အပိုင်း ၃၁
Viewers 21k

Chapter 31

-သူတို့အားလုံး ဒေါသထွက်သွားပြီ၊ ဘယ်သူလုပ်တာလဲ။



 သူမက အမြန်သွားကာ လက်ဆန့်ပြီး ထုံယန်လျန်အားပြောလိုက်သည်။


“မျန်မျန့်ကို ငါ့ဆီပေးပါ”


ထုံမျန်မျန်က သူ့မမကြီးကိုတွေ့သောအခါ ရုန်းလိုက်သော်လည်း ထုံယန်လျန်က သူမကိုလွှတ်မပေးလာချေ။


ထုံရွှယ်လူက စကားတစ်လုံးချင်းစီ ထပ်ပြောလိုက်သည်။


“မျန်မျန့်ကို ငါ့ဆီပေးလို့ ငါပြောနေတယ်”


‌ထုံယန်လျန်က နောက်ဆုံးတွင် ခပ်ပြုံးပြုံးဖြင့် သူမကိုမော့ကြည့်လာ၏။


“အစ်မရွှယ်လူ ဘာလုပ်နေတာလဲ ကျွန်တော်က ကိုယ့်ညီမနဲ့တောင် ရင်းရင်းနှီးနှီးနေလို့မရဘူးလား”


ထုံရွှယ်လူက ကွေ့ဝိုက်ပြောမနေတော့ချေ။ သူမက အေးစက်စွာပြောလိုက်သည်။


“နင့်ရဲ့မိသားစုရတနာကိုငါမချိုးခင် အခုချက်ချင်း မျန်မျန်ကိုငါ့ဆီပြန်ပေးလိုက်တာကောင်းမယ်”


ထုံယန်လျန်က မျက်မှောင်ကြုတ်ပြီး ထုံရွှယ်လူကို ခက်ထန်စွာစိုက်ကြည့်လာ‌သော်လည်း ထုံမျန်မျန်ကိုမူ မလွှတ်ပေးသေးချေ။


ပေါက်စီလုံးလေးက ပိုပြီးပြင်းထန်စွာ ရုန်းကန်လာ၏။ မျက်ရည်လုံးကြီးများက သူမမျက်လုံးထဲမှ စီးကျလာသည်။


“မမကြီး မျန်မျန် မမကြီးကိုလိုချင်တယ်”


ရုန်းရင်းဆန်ခတ်သံများကိုကြားသောအခါ ဒေါ်လေးချိုင်က အိမ်ထဲမှပြေးထွက်လာ၏။

“ဘာဖြစ်တာလဲ ၊ ရွှယ်လူပါလား နင့်ကိုတစ်ယောက်ယောက်အနိုင်ကျင့်လို့လား”


အမေရှူကလည်း အလျင်အမြန်ပြေးထွက်လာသည်။


အနားတွင် လူများပိုပြီးစုဝေးလာသည်ကို မြင်သောအခါ ထုံယန်လျန်က ထုံမျန်မျန်ကိုလွှတ်ကာ ထုံရွှယ်လူဆီတွန်းထုတ်လိုက်သည်။


“ရော့ ဒီမှာ”


ထုံရွှယ်လူက အလျင်အမြန်ပင် ငိုလွန်း၍ မျက်နှာက နီရဲနေပြီဖြစ်သော ထုံမျန်မျန်ကိုကောက်ချီကာ နှစ်သိမ့်လိုက်သည်။

“ဘာမှမဖြစ်ဘူးနော် မမကြီးရှိတယ်”


ဒေါ်လေးချိုင်က ထုံယန်လျန်၏နောက်ကျောကို လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။


“သူက ဒီလိုအသက်ငယ်ငယ်မှာတောင် ဘယ်လိုလုပ်နိုင်တာလဲ၊ အတွင်းရောအပြင်ကပါ ပုပ်သိုးနေပြီ”


