Chapter 61
“မင်းလက်ထဲမှာ ဘာလို့ ဒီလောက်တောင် ရတနာတွေ အများကြီး ရှိနေရတာလဲ ...”
တစ္ဆေဘုရင်က သွမ့်ချန်ချင်းကို အပြန်ပြန်အလှန်လှန် စိုက်ကြည့်ကာ မေးလိုက်သည်။
“ငါ့ကို ဖန်တီးခဲ့တဲ့သူက သာမန်မဟုတ်တဲ့ ဇစ်မြစ် ရှိနေလို့များလား ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
သူက တစ္ဆေဘုရင်နှင့် ရှဲ့ယွင်နန်ကို မည်ကဲ့သို့ ကျင့်ကြံသင့်ကြောင်း သင်ကြားပေးပြီးနောက် စိတ်စွမ်းအင် မရှိသလောက် နည်းပါးသည့် ကမ္ဘာတွင်ပင် အချို့သော ရတနာများနှင့် စိတ်စွမ်းအင် ဆေးပင်များ၏ အကူအညီများဖြင့်သာဆိုလျှင် သူတို့သည် ရွှေအမြုတေအဆင့်သို့ပင် ရောက်ရှိနိုင်ပေသည်။
သို့သော် သူထုတ်ပေးသည့် ကျင့်ကြံစဉ်ကမူ အများဆုံးအနေဖြင့် နဝမအဆင့် တိုက်ခိုက်သူ ဖြစ်လာနိုင်သည့် ချီသန့်စင်ခြင်းအထွတ်အထိပ်အဆင့်အထိသာ ရောက်ရှိအောင် ကူညီပေးနိုင်ပေသည်။
သို့သော် ကောင်းကျိုးများစွာလည်း ရှိနေသေး၏။ လူတိုင်း ကျင့်ကြံနိုင်ကာ များစွာလည်း လွယ်ကူလှပေသည်။
ဤကမ္ဘာတွင် နေထိုင်သူများအတိုင်း တွေးကြည့်ပါလျှင်မူ နဝမအဆင့် တိုက်ခိုက်သူဟူသည်မှာ ထိပ်သီးအဆင့် ဖြစ်ရာ ဤနည်းလမ်းက လုံလောက်သည်ထက်ပင် ပိုမိုနေသေးသည်ဟု ခံစားမိလာသည်။
ရှဲ့ယွင်နန်နှင့် တစ္ဆေဘုရင် ကျင့်ကြံသည့် ကျင့်စဉ်ကိုမူ နောက်မျိုးဆက်များအား လက်ဆင့်ကမ်းပေးရန် မလိုအပ်ချေ။
သူက ကျင့်ကြံစဉ်အား တစ္ဆေဘုရင်ကို သင်ကြားပေးကာ နောက်တစ်ကြိမ် ထင်ရှင်းပြလိုက်သည်။
“ဒါကို ယွင်နန်ကို သင်ပေးလိုက် ယွင်နန်ကနေမှ တစ်ခြားသူတွေကို ပြန်သင်ခိုင်းလိုက်ပါ ..."
ဤကဲ့သို့သော လုပ်ရပ်မျိုးဖြင့် ဂုဏ်သိက္ခာကို တည်ဆောက်နိုင်ရာ ရှဲ့ယွင်နန်ကသာ ကျိန်းသေ လုပ်ဆောင်သင့်ပေသည်။
တစ္ဆေဘုရင်က ပြောလိုက်သည်။
“ငါ့ကို ပြောဖို့ မလိုပါဘူး ..."
“ခင်ဗျားလည်း အလုပ်များနေတာဆိုတော့ .. ကျွန်တော် ပြန်တော့မယ် ...”
