အပိုင်း ၂၆
Viewers 14k

Chapter 26

- အမ်းးးအဲ့ဒါကနည်းနည်းတော့ ကသိကအောက်ဖြစ်စရာဘဲ။



“ငါလည်း သေချာမသိသေးဘူး၊ သူတို့ကအလုခံရတယ်လို့ စက်ရုံကိုဖုန်းဆက်လာတာဘဲ၊ အခုဆေးရုံရောက်နေပေမယ့် ပေးစရာပိုက်ဆံမရှိလို့ နင့်ကိုပိုက်ဆံယူပြီး လာခိုင်းလိုက်တယ်”


ထုံရွှယ်လူက မျက်မှောင်ကြုတ်လိုက်သည်။

“ဘယ်လိုဖြစ်သွားရတာလဲ၊ ကျားမင်က ဘူတာရုံမှာသွားကြိုပေမယ့် သူတို့နဲ့မဆုံတာမအံ့ဩတော့ပါဘူး”


မန်နေဂျာမာက မောနေရင်း အနောက်မှထုံကျားမင်ကို သတိထားမိသွားသည်။

“မြန်မြန်လေး ဆေးရုံကိုသွားလိုက်ပါဦး၊ နင်လည်းအချိန်ဖြုန်းချင်မှာမဟုတ်ဘူး”


ထုံရွှယ်လူက ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။

“ကျွန်မအိမ်ပြန်ပြီး ပိုက်ဆံယူလိုက်ဦးမယ် ကျေးဇူးပါ မန်နေဂျာမာ”


မန်နေဂျာက သူမကလက်ခါပြကာ တစ်လက်စတည်း လိုက်ပို့ပေးလာ၏။


ထုံရွှယ်လူက သူနှင့်အတူလိုက်သွားပြီး လူတိုင်းကဤကိစ္စအကြောင်းသိအောင် ချက်ချင်းလုပ်ဆောင်လိုက်သည်။

“ဒေါ်လေးချိုင် ဒေါ်လေးချိုင်ရေ”


ဒေါ်လေးချိုင်က သူမအော်ခေါ်သံကြောင့် အလန့်တကြားဖြစ်သွားကာ သူမ၏အိမ်နီးချင်းအိမ်မှ ပြေးထွက်လာသည်။

“ဘာလဲ၊ ဘာဖြစ်တာလဲ ရွှယ်လူ”


ထုံရွှယ်လူက မျက်မှောင်ကြုတ်ပြီး စိုးရိမ်နေပုံစံကိုဖော်ပြနေသည်။

“ဒေါ်လေးချိုင် ကျွန်မအဖွားနဲ့ဝမ်းကွဲတို့အရိုက်ခံရပြီး ဆေးရုံရောက်နေတယ်လို့ မန်နေဂျာမာက‌‌ ပြောပြလာတယ်၊ ကျွန်မပိုက်ဆံယူပြီး သူတို့ဆီသွားမလို့ ကျားရှင်းနဲ့ မျန်မျန်ကို ဒေါ်လေးခနလောက်ကြည့်ထားပေးပါလား”


ဒေါ်လေးချိုင်က လန့်သွားသည်။

“ဘုရားရေ သူတို့တွေအရိုက်ခံလိုက်ရတယ်တဲ့လား၊ ဘယ်သူလုပ်တာလဲ”


ထုံရွှယ်လူက အဖြစ်အပျက်ကို ထပ်ပြောပြလိုက်သည်။

“ဘာကြောင့် ရိုက်ခံရတယ်ဆိုတာကိုတော့ ကျွန်မလည်း မသိဘူး၊ အခုဆေးရုံသွားမလို့ ပြန်လာမှအကြောင်းစုံပြောပြမယ်နော်”


ဒေါ်လေးချိုင်က သူမကိုနှစ်သိမ့်ပေးလာသည်။

“ကောင်းပြီ နင်တို့နှစ်ယောက် မြန်မြန်သွားတော့လေ၊ ကျားရှင်းနဲ့ မျန်မျန်ကို ငါကြည့်ထားလိုက်မယ်၊ အရမ်းလည်းစိတ်ပူမနေပါနဲ့ သူတို့အဆင်ပြေမှာပါ”


“ကျေးဇူးပါ ဒေါ်လေးချိုင်”


ထုံရွှယ်လူက အသံက အနည်းငယ်တိုးဝင်သွားသည်။ သူမက အိမ်ထဲမှပိုက်ဆံကိုယူကာ မျက်မှောင်ကြုတ်ပြီး ထွက်သွားသည်။


