အပိုင်း ၂၅
Viewers 14k

Chapter 25

-ထုံရွှယ်လူက မှန်ကန်သော ထိတ်လန့်မှုနှင့် စိုးရိမ်မှုပမာဏကို ဖော်ပြလိုက်သည်။ 



သူမ၏စကားများက နှစ်ယောက်လုံးကို ထိတ်လန့်သွားစေသည်။


သူတို့နှစ်ယောက်‌ဆိုလျှင်တောင်မှ သူတို့၏မိသားစုကို ထောင်ထဲထည့်နိုင်မည်မဟုတ်ချေ။


ထုံရွှယ်လူက သူတို့၏တုံ့ပြန်မှုကို နည်းနည်းလေးတောင်မအံ့ဩပေ။

“အစ်မတို့နှစ်ယောက်ကို ပုံပြင်လေးတစ်ခုပြောပြမယ်.....”


ထို့နောက်သူမက အရင်နေ့ကလုပ်ခဲ့သည့် ပုံပြင်ကိုထပ်မံပြောပြလိုက်သည်။ သူတို့နှစ်ယောက်က အသံတိတ်သွားကာ ကြက်သီးများထလာကြသည်။


“....အခုသိပြီမလား၊ ကျွန်မကအကြောင်းရှိလို့ သူ့ယောက်ျားနဲ့ယောက္ခမကို အမှုဖွင့်ဖို့ အမရှူယင်ကိုပြောခဲ့တာ၊ ဒီလိုအဖြစ်အပျက်တွေနဲ့ဆိုရင် အမရှူယင်ကအမှုဖွင့်လောက်တယ်လို့ အမတို့ထင်လား”


ဒီတကြိမ်တွင် ချန်တနီကဘာမှမပြောလာပေ။ အရင်ပြောလာသူက ဟွမ်ရှန်းလန်ဖြစ်သည်။

“ငါ့ဝမ်းကွဲက အဲ့လိုလုပ်ဖို့မဖြစ်နိုင်ဘူး၊ သူမသာအဲ့လိုလုပ်လိုက်ရင် ဦးလေးနဲ့အဒေါ်က သူမကို အမွေဖြတ်စွန့်လွှတ်လိုက်လိမ့်မယ်”


ချန်တနီကလည်း သတိပြန်ဝင်လာကာ သက်ပြင်းချလိုက်သည်။


“ရှန်းလန်ပြောတာအမှန်ဘဲ၊ သူမရဲ့မိသားစုက သူမကို မကူညီ၊ နားမလည်ပေးရုံသာမကဘူး ပတ်ဝန်းကျင်ကလည်း ရက်စက်တဲ့မိန်းမလို့အမည်တပ်ကြလိမ့်မယ်”


သူမ၏သမီးတောင်မှ အရွယ်ရောက်လာသောအခါ သူမကိုအပြစ်တင်လာနိုင်သည်။


ထုံရွှယ်လူ၏နှုတ်ခမ်းများက အနည်းငယ်ကွေးညွှတ်လာသည်။


“တကယ်လို့ သူမယောက်ျားရဲ့ ရာထူးက အစ်မရဲ့ဦးလေး ဒါမှမဟုတ် သူတို့သားဆီရောက်လာမယ်ဆိုရင်ရော သူတို့က အမရှူယင် တိုင်တာကို ဆန့်ကျင်ဦးမှာလား”


ဟွမ်ရှန်းလန်က ‘ဟင်’ခနဲအသံထွက်သွားကာ သူမပါးစပ်ကအချိန်အတော်ကြာအောင် ပွင့်နေ၏။


ဟဲပေါင်ကန်းက လျှပ်စစ်ပစ္စည်းစက်ရုံမှအလုပ်သမားတစ်ယောက်ဖြစ်ကာ တစ်လလျှင် ယွမ်50ဝင်ငွေရှိ၏။ ထိုပမာဏသည် အလုပ်သမားတစ်ယောက်အတွက် မြင့်သည်ဟုဆိုနိုင်သည်။