သွမ့်ချန်ချင်းက သမ်းဝေကာ ပြတင်းပေါက်မှတစ်ဆင့် ပြန်ထွက်သွားလိုက်သည်။
တစ္ဆေဘုရင်က သူ့လက်ထဲရှိ ကျင့်ကြံစဉ်ကို ဖတ်ကြည့်ရင်း တစ်ညလုံး မအိပ်ခဲ့။ မနက် လေးနာရီ ထိုးသည့်အခါ နီရဲနေသော မျက်လုံးများနှင့်အတူ ထိုကျင့်ကြံစဉ်ကို အောင်မြင်အောင် လေ့လာနိုင်သွားခဲ့သည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် သူ့ငယ်သားများကို အစည်းအဝေး ခေါ်လိုက်တော့သည်။
သူက ရှဲ့ယွင်နန်ကိုပါ ခေါ်လိုက်ချင်သော်ငြား သွမ့်ချန်ချင်း စိတ်ဆိုးသွားမည်ကို စိုးရိမ်သောကြောင့် မခေါ်နိုင်ခဲ့တော့။
သူတို့က မိသားစုကြီးများကို မည်ကဲ့သို့ လုပ်ဆောင်သင့်ကြောင်းကိုသာ ဆွေးနွေးလိုက်ကြသည်။
တစ္ဆေဘုရင်က ကွေ့ဝိုက်မနေ၊ တည့်တိုးသာ ပြောလိုက်တော့သည်။
“ယွင်နန်က ငါ့ကို ယဇ်ဆရာအကြီးအကဲ ချန်ရစ်ခဲ့တဲ့ ကျင့်ကြံစဉ်တစ်ခု ပေးခဲ့တယ် ဒါကို လူတိုင်း လေ့ကျင့်လို့ ရသလို အံ့ဖွယ်သားရဲရဲ့ အသားကို စားစရာ မလိုဘဲနဲ့တောင် နဝမအဆင့်အထိ ရောက်နိုင်တယ်တဲ့ ...”
သူ့ငယ်သားအားလုံး ကြောင်အသွားတော့သည်။
ရှဲ့ယွင်နန်က တစ်ညလုံး ကောင်းကောင်းမွန်မွန် အိပ်စက်လိုက်ရသည်။ နိုးလာပြီးနောက် ထိုသတင်းကို ကြားလိုက်သည့်အခါ သူကိုယ်တိုင်လည်း ဆွံ့အသွားတော့သည်။
ဒီကျင့်စဉ်က သူနဲ့ ဘာမှ မဆိုင်ဘူးလို့ !!!!!!
တစ္ဆေဘုရင်ကလည်း သူ နားဝေတိမ်တောင် ဖြစ်နေကြောင်း သတိပြုမိလိုက်သည့်အတွက် သူ့ကို အခန်းထဲခေါ်ကာ ဖြစ်ကြောင်းကုန်စင်ကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
ထပ်ပြီး သည်းမခံနိုင်တော့ဘူး !!
“ယွင်နန် ငါ မင်းကို ဘာလို့ ဒီလိုမျိုး ပြောပေးခဲ့တာလဲဆိုတာကို အံ့ဩနေတယ် မဟုတ်လား ...”
“ဟုတ်ကဲ့ ဆရာ ကျွန်တော် နားမလည်ဘူး ...”
ရှဲ့ယွင်နန်က သူ့ဆရာသည် သူ့အပေါ် မယုံကြည်နိုင်လောက်အောင်ပင် ကောင်းပေးနေခဲ့သည်ဟု ခံစားမိ၏။
တစ္ဆေဘုရင်က သက်ပြင်းချကာ သူ့မျက်နှာဖုံးကို ချွတ်လိုက်သည်။
ရှဲ့ယွင်နန်က သူ့မျက်နှာနှင့် များစွာ ဆင်တူလှသူကို တွေ့လိုက်သည်။ သို့သော် ထိုသူမှာ သူ့ထက်ပိုပြီး အသားဖြူကာ နူးညံ့သိမ်မွေ့၏။
“ခင်ဗျားက ကျွန်တော့်အစ်ကိုလား ...”
ရှဲ့ယွင်နန်က အံ့ဩသွားသည်။
ဒီလူက သူနဲ့ အရမ်းတူတာပဲ ...
တစ္ဆေဘုရင်က ပြောလိုက်သည်။
“ငါက မင်းအဖေ ...”
“ကျွန်တော့်အဖေ ဟုတ်လား မဖြစ်နိုင်တာ ...”
ရှဲ့ယွင်နန်မှာ ယုံပင် မယုံနိုင်။ သူ့ရှေ့တွင် ရှိနေသူမှာ ငယ်ရွယ်လွန်းကာ အသက်သုံးဆယ်ပင် ပြည့်သေးဟန်မတူ။
“မင်းအဖေပါဆိုနေ ...”
တစ္ဆေဘုရင်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
နုပျိုခြင်းမှာ ကောင်းမွန်သည့်တိုင် သားအရင်းထံမှ အစ်ကိုဟု အခေါ်ခံရခြင်းကိုမူ များစွာ ဘဝင်မကျလှပေ။
“ဘာတွေ ဖြစ်ကုန်တာလဲ ...”