ရပ်ကွက်ထဲမှထွက်လာလာချင်းပင် သူမပုံစံကပုံမှန်အတိုင်းပြန်ဖြစ်သွား၏။


သူမက မျက်မှောင်ကြုတ်လွန်းသဖြင့် အသားအရေတွန့်တာမျိုး မဖြစ်စေချင်ပေ။


ထုံကျားမင်က သူမ၏တစ်ခနအတွင်း အမူအရာပြောင်းလဲမှုကို နေသားကျနေပြီဖြစ်သည်။


***

သူတို့နှစ်ယောက်က မြို့ထဲသို့ကားစီးလာ‌ခဲ့သော်လည်း ဆေးရုံသို့ချက်ချင်းမသွားလိုက်ပေ။


“ငါတို့မသွားခင် အစိုးရလက်အောက်က စားသောက်ဆိုင်မှာ အရင်ဝင်စားရအောင်”


ထုံကျားမင်က အနည်းငယ်အံ့ဩသွားသော်လည်း ဘာမှမပြောဘဲ သူမနောက်မှ တိတ်တဆိတ်လိုက်လာ၏။


သူတို့က နှစ်နာရီကြာအောင် စားလိုက်ကြသည်။


မွေးရပ်မြေမှထိုအုပ်စုကမူ ဆေးရုံတွင် ပင်ပန်းကာ‌ဆာလောင်နေကြသည်။


အထူးသဖြင့် ကျယ်ကျင်းဟွာနှင့် ထုံယန်လျန်တို့မှာ တစ်ကိုယ်လုံးနာကျင်နေကြသဖြင့် စိတ်မရှည်ကြတော့ပေ။


ထုံယန်လျန်က ဒေါသထွက်လာသည်။

“အဖွား သူတို့က ဘယ်အချိန်မှရောက်လာမှာလဲ”


သူတို့က ဒဏ်ရာများကို ဆေးလိမ်းပြီးသော်လည်း သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုက ကျိန်းစပ်နေဆဲဖြစ်ကာ လူတိုင်းရှေ့တွင်ကာထား၍လည်း မဖြစ်နိုင်ပေ။


ဘယ်လိုတောင် ဒုက္ခများတာလဲ။


စွင်းကွေ့လန်က သူမသားအတွက် ဝမ်းနည်းမိသလို ဗိုက်လည်းဆာနေသဖြင့် ကျိန်ဆဲလာသည်။

“အမေ အခုဆိုနာရီအနည်းငယ်တောင်ကြာနေပြီ၊ ကျားမင်တို့က မလာတာများလား”


ကျယ်ကျင်းဟွာက နှုတ်ခမ်းကွဲသွားကာ သွားတစ်ချောင်းလည်းကျိုးသွား၏။ သူမ၏ပါးက ယောင်ကိုင်းနေကာ ထုံယန်လျန်ထက် အခြေအနေပိုမကောင်းနေချေ။


သူမ၏မျက်နှာက သခွားသီးအိုကြီးလို ရှူံ့တွနေ၏။

“သူမလာလို့ကတော့ ငါသူ့ကိုအရေခွံနွှာပစ်မယ်”


ထုံအာ့ကျူက ဆာလောင်လွန်းသဖြင့် ပြားချပ်နေပြီဖြစ်သော သူ၏ဗိုက်ကိုထိကာ ထွီခနဲတံတွေးထွေးပြီး ဒေါသတကြီးဆိုလာသည်။

“အဲ့ကလေးက သူ့မိဘတွေလိုဘဲ ဒီလိုအသက်ငယ်ငယ်မှာတောင် ကြံစည်တတ်နေပြီ၊ တမင်တကာကိုနောက်ကျနေတာဖြစ်မယ်”


ထိုစကားကိုကြားသောအခါ ထုံမိသားစုဝင်အားလုံးက မပျော်မရွှင်ဖြစ်သွားကြသည်။


ကျယ်ကျင်းဟွာသာမက ထုံအာ့ကျူနှင့် ထုံစန်းကျွမ်တို့၏ အိတ်များလည်း အလုခံလိုက်ရ၏။ အခုဆိုလျှင် သူတို့မိသားစုတစ်ခုလုံးက ပိုက်ဆံတစ်ကျပ်တောင်မရှိတော့ချေ။