အ‌မေရှူက သူ့နောက်မှ တံတွေးထွေးလိုက်သည်။

“ဘယ်လိုယောက်ျားမျိုးက မိန်းမတစ်ယောက်ရဲ့တင်ပါးကို မဖွယ်မရာသွားလုပ်မှာလဲ၊ ငါစက်ရုံကိုသွားပြောရမယ် ဒီလိုလူမျိုးကို ငါတို့ရပ်ကွက်ထဲမှာ မထားနိုင်ဘူး”


အမေရှူ၏စကားများက ထုံယန်လျန်ကို ခလုတ်တိုက်သွားစေကာ မျက်နှာဖြင့် လဲကျလုနီးပါးဖြစ်သွားစေ၏။


သူက ဒေါသတကြီးလှည့်ကြည့်လိုက်သည်။

“****ခင်ဗျား ဘာပြောလိုက်တာလဲ၊ ကျွန်တော်ရိုက်မိတော့မယ် ဂရုစိုက်”


အမေရှူက သူ့ကိုမကြောက်ပေ။ သူမက လက်ထဲတွင်ယောင်းမကိုကိုင်ပြီး ရှေ့ထွက်လာ၏။

“အိုးးဟုတ်လား၊ ရိုက်လေ၊ ရိုက်လိုက်စမ်း ကလေးမရနိုင်တဲ့ ကောင်စုတ်၊ နင်က နင့်မိသားစုရတနာကျိုးသွားတာ ခံထိုက်တယ်”


“……”

ထုံယန်လျန်က ဒေါ‌သကြောင့် သွေးအန်လုနီးပါးဖြစ်နေ၏။


ထုံရွှယ်လူက ထိုသတင်းများကို လိုက်ဖြန့်ထားခြင်းဖြစ်မည်ဟု သူခံစားလိုက်မိသည်။ သူက ထုံရွှယ်လူနှင့် စာရင်းရှင်းချင်သော်လည်း အမေရှူက ယောင်းမဖြင့် သူ့ကိုထပ်ခါတလဲလဲရိုက်နေ၏။


သူကဂရုမစိုက်လိုက်သဖြင့် နှာခေါင်းကိုအရိုက်ခံလိုက်ရသည်။ သူ့နှာခေါင်းက အတော်လေးနာသွားသဖြင့် မျက်ရည်တောင်ကျလာ၏။


“ခင်‌ဗျားကြီး* အခုချက်ချင်းရပ်လိုက်တာကောင်းမယ် မဟုတ်လို့ကတော့ ဒီညကျရင် ခင်ဗျားတို့တစ်မိသားစုလုံးကို ခင်‌ဗျားတို့အိမ်နဲ့အတူ မီးလောင်တိုက်သွင်းလိုက်မယ်”


သူ့စကားများက အနားရှိလူတိုင်းကို ဒေါသထွက်သွားစေသည်။


ဘယ်လိုတောင် ရက်စက်တဲ့အတွေးလဲ။


သူတို့က အငြင်းအခုန်ဖြစ်ရုံသာဆိုသော်လည်း သူက တစ်မိသားစုလုံးကို အိမ်ထဲမှာထည့်ပြီး မီးလောင်တိုက်သွင်း‌ချင်နေတာတဲ့လား။


ဒီလိုရပ်ကွက်ငယ်ထဲတွင် အိမ်တစ်အိမ်မီးလောင်ပါက အလျင်အမြန်ပင် အခြားအိမ်များဆီပြန့်သွားမှာဖြစ်သည်။ ၎င်းက လူအများအပြားအားထိခိုက်စေလိမ့်မည်။


စိတ်မြန်သောအိမ်ရှင်မတစ်ချို့က ယောင်းမကိုင်ပြီးထွက်လာကာ ထုံယန်လျန်အား မိုးရွာချသလို ရိုက်နှက်လာကြသည်။


ထုံယန်လျန်က ပြင်းထန်စွာရိုက်နှက်မှုများအောက်တွင် ငိုသံဖြင့်တောင်းပန်လာသည်။


ကျယ်ကျင်းဟွာ၊ စွင်းကွေ့လန်နှင့် ကျန်သောသူများက  ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီမှ သူတို့အိတ်များကိုသယ်ပြီး ပြန်ရောက်လာသောအချိန်တွင် ထုံယန်လျန်က မျက်လုံးနှင့်နှာခေါင်းအပြင် တစ်ကိုယ်လုံးကဒဏ်ရာရနေပြီဖြစ်သည်။


