အပိုင်း ၆၃
Viewers 7k

Chapter 63




ရှဲ့ယွင်နန်ကို ပြဿနာ လာရှာသူများမှာ အလယ်အလတ်အဆင့် တိုက်ခိုက်သူ ခုနစ်ဦး/ ရှစ်ဦးခန့်နှင့် သတ္တမအဆင့် တိုက်ခိုက်သူနှစ်ဦး ဖြစ်သည်။ သွမ့်ချန်ချင်း၏ သင်ခန်းစာ ပေးခြင်းကို ခံလိုက်ရသည့် လူငယ်နှစ်ဦးမှာ ထိုလူများ၏ ဂျူနီယာများ ဖြစ်ကြသည်။ 


မုန့်ယန်နှင့် သူ့လူများ တိုက်ခိုက်သည့်နေ့က ထိုသူများသည် လာရောက်ကယ်ဆယ်သည့် အဖွဲ့ထဲတွင် ပါဝင်ခဲ့သည်။ ထိုအချိန်က သူတို့သည် မကူညီခဲ့သည့်တိုင် နောက်ပိုင်းတွင် ကူညီရန် အများအပြား ဆောင်ရွက်ခဲ့ပေသည်။ 


ပိုပြီး ကူညီလေလေ မမျှတဟု ခံစားမိလာလေပင် ဖြစ်သည်။ 


ဒဏ်ရာများစွာ ရခဲ့သော်ငြား မည်သည့်အကျိုးရလဒ်မှ ရရှိမလာ။ မိသားစုကြီးများမှ ပိုင်ဆိုင်မှုများကို ဟုန်ယဲ့မြို့တော် တည်ဆောက်ရေးအတွက် အသုံးပြုခဲ့ပြီး မြေယာများကိုလည်း သာမန်သူများအား ဝေငှပေးခဲ့သည်။ 


ဒါဆို သူတို့ရဲ့ အားစိုက်ထုတ်မှုတွေက အကုန် အချည်းနှီးဖြစ်ကုန်တဲ့ သဘောလား ...


သူတို့က ကောင်းကောင်းမွန်မွန် စားသောက်လိုကြသော်လည်း ကိုယ်တိုင်သာ ချက်ပြုတ်စားသောက်ကြရသည်။ တစ္ဆေဘုရင်က အရိုးရှင်းဆုံးသော ထမင်းဘူးကိုသာ ထောက်ပံ့ပေး၏။ 


ယနေ့လည်း သူတို့က အံ့ဖွယ်သားရဲတစ်ကောင် ဖမ်းကာ ကိုယ်တိုင် ချက်ပြုတ်စားသောက်ရန်အတွက် အချိန်တစ်ခုယူကာ မြို့ထဲမှ ထွက်သွားခဲ့သည်။ ရလဒ်အနေဖြင့် ရှဲ့ယွင်နန်၏ လက်တွဲဖော်က မုန့်ယန်နှင့် ကျောက်ချင်းယွင်အား အမိန့်ပေးကာ သူတို့ကို မီးဖိုချောင်ထဲမှ ဆွဲထုတ်သွားစေပြီး အပြင်ဘက်ရှိ အေးစက်နေသည့် လေပြင်းများ အကြားတွင်လည်း အကြာကြီး မတ်တပ်ရပ်နေရန် ဖိအားပေးခဲ့သည်။ 


သူတို့က ရှဲ့ယွင်နန်ကိုပါ ဘဝင်မကျ ဖြစ်လာတော့သည်။ 


ရှဲ့ယွင်နန်က ယဇ်ဆရာဆိုတော့ရော ဘာဖြစ်လဲ သူတို့က ဟိုးအရင်ကတည်းက ယဇ်ဆရာတွေကို သဘောမကျခဲ့တဲ့ လူတွေလေ ...


