Chapter 29
-ထိုအတွေးက သူမ၏သခွားသီးအိုကြီးလို မျက်နှာပေါ်တွင် တွန့်ရှူံ့နေသည့် အပြုံးတစ်ခုဖြစ်လာစေ၏။
လူတိုင်းက တခနလောက်ဆွံ့အသွားကြပြီးနောက်တွင် ထုံယန်လျန်အားစတင်ဝေဖန်လာကြသည်
“ထွီ ငါအရှက်မရှိတဲ့သူတွေကိုမြင်ဖူးပေမယ့် ဒီလောက်အရှက်မဲ့တာမျိုးကိုတော့ မမြင်ဖူးဘူး”
“ဘယ်လိုတောင်အရှက်မရှိတာလဲ၊ တကယ်လို့သူတို့က သူ့ကိုသေတဲ့အထိရိုက်သတ်လိုက်ရင်တောင်မှ ငါဆိုဝမ်းနည်းမှာမဟုတ်ဘူး”
“အဲ့ဒါအမှန်ဘဲ၊ နင့်ဝမ်းကွဲအတိအကျဆို အသက်ဘယ်လောက်ရှိပြီလဲ ဒီလိုကိစ္စမျိုးကိုကျူးလွန်တယ်ဆိုတော့”
ယခုကာလတွင် လူများက အလွန်ရိုးရှင်းကြကာ ဤကဲ့သို့ကြောက်ရွံ့ဖွယ်ကိစ္စများက ဖြစ်ပျက်လေ့ရှိ၏။ အထူးသဖြင့် ကျေးလက်ဒေသများတွင်ဖြစ်သည်။ ထိုသူတို့က အမျိုးသမီးအတွင်းခံ သို့မဟုတ် ရေချိုးသည်များကို ခိုးကြည့်ကြသည်မှာ မထူးဆန်းပေ။
ထုံရွှယ်လူက သက်ပြင်းချကာပြောလိုက်သည်။
“ဝမ်းကွဲက အသက်14နှစ်တောင် မရှိသေးပါဘူး”
“ဘာ၊ အသက်14နှစ်မှာတောင် သူကဒီလိုလုပ်တတ်နေပြီလား၊ သူအရွယ်ရောက်လာရင် ဘယ်လိုအရာမျိုးတောင် လုပ်လာမှာလဲ”
“ငါ့ကိုမေးတာဆိုရင်တော့ ပန်းသီးက သစ်ပင်နဲ့ဝေးတဲ့နေရာကို မကြွေကျဘူးလေ၊ ပြောရရင် သူ့မိဘတွေကလည်း လူကောင်းတွေမှမဟုတ်တာ”
အဒေါ်ပြောတာမှန်တယ်။
ထုံရွှယ်လူက သူမကိုတိတ်တဆိတ်လက်မထောင်ပြလိုက်သော်လည်း မျက်နှာပေါ်တွင် ဝမ်းနည်းနေဟန်ဆောင်ထား၏။
“အမှန်တော့ ကျွန်မဝမ်းကွဲက သူ့အပြစ်ဒဏ်ကိုခံစားလိုက်ရပါပြီ၊ သူ့ရဲ့အဲ့ဒီအစိတ်အပိုင်းက အကန်ခံလိုက်ရတယ်လေ၊ ဆရာဝန်ကတော့ သူ့အနေနဲ့ အနာဂတ်မှာ မျိုးဆက်မပွားနိုင်တော့တာမျိုး ဖြစ်နိုင်တယ်တဲ့”
“ကျွန်မအဖွားကလည်း ရောဂါထလာပြီး လူတွေကိုလိုက်ရိုက်တယ်လေ၊ ကံမကောင်းတော့ ရန်ပွဲမှာရှူံးသွားပြီး သွားတစ်ချောင်းတောင်ကျွတ်သွားတယ်၊ အဒေါ်တို့ မမြင်လောက်သေးဘူး၊ အခုဆိုရင် ကျွန်မအဖွားမျက်နှာက ယောင်ကိုင်းနေပြီး သွားလည်းကျိုးနေတာ၊ အဖွားအတွက်အရမ်းဝမ်းနည်းတာဘဲ”