နှစ်ယောက်သားက သူ့အတွက်ဒေါသထွက်ကာ အမေရှူ၏အိမ်ရှေ့တွင် အော်ဟစ်လာကြသည်။


“နင်'**** ကောင်မအိုကြီး ထွက်လာခဲ့စမ်း နင်ကများ ငါ့မြေးကိုရိုက်ရဲတယ်ပေါ့ ငါနင့်ကိုရဲတိုင်ပစ်မယ်”


အမေ‌ရှူက အိမ်တံခါးဝတွင်ခါးထောက်ပြီး။ပြန်အော်လာ၏။

“အရူးမ နင်သွားတိုင်လိုက်လေ၊ နင့်မြေးဘဲ အချုပ်ချခံရမှာ”


အမေရှူက မစိုးရိမ်ပေ။ ထုံယန်လျန်က မီးရှို့ပြီး လူသတ်မည်ဟုပြောသည်ကို လူအများကကြားခဲ့ပေသည်။ အကယ်၍ ကျယ်ကျင်းဟွာသာ ရဲတိုင်လိုက်မည်ဆိုလျှင်တောင် ဘယ်သူကထောင်ချခံရမလဲဆိုသည်ကို ပြောရန်ခက်ခဲ‌၏။


ကျယ်ကျင်းဟွာတို့ကလည်း ထိုကိစ္စကိုသတိပြုမိသဖြင့် ရဲစခန်းသို့ မသွားခြင်းဖြစ်သည်။


သို့သော် သူတို့ကဒေါကထွက်နေဆဲဖြစ်သည်။ သူတို့လုပ်နိုင်သမျှမှာ အိမ်ရှေ့လာပြီး အော်ဟစ်ကျိန်ဆဲနေရုံသာဖြစ်သည်။


ကျယ်ကျင်းဟွာက အလွန်ဒေါသထွက်‌ေနသဖြင့် သူမကိုယ်က ဆောင်းရာသီမှ နှံကောင်လိုပင် အပေါ်အောက်ခုန်နေ၏။


“အိုးးဟုတ်လား၊ ငါသွားတိုင်မယ်လို့ နင်မထင်ဘူးပေါ့၊ ငါအခုသွားမှာ နင်ဒီမှာဘဲစောင့်နေ”


အမေရှူက ဂုဏ်မောက်နေသည့်ကြက်ဖကဲ့သို့ ရင်ဘတ်ကိုကော့လိုက်သည်။

“နင်သွားတိုင်တာကို ငါကကြောက်မယ်များထင်နေလား၊ သွားလေ သွားတိုင်လိုက်”


“ငါအခုဘဲသွားမှာ၊ နင်ဘယ်ကိုမှမပြေးနဲ့”


“ငါကဒီမှာဘဲ ရှိနေမှာ၊ နင်ကဘာလို့မသွားသေးတာလဲ”


“ငါအခုသွားတော့မှာ နင်ဒီနေရာမှာဘဲစောင့်နေ”


“ငါဒီမှာစောင့်နေတယ်လေ နင်ဘာလို့မသွားတာလဲ”

သူတို့နှစ်ယောက်က နှစ်နာရီကြာသည်အထိ အရှေ့တစ်ခွန်း၊အနောက်တစ်ခွန်းငြင်းခုန်နေခဲ့ကြပြီး ကောင်းကင်ကြီးမှောင်လာသောအခါမှသာ ရပ်လိုက်ကြသည်။


အိမ်သို့ပြန်ရောက်သောအခါ စွင်းကွေ့လန်က ထုံရွှယ်လူ၏နှာခေါင်းတည့်တည့်ကို လက်ညှိုးထိုးလာ၏။

“ကောင်မစုတ် နင့်ကြောင့်မဟုတ်ရင် ငါ့သားကအရိုက်ခံရမှာမဟုတ်ဘူး”


