အပိုင်း ၂၈
Viewers 21k

Chapter 28

 -ကျွန်မဝမ်းကွဲ ထုံယန်လျန်က အမျိုးသမီးတစ်ယောက်အပေါ် အခွင့်ကောင်းယူခဲ့တယ်။ 



စွင်းကွေ့လန်က ဒေါသထွက်လွန်းသဖြင့် သူမ၏နှာခေါင်းတောင် ကောက်ကွေးသွား‌မလိုဖြစ်နေ၏။


“ငါက ဒီတိုင်းစနောက်ရုံဘဲလေ၊ ဘယ်သူက ဒီစကားတွေကို အတည်ယူမှာတဲ့လဲ၊ နင့်မိဘတွေက နင့်ကိုဘယ်လိုသင်ပေးထားတာလဲ”


ထုံရွှယ်လူက ရိုးသားစွာပြန်ဖြေလိုက်သည်။

“ကျွန်မမိဘတွေက ကျွန်မတတ်စွမ်းသလောက် အခြားသူတွေကိုကူညီရမယ်လို့ အမြဲတမ်းသင်ပေးတယ်”


လူတိုင်း : “……”


“အမေ သူ့ကိုကြည့်ပါဦး ကျွန်မအရမ်းစိတ်ဆိုးတာဘဲ”


စွင်းကွေ့လန်က အလွန်ဒေါသထွက်နေသဖြင့် သူမ၏တစ်ကိုယ်လုံးကတုန်ရီနေ၏။ အခုချိန်တွင် သူမသေမည်ဆိုပါက လဲသေသွားလောက်ပြီဖြစ်သည်။


ကျယ်ကျင်းဟွာကလည်း ဆေးရုံထဲမှာကတည်းက ထုံရွှယ်လူ၏အပြုအမူများကြောင့် ဒေါသထွက်နေခဲ့ပေသည်။ အခုချိန်တွင် ထုံရွှယ်လူက စွင်း‌ကွေ့လန်အပေါ် လက်ပါလာသည်ကိုမြင်လိုက်သဖြင့် ဤအခွင့်အရေးကိုယူပြီး သူမက ထုံရွှယ်လူအား သင်ခန်းစာပေးချင်မိသွားသည်။


သို့သော်ငြား သူမဘာမှ‌မပြောရသေးခင်မှာဘဲ ထုံရွှယ်လူပြောလာသည်ကို ကြားလိုက်ရ၏။


“အားလုံး ဗိုက်မဆာကြဘူးလား၊ အစိုးရ‌စားသောက်ဆိုင်က ကျွန်မသူငယ်ချင်းတွေကို အသားတစ်ချို့ချန်ထားပေးဖို့ ပြောထားတယ်၊ မြန်မြန်မသွားရင် သူမက အခြားသူကို ရောင်းလိုက်လိမ့်မယ်”


အသားဟူသောစကားလုံးက ထုံမိသားစုဝင်များကို သရေယိုသွားစေ၏။ သူတို့၏အစာအိမ်များက စတင်အော်မြည်လာကြကာ အရင်ကထက်ပိုပြီး‌ဗိုက်ဆာလာကြသည်။


ကျယ်ကျင်းဟွာက သူမသင်ခန်းစာပေးမည်ကို အလျင်အမြန်ရပ်လိုက်သည်။ သူမက စွင်းကွေ့လန်ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။


“နင်ကအကြီးဘဲဟာ၊ ဘာလို့အငယ်နဲ့ ရန်ဖက်ဖြစ်နေတာလဲ မြန်မြန်၊ မြန်မြန်လုပ်ကြ သွားစားရအောင် ”


“…………”


စွင်းကွေ့လန်က သူမ၏ယောက္ခမသည် သူမဘက်တွင် မရှိမည်ဟု မမျှော်လင့်ထားခဲ့ပေ။


သူမယောက်ျားကိုလှည့်ကြည့်လိုက်သောအခါ ထိုသူကလည်း ဖြေးဖြေးချင်းအကြည့်လွှဲသွားကာ ဘာမှမမြင်သလိုဟန်ဆောင်နေ၏။


စွင်းကွေ့လန် :“........”


