အပိုင်း ၃၀
Viewers 18k

Chapter 30

- ထိုအတွေးက သူမ၏သခွားသီးအိုကြီးလို မျက်နှာပေါ်တွင် တွန့်ရှူံ့နေသည့် အပြုံးတစ်ခုဖြစ်လာစေ၏။(2)



ကျယ်ကျင်းဟွာက မျက်လုံးပြူးသွားကာ သူမပုံစံကဖားနှင့်တူလာ၏။

“အဲ့ဒါကဘာကိုဆိုလိုချင်တာလဲ နင်ကပိုက်ဆံကိုယူထားတာလား”


“ရှူးးအဖွား ကျွန်မကပိုက်ဆံကို ဒီတိုင်းယူထားတာမဟုတ်ပါဘူး၊ ပိုက်ဆံထပ်ပွားဖို့ အဲ့ဒီပိုက်ဆံတွေကို ယူထားတာပါ”


“ပိုက်ဆံရှာတာလား၊ နင့်အသက်အရွယ်နဲ့ ပိုက်ဆံရှာဖို့ဘယ်လိုသိမှာလဲ”


“ကျွန်မမသိပေမယ့် ကျွန်မရဲ့မွေးစားမိဘတွေကတော့ သိတယ်လေ”


ထုံရွှယ်လူက ဂုဏ်ယူစွာပြောလာသည်။

“ကျွန်မအဖေက PLAလောင်စာ‌ဆီထောက်ပို့ဌာနက ညွှန်ကြားရေးမှူးပါ၊ လောင်စာဆီဌာနက လယ်ယာစိုက်ပျိုးရေးနဲ့ ဘေးပေါက်ကုန်ပစ္စည်းထုတ်လုပ်ရေးကို ထိန်းချုပ်ထားတာ၊ နေ့တိုင်းနေ့တိုင်းပိုက်ဆံဘယ်လောက်ကို အလဲအလှယ်လုပ်နေရတယ်ဆိုတာကို အဖွားခန့်မှန်းမိမှာမဟုတ်ဘူး”


“ဒါဆိုရင် နင့်အဖေက ပိုက်ဆံကိုဘာအတွက်သုံးတာလဲ၊ သူက ပိုက်ဆံ‌ဘယ်လောက်လုပ်နိုင်လဲ”


ကျယ်ကျင်းဟွာက လောင်စာဆီဌာနကိုမသိသော်လည်း ‘ညွှန်ကြားရေးမှူး’ဟူသော ရာထူးကိုနားလည်ပေသည်။ ထိုရာထူးက အလွန်အဆင့်မြင့်သောနေရာတွင်ရှိ၏။


“အဲ့ဒါနဲ့ပတ်သက်ပြီး အဖွားမမေးတာက အကောင်းဆုံးဘဲ၊ အဲ့ဒါကယုံကြည်ရပါတယ်၊ အဖွားသိလို့ ဘာမှကောင်းမှာမဟုတ်ဘူး ဒါပေမယ့်..”


ထုံရွှယ်လူက ရုတ်တရက်အသံတိုးပြီး ထူးခြားဆန်းကြယ်သလိုပြောလာ၏။

“အချိန်အနည်းငယ်အတွင်းမှာ ကျွန်မတို့ရဲ့ပိုက်ဆံကိုနှစ်ဆလုပ်နိုင်လိမ့်မယ်”

 

ကျယ်ကျင်းဟွာက ဟင်ခနဲဖြစ်သွားသည်။ သူမပါးစပ်ကအံ့ဩ‌သွား‌တာကြောင့် ပွင့်နေပြီး လောဘ၏အရိပ်အယောင်များက သူမမျက်လုံးထဲမှထွက်လာ၏။

“ငါတို့က ပိုက်ဆံဘယ်လောက်အကြောင်းပြောနေတာလဲ”


“သေဆုံးမှုအတွက် နစ်နာကြေးက ယွမ်1000ဆိုတော့ နှစ်ဆဆို ယွမ်2000ပါ”


ကျယ်ကျင်းဟွာက သူမကို သံသယဝင်စွာကြည့်လာသည်။

“နစ်နာကြေးက ယွမ်1000တည်းလား နင်ငါ့ကိုလိမ်နေတာလား”