ထုံရွှယ်လူက သူမလက်ကို ပုတ်ထုတ်လိုက်သည်။

“ဖယ်စမ်း”

ထိုသို့ပြောပြီးသူမက လှည့်ထွက်သွား၏။


စွင်းကွေ့လန် ဒေါသတကြီးအံကြိတ်လိုက်သည်။

“နင်ပြန်လာခဲ့စမ်း ကောင်မစုတ်”


ခြံထဲတွင်။


ထုံကျားရှင်းက ခေါင်းငုံ့ထားကာ စိတ်ဆင်းရဲနေပုံပေါ်၏။


“ဒုတိယအစ်ကို ကျွန်တော်တောင်းပန်ပါတယ် မျန်မျန့်ကိုတမင်ထားခဲ့တာမဟုတ်ပါဘူး၊ ကျွန်တော်ကထင်းနည်းနည်းလောက် သွားကောက်ချင်လို့ပါ”


အိမ်တွင်ထင်းကုန်နေပြီဖြစ်ကာ ‌ပေဟယ်မှထိုလူများက လက်တစ်ချောင်းတောင်မလှုပ်ကြပေ။ သူကခနလေးဆိုပါက အဆင်ပြေမည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။


ထုံကျားမင်ကနှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မပျော်မရွှင်ဟန်ဖြင် ပြောလာသည်။


“မင်းတောင်းပန်ရမှာ ငါ့ကိုမဟုတ်ဘူး”


ထုံကျားရှင်းက မြေကြီးကို ‌ခြေချောင်းထိပ်ဖြင့်ကန်‌နေလိုက်ကာ သူဘာမှမပြောရသေးချိန်တွင် ထုံရွှယ်လူရောက်လာ၏။


သူကနှုတ်ခမ်းကိုစုကာ တောင်းပန်ချင်သော်လည်း ပြောမထွက်နိုင်ဖြစ်နေ၏။


ထုံရွှယ်လူက သူ့ကိုမကြည့်ပေ။ သူမက ထုံကျားမင်ကို တိုက်ရိုက်ကြည့်ကာ ပြောလာ၏။


“ငါနဲ့လိုက်ခဲ့”


ထုံကျားမင်က ထုံကျားရှင်းအား ထုံမျန်မျန်ကိုကြည့်ထားခိုင်းလိုက်ကာ ထုံရွှယ်လူနှင့်လိုက်လာ၏။


လမင်းက ဝိုးတိုးဝါးတားဖြစ်နေကာ လရောင်က ခေါင်မိုးများပေါ်သို့ ဖြာကျနေပြီး အရိပ်များစွာကို ဖန်တီးနေ၏။ မမြင်နိုင်သည့်နေရာများမှ ပုရစ်အော်သံများကလည်း ဆူဆူညံညံအသံများကို ဖြစ်ပေါ်စေသည်။


ထုံရွှယ်လူက အဓိကဝင်ပေါက်ကြီး၏ရှေ့တွင် ရပ်လိုက်သည်။


သူမက အပြင်ဘက်ကိုတစ်ချက်ကြည့်ပြီးနောက် ဘယ်သူမှမရှိသည်ကိုသေချာသွားသောအခါ ပြောလာ၏။


“ငါတို့တွေ ဒီညလှုပ်ရှားကြမယ်၊ နင်လုပ်ပေးဖို့လိုတာက........”


သူမ၏အကြံကိုနားထောင်ပြီးသောအခါ ထုံကျားမင်က တစ်မျိုးဖြစ်သွားသည်။


“အဲ့ဒါက......သိပ်မမှန်သလိုဘဲ ဟုတ်တယ်မလား”


သူမမျက်လုံးထောင့်ရှိ မျက်ရည်စက်ပုံစံမှဲ့က ‌လရောင်အောက်တွင် ပို၍တောက်ပကာ ကျက်သရေရှိနေ၏။

“မမှန်ကန်တာ ဘာမှမရှိဘူး၊ ငါပြောသလိုသာလုပ်”