ဘုရားရေ၊ ဘယ်လိုတောင်ဖြစ်သွားတာလဲ။
သူ့ရဲ့အဓိကအစိတ်အပိုင်းကို အကန်ခံလိုက်ရတယ်တဲ့လား။
အိုး ကောင်လေးရယ် အဲ့ဒါကကိစ္စကြီးဘဲ။
သူတို့က ဒီကိစ္စကို ဘယ်လိုလုပ်ပြီး လျှောက်မပြောပြဘဲ နေနိုင်မှာလဲ။
ဒီလိုဆိုမှ အဖွားထုံရဲ့ရူးသွပ်မှုကလည်း ကြောက်ဖို့ကောင်းသားဘဲ၊ သူတို့ကလေးတွေကို ထုံမိသားစုနဲ့ ဝေးဝေးရှောင်ခိုင်းရမယ်။
အခုချိန်သည် လူများက အလုပ်မှပြန်လာကြသောအချိန်ဖြစ်သည်။ ထိုလူများက သူတို့သိချင်သည်များကို သိပြီးသောအခါ လူစုကွဲသွားကြသည်။
ထုံရွှယ်လူသည်လည်း ထုံမျန်မျန်တို့နှစ်ယောက်နှင့်အတူ စိတ်ကျေနပ်စွာအိမ်ပြန်လိုက်သည်။
အမှန်တွင် သူမသာရွေးချယ်ခွင့်ရှိမည်ဆိုပါက ထုံမျန်မျန်ကို ထိုလူယုတ်မာထုံယန်လျန်နှင့် လုံးဝကိုအဆက်အဆံမရှိစေချင်ပေ။
သို့သော်အခုချိန်တွင် ကျယ်ကျင်းဟွာတို့ရောက်နေသဖြင့် ထုံမျန်မျန်ကိုသာပြန်မခေါ်လာပါက အဓိပ္ပါယ်မရှိပေ။
သူမလည်း မတတ်နိုင်သဖြင့် ထုံကျားရှင်းအား သူ့ညီမဘေးမှ ဘယ်တော့မှမခွာရန် ထပ်မှာလိုက်သည်။
ထုံကျားရှင်းက ခေါင်းညိတ်ကာ ကတိပေးလာ၏။
သူက ထုံရွှယ်လူ၏ သတိကြီးမှုကို ထူးဆန်းသည်ဟု မမြင်ပေ။ ဒီအတိုင်း ထုံရွှယ်လူက သူတို့ညီမလေးအပေါ် အလွန်ဂရုစိုက်နေလို့ဟုသာ ယူဆလိုက်သည်။
*
ထုံအိမ်သို့ပြန်ရောက်လာသောအခါ။
မွေးရပ်မြေမှထိုသူများက ထုံကျားရှင်းနှင့် ထုံမျန်မျန်တို့အပေါ် စိတ်ဝင်စားမှုသိပ်မပြကြပေ။
ထုံရွှယ်လူက ထုံယန်လျန်ကို အထူးတလည်အာရုံစိုက်နေခဲ့ရာ သူက ထုံမျန်မျန်၏မျက်နှာလေးကို မျက်မှောင်ကြုတ်ကာ စေ့စေ့စပ်စပ်ကြည့်နေသည်ကို မြင်လိုက်၏။
သူကနာကျင်နေလို့လားမသိ၊ ၎င်းအပြင် အခြားအမူအရာမျိုးကို မဖော်ပြလာတော့ချေ။
သို့သော်ငြား ထုံရွှယ်လူက သတိမလွတ်လိုက်ပေ။
ကျယ်ကျင်းဟွာက ဖိနပ်စီးလျက်ပင် အိပ်ရာထဲလှဲကာ ထုံရွှယ်လူအား အမိန့်ပေးလာ၏။