ရှဲ့ယွင်နန်က ဆက်မေးလိုက်သည်။
မွေးကတည်းက ဆင်ခြေဖုံးဒေသတွင် ကြီးပြင်းလာသူ ဖြစ်သည့်အလျောက် ရှဲ့ယွင်နန်သည် ကလေးဘဝကတည်းက သူ့မိဘများကို လွမ်းဆွတ်ခြင်း မရှိခဲ့။
ဆင်ခြေဖုံးဒေသတွင် မိဘမရှိသည့် သို့မဟုတ် မိဘနှင့်အတူ မနေရသည့် ကလေးများ အများအပြား ရှိပေသည်။
ကျူးကျော်ရပ်ကွက်မှ ဆာလောင်ငတ်မွတ်မှုကြောင့် သေဆုံးသွားရသော ကလေးများစွာကို မြင်တွေ့ဖူးသကဲ့သို့ မြစ်ထဲတွင် ပေါလောမျောလာသော ကလေးအလောင်းများစွာကိုလည်း ကြုံတွေ့ဖူးပေသည်။
ထိုသူများနှင့် နှိုင်းယှဉ်ပါလျှင် သူ့ငယ်ဘဝမှာ လွန်စွာ ကံကောင်းသည်ဟုပင် ဆိုနိုင်ပေသည်။ ထို့ကြောင့် သူ့ဘဝကို လွန်စွာ တန်ဖိုးထားပြီး ငြီးတွားခြင်း မပြုခဲ့။
ထို့အပြင် သူသည် မိဘများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသူ ဖြစ်ပါလျှင်လည်း သူ့မိဘများက ရွေးစရာမရှိ၍သာ စွန့်ပစ်ခြင်း ဖြစ်ရမည်ဟု အမြဲ ခံစားမိခဲ့သည်။
သာမန်သူ အများစုမှာ အိမ်တွင် စားစရာ ပြတ်လပ်မနေသရွေ့ မိမိတို့၏ ရင်သွေးကို စွန့်ပစ်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် မိဘအရင်းများအပေါ် မကျေနပ်စိတ် မရှိခဲ့။ ထို့အပြင် ချစ်စိတ်မုန်းစိတ်လည်း မရှိပေ။
ထို့ကြောင့် လက်ရှိအခြေအနေကို ခွဲခြမ်းစိတ်ဖြာရာတွင် အခြားသူများထက်ပင် ပိုပြီး တည်ငြိမ်နေသေးသည်။ ဆရာဖြစ်သူက စတွေ့ကတည်းက သူ့အပေါ် များစွာ ကြင်နာခဲ့သည်။ ထို့ကြောင့် ထိုစဉ်က သူ့ကို မိဘများက စွန့်ပစ်ခဲ့ခြင်း မဟုတ်ဘဲ တစ်စုံတစ်ခု ဖြစ်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
မိဘများက သူ့ကို စွန့်ပစ်ခဲ့ခြင်း ဖြစ်ပါလျှင် တစ်ချိန်ချိန် သူ့ထံ လာတွေ့သည့်တိုင် အသိအမှတ်ပြုမည် မဟုတ်။ သို့သော် အခြားသော အကြောင်းအရင်းများ ရှိပါလျှင်မူ ... သူကိုယ်တိုင်လည်း မိဘအရင်းများကို တွေ့လိုပေသည်။
ရှဲ့ယွင်နန်က လွန်စွာ တည်ငြိမ်နေရာ တစ္ဆေဘုရင်မှာ အနည်းငယ် နေရခက်လာတော့သည်။ သူက သူ့မိသားစုအကြောင်း တစ်လုံးတစ်ပါဒမျှ မဖုံးကွယ်ဘဲ အကုန် ပြောပြလိုက်သည်။
မူလက သူသည် တစ္ဆေဘုရင် ဖြစ်သည်ဟုပင် ပြောလိုခဲ့သော်ငြား သွမ့်ချန်ချင်း လက်ရှိသုံးနေသည့် သရုပ်မှာ ...
