Chapter 62
တစ်နေကုန် ပြေးရင်းလွှားရင်း အလုပ်များနေခဲ့ရသည့် ရှဲ့ယွင်နန်သည် နောက်ဆုံးတွင်တော့ အားလပ်သွားကာ အိမ်သို့ စောစောပြန်လာနိုင်တော့သည်။
ဤရက်များအတွင်း သူ အမျှော်လင့်ရဆုံး အချိန်မှာ အိမ်ပြန်ချိန်ပင် ဖြစ်သည်။
နေ့ပိုင်းအချိန်များတွင် မည်မျှပင် ပင်ပန်းခဲ့ပါစေ၊ သွမ့်ချန်ချင်းနှင့် စကားစမြည်ပြောကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်သည်နှင့် တစ်ပြိုင်နက် နေ့သစ်တစ်နေ့ကို အင်အားအပြည့်ဖြင့် စတင်နိုင်သွားပေသည်။
သွမ့်ချန်ချင်းနှင့်အတူ နေထိုင်ရာ သူတို့၏ အခန်းထဲသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် စားစရာရနံ့များကို ရလိုက်သည့်အတွက် စိတ်ခံစားချက်တို့ တစ်ဟုန်ထိုး မြင့်တက်ကောင်းမွန်လာတော့သည်။
“ယွင်နန် ပြန်လာပြီလား လာ လာ မြန်မြန်လာစားလိုက် ...”
သွမ့်ချန်ချင်းက သူ့ကို နှုတ်ဆက်လိုက်သည်။
ရှဲ့ယွင်နန်က ဝင်ထိုင်လိုက်ပြီးနောက် စားပွဲပေါ်ရှိ ဟင်းခွက်များစွာကို အကြည့်ပို့ကာ မေးလိုက်သည်။
“ဘာလို့ ဒီလောက် ဟင်းတွေအများကြီး ချက်ထားရတာလဲ ...”
ဘာလို့ဆို ကူညီပေးမယ့်သူ ရှိလို့လေ ...
သွမ့်ချန်ချင်းက ပန်းကန်လုံးထဲသို့ ဟင်းထည့်ပေးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း အားနေတာပဲဟာ အဲဒါကြောင့် နည်းနည်းပါးပါး ပိုချက်ထားလိုက်တာ ..."
ရှဲ့ယွင်နန်က မေးလိုက်သည်။
“ဒါဆို တစ်ခုခု လုပ်ချင်တာရှိလား ဒါမှမဟုတ် မနက်ဖြန် ကိုယ်နဲ့အတူတူ အပြင်ထွက်ပြီး အလုပ်လုပ်ချင်လား ...”
သွမ့်ချန်ချင်းပင် ပြန်မဖြေရသေး၊ သူက ထပ်မေးလိုက်ပြန်သည်။
“အခုတလော ကိုယ်က အရမ်း အလုပ်များနေတော့ လက်ထောက်တစ်ယောက်လောက် လိုနေတာ .. အဲဒါ မင်း ကိုယ့်ကို ကူညီပေးချင်ရဲ့လား ...”
သူ ထိုသို့ ဆန္ဒရှိသည်မှာ လွန်စွာ ကြာမြင့်နေပြီ ဖြစ်သည်။
ယခင်က အခြေအနေမှာ ကသောင်းကနင်း ဖြစ်နေသည့်အပြင် သွမ့်ချန်ချင်းကလည်း အားနည်းသည့်အတွက် အိမ်ထဲတွင်သာ နေစေခဲ့ခြင်း ဖြစ်သည်။
သူက သွမ့်ချန်ချင်း အန္တရာယ်နှင့် ကြုံတွေ့မည်ကို စိုးရိမ်မိပေသည်။
သို့သော် ယခုလက်ရှိအခြေအနေအရ သူတို့သည် ဟုန်ယဲ့မြို့တော်ကို နှစ်ရက်အတွင်း ထိန်းချုပ်နိုင်တော့မည်ဖြစ်ရာ သွမ့်ချန်ချင်းလည်း အပြင်ထွက်ကာ သူနှင့်အတူ အလုပ်လုပ်နိုင်တော့မည် ဖြစ်သည်။
သူက သွမ့်ချန်ချင်းကို ထိုကျင့်စဉ်အား ပိုပြီး ကျင့်ကြံရန်လည်း လောဆော်လိုပေသည်။
သူက သွမ့်ချန်ချင်းအား ကျင့်ကြံကာ ပိုပြီး အင်အားကြီးမားလာရမည်ဟု မတောင်းဆို၊ သို့သော် အနည်းဆုံးအနေဖြင့် အဆင့်နိမ့်တိုက်ခိုက်သူတစ်ဦးအထိတော့ မဖြစ်မနေ ဖြစ်လာရမည် ဖြစ်သည်။ သို့မှသာ သွမ့်ချန်ချင်း၏ ခန္ဓာကိုယ်က ပိုသန်မာကာ သက်တမ်းလည်း ပိုမိုရှည်လျားလာမည် ဖြစ်သည်။
“ကောင်းပါပြီ ...”