ထုံရွှယ်လူက အမှားယွင်းခံလိုက်ရသလို ကြည့်လာ၏။

“အဲ့စကားလုံးတွေက နာကျင်စေတယ်နော် အဖွား၊ အဖွားက ကျွန်မရဲ့အဖွားလေ ဘာလို့လိမ်ရမှာလဲ ဒါ့အပြင် အဖွားသိချင်ရင်လည်း စက်ရုံကိုမေးလိုက်လို့ရတယ်၊ ကျွန်မလိမ်လိုက်လို့ ဘာရမှာလဲ”


ကျယ်ကျင်းဟွာကလည်း ထုံရွှယ်လူက သူမကိုလိမ်သည်အထိ လုပ်နိုင်စွမ်းရှိမည်မဟုတ်ဟု ခံစားလိုက်မိသည်။


“နင်တို့မန်နေဂျာက ဘာဖြစ်နေတာလဲ၊ တကျွင်းက သူ့သားနှစ်ယောက်ကို ကယ်ခဲ့ဖူးတာလေ၊ အဲ့ဒါကိုဒီလောက်ဘဲပေးတာလား၊ ထွီ ဘယ်လိုတောင်အသိစိတ်မရှိတဲ့သူလဲ”


ထုံတကျွင်းအကြောင်းပြောသောအခါ သူမမျက်လုံးထဲ၌ ဘာဝမ်းနည်းမှုမှမရှိသော်လည်း နစ်နာကြေးအတွက်မူ စိုးရိမ်နေသည်ကိုမြင်သောအခါ အစောပိုင်းတွင်ပေါ်လာသည့် သူမ၏ထင်မြင်ချက်က ပိုထင်ရှားလာခဲ့သည်။


ကျယ်ကျင်းဟွာက ပိုက်ဆံပေါ်တွင်သာ အာရုံရှိ၏။

“ငါတို့တွေ ဘယ်အချိန်လောက် ပိုက်ဆံရမှာလဲ”


ထုံရွှယ်လူက သူမစိတ်ကိုပြန်စုစည်းလိုက်သည်။

“ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပါ၊ သူတို့က အရင်းရော အမြတ်ပါတစ်ခါတည်းပေးမှာတဲ့၊ ပိုက်ဆံရတာနဲ့ အဖွားကိုအကုန်ပေးပါ့မယ်”


ဒါကပိုကောင်းတယ်။


သူမ၏စကားများကြောင့် ကျယ်ကျင်းဟွာက ထုံရွှယ်လူအပေါ်  ခုနကလောက် စိတ်မကြည်မသာဖြစ်မနေတော့ချေ။


ထုံရွှယ်လူကဆက်ပြော၏။

“ဒါပေမယ့် ကျွန်မတို့တွေ ဒီကိစ္စကိုလျို့ဝှက်ထားမှရမယ်၊ အပြင်လူတွေကို ပေးမသိရုံတင်မကဘူး ဦးလေးတို့၊ အဒေါ်တို့ကိုပါ သိသွားစေလို့မရဘူး”


ကျယ်ကျင်းဟွာက ဂရုမစိုက်စွာပြောလိုက်သည်။

“စိတ်မပူနဲ့ ငါဘယ်သူ့ကိုမှမပြောဘူး”


ထုံရွှယ်လူကခေါင်းခါလာ၏။

“အဖွားက ဘယ်သူ့ကိုမှ‌မပြောရုံတင်မကဘူး၊ အခြားသူတွေကို အဖွားကပိုက်ဆံရသွားပြီလို့ပြောရမယ် မဟုတ်ရင် ဦးလေးနဲ့အဒေါ်တို့က သံသယဝင်နေလိမ့်မယ်”


ကျယ်ကျင်းဟွာက မတုံးချေ။ သူမက ထုံရွှယ်လူကို စိုက်ကြည့်ကာပြောလာ၏။

“နင်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ နောက်ကျရင် နင်ကငါ့ကိုပိုက်ဆံမပေးတော့ရင် ဘယ်လိုလုပ်မလဲ၊ အဲ့လိုဆို ငါကပိုက်ဆံကိုဘယ်လိုယူရမှာလဲ”