“သွားပြီး ကျန်းကျန်းကိုဖုန်းဆက်လိုက်၊ ငါတို့ရောက်နေတယ်ဆိုတာ အသိပေးပြီး မနက်ဖြန်လာဖို့ပြောလိုက်”
ထုံရွှယ်လူ;“အဖွားက ထုံကျန်းကျန်းနဲ့ တွေ့ချင်လို့လား”
စွင်းကွေ့လန်က ဝင်ပြောလာ၏။
“နင်က ဘာပြောဖို့ကြိုးစားနေတာလဲ၊ ထုံမိသားစုက သူ့ကို 15နှစ်လောက်ပျိုးထောင်လာခဲ့တာ အမေက ဘာလို့သူမကို တွေ့လို့မရရမှာလဲ”
ထုံရွှယ်လူ:“ အဒေါ်ကျွန်မကို အထင်လွဲနေပြီ၊ ကျွန်မကအဲ့လိုပြောချင်တာမဟုတ်ဘူး၊ အမှန်တော့ ထုံကျန်းကျန်းက အခုချိန်မှာ လယ်တောထဲမှာအချုပ်ခံထားရတယ်၊ သူမနဲ့တွေ့ဖို့ လွယ်မှာမဟုတ်ဘူး”
ထုံကျန်းကျန်းက လယ်ထဲမှာအချုပ်ခံထားရတာလား။
ထုံရွှယ်လူစကားကိုကြားသောအခါ အိမ်ထဲတွင်ခနလောက်အသံတိတ်သွားသည်။
ကျယ်ကျင်းဟွာက အိပ်ရာထဲမှထထိုင်လာသည်။ သူမအသံက စူးရှကာ နားကန်းမတတ်ပင်။
“ကျန်းကျန်းက ဘာလို့အချုပ်ခံထားရတာလဲ၊ သူ့မိဘတွေကရော တစ်ခုခုမလုပ်ကြဘူးလား”
သူမက ထုံကျန်းကျန်းကလွဲ၍ ထုံတကျွင်း၏ကလေးများကို သဘောမကျပေ။
ထုံကျန်းကျန်းက စကားချိုကာ သူမနှင့်ဆုံတိုင်း ထုံတကျွင်းတို့လင်မယား၏အကြောင်းကိုပြောပြလေ့ရှိကာ ထိုလင်မယားဝှက်ထားသော ပိုက်ဆံများလည်းအပါအဝင်ဖြစ်သည်။
ထုံကျန်းကျန်းက ထုံမိသားစု၏သမီးရင်းမဟုတ်သည်ကို သူမ မသိခဲ့ပေ။ သို့သော် ထုံကျန်းကျန်းက အစိုးရဝန်ထမ်းများ၏ သမီးဖြစ်သည်ကိုသိလိုက်ရသောအခါ ကျယ်ကျင်းဟွာက ပျော်သွားလေသည်။
သူတို့၏သမီးအရင်းထုံကျန်းကျန်းနှင့် မွေးစားသမီးထုံရွှယ်လူတို့ရှိနေပါက ထိုထုံမိသားစုသည် သူမ၏သားများအား အစိုးရအလုပ်မရှာပေးမည်ကို စိုးရိမ်နေစရာမလိုတော့ချေ။
သို့သော်ငြား ထုံကျန်းကျန်းက ထိုမိသားစုဆီပြန်သွားပြီးနောက် လယ်ထဲသို့ပို့ခံလိုက်ရသည်မှာ ခြောက်လနီးပါးရှိနေပြီကိုသိလိုက်ရသောအခါ ကြောင်သွား၏။
ထုံရွှယ်လူက သက်ပြင်းချကာပြောလိုက်သည်။
