အပိုင်း ၂၄
Viewers 14k

Chapter 24

"တစ်ယောက်ယောက်လာပြီး ငါ့ကိုဆေးရုံခေါ်သွားပေးပါ"



ထုံရွှယ်လူက ဟွမ်ရှန်းလန်ကို သူမ၏ဝမ်းကွဲအကြောင်းပြောပြရန် အစိုးရလက်အောက်ခံစားသောက်ဆိုင်သို့ သွားချင်သော်လည်း သူမက မနေ့ကမှခွင့်ယူထားခြင်းဖြစ်ကာ မနက်ဖြန်တွင်လည်း ခွင့်ယူရဦးမည်ကို တွေးမိလိုက်သည်။ ဒီနေ့ကိုလည်းခွင့်ယူဦးမည်ဆိုပါက သိပ်မကောင်းသည့်ပုံပင်။


သူမလည်း ‌မတတ်နိုင်သဖြင့် ထိုကိစ္စကို နောက်ရွှေ့ထားလိုက်သည်။


နောက်တစ်နေ့မနက်တွင် ရပ်ကွက်ထဲမှသူများသည် ထုံမောင်နှမများက ခြံထဲတွင် စစ်ရေးလေ့ကျင့်နေသလို မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ကြသည်။


ထုံရွှယ်လူက ထုံကျားမင်ကိုပြောလိုက်သည်။

“ကျားမင်က အခုဘဲရထားဘူတာရုံဆီသွားတော့၊ တကယ်လို့ အဖွားတို့နဲ့တွေ့ရင် အစိုးရလက်အောက်ခံစားသောက်ဆိုင်ဆီခေါ်သွားလိုက်၊ ပိုက်ဆံအတွက်မစိုးရိမ်နဲ့၊ အဖွားကအသက်ကြီးနေပြီ၊ ကျန်းမာရေးလည်းမကောင်းဘူး ငါတို့တွေက အဖွားသဘောကျတာကို ဦးစားပေးရမယ်”


ထုံကျားမင်က တည်ကြည်စွာခေါင်းညိတ်လိုက်သည်။

“သိပြီ၊  ကျွန်တော်အခုဘဲ သွားလိုက်မယ်”


ထုံရွှယ်လူက ထုံကျားရှင်းကိုကြည့်လိုက်သည်။

“ကျားရှင်းက အိမ်မှာဘဲစောင့်နေ၊ နင့်အစ်ကိုက သူတို့နဲ့လွဲသွားခဲ့ရင် အဖွားနဲ့အခြားသူတွေကို အနည်း‌ဆုံး ဒီထဲထိုးဝင်မလာအောင်လုပ်”


ထုံကျားရှင်းက ကျယ်လောင်စွာတုံ့ပြန်လိုက်သည်။

“နားလည်ပါပြီ၊ ကျွန်တော်ဘယ်မှမသွားဘူး ဒီနေရာမှာဘဲ အဖွားကိုစောင့်နေမယ်”


ထုံရွှယ်လူက စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူမက ဒယိမ်းဒယိုင်ဖြစ်နေသော ထုံမျန်မျန်ကို ငုံ့ကြည့်လိုက်သည်။


ထုံမျန်မျန်က မျက်ရည်ဝိုင်းနေသော မျက်လုံးများကိုပွတ်ကာ အသံချိုချိုလေးဖြင့်ပြောလာသည်။

“အဖွားက အဝေးကြီးက‌လာရမှာဘဲ၊ မျန်မျန်က အဖွားရဲ့နောက်ကျောကို နှိပ်ပေးချင်တယ်”


“ငါတို့မျန်မျန်က အံ့ဩစရာဘဲ”

ထုံရွှယ်လူက ချီးကျူးလိုက်သည်။

“ကောင်းပြီ ငါတို့လုပ်စရာရှိတာတွေကို လုပ်ကြရအောင်”


သူမပြောပြီးမကြာခင်မှာဘဲ ထုံကျားမင်က ဘူတာရုံသို့ ဦးတည်သွားသည်။ ထုံကျားရှင်းက တံခါးနားတွင် ထုံမျန်မျန်နှင့်အတူထိုင်နေပြီး ထုံရွှယ်လူကမူ စစ်လွယ်အိတ်ကိုလွယ်ကာ ထွက်ခွာရန်ပြင်လိုက်သည်။