အကယ်၍စုရှူယင်က ဟဲပေါင်ကန်းနှင့် ယောက္ခမဖြစ်သူတို့အား ထောင်ထဲပို့လိုက်ပါက ထိုအလုပ်ရာထူးသည် သူမဆီသို့ရောက်လာမည်ဖြစ်ကာ ရောင်းသည်ဖြစ်ဖြစ် သူမမိသားစုကိုပေးသည်ဖြစ်ဖြစ်လုပ်နိုင်သည်။


လူများက ပိုက်ဆံကြောင့်‌သွေးဆောင်ခံရတတ်ကာ စုရှူယင်၏မိသားစုလည်းအတူတူပင်ဖြစ်လိမ့်မည်။


စုရှူယင်က သူမ၏မိသားစုနှင့်စကားပြောသည့်အခါ ဤအချက်ကို ခြေကုတ်ယူပြီးပြောနိုင်၏။ သူတို့၏အကူအညီအပြင် သူမ၏ကလေးကို သူမဘာသာစောင့်ရှောက်ခွင့်ရအောင်လည်း တောင်းဆိုနိုင်သည်။ ဤနည်းလမ်းဖြင့် သူမက အလုပ်ထွက်လုပ်နိုင်မည်ဖြစ်သည်။


ပတ်ဝန်းကျင်ရှိသူများကိုမူ ဖြေရှင်းရန်ပိုရိုးရှင်း၏။ သူမအနေဖြင့် နေရာအသစ်ပြောင်းသွားပြီး အလုပ်အသစ်ရှာလိုက်ရုံသာလိုပေသည်။


ထုံရွှယ်လူက ထိုအချက်ကိုတွေးထားပြီးသားဖြစ်သော်လည်း သူမက စုရှူယင်ကိုကောင်းကောင်းမသိသေးသဖြင့် မပြောပြလိုက်ပေ။


“ကျွန်မပြောတာတွေကို အမရဲ့ဝမ်းကွဲကိုပြန်ပြောပြလိုက်ပါ၊ သူမက အခြားသူတွေကူညီတာကို လိုအပ်တယ်၊ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ့်ခြေထောက်ပေါ်မှာဘဲ ရပ်တည်ရမယ်၊ သူမကို ဒီအကြောင်းတွေးကြည့်ထားခိုင်းလိုက်ပါ၊ ပြီးတော့ ဒီကိစ္စကို အခြားဘယ်သူ့ကိုမှမပြောပါနဲ့ အထူးသဖြင့် အမရဲ့ဒေါ်လေးမိသားစုက လူတွေကိုပေါ့”


အကယ်၍ စုရှူယင်သာစိတ်မပိုင်းဖြတ်နိုင်ပါက ထုံရွှယ်လူလုပ်နိုင်တာမရှိပေ။


ဤကိစ္စ၏လေးနက်မှုကို သတိပြုမိ‌သွားသောကြောင့်လားမသိ ဟွမ်ရှန်းလန်က ခေါင်းညိတ်ပြလာသည်။

“ကောင်းပါပြီ အမဘယ်သူ့ကိုမှမပြောဘူး”


ချန်တနီက ထုံရွှယ်လူကိုကြည့်လိုက်သည်။ သူမက ထုံရွှယ်လူတစ်ယောက် အသက်ငယ်ငယ်နှင့် ဒီလောက်ဉာဏ်ပြေးနေသည်ကိုမြင်သောအခါ အံ့ဩမိသွားသည်။


သူမယောက်ျားနဲ့ ယောက္ခမက သူမကိုမရိုက်တာဆိုးတာဘဲ။ မဟုတ်ရင် ဒီနည်းလမ်းနဲ့ သူတို့ကို ‌ကိုင်တွယ်လို့ရတယ်။

ဖွီ ဖွီ။။။

‘ဆိုး’တာမဟုတ်ပေ။ ၎င်းက သူမ၏ရူးကြောင်ကြောင်အတွေးများသာဖြစ်သည်။


ထုံရွှယ်လူက ချန်တနီ၏အတွေးများကို မသိချေ။


သူမက သူတို့နှစ်ယောက်အား သူမ၏မိသားစုကို ဒီနေရာသို့ခေါ်လာမည်ဖြစ်သဖြင့် သူတို့အတွက် စားစရာတချို့ချန်ထားပေးပါရန် ပြောလိုက်သည်။