“ထုံကျန်းကျန်းက ကျွန်မသူ့နေရာမှာရှိနေခဲ့လို့ ဒေါသထွက်နေတာလေ ဒါပေမယ့် ကျွန်မကိုတိုက်ရိုက်မထိရဲတော့ မျန်မျန်အပေါ်ကြံစည်လာတာ၊ ကျွန်မလည်းစိတ်ရှုပ်ပြီး ရဲတိုင်လိုက်တယ်၊ အဲ့ဒီနောက်တော့ သူမကို လယ်ထဲပို့လိုက်ကြတယ်”
ထုံမိသားစု :“……”
အိမ်ထဲတွင် နောက်တစ်ကြိမ်တိတ်ဆိတ်သွား၏။
ပေဟယ်မှထိုလူများအပြင် ထုံကျားမင်နှင့် ထုံကျားရှင်းတို့ပါ အံ့သြနေကြ၏။
ထုံရွှယ်လူက ထုံကျန်းကျန်းနှင့်ဖြစ်ပျက်ခဲ့သည်များကို သူတို့အားမပြောပြခဲ့ဖူးပေ။
ထုံကျားရှင်းက တစ်ခုခုပြောလိုက်ချင်သော်လည်း ထုံကျားမင်၏အကြည့်ကြောင့် ပါးစပ်ပိတ်သွားသည်။
စွင်းကွေ့လန်က သတိပြန်ဝင်လာကာ သံသယဖြင့်မေးလာ၏။
“နင်က နင့်ကိုယ်နင်ကြည့်ကောင်းအောင်ပြောနေတာမလား၊ ကျန်းကျန်းက ထုံမိသားစုရဲ့သမီးအရင်းလေ သူတို့ကဘယ်လိုလုပ်ပြီး သူတို့သမီးဘက်ကမရှိမှာလဲ”
ထုံရွှယ်လူ:“ ထုံကျန်းကျန်းက တကယ်ကိုသူတို့ရဲ့သမီးအရင်းပါ ဒါပေမယ့် သူတို့15နှစ်ကျော်ပြုစုပျိုးထောင်ခဲ့တာက ကျွန်မလေ၊ ထုံကျန်းကျန်းကတော့ လအနည်းငယ်လောက်ဘဲ အတူနေရသေးတာ၊ ဒါပေမယ့် အဲ့ဒါကအဓိကမဟုတ်ဘူး၊ ထုံကျန်းကျန်းနဲ့ ကျွန်မနဲ့ ဘယ်သူကပိုလှလဲ”
ထိုလူများက တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။
သို့သော် ထိုအကြောင်းက ထုံကျန်းကျန်းတစ်ယောက် လယ်ထဲပို့ခံလိုက်ရတာနဲ့ ဘာဆိုင်လို့လဲ။
ထုံရွှယ်လူက သူတို့အဖြေကို မစောင့်ဘဲ ဆက်ပြောလာသည်။
“အဲ့ဒါရဲ့အဖြေကို သိကြမှာပါ၊ ကျွန်မက ထုံကျန်းကျန်းနဲ့ယှဉ်ရင် ဆယ်ဆ မဟုတ်ဘူး အဆတစ်ရာလောက်ပိုလှတယ်”
ထုံမိသားစု:“…………”
သူတို့ဆိုလျှင်တောင်မှ ကိုယ့်ကိုကိုယ် ထိုသို့မညွှန်းဆိုရဲပေ။
“အတိအကျကို ဘာလို့လဲဆိုတော့ ကျွန်မကနတ်သမီးလိုလှလို့လေ၊ အဲ့ဒါကြောင့် ထုံမိသားစုက ထုံကျန်းကျန်းထက်စာရင် ကျွန်မကိုရွေးချယ်လိုက်တာ၊ အဲ့ဒီနောက်ကအကြောင်းရင်းကို အဒေါ်တို့လည်းသိမှာပါ ဟုတ်တယ်မလား၊ အရမ်းကိုရိုးရှင်းပါတယ် ကျွန်မလိုပုံစံနဲ့ဆိုရင် ချမ်းသာတဲ့မိသားစုထဲကို လက်ထပ်ဝင်နိုင်တယ်လေ”