သွမ့်ချန်ချင်းက သဘောတူလိုက်သည်။
ရှဲ့ယွင်နန်က သူနှင့်အတူ အပြင်ထွက်ကာ အလုပ်လုပ်ရန် သွမ့်ချန်ချင်းကို အတော်လေး နားချရလိမ့်ဦးမည်ဟု ထင်ထားခဲ့သော်လည်း သွမ့်ချန်ချင်းက တွေးပင်တွေးမနေ၊ ချက်ခြင်း သဘောတူလိုက်သည်။
သူက ပြုံးပြလိုက်သည်။
“ချန်ချင်း ကျေးဇူးအများကြီး တင်ပါတယ် မင်းသာ ကူညီရင် ရှေ့လျှောက် ကိုယ့်အလုပ်တွေ ပိုပြီး ချောမွေ့လာတော့မှာ ...”
ဘယ်လိုလုပ် ဒီလောက်အထိ ကြီးကျယ်နိုင်မှာလဲ ရှဲ့ယွင်နန်က သူ့ကို နှစ်သိမ့်ပေးနေတာပဲ ...
သွမ့်ချန်ချင်းက နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြကာ ပြောလိုက်သည်။
“ကျွန်တော် ကျိန်းသေ ကူညီပေးပါ့မယ် ...”
ရှဲ့ယွင်နန်က စားသောက်နေရင်း ထပ်ပြောလိုက်သည်။
“ချန်ချင်း အပြင်ကို အလုပ်ထွက်လုပ်တဲ့အခါကျရင် မင်းကို သဘောမကျတဲ့သူတွေ ရှိလာနိုင်တယ် ပြီးတော့ သူတို့က မကောင်းတာတွေလည်း ပြောကြလိမ့်မယ် ... အဲဒါတွေကို စိတ်မပူနဲ့နော် ပြီးတော့ အာရုံထဲလည်း မထည့်နဲ့ ...”
အပြင်တွင် အလုပ်လုပ်ခဲ့ရသည့် ရက်များအတွင်း ရှဲ့ယွင်နန်သည် တီးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ မေးခွန်းထုတ်ခြင်းများကို ခံခဲ့ရသည်။
သွမ့်ချန်ချင်းက သူ့ထက် ပိုများသည့် ပြဿနာများကိုပင် ကြုံတွေ့နိုင်ပေသည်။
သူ့အနေဖြင့် သွမ့်ချန်ချင်းကို ကာကွယ်ရန် အကောင်းဆုံး ကြိုးစားမည် ဖြစ်သော်ငြား သူ့ကို တစ်ချိန်လုံး မျက်စိဒေါက်ထောက်ကြည့်ကာ စောင့်ရှောက်ရန်လည်း မဖြစ်နိုင်ပေ။
“ကောင်းပါပြီ ...”
သွမ့်ချန်ချင်း၏ မျက်ဝန်းတို့ ကော့တက်သွားသည်။
ရှဲ့ယွင်နန်က သူ့အတွက် တကယ်ကို တွေးပေးနေတာပဲ .. အဆင့်အတန်း ပြောင်းလဲသွားပေမယ့် သူ့အပေါ် ထားတဲ့ သဘောထားကတော့ မပြောင်းလဲသေးဘူးပဲ ...
ဒီလို ရှဲ့ယွင်နန်က တကယ်ကို သဘောကျစရာ ကောင်းလိုက်တာ ...