ယမန့်နေ့ညတွင် သူတို့က ပြောင်းပေါင်မုန့်များအားလုံးကို စားပြီးသွားပြီဖြစ်သည်။ သူတို့က ဒီကိုရောက်လာသည်နှင့် ထုံကျားမင် သူတို့ကို အစိုးရလက်အောက်မှစားသောက်ဆိုင်တွင် လိုက်ကျွေးလိမ့်မည်ဟု ထင်ထားကြခြင်းဖြစ်သည်။ ထိုနောက်တွင် ဖြစ်ပျက်ခဲ့သည်များကိုမူ မမျှော်လင့်ထားခဲ့ပေ။


သူတို့တွင် ပိုက်ဆံမရှိတော့သလို အရိုက်လည်းခံလာရသည်။ မနက်ကတည်းက သူတို့ ရေတစ်ငုံတောင်မသောက်ရသေးပေ။ ဗိုက်ဆာလွန်းသဖြင့် သူတို့၏အစာအိမ်များက နောက်ကျောကပ်လုနီးပါးဖြစ်နေ၏။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ်ပြီးစိတ်အခြေအနေကောင်းနိုင်မှာလဲ။


ဆေးရုံ၏ဧည့်စောင့်ခန်းထဲတွင် လေး၊ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်က ကစားနေကာ ရုတ်တရက်ထုံယန်လျန်အားတိုက်မိသွားသည်။ ကောင်လေးက ဘာနာကျင်မှုကိုမှမခံစားလိုက်ရသဖြင့် မော့ကြည့်ကာ ထုံယန်လျန်အား‌ပြုံးပြလာသည်။


ကောင်လေး၏တိုက်ခြင်းကို ခံလိုက်‌ရသောအခါ ထုံယန်လျန်၏ ‌သေချာသောအစိတ်အပိုင်းတစ်ခုက ဆောင့်ဆွဲသလိုဖြစ်သွား၏။ အလွန်နာသွားသဖြင့် သူက ထိုကောင်လေးကို တွန်းကာပြောလိုက်သည်။


“ငါနဲ့ ဝေးဝေးနေစမ်း”


ကောင်လေးက ကြမ်းပြင်ပေါ်သို့ တွန်းခံလိုက်ရသဖြင့် ဗြဲခနဲအော်ငိုလာလေသည်။


ကောင်လေး၏အဖွားက သူ့မြေးအတွက် ဝမ်းနည်းသွားသည်။ သူမက ကလေးကိုချီကာ အော်ဟစ်လာသည်။

“နင်*မျိုးဆက်မရှိမယ့်ကောင်၊ ငါ့မြေးတစ်ခုခုဖြစ်သွားလို့ကတော့ ငါနင့်ကိုသတ်မှာ”


ထိုအဖွားကြီးက သေချာပေါက်ပင် လူကောင်းမဟုတ်ချေ။ ထို“မျိုးဆက်မရှိ”ဟူသော စကားလုံးကထုံယန်လျန်အတွက် အနာကျင်ဆုံးဖြစ်သည်။


သူကကြမ်းကြုတ်စွာပြောလိုက်သည်။

“အဲ့ဒါက ကျွန်တော့်ကိုခြောက်နိုင်မယ်လို့ထင်နေတာလား၊ သူ့ကိုရိုက်မသတ်လိုက်တာကတင် သူကံကောင်းနေပြီ”


အဖွားကြီးက ဒေါသထွက်လွန်းသဖြင့် သူမ၏နှာခေါင်းကတောင် ကောက်ကွေးသွားသည်။ သို့သော် သူမဘာမှပြန်မပြောနိုင်ခင်မှာဘဲ ကျယ်ကျင်းဟွှာနှင့် ချွေးမနှစ်ယောက်က ရန်ပွဲထဲဝင်ပါလာကြသည်။


ကျိန်ဆဲသည့် စကားလုံးများက သူတို့ပါးစပ်မှထွက်လာကာ ဧည့်စောင့်ခန်းက ဆူညံသံများဖြင့် ပွက်လောရိုက်သွားသည်။


ခပ်ဝဝသူနာပြုတစ်ယောက်က ရောက်လာကာ သူတို့ကိုအော်လိုက်သည်။


“အကုန်လုံး ပါးစပ်ပိတ်ထားစမ်း၊ ဒီလိုဆက်ဖြစ်နေရင် ကျွန်မရဲခေါ်ပြီး အကုန်လုံးကိုဖမ်းခိုင်းလိုက်မယ်”


