Chapter 27
-အမ်း.....အဲ့ဒါက နည်းနည်းတော့ ကိုးရိုးကားယားနိုင်လိုက်တာ(2)
ကျယ်ကျင်းဟွာက ပထမဆုံးသတိပြန်ဝင်လာသူဖြစ်သည်။ သူမက ထုံရွှယ်လူကိုစိုက်ကြည့်ကာ အော်လိုက်သည်။
“ဒါဆိုနင်က ထုံတကျွင်းသမီးပေါ့၊ နင်ကဘယ်လိုဖြစ်တာလဲ ဘာလို့ဒီလောက်တောင်ကြာနေတာလဲ”
ထုံရွှယ်လူက မျက်လုံးကိုအောက်ငုံ့ပြီး နူးညံ့စွာပြန်ပြောလိုက်သည်။
“တောင်းပန်ပါတယ် ကျွန်မက ကျားမင်ကို ဘူတာရုံမှာသွားကြိုခိုင်းလိုက်ပေမယ့် အဖွားတို့နဲ့လွဲသွားတယ်၊ ဖုန်းရရချင်းဘဲ ဒီကိုလာခဲ့တာပါ၊ ဒါပေမယ့်အဖွားလည်း ဒီကအများပြည်သူသယ်ယူပို့ဆောင်ရေးက ဘယ်လိုလဲဆိုတာကိုသိမှာပါ၊ ဘတ်စ်ကားတစ်စီးရဖို့ကို နှစ်နာရီလောက်စောင့်လိုက်ရတယ်”
ကျယ်ကျင်းဟွာက သူမသည်အဆင့်မြင့်မြင့်မိသားစုတွင်ကြီးပြင်းလာရသဖြင့် အခြားသူများအပေါ် အထင်သေးတတ်သောသူဖြစ်လိမ့်မည်ဟု ထင်ထားခြင်းဖြစ်သည်။ သူမ၏စိတ်နေသဘောထားက ဒီလောက်တောင်ပြုသမျှနုနေသော ပုံစံဖြစ်မည်ဟုမမျှော်လင့်ထားခဲ့ပေ။ ရုတ်တရက်ဆိုသလိုပင် ကျယ်ကျင်းဟွာက ပိုပြီးကြမ်းတမ်းလာသည်။
“နင့်မွေးစားမိဘတွေက အဆင့်မြင့်အစိုးရဝန်ထမ်းတွေမဟုတ်ဘူးလား၊ သူတို့ကိုဖုန်းဆက်ပြီး ငါတို့ကိုလာကြိုဖို့ ကားလွှတ်ခိုင်းလိုက်လို့မရဘူးလား”
ထုံရွှယ်လူက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူမအား အသိတရားဝင်သွားသလို ကြည့်လာ၏။
“အဖွားပြောတာမှန်တယ်၊ ကျွန်မကဘယ်လိုဖြစ်ပြီး အဲ့လိုမတွေးမိတာလဲ၊ နောက်တစ်ကြိမ်ကျရင် သေချာပေါက် အဲ့လိုလုပ်ဖို့ သတိရပါ့မယ်”
ကျယ်ကျင်းဟွာက သူမ၏တုံ့ပြန်မှုကြောင့် ဆွံ့အသွားရသည်။
သို့သော် သူမနောက်ထပ်မအော်ရသေးခင်မှာဘဲ ထုံရွှယ်လူက ထုံယန်လျန်ဘက်သို့ လျင်မြန်စွာလှည့်ကြည့်လာသည်။
“ရှင်က ကျွန်မဝမ်းကွဲ ထုံယန်လျန်မလား၊ ကျွန်မကြားတာတော့ ရှင့်ရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းကို အကန်ခံလိုက်ရတယ်ဆို၊ အခုဘယ်လိုနေလဲ၊ အဲ့ဒါကျိုးသွားပြီလား အနာဂတ်မှာအဲ့ဒါကအလုပ်လုပ်နိုင်သေးရဲ့လား၊ ဒါမှမဟုတ် ကလေးမယူနိုင်တော့ဘူးလား”