ထို့ကြောင့် သူက သူပုန်တပ်ဖွဲ့ထဲ ဝင်ရောက်ကာ ရှဲ့ယွင်နန်ကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်ဟုသာ ပြောခဲ့တော့သည်။
ရှဲ့ယွင်နန်ကလည်း သူ့စကားများကို ယုံကြည်ခဲ့ကာ နှလုံးသားထဲမှ ချဉ်စူးနေသည့် ခံစားချက်တို့ မြင့်တက်လာတော့သည်။
သူ့မှာ မိဘကောင်းတွေ ရှိခဲ့တာပဲ ...
သူ့အဖေကို ပွေ့ဖက်ကာ မိခင်ဖြစ်သူကိုလည်း မြင်တွေ့လိုလာတော့သည်။
“တောင်းပန်ပါတယ် ယွင်နန် အဖေတို့ မင်းကို ကာကွယ်မပေးနိုင်ခဲ့ဘူး ...”
“အဲဒီ့လိုဆိုရင်တောင် ကျွန်တော်က ကံအကောင်းဆုံးလူ ဖြစ်နေတုန်းပါ ...”
ရှဲ့ယွင်နန်က ရယ်ရယ်မောမော ပြောလိုက်သော်ငြား သူ့မျက်လုံးတို့မှာမူ ဟန်မဆောင်နိုင်လောက်အောင်ကို နီရဲနေသည်။
သူက မတ်တပ်ထရပ်ကာ တစ္ဆေဘုရင်ကို ပွေ့ဖက်လိုက်သည်။
“အဖေ ...”
တစ္ဆေဘုရင်က အသံတိတ် ငိုကြွေးနေလိုက်၏။ မျက်လုံးထောင့်စွန်းမှတစ်ဆင့် မျက်ရည်များ တလိမ့်လိမ့် ကျဆင်းနေသည့် အားနည်းဖျော့တော့သော အလှလေး၏ ပုံစံမှာ မြင်ရသူတိုင်းကို ကရုဏာသက်စေသည်။
တစ္ဆေဘုရင် “...”
ငါ ဘယ်တုန်းက ဒီလောက်အထိ မျက်ရည်လွယ်သွားရတာလဲ ...
ရှဲ့ယွင်နန် “...”
သူ့အဖေက မျက်နှာဖုံးတပ်ထားတာပဲ ပိုအဆင်ပြေတယ်လို့ ဘာလို့ ရုတ်တရက်ကြီး တွေးမိသွားပါလိမ့် ...
သူ့အနေဖြင့် နှစ်သိမ့် ချော့မော့လိုက်ရုံသာ ရှိတော့သည်။
“အဖေ မငိုပါနဲ့ ...”
တစ္ဆေဘုရင် “ဒါက မတော်တဆ ဖြစ်တာပါ ...”
အဲဒီ့အချိန် သူ့ကလေးကို ဆုံးရှုံးလိုက်ရတုန်းကပဲ ငိုဖူးတာပါ သူက ခက်ထန်တဲ့ ယောကျ်ားကြီးတစ်ယောက်ပါနော် ...
သားအဖနှစ်ဦး အချင်းချင်း အသိအမှတ်ပြုကြပြီးနောက် အချိန်အနည်းငယ်ယူကာ စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။
ထိုအချိန်တွင် ရှဲ့ယွင်နန်က ထပ်မေးလိုက်ပြန်သည်။
“အဖေ ဘာလို့ ဒီကျင့်စဉ်ကို ကိုယ်တိုင် မသင်ပေးတာလဲ ...”
သူ့အဖေရဲ့ ပုံစံက အတော်လေး ငယ်သေးတာကို သူ့ဘဝအတွက်လည်း ထည့်စဉ်းစားရမယ်လေ ...
တစ္ဆေဘုရင်ကပြောလိုက်သည်။
“ဒီကျင့်စဉ်ကို ယူလာပေးတဲ့သူက ဒီလိုလုပ်ဖို့ ပြောခဲ့လို့ ...”
“သူက ဘယ်သူလဲ ပြီးတော့ ဘာလို့တဲ့လဲ ...”
ရှဲ့ယွင်နန်က ပဟေဠိ ဖြစ်သွားသည်။
“အဲဒီ့နေ့က မုန့်ယန်တို့အုပ်စုကို တိုက်ခိုက်ခဲ့တဲ့သူ ..."
“တစ္ဆေဘုရင်လား ...”
“.. အမ်း ...”