“ထုံကျန်းကျန်းကလုပ်နိုင်မှာတဲ့လား၊ သူမ မလုပ်နိုင်ဘူး အဲ့ဒီနှာခေါင်းပြားပြားနဲ့ အသားမဲမဲကြီးကိုဘဲကြည့်လိုက်လေ၊ ဘယ်လိုအဆင့်မြင့်မိသားစုမျိုးက သူမကိုလက်ထပ်ယူမှာလဲ၊ မွေးစားမိဘတို့မိသားစုက ကျွန်မကိုရွေးချယ်လိုက်တာ ဘာလို့လဲဆိုတော့ သူတို့ကထက်မြက်ပြီး ဘယ်ဘက်မှာရပ်တည်ရမလဲဆိုတာကိုသိလို့ဘဲ”
ထုံမိသားစု :“…………”
ဘယ်သူကပိုပြီးအရှက်မရှိတာလဲဆိုတာ သူတို့မသိတော့ဘူး၊ ထုံရွှယ်လူလား ဟိုဘက်ကထုံမိသားစုလား။
ကျယ်ကျင်းဟွာ၏မျက်နှာက သခွားသီးလိုမျိုးရှည်လာကာ ‘ငါမပျော်ဘူး’ ဟူသောစကားလုံးကို သူမမျက်နှာပေါ်တွင် ရေးထား၏။
သူမ၏နှာခေါင်းက ပြားသလို အသားအရည်ကလည်း ထုံကျန်းကျန်းထက်ပိုမဲ၏။ သူမကိုပြောလိုက်သလို ခံစားလိုက်ရသည်။
ထုံရွှယ်လူက လူအုပ်ကို မက်မွန်သီးပုံစံမျက်လုံးဖြင့်ဝေ့ကြည့်ကာ ပြောလိုက်သည်။
“အဲ့ဒါဆိုရင် အဖွားက ထုံကျန်းကျန်းဆီသွားလည်ချင်သေးလား”
ကျယ်ကျင်းဟွာက စူပုတ်ပြီးပြန်ပြောလိုက်သည်။
“ထားလိုက်တော့”
အဲ့ဒါကိုထားလိုက်တော့၊ ဘယ်သူကများ လယ်ထဲကိုသွားလည်ချင်မှာလဲ။
ထုံအာ့ကျူနှင့် ကျန်သူများကလည်း ထုံရွှယ်လူအား အမြင်သစ်ဖြင့်ကြည့်လာကြသည်။
သူတို့က သူမကို အလွန်လွယ်ကူစွာအရူးလုပ်နိုင်သည်ဟုသာ ယူဆထားကြသဖြင့် အာရုံသိပ်မစိုက်ခဲ့ပေ။ သို့သော် ကိစ္စများကပြောင်းလဲသွားလေသည်။ တစ်ဖက်မှထုံမိသားစုက သူမကို သူတို့သမီးအရင်းအစား ရွေးချယ်ထား၏။
ကြည့်ရသည်မှာ သူတို့အနေဖြင့် အနာဂတ်၌သူမကိုမထိပါးနိုင်သည့်ပုံပင်။ ထို့အပြင် သူတို့က သူမကိုကပ်ဖားရပေလိမ့်မည်။ ဤနည်းဖြင့်သာ သူမက သူတို့ကိုအလုပ်ရရန်ကူညီပေးလာမှာဖြစ်သည်။
ဖုန်းကျောက်တိ၏ ပါးစပ်ကပွင့်လာကာ သူမ၏သွားဝါဝါများကိုဖော်ပြလာ၏။
“ကျန်းကျန်းနဲ့ တွေ့မတွေ့က အရေးမကြီးပါဘူး၊ ဘယ်လိုဘဲဖြစ်ဖြစ် နင်ကငါတို့တူမ၊ ငါတို့မိသားစုဝင်ဘဲလေ၊ အလုပ်အတွက် နင့်ကိုဘဲအားကိုးလိုက်မယ်နော် တူမလေး”
