူရန် ပြောခဲ့၏။
ထုံရွှယ်လူစကားကိုကြားသောအခါ ပေါက်စီလုံးလေးက မပျော်မရွှင်ဖြစ်သွားခဲ့သည်။ သူမလည်း မမကြီးကို လူဆိုးများ ရန်ဖြစ်ရာတွင် ကူညီပေးချင်သည်ဟု ပြောလာ၏။ ထုံရွှယ်လူက အရွယ်ရောက်လာမှ ကူညီခွင့်ပြုမည်ဟု ပြန်ပြောရာ ပေါက်စီလုံးလေးက ဆန္ဒမရှိစွာဖြင့် သဘောတူခဲ့ရသည်။
ထုံမျန်မျန်၏ပါးလေးများက ရဲတွတ်လာကာ သူမအိတ်ကပ်ထဲမှ အသီးသကြားလုံးနှစ်ခုကို ဆွဲထုတ်ပြီး ထုံရွှယ်လူကို ပေးလာသည်။
“ဒီမှာ မမကြီးအတွက်”
“မျန်မျန်က ဒါကို မမကြီးအတွက် အထူးတလည် သိမ်းထားပေးတာလား”
ထုံမျန်မျန်၏မျက်လုံးဝိုင်းများက လခြမ်းကွေးလေးနှစ်ခုလို ကွေးညွှတ်လာပြီး ခေါင်းညိတ်ပြလာသည်။
“အဒေါ်က မျန်မျန်ကို သုံးခုပေးတာ၊ မျန်မျန်ကတစ်ခု၊ မမကြီးတစ်ခု၊ ဒုတိယအစ်ကိုကတစ်ခု”
သူမပြောပြီးပြီးချင်းပင် ထုံကျားရှင်းက ဗျောက်အိုးလေးလို ပြေးထွက်လာသည်။
“အဲ့ဒါက မတရားဘူးနော်ညီမလေး တတိယအစ်ကိုအတွက်ကရော”
ညီမလေးက အမှန်တကယ်ပင် ကျေးဇူးကန်းသော မျက်ဖြူဝံပုလွေဖြစ်သည်။ သူက ဒီလောက်ကောင်းပေးနေတာတောင် သကြားလုံးကိုကျ ထုံရွှယ်လူကိုဘဲပေးပြီး သူ့အတွက်မပါဘူး။
ထုံကျားရှင်း :အရမ်းဒေါသထွက်တယ်။
ထုံမျန်မျန်က သူမ၏အသားပြည့်နေသောလက်လေးများကို လိမ်ပြီး လက်နှစ်ချောင်းထုတ်ပြကာ ပြောလာသည်။
“မျန်မျန်မှာက သကြားလုံးသုံးခုဘဲရှိတာ အဲ့ဒါအကုန်ဘဲ”
ထုံကျားရှင်းက ဒေါသတကြီးဆို၏။
“အရူးမလေး နှစ်ခုလား၊သုံးခုလားဆိုတာတောင် မပြောတတ်သေးဘူး”
ပေါက်စီလုံးလေးက သူမလက်ကိုထောင်ကာ လက်ချောင်းတိုလေးနှစ်ချောင်းကို ကြည့်ပြီး ခေါင်းရှုပ်သွားသည်။
အများကြီးရှိတာလား။
ထုံမျန်မျန်က အလွန်ချစ်စရာကောင်းနေသဖြင့် ထုံရွှယ်လူက ဆွံ့အသွားရသည်။ သူမက မျန်မျန်၏နောက်ထပ်လက်တစ်ချောင်းကိုထောင်ပေးလိုက်သည်။
“ဒါမှသုံးခု၊ မျန်မျန်ခုနတုန်းကထောင်ထားတာက နှစ်ခု”
“မမကြီးက အရမ်းတော်တာဘဲ”
ထုံကျားရှင်း :“? ?”