အနားရှိအိမ်များမှလူများက သူမကိုတားလာကြသည်။

“ကောင်မလေးရေ ဒီနေ့အလုပ်မသွားဘူးလား”


ထုံရွှယ်လူက အနည်းငယ်သက်ပြင်းချလိုက်သည်။

“ကျွန်မတို့အဖွားက မိဘတွေမှာဖြစ်သွားတာတွေကြောင့် ဒီကိုရောက်လာရတာလေ၊ ကျွန်မတို့မောင်နှမက အဖွားစိတ်ချမ်းသာအောင် တစ်ခုခုများလုပ်ပေးနိုင်မလို့ပါ၊ ကျောင်းရော အလုပ်ကပါ ရက်အနည်းငယ်လောက် ခွင့်ယူထားတယ်၊ ‌အဒေါ်တို့ရေ ကျွန်မက ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီမှာ အသားတစ်ချို့ရဖို့ တန်းသွားစီလိုက်ဦးမယ်၊ နောက်ကျသွားရင် ဘာမှမရမှာစိုးလို့ နောက်မှဘဲ အဒေါ်တို့နဲ့ စကားပြောတော့မယ်နော်”


“အင်းပါ ဒါဆိုသွားတော့လေ”


လူတိုင်းက သူမကိုနူးညံ့စွာကြည့်ကာ ရင်ထဲထိသွားကြသည်။


ဘယ်‌လိုတောင် သိတတ်တဲ့ကလေးလဲ။


ထုံရွှယ်လူက သူတို့ကို ကျိုးနွံစွာ သဘောတူလိုက်ကာ လှည့်ထွက်လာပြီးနောက်တွင် ပြုံးလိုက်မိသည်။


သူမက ဤသို့သောကိစ္စများပြုလုပ်ရာတွင် ကျွမ်းကျင်၏။


ရထားဘူတာရုံတွင်။


ကျယ်ကျင်းဟွာတို့အုပ်စုက အိတ်များကိုသယ်ကာ လူအုပ်ကြီးနှင့်အတူ ရထားပေါ်မှဆင်းလာကြသည်။


သူမက ရထားပေါ်မှ ခြေတစ်လှမ်းသာချ‌ရသေးချိန်တွင် ယောက်ျားတစ်ယောက်က အနောက်မှနေ၍ သူမကိုအားပြင်းပြင်းဖြင့် ဝင်တိုက်လာသည်။ ကျယ်ကျင်းဟွာက အရှေ့သို့ယိုင်သွားကာ မှောက်ယှက်ကျတော့မလိုဖြစ်သွား၏။


“ဟဲ့ သွားတာ ကြည့်သွားလေ ငါ.....”


ကျယ်ကျင်းဟွာက ဒေါသတကြီးဖြင့် အော်ရန်လုပ်လိုက်သည်။ သူမမပြောရသေးခင်မှာဘဲ တစ်ယောက်ယောက်က သူမ၏တင်ပါးကို ကန်ချလာသည်။


“အမလေးးးးဘုရားရေ....”


သူမက မြေကြီးပေါ်သို့ မျက်နှာဖြင့် ပြုတ်ကျသွားသည်။ သူမ၏ပါးနှင့် နှုတ်ခမ်းပေါ်တွင် နာလာသည်ကို ခံစားလာရ၏။ နှုတ်ခမ်းလှုပ်ကြည့်လိုက်သောအခါ ပါးစပ်ထဲမှ သွေးများ၏အရသာကို ခံစားလိုက်မိသည်။


“ထွီ ထွီ...”