ပြီးတော့ အဲဒီ့ရှဲ့ယွင်နန်က အဆင့်နိမ့်ယဇ်ဆရာပဲ ဖြစ်သေးတာလေ မုန့်ယန်နဲ့ ကျောက်ချင်းယွင်တောင် အလယ်အလတ်အဆင့်မှာပဲ ရှိသေးတယ့်ဟာ ငါတို့က စီနီယာအဆင့် တိုက်ခိုက်သူတွေကွ ...


ဘာလို့ ရှဲ့ယွင်နန်ကို အထူးအမြတ်ကြီးလို သဘောထားရမှာလဲ ...


သူက အကျိုးနည်း ကံကောင်းလို့ ယဇ်ဆရာအဖြစ် နိုးထလာခဲ့တဲ့ ဆင်ခြေဖုံးဒေသက သာမန်ကောင်တစ်ကောင်သာသာပဲဟာ ...


ထိုသူများက ရှဲ့ယွင်နန်ကို လေးစားခြင်း အလျဉ်းမရှိ။ ထို့ကြောင့် အပြန်မှ ပြန်ရောက်လာချိန်တွင် သူတို့၏ ဂျူနီယာများ အနိုင်ကျင့်ခံနေရကြောင်း တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း ရှဲ့ယွင်နန်ကို အပြစ်တင်ရန် ထွက်လာလိုက်ကြတော့သည်။ 


အပြင်ဘက်မှ အသံများကို ကြားလိုက်သည့်အခါ သွမ့်ချန်ချင်းက အနည်းငယ် ကူကယ်ရာမဲ့သွား၏။ 


စိတ်စွမ်းအင်ဆေးပင်ကို စားပြီးသည့်အခါ ၎င်းကို ခြေဖျက်စုပ်ယူရန် အချိန်အချို့ ယူရပေသည်။ သို့သော် ယခုမူ ...


အပြင်ဘက်ရှိ အသံများကြောင့် ရှဲ့ယွင်နန်၏ မျက်လုံးများ ပွင့်လာတော့သည်။ 


“ယွင်နန် အဆင်ပြေရဲ့လား ..."


သွမ့်ချန်ချင်းက မေးလိုက်သည်။ 


ရှဲ့ယွင်နန်က အနည်းငယ် မိန်းမောနေဆဲပင်။ သို့သော် သွမ့်ချန်ချင်း၏ စကားသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဖြစ်ပျက်ခဲ့သည်များကို သတိရကာ ချက်ခြင်း နိုးကြားလာတော့သည်။ 


အံ့ဖွယ်ဆေးပင်ကို စားပြီးနောက် သူ့ခန္ဓာကိုယ်၏ တုန့်ပြန်မှုမှာ ပြင်းထန်လှသည်။ 


နေပါဦး အခုလက်ရှိ သူ့ခန္ဓာကိုယ်အခြေအနေက တစ်ခုခု မှားနေသလိုပဲနော် ကိုယ်ထဲက စိတ်စွမ်းအင်တွေက တော်တော်လေး များနေသလားလို့ ...


သူက ဘာလို့ ရုတ်တရက်ကြီး အင်အားကြီးသွားရတာလဲ ... ပြီးတော့ ရှောင်ပိုင် ရှောင်ပိုင်ရော ...


သူ နိုးလာပြီးနောက် ရှောင်ပိုင်လည်း တစ်ပြိုင်တည်း နိုးလာကာ မြေပေါ်တွင် ငုတ်တုတ်ထိုင်လျက် အမြီးကို လှုပ်ယမ်းပြနေသည်။ 


နေပါဦး .. သူ့အမြီးက ကိုးချောင်းတောင်လား ...


ရှောင်ပိုင်ကတော့ ဘာမှ မဖြစ်ဘူးပဲ ဒါပေမယ့် နေပါဦး ဘာလို့ အမြီးတွေက ဒီလောက်အထိ များသွားရတာလဲ ...


ရှဲ့ယွင်နန်မှာ မူးမေ့လဲချင်စိတ်များပင် ဖြစ်ပေါ်လာတော့သည်။  


ကမ္ဘာကြီးက အပြောင်းအလဲ မြန်လိုက်တာ ...