မနက်ဖြန်ဆိုတာနှင့် သူမက အဲ့ဒီထုံမိသားစုကို တစ်ခါတည်းဖြေရှင်းမှာဖြစ်သည်။


ထုံကျားမင်က ခနလောက်တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။


“နားလည်ပြီ”


ထိုနေ့ညတွင်။

 

မိသားစုအားလုံး၏ စုပေါင်းအဝတ်လှန်းသောနေရာတွင် အမည်းရောင်ပုံရိပ်တစ်ခုပေါ်လာကာ အလျင်အမြန်လှုပ်ရှားနေခဲ့သည်။


နောက်တစ်နေ့မနက်တွင် နေကတောက်ပစွာထွန်းလင်းနေ၏။


ဒေါ်လေးချိုင်က ယခင်နေ့များက လှမ်း‌ခဲ့သော အဝတ်များရုတ်ရန်သွားသောအခါ သူမအသစ်ဝယ်ထားသော ပန်းပွင့်အဆင်နှင့် အတွင်းခံက ပျောက်နေသည်ကို သိလိုက်ရသည်။


သူမက ပတ်ပတ်လည်ကိုလိုက်ရှာကြည့်သော်လည်း ဘယ်နေရာမှာမှမတွေ့ချေ။


“ထူးဆန်းတယ် မနေ့ညက လေလည်းမပြင်းပါဘူး၊ ဘယ်လိုဖြစ်ပြီးပျောက်နေတာလဲ”


အမေရှူ: “ငါတို့လည်း အဝတ်တစ်ထည်ပျောက်နေတယ်”


အဖွားလင်း :“ငါတို့မိသားစုရောဘဲ.....”


ဒေါ်လေးချိုင်: “ နင်တို့မိသားစုကဘာပျောက်တာလဲ ငါက အသစ်ဝယ်ထားတဲ့ ပန်းပွင့်အဆင်နဲ့ အတွင်းခံပျောက်တာ”


အမေရှူ:“ ငါ့ဟာက အသစ်မဟုတ်ဘူး၊ ဒါပေမယ့် အတွင်းခံဘဲ.....”


အဖွားလင်း :“ငါရောဘဲ.....”


အမကြီးဝမ် :“ငါရောဘဲ....”


လူတိုင်းက ရုတ်တရက်ဒေါသထွက်လာကြသည်။ ဘယ်သူလုပ်တာလဲ။


ဒေါ်လေးချိုင်က အသံကျယ်သဖြင့် သူမအော်လိုက်သောအခါ ရပ်ကွက်တစ်ခုလုံးနီးပါးက ဘာဖြစ်သည်ကိုသိသွားကြသည်။


ပတ်ပတ်လည်တွင် ဆွေးနွေးသံများဖြင့် ဆူညံနေ၏။


“အဲ့ဒါက အရမ်းထူးဆန်းတယ် အရင်တုန်းကဆို ဘယ်သူမှအဝတ်ပျောက်ဖူးတာ မဟုတ်ဘူး


“ဟုတ်တယ်၊ မနေ့က‌ လေလည်းမတိုက်ဘူးလေ၊ တစ်ယောက်ယောက်ရဲ့ ကလေးကများ အဲ့ဒါတွေကိုယူပြီး အရုပ်လုပ်ဆော့နေတာများလား”


ဒီကိစ္စကို အောက်ခြေထိနှိုက်ထုတ်ရန်အတွက် လူတိုင်းကအိမ်ပြန်ပြီး သူတို့ကလေးများကိုမေးမြန်းလိုက်ကြသည်။ သို့သော် ကလေးများထဲတွင် အဆိုးဆုံးကလေးဆိုလျှင်တောင်မှ ယခုခေတ်ကာလတွင် အဝတ်အထည်က ဈေးကြီးသည်ကိုကောင်းကောင်းသိကြ၏။