သူမက ထရပ်ကာ ပါးစပ်အပြည့်သွေးများကို ထွေးထုတ်လိုက်ရာ သူမ၏ရှေ့သွားတစ်ချောင်းပါပါလာ၏။


ဘုရားရေ၊ ငါ့သွား....ငါ့ရှေ့သွား။


“ငါနင့်ကို သတ်မယ်”


ကျယ်ကျင်းဟွာက ကမန်းကတန်းထရပ်လိုက်သည့်အချိန်တွင် ယောက်ျားတစ်ယောက်က သူမ၏အိတ်ကိုယူပြီး လှစ်ခနဲပြေးသွားသည်ကို မြင်လိုက်ရသည်။ ထိုအခါတွင်မှ သူမက တစ်ခုခုမှားနေသည်ကို သဘောပေါက်သွားသည်။


“ကူကြပါဦး၊ ကျွန်မအိတ်ကို ခိုးသွားပြီ”


ဘူတာထဲ၌ လူအများအပြားရှိနေရာ အလွန်‌ကသောင်းကနင်းဖြစ်နေ၏။ တစ်နေရာမှ လူတစ်ယောက်က အော်ဟစ်လာသည်။


“ဓားးးးလူတစ်ယောက်က ဓားကိုင်ထားတယ်”


စီခနဲအော်ဟစ်သံများကို ကြားနေရကာ ခရီးသည်များက ဦးတည်ရာမရှိဘဲ ပြေးလွှားနေကြသည်။


ကျယ်ကျင်းဟွာက သူမ၏သားနှစ်ယောက်သည် လူတိုးခံရသဖြင့် ဘယ်နေရာရောက်သွားသည်ကို မသိလိုက်ပေ။ သူမသည်လည်း လူအုပ်ကြားထဲညှပ်ပါသွားရာ နောက်ဆုံးတွင် သူမ၏မြေး ထုံယန်လျန်နှင့်တိုက်မိသွား၏။


ရေနစ်သောသူက နောက်ဆုံးကောက်ရိုးမျှင်ကို ဆုပ်ကိုင်ထားသလိုပင် သူမကအလျင်အမြန်ပြောလိုက်သည်။

“ယန်လျန် မြန်မြန်လိုက်သွားပြီး ငါတို့အိတ်ကိုပြန်ယူခဲ့”


သူမက ဒီကိုလာပြီးသည်နှင့် ရွာသို့ပြန်ရန် အစီအစဉ်မရှိသောကြောင့် ပိုက်ဆံနှင့် လက်မှတ်များအပြင် သူမ၏ပိုင်ဆိုင်မှုအားလုံးကိုတစ်ပါတည်းယူလာခဲ့သည်။


ထုံယန်လျန်ကလည်း ၎င်းကိုသိထားသဖြင့် ချက်ချင်းပင်ထိုယောက်ျားနောက်ပြေးလိုက်သွားသည်။

“မပြေးနဲ့ မင်း****ငါ့အိတ်ပြန်ပေးစမ်း”


သူကငယ်ရွယ်ကာ ခြေတံရှည်များရှိသဖြင့် လျင်မြန်စွာပင် ထိုလူကိုလိုက်မှီသွားသည်။ သူက ထိုလူ၏လက်မောင်းကိုဆွဲကာ အကြမ်းပတမ်းပြန်ယူရန်လုပ်လိုက်သည်။


“ငါ....”


ဘန်းး!


သူမပြောရသေးခင်မှာဘဲ မျက်နှာကိုအထိုးခံလိုက်ရသည်။


“မင်း* အဲ့တော့ ဘာလုပ်ချင်လဲ ဟမ်”


ထို့နောက် နောက်တစ်ချက်ထိုးလာ၏။


ဘန်းး


ထုံယန်လျန်က သူ့နှာ‌ခေါင်းကိုက်လာသည်ကို ခံစားမိလိုက်သည်။ မျက်လုံးထဲမှမျက်ရည်များကျလာကာ နှာခေါင်းမှသွေးများစီးကျလာ၏။


သူ လက်ဖြင့်သုတ်ကြည့်လိုက်သောအခါ လက်ဝါးပေါ်တွင် အနီရောင်သွေးများပါလာသည်ကို မြင်သွားသည်။


သူ သူ သူသွေးထွက်နေပြီ။


ထုံယန်လျန်၏ဦးနှောက်ပတ်လမ်းက ခနလောက်လုပ်ဆောင်မှုရပ်တန့်သွားသည်။ ထို့နောက် သူကအံကြိတ်ကာ စိတ်ကိုပြန်စုစည်းလိုက်သည်။