ထုံယန်လျန်;“……”
ထုံမိသားစု:“……”
သူမစကားများကိုကြားသောအခါ သူတို့ကတံတွေးသီးပြီး သေလုမတတ်ဖြစ်သွားကြသည်။
ဒီကောင်မလေးက ပုံစံကြည့်တော့ လှပသန့်ရှင်းသလို ကြည့်ကောင်းနေပေမယ့် ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို လွယ်လွယ်ကူကူပြောထွက်တာလဲ။
ထို့ပြင် လူတိုင်းက တချိန်တည်းတွင် ထုံယန်လျန်၏ခွကြားနေရာကို ကြည့်လိုက်မိကြသည်။
ထုံယန်လျန်တစ်ယောက် ပြင်းထန်သည့်အကြည့်များက သူ့ဘောင်းဘီကိုပါထိုးဖောက်လာသလို ခံစားမိလိုက်သည်။
သူ့မျက်နှာက ရဲရဲနီသွားကာ ထုံရွှယ်လူအားကြမ်းကြုတ်စွာအော်လိုက်သည်။
“မင်း ပါးစပ်ပိတ်ထား”
ထုံရွှယ်လူက နောက်သို့တစ်လှမ်းဆုတ်သွားသည်။ သူမက သူ့ကြောင့်ထိတ်လန့်သွားရသလို ရင်ဘတ်ကိုအုပ်လိုက်၏။
“ဝမ်းကွဲ..ထုံယန်လျန် နင်ဘာဖြစ်တာလဲ၊ တစ်ခုခုနာနေလို့လား၊ ဒါမှမဟုတ် နင်တကယ်ဘဲမစွမ်းဆောင်နိုင်တော့တာလား”
“……”
ထုံယန်လျန်က အသက်ရှုမဝသလို ခံစားမိလာကာ သွေးအန်မိတော့မလိုဖြစ်နေ၏။
ဒီ****ကတော့၊ အချိန်တိုင်းမှာ အခြားသူတွေက သူဆိုတာကိုမသိမယ့်အတိုင်း သူ့နာမည်ကိုထည့်ခေါ်နေတယ်၊ တမင်လုပ်နေတာလား။
သေချာပေါက်ကို ထုံရွှယ်လူက တမင်တကာလုပ်နေခြင်းပင်။
ဒီလိုသတင်းကောင်းမျိုးသည် လူတိုင်းကသိအောင် တစ်လောကလုံးအားကြေညာသင့်ပေသည်။
ကျယ်ကျင်းဟွာကလည်း ဒေါသတကြီးဖြစ်လာ၏။ သူမက မှုန်ကုပ်နေသောမျက်နှာဖြင့် ထုံရွှယ်လူကိုငေါက်လိုက်သည်။
“နင်အရူးမ..စကားဘယ်လိုပြောရမယ်ဆိုတာကိုသိရဲ့လား၊ ကောင်းတာတစ်ခုမှ မပြောနိုင်ရင်လည်း ဘာမှမပြောနဲ့လေ၊ နင် အနေတာမဟုတ်ဘူးဆိုတာ ငါတို့အားလုံးသိတယ်”
ထုံရွှယ်လူက သူမမျက်လုံးအောက်ကိုကုတ်လိုက်ကာ ရှက်ရွံ့သလိုကြည့်ပြီးပြောလာ၏။
“ဟုတ်တယ်၊ ကျွန်မက စကားပြောအရမ်းကောင်းတာ၊ ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် အဖွား”
ကျယ်ကျင်းဟွာက သွေးအန်တော့မိတော့မည်ဖြစ်သည်။