သူမ၏စကားက ချက်ချင်းပင် လူတိုင်းအား ပါးစပ်ပိတ်သွားစေသည်။


ဤမြင်ကွင်းသည် ထုံရွှယ်လူဝင်လာသောအခါ တွေ့လိုက်ရသောအရာဖြစ်သည်။


သူမက ပေဟယ်မှထိုလူများက ဘယ်သူဖြစ်သည်ကို ထုံကျားမင်မိတ်ဆက်ပေးစရာတောင်မလိုဘဲ တန်းသိလိုက်သည်။


သူတို့က အလွန်အနံ့ဆိုးထွက်နေကြကာ ရေမွှေးဆယ်ပုလင်းတောင်မှ သူတို့၏အနံ့ဆိုးများကို ဖုံးပေးနိုင်မည်မဟုတ်ချေ။


ထုံအာ့ကျူက မျက်စံလှန်လိုက်သောအခါ ရုတ်တရက် အနားတွင်ရပ်နေသော ထုံကျားမင်ကို သတိပြုမိသွားသည်။ သူ၏သုံးထောင့်ပုံစံမျက်လုံးများက စိုက်ကြည့်လာကာ ပြောလိုက်သည်။


“အမေ အဲ့ဒါဟိုကောင်စုတ်လေး ကျားမင်မလား”


လူတိုင်းက လှမ်းကြည့်လိုက်သောအခါ စိတ်လွတ်သွားကြသည်။


ကျယ်ကျင်းဟွာက ထရပ်ကာ‌အော်ဟစ်လာသည်။

“ကောင်စုတ် ဘာလို့ဒီလောက်တောင်ကြာနေတာလဲ၊ ဘယ်ရောက်နေလို့လဲ နင်ကငါ့ကိုငတ်ပြတ်ပြီးသေစေချင်နေတာ၊ဟုတ်တယ်မလား”


စွင်းကွေ့လန်က နှုတ်ခမ်းစေ့ကာပြောလာသည်။

“ငါတို့ဖုန်းခေါ်ထားတာဖြင့် လေး၊ငါးနာရီလောက်ကြာနေပြီကို အခုမှရောက်လာတယ်၊ သေချာပေါက်ကို သူကတမင်လုပ်နေတာ”


အခြားသူများကလည်း ထုံကျားမင်က သူတို့‌အဖေကို သတ်ထားသလိုပင် ရက်စက်စွာကြည့်လာကြ၏။


ထုံရွှယ်လူက ထုံကျားမင်အား လှည့်ကြည့်လိုက်သည်။ ထိုကိစ္စများက သူ့မျက်နှာပေါ်တွင် ဘာ‌အမူအရာမှမဖြစ်လာစေပေ။ ထုံမိသားစုကိုကြည့်နေသော သူ၏မျက်လုံးများထဲတွင် ဘာနွေးထွေးမှုမှရှိမနေချေ။


သူမက နှုတ်ခမ်းစေ့ကာ ပြောလိုက်သည်။

“သွားပြီး သူတို့နဲ့တွေ့ရအောင်”


ထိုသို့ပြောပြီးနောက် သူမက သူတို့ဆီလျှောက်သွားလိုက်သည်။


သူမက ဒေါက်မြင့်ဖိနပ်မစီးထားသော်လည်း သူမလျှောက်လာပုံမှာ အရပ်က 1.8မီတာရှည်သည်ဟုထင်‌ရ‌ပြီး အလွန်လန်းဆန်းကာ ယုံကြည်ချက်အပြည့်ရှိနေပုံပေါ်၏။


ထုံအာ့ကျူ၏မျက်လုံးများက အရောင်တောက်လာ၏။ သူက ထုံရွှယ်လူ၏ ချောမွတ်ကာ ဖြူဖွေးသောမျက်နှာကိုကြည့်လိုက်သည်။ ထို့နောက် သူမ၏ရင်ဘတ်မှတစ်ဆင့် သွယ်လျသောခါးဆီရောက်သွားသည်။ သူ၏မျက်လုံးထဲတွင် မကောင်းသောအရိပ်အယောင်များလင်းလက်နေ၏။


စွင်းကွေ့လန်က သူ့နောက်ကျောကိုရိုက်ကာပြောလိုက်သည်။

“ရှင့်ကိုရှင် ဘာကြည့်နေတယ်လို့ထင်နေတာလဲ”


ထုံအာ့ကျူက သူ့မေးစေ့ကိုကုတ်ပြီး နေရခက်စွာချောင်းဟန့်လိုက်သည်။

“အိုးးဘာမှမဟုတ်ပါဘူး”


ထုံရွှယ်လူက သူတို့ဆီကိုလျှောက်လာပြီး ကျယ်ကျင်းဟွာကိုပြောလိုက်သည်။

“အဖွား ကျွန်မတို့က အဖွားတို့ကိုလာကြိုတာပါ”