“အဖွားက စက်ရုံမန်နေဂျာ၊ ရဲ ဒါမှမဟုတ် ကျွန်မရဲ့မွေးစားမိဘတွေကို သွားရှာလို့ရတယ်”


ထုံရွှယ်လူက အလွန်ခိုင်မာစွာပြောလာ၏။

“ကျွန်မတို့က မိသားစုတွေ၊ ဘာလို့လှည့်စားရမှာလဲ အဖွားကျွန်မကို မယုံလို့ရတယ် ဒါပေမယ့် ကျွန်မရဲ့ မွေးစားမိဘတွေကိုကရော သူတို့က အစိုးရဝန်ထမ်းတွေပါ၊ ဒီလိုတုံးအတဲ့ လှည့်စားမှုမျိုးကို သူတို့ကလုပ်မယ်တဲ့လား”


ကျယ်ကျင်းဟွာက80–90%လောက် စိတ်ပါနေပြီဖြစ်သည်။ သူမက လျင်မြန်စွာပြောလာသည်။  

“ဒီကလေးကတော့ စိတ်တိုလွယ်လိုက်တာ၊ ဒီအဖွားက ဘာပြောရသေးလို့လဲ ဟမ်၊ ကောင်းပြီလေ ပိုက်‌ဆံကို နင့်အဖေ‌ဆီပေးပြီးပြီဆိုတော့လဲ အချိန်ခနလောက် အဲ့အတိုင်းထားလိုက်ကြတာပေါ့”


ဘယ်သူကများ အမြတ်ချည်းဘဲ ယွမ်1000ရမည်ကို ငြင်းဆန်နိုင်မှာလဲ။


သူကိုယ်တိုင်က လူလိမ်တစ်ယောက်ဖြစ်သော ကျယ်ကျင်းဟွာသည် ထုံရွှယ်လူက သူမကိုလိမ်လောက်သည့် သတ္တိရှိမည်ဟုမထင်ချေ။


ယခုကာလများတွင် ခရီးသွားရန်အတွက်တောင်မှ ထောက်ခံစာများလိုအပ်၏။ သူမက ထောက်ခံစာမပါပါက ဘယ်မှမသွားနိုင်ချေ။ အကယ်၍သာ တစ်ဖက်မှထုံမိသားစုက သူတို့ပိုက်ဆံကိုယူရဲပါက သူတို့ရပ်ကွက်ထဲ၌ ပြသနာသွားရှာရန် ဝန်လေးမည်မဟုတ်ချေ။


ထုံရွှယ်လူက ရပ်သင့်သည့်နေရာ၌ ရပ်ရမည်ကို နားလည်၏။ သူမက ယွမ်30ထုတ်ကာ ကျယ်ကျင်းဟွာအားပေးလိုက်သည်။

“ဒီမှာအဖွားသုံးဖို့ ပိုက်ဆံနည်းနည်းပါ၊ ကျွန်မပိုက်ဆံပြန်ရလာရင် အဖွားသုံးချင်သလောက်သုံးလို့ရတယ်”


ကျယ်ကျင်းဟွာ၏ ပိုက်ဆံကို အလုခံလိုက်ရကာ ရဲများပြန်ရရန်သူတို့တတ်နိုင်သမျှအကောင်းဆုံးလုပ်ပေးပါမည်ဟု ပြောခဲ့တာတောင်မှ သူမက ရင်နာနေဆဲဖြစ်သည်။


ယွမ်30မှာ သိပ်မများသော်လည်း အချိန်နှစ်ပတ်ကျော်အတွင်းတွင် သူမက ယွမ်2000‌ရလာမှာဖြစ်သည်။ ထိုအချိန်ကျလျှင် သူမက ရပ်ကွက်ထဲ၌ အချမ်းသာဆုံးအဖွားကြီးဖြစ်လာလိမ့်မည်။


ထိုအတွေးက သူမ၏သခွားသီးအိုကြီးလို မျက်နှာပေါ်တွင် ရှူံ့တွနေသော အပြုံးတစ်ခုဖြစ်ပေါ်လာစေ၏။



ထုံရွှယ်လူက ကျယ်ကျင်းဟွာကို စည်းရုံးပြီးသောအခါ အပြင်မှသူများအတွက် တံခါးဖွင့်ပေးလိုက်သည်။