သူက အရင်ဆုံးထောက်ပြလိုက်သောသူဖြစ်သော်လည်း ဘာလို့သူ့ကိုကျတော်တယ်လို့ မပြောတာလဲ။ သူ၏ညီမလေးက မျက်နှာလိုက်ရာနှင့် ပတ်သက်လာသောအခါ အမှန်ပင် မျှော်လင့်ချက်မရှိပေ။
ထုံကျားမင်က သူ့ညီ၏ရူးနေသောမျက်နှာကို ဆက်ကြည့်မနေနိုင်တော့ပေ။ သူရထားသောသကြားလုံးကို သူ့ညီအားပေးကာ မျန်မျန်ကိုခေါ်ပြီး တစ်နေရာရာတွင်သွားကစားရန်ပြောလိုက်သည်။
နေရောင်ကြောင့် ကောင်းကင်ကရဲတောက်နေကာ အိမ်များ၏ချက်ပြုတ်ရာမှထွက်လာသည့် မီးခိုးငွေ့များကလည်း တလူလူတက်နေသည်။
ထုံရွှယ်လူက အချိန်ကိုတချက်ကြည့်ကာ လက်ဆေးပြီး ညစာပြင်ရန်လုပ်လိုက်သည်။
ထုံကျားမင်က သူမနောက်မှလိုက်သွားကာ အသံတိုးတိုးဖြင့်ပြောလာသည်။
“ဘာလို့ အဒေါ်လင်းကို သူ့မိဘအိမ်ကိုအတင်းပို့ခိုင်းခဲ့တာလဲ”
ထုံရွှယ်လူ၏နှုတ်ခမ်းနီနီများက ကွေးလာကာ တခစ်ခစ်ရယ်လိုက်သည်။
“အရှက်မရှိတဲ့သူနှစ်ယောက်က တစ်ခုထဲအဖြစ်ပေါင်းသွားမှာကို တားမလို့ပေါ့”
ကျယ်ကျင်းဟွာနှင့် လောင်လင်းဇနီးသာပူးပေါင်းသွားပါက ခံစားရမှာဖြစ်သည်။ သူမလုပ်နိုင်နေသောအချိန်တွင် လောင်လင်းဇနီးကို မိဘအိမ်ပြန်ခိုင်းထားရပေမည်။
လောင်လင်းဇနီးက မိဘအိမ်မှပြန်ရောက်လာသည့်အချိန်တွင် သူမက ပေဟယ်မှထိုအမျိုးများကို ကိုင်တွယ်ပြီးလောက်ပြီဖြစ်သည်။
ဓားနှစ်ချောင်း (အရှက်မရှိ)က တစ်ခုထဲမှာလား။
(Tn:ထုံရွှယ်လူက စကားလှည့်သုံးသွားတာပါ၊ မူရင်းစကားလုံးက ‘ဓားနှစ်ချောင်းက တစ်ချောင်း’ ဆိုပေမယ့် သူမက ဓားနေရာမှာ အသံထွက်ဆင်တဲ့ ‘အရှက်မရှိ’ကို ပြောင်းသုံးသွားပါတယ်၊ ထုံကျားမင်က မူရင်းစကားလုံးလို့ဘဲ ထင်ပြီး ‘ဓား’လို့ဘဲစဉ်းစားနေတာပါ)
ထုံကျားမင်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူက ဘယ်လိုဘဲကြိုးစားနေပါစေ လောင်လင်းဇနီးက ‘ဓား’ နှင့်ဘယ်လိုဆက်နွယ်နေသည်ကို စဉ်းစားမရပေ။
သူပြောရမည်ဆိုလျှင် သူတို့က ငှက်မွှေးနှင့် ဖုန်မှုန့်လိုပင်။
ထုံကျားမင်၏ ဦးနှောက်ခြောက်နေသော ပုံစံကိုမြင်သောအခါ ထုံရွှယ်လူက သဘောထားကြီးစွာရှင်းပြလိုက်သည်။