ဒါပေမယ့် .. သူ့အဝတ်အစားတွေကတော့ စောစောတုန်းက ဝတ်ထားတာနဲ့ အတူတူပါပဲ ...


“ရှဲ့ယွင်နန် ထွက်လာခဲ့စမ်း ယဇ်ဆရာတစ်ယောက် ဖြစ်နေပြီးတော့ ဘာလို့ လူများကို အားသုံးပြီး အနိုင်ကျင့်ရတာလဲကွ ...”


အပြင်ဘက်ရှိ တိုက်ခိုက်သူများက အော်ဟစ်နေကြဆဲပင်။ 


ရှဲ့ယွင်နန်က အနည်းငယ် ကြောင်အသွားကာ သွမ့်ချန်ချင်းကို မေးလိုက်သည်။ 


“ဘာဖြစ်နေတာလဲ ...”


သူ့ကို မကြိုက်တဲ့လူတွေ ရှိနေမှန်းတော့ သိပါတယ် ဒါပေမယ့် ဒီလူတွေက ဘာလို့ ဆက်တိုက် အော်ဟစ်ပြီး ပြောနေတာလဲ ...


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


“အစောပိုင်းတုန်းက ခင်ဗျားမကောင်းကြောင်းတွေ ပြောနေတဲ့ လူတွေကို မီးဖိုချောင်ထဲကနေ ဆွဲထုတ်သွားဖို့ မုန့်ယန်နဲ့ ကျောက်ချင်းယွင်ကို ကျွန်တော် ပြောခဲ့မိတာ .. သူတို့ပြောတဲ့ စကားတွေက တော်တော်လေး အောက်တန်းကျပြီးတော့ မုန့်ယန်တို့ကိုပါ အပြစ်ပြုမိသွားတယ်လေ ...”


အဲဒါကြောင့် ဒီအမှားက သူတစ်ယောက်တည်းရဲ့အမှား မဟုတ်ဘူးလို့ ...


ထိုစကားများကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်က ထို အဓိပ္ပါယ်မရှိသည့် စကားကို ပြောခဲ့ကြသူများမှာ မုန့်ယန်နှင့် ကျောက်ချင်းယွင်၏ သင်ခန်းစာပေးခြင်းကို ခံရသင့်သည်ဟု ထင်မြင်မိတော့သည်။


ထိုသူနှစ်ဦးမှာ ထိန်းချုပ်ခံထားရသည့်အတွက် သူတို့၏ ဘက်တော်သားများကို ထိခိုက်အောင် လုပ်မည်မဟုတ်။ သို့သော် မီးဖိုချောင်ထဲမှ ဆွဲထုတ်ခြင်းကဲ့သို့သော မနာကျင်ရသည့် ကိစ္စများကိုမူ လုပ်နိုင်ပေသည်။ 


“ကိုယ် သွားကြည့်လိုက်မယ် ...”


ရှဲ့ယွင်နန်က သူ့ခန္ဓာကိုယ်အသစ်နှင့် အသားကျအောင် နေထိုင်ရန် အချိန်မရှိသသေး၊ အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များအား ဦးစွာ သွားကြည့်ရာသာ စဉ်းစားလိုက်သည်။ 


ဤခြံဝင်းမှာ လူအများအပြား အိမ်ဆောက်ကာ နေထိုင်ရန်အတွက် လုံလုံလောက်လောက် ကြီးမားပေသည်။ ခြံဝင်းထဲ၌ သီးခြားတည်ဆောက်ထားသော အိမ်ပေါင်းများစွာ ရှိနေပြီး ရှဲ့ယွင်နန်က ၎င်းတို့အနက် အကောင်းဆုံးသော နှစ်ထပ်တိုက်တစ်လုံးတွင် နေထိုင်နေသည်။ 