သူမတံခါးဖွင့်ပေးလိုက်ချိန်မှာဘဲ စွင်းကွေ့လန်က အရင်ဆုံးပြေးဝင်လာ၏။

“အမေ အဲ့ကောင်မစုတ်လေးက ဘာပြောခဲ့တာလဲ၊ အမေ့ကို နစ်နာကြေးတွေ လွှဲပေးရဲ့လား”


ထုံရွှယ်လူက ထိုမေးခွန်းကိုကြားသောအခါ ကျယ်ကျင်းဟွာကိုလှည့်ကြည့်လိုက်သည်။


ထုံရွှယ်လူ၏အကြည့်ကို သတိထားမိသဖြင့် ကျယ်ကျင်းဟွာက စွင်းကွေ့လန်၏နှာခေါင်းတည့်တည့်ကို လက်ညှ်ိုးထိုးကာ အော်‌ဟစ်လာ၏။

“နင်ကဘာလို့ဒီလောက်တောင် မေးခွန်းများနေရတာလဲ၊ သေချာပေါက်ကို ငါ့ကိုနစ်နာကြေးတွေလွှဲပေးတာပေါ့၊ မဟုတ်ရင် သူမက ဘယ်သူ့ကိုသွားပေးရမှာလဲ”


စွင်းကွေ့လန်က သူမမျက်နှာပေါ်သို့ တံတွေးများစင်လာသဖြင့် စားခဲ့သောညစာကိုတောင် ပြန်အန်ထုတ်မိမလိုဖြစ်သွားသည်။


“အမေ ကျွန်မ‌ကအဲ့လိုသဘောမျိုးနဲ့မဟုတ်ဘူးဆိုတာ အမေသိပါတယ်၊ အမေလှည့်စားခံလိုက်ရမှာကို စိုးရိမ်လို့ပါ၊ ပြောပါဦး အမေဘယ်လောက်ရခဲ့လဲဆိုတာ ကျွန်မတို့ကိုပြပါလား”


သူမပြောပြီးပြီးချင်းပင် ဖုန်းကျောက်တိနှင့် ကျန်သည့်လူအားလုံးက ကျယ်ကျင်းဟွာကို လှမ်းကြည့်လာကြသည်။


ကျယ်ကျင်းဟွာက ဒေါသတကြီးပြန်ပြောလိုက်သည်။

“ဘာကြည့်စရာရှိလို့လဲ၊ နင်က အိမ်ထောင်ဦးစီးလား၊ ငါကအိမ်ထောင်ဦးစီးလား ထွက်သွားစမ်း နင့်ကိုမြင်ရတာ ဒေါသထွက်တယ်”


“……”

ဘာ‌အကြောင်းမှမရှိဘဲ အငေါက်ခံလိုက်ရသဖြင့် စွင်းကွေ့လန်ကဒေါသထွက်လာသည်။


ကျယ်ကျင်းဟွာ၏အော်ဟစ်ကြိမ်မောင်းသံများကို ထပ်ကြားလိုက်ရသော ရပ်ကွက်ထဲမှသူများသည် သူမရောဂါထပြန်ပြီဟု ယူဆလိုက်ကြသည်။


သူတို့က သူတို့၏ကလေးများကို နောက်ရက်အနည်းငယ်အတွင်းတွင် အတတ်နိုင်‌‌ဆုံး ထုံမိသားစုအိမ်ရှေ့သို့မသွားရန် မှာလိုက်သည်။


ထုံရွှယ်လူက အိမ်ထဲမှထွက်လာပြီးနောက် ကျယ်ကျင်းဟွာက အခြားသူများအားမပြောပြသည်ကိုမြင်သောအခါ စိတ်ချသလိုခံစားလိုက်ရသည်။


ထုံမျန်မျန်နှင့် ထုံကျားရှင်းတို့သည် ဒေါ်လေးချိုင်အိမ်သို့ရောက်နေပြီး ထုံကျားမင်ကမူ ခြံထဲတွင် တစ်ယောက်တည်းထိုင်နေ၏။


ထုံရွှယ်လူထွက်လာသည်ကိုမြင်သောအခါ သူကသူမဆီလျှောက်လာပြီး မေးလာသည်။

“ထုံကျန်းကျန်းကိစ္စက ဘယ်လိုဖြစ်တာလဲ”