“မှတ်ထားနော် သူတို့တွေက မင်းကို မနာလိုဖြစ်လို့ ပေါက်ကရတွေ လျှောက်ပြောကြတာ မင်းက အရမ်းကောင်းတဲ့သူ ပြီးတော့ ကိုယ်ကလည်း မင်းကို သဘောအကျဆုံးပဲ ...”
ရှဲ့ယွင်နန်က ထပ်ပြောလိုက်သည်။
ထိုရက်များအတွင်း လူအချို့က သူ့ကို မျက်နှာလိုမျက်နှာရ လုပ်လာကြသော်ငြား အခြားသူများကမူ သွမ့်ချန်ချင်းကို အထင်အမြင်သေးနေကြဆဲပင်။
သူက ထိုသူများ၏ အတွေးကို မြင်တွေ့နေရသည်။
သူနှင့် သွမ့်ချန်ချင်းသည် တရားဝင် ထိမ်းမြားလက်ထပ်ပြီး ဖြစ်သည်။ အစောပိုင်းက သူတို့၏ ထိမ်းမြားခြင်းမှာ အချို့အချို့သော အကြောင်းအရင်းများ ပါရှိခဲ့သည့်တိုင် သူတို့သည် မိသားစုတစ်ခု ဖြစ်နှင့်နေပြီးဖြစ်သည်။ ထို့ကြောင့် သူက အင်အားတိုးတက်ကာ ယဇ်ဆရာ ဖြစ်လာသည် ဆိုရုံမျှဖြင့် သွမ့်ချန်ချင်းကို စွန့်ပစ်ရန် မဖြစ်နိုင်ပေ။
သူက ထိုစကားများကြောင့် သွမ့်ချန်ချင်း၏ စိတ်အခြေအနေ မကောင်းမွန်တော့မည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူ့ကို အေးအေးဆေးဆေး အနားယူစေခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်လည်း ခင်ဗျားကို သဘောအကျဆုံးပဲ ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
ရှဲ့ယွင်နန်ကလည်း တစ်ထစ်ချ သိထားသည့်ဟန်။
“ကိုယ်သိတာပေါ့ ...”
သူက သူ့ကိုယ်သူ သွမ့်ချန်ချင်း၏ အချစ်နှင့် ထိုက်တန်သည်ဟု ယုံကြည်ထားသည်။ ထို့အပြင် သွမ့်ချန်ချင်းအား ကောင်းမွန်ပြည့်စုံသည့် ဘဝမျိုး ရရှိအောင် ထောက်ပံ့ကာ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသွားနိုင်မည်ဟုလည်း အခိုင်အမာ ယုံကြည်ထားပေသည်။
ထိုသို့ တွေးပြီးနောက် ရှဲ့ယွင်နန်က သူ့ပန်းကန်ထဲသို့ အသားတစ်ဖက် ထည့်ပေးလိုက်သည်။
“ပိုပြီး များများစား ...”
သွမ့်ချန်ချင်းကလည်း အပြုံးတစ်ပွင့်ကို ဆင်မြန်းထားရင်း စားလိုက်သည်။
သူ့သရုပ်မှန်ကို ထုတ်မပြရခြင်းမှာ အခြားသော အကြောင်းအရင်းများလည်း ရှိပေသည်။
သူက ရှဲ့ယွင်နန် ဘာဆက်လုပ်မလဲ သိချင်နေလို့လေ ...
ရှဲ့ယွင်နန်၏ လုပ်ရပ်များမှာ သူမျှော်မှန်းထားသည်ထက်ပင် များစွာ သာလွန်နေသေးသည်။
စားသောက်ပြီးနောက် ရေချိုးမည်ပြုစဉ် ရှဲ့ယွင်နန်သည် သူတို့အခန်းထဲတွင် စိတ်စွမ်းအင်လှိုင်းလုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာကြောင်း ခံစားမိလိုက်သည်။
ဒီခံစားချက် .. ဒါက အံ့ဖွယ်ဆေးပင်လား ...
အံ့ဖွယ်ဆေးပင်က ဘယ်လိုလုပ် အခန်းထဲ ရောက်နေတာလဲ ...