အားးးးဒေါသထွက်လိုက်တာ။


စွင်းကွေ့လန်က ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီးပါးဖြစ်နေသည်ကို မြင်သောအခါ ထုံရွှယ်လူ၏နှုတ်ခမ်းများက‌ကွေးတက်သွားသည်။ ထို့နောက် သူမတစ်ဖက်လှည့်လိုက်သောအခါ ထုံကျားမင်က သူမကိုကြည့်နေသည်ကို မြင်လိုက်ရ၏။


“ဘာဖြစ်လို့လဲ”


ထုံကျားမင်က သူ၏မျက်တောင်ရှည်များကို ခတ်ကာ အသံတိုးတိုးဖြင့် ပြန်ဖြေလာသည်။


“ဘာမှမဟုတ်ပါဘူး”


“ဒါဆိုသွားရအောင်လေ အစိုးရစားသောက်ဆိုင်မှာ ကောင်းကောင်းစားကြတာပေါ့”


***


ထုံမိသားစုသည် မြို့ထဲမှအစိုးရစားသောက်ဆိုင်တွင် စားချင်သော်လည်း သူတို့ရောက်‌သောအခါ အသားမရှိတော့သည်ကို သိလိုက်ရသည်။


အသားစားနိုင်ရန်အတွက် သူတို့က ခနသည်းခံထားပြီး ရန်ချင်းနယ်မှ အစိုးရစားသောက်ဆိုင်ရောက်အောင်စောင့်ကာ ထိုသို့ရောက်မှ စားပွဲတော်တည်ကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။


သို့သော်ငြား သူတို့ကကားရရန် တစ်နာရီစောင့်လိုက်ရကာ ခရီးစဉ်က လေးနာရီကြာသည့်အပြင် နောက်ထပ်တစ်နာရီ‌စာလောက် လမ်းလျှောက်လိုက်ရသေးပေသည်။ စားသောက်ဆိုင်သို့ရောက်သောအခါ ကျယ်ကျင်းဟွာတို့အုပ်စုက တံခါးဝတွင် လဲကျလုနီးပါးဖြစ်နေကြ၏။


ထုံမိသားစုဝင်များ : ဒါကလုံးဝကိုကပ်ဘေးဘဲ။


“ဘာလို့အရမ်း‌ကြာနေတာလဲ၊ ငါကနင်ဒီနေ့မလာတော့ဘူးလို့တောင် ထင်နေတာ”


ချန်တနီနှင့် ဟွမ်ရှန်းလန်တို့က ထုံရွှယ်လူမလာလောက်တော့ဘူးဟု ထင်ထားကြ၏။ သူမကို ဒီအချိန်ရောက်မှ လူတစ်အုပ်နှင့်အတူ ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


“အင်း အဲ့ဒါကပြောရရင်အရှည်ကြီးဘဲ၊ အကျဉ်းချုပ်လိုက်ရရင် ကျွန်မဝမ်းကွဲက လူတစ်ယောက်ကန်တာခံလိုက်ရလို့ အားဖြည့်နေရတာ”


သူမကပြောရင်းဖြင့် ထုံယန်လျန်ကိုညွှန်ပြလာသည်။

“ကျွန်မပြောတာသူလေ၊ ထုံယန်လျန်တဲ့ ကျွန်မဝမ်းကွဲ”


ထုံယန်လျန်:“……”


ဒုန်းး။

သူကဒေါသထွက်လွန်းသဖြင့် စားပွဲကိုရိုက်ကာ အော်ဟစ်လာ၏။


“မင်းပါးစပ်ပိတ်ထားလို့ရမလား


ဒုန်းး။

သူက စားပွဲကို နောက်တစ်ကြိမ် ရိုက်လိုက်၏။


ချန်တနီက သူ့ထက်ပိုပြီးပြင်းထန်စွာ စားပွဲကိုရိုက်ချလိုက်သည်။

“နင့်ကိုနင် ဒီမှာဘာလုပ်နေတယ်လို့ ထင်နေတာလဲ၊ အဲ့ဒါက ဘယ်လိုအပြုအမူလဲ၊ ထပ်ရိုက်ရဲရိုက်ကြည့် ၊ ချက်ချင်းဘဲ ရဲခေါ်ပြီး နင့်ကိုဖမ်းခိုင်းလိုက်မယ်”


ထုံယန်လျန်၏မျက်နှာက ပြာနှမ်းသွားသည်။ သူက ထုံရွှယ်လူကို စိတ်မ‌ကျေနပ်စွာစိုက်ကြည့်လိုက်ပြီး တွန့်ဆုတ်စွာပြောလာသည်။


“တောင်းပန်ပါတယ်”