အခုချိန်တွင် ကောင်းကင်က လုံးဝမည်းမှောင်နေပြီဖြစ်ကာ သူ့မျက်နှာက အမှောင်ရိပ်ထဲတွင် ကွယ်နေသဖြင့် ဘယ်လိုဖြစ်နေသည်ကို သိရန်ခက်ခဲ၏။


“ပေဟယ်က အဲ့ဒီအုပ်စုကိုဖြေရှင်းပြီးမှ ထုံကျန်းကျန်း‌နဲ့ဘာဖြစ်သွားတယ်ဆိုတာကို ပြောပြမယ်”


ထုံရွှယ်လူက ထုံကျားမင်အားကြည့်ကာ ပြောလိုက်သည်။


“အိုးးးဒါနဲ့ နင်ငါတို့အဖိုးကိုမြင်ဖူးလား”


ထုံကျားမင်က သူမကရုတ်တရက်ကြီး အဖိုးအကြောင်းအား ဘာလို့ပြောလာသည်ကို နားမလည်ပေ။

“အင်း ကျွန်တော်အရင်တုန်းက မြင်ဖူးတယ် ဘာဖြစ်လို့လဲ”


“ငါတို့အဖေက အဖိုးနဲ့တူလား”


ထုံကျားမင်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကာ ပြန်ဖြေ၏။

“အင်း ငါတို့အဖေက အဖိုးနဲ့တူတယ် ဒါပေမယ့် အဖွားနဲ့တော့မတူဘူး”


ထိုသို့ဆိုပါက ထုံတကျွင်းသည် ထုံမိသားစု၏မျိုးဆက်တစ်ယောက်ဖြစ်နေသေးသည်ဟု ဆိုလို၏။ အဲ့ဒီလိုများဖြစ်နေမလား.....


“အဖိုးက အဖွားကိုမယူခင်က လက်ထပ်ဖူးလား၊ ငါပြောချင်တာကဟာ.. ငါတို့ရဲ့အဖေက အဖွားရဲ့ သားအရင်းမဟုတ်တာဖြစ်နိုင်သလားလို့”


ထုံကျားမင်က ခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူး အဖိုးက မိန်းမတစ်ယောက်ဘဲယူခဲ့တာ”


သူအသက်၇နှစ်၈နှစ်အရွယ်ကလည်း ထိုသို့သံသယဝင်ဖူးသဖြင့် ရွာပြန်ရောက်‌သောအခါ တိတ်တဆိတ်လိုက်မေးခဲ့သေး၏။ သူ့အဖေက အဖိုး၏သွေးသားရင်းဖြစ်နေသဖြင့် စိတ်ပျက်ခဲ့ရသည်။


သူပြောသည်ကိုကြားသောအခါ ထုံရွှယ်လူကလည်း စိတ်ပျက်သွားသည်။


သခွားသီးအိုကြီးလို ကျယ်ကျင်းဟွာက ဒီလိုကြည့်ကောင်းတဲ့သားမျိုးကို‌ မွေးနိုင်မယ်လို့ ဘယ်သူကထင်မိမှာလဲ။


သို့သော် ဤအခြေအနေထိဘက်လိုက်မှုမျိုးက ထူးဆန်းနေဆဲဖြစ်သည်။ သူမမကူးပြောင်းခင်အထိ သူမ၏ဖခင်ကလည်း သူမ၏ မိ‌ထွေးဘက်မှအစ်မကို ဦးစားပေးခဲ့ရာ အလွန်နစ်နာသည်ဟု နှစ်နှင့်ချီအောင် ခံစားခဲ့ရပေသည်။


သို့သော် ကျယ်ကျင်းဟွာနှင့် ယှဉ်လိုက်မည်ဆိုပါက သူမ၏ဖခင်သည် ကျယ်ကျင်းဟွာ၏တစ်ဝက်လောက်တောင် မဆိုးဝါးပေ။


အိပ်ချိန်ရောက်သောအခါ လူတိုင်းက အိမ်ထဲတွင်မဆန့်ပေ။ ထို့ကြောင့် ထုံရွှယ်လူက အမျိုးသမီးများက အိမ်ထဲတွင်အိပ်ပြီး ယောက်ျားများက အပြင်တွင်အိပ်ရန် အကြံပေးလိုက်သည်။