“ငါမင်းကို သတ်မယ်”


သူက ရွာတွင်လည်း ရန်ဖြစ်ခဲ့ဖူးရာ သူဒေါသထွက်လာပြီဆိုပါက အနာကျင်‌ဆုံးနေရာကိုသာ တိုက်ခိုက်တတ်သည်။


အိတ်လုလာသော‌ ထိုယောက်ျားက ထုံယန်လျန်နှင့် အချိန်မဖြုန်းချင်တော့ပေ။ သူက‌အလွန်‌ဒေါသထွက်လာကာ အနာကျင်ဆုံးဖြစ်မည့်နေရာသို့ တည့်ပင်ကန်လိုက်သည်။...


ထုံယန်လျန်က“အု--”အသံထွက်သွားကာ မျက်နှာကချက်ချင်းမဲတက်လာသည်။ ထို့နောက်တွင်နီရဲလာကာ ကြမ်းပြင်ပေါ်သို့လဲကျသွားသည်။


သူ့လက်က အနာကျင်ဆုံးနေရာကိုအုပ်ကာ ပုစွန်ခြောက်‌တစ်ကောင်လို ကွေးနေ၏။


“တစ်ယောက်ယောက် လာကြပါဦး ငါ့ကိုဆေးရုံပို့ပေးကြပါ”

နာတယ် နာတယ်....


ထုံကျားမင်က တိုင်နောက်တွင်ကွယ်ကာ ဤမြင်ကွင်းကိုမျက်မြင်တွေ့သွားသည်။ သူက သာမာန်ကာလျှံကာပင် နောက်သို့တစ်လှမ်းဆုတ်ကာ ရထားဘူတာရုံမှပြန်ထွက်လာခဲ့သည်။ 


သူ....ဘာမှမမြင်ခဲ့ဘူး။


***


ထုံရွှယ်လူက ဘူတာရုံ၌ဖြစ်ပျက်နေသည်များကို မသိပေ။


သူမက ရပ်ကွက်ထဲမှထွက်လာပြီးနောက် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့ မသွားပေ။ ထို့အစား အစိုးရလက်အောက်မှစားသောက်‌ဆိုင်‌ဆီသွားလိုက်သည်။


ဟွမ်ရှန်းလန်နှင့် ချန်တနီတို့က ထုံရွှယ်လူရောက်လာသည်ကို မြင်သောအခါ ပြုံးပြလာကြသည်။

“အိုး မင်းရောက်လာတာဘဲ ရဲဘော်ထုံ၊ မနက်စာစားပြီးပြီလား”


ထုံရွှယ်လူက ခေါင်းခါပြလိုက်သည်။

“မစားရသေးဘူး၊ အခုဘာရှိသေးလဲ”


သူမက အိမ်တွင် ဆန်ပြုတ်တစ်ဝက်လောက်‌သာစားခဲ့သဖြင့် အခုချိန်တွင် သူမဗိုက်ထဲ၌ဗလာဖြစ်နေပြီဖြစ်သည်။


ချန်တနီက ကြင်နာစွာပြောလာသည်။

“ငါတို့ဆီမှာ ပဲနို့၊အသားပေါက်စီနဲ့ ခေါက်ဆွဲတွေရှိသေးတယ် ဘာစားချင်လဲ”


သူမပြောပြီးပြီးချင်းပင် အခြားစားပွဲမှ စားသုံးသူက မကျေမနပ်ပြောဆိုလာသည်။

“ဟေ့ အခုလေးတင်ဘဲ အသားပေါက်စီမရှိတော့ဘူးလို့ ပြောခဲ့တာလေ၊ ဒါကဘယ်လိုဖြစ်တာလဲ”


ချန်တနီက မျက်နှာတည်သွားသည်။ သူမကလှည့်ကြည့်ကာ ခါးထောက်ပြီး ထိုလူကိုပြန်အော်လိုက်သည်။

“ကျွန်မက မရှိတော့ဘူးပြောရင် မရှိတော့ဘူးပေါ့၊ ဘာပြောချင်လဲ”