တစ္ဆေဘုရင်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
ရှဲ့ယွင်နန်သည် တစ္ဆေဘုရင်ကို သူတို့အား ကယ်တင်ခဲ့သည့်နေ့က တစ်ကြိမ်သာ တွေ့ခဲ့ဖူးပေသည်။ ထို့အပြင် တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုဆက်ဆံဖူးခြင်းလည်း မရှိပေ။
“သူက ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ ...”
“မင်းက ဟုန်ယဲ့မြို့တော်ကလူလေ ပြီးတော့ ကလေးဘဝကတည်းက ဆင်ခြေဖုံးဒေသမှာ ကြီးပြင်းလာခဲ့တာဆိုတော့ မင်းက ငါတို့ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်လုပ်ဖို့ အသင့်တော်ဆုံးပဲ .. ပြီးတော့ ပုံရိပ်ကောင်းလည်း ရှိထားတဲ့သူဆိုတော့ ...”
တစ္ဆေဘုရင်က သူ့မျက်နှာကို ရုပ်ဖျက်နေရင်း ပြောလိုက်သည်။
ဒါလည်း ဟုတ်တော့ဟုတ်ပါတယ်လေ သူ့အဖေရဲ့ ဒီမျက်နှာနဲ့ လူတွေကို ကျင့်ကြံနည်း သင်ပေးဖို့က နည်းနည်းတော့ မသင့်လျော်သလိုပဲ ...
ရှဲ့ယွင်နန်က ပြောလိုက်သည်။
“သူက တကယ်ကို လူကောင်းပဲနော် ...”
“အမှန်ပဲ ...”
တစ္ဆေဘုရင်က ခေါင်းငြိမ့်ပြကာ ဆက်ပြောလိုက်သည်။
“ယွင်နန် အရင်က မင်းကို ဖုံးကွယ်ထားမိလို့ တောင်းပန်ပါတယ် ...”
အစပိုင်းက သူသည် ရှဲ့ယွင်နန်အား ခြောက်လှန့်မိသွားမည်ကို စိုးရိမ်မိခဲ့သည်။ ထို့အပြင် ရှဲ့ယွင်နန်က သူကဲ့သို့သော အလိုရှိ ရာဇဝတ်ကောင်မျိုးအား မနှစ်မျို့မည်ကိုလည်း ကြောက်ရွံ့သည့်အတွက် တစ်ခွန်းမှ မပြောနိုင်ခဲ့။ ကိစ္စများမှာ တိုးတက်မှု မြန်ဆန်လွန်းကာ ထိုထက်ပို၍ မကောင်းနိုင်တော့။
ယခုမူ အားလုံး ရှင်းလင်းသွားပေသည်။
ရှဲ့ယွင်နန်ကလည်း ဖခင်ဖြစ်သူ၏ စိုးရိမ်စိတ်ကို နားလည်ပေသည်။
“အဖေ ကိစ္စမရှိပါဘူး ...”
ထို့နောက် တစ္ဆေဘုရင်က မိသားစုကြီးများ၏ လယ်ယာမြေများကို သိမ်းယူကာ သာမန်သူများကို ခွဲဝေပေးလိုက်သည်။
အတိတ်အချိန်များတွင် ပုန်ကန်မှု ဖြစ်ပွားလေတိုင်း ဆန့်ကျင်ဘက်အဖွဲ့အား သတ်ဖြတ်သည်မှာ ထုံးစံပင်။ သို့သော် သူတို့က မသတ်ခဲ့။ မိသားစုကြီးများ၏ မိသားစုဝင်အားလုံးကို ဖမ်းဆီးကာ အပြစ်ကို ပြန်လည်ပေးဆပ်စေပြီး အပြစ်မရှိသူများကိုမူ ပြန်လွှတ်ပေးလိုက်သည်။
ဆင်ခြေဖုံးဒေသတွင် နေထိုင်သူများနှင့် အထွေထွေခရိုင်တွင် နေထိုင်သူများက ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။ အားလုံး အံ့ဩတုန်လှုပ်သွားကြသော်ငြား ခွဲဝေပေးထားသည့် မြေယာများသို့ မသွားရဲသေး။
ဒါကြီးကို မထိန်းသိမ်းနိုင်ဘူးလေ ...