နွေရာသီကာလဖြစ်ကာ အပြင်ဘက်တွင်အေးနေသဖြင့် ပေဟယ်မှထိုယောက်ျားများသည် ဤအကြံပြုချက်ကို မကန့်ကွက်လာကြပေ။


***


နောက်တစ်နေ့တွင် ထုံစန်းကျွမ်က သူ့ဇနီးနှင့် အမေဆီမှ ပိုက်ဆံကိုယူကာ ထုံကျန်းကျန်းအကြောင်းစုံစမ်းရန် ကားစီးလာခဲ့သည်။


ထုံအာ့ကျူကမူ ထုံရွှယ်လူနှင့်တစ်ဖက်မှထုံမိသားစုကြားရှိ ဆက်ဆံရေးကိုစုံစမ်းနိုင်ရန် ရပ်ကွက်ထဲ၌သာ နေခဲ့၏။


ထုံကျန်းကျန်းက အမှန်တကယ်ပင် လယ်ထဲသို့အပို့ခံလိုက်ရကာ ထုံရွှယ်လူ၏မွေးစားမိဘများက သူမအပေါ်အလွန်ကောင်းသည်ကို သိလိုက်ရ၏။ ထုံရွှယ်လူမြို့ပေါ်သွားပြီးပြန်လာပါက သူမနှင့်အတူ ပစ္စည်းအတော်များများ ပြန်ပါလာလေ့ရှိသည်။


ဤအချက်များက ကျယ်ကျင်းဟွာကို စိတ်ချသွားစေသည်။


ထို့နည်းတူစွာပင် သူမကိုမေးလာသောအခါ ထုံရွှယ်လူကနစ်‌နာကြေးများကို လက်လွှဲပေးလာကြောင်း မန်နေဂျာအား အတည်ပြုပေးလိုက်သည်။


ဟွမ်ရှန်းလန်က အစိုးရစားသောက်ဆိုင်မှ ခွင့်ရက်ယူကာ မြို့ထဲမှ သူမ၏ဝမ်းကွဲဆီအလည်သွားခဲ့သည်။


သူမ၏ဝမ်းကွဲကိုမြင်သောအခါ မျက်ရည်များက ပါးပြင်တစ်လျှောက် စီးကျလာ၏။

“နင့်ရဲ့ယောက်ျားက...တိရစ္ဆာန်ဘဲ”


ဆေးရုံမှပြန်ရောက်လာပြီးနောက်တွင် စုရှူယင်က ထပ်ရိုက်ခံရ၏။ သူမ၏မျက်နှာတစ်ခုလုံးက ယောင်ကိုင်းနေပေသည်။


ဟွမ်ရှန်းလန် အနားတဝိုက်တွင် ဘယ်သူမှမရှိသည်ကို စစ်ဆေးကြည့်လိုက်ပြီး စုရှူယင်အား အသံတိုးတိုးဖြင့်ပြောလိုက်သည်။


“ဝမ်းကွဲ ရဲဘော်ထုံက နင့်ကိုကူညီပေးနိုင်တယ်တဲ့၊ နင့်ကိုပြောပြဖို့ ငါ့ကိုမှာလိုက်တယ်”


သူမက ထုံရွှယ်လူပြောသမျှအားလုံးကို စုရှူယင်အားပြန်ပြောပြလိုက်သည်။


ဟွမ်ရှန်းလန်ပြောသည်များကို နားထောင်ပြီးသောအခါ စုရှူယင်၏မျက်လုံးများက အရောင်တောက်သွားသော်လည်း လျင်မြန်စွာပင် ထပ်မံဒုက္ခရောက်သွား၏။


“ဝမ်းကွဲ ငါကတော့ ထုံရွှယ်လူရဲ့နည်းလမ်းက အလုပ်ဖြစ်မယ်လို့ထင်တယ်၊ နင်ဘာလို့တွေဝေနေတာလဲ၊ နင့်ယောက်ျားကပြောင်းလဲလာမှာလို့ ထင်နေတုန်းဘဲလား”


သူမ၏ဝမ်းကွဲကိုကြည့်ကာ နူးညံ့ပြီးကျိုးနွံသော ဟွမ်ရှန်းလန်တောင်မှ စုရှူယင်တစ်ယောက် ကိုယ့်ကိုကိုယ်လွတ်မြောက်အောင် ကြိုးစားသင့်သည်ဟု ခံစားမိလာ၏။