ထုံရွှယ်လူက အလွန်လက်ဖက်စိမ်းဆန်သော အမူအရာဖြင့်ပြောလာ၏။

“ကျေးဇူးပြုပြီး သူ့ကိုခွင့်လွှတ်ပေးလိုက်ပါနော် အမ၊ ဒီလိုကြောက်စရာကိစ္စမျိုးကြုံထားရတော့ စိတ်ဆတ်နေတာပုံမှန်ပါဘဲ”


ထုံယန်လျန် :“……”


* ဘယ်‌နှစ်ကြိမ်လောက်ပြောပြနေရဦးမှာလဲ၊ သူ့ပစ္စည်းကကောင်းတယ်၊ မကျိုးသွားဘူးလို့။


ချန်တနီက ခပ်ပြတ်ပြတ်ပြန်ပြောလာ၏။

“ဘာဘဲဖြစ်ဖြစ်ပါ နင့်မျက်နှာကြောင့် ဒီတစ်ကြိမ်တော့ ငါခွင့်လွှတ်လိုက်မယ်၊ ငါအသားတွေသွားထုတ်လိုက်ဦးမယ်”


ထုံရွှယ်လူက သူမကိုပြုံးကာ ကျေးဇူးတင်လိုက်ပြီး သူမ၏ကျောပိုးအိတ်ထဲမှ ပိုက်ဆံနှင့်စားစရာလက်မှတ်များကို ထုတ်ပေးလိုက်သည်။


ထုံမိသားစုက လူဆယ်ယောက်ရှိရာ ထုံရွှယ်လူနှင့်ထုံကျားမင်အပါဆို လူဆယ့်နှစ်ယောက်ရှိ၏။


ညစာက ဝက်ခြေထောက်နှပ်ပွဲကြီးတစ်ပွဲ၊ ဂေါ်ဖီကြော်တစ်ပန်းကန်နှင့် အသားကြွပ်ကြော်၊ မုန်လာဥစတူး၊ အားရှိစေသောဂျုံနှင့်လုပ်ထားသည့် ဖက်ထုပ်တစ်ပန်းကန်နှင့် တစ်ယောက်ချင်းစီအတွက် ထမင်းတစ်ပန်းကန်ဖြစ်၏။


စုစုပေါင်း 15.94ယွမ်အပြင် အသားနှင့် စားစရာလက်မှတ်အများအပြားပါ ကျသင့်၏။


ထုံရွှယ်လူက ဤညစာပေါ်တွင် တကယ်ကိုပုံအောထားပေသည်။


သူတို့အားလုံးပျော်နေကြသော်လည်း မပျော်နိုင်သူနှစ်ယောက်မှာ ကျယ်ကျင်းဟွာနှင့် ထုံယန်လျန်ဖြစ်သည်။


ကျယ်ကျင်းဟွာက နှုတ်ခမ်းကွဲကာ သွားတစ်ချောင်းကျိုးနေသောကြောင့် ဝက်ခြေထောက်ကိုမဝါးနိုင်ပေ။


ထုံယန်လျန်၏ပါးစပ်က အဆင်ပြေသော်လည်း နားလည်နိုင်သောအကြောင်းတစ်ချို့ကြောင့် သူ၏ထိုအစိတ်အပိုင်းက ပြန်နာလာကာ အလွန်နာနေရသဖြင့် စားချင်စိတ်လုံးဝမရှိတော့ချေ။


စံချိန်မီရုပ်ပြတစ်ခုတွင် ဤသို့အဆိုရှိခဲ့၏။

‘ကြင်နာမှုဆိုသည်မှာ ဆာလောင်နေသောသူများရှေ့တွင် အသားစားသောအခါ နှုတ်ခမ်းသပ်ပြနေခြင်းမဟုတ်’။


အခြားတစ်ဖက်တွင် ထုံရွှယ်လူက နှုတ်ခမ်းသပ်နေရုံသာမက သူတို့ရှေ့တွင် အလွန်ပျော်ပျော်ရွှင်ရွှင်စားနေ၏။


“အဖွား ၊ ဝမ်းကွဲ ထုံယန်လျန် ဒါကို အဖွားတို့မစားရတာ နှ‌မြောစရာဘဲ၊ ဒီဝက်ခြေထောက်နှပ်က အရမ်းအရသာရှိတယ်”


“ကြည့်ပါဦး၊ ဒီဝက်ခြေထောက်ကို နာရီနဲ့ချီကြာအောင် နှပ်ထားတော့ အပြင်အသားက သကြားညိုရောင်တောက်နေရော၊ အသားကအလွှာလိုက်တွေဖြစ်နေပေမယ့် အကျက်မလွန်နေဘူး၊ တစ်ကိုက်ကိုက်လိုက်ရုံနဲ့တင် ပါးစပ်ထဲမှာ နှပ်ထားတဲ့အရသာအပြည့်ကို ခံစားလိုက်ရတယ်၊ အသားကနူးညံ့ပြီး အရသာကောင်းတယ်၊ အရမ်းစားလို့ကောင်းတာဘဲ”