“ငါပြောတာက အရှက်မရှိတာကိုပြောတာ၊ ဓားမဟုတ်ဘူး၊ စာလုံးမတူဘူး”
ထုံကျားမင်: “……”
***
ထိုနေ့ညစာစားပြီးသောအခါ ထုံရွှယ်လူက ပထမဆုံးအကြိမ်အဖြစ် မိသားစုအစည်းအဝေးခေါ်လာသည်။
အစည်းအဝေးတက်ရောက်သူ : ထုံရွှယ်လူ၊ ထုံကျားမင်၊ ထုံကျားရှင်း။
ပျက်ကွက်သူ: ထုံမျန်မျန်။
ထုံရွှယ်လူက ညီအစ်ကိုနှစ်ယောက်ကို တစ်ချက်ကြည့်ကာပြောလိုက်သည်။
“ခုနတုန်းက လောင်လင်းဇနီးပြောသွားတာကို ကြားပြီးလောက်ပြီ၊ ငါတို့ရဲ့မွေးရပ်ကသူတွေက ရက်အနည်းငယ်အတွင်းရောက်လာတော့မယ်၊ သူတို့ကိုမျက်နှာချင်းဆိုင်ပြီး ဆန့်ကျင်ရလိမ့်မယ်၊ သဘောပေါက်တယ်မလား”
အနာဂတ်တွင် ထိန်းမနိုင်သိမ်းမရဖြစ်လာမည့် ဘော့စ်ထုံကျားရှင်းက လက်ထုတ်ကာ အရင်ဆုံးပြောလာသည်။
“ဟုတ် ကျွန်တော်တို့ နားလည်ပါတယ်”
အနာဂတ်တွင် အတွင်း-ထဲ၌-ပုပ်ပွ-နေသော်လည်း-အပြင်ဘက်တွင်-နူးညံ့သော ဘောစ့်ဖြစ်သည့် ထုံကျားမင်က ခေါင်းညိတ်ပြကာ ပုံမှန်အတိုင်းတိတ်ဆိတ်နေ၏။
ထုံရွှယ်လူက သူတို့နှစ်ယောက်၏ပူးပေါင်းဆောင်ရွက်လာမှုကြောင့် အနည်းငယ်ပျော်ရွှင်သွားသည်။
“နင်တို့ငါ့ကို ဘယ်လိုတွေးထားလဲဆိုတာ ဂရုမစိုက်ဘူး၊ ဒါပေမယ့် နင်တို့ရဲ့ယုံကြည်မှုအားလုံးကို ငါ့ပေါ်မှာထားပြီး ငါနဲ့အတူလုပ်ဆောင်ဖို့လိုအပ်တယ်၊ အဲ့လိုလုပ်ပေးနိုင်လား”
ထိုစကားကိုကြားသောအခါ ထုံကျားရှင်းကသူ့အစ်ကိုကိုလှည့်ကြည့်လိုက်သည်။
ထုံကျားမင်က တုန့်ဆိုင်းမှုမရှိစွာ ခေါင်းညိတ်ပြလာ၏။
သူ့အစ်ကိုခေါင်းညိတ်သည်ကိုမြင်သောအခါ ထုံကျားရှင်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
သူတို့က ထုံရွှယ်လူကို အပြည့်အဝခွင့်မလွှတ်နိုင်သေးသော်လည်း ပေဟယ်မှထိုကျိုင်းကောင်များနှင့် ယှဉ်လိုက်သောအခါ သူတို့က ထုံရွှယ်လူနှင့်သာ နေလိုကြသည်။
ထုံရွှယ်လူက သူတို့က မရိုက်သလို အော်လည်းမအော်ပေ။ ထို့အပြင် သူတို့၏ညီမလေးအပေါ်ကိုလည်း ကောင်းသည်။ အရေးကြီးဆုံးမှာ သူမ၏အချက်အပြုတ်စွမ်းရည်က နှစ်လိုဖွယ်ကောင်း၏။