အတိတ်တုန်းကဆိုလျှင် သူမက လက်ထပ်ရရန်မျှော်လင့်ခဲ့သော်လည်း အခုတွင် သူမဝမ်းကွဲ၏ပုံစံကိုကြည့်ကာ လက်ထပ်ခြင်းကကြောက်ရွံ့စရာဟု စတင်သိရှိလာသည်။


စုရှူယင်က ခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူး ငါအဲ့လိုမထင်တော့ပါဘူး၊ ငါကဘာလို့ စိတ်မပိုင်းဖြတ်နိုင်တာလဲဆိုတာကို ငါ့ကိုယ်ငါတောင် မသိဘူးဖြစ်နေတာ”


သူမ၏ဘဝက အရှုပ်အထွေးတစ်ခုပင်။ အကယ်၍ သူမထွက်သွားပါက ပို၍ဆိုးဝါးသော အခြေအနေထဲကျရောက်သွားမည်ကိုသာ စိုးရိမ်နေခြင်းဖြစ်သည်။


ဟွမ်ရှန်းလန်က ထပ်ပြီးပြောချင်သော်လည်း အပြင်မှခြေသံများကိုကြားသောအခါ ရပ်လိုက်သည်။


ဟဲပေါင်ကန်းက အပြင်မှနေ၍ စုရှူယင်အားအော်ဟစ်လာ၏။

“မင်းအိပ်ရာထဲမှာ ဘယ်အချိန်ထိနေနေမှာလဲ ဟမ် ၊ ဒီလထဲမှာ မင်းအလုပ်ဘယ်လောက်များများလုပ်ပြီးပြီလဲ၊ ဒီပုံစံနဲ့ဆို မင်းက ဒီလအတွက်လုပ်နိုင်ဦးမှာလား”


သူကအော်ဟစ်ပြီးမှသာ ဟွမ်ရှန်းလန်အား သတိထားမိသွားသည်။ မည်သို့ပင်ဖြစ်စေ ၎င်းက သူ့ကိုလုံးဝမရှက်ရွံ့စေပေ။


သူ၏အော်သံကိုကြားသောအခါ စုရှူယင်၏တစ်ကိုယ်လုံးက မထိန်းချုပ်နိုင်စွာ တုန်ယင်သွားသည်။

“ကျွန်မ ကျွန်မ ဒီနေ့လယ် သွားလိုက်ပါ့မယ်”


သူမက မသွားချင်လို့မဟုတ်ပေ။ သူမ၏နောက်ကျောကိုအကန်ခံထားရသဖြင့်  ထရပ်သည့်အခါတိုင်းတွင် အလွန်နာကျင်ပြီး ချွေးစေးများထွက်လာသောကြောင့်ဖြစ်သည်။


ထို့အပြင် သူမမျက်နှာပေါ်မှ ဒဏ်ရာများကို အခြားသူများအား မမြင်စေချင်ပေ။


ဟဲပေါင်ကန်းက နှာခေါင်းရှူံ့လိုက်သည်။

“ဟန်ဆောင်နေတာရပ်လိုက်တော့၊ ထပြီး ညစာချက်”


ထိုသို့ပြောပြီးနောက် သူက ဟွမ်ရှန်းလန်ကိုတောင် နှုတ်မဆက်ဘဲလှည့်ထွက်သွားသည်။


ဟွမ်ရှန်းလန်က အလွန်ဒေါသထွက်သွားသဖြင့် တစ်ကိုယ်လုံးတောင်တုန်ခါလာ၏။

“အဲ့ဒါ အဲ့ဒါက အရမ်းလွန်နေပြီ”


မျက်ရည်များက စုရှူယင်၏ပါးပေါ်သို့ စီးကျလာသည်။


အတိတ်တုန်းကဆိုလျှင် သူကအနည်းငယ် ချုပ်ထိန်းခဲ့သော်လည်း သူမ၏မိသားစုက သူမဘက်မှ မရပ်တည်ပေးသည်ကို မြင်သောအခါ ရိုက်နှက်မှုများက ပိုပိုပြီးဆိုးရွားလာ၏။