“....ဒါက ချီးကျူးနေတာမဟုတ်ဘူးလေ”
ဧည့်စောင့်ခန်းထဲရှိ အခြားလူများက အချိန်နှင့်အမျှသူတို့ကိုကြည့်နေကြကာ အထူးသဖြင့် ထုံယန်လျန်၏ပေါင်ကြားနေရာကိုဖြစ်သည်။ ထိုအချက်က သူတို့ကိုအလွန်မပျော်မရွှင်ဖြစ်သွားစေ၏။
ကျယ်ကျင်းဟွာက ထုံရွှယ်လူကိုအော်ဟစ်လိုက်ချင်သော်လည်း သူမပါးစပ်မှပိုပြီးဒေါသထွက်စေသော စကားလုံးများထွက်လာမည်ကို စိုးရိမ်သောကြောင့် စိတ်ထိန်းကာ မှုန်ကုပ်ကုပ်နှင့်ပြောလိုက်သည်။
“မြန်မြန်သွားပြီး ဆေးရုံခတွေကိုရှင်းလိုက်၊ အိမ်ပြန်ရောက်မှ ငါတို့တွေစကားပြောကြမယ်”
ထုံရွှယ်လူက နာခံစွာခေါင်းညိတ်ပြပြီး ထုံကျားမင်ကိုလှည့်ပြောလိုက်သည်။
“ကျားမင်က အဖွားတို့ကိုခေါ်ပြီး အရင်သွားနှင့်၊ အစ်မဆေးရုံခပေးပြီးရင် လိုက်လာခဲ့မယ်”
ထုံကျားမင်က ခေါင်းညိတ်ကာ ကျယ်ကျင်းဟွာကိုပြောလိုက်သည်။
“အဖွား သွားရအောင်”
ကျယ်ကျင်းဟွာနှင့် ကျန်လူများသည် အလွန်ပျော်သွားကြသော်လည်း အခုချိန်တွင် သူတို့လုပ်နိုင်သည်ဟူ၍များများစားစားမရှိနေပေ။
သူတို့က ကြောက်စရာကောင်းစွာ ခံစားခဲ့ရ၏။
ထုံရွှယ်လူက သူတို့ထွက်သွားသည်ကို ကြည့်နေလိုက်ပြီးနောက် ဆေးရုံခရှင်းရန် သွားလိုက်သည်။
သူမလှည့်လာသည်နှင့် ငွေရှင်းကောင်တာ၏အနီးတွင် ဝမ်ရူကွေ့က မတ်တပ်ရပ်နေပြီး သူမကိုထူးဆန်းစွာကြည့်နေသည်ကို တွေ့လိုက်ရသည်။
အမ်း.....အဲ့ဒါက နည်းနည်းတော့ ကိုးရိုးကားယားနိုင်လိုက်တာ။
***
လက်ဖက်စိမ်းဟု အမည်တပ်ခံရသောမည်သူမဆို သံမဏိလိုမာကြောသောမျက်နှာရှိကာ မထိုးဖောက်နိုင်ပေ။
ဝမ်ရူကွေ့ကိုမြင်သောအခါ ထုံရွှယ်လူက ခနလောက်သာ ရှက်ရွံ့မှုကိုခံစားလိုက်ရပြီး အလျင်အမြန်ပင် သူမကပြန်တည်ငြိမ်သွားသည်။
သူမက ခြေထောက်ကိုကြွကာ သူ့ဆီလျှောက်သွားသည်။
လီပိဟွားက တစ်ခါကဆိုခဲ့ဖူး၏။
*လူတစ်ယောက်က မိန်းမောသွားသည်မှာ လောကကြီးကိုကောင်းကောင်းမသိသေး၍*ဟုဆို၏။