ယခင်က ထိုအဆောက်အဦးငယ်ထဲတွင် မုန့်ယန် နေထိုင်ခဲ့၏။ သူက သန့်ရှင်းသပ်ရပ်မှုကို အလေးထားသူ ဖြစ်သည့်အလျောက် တစ်တိုက်လုံးတွင် အိပ်ခန်းတစ်ခန်းတည်းသာ ရှိပေသည်။ ယခုမူ ၎င်းက သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်၏ သီးသန့်အိမ်ယာ ဖြစ်သွားတော့၏။ 


ရှဲ့ယွင်နန်ကို လာရှာကြသူများမှာ တံခါးဝတွင် ရပ်စောင့်နေကြခြင်း ဖြစ်သည့်အတွက် အပြင်ထွက်လာသော ရှဲ့ယွင်နန်ကို ချက်ခြင်း မြင်တွေ့လိုက်ရသည်။ 


“ဘာဖြစ်လို့လဲ ...”


“မင်းက ဘာဖြစ်လို့လဲလို့ မေးရဲသေးတယ်ပေါ့ .. ရှဲ့ယွင်နန် မင်းကိုယ်မင်း ယဇ်ဆရာ ဖြစ်သွားတာနဲ့ပဲ တော်တော်လေး ကြီးမြတ်လှပြီလို့ ထင်နေတာလား မင်းရဲ့လူက မင်းကို မှီခိုပြီး ဟိတ်ဟန်ထုတ်နေတဲ့ သာမန်လူတစ်ယောက်သာသာပဲကွ ...”


သတ္တမအဆင့် တိုက်ခိုက်သူက ပြောလိုက်သည်။ 


“သူက ဘာလုပ်လို့လဲ ...”


“သူက ငါ့သားကို လေအေးတွေ ကြားထဲမှာ မတ်တပ်ရပ်ခိုင်းဖို့ မုန့်ယန်နဲ့ ကျောက်ချင်းယွင်ကို ပြောခဲ့တယ်လေ ...”


သတ္တမအဆင့် တိုက်ခိုက်သူက အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေသည့်တိုင် ထိုသို့ ပြောပြီးနောက် တစ်ခုခု မှားယွင်းနေသယောင် ခံစားမိလာသည်။ 


ရာသီဥတုမှာ အနည်းငယ် အေးနေပြီ ဖြစ်သည့်တိုင် တိုက်ခိုက်သူများအဖို့ အပြင်ဘက် လေတိုက်သည့် နေရာတွင် မတ်တပ်ရပ်နေရခြင်းမှာ ရေးကြီးခွင်ကျယ် လုပ်ရမည့် ကိစ္စမျိုး မဟုတ်ချေ။ ထိုသို့ တွေးမိပြီးနောက် သူက ထပ်ပြောလိုက်သည်။ 


“ငါ့သားက မီးဖိုချောင် သုံးဖို့ပဲ လိုအပ်တာပါ အဲဒါကိုတောင် ဘာလို့ သူ့ကို ဝင်ခွင့်မပေးရတာလဲ ပြီးတော့ သူ့လို သာမန်လူက အလယ်အလတ်အဆင့် ယဇ်ဆရာနှစ်ယောက်ကို အမိန့်ပေးပိုင်ခွင့်ရော ရှိလို့လား ...”


သွမ့်ချန်ချင်းက အဲဒီ့နှစ်ယောက်ကို ဘယ်လိုလုပ် အမိန့်ပေးနိုင်ရတာလဲ ကြည့်ရတာ မုန့်ယန်နဲ့ ကျောက်ချင်းယွင်ကလည်း သူတို့လုပ်ရပ်ကို တော်တော်လေး အာရုံနောက်ခဲ့တယ်နဲ့ တူတယ် ...


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


“သွမ့်ချန်ချင်း ပြောတာတော့ ခင်ဗျားရဲ့သားဘက်က စရိုင်းတာဆိုပဲ ..."