ထုံရွှယ်လူ၏ညွှန်းဆိုချက်တွင် ကျယ်ကျင်းဟွာတို့မြေးအဖွားနှစ်ယောက်လုံး ‌တံတွေးမြိုချမိလိုက်ကြသည်။


ကျယ်ကျင်းဟွာ :**ငါပိုပြီးဗိုက်ဆာလာသလိုဘဲ။


ထုံယန်လျန် : **ငါ့ရဲ့အဲ့ဒီနေရာက ပိုနာလာသလိုဘဲ။


သူမက ဝက်ခြေထောက်ကိုဝါးနေရင်း ပြောလာ၏။

“ဝမ်းကွဲ ထုံယန်လျန်ရေ နင့်ရဲ့အရေးကြီးအစိတ်အပိုင်းက အရမ်းနာနေမှတော့ နင်ငါ့ကို......”


သူမစကားပြောလာသောအခါတိုင်း ထုံယန်လျန်တစ်ယောက် ခေါင်းကိုက်ရပေသည်။ သူက စိတ်မရှည်စွာ သူမကိုဖြတ်ပြောလိုက်သည်။

“ငါ့နာမည်ကိုအပြည့်အစုံခေါ်နေတာ ရပ်ပေးလို့ရမလား”

ပြီးတော့ ပါးစပ်ပိတ်ထား‌နိုင်မလား။


ထုံရွှယ်လူက ထိုအကြောင်းတွေးကြည့်လိုက်ပြီးနောက်တွင် ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြလိုက်သည်။

“ကောင်းပြီလေ၊ ငါနင့်ကို ရှေ့လျှောက်နာမည်အပြည့်အစုံနဲ့မခေါ်တော့ဘူး၊ ငါနင့်ကို လျန်လျန်လို့ခေါ်မယ်”


လျန်လျန်တဲ့လား။

ထုံယန်လျန်၏ပါးစပ်က တွန့်လိမ်သွားသည်။“……”


ချီးလိုဘဲ၊ ဘယ်ယောက်ျားက ဒီလိုနာမည်ပြောင်မျိုးသုံးမှာလဲ။


မည်သို့ပင်ဖြစ်စေ သူ၏ထိုအစိတ်အပိုင်းက ထပ်နာလာသဖြင့် ထုံရွှယ်လူမျက်နှာကို ထပ်မကြည့်ချင်တော့ပေ။


ထုံယန်လျန်၏ သနားစရာကောင်းနေသောပုံစံကိုမြင်သောအခါ နှုတ်ခမ်းစေ့ပြီးရပ်နေသော ထုံကျားမင်၏မျက်လုံးထဲတွင် အပြုံးရိပ်တစ်ချို့သန်းသွား၏။


ကျယ်ကျင်းဟွာနှင့် ထုံယန်လျန်မှလွဲ၍ လူတိုင်းက ညစာကိုပျော်ပျော်ရွှင်ရွှင်စားသုံးကာ အချိန်ကောင်းရခဲ့ကြသည်။


ညစာစားပြီးသောအခါ ထုံရွှယ်လူက ချန်တနီတို့၏နေ့လည်စာဘူးကိုငှားလိုက်ပြီး အသားဖက်ထုပ်များဖြင့် ဖြည့်လိုက်သည်။


ထို့နောက် သူတို့အုပ်စုက ထုံအိမ်သို့ပြန်လာခဲ့ကြသည်။


အိမ်သို့ရောက်သောအခါ သူတို့က ထုံရွှယ်လူကိုတောင်မပြောဘဲ အိပ်ရာထဲသို့ ဖိနပ်မချွတ်ဘဲပစ်လှဲလိုက်ကြသည်။ သူတို့က ထုံကျားမင်ကိုတောင် သူတို့အတွက် လက်ဖက်ရည်လုပ်ပေးရန် အမိန့်ပေးလာကြ၏။


သူတို့ကိုယ်သူတို့ ဒီအိမ်၏အိမ်ကြီးရှင်များလို ပြုမူနေကြ၏။


ထုံရွှယ်လူက ထုံကျားမင်ကို သူတို့သဘောကျလုပ်ထားခိုင်းလိုက်ကာ ဖက်ထုပ်ဘူးနှစ်ဘူးနှင့်အတူ ဒေါ်လေးချိုင်အိမ်သို့သွားလိုက်သည်။