သူမ၏အတိတ်ဘဝတွင် ချစ်ရေးဆိုခဲ့သူများနှင့် သူမသဘောကျခဲ့သော နာမည်ကျော်ကြယ်ပွင့်များအားလုံးနှင့်ဆိုပါက သူမကိုအတော်လေးနှံ့စပ်သည်ဟုဆိုနိုင်၏။ သို့သော်ငြား ဝမ်ရူကွေ့ကိုမြင်လိုက်ရသောအခါ သူမကမိန်းမောသွားရဆဲဖြစ်သည်။
သူက အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားဆဲဖြစ်ကာ ကျောကိုမတ်ပြီးရပ်နေ၏။ သူ၏မျက်ခုံးများက တောင်တန်းများလိုဖြစ်ကာ သူ့မျက်လုံးများကလည်း ကြယ်နှင့်လလိုပင်ဖြစ်သည်။ သူက အေးဆေးတည်ငြိမ်သောပုံစံရှိနေသော်ငြား လူတစ်ယောက်ကို အလွယ်တကူရင်ခုန်လာအောင် လုပ်နိုင်နေဆဲဖြစ်သည်။
ထုံရွှယ်လူက တည်ငြိမ်စွာပြုံးလိုက်သည်။
“တိုက်ဆိုင်လိုက်တာ ရှင်နဲ့ဒီမှာတွေ့ရတယ်လို့၊ ရဲဘော်ဝမ်”
သူမကရှက်ရွံ့ရန်ငြင်းဆန်နေသရွေ့ အခြားတစ်စုံတစ်ယောက်ကသာ ရှက်ရွံ့ရပေလိမ့်မည်။
ဝမ်ရူကွေ့က သူမမျက်နှာကို စေ့စပ်စွာကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလာသည်။
“မင်္ဂလာပါ ရဲဘော်ထုံ”
“ရှင်နေမကောင်းလို့လား ရဲဘော်ဝမ်”
“ကျွန်တော်နေကောင်းပါတယ်”
ထိုသို့ပြောပြီးပြီးချင်းပင် ဝမ်ရူကွေ့က သူ့ကိုယ်သူ အလွန်တည်ငြိမ်လွန်းနေသည်ဟု ခံစားမိသွားသည်။
ထို့ကြောင့် သူကထပ်ပြောလိုက်သည်။
“ကျွန်တော့အဖိုးက အစာအိမ်မကောင်းဖြစ်သွားလို့ ဆရာဝန်နဲ့ ဆေးလာစစ်တာကို အဖော်လိုက်လာပေးတာပါ”
စစ်တပ်ထဲမှာကတည်းက သူ့အဖိုး၏ကျန်းမာရေးသည် ယိုယွင်းလာခဲ့ကာ အခုတွင် အသက်ကြီးလာပြီဖြစ်သောကြောင့် ဆရာဝန်က အစားအသောက်ဆင်ခြင်ရန်ပြောလာ၏။ သို့သော်ငြား ကလေးတစ်ယောက်လိုစိတ်နေစိတ်ထားရှိသော သူ့အဖိုးသည် ဆရာဝန်က မစားဖို့ပြောလေလေ၊ ပိုပြီးစားချင်လေဖြစ်သည်။ သူက အချိန်နှင့်အမျှ ဦးလေးဇုန်း၏နောက်ကွယ်တွင် ခိုးစားလေ့ရှိသည်။
အဖိုးနှင့် သူ၏ရဲဘော်ရဲဘက်ဟောင်းတို့က ဝိုင်ဖြူတစ်ပုလင်းကို နှစ်ယောက်ထဲအပြတ်ဖြတ်ပြီးနောက်တွင် နှစ်ယောက်လုံးကိုဆေးရုံခေါ်လာရ၏။
ပြီးခဲ့သည့်တစ်ခေါက်က သူ့ကိုအိမ်ထောင်ဖက်တွေ့ခိုင်းရန်အတွက် သူ့အဖိုးက နေမကောင်းဟန်ဆောင်ခဲ့သဖြင့် သူ့ကိုဖုန်းဆက်လာသောအခါ ဒီတစ်ကြိမ်မှာလည်း ထပ်ပြီးဟန်ဆောင်နေပြီဟု သူတွေးလိုက်မိသည်။