ထိုအချိန်တွင် တီဗီမှတစ်ဆင့် သူတို့အား မည်ကဲ့သို့ ကျင့်ကြံသင့်ကြောင်း သင်ကြားပေးကာ ကောင်းကောင်းမွန်မွန် လေ့ကျင့်သရွေ့ တိုက်ခိုက်သူများ ဖြစ်လာနိုင်သည်ဟုပါ ပြောလာလိမ့်မည်ဟု မည်သူမှ ထင်မထားကြချေ။
ဒီလို ကောင်းတဲ့ကိစ္စမျိုးလည်း ရှိသေးတာပဲလား ...
အားနည်းတဲ့ အဖော်သားရဲကို ပိုင်ဆိုင်ထားတဲ့သူတွေကရော ... သူတို့လည်း တိုက်ခိုက်သူ ဖြစ်လာနိုင်တယ်လား ...
နှစ်ထောင်ပေါင်းများစွာ ဤကုန်းမြေတိုက်တွင် အားနည်းသည့် သားရဲများကသာ အနိုင်ကျင့်ခံရကာ သားရဲပိုင်ရှင်များ ကိုယ်တိုင်ကပင်လျှင် ဖိနှိပ်မှုကို ခံစားခဲ့ကြရပေသည်။
သို့သော် ယခုမူ အားလုံး ပြောင်းလဲသွားတော့၏။
လျောင်မုယဲ့ကလည်း ပုန်းအောင်းရာနေရာမှတစ်ဆင့် တီဗီကို ကြည့်နေသည်။ သူက တီဗီမှတစ်ဆင့် ရှဲ့ယွင်နန် အခြားသူများအား သင်ကြားပေးသည်ကို ကြည့်နေရင်း ရုတ်တရက် သဘောပေါက်သွားတော့သည်။
သူ ဒီကနေ အမြန်ဆုံး ထွက်သွားမှ ဖြစ်တော့မယ် ...
သူက အတိတ်ဘဝတွင် လုံးဝ မတွေ့ခဲ့ဖူးသည့် ထို ကျင့်ကြံစဉ်ဆိုသည့် အရာများမှာ မည်သည့်နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း မသိရ။ သို့သော် ရှဲ့ယွင်နန်အနေဖြင့် ထုတ်ပြလာရာ ၎င်းတို့က စစ်မှန်သည်ဟု အဓိပ္ပါယ်ရပေသည်။
သူ ပြန်လည်မွေးဖွားလာတာက အများကြီး ပြောင်းလဲသွားခဲ့တာပဲ ...
ယခင်က သူသည် ဟုန်ယဲ့မြို့ရှိ အခြား အင်အားကြီးမိသားစုများနှင့် ဆက်သွယ်ကာ အံ့ဖွယ်ဆေးပင် ရင့်မှည့်ချိန်ကို စောင့်ဆိုင်းရင်း လျှို့ဝှက်ကြံစည်မှုများ ပြုလုပ်ရန် တွေးထားခဲ့ဖူးသည်။ သို့သော် ယခုလက်ရှိ အခြေအနေအရမူ ဤမြို့မှ အမြန်ဆုံး ထွက်ခွါနိုင်လေ ကောင်းလေပင် ဖြစ်သည်။
သို့မဟုတ်ပါက တစ္ဆေဘုရင်နှင့် အပေါင်းအပါများ သန်းခေါင်စာရင်း ကောက်လာပါလျှင် သူ လွတ်မြောက်နိုင်တော့မည် မဟုတ်။
တစ္ဆေဘုရင်က ဘယ်လိုလုပ်ပြီး ယဇ်ဆရာအကြီးအကဲရဲ့ အလောင်းကို ရသွားတာလဲ အဲဒီ့အလောင်းက ဟုန်ယဲ့တောအုပ်ထဲ စီးဝင်သွားတာဆိုရင် သေချာပေါက်ကို ဟုန်ယဲ့မြို့တော်က အံ့ဖွယ်သားရဲတွေရဲ့ တိုက်ခိုက်တာကို ခံရမှာလေ အဲဒီ့လိုဆို တစ္ဆေဘုရင် သူ့လူတွေနဲ့အတူ မြို့ကို သိမ်းရင်တောင် မိသားစုကြီးတွေရဲ့ အကူအညီကို တောင်းနေရဦးမှာ ...”