ထုံမျန်မျန်က သူ့အစ်မကိုမြင်သောအခါ ပျော်လွန်း၍ မျက်လုံးများတောင် ကွေးညွတ်သွား၏။

“မမကြီး ပြန်လာပြီ”


ထုံရွှယ်လူက သူမဆီပစ်ဝင်လာသော ပေါက်စီလုံးလေးကိုချီကာ မေးလိုက်သည်။

“ညီမလေးတို့နှစ်ယောက် ညစာစားပြီးပြီလား”


ပေါက်စီလေးက သူ့ဗိုက်လေးကိုပုတ်ကာ ပြန်ဖြေ၏။

“မစားရသေးဘူး”


ဒေါ်လေးချိုင်က ချက်ပြုတ်နေရာမှ ခေါင်းပြူထွက်ကာ ပြောလာ၏။

“ငါချက်နေတုန်း နင်နဲ့စကားပြောရအောင်”


ထုံရွှယ်လူက အသားဖက်ထုပ်နှစ်ဘူးကိုထုတ်ကာ ကလေးများအားစားစေလိုက်သည်။


အသားဖက်ထုပ်များကိုမြင်သောအခါ ကလေးများကပျော်ရွှင်သွားကြသည်။


ဒေါ်လေးချိုင်က သူမကိုရင်းနှီးသည့်‌သဘောဖြင့် ဝေဖန်ဆုံးမလာ၏။


“ဘယ်လိုဖြစ်ပြီး ပိုက်ဆံတွေထပ်ဖြုန်းလာတာလဲ၊ နင်ပိုက်ဆံသုံးရမယ့် အရာတွေအများကြီးရှိနေတာကို၊ အနာဂတ်မှာ ဒီလိုမျိုးသုံးဖြုန်းတာကို ရပ်လိုက်တော့”


ထုံရွှယ်လူကပြုံးကာဖြေလိုက်သည်။

“ကျွန်မအဲ့လိုထပ်မလုပ်တော့ပါဘူး၊ အခုတော့ ကလေးတွေကိုပျော်ပျော်စားခိုင်းလိုက်ပါ”


ကလေးနှစ်ယောက်က ဖက်ထုပ်ဘူးများထဲတွင် ခေါင်းမြုပ်နေကြ၏။


ထုံကျားရှင်းက ထုံစံအတိုင်းပင် ဖက်ထုပ်တစ်ခုကိုတစ်ကိုက်သာဖြစ်သည်။ သူကအရမ်းစားကောင်းနေသဖြင့် မျက်လုံးများတောင် ကျဉ်းမြောင်းသွားသည်။


ထုံရွှယ်လူပြန်ရောက်သည်ကိုမြင်သောအခါ အခြားသူများက ဝန်းရံလာကြသည်။

“ရွှယ်လူရေ နင့်အဖွားတို့က ဘာဖြစ်ခဲ့တာလဲ၊ ဘာအကြောင်းမှမရှိဘဲ အရိုက်ခံလာရတာလား”


ထိုစကား‌ကိုကြားသောအခါ ထုံရွှယ်လူကရှက်ရွံ့သလိုလုပ်ပြီး ပြောလာသည်။

“အမ်းး.....ကျွန်မအဖွားက အကြောင်းရင်းကိုလျှောက်မပြောခိုင်းဘူး”


သူမစကားကိုကြားသောအခါ ထိုလူများကဆူညံလာကြသည်။


“ဘာမို့လို့ မပြောပြနိုင်ရတာလဲ”


“ဟုတ်သားဘဲ ရွှယ်လူရယ် ငါတို့ကိုမြန်မြန်ပြောပြ၊ ဘယ်ကိုမှလျှောက်မဖွဘူးလို့ ကတိပေးတယ်”


ထုံရွှယ်လူက အနည်းငယ်ရှက်သွေးဖြာသွား၏။

“သူတို့အရိုက်ခံလိုက်ရတာကဘာကြောင့်လဲဆိုတော့ ......ကျွန်မရဲ့ဝမ်းကွဲ ထုံယန်လျန်က အမျိုးသမီးတစ်ယောက်အပေါ်ကို အခွင့်ကောင်းယူခဲ့လို့ပါ၊ သူက အဲ့အမျိုးသမီးရဲ့တင်ပါးကို ကိုင်လိုက်လို့တဲ့”