“ဟုတ်တယ် လူကြီးတွေက အစာခြေဖျက်နိုင်စွမ်းနည်းလာကြပြီလေ၊ အဲ့ဒါနဲ့ပတ်သက်ပြီးဂရုစိုက်မှရမယ်”
ထုံရွှယ်လူ၏ နှုတ်ခမ်းနီနီလေးက ကွေးတက်လာကာ သူမ၏နှုတ်ခမ်းထောင့်တွင် ပါးချိုင့်နှစ်ခုပေါ်လာ၏။ ၎င်းက လူကို နွေရာသီ၏လေပြေထဲတွင် နေပူဆာလှုံနေသလို ခံစားမိစေသည်။
ခုနတုန်းက ဧည့်စောင့်ခန်းထဲတွင် လူတစ်ယောက်၏အစိတ်အပိုင်းက အလုပ်လုပ်၊မလုပ်ကို အော်ပြောနေခဲ့သည်မှာ သူမ မဟုတ်သည့်အတိုင်းပင်။
“အင်းး”
ဝမ်ရူကွေ့က တည်ငြိမ်စွာပြန်ပြောလိုက်သည်။ သူကလည်း ခုနကဖြစ်ခဲ့သည်များကို ပြန်ဆွဲမခေါ်နေတော့ပေ။
ခုနတုန်းက ထူးဆန်းသလိုကြည့်နေခဲ့သည်မှာ သူမဟုတ်သည့်အတိုင်းပင်။
ကြင်နာကာ ခန့်ညားပြီး ပမာဏတစ်ခုအထိစိတ်ခံစားချက်မြင့်သော ယောက်ျားသည် အသိအသာပင် ဘယ်သူမှလက်ညှိုးမထိုးနိုင်သည့် သူမျိုးဖြစ်သည်။
သူ့အပေါ်တွင်ရှိသော ထုံရွှယ်လူ၏အမြင်က double 11 ပွဲတော်၌ မှာယူလိုက်သောအရာလိုပင် တစ်ဟုန်ထိုးမြင့်တက်လာသည်။
(Tn: double 11 festival- single dayလည်းဖြစ်သလို alibaba company ကအစပျိုးပြုလုပ်ခဲ့တဲ့ ဈေးရောင်းပွဲတော်ကြီးပါ)
သို့သော်ငြား သူမ၏အာရုံစိုက်မှုအားလုံးက ပေဟယ်မှထိုလူကြမ်းတစ်စုပေါ်တွင်သာ ရှိနေသဖြင့် ဆေးရုံခရှင်းပြီးသည်နှင့် ဝမ်ရူကွေ့ကို နှုတ်ဆက်လိုက်သည်။
ဝမ်ရူကွေ့က ထုံရွှယ်လူထွက်သွားသည်ကို နောက်မှကြည့်နေပြီး နောက်လှည့်လိုက်သောအခါ ထောင့်နားမှ အဖြူရောင်ဆံပင်နှင့်ခေါင်းတစ်ခုက ပြူတစ်ပြူတစ်လုပ်ကာ သူ့ဘက်သို့ ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဝမ်ရူကွေ့က သက်ပြင်းချကာ ထိုလူဆီလျှောက်သွားပြီး ပြောလိုက်သည်။
“ဒီမှာဘာလုပ်နေပြန်တာလဲ အဖိုး”
အဖိုးဝမ်က သူ့ကိုလျစ်လျူရှုထားကာ ထုံရွှယ်လူထွက်သွားသည့်ဘက်ကိုကြည့်နေလိုက်သည်။ သူက ဝမ်ရူကွေ့အား တံတောင်ဖြင့်ထိုးကာ ပြောလာ၏။
“အဲ့ကောင်မလေးက ဘယ်သူလဲ ရူကွေ့၊ အဖိုးကဘယ်လိုဖြစ်ပြီး သူမကိုတစ်ခါမှမတွေ့ဖူးတာလဲ”