သဘာဝကျစွာပင် ဟွမ်ရှန်းလန်နှင့် ချန်တနီတို့က ဒီလိုတောင်းဆိုမှုလေးကို လက်မခံနိုင်စရာမရှိပေ။


စောသေးသည်ကို မြင်သောအခါ ထုံရွှယ်လူက ထုံမျန်မျန်နှင့်ညီအစ်ကိုနှစ်ယောက်အတွက် အသားပေါက်စီတချို့ကို ဝယ်သွားလိုက်သည်။


***

ရပ်ကွက်ထဲတွင်။


သူမက လက်ဗလာဖြင့် ပြန်လာသည်ကိုမြင်သောအခါ လူများကသိချင်စွာမေးလာကြ၏။

“ဘာအသားမှမရခဲ့ဘူးလား”


ထုံရွှယ်လူက စိတ်ဆင်းရဲနေပုံပေါ်နေ၏။

“ဟုတ်တယ် ကျွန်မတစ်နာရီလောက်တန်းစီ‌ခဲ့ပေမယ့် ကျွန်မအရှေ့နားကိုလည်းရောက်ရော အသားကကုန်သွားပြီတဲ့”


၎င်းကမကြာခနဖြစ်ပျက်နေကြဖြစ်သောကြောင့် ဘယ်သူမှ ထူးဆန်းသလို မခံစားကြပေ။


ထုံရွှယ်လူတစ်‌ယောက် မနက်ပိုင်း၌ ထွက်သွားပြီးနောက်တွင် ထုံကျားရှင်းက ထုံမျန်မျန်နှင့်အတူ ခြံထဲတွင်အချိန်အတော်ကြာထိုင်နေခဲ့သည်။ သူတို့ကငိုက်မျဉ်း‌လာသဖြင့် အနားရှိလူများကတောင် အိမ်ထဲ၌ တစ်ရေးပြန်အိပ်ရန် လောဆော်လာကြသည်။


နှစ်ယောက်သား အိပ်နေချိန်တွင် ထုံရွှယ်လူက အိမ်ထဲသို့ဝင်လာသည်။


ထုံရွှယ်လူက သူတို့ကိုနှိုးလိုက်သည်။

“မျန်မျန်‌လေးရေ ထတော့၊ မမကြီး အသားပေါက်စီယူလာတယ်”


ထုံကျားရှင်းက ‘အသားပေါက်စီ’ဆိုသည်ကိုကြားသောအခါ မျက်စိကျယ်သွားပြီး ဆတ်ခနဲထထိုင်လာသည်။

“အသားပေါက်စီလား ဘယ်မှာလဲ”


ထုံရွှယ်လူက စစ်ကျောပိုးအိတ်ထဲမှ အသားပေါက်စီများကိုထုတ်လိုက်သောအခါ ထုံကျားရှင်းက အရောင်တောက်နေသောမျက်လုံးများဖြင့် သူမဆီပြေးဝင်လာ၏။


သူ့ပုံစံ ရက်အနည်းလောက် ဘာမှမစားရသေးသည့် ဝံပုလွေလိုပင်။


ထုံမျန်မျန်က အသားပေါက်စီများကို မြင်သောအခါ သူမ၏မျက်လုံးများက လခြမ်းလေးလိုကွေးညွှတ်သွားသည်။ သူမက အသားပေါက်စီကို လက်နှစ်ဖက်လုံးဖြင့်ကိုင်ကာ တစ်ကိုက်ချင်းစီစားလိုက်သည်။


သူမ၏ပုံစံက ဟမ်းစတားလေးအစာစားနေသလိုပင် အလွန်ချစ်စရာကောင်းနေ၏။


သူတို့နှစ်ယောက်စားပြီးသောအခါ ကျူးတန်က ဖင်ကျွတ်လေးဖြင့် ပြေးဝင်လာကာ ထုံရွှယ်လူအားစာရွက်တစ်ခုပေးလာ၏။

“ဒါက မမကြီးအတွက်တဲ့”


ထုံရွှယ်လူက အနည်းငယ် ထိတ်လန့်သွားသည်။

“ဘာကိုလဲ”