“အိုး .. သူက သူများကို အနိုင်ကျင့်ပြီးတော့ ငါတို့ကိုတောင် ပြန်အပြစ်တင်လိုက်သေးတယ်ပေါ့ ...ပြီးတော့ မင်း ... ပြောတော့ကျ ဘယ်လို အခွင့်ထူးမျိုးကိုမှ မယူပါဘူး ဘာညာနဲ့ အခု မင်း နေနေတဲ့နေရာနဲ့ ငါတို့နေတဲ့ နေရာလည်း ယှဉ်ကြည့်လိုက်ဦး ..."


သူတို့က ရဲတိုက်ထဲရှိ ဧည့်သည်အခန်းထဲတွင် နေရခြင်း ဖြစ်သည်။ ၎င်းက မဆိုးဝါးသည့်တိုင် ရှဲ့ယွင်နန်၏ အိမ်နှင့် နှိုင်းယှဉ်ပါလျှင်မူ များစွာ ကွာခြားနေဆဲပင်။ 


ထိုသို့ ပြောရပါလျှင် ဟုန်ယဲ့မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ခြင်းမှာ သွမ့်ချန်ချင်း၏ အင်အားနှင့် တစ္ဆေဘုရင်၏ အားစိုက်ထုတ်မှုကြောင့်သာ ဖြစ်ကာ ထိုသူများက မည်သည့် ပင်ပန်းမှုကိုမှ မခံစားခဲ့ရချေ။ ထို့ကြောင့် သူတို့ကို ကောင်းမွန်သည့် အခန်းများ ပေးရန်လည်း အကြောင်းမရှိပေ။ 


“ခင်ဗျားက ဘာလိုချင်တာလဲ ...”


ရှဲ့ယွင်နန်က မေးလိုက်သည်။ 


“ငါတို့ကို ပြန်တောင်းပန် ပြီးတော့ ဒီအိမ်ကို စွန့်လွှတ်လိုက် ...”


ထိုသူက ပြောလိုက်သည်။ သူပုန်တပ်ဖွဲ့အတွင်းတွင်လည်း အင်အားစုအများအပြား ကွဲပြားနေ၏။ 


ယခုအချိန်တွင် ဟုန်ယဲ့မြို့တော်သည် တစ္ဆေဘုရင်၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေရာ အခြားအင်အားစုများက မကျေမနပ် ဖြစ်လာပြီး သူ့လက်ထဲရှိ အသားတုံးကို လိုချင်တပ်မက်လာကြသည်။ 


တစ္ဆေဘုရင်ကို မတွေ့ရ၊ တစ္ဆေဘုရင်၏ ဘက်တော်သားများကို ဦးဆောင်နေသည့် ရှဲ့ချင်ကိုလည်း ရန်မစရဲကြသည့်အတွက် ရှဲ့ယွင်နန်ကို ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်ကြသည်။ 


“မဖြစ်နိုင်လိုက်တာ ...”


ရှဲ့ယွင်နန်၏ မျက်နှာထား တင်းမာခက်ထန်သွားသည်။ 


“ငြင်းရဲမှတော့ အကျိုးဆက်ကို မြည်းကြည့်လိုက်ပေါ့ ...”


ထိုသူက ရှဲ့ယွင်နန်ကို ဖမ်းဆီးရန် သူ့လူများကို အမိန့်ပေးလိုက်သည်။ 


ရှဲ့ချင်က မြို့ထဲတွင် မရှိ။ ရှဲ့ယွင်နန်ကို ကာကွယ်ပေးသူများမှာလည်း သူ အိမ်သို့ ပြန်သွားပြီးနောက် ထွက်သွားကြတော့သည်။ 

သူ့လို အဆင့်မြင့် တိုက်ခိုက်သူက အဆင့်နိမ့်ယဇ်ဆရာပေါက်စလေးကို နည်းနည်းလေးမှ ကြောက်မနေဘူး ...