ချက်ခြင်း မတ်တပ်ထရပ်ကာ အနံ့ရရာအတိုင်း လိုက်ကြည့်လိုက်သည့်အခါ သွမ့်ချန်ချင်း ယူလာခဲ့သည့် မြက်ပင်က အရောင်များ ရွှန်းစိုတောက်ပနေကြောင်း တွေ့လိုက်ရသည်။
အဝါရောင်အရွက်ငယ်လေးများက ယိမ်းနွဲ့လှုပ်ရှားနေကာ သာမန်မြက်ပုံစံမှ အံ့ဖွယ်အပင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ဒီမြက်ပင်က အံ့ဖွယ်ဆေးပင် ဖြစ်သွားတာပဲ ...”
ရှဲ့ယွင်နန်က အနည်းငယ် အံ့ဩမင်သက်သွားသည်။
“ဒါက အံ့ဖွယ်ဆေးပင်လား အဲဒါကို စားလိုက်ရင် ခင်ဗျားရဲ့ ခွန်အားတွေ တိုးတက်လာလောက်လား ယွင်နန် ဒါကို စားကြည့်ချင်လား ...”
သွမ့်ချန်ချင်းကလည်း အလွန်အံ့အားသင့်သွားသည့်ဟန်။
“ယွင်နန် ခင်ဗျားက ပိုပြီး သန်မာလာတော့မယ်ထင်တယ် ...”
ရှဲ့ယွင်နန်က ထိုအပင်ကို မြင်လိုက်သည့်တိုင် သူ့တွင် စားရန် ရည်ရွယ်ချက် မရှိခဲ့။
ယခုအချိန်၌ သူ့တွင် စားရန် အံ့ဖွယ်သားရဲအသားနှင့် အံ့ဖွယ်အပင်များ ပြတ်လပ်မနေတော့။ ဖခင်ဖြစ်သူက နေ့စဉ် သူ့အတွက် လိုအပ်သည့် အရင်းအမြစ်များကို လုံလုံလောက်လောက် ပြင်ဆင်ပေးခဲ့သည်။
သို့သော် ဒုတိယအကြိမ် ပြန်စဉ်းစားပြီးနောက် ထိုအပင်ကို စားလိုက်ခြင်းက ပိုကောင်းမည်ဟု ခံစားမိလာသည်။
သူက သွမ့်ချန်ချင်းကို ပွေ့ဖက်လိုက်သည်။
“ချန်ချင်း မင်းက တကယ်ကို အံ့ဩစရာပဲ ကြုံရာအပင်လေး တူးလာတာတောင် အံ့ဖွယ်အပင်နဲ့ တွေ့လာတယ် ဒီအပင်က အရမ်း ဈေးကြီးတာ ပြီးတော့ ကိုယ့်အတွက်လည်း အရမ်းကောင်းတယ်လေ ကိုယ်သာ စားလိုက်ရင် ခွန်အားတွေ အများကြီး တိုးတက်လာမှာ ... မင်းက အခုအထိ တိုက်ခိုက်သူ မဖြစ်သေးဘူးဆိုတော့ ဒီအံ့ဖွယ်အပင်ကို ကိုယ်ပဲ အရင်စားလိုက်မယ် ပြီးမှ မင်းအတွက် တစ်ပင်ထပ်ရှာပေးမယ်နော် ...”
သူက အမြဲ သွမ့်ချန်ချင်းကို ချီးကျူးလိုခဲ့သည်။ ထို့အပြင် သူက နောက်ပိုင်း၌ သွမ့်ချန်ချင်းကို တစ်ခုခု ပေးလိုပါလျှင် ထိုအကြောင်းပြချက်ကို သုံးနိုင်ပေသည်။
ထိုသို့တွေးပြီးနောက် သူက ထပ်ပြောလိုက်သည်။
“ဒီအပင်က သာမန်မဟုတ်ဘူး ကိုယ်တွေ့ဖူးသမျှ အံ့ဖွယ်အပင်တွေထက် အများကြီး ပိုကောင်းတယ် မင်းက တကယ်ကို ကိုယ့်အတွက် ကံကောင်းခြင်းကြယ်ပွင့်လေးပဲ ...”