ဝမ်ရူကွေ့က မျက်တောင်တစ်ချက်မခတ်သလို ရင်တစ်ချက်တောင်မတုန်သွားဘဲ ပြန်ဖြေလာ၏။
“ဌာနချုပ်က အလုပ်သမားအသစ်ပါ”
အဖိုးဝမ်က သူ့ကိုသံသယဝင်စွာကြည့်လာပြီးနောက် ခိုင်မာစွာပြောလိုက်သည်။
“မဖြစ်နိုင်ဘူး၊ မင်းရဲ့ဌာနချုပ်မှာ ဒီလိုငယ်ရွယ်ပြီးလှပတဲ့မိန်းကလေးမျိုးရှိမှာတဲ့လား”
အဖိုးဖြစ်သူကို အိုနေလို့အရူးလုပ်နိုင်ပြီလို့များ ထင်နေတာလား။ သူက ဝမ်ရူကွေ့၏ဌာနချုပ်မှ တစ်ကိုယ်တည်းသမားဖြစ်ပြီး လက်မထပ်ရသေးသော မိန်းကလေးတိုင်းကိုသိပေသည်။
ဝမ်ရူကွေ့က ထုတ်ဖော်ခံလိုက်ရသော်လည်း ဘာရှက်ရွံ့မှုကိုမှ မဖော်ပြလာပေ။
“အဲ့ဒါကြောင့် သူမကလူသစ်လို့ ကျွန်တော်ပြောတာပေါ့၊ အဖိုးကသူမကိုတစ်ခါမှ မမြင်ဖူးဘူးလေ”
အဖိုးဝမ်က လက်မခံနိုင်သေးပေ။
“ဒါဆိုရင် ငါ့ကိုသူ့နာမည်၊ မိသားစုနောက်ခံ၊ အသက်နဲ့ တစ်ကိုယ်တည်းသမားဟုတ်မဟုတ်ပါ ပြောပြ”
“အထဲပြန်ဝင်ရအောင် အဖိုး အခုကဆေးသောက်ရမယ့်အချိန်ရောက်ပြီ”
သူ့အဖိုး၏စိတ်ထဲတွင် ဘာတွေးနေသည်ကို သူကောင်းကောင်းသိပေသည်။
ဝမ်ရူကွေ့စိတ်ပြောင်းလာအောင် ဘာမှမပြောနိုင်သည်ကိုမြင်သောအခါ အဖိုးဝမ်က ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးကတုန်ရီလာ၏။
သူက ဦးလေးဇုန်းဘက် လှည့်ကာပြောလိုက်သည်။
“ရှောင်ဇုန်း မင်းအဲ့ကောင်မလေးကို သေချာမြင်ခဲ့လား၊ အသက်ဘယ်လောက်ရှိပြီလို့မင်းထင်လဲ”
ဦးလေးဇုန်းက ဝမ်ရူကွေ့ကို တစ်ချက်ကြည့်ကာ နှာခေါင်းကုတ်ပြီး ရူးချင်ယောင်ဆောင်လိုက်သည်။
“ကျွန်တော်ကအိုပြီဆိုတော့ မျက်လုံးကမကောင်းတော့ဘူး၊ ခုနကကောင်းကောင်းမမြင်လိုက်ဘူး”
အဖိုးဝမ်က မျက်ဆံလှန်ပြလိုက်သည်။
“ဟူဇုန်း အခုချက်ချင်းပြောပြ ဒါကအမိန့်ဘဲ”
ဦးလေးဇုန်းက စစ်တပ်ပုံစံအတိုင်းအလေးပြုလိုက်ကာ ပြောလာသည်။
“ဗိုလ်မှူးကို အစီရင်ခံပါတယ် မိန်းကလေးက အရမ်းကြည့်ကောင်းပြီး အသားလည်းဖြူပါတယ်၊ သူမက အသက်၁၆၊၁၇အရွယ်လောက်လို့ ထင်ရပါတယ်”
၁၆၊၁၇နှစ်တဲ့လား ဟမ်....