နောက်ဆုံးတစ်ချက်နှင့်တင် သူတို့က သူမ၏ယခင်အမှားများကို မျက်စိမှိတ်ထားလိုက်နိုင်သည်။
ပေဟယ်မှလူများကမူ မတူပေ။ ထိုသူတို့က ဒီကိုရောက်လာတိုင်း သူတို့သုံးယောက်ကိုအနိုင်ကျင့်တတ်ကြသည်။ သူတို့၏ညီမလေးကလည်း အချိန်တိုင်းငိုယိုနေရ၏။
ထို့အပြင် သူတို့မိဘများဆီမှ ပိုက်ဆံတောင်းကာ အစားအစာတိုင်းတွင်လည်း အသားပါရမည်ဟု အမိန့်ပေးလေ့ရှိသည်။ ထိုသူတို့တစ်ခါအလည်ရောက်လာပြီးတိုင်း သူတို့မိသားစုက အကြွေးတင်ရ၏
ထုံရွှယ်လူက ဆက်ပြောသည်။
“အရမ်းကောင်းတယ်၊ ငါအခု နင်တို့လုပ်ရမှာတွေကို ပြောပြမယ်၊ ထုံကျားရှင်း”
“ရှိ”
“နင့်အလုပ်က မျန်မျန်ကို ကာကွယ်ရမယ်၊ ပေဟယ်က အဲ့လူတွေရောက်လာရင် ဖျားနာခွင့်ယူပြီး နေ့တိုင်းအချိန်တိုင်း မျန်မျန်နားမှာနေ၊ သူမကိုလုံးဝမထိခိုက်စေနဲ့၊ အဲ့လိုလုပ်နိုင်လား”
သူမက အပိုလုပ်နေပုံပေါ်သော်လည်း ဝတ္ထုထဲမှ ထုံမျန်မျန်တွင်ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးလိုက်သောအခါ သူမက ထုံယန်လျန်ကို သတ်ပစ်နိုင်ရန် ဆုတောင်းမိသည်။
အမှန်ပင် ထုံယန်လျန်သည် ဝတ္ထုထဲတွင် ထုံမျန်မျန်ကို ပန်းဦးခြွေခဲ့သည့် စက်ဆုပ်ဖွယ်ကောင်းသော ဝမ်းကွဲဖြစ်သည်။ VIP အဆင့်ဆန်ကုန်မြေလေးပင်။
“လုပ်နိုင်ပါတယ်၊ ညီမလေးကိုကာကွယ်မယ် လုံးဝမထိခိုက်စေရဘူး”
သူပြောပြီးပြီးချင်းပင် အိပ်ရာထဲတွင်အိပ်နေသော ထုံမျန်မျန်က တစ်ဖက်သို့လူးလိမ့်ပြီး ယောင်လာသည်။
“တတိယအစ်ကိုလူဆိုး၊ အစ်ကို့အတွက် သကြားလုံးမရှိဘူး”
ထုံကျားရှင်းက သွားကိုက်ဝေဒနာခံစားနေရသလိုကြည့်လာသည်။
“……”
သူ့ညီမလေးက သေချာပေါက်ကို သူ့အနားမှာ မကြီးပြင်းလာနိုင်မယ့် မျက်ဖြူဝံပုလွေလေးဘဲ။
ထုံရွှယ်လူ၏နှုတ်ခမ်းများက ကွေးညွှတ်သွားသည်။ သူမက ကျားမင်အားကြည့်လိုက်သည်။
“ကျားမင်လည်း အတူတူဘဲ မနက်ဖြန်ကစပြီးကျောင်းကခွင့်ယူလိုက်၊ နင်က သူတို့က ရထားဘူတာကနေသွားကြိုရမယ် ဒါပေမယ့် သူတို့နဲ့ဆုံပြီးတဲ့နောက် ဒီကိုတိုက်ရိုက်ခေါ်မလားနဲ့.....”