ထိုအပင်မှာ လွန်စွာ သေးငယ်သည့်အပြင် ရင့်မှည့်ကာစသာ ဖြစ်သည့်အတွက် စွမ်းအင်မှာလည်း အကန့်အသတ် ရှိနေပေသည်။
ရှဲ့ယွင်နန်က ထိုအပင်ကို စားပြီးနောက် သူ့ခွန်အား တိုးတက်လာမှုမှာ အကန့်အသတ် ရှိနေသည်ဟု ခံစားမိလိုက်သည်။ သို့သော် ထိုအပင်နှင့် သွမ့်ချန်ချင်းကို ဆက်ပြီး ချီးကျူးနေလိုက်ဆဲပင်။ သို့မှသာ သွမ့်ချန်ချင်းကလည်း သူ့ကိုယ်သူ အလုပ်ကြီးတစ်ခု အောင်မြင်စွာ လုပ်နိုင်ခဲ့သည်ဟု ခံစားမိသွားမည် ဖြစ်သည်။
သွမ့်ချန်ချင်းကလည်း ရှဲ့ယွင်နန်၏ အတွေးအားလုံးကို တစ်စမကျန် အကုန် သိနေခဲ့သည်။
ဤကမ္ဘာတွင် နေထိုင်သူများသည် အံ့ဖွယ်ဆေးပင်အကြောင်း နက်နက်နဲနဲ သိမထားကြချေ။ သူတို့၏ အမြင်တွင် ထိုအံ့ဖွယ်ဆေးပင်သည် သာမန်အပင်တစ်ပင်မျှသာပင်။
အကယ်၍ ထိုအပင်ကို စားလိုက်သူမှာ အင်အားကြီးမိစ္ဆာ၏ သွေးကြောတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသည့် ရှဲ့ယွင်နန်ကဲ့သို့သော လူမျိုးသာ မဟုတ်ပါလျှင် သူတို့က အထူးတလည် ခံစားမိမည် မဟုတ်။ အင်အားမှာလည်း အနည်းငယ်သာ တိုးတက်လာမည် ဖြစ်သည်။
ရှဲ့ယွင်နန်က သူ့ကို နှစ်သိမ့်ပေးနေတာပဲ ...
ပြီးတော့ သူကိုယ်တိုင်ကလည်း အဲဒီ့ခံစားချက်ကို အရမ်း သဘောကျမိနေတာ ...
သွမ့်ချန်ချင်းက ရယ်မောလိုက်သည်။
“ဒါဆို ယွင်နန် မြန်မြန်စားလိုက်တော့ ...”
“ကောင်းပါပြီ ...”
ရှဲ့ယွင်နန်က သဘောတူကာ အပင်ကို ချက်ခြင်း စားလိုက်သည်။
ထိုအံ့ဖွယ်အပင်မှာ များစွာ သေးငယ်လှရာ သူ့အနေနဖြင့် စားပြီးပြီးချင်း ချက်ခြင်း စုပ်ယူနိုင်ပေသည်။ သို့သော် သူက တစ်ဖြည်းဖြည်းချင်း စုပ်ယူရန်သာ တွေးထားသည်။
ထိုသို့ တွေးစဉ်မှာပင် ရှဲ့ယွင်နန်သည် သူ့ကိုယ်ထဲရှိ စွမ်းအင်များ တိုးတက်လာသည်ကို ခံစားမိလိုက်သည်။
အဖော်သားရဲ ရှောင်ပိုင်ကလည်း သူ့ကိုယ်ထဲမှ ချက်ခြင်း ထွက်လာကာ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့ကိုယ်ထဲမှ တစ်ခုခု ထိုးထွက်နေသည့်ဟန်။
ဒီအပင်က ပြဿနာ ရှိနေတာလား ...
ဒါပေမယ့် အဆိပ်ရှိတဲ့ ပုံစံလည်း မပေါ်ပါဘူး ...