ထုံရွှယ်လူက သူမပြောသည်ကိုကြားသောအခါ လှည့်ကြည့်လိုက်သည်။
ဖုန်းကျောက်တိက ထုံစန်းကျွမ်၏မိန်းမဖြစ်သည်။ ထုံအာ့ကျူတို့လင်မယားနှင့်မတူစွာ ဖုန်းကျောက်တိတို့လင်မယားကမူ အကြမ်းထည်ပစ္စည်းများမဟုတ်ရုံသာမက သူတို့နည်းသူတို့လမ်းဖြင့် လှည့်စားတတ်ကြ၏။
သူတို့က ထုံယန်လျန်တစ်ယောက် အငြင်းပွားနေသောအခါ နောက်တွင် ပုန်းနေကြသော်လည်း အစာစားချိန်ရောက်သောအခါ ရှေ့ထွက်လာကြ၏။
သူတို့က တစ်ကိုယ်ကောင်းဆန်သောလူစားမျိုးဖြစ်သည်။
ထုံရွှယ်လူက ဝတ်ကျေတန်းကျေသာပြုံးပြကာ ပြန်မဖြေလိုက်ချေ။
တစ်ဖက်တွင် စွင်းကွေ့လန်ကမူ ထုံရွှယ်လူအား ကပ်ပါးရပ်ဖားမလုပ်ချင်နေပေ။
သူမက ယောက္ခမဖြစ်သူ၏အင်္ကျီစကိုဆွဲကာ တိုးတိုးပြောလိုက်သည်။
“အမေရေ သေဆုံးမှုအတွက် နစ်နာကြေးလေ ၊ ကျွန်မတို့နစ်နာကြေးရမှဖြစ်မယ်”
၎င်းက ကျယ်ကျင်းဟွာကို နစ်နာကြေးအကြောင်း သတိရသွားစေသည်။
“တစ်နေ့က ငါစက်ရုံကိုဖုန်းဆက်တုန်းက နစ်နာကြေးကို နင်ယူသွားပြီလို့ မန်နေဂျာကပြောတယ် ပိုက်ဆံဘယ်မှာလဲ အခုပေး”
ထုံရွှယ်လူ:“ အဖွား ကျွန်မအဖွားနဲ့ သီးသန့်စကားပြောချင်တယ်”
စွင်းကွေ့လန်က မပျော်မရွှင်ဖြစ်သွား၏။
“ဘာဖြစ်လို့ ငါတို့နားထောင်လို့မရတာလဲ၊ အမေ သူမက ကလိမ်ကကျစ်ကျတတ်တယ် သူ့လှည့်ကွက်မှမကျသွားနဲ့”
ထုံရွှယ်လူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒုတိယအဒေါ်က ဘာပြောတာလဲ၊ အဖွားက အဒေါ်လို ရူးမိုက်တယ်များထင်နေလား အသိအသာကို အဖွားက ဉာဏ်ထက်တဲ့သူ၊ ဘယ်သူက အဖွားကိုအရူးလုပ်နိုင်မှာလဲ”
ကျယ်ကျင်းဟွာက သူမ၏ချွေးမအား စိတ်မကျေနပ်သလိုကြည့်လိုက်သည်။
“နင်ကတုံးရင်လည်း ဘာမှဝင်မပြောနဲ့လေ နင်မအဘူးဆိုတာ ငါတို့အားလုံးသိပြီးသား”
စွင်းကွေ့လန်:“……”
အမေရေ နိုးထပါတော့ အခုတည်းက သူက အမေ့ကိုလှည့်ဖျားနေပြီ။