ချန်တနီ၏ ‘ဘာဖြစ်ချင်လဲ ၊ရန်ဖြစ်ချင်တာလား’ ဟူသည့်အကြည့်ကိုမြင်သောအခါ ထိုလူကပါးစပ်ပိတ်ကာ ခေါင်းငုံ့ပြီး သူ၏ပေါက်စီအလွတ်ကိုသာ ပြန်စားလိုက်သည်။ နောက်ထပ်ဆူဆူညံညံမလုပ်ရဲတော့ပေ။


ထုံရွှယ်လူက အထူးတလှယ်ဂရုစိုက်မှုနှင့် ပတ်သက်၍ အပြစ်ရှိသလိုမခံစားရပေ။ သူမက လူတိုင်း၏မနာလိုနေသော အကြည့်များကိုကျော်ပြီး ‌သဘောထားကြီးစွာပြောလိုက်သည်။

“ကျွန်မကို အသားပေါက်စီနှစ်လုံးနဲ့ ပဲနို့တစ်ခွက်ပေးပါ”


ချန်တနီက သူမပိုက်ဆံကိုယူကာ စားစရာကိုချပေးလာပြီး သိချင်စွာမေးလာသည်။

“တစ်နေ့က ကျွန်မဝမ်းကွဲဘယ်လိုဖြစ်သွားလဲဟင် ရဲဘော်ထုံ”


ဟွမ်ရှန်းလန်ကလည်း အခြားစားပွဲတစ်ခုကို စားစရာပို့ပြီးသည်နှင့် ချက်ချင်းရောက်လာကာ အရောင်တောက်နေသောမျက်လုံးများဖြင့် ကြည့်လာသည်။


ထုံရွှယ်လူက ‌အသားပေါက်စီကိုတစ်ကိုက်ကိုက်လိုက်သည်။ ချက်ချင်းပင် နှစ်လိုဖွယ်အသား၏အနံ့က သူမပါးစပ်ထဲတွင်ပြည့်လာသည်။ ၎င်းကမ‌ဆိုးပေ။


ဤပေါက်စီကို ပေါင်မုန့်ဂျုံဖြင့်ပြုလုပ်ထားသည်။ အပြင်ဘက်တွင် ဖြူ‌အိနေသော်လည်း ဝါးလိုက်သောအခါ ပေါင်မုန့်သားလို ပွပွလေးဖြစ်သည်။ အစာသွပ်ထားသော အသားကလည်း အရသာရှိ၏။ သူမပြန်ပါက ထုံမျန်မျန်တို့အတွက် နည်းနည်းဝယ်သွားရမည်။


သူမက ပေါက်စီစားပြီးသောအခါ ပဲနို့တစ်ငုံသောက်လိုက်သည်။


သူမအနေဖြင့် တင်ဆက်မှုလုပ်ရန် ဗိုက်ထဲကို အစာဖြည့်ထားဖို့လို၏။


ထုံရွှယ်လူက အနည်းငယ်မျက်မှောင်ကြုတ်ကာ ဟွမ်ရှန်းလန်ကိုကြည့်လိုက်သည်။

“ဒီရက်ပိုင်းအတွင်းမှာ အစ်မရဲ့ဝမ်းကွဲနဲ့ အဆက်အသွယ်ရလား”


ဟွမ်ရှန်းလန်က ချက်ချင်းပင်စိတ်လှုပ်ရှားသွားကာ ပြန်ဖြေလာသည်။

“ဘာဖြစ်လို့လဲ၊ အစ်မရဲ့ဝမ်းကွဲက တစ်ခုခုဖြစ်သွားလို့လား”


ထုံရွှယ်လူက စိတ်လေးနေသောပုံစံဖြင့် ခေါင်းညိတ်ပြလာသည်။

“အစ်မရဲ့ ဝမ်းကွဲက ထပ်ပြီးအရိုက်ခံရတယ်၊ ကျွန်မသွားကြည့်တော့ နဖူးမှာဒဏ်ရာရရနေပြီး သွေးထွက်နေတာ။ အစ်မရဲ့တူမဆိုရင် ကြောက်ပြီး မေ့ပါမေ့သွားတယ်၊ အဲ့ဒါကိုမြင်လိုက်ရတုန်းက ကျွန်မလက်သီးတောင်ဆုပ်လိုက်မိတယ်”