ရှဲ့ယွင်နန် မူးမေ့လဲသွားသည်။ သူက မည်သည့်အရာကိုမှ မမှတ်မိတော့။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဆွဲဖြဲခံထားသလို ခံစားချက်မျိုးကိုသာ ခံစားမိလိုက်တော့သည်။
သွေးကြောကို နှိုးဆွသည့် လုပ်ငန်းစဉ်မှာ များစွာ နာကျင်လှသည်။ ထို့အပြင် ထိုနာကျင်မှုကို ရှဲ့ယွင်နန်က သူကိုယ်တိုင် အံကြိတ်ကာ သည်းခံရမည် ဖြစ်သည်။
သွမ့်ချန်ချင်းက ရှဲ့ယွင်နန်သည် ထိုနာကျင်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မည်ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ထားသည်။
ထို့ကြောင့် သူက ကူညီပေးရန် စီစဉ်မထားပေ။ မူလက ရှဲ့ယွင်နန်ကို ကာကွယ်ပေးရန် ဘေးမှနေ၍ စိတ်စွမ်းအင်အချို့ ထောက်ပံ့ပေးမည်ဟု တွေးထားခဲ့သည်။
သို့သော် ရှဲ့ယွင်နန်က သူ့ကို များစွာ နှစ်သိမ့်ခဲ့သည့်အတွက် ...
ရှဲ့ယွင်နန်က တစ်ကိုယ်လုံး ချွေးများ စိုရွှဲလျက် အံတင်းတင်းကြိတ်ကာ ကြမ်းပေါ်တွင် လဲလျောင်းနေရသည်။ နိုးထခြင်း လုပ်ငန်းစဉ်၏ နာကျင်မှုကို ကြိုးစားသည်းခံနေရသည့်ဟန်။
သွမ့်ချန်ချင်းက ကိုယ်ကိုကိုင်း၍ သူ့နဖူးကို ငုံ့နမ်းလိုက်သည်။ ထို့နောက် သူ့ကို ပွေ့ချီကာ ကုတင်ပေါ် တင်ပေးပြီး လက်ကို ကိုင်ထားလျက် ခန္ဓာကိုယ်ထဲသို့ စိတ်စွမ်းအင်အချို့ ထည့်သွင်းပေးလိုက်သည်။
သူ့စိတ်စွမ်းအင်များ၏ အကူအညီကြောင့် ရှဲ့ယွင်နန်၏ နိုးထခြင်း လုပ်ငန်းစဉ်မှာ အလွန်မြန်ဆန်ခဲ့သည်။ နာကျင်မှုမှာလည်း လျော့နည်းသွားခဲ့၏။ အရေးအကြီးဆုံးအချက်မှာ ... နိုးထလာသည့်အခါ ရှဲ့ယွင်နန်၏ အင်အားသည် ကျိန်းသေသန်မာလာမည် ဖြစ်သည်။
အင်အားကြီးမိစ္ဆာများအဖို့ သွေးကြောနိုးထလာသည့်အခါ သုံးတောင်အမြင့်အထိ ခုန်နိုင်ရန်ပင် မခဲယဉ်းတော့ချေ။
ထိုသို့ တွေးနေရင်း သွမ့်ချန်ချင်းသည် ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်မှာ အောက်ခြေကိုပင် မမြင်ရနိုင်သည့် တွင်းနက်ကြီးတစ်ခုလေလားဟု ခံစားမိလာ၏။ အနီးဝန်းကျင်ရှိ စိတ်စွမ်းအင်များကို အရူးအမူး စုပ်ယူနေသည့်အပြင် သူ ကျင့်ကြံထားသည့် စိတ်စွမ်းအင်များပါ အမြန် စုပ်ယူခံလိုက်ရသည်။
ထို့အပြင် သူ့ကိုယ်ထဲရှိ စိတ်စွမ်းအင် အစိုင်အခဲမှ ဖြာထွက်လာသည့် စိတ်စွမ်းအင်များမှာ .. ရှဲ့ယွင်နန်အတွက် နည်းပါးလွန်းလှသည်။
သို့သော် ကိစ္စမရှိပေ။ မလုံလောက်သည့်တိုင် အများဆုံးအနေဖြင့် နိုးထလာပြီးနောက် ရှဲ့ယွင်နန်၏ အင်အားမှာ အနည်းငယ်လျော့နည်းသွားရုံသာ ရှိပေမည်။