အဖိုးဝမ်က သူ့မြေးအား နွားတစ်ကောင်လို စိုက်ကြည့်လာ၏။
“နွားအိုမြက်နုကြိုက်နေတယ်ပေါ့ မင်းက အရမ်းအရှက်မရှိတာဘဲ”
ဝမ်ရူကွေ့ ;“……”
ထို့နောက် ချက်ချင်းဆိုသလိုပင် အဖိုးဝမ်၏အကြည့်က ပြောင်းလဲသွားပြန်သည်။ သူက ဝမ်ရူကွေ့၏ပုခုံးကိုပုတ်ကာ ပြောလာ၏။
“ဒါပေမယ့် အဲ့ဒါနဲ့ ပတ်သက်ပြီး စိတ်မကောင်းသလို ခံစားနေစရာမလိုပါဘူး၊ နွားအိုကမြက်နုကြိုက်နေတယ်ဆိုတော့ မင်းကသွားကောင်းတယ်ဆိုတဲ့ သဘောဘဲ၊ သေချာစဉ်းစားကြည့်လိုက်ရင် မင်းက ဒီအဖိုးဆီက အံ့မခန်းမျိုးရိုးဗီဇတွေကို ဆက်ခံထားတာဘဲ”
ဝမ်ရူကွေ့ ;“……”
အဖိုးဝမ်သည် သူ့မြေးအားစနောက်ရသည်ကို ဘယ်သောအခါမှ မငြီးငွေ့သွားပေ။
ဦးလေးဇုန်းက ဝမ်ရူကွေ့အား ကရုဏာသက်သလိုကြည့်လိုက်သည်။
ဝမ်ရူကွေ့က နဖူးကိုပွတ်ကာ ပြောလိုက်သည်။
“အဖိုး အခုကြည့်ရတာ အဖိုးပုံစံက စိတ်အားတက်ကြွနေပြီဆိုတော့ ကျွန်တော်ဌာနကိုပြန်တော့မယ်”
ထိုသို့ပြောပြီးနောက် သူကဘောင်ချာကို ဦးလေးဇုန်းအားကမ်းပေးကာ ဆေးရုံအပြင်သို့ ဖျတ်လတ်စွာထွက်သွား၏။
အဖိုးဝမ်က သူ၏တုတ်ကောက်ဖြင့် ကြမ်းပြင်ကို ထပ်ခါတလဲလဲတောက်နေလိုက်သည်။
“ကောင်စုတ်လေး ပြန်လာခဲ့စမ်း၊ မင်းငါ့ကို အဲ့မိန်းကလေးနာမည်မပြောပြရသေးဘူးကွ”
အဖိုးဝမ်က အော်ခေါ်လေလေ ဝမ်ရူကွေ့က ပိုပြီးမြန်မြန်ပြေးလေလေဖြစ်၏။ သူကအလျင်အမြန်ပင် ဆေးရုံတံခါး၏အပြင်ဘက်သို့ ပျောက်ကွယ်သွားသည်။
သူက ဝမ်ရူကွေ့ပြန်လာအောင် မလုပ်နိုင်သည်ကို မြင်သောအခါ အဖိုးဝမ်က နှုတ်ခမ်းစေ့ပြီး ဦးလေးဇုန်းကိုမေးလိုက်သည်။
“ရှောင်ဇုန်း အဲ့ဒီကောင်မလေးက ငါ့မြေးချွေးမလောင်းလေးဖြစ်လောက်မယ်လို့ မင်းထင်လား”
“......ဗိုလ်မှူး ကျွန်တော်က အသက်ကြီးပြီဆိုတော့ မျက်လုံးတွေလည်းမကောင်းတော့ပါဘူး၊ ကျွန်တော်က အဲ့ဒါကိုမမြင်နိုင်ပါဘူးဗျာ”
အဖိုးဝမ်က သူ့ကိုတစ်ချက်စိုက်ကြည့်ကာ ဆက်ပြောလာ၏။
“ဒါဆိုရင် ဒီနှစ်အတွင်းမှာ ငါ့မြေးချွေးမလေးလုပ်ပေးတဲ့ လက်ဖက်ရည်ကို ငါသောက်ရလိမ့်မယ်လို့ ထင်လား”
ဦးလေးဇုန်း : “ဗိုလ်မှူး ကျွန်တော်က အသက်ကြီး.....”