အဲ့လိုဆိုရင် ဘာလို့အတွင်းခံတွေကပျောက်သွားတာလဲ။


အဖွားလင်းက ဒေါသထွက်လာသည်။


“ဘယ်သူလဲဆိုတာ သိလို့ကတော့ ငါအဲ့လူကိုသတ်ပစ်မယ်၊ ငါက အဲ့ဒီပန်းပွင့်အဆင်နဲ့ အတွင်းခံကို နှစ်နဲ့ချီအောင် ဝတ်ခဲ့တာ၊ အနောက်မှအ‌ပေါက်နှစ်ပေါက်ရှိနေရင်တောင်မှ ဘာဖြစ်လဲ၊ ငါကအဲ့ဒါကိုဝတ်ရတာ နေသားကျနေပြီ ဒီ****သူခိုး”


လူတိုင်း ; “……”


အဖွားလင်း၏ ပါးရေတွန့်နေသောမျက်နှာနှင့် တင်းတိပ်များကိုကြည့်ကာ လူတိုင်းက သူခိုး၏ရွေးချယ်မှုကို မေးခွန်းထုတ်လိုက်မိကြသည်။


ထုံရွှယ်လူက အိမ်ထဲမှပင်ပန်းနေသော မျက်နှာဖြင့်ထွက်လာ၏။

“ဘာဖြစ်နေတာလဲ ဒေါ်လေးချိုင်”


ထုံရွှယ်လူကိုမြင်သောအခါ ဒေါ်လေးချိုင်က ခေါင်းခြောက်သွားသည်။

“ရွှယ်လူ.. နင်ဒီနေ့အလုပ်မသွားဘူးလား၊ နင့်ပုံစံကကြည့်ရတာအဆင်မပြေသလိုဘဲ နေမကောင်းဘူးလား”


ထုံရွှယ်လူက ဖျော့တော့စွာခေါင်းညိတ်ပြလိုက်သည်။

“ဒီနေ့မနက်နိုးလာတော့ ကျွန်မခေါင်းကတော်တော်လေးကိုက်လာတာလေ၊ အဲ့ဒါကြောင့် ကျားမင်ကို ကျွန်မအတွက်ခွင့်ယူခိုင်းလိုက်တာ၊ ဒါနဲ့ အဒေါ်တို့က ဘာလို့လူစုနေကြတာလဲ”


ခွင့်ယူနိုင်ရန် နေမကောင်းသည့်ပုံစံရဖို့အတွက် ထုံရွှယ်လူက တစ်ညလုံးမအိပ်ဘဲနေခဲ့သဖြင့် အခုချိန်တွင် အတော်လေးပင်ပန်းနေပြီဖြစ်သည်။


ဒေါ်လေးချိုင်က သူမကို အဖြစ်အပျက်များအကြောင်းပြောပြလာပြီး သူ့အတွင်းခံလည်းပျောက်နေသည့်အကြောင်း ဒေါသတကြီးပြောပြလာ၏။


“ဒီလိုလုပ်တာ ဘယ်လိုလူမျိုးလဲဆိုတာငါသိချင်မိတယ်၊ ဘာလို့သူတို့က အတွင်းခံကိုခိုးတာလဲ”


ထုံရွှယ်လူက ထိတ်လန့်သွားသလိုကြည့်လာ၏။

“ပျောက်သွားတာ‌တွေက မိန်းမအတွင်းခံဘဲလား ဒါမှမဟုတ် ယောက်ျားရော၊မိန်းမရော နှစ်ခုလုံးလား”


ထိုမေးခွန်းကို စဉ်းစားကြည့်လိုက်ပြီးနောက်တွင် ဒေါ်လေးချိုင်က ကိုယ့်ပေါင်ကိုရိုက်ကာ ပြောလာ၏။

“ဘုရားရေ၊ နင်မေးမှငါသတိထားမိတယ် ပျောက်သွားတာအားလုံးက မိန်းမအတွင်းခံတွေဘဲ၊ ငါတို့ရပ်ကွက်ထဲမှာ နှာဘူးတစ်ကောင်ရှိနေပြီ”


အမေရှူကလည်း လျင်မြန်စွာတုံ့ပြန်လာ၏။

“အဲ့ဒါက ထုံအိမ်ကဟိုကောင်လေးများ ဖြစ်နေမလား”


ထိုစကားကိုကြားသောအခါ လူတိုင်းက မပျော်မရွှင်ဖြစ်သွားကြသည်။