“ဘယ်ကိုခေါ်သွားရမှာလဲ၊ သူတို့ကို တည်းခိုခန်းမှာ ထားရမှာလား”
ထုံကျားရှင်းက သိချင်စွာ ဖြတ်မေးလာသည်။
“သူတို့ကို အစိုးရဘက်ကဦးစီးတဲ့ စားသောက်ဆိုင်ကိုခေါ်သွားလိုက်”
ထိုစကားကိုကြားသောအခါ ထုံကျားရှင်း၏ မျက်ခုံးထူထူများက ခူကောင်နှစ်ခုလိုတွန့်လိမ်သွားသည်။
“ဘာလို့ သူတို့ကို စားသောက်ဆိုင်ခေါ်သွားမှာလဲ”
သူတို့က အလွန်စိတ်ရှုပ်စရာကောင်းသူများဖြစ်သည်။ သူအနေဖြင့် သူတို့အတွက် ငွေတစ်ပြားလောက်တောင် မဖြုန်းတီးချင်ပေ။
ထုံရွှယ်လူက ပြောလိုက်သည်။
“အဲ့ဒါနဲ့ပတ်သက်ပြီး ငါ့ကိုဘဲပေးစိုးရိမ်လိုက်ပါ”
“ဒုတိယအစ်ကို သူမကိုကြည့်ဦး”
ထုံရွှယ်လူက မျက်စံလှန်လိုက်မိသည်။ သူက သူမအားတိုင်ရန်တောင် ကြိုးစားနေ၏။
အလယ်တန်းကျောင်းသားရောဟုတ်ရဲ့လား။
တစ်ဖက်တွင် ထုံကျားမင်က ထုံကျားရှင်းလောက် စိတ်မလှုပ်ရှားနေပေ။ သူက ခနလောက်တွေးကြည့်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
“ေကာင်းပြီ”
ထိုအရာကိုမြင်သောအခါ ထုံရွှယ်လူက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမက ထုံကျားရှင်းဘက်လှည့်ကာ ပြောလိုက်သည်။
“တွေ့လား၊ နင့်အစ်ကိုဆီကနေ တစ်ခု၊နှစ်ခုလောက် နင်သင်ယူသင့်တယ်”
ထုံကျားမင်က စိတ်တည်ငြိမ်ပြီး ခိုင်မာသောသူဖြစ်ရာ သူမကိုတော်တော်များများကူညီပေးနိုင်၏။
သူက သူမအစီအစဉ်ကို မသိလျှင်တောင်မှ လူအများရှေ့တွင် သူမကိုငြင်းဆန်မည်မဟုတ်ပေ။
သူက သူ့စကားများကို တည်၏။: အကယ်၍ သူအနေဖြင့် သူမကို 100%အပြည့်မယုံလျှင်တောင်မှ အနည်းဆုံးသူလုပ်နိုင်သောအရာမှာ သူမကိုမဆွဲချမိရန်ဖြစ်သည်။
ထုံကျားရှင်း :“……”
သူအထင်သေးခံလိုက်ရသည်ဟု ခံစားမိသည်။
ဟင်းးစိတ်ရှုပ်လိုက်တာ။
ထုံရွှယ်လူက ထုံကျားရှင်းကို အာရုံမစိုက်ပေ။ သူမက မိသားစုအစည်းအဝေးကို ရပ်နားလိုက်ပြီးနောက် ရေချိုးကာ အိပ်ရာဝင်လိုက်သည်။
လာမည့်တိုက်ပွဲအတွက် သူမကောင်းကောင်းအနားယူထားရပေမည်။
***
နောက်နေ့တွင် ထုံမိသားစုက ကန်စွန်းဥဆန်ပြုတ်နှင့် ဆားရည်စိမ်ဟင်းရွက်များကို စားနေဆဲဖြစ်သည်။
အခြားနည်းလမ်းများထက်စာလျှင် အဝတ်စုတ်မှ ဓနရှင်ဖြစ်ရန်မှာလွယ်ကူသည်ဟု ဆိုရိုးရှိ၏။
အစာကောင်းများအနည်းငယ် စားဖူးပြီးနောက် ဆားရည်စိမ်နှင့် ရေလုံပြုတ်ဟင်းရွက်များပြန်စားရန်မှာ ခက်ခဲသည်ကို ထုံမောင်နှမများသိလိုက်ရသည်။