“ပါးစပ်ပိတ်လိုက်တော့”
အဖိုးဝမ်က ဦးလေးဇုန်းတစ်ယောက် ထိုသို့သာထပ်ခါတလဲလဲဖြေနေသဖြင့် စိတ်အနှောင့်အယှက်ဖြစ်သွား၏။
သူက ဟမ့်ခနဲလုပ်ကာ တုတ်ကောက်နှင့်အတူ သူ၏လူနာခန်းထဲသို့ ပြန်ဝင်သွားသည်။
***
ထုံရွှယ်လူက ဆေးရုံခများရှင်းပြီးထွက်လာသောအခါ စွင်းကွေ့လန်က ထုံကျားမင်ရှေ့တွင် မျက်မှောင်ကြုတ်ကာ ခါးထောက်ပြီး သူမ၏ပါးစပ်က အပေါ်အောက်အဆက်မပြတ်လှုပ်နေသည်ကို မြင်လိုက်ရ၏။
ထုံရွှယ်လူအနေဖြင့် စွင်းကွေ့လန်ပြောနေသည်များကို မကြားနိုင်သော်လည်း သူမ၏ဦးနှောက်တစ်ဝက်ဖြင့်တင် စွင်းကွေ့လန်က ထုံကျားမင်အား စက်ဆုပ်စရာမျိုးစုံပြောနေသည်ကို ခန့်မှန်းနိုင်၏။
ထုံကျားမင်၏ပါးစပ်က တင်းတင်းစေ့ထားကာ သူလက်သီးဆုပ်ထားသဖြင့် လက်မှသွေးကြောများထောင်ထနေသည်ကိုတောင် မြင်နိုင်၏။
“.....ဒုတိယအဒေါ် ကျေးဇူးပြုပြီး အဲ့ဒီလိုမပြောပါနဲ့ ကျွန်တော့်မိဘတွေက အဲ့လိုလူစားမျိုးမဟုတ်ဘူး”
စွင်းကွေ့လန်၏လက်က ထုံကျားမင်၏နှာခေါင်းကိုထိမတတ်ပင် ငေါက်ငေါက်ထိုးလာ၏။
“အိုး ဟုတ်လား၊ ငါပြောတော့ နင်ကဘာလုပ်ချင်လဲ ဟမ် ပြီးတော့ နင့်မျက်နှာပေါ်ကအဲ့အကြည့်က ဘာလဲ၊ နင်ကငါ့ကိုရိုက်ချင်နေသလား ကောင်းပြီလေ ဒါဆိုရိုက်လိုက်၊ လာစမ်းပါ ငါ့ကိုရိုက်လေ၊ ငါနင့်ကိုရိုက်ခိုင်းနေ---”
ဖြန်း။
စွင်းကွေ့လန်က ပါးရိုက်ခံလိုက်ရကာ သူမ၏ဘယ်ဘက်ပါးတွင် လက်ရာတစ်ခုကျန်နေခဲ့၏။
လေထုက စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။
စွင်းကွေ့လန်က သတိပြန်ဝင်လာကာ ထုံရွှယ်လူအား ဒေါသတကြီးအော်လာ၏။
“နင်ငါ့ကိုရိုက်လိုက်တာလား၊ ငါ ငါ ငါ နင့်ကိုသတ်မယ်”
ထုံရွှယ်လူက သူမလက်ကိုရှောင်ပြီး အပြစ်ကင်းစွာ မျက်တောင်ခတ်ပြလာ၏။
“ ဒုတိယအဒေါ်ကဘဲ ရိုက်ဖို့ပြောနေတာမဟုတ်ဘူးလား၊ ကျားမင်က ဒေါ်လေးပြောတာကို မလုပ်ရဲဘူးဖြစ်နေတာကို ကျွန်မတွေ့လို့ သူ့အစ်မအနေနဲ့ ကျွန်မကဝင်လုပ်ပေးလိုက်တာလေ”
စွင်းကွေ့လန်:“……”
ထုံမိသားစုဝင်များ :“……”