ကျူးတန်က ခေါင်းခါပြလာသည်။

“သားလည်းမသိဘူး၊ အကိုငယ်ငယ်လေးတစ်ယောက်က မမကြီးကိုပေးပေးပါဆိုပြီး သားကိုပေးသွားတာ သူကသားကိုလည်း သကြားလုံးပေးသွားတယ်”


သူက သူကိုင်ထားသဖြင့် ညစ်ပေနေပြီဖြစ်သော သကြားလုံးကို ထုံရွှယ်လူအားပြလိုက်သည်။


ထုံရွှယ်လူက ထိုစာကိုယူကာ သူ့ခေါင်းကိုပုတ်ပေးလိုက်ပြီး ပြန်ခိုင်းလိုက်သည်။


ကျူးတန်က သူ၏ခေါင်းပြောင်ပြောင်လေးကိုပွတ်ကာ တခစ်ခစ်ရယ်ပြီး ပြေးထွက်သွားသည်။


ထုံရွှယ်လူက စာရွက်ကိုဖွင့်ကြည့်လိုက်သောအခါ စာအနည်းငယ်ကို မြင်လိုက်သည်။

‘လမ်းကြားထဲကို လာခဲ့’


ထုံရွှယ်လူက ခေါင်းခြောက်သွားသည်။ လက်ရေးကြောင့် ဤစာသည် ထုံကျားမင်ဆီမှဆိုသည်ကို သူမသိသွား၏။ သို့သော် ထိုအချက်က သူမကို ခေါင်းပိုရှုပ်သွားစေသည်။


သူက ဘူတာရုံမှာ လူသွားကြိုနေတာမဟုတ်ဘူးလား။ ဘာလို့သူမကိုစာပို့လာတာလဲ။


သူမနဲ့စကားပြောဖို့ အိမ်ပြန်လာရမယ့်အစား ဘာလို့ဒီလိုခိုးကြောင်ခိုးဝှက်နဲ့ လမ်းကြားထဲကို လာခိုင်းရတာလဲ။


ကံကောင်းစွာဖြင့် နေ့လည်ခင်းဖြစ်နေသောကြောင့် သူမကအရမ်းကြီးမစိုးရိမ်သွားပေ။


သူမက ထုံကျားရှင်းကိုပြောကာ အိမ်ထဲမှထွက်လာလိုက်သည်။


လမ်းကြားထဲသို့ ဝင်ဝင်ချင်းပင် ထုံကျားမင်ကိုမြင်လိုက်သည်။


နေရောင်က လမ်းကြားထဲသို့ ‌ထိုးကျနေကာ လူငယ်လေးက ရွှေရောင်အလင်းများထဲတွင် ရပ်နေပြီး သူ့နောက်ကျောက မယိမ်းမယိုင်တည်ရှိနေ၏။


ခြေသံကြားသောအခါ သူကလှည့်ကြည့်လာသည်။ အဆင်မပြေဖြစ်မှုအရိပ်အယောင်များက ဖြတ်ခနဲပျောက်သွားကာ မျက်လုံးများက ပုံမှန်ပြန်ဖြစ်သွားသည်။


ထုံရွှယ်လူက တည်ငြိမ်စွာပြောလိုက်သည်။

“ပြောပါဦး ဘာဖြစ်သွားလို့လဲ”


ထုံကျားမင်က နှုတ်ခမ်းကိုစုပြီး ဘူတာရုံ၌ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ်ကာ ပြောပြလိုက်သည်။


ထိုအကြောင်းများကို နားထောင်ပြီးသောအခါ ထုံရွှယ်လူက ခနလောက် အသံတိတ်သွားသည်။ သူမ၏စိတ်နှင့်ကိုယ်ပြန်ကပ်ရန် အချိန်ခနယူလိုက်ရ၏။


“ဒါဆို...နင်က ထုံယန်လျန်အရိုက်ခံနေရတာကို မြင်ခဲ့ပေမယ့် မကူညီရုံတင်မကဘူး၊ ဘာမှမမြင်သလိုဟန်ဆောင်ပြီး ထွက်လာခဲ့တယ်ပေါ့ ”


“ဟုတ်တယ်”