“ဘယ်အချိန်မှ အသားထပ်ပြီးစားနိုင်မှာလဲ”
ထုံကျားရှင်း၏ယုံကြည်မှု: အသားမရှိပါက ဘဝသည်မပြည့်စုံပေ။
ထုံရွှယ်လူက ကန်စွန်းဥဆန်ပြုတ်တစ်ဇွန်းသောက်ကာ ပြောလာသည်။
“7ရက် 8ရက်လောက်ထိပေါ့”
သူမကိုယ်သူမ အချိန်10ရက်ပေးထား၏။ သူမအနေဖြင့် ပေဟယ်မှ ထိုကျိုင်းကောင်နှင့် ဆန်ကုန်မြေလေးများကို ကိုင်တွယ်ရန် အများဆုံးအချိန်10ရက်ယူရပေမည်။
ထုံကျားရှင်းက နှုတ်ခမ်းသပ်လိုက်သည်။ အရသာရှိသည်များကို နောက်ထပ်စားနိုင်ရန် 10ရက်ကြီးများတောင် စောင့်ရဦးမည်။ ၎င်းက စိတ်မသက်မသာစရာပင်။
“ဟက်ချိုးး”
ရထားပေါ်တွင် ကျယ်ကျင်းဟွာက ရုတ်တရက်နှာချေသွားကာ သူမနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ထုံယန်လျန်အပေါ် နှာချေမိသွား၏။
ထုံယန်လျန်က သူ့မျက်နှာကို အင်္ကျီစဖြင့်သုတ်ပြီး ရွှံ့ရှာစွာပြောလာသည်။
“အွီးးးအဖွားး အဖွားတံတွေးကနံလိုက်တာ၊ နောက်ဆုံးအကြိမ်ဘယ်တုန်းက သွားတိုက်ခဲ့တာလဲ”
သူပြောလိုက်သောအခါ သူတို့နားမှလူအများအပြားက လှည့်ကြည့်လာကြကာ တချို့ဆိုလျှင် ရယ်တောင်ရယ်လာကြသည်။
ကျယ်ကျင်းဟွာ၏မျက်နှာက အရယ်ခံရသဖြင့် နီရဲလာသည်။
သူမက သူမမြေးကိုမငေါက်ရက်သဖြင့် အနားမှထိုသူများကို အော်လိုက်သည်။
“ဘာတွေအရမ်းရယ်နေတာလဲ၊ ဟမ် ရယ်လွန်းလို့သေသွားမှာမစိုးရိမ်ဘူးလား”
၎င်းကိုလက်မခံနိုင်သောသူက ပြောလာသည်။
“ဝါးး အဲ့ဒါကတကယ်ဘဲ လိုအပ်လို့လား အဖွား၊ အခုလေးတင် အဖွားက ကိုယ့်ကိုကိုယ် အာပုပ်စော်နံတယ်ဆိုတာကို သက်သေပြလိုက်တာဘဲ”
ကျယ်ကျင်းဟွာက စားပွဲအားရိုက်ကာ ပြောလိုက်သည်။
“ငါဘယ်သူလဲသိလား၊ နင်ဒါကိုမှတ်ထား ငါနင့်ကိုဖမ်းဖို့ လူလွှတ်လိုက်မှာ”
ထိုစကားကိုကြားသောအခါ ထိုလူက ကျယ်ကျင်းဟွာနှင့် ကျန်လူများကို အပေါ်အောက်စုန်ဆန်ကြည့်လိုက်သည်။
သူတို့ကကြည့်ပြီးရင်းကြည့်သော်လည်း တစ်မိသားစုလုံးက မွဲခြောက်ခြောက်ဖြစ်နေကြသည်။ သူဘယ်လိုဘဲကြည့်ပါစေ ထိုလူများကအရေးပါအရာရောက်သည့်သူများ ဖြစ်ပုံပေါ်မနေပေ။
“အမျိုးသမီးကြီး ခင်ဗျားကဘယ်သူလဲဆိုတာ ဘာလို့မပြောပြလိုက်တာလဲ”
သိချင်နေသော လူတစ်ယောက်က ဖြတ်မေးလာသည်။
ကျယ်ကျင်းဟွာက နှာခေါင်းရှူံ့ပြီး ကျယ်လောင်စွာပြောလိုက်သည်။