ပြောစရာမလိုဘဲ ထုံကျားမင်က သူ့ညီနှင့်ညီမကိုခေါ်ကာ အပြင်ထွက်သွား၏။
ပေဟယ်မှထိုသူများကမူ တစ်လက်မတောင်မလှုပ်လာချေ။
ထုံရွှယ်လူက ရုတ်တရက်သက်ပြင်းချလိုက်ပြီး ကျယ်ကျင်းဟွာအား ကရုဏာသက်သလိုကြည့်လာသည်။
“ကျွန်မက အဖွားကိုအိမ်ထောင်ဦးစီးလို့ထင်ထားတာ၊ အခုကြည့်ရတာ အဖွားကအိုပြီးအသုံးမဝင်တော့သလိုဘဲ၊ အိမ်မှာအမိန့်တောင်မပေးနိုင်ဘူး၊ အဖွားကသူတို့ကိုထွက်သွားခိုင်းပေမယ့် ဘယ်သူမှနားမထောင်ကြဘူး”
အိုပြီးအသုံးမဝင်တော့ဘူးလား။
ကျယ်ကျင်းဟွာက ထိုစကားစုကြောင့် မနှစ်မမြို့ဖြစ်သွားသည်။
သို့သော် သူမကိုပိုဝမ်းနည်းစေသည်မှာ သူမ၏သားနှင့် ချွေးမများဖြစ်သည်။ သူတို့က အိမ်ထောင်ဦးစီးဖြစ်တဲ့ သူမရဲ့လုပ်ပိုင်ခွင့်ကို စိန်ခေါ်နေတာလား။
သူမမျက်နှာက မည်းသွားက အသံကျယ်ကျယ်ဖြင့်အော်လိုက်သည်။
“နင်တို့အားလုံး လူယုတ်မာတွေ”
ကျယ်ကျင်းဟွာက ဒေါသထွက်လာသည်ကိုမြင်သောအခါ သူမ၏သားနှင့်ချွေးမများက အချင်းချင်းအကြည့်ဖလှယ်လိုက်ကြပြီး အိမ်ထဲမှ တန်းစီထွက်သွားကြသည်။
***
ရပ်ကွက်ထဲရှိသူများက ညစာစားနေချိန်တွင် ထုံမိသားစုမှအော်ဟစ်သံကြီးကို ကြားလိုက်ရသဖြင့် ထိတ်လန့်သွားကြသည်။
ထို့နောက် ထုံမိသားစုဝင်များက အိမ်ထဲမှနှင်ထုတ်ခံလိုက်ရကာ အနောက်မှနေ၍ တံခါးက ဒုန်းခနဲပိတ်သွားသည်ကို မြင်လိုက်ကြသည်။
ထုံအဖွားကြီးရဲ့ ရူးသွပ်မှုက ဆိုးရွားတဲ့ပုံဘဲ။
စွင်းကွေ့လန်တို့က အိမ်ထဲမှမောင်းထုတ်ခံလိုက်ရသဖြင့် ဒေါသထွက်သလို ရှက်လည်းရှက်မိကြသည်။
စွင်းကွေ့လန်က သူမ၏သားက မြေကြီးပေါ်တွင်ထိုင်ရန် အဆင်မပြေဖြစ်နေသည်ကိုမြင်သောအခါ သူ့အတွက်ထိုင်ခုံတစ်ခုငှားချင်သွားသည်။
“အမချိုင် ကျွန်မကိုမှတ်မိသေးလား”
သူမလျှောက်လာသည်ကိုမြင်သောအခါ ဒေါ်လေးချိုင်က လက်ထဲရှိရေကို စွင်းကွေ့လန်ရှေ့သို့ဖြန်းပြီး ပြောလိုက်သည်။
“မမှတ်မိဘူး”
ထို့နောက် သူမက စွင်းကွေ့လန်ကိုမကြည့်တော့ဘဲ အိမ်ထဲဝင်သွား၏။
? ?