သို့သော် သူက ရှဲ့ယွင်နန်ကို ထိခိုက်နာကျင်အောင် လုပ်ရန်လည်း စိတ်ကူးမထားပေ။ ထိုသို့ လုပ်လိုက်ပါလျှင် ပြည်သူလူထု၏ ဒေါသကို ရန်စမိရာ ရောက်သွားပေလိမ့်မည်။ 


သူ့ဒေါသကို ဖောက်ထုတ်ကာ တစ္ဆေဘုရင်၏ အင်အားစုကို စမ်းသပ်ချင်ရုံမျှသာ ဖြစ်သည်။ 


ရှဲ့ယွင်နန်ကလည်း အလွန် ဆန်းပြားလှသည့် ခံစားချက်တစ်ရပ်ကို ခံစားမိနေသည်။


သူက သူ့ရှေ့တွင် ရှိနေသူ၏ လှုပ်ရှားမှုမှာ ခရုတစ်ကောင်ကဲ့သို့ပင် လွန်စွာ နှေးကွေးလွန်းလှ၍ အလွယ်တကူ အနိုင်ယူနိုင်လောက်သည်ဟု ခံစားမိနေသည်။ 


တိုက်တိုက်ဆိုင်ဆိုင်ပင် ဤရက်ပိုင်းအတွင်း မုန့်ယန်နှင့် ကျောက်ချင်းယွင်ကလည်း သူ့ကို ယဇ်ဆရာတို့ တတ်သင့်တတ်အပ်သည့် ပညာရပ်အချို့ သင်ပေးထားရာ ...


ရှဲ့ယွင်နန်က အလိုလိုပင် ထိုပညာရပ်များကို ထုတ်သုံးလိုက်မိတော့သည်။ သူ့ကိုယ်ထဲရှိ စိတ်စွမ်းအင်များက တစ်ဟုန်ထိုး ပြေးထွက်လာကာ ရှေ့တွင် ရှိနေသူအား တိုက်ခိုက်လိုက်တော့၏။ 


ယဇ်ဆရာများသည် တိုက်ခိုက်ရေး၌ အားမကောင်းသည့် အကြောင်းမှာ တိုက်ပွဲနှင့် ရင်ဆိုင်ရသည့် အကြိမ်အရေအတွက် အလွန်နည်းပါးသောကြောင့် ဖြစ်သည်။ သို့သော် ရှေးခေတ်အချိန်များက ယဇ်ဆရာများသည် အဆင့်တူ တိုက်ခိုက်ရေးသမားများကို အလွယ်တကူ အလဲထိုးနိုင်ခဲ့ကြသည်။ 


ထို့အပြင် ရှဲ့ယွင်နန်ကလည်း သာမန်ယဇ်ဆရာ မဟုတ်ပဲ၊ အလေးအနက် ကျင့်ကြံသူ သွမ့်ချန်ချင်း၏ သင်ကြားလမ်းညွှန်မှုကို ရရှိထားသူ ဖြစ်သည်။ 


ထို့အပြင် သူ၏ လက်ရှိခွန်အားမှာ နဝမအဆင့် ယဇ်ဆရာနှင့်ပင် ညီမျှနေပြီ ဖြစ်ကာ သူ့ကို တိုက်ခိုက်လာသူမှာ သတ္တမအဆင့်သာ ရှိသေးသည်။ 


ထိုတိုက်ခိုက်သူမှာ မပြင်ဆင်ရသေးခင်မှာပင် ရုတ်တရက် အရိုက်ခံလိုက်ရ၍ လွင့်စင်ကာ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။ သတ္တမအဆင့် တိုက်ခိုက်သူတစ်ဦး၏ ဂုဏ်သိက္ခာပင် မကျန်ရစ်တော့ချေ။ 


နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ 


ရှဲ့ယွင်နန်က သူ့နောက်ရှိ အဆောက်အဦးငယ်

ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်မိသည်။ 


စောစောက သွမ့်ချန်ချင်း ရှာတွေ့လာတဲ့ အံ့ဖွယ်အပင်လေးက ရတနာလေးလို့ စနောက်ခဲ့တာ ... အာ အဲဒါက တကယ်ကြီးကို ရတနာ ဖြစ်နေတာလား ...