ဟွမ်ရှန်းလန်က “အို....”ခနဲအသံထွက်လာကာ ချက်ချင်းပင် မျက်လုံးများနီရဲလာသည်။

“အဲ့ဒီလူက ငရဲသွားရမယ့်သူ၊ ဒီတစ်ကြိမ်ကရော ဘာကြောင့်တဲ့လဲ”


ထုံရွှယ်လူက ခေါင်းခါပြလိုက်သည်။

“ဘာလို့လဲဆို‌တာတော့ ကျွန်မမသိဘူး၊ ဘာအကြောင်းကြောင့်ဘဲဖြစ်နေပါစေ အမျိုးသမီးတစ်ယောက်ကိုတော့ မရိုက်သင့်ပါဘူး”


ချန်တနီကလည်း ဝမ်းနည်းနေ၏။

“နင်ပြောတာမှန်တယ်၊ ဘယ်လိုယောက်ျားမျိုးက မိန်းမအပေါ်ကိုလက်ပါမှာလဲ၊ ရှန်းလန်ရဲ့ဝမ်းကွဲကရော ဘာပြောလဲ၊ သူမထွက်လာနိုင်အောင် နင့်ကိုကူညီစေချင်တယ်တဲ့လား”


“မဟုတ်ဘူး”

ထုံရွှယ်လူက ခေါင်းထပ်ခါလိုက်သည်။

“အမရှူယင်က စိတ်မဆုံးဖြတ်ရသေးဘူး”


ထိုသည်ကိုကြားသောအခါ ချန်တနီက အမှီးတက်နင်းခံရသောကြောင်လိုဖြစ်သွားသည်။

“ငါ့ကိုလာနောက်နေတာလား၊ သူမကဒီလိုမျိုးအရိုက်ခံနေရတာကို ဘာလို့စိတ်မပိုင်းဖြတ်နိုင်သေးတာလဲ၊ သူမက ဖိနှိပ်ခံရတာကိုဘဲ လိုချင်နေတာလား”


ချန်တနီက စိတ်‌မရှည်သောသူဖြစ်ကာ စကားပြောရာ၌ အခြားသူများ၏ခံစားချက်ကို ဂရုမစိုက်တတ်ပေ။


ဟွမ်ရှန်းလန်၏မျက်နှာကနီရဲသွားကာ သူမ၏ဝမ်းကွဲဘက်မှညကာပြောလာသည်။

“ဝမ်းကွဲက နာမည်ပျက်ထွက်မှာကို စိုးရိမ်နေလို့ဖြစ်မှာပါ”


“သူမကိုအကြမ်းဖက်နေတဲ့သူကတောင် အဲ့ဒါကိုဂရုမစိုက်တာ၊ သူမကဘာလို့ဂရုစိုက်နေရမှာလဲ”


ဟွမ်ရှန်းလန်က မလှုပ်မယှက်နေတတ်သူဖြစ်ပြီး ချန်တနီက သူမလေသံကိုမြှင့်လိုက်သောအခါ ဘာမှပြန်မပြောနိုင်တော့ပေ။


ချန်တနီက ထုံရွှယ်လူကိုကြည့်လိုက်သည်။

“ရဲဘော်ထုံ အဲ့ဒီယောက်ျားကို ဘယ်လိုသင်ခန်းစာပေးဖို့စီစဉ်ထားလဲ ငါ့ကိုလဲပြောပြလေ အဲ့လိုဆိုသူမကိုဝိုင်းပြီးစည်းရုံးလို့ရတာပေါ့ ”


ထုံရွှယ်လူက အသားပေါက်စီကို နောက်ဆုံးတစ်ကိုက်ကိုက်လိုက်ကာ ဗုံးတစ်လုံးကိုဖြေးဖြေးချင်းချလာသည်။


“ကျွန်မ သူ့ယောက်ျားရော၊ ယောက္ခမရော နှစ်ယောက်လုံးကို ရဲစခန်းမှာ အမှုဖွင့်ပြီး ထောင်ထဲထည့်ဖို့ သူမကိုပြောခဲ့တယ်”


ချန်တနီ “……”


ဟွမ်ရှန်းလန် ;“……”