အိမ်ထဲတွင် တိတ်ဆိတ်မှုက လွှမ်းခြုံသွားကာ ဟွမ်ရှန်းလန်တောင်မှ ဘာပြောရမလဲမသိတော့ချေ။


စုရှူယင်က ဟဲပေါင်ကန်းတစ်ယောက် ဟွမ်ရှန်းလန်ကိုပါ ရောယောင်ပြီး အော်ဟစ်‌လာမှာ စိုးရိမ်သဖြင့် အလျင်အမြန်ပြောလိုက်သည်။

“နင်ပြန်သင့်ပြီ ငါတွေးကြည့်ထားလိုက်ပါ့မယ်”


ဟွမ်ရှန်းလန်က သက်ပြင်းချကာ ထွက်သွားလိုက်သည်။


စုရှူယင်က သူမ၏ဝမ်းကွဲထွက်သွားသည်ကိုကြည့်နေပြီးနောက် ဘေးနှစ်ဖက်တွင်ချထားသော သူမ၏လက်များကို လက်သီးဆုပ်လိုက်သည်။


***

ရက်အနည်းငယ်ကြာပြီးနောက်တွင် ပေဟယ်မှထိုထုံမိသားစုဝင်များသည် ဒီထက်ပိုပြီးပျော်ရွှင်စရာ မရှိတော့ချေ။


သူတို့က နေ့တိုင်းလိုလို အသားငါးများကိုစားရကာ အချိန်နှင့်အမျှ အစိုးရ‌စားသောက်ဆိုင်သို့ သွားကြ၏။ သူတို့က ရပ်ကွက်ထဲမှ အခြားသူများအား မနာလိုဖြစ်သွားစေ၏။


အစပိုင်းတွင် သူတို့က စက်ရုံမှ အလုပ်နေရာနှစ်ခုကိုချက်ချင်းလွှဲယူရန် ပြောခဲ့ကြသော်လည်း ထုံရွှယ်လူက သူတို့ကို အရင်ဆုံးအနားယူရန်ပြောလာ၏။ သူတို့က အလုပ်စဆင်းသည်နှင့် နားရက်ရှိမှာမဟုတ်တော့ဘူးဟု သူမကပြောပြလာ၏။


စွင်းကွေ့လန်က ထိုကိစ္စသည်အဓိပ္ပါယ်ရှိသည်ဟု ထင်၏။ နောက်ဆုံးတွင် ထိုအလုပ်နေရာများက သူတို့မိသားစု၏အပိုင်ဖြစ်ကာ သူတို့ဆီမှ ဘယ်သူကမှလုယူနိုင်မည်မဟုတ်ချေ။


သူတို့က ရွာတွင် ခက်ခဲသောဘဝကို ဖြတ်သန်းခဲ့ရ၏။ အခုချိန်တွင် ခန‌တာလောက် သူတို့ကိုယ်သူတို့ ပျော်ရွှင်အောင်နေသည်မှာ မမှားပေ။


သူတို့ကို ဦးနှောက်ခြောက်စေသည့်အရာမှာ ရပ်ကွက်ထဲရှိသူများက ဘာကြောင့်သူတို့နှင့် နီးနီးကပ်ကပ်မနေလိုသည့် ကိစ္စပင်ဖြစ်သည်။


အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများသည် သူတို့ကိုတွေ့တိုင်း ပြန်လှည့်ပြေးသွားကြသည်။


ပေဟယ်မှထိုလူတစ်စုသည် ရက်အနည်းငယ်ကြာ ပျော်ရွှင်နေခဲ့ကြသည်။


ထုံရွှယ်လူ၏အကြံမှာ သူမ စတင်မလုပ်ဆောင်ခင် ရက်အနည်းငယ်လောက်စောင့်ရန်ဖြစ်သော်လည်း တစ်နေ့တွင် သူမစက်ရုံမှပြန်ရောက်လာသောအခါ ထုံယန်လျန်က ထုံမျန်မျန်ကိုသူ့လက်မောင်းထဲပွေ့ထားကာ မျက်နှာအားပုတ်နေသည်ကို တွေ့လိုက်ရသည်။


ချက်ချင်းပင် သူမ၏မျက်နှာက မှုန်မှိုင်းလာ၏။