“ငါ့မြေးမလေးရဲ့ မွေးစားမိဘတွေက မြို့တော်မှာအစိုးရဝန်ထမ်းတွေဘဲ၊ ငါ့မြေးမလေးက ငါ့အပေါ်အရမ်းကောင်းတာ၊ ငါ့ကိုလာကြောရဲရင် နင်တို့အားလုံးကို ဖမ်းခိုင်းလိုက်မယ်”
လူတစ်ယောက်က သူမကိုမေးခွန်းထုတ်လာသည်။
“အဖွားမြေးမလေးရဲ့ မွေးစားမိဘတွေက တကယ်ဘဲအစိုးရဝန်ထမ်းတွေဆိုရင် ဘာလို့သူမက အဖွားအတွက် အဝတ်အစားတွေမဝယ်ပေးတာလဲ”
ကျယ်ကျင်းဟွာက ရယ်လိုက်သည်။
“နင်ဘာသိလို့လဲ၊ ငါကအခု သူ့ဦးလေးနှစ်ယောက်ကို အစိုးရဌာနမှာ အလုပ်ရှာပေးဖို့ သွားပြောနေတာ၊ သူမက ငါ့ကိုငြင်းရဲမှာမဟုတ်ဘူး”
သူမအသံက အလွန်ယုံကြည်ချက်ရှိနေသဖြင့် အခြားသူများက သူမကကပ်ဖားရပ်ဖားလုပ်လာကြသည်။
“အမလေး ရှင်ကအရမ်းကံကောင်းတာဘဲ၊ အစိုးရအတွက်အလုပ်လုပ်တာက အများကြီးတည်ငြိမ်တယ်၊ ပိုက်ဆံအတွက်စိုးရိမ်နေစရာမလိုတော့ဘူး”
ကျယ်ကျင်းဟွာက မေးကိုမော့ထားပြီး အမွှေးကျွတ်နေသော ဒေါင်းအိုတစ်ကောင်လို ဂုဏ်မောက်ပြနေသည်။
“အဲ့ဒါအမှန်ဘဲ၊ ငါတို့က ပြန်သွားဖို့အစီအစဉ်မရှိဘူး၊ ဒီကိုနေပြီး မြို့သားတွေဖြစ်လာကြမှာ”
“အဖွားမှာ ဒီလောက်ကြီးမားတဲ့မိသားစုရှိနေတာ သားနှစ်ယောက်လုံးအစိုးရဝန်ထမ်းအလုပ်လုပ်မယ်ဆိုရင်တောင် နေရေးထိုင်ရေးကြပ်တည်နေဦးမှာဘဲ မဟုတ်ဘူးလား”
“ဘာကိုကြပ်တည်းရမှာလဲ၊ ငါ့ရဲ့နောက်သားတစ်ယောက်က သူ့ဇနီးနဲ့အတူ ကားမတော်တဆဖြစ်မှုမှာသေသွားတယ်၊ မြို့တော်ရောက်တာနဲ့ ငါ့ချွေးမနှစ်ယောက်ကို သူတို့အလုပ်နေရာမှာဝင်လုပ်ခိုင်းမှာ၊ အဲ့ဒါအပြင် သူတို့က အလုပ်အတွက်သွားရင်း သေသွားရတာဆိုတော့ အစိုးရနဲ့ စက်ရုံက နစ်နာကြေးအများအပြားကို ပေးဦးမှာ”
ဖြတ်သွားဖြတ်လာများသည် ကျယ်ကျင်းဟွာက သူ့သားနှင့်ချွေးမဆုံးသွားသည်ကို ဘာလို့ပျော်ရွှင်နေတာလဲ သိချင်သွားသည်။
အခြားသူများက အလွန်မနာလိုဖြစ်သွားကြသည်။
“အမျိုးသမီးကြီး နစ်နာကြေးကဘယ်လောက်လဲ အနည်းဆုံး800ဆိုရင် နှစ်ယောက်အတွက်ဆို 1000တောင်မကဘူးမလား”
ကျယ်ကျင်းဟွာက မျက်စောင်းထိုးလိုက်သည်။
“800-1000ဆိုတာ ဘာကိုပြောချင်တာလဲ၊ ကျွန်မရဲ့သားကြီးနဲ့ သူ့ဇနီးက တစ်ခါကမန်နေဂျာရဲ့သားကိုကယ်ခဲ့ဖူးတယ်၊ သူကအနည်းဆုံးတော့ 2000ယွမ်လောက်ပေးမှကောင်းမှာပေါ့”
ဒီအသိဉာဏ်မရှိတဲ့ ရွာသားတွေက ဘာသိလို့လဲ။
ယွမ်2000!