စွင်းကွေ့လန်က တစ်ခနလောက်ကြက်သေသေသွားသည်။
သူမ ဘာလုပ်မိလို့လဲ။ အရင်အချိန်တုန်းကဆို အစ်မချိုင်က သူမအပေါ်ဖော်ရွေပါသေးတယ်။
စွင်းကွေ့လန်က သတိပြန်ဝင်လာသောအခါ ဒေါသကြောင့် မျက်နှာကရဲတွတ်လာသည်။
အစ်မချိုင်တစ်ယောက်ဘာဖြစ်နေတာလဲဆိုတာကို တစ်ခြားမိသားစုတွေစီသွားမေးရမယ်။
သို့သော်ငြား အခြားသူများကလည်း သူမကို မမှတ်မိဟုပြောလာပြီး စကားမဆုံးသေးခင်တွင် ထွက်သွားကြ၏။
၎င်းက သူမကိုအလွန်ဒေါသထွက်သွားစေ၏။
ဖုန်းကျောက်တိကလည်း ရပ်ကွက်ထဲမှလူများနှင့် ရင်းနှီးရန်ကြံစည်နေခြင်းဖြစ်ပြီး စွင်းကွေ့လန်အပေါ် ဖြစ်ပျက်ခဲ့သည်များကို မျက်မြင်တွေ့လိုက်ရသောအခါ အလျင်အမြန်ပင်လက်လျော့လိုက်သည်။
“တစ်ခုခုမှားနေတယ်ဆိုတာကို ငါခံစားမိနေတယ်၊ ကလေးအဖေရေ မနက်ဖြန်ကျ အနားတဝိုက်လျှောက်သွားပြီး ထုံကျန်းကျန်းက တကယ်ဘဲ လယ်ထဲပို့ခံလိုက်ရတာလားဆိုတာကို စုံစမ်းခဲ့”
ထုံစန်းကျွမ်က နားရွက်ကုတ်ကာ သူမရှေ့တွင် လက်ဖြန့်လာ၏။
“ငါကားစီးဖို့ ပိုက်ဆံလိုတယ်”
ဖုန်းကျောက်တိက သူ့ကိုစိုက်ကြည့်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။
“အသံကိုတိုးဦး၊ နောက်ကျမှ ကျွန်မရှင့်ကိုပေးမယ်”
သူမ၏ယောက္ခမနှင့် စွင်းကွေ့လန်ကသာ ခရီးဆောင်အိတ်ထဲတွင် ပိုက်ဆံထည့်သော အရူးများဖြစ်သည်။ ၎င်းက သူတို့မိသားစုကို ယွမ်အနည်းငယ် ဆုံးရှူံးသွားစေ၏။
သူမပိုက်ဆံကိုလည်း ခရီးဆောင်အိတ်ထဲတွင်ထည့်ထားသဖြင့် ပျောက်သွားသည်ဟု သူမ ညာခဲ့သည်။ သို့သော် သူမက ပိုက်ဆံများကို ဘောင်းဘီထဲတွင် ထည့်ချုပ်ထားသဖြင့် အခုထိရှိနေဆဲဖြစ်သည်။
အိမ်ထဲတွင်။
ထုံရွှယ်လူက ကျယ်ကျင်းဟွာနား ကပ်ထိုင်ပြီး ကြင်နာစွာပြောလာ၏။
“ကျွန်မလေ အဖွားကိုမြင်လိုက်ကတည်းက ရင်ထဲမှာ ရင်းနှီးနေသလို ခံစားမိတာ၊ အရင်ဘဝမှာအဖွားနဲ့ တွေ့ခဲ့ရတဲ့အတိုင်းဘဲ၊ သွေးသားဆိုတာ ဒါမျိုးကိုပြောတာဖြစ်မယ်”
ကျယ်ကျင်းဟွာက ထုံရွှယ်လူ၏စကားများကို ဂရုမစိုက်ပေ။ သူမက နှုတ်ခမ်းစေ့ကာ ပြောလိုက်သည်။
“အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့၊ နစ်နာကြေးကဘယ်မှာလဲ”
ထုံရွှယ်လူက သူမ၏အပြုအမူသည် အနည်းငယ်ထူးဆန်းနေသည်ကို တွေ့လိုက်သော်လည်း အရမ်းမတွေးလိုက်ချေ။
“အဖွား ကျွန်မက နစ်နာကြေးကို အဖွားကိုမပေးနိုင်သေးဘူး”