အဖွားတဲ့လား။


ထိုအသုံးအနှုန်းကိုကြားသောအခါ အခြားသူများကထိတ်လန့်သွားကြသည်။


ဒါက ထုံတကျွင်းရဲ့ အလဲခံလိုက်ရတဲ့ သမီးများလား။


ဝိုးးးသူမက သူမတူအောင် အရမ်းလှတာဘဲ။


အနီရောင်နှုတ်ခမ်း၊ သွားဖြူဖြူတို့အပြင် သူမ၏အသား‌အရေက အလွန်‌နူးညံ့နေသည်မှာ သူတို့ညှစ်ကြည့်လိုက်ပါက ရေတောင်ထွက်လာနိုင်လောက်၏။ ထို့ပြင်သူမ၏ဝတ်စားပုံကလည်း အဆင့်မြင့်အစိုးရဝန်ထမ်းများမှ ပျိုးထောင်လာခဲ့သည်ကိုထင်ဟပ်နေ၏။ သူမ၏စိတ်နေစိတ်ထားကလည်း ထိုအချက်ကိုပြည့်စုံစွာဖော်ပြနေပေသည်။


သူတို့နှင့်မတူစွာပင် ထုံရွှယ်လူက ဤမိသားစုကိုကြည့်ကာ ဒီလိုတစ်မူထူးနေသည့်လူများက ဘယ်နေရာမှရောက်လာသည်ကို သိချင်နေမိသည်။


သူမက ကျယ်ကျင်းဟွာကိုကြည့်လိုက်သည်။


ကျယ်ကျင်းဟွာက အသက်ငါးဆယ်ကျော်ခြောက်ဆယ်နီးပါးရှိနေပြီဖြစ်ကာ အရပ်ပု၏။ သူမ၏အသားအရေက မဲနက်ကာကြမ်းထော်နေ၏။ မျက်လုံးများက တြိဂံပုံစံရှိကာ ပါးရိုးများကထင်းထွက်နေ၏။ သူမ၏ဆတ်ဆတ်ထိမခံကာ ရိုင်းစိုင်းကြမ်းတမ်းသော စိတ်သဘောထားက သူမမျက်နှာပေါ်တွင်‌ ရေးသားထားသလိုပင်ဖြစ်သည်။


ထုံတကျွင်းတို့စုံတွဲက နှစ်ယောက်လုံးကြည့်ကောင်းကြကာ ထုံကျားမင်၊ သူ့ညီ၊ညီမ‌နှင့် မူလကိုယ်တို့တောင် ထိုမိဘများ၏ မျိုးရိုးဗီဇကို ဆက်ခံထားခြင်းဖြစ်သည်။


သူမက ပေဟယ်မှထိုလူများသည် သူတို့လောက်ကြည့်မကောင်းလျှင်တောင်မှ အဆင့်တစ်ခုတည်းတွင်ရှိလိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော်ငြား သူတို့တစ်ယောက်ချင်းစီက တစ်ယောက်ထက်ပိုဆိုးရွားနေကြကာ ပုံတူကူးထားသည့် အရိုင်းဆန်ဆန်ပစ္စည်းများလိုပင်ဖြစ်သည်။


ရုတ်တရက်ဆိုသလိုပင် သူမစိတ်ထဲ အကြံတစ်ခုပေါ်လာ၏။


မဟုတ်မှလွဲ ထုံတကျွင်းက ထုံမိသားစုရဲ့သား လုံးဝမဟုတ်တာများလား။


သူမ၏မှတ်ဉာဏ်ထဲမှ ထုံတကျွင်းသည် ကျယ်ကျင်းဟွာနှင့် လုံးဝမအပ်စပ်နေပေ။ ထော်နေသောနှုတ်ခမ်းနှင့် မျောက်မျက်နှာပုံစံရှိကြသော ထုံညီအစ်ကိုနှစ်ယောက်နှင့်လည်း လုံးလုံးမတူပေ။


ဒါက အဲ့ဒီရိုးအီနေတဲ့ ကိစ္စများဖြစ်နေမလား။


ထုံရွှယ်လူက ထုံတကျွင်း၏အခြေအနေနှင့် ပတ်သက်ပြီး ထဲထဲဝင်ဝင်စစ်ဆေးရန်လိုအပ်‌သည်ဟု ခံစားလိုက်မိသည်။ 


သို့သော် ယခုတော့မဟုတ်ပေ။