ထိုပမာဏနှင့်ဆိုပါက သူတို့အနေဖြင့် မြို့တော်တွင် အိမ်တစ်လုံးဝယ်နိုင်သည်။
အခြားသူများက ပိုပြီးဖော်လန်ဖားလာကြသည်။
ကပ်ဖားရပ်ဖားလုပ်နေမှုများက ကျယ်ကျင်းဟွာကို ဂုဏ်ယူသွားစေကာ သူမကအလွန်အမင်းကြွားဝါပြောဆိုနေပြီး သူမကိုယ်သူမ လျှမ်းလျှမ်းတောက်လူတစ်ယောက်လိုနေနေ၏။
ထောင့်နားတွင်ထိုင်နေသော ယောက်ျားသုံးယောက်သည် ကျယ်ကျင်းဟွာ၏အလိမ်အညာစကားအားလုံးကို ကြားသွားသည်။ သူတို့က အချင်းချင်းအကြည့်ဖလှယ်လိုက်ကြသော်လည်း ဘာမှမပြောပေ။
*
ထုံရွှယ်လူအလုပ်သို့ ပြန်လာသောအခါ သေချာပေါက်ပင် မန်နေဂျာက ဖုန်းဆက်လာမှုအကြောင်း ခေါ်မေးလာသည်။
ကံကောင်းထောက်မစွာဖြင့် သူမက ပြင်ဆင်ပြီးသားဖြစ်ကာ ပုံမှန်အတိုင်းပင် ကျယ်ကျင်းဟွာအပေါ် အပြစ်အားလုံးပုံချလိုက်သည်။
မန်နေဂျာယွီက တခုခုမှားနေသည်ကို ခံစားမိသော်လည်း မထောက်ပြနိုင်ပေ။
သူက ထုံရွှယ်လူကို ကောင်းကောင်းမသိသေးသော်လည်း ထုံကျားမင်နှင့် အခြားကလေးများကိုလည်း သူတို့ငယ်ငယ်ကတည်းက သိနေသဖြင့် သူတို့ကအလွန်လိမ္မာသောကလေးများဆိုသည်ကို သူသိ၏။
ထုံကျားမင်က ပထမဆုံးလိမ်သောသူဖြစ်သည်ကို မန်နေဂျာယွီသိပါက အတော်လေး ထိတ်လန့်သွားလောက်သည်။
ထုံရွှယ်လူတစ်ယောက် မန်နေဂျာယွီ၏ရုံးခန်းမှထွက်လာသောအခါ မန်နေဂျာမာဆီသို့ အခေါ်ခံလိုက်ရကာ ဖုန်းဆက်လာမှုအကြောင်းမေးလာ၏။
သူမလည်းမတတ်နိုင်ဘဲ နောက်တစ်ခါထပ်ပြောပြလိုက်သည်။
သိပ်မကြာခင်မှာဘဲ ကျယ်ကျင်းဟွာကစိတ်လွတ်နေပြီဟူသောသတင်းသည် စက်ရုံထဲ၌ပြန့်နှံ့သွားလေသည်။
၎င်းက လူတိုင်းကို ခိုင်မာသော ထင်မြင်ချက်တစ်ခု ချန်ထားခဲ့သည်။