ထုံရွှယ်လူကို သူ၏မျက်လုံးနက်များဖြင့် ကြည့်‌ကာ ထုံကျားမင်ကခုနကလောက် မတည်ငြိမ်တော့ချေ။


သူက ဘူတာရုံရှိ ထိုလူများအားမခေါ်လာနိုင်ခဲ့ခြင်းသည် သူမ၏အစီအစဉ်ကိုပျက်သွားစေလား မသိပေ။ ထိုကြောင့် တစ်ယောက်ယောက်နှင့် စာပို့ခိုင်းလိုက်ခြင်းဖြစ်သည်။


နောက်တစ်မိနစ်တွင် ထုံရွှယ်လူက အော်ရယ်လာကာ သူ့ပုခုံးကိုပုတ်ပေးလိုက်သည်။

“ဟားဟားးးကောင်းတယ်”


သူမက ဒီလိုစိတ်ချမ်းသာစရာ စပရိုက်မျိုးကို မမျှော်လင့်ထားမိပေ။


ထုံယန်လျန်ကို မိန်းမစိုးအဖြစ်ပြောင်းရန် သူမစိတ်ထဲတွေးမိသော်လည်း ထိုသို့လုပ်ရန်မှာ အတော်လေးခက်ခဲလိမ့်မည်။ ထို့အပြင် သူက ယုတ်မာသောပြစ်မှုများကို မကျူးလွန်ရသေးသောကြောင့် ထိုကိစ္စကိုမေ့ထားလိုက်ရုံသာရှိသည်။


အရာအားလုံး၏အထက်တွင် နတ်ဘုရားရှိ၏။ မိုးကောင်းကင်တောင်မှ သူ့ကိုသည်းခံနိုင်မည်မဟုတ်ပေ။


ထုံကျားမင်က သူမရီနေသောကြောင့် ခေါင်းရှုပ်သွားသည်။

“ကျွန်တော် အစ်မရဲ့အစီအစဉ်ကို ဖျက်မိသွားလား”


ထုံရွှယ်လူက ရယ်လွန်းရသဖြင့် ပါးများတောင် တောင့်နေပြီဖြစ်သည်။

“အဲ့လိုမဖြစ်ပါဘူး၊ ကောင်းကောင်းလုပ်ခဲ့တယ်၊ ငါတို့က လိမ္မာပြီးဝတ္တရားကျေပွန်တယ်ဆိုတာကို အခြားသူတွေသိစေချင်လို့ သူတို့ကိုစားသောက်ဆိုင်ဆီခေါ်သွားခိုင်းလိုက်တာ”


ထိုသို့မှသာ သူမ၏အကြံအစည်များကို လုပ်ဆောင်ရာတွင် အခြားသူများက သံသယမဝင်လာမှာဖြစ်သည်။


ထုံကျားမင်က သူမ၏အစီအစဉ်ကိုမသိသော်လည်း သူမ မပြောပါက သူလည်းမေးမှာမဟုတ်ပေ။


ထုံရွှယ်လူက ဘာလုပ်ရမည်များကို ထုံကျားမင်နှင့် ဆွေးနွေးလိုက်သည်။ အခုချိန်တွင် ထုံကျားမင်ကိုအိမ်သို့ ပြန်လာခိုင်းလိုက်ခြင်းသည် ကောင်းမည်မဟုတ်ချေ။


ရုတ်တရက် လူတစ်ယောက်က လမ်းကြားလေးကိုဖြတ်သွားသောအခါ ထုံရွှယ်လူက အလျင်အမြန်ပင် လှမ်းမေးလိုက်သည်။

“မန်နေဂျာမာ ဘယ်သွားမလို့လဲ”


ထုံရွှယ်လူအသံကိုကြားသောအခါ မန်နေဂျာမာက ဆတ်ခနဲရပ်လိုက်သည်။

“ရွှယ်လူက ဘာလို့ဒီရောက်နေတာလဲ၊ နင့်အဖွားနဲ့ ဝမ်းကွဲက တစ်ခုခုဖြစ်သွားတယ်”


“ဘာဖြစ်သွားတာလဲ”

ထုံရွှယ်လူက သင့်တော်သော ထိတ်လန့်မှုနှင့် စိုးရိမ်မှုပမာဏကို ဖော်ပြထားလိုက်သည်။