သွမ့်ချန်ချင်းက ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေကြောင်း သတိပြုမိလိုက်သည်။ ယခင်က ရှဲ့ယွင်နန်အပေါ် အထင်သေးသူများ ရှိခဲ့သည်ဟု တွေးလိုက်မိသည့်အခါ ... သူက သိစိတ်ဝိဉာဉ်ကို အသုံးပြုကာ စိတ်စွမ်းအင်အစိုင်အခဲမှ စွမ်းအင်များကို ပိုမိုစုပ်ယူလိုက်ပြီး ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းပေးလိုက်သည်။
စိတ်စွမ်းအင် အလုံအလောက် ရရှိသွားသည့်အတွက် ရှဲ့ယွင်နန်၏ သန်မာမှုအဆင့်မှာ ဆက်တိုက် တိုးမြင့်လာတော့သည်။ သို့သော် သွမ့်ချန်ချင်းကမူ အနည်းငယ် မသက်မသာ ဖြစ်လာတော့၏။
သူကျင့်ကြံထားသည့် စိတ်စွမ်းအင်အားလုံး ကုန်ဆုံးသွားသည့်အပြင် စိတ်စွမ်းအင်အစိုင်အခဲမှ စုပ်ယူထားသည့် စွမ်းအင်အားလုံးကိုပါ လွှဲပြောင်းပေးလိုက်သည့်အတွက် ခန္ဓာကိုယ်မှာ အနည်းငယ် ထိခိုက်သွားရသည်။ ထို့အပြင် သိစိတ်ဝိဉာဉ်ကိုပါ ထုတ်သုံးလိုက်ရသည့်အတွက် ခေါင်းများ မူးဝေလာတော့သည်။
အကျိုးနည်း ဒီခန္ဓာကိုယ်ကလည်း အထိအခိုက် မခံလိုက်တာ ...
သို့သော် ၎င်းမှာ ပြဿနာအကြီးကြီး မဟုတ်ပေ။ ရက်အနည်းငယ်အတွင်း ပြန်လည်သက်သာလာမည် ဖြစ်ပြီး ထိုရက်များအတွင်း အားမသုံးမိပါလျှင် အကောင်းဆုံး ဖြစ်သည်။
သူသာ အားသုံးမိပါလျှင် .. သူ၏ သိစိတ်ဝိဉာဉ်အား ချုပ်နှောင်ထားသည့် စည်းတံဆိပ်ကို ဖြည်လိုက်ရတော့မည် ဖြစ်သည်။
သွမ့်ချန်ချင်း၏ အကူအညီကြောင့် ရှဲ့ယွင်နန်၏ နိုးထမှုမှာ များမကြာမီ ပြီးဆုံးသွားသည်။ ထို့အပြင် သူ့ခွန်အားလည်း ဆက်တိုက် တိုးတက်လာကာ စီနီယာယဇ်ဆရာအဖြစ်သို့ ရောက်ရှိသွားတော့သည်။
အရှင်းဆုံး ပြောရပါလျှင် သူသည် ချီသန့်စင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
သူ့တွင် စိတ်စွမ်းအင်များ ပိုရှိပါလျှင် အခြေတည်အဆင့်ကိုပင် အမှားအယွင်းမရှိ ရောက်ရှိနိုင်မည် ဖြစ်သည်။
ရှဲ့ယွင်နန် နိုးလာတော့မည် ဖြစ်သည့်အတွက် သွမ့်ချန်ချင်းက သူ့ဘေးတွင် ဝင်လှဲကာ တစ်ခဏမျှ အနားယူပြီး သူ့ချစ်စရာကောင်လေး နိုးလာသည့်အခါ ချီးကျူးစကား ပြောပေးရန် ပြင်လိုက်သည်။
ထိုစဉ် အပြင်ဘက်မှ ကျယ်လောင်သည့် အသံတစ်သံကို ကြားလိုက်ရသည်။
“ရှဲ့ယွင်နန် ထွက်လာခဲ့စမ်း မင်းက ဘာလို့ လူတွေကို အနိုင်ကျင့်နေရတာလဲ ...”
သွမ့်ချန်ချင်းက ကြောင်အသွားကာ ထို့နော
က်တွင်မှ အစောပိုင်း သူ ချက်ပြုတ်နေစဉ်တွင် မုန့်ယန်နှင့် ကျောက်ချင်းယွင်အား လူအချို့ကို နာရီအနည်းငယ်ခန့် သင်ခန်းစာပေးရန် အမိန့်ပေးခဲ့ကြောင်း သတိရသွားတော့သည်။
သူတို့က အဲဒီ့ ဆန်ကုန်မြေလေးတွေအတွက် တရားမျှတမှုကို လာယူတာလား ...