အတိတ်ဘဝက ရှဲ့ယွင်နန်သည် ထိုမိသားစုကြီးများ၏ အင်အား လျော့နည်းသွားစေရန် ဆယ်နှစ်မျှ အချိန်ယူခဲ့ရသည်။
လျောင်မုယဲ့က သူ့ပစ္စည်းများကို ထုပ်ပိုးကာ ဘေးတွင် ရပ်နေသူကို ပြောလိုက်သည်။
“အခုချက်ခြင်း ဒီမြို့ကနေ ထွက်ပြီး မြင့်မြတ်မြို့တော်ကို သွားရအောင် ...”
ကျိုးယီချင်းက အံ့အားသင့်သွားသည့်ဟန်။
“မြင့်မြတ်မြို့တော်ကို သွားမယ်? လမ်းက အန္တရာယ် များလောက်လား ...”
“စိတ်မပူနဲ့ ငါ မင်းကို ကာကွယ်ပေးမယ် ...”
လျောင်မုယဲ့မှာ အချို့သော လူများနှင့် အဆက်အသွယ် ရှိနေဆဲ ဖြစ်သည့်အပြင် အရင်းအမြစ်အချို့ကိုလည်း လက်ကိုင်ထားနိုင်ဆဲ ဖြစ်သည့်အတွက် သူနှင့်အတူ သွားမည့်သူအချို့ကို ရှာဖွေလိုက်သည်။
သူ ဟုန်ယဲ့မြို့တော်မှ ထွက်ခွါချိန်တွင် မြို့ထဲရှိ သာမန်လူများသည် ကျင့်ကြံခြင်းကို စတင်နေကြပြီ ဖြစ်သည်။
ထို့အပြင် မြင့်မြတ်မြို့တော်တွင် အချင်းချင်း တိုက်ခိုက်နေကြသည့် အင်အားစုများကလည်း ဆုံးဖြတ်ချက် ချလိုက်ကြ၏။
ဟုန်ယဲ့မြို့ကို အမြန်ဆုံး ပြန်သိမ်းနိုင်မှ ဖြစ်တော့မယ် ...
ရှဲ့ယွင်နန်၏ ကျင့်ကြံစဉ်မှာ အလျင်အမြန် အကျိုးမထူးချေ။
သို့သော် စတင်ကျင့်ကြံပြီးနောက် တစ်လခန့် ကြာမြင့်သည့်အခါ သာမန်လူအများစုသည် တိုက်ခိုက်သူ ဖြစ်လာကြတော့သည်။
ရှဲ့ယွင်နန်က စိတ်လက်ကြည်သာနေသော်လည်း မုန့်ယန်နှင့် ကျောက်ချင်းယွင်ကမူ စိုးရိမ်စိတ်တို့ ဖိစီးလာတော့သည်။
ဒီကျင့်စဉ်သာ တကယ် အသုံးဝင်တာဆိုရင် .. အနာဂတ်မှာ သူတို့တွေ ဘယ်လို ဦးစားပေးမှုမျိုးကိုမှ ရနိုင်တော့မှာ မဟုတ်ဘူး ...
ထားပါ အခုလည်း အဖမ်းခံထားရတာဆိုတော့ ဘယ်လို ဦးစားပေးမှုမျိုးကိုမှ ရမနေတော့ဘူးလေ ...
သူတို့အနေဖြင့် သွမ့်ချန်ချင်း၏ အံ့ဖွယ်ဆေးပင်များအား အကောင်းဆုံး ကြိုးစားစိုက်ပျိုးပေးရန်သာ ရှိတော့သည်။
နောက်ရက်များတွင်လည်း သွမ့်ချန်ချင်းက အခြား စိတ်စွမ်းအင်ဆေးပင်အချို့ကို ထပ်ယူလာပြန်ကာ အားလုံးကို စိုက်ပျိုးစေလိုက်သည်။ ထို့အပြင် သူက မုန့်ယန်နှင့် ကျောက်ချင်းယွင်ထံမှ မြင့်မြတ်မြို့တော်အကြောင်း အများအပြား မေးခဲ့သည့်အတွက် ထိုမြို့နှင့် ပတ်သက်၍ လုံလုံလောက်လောက် နားလည်လာခဲ့တော့သည်။
“သွား .. မီးဖိုချောင်ထဲကိုသွား ...”
မုန့်ယန်နှင့် ကျောက်ချင်းယွင်က သူယူလာသည့် စိတ်စွမ်းအင်ဆေးပင်အားလုံးအား စိုက်ပျိုးပြီးပြီဖြစ်ကြောင်း တွေ့လိုက်သည့်အခါ သွမ့်ချန်ချင်းက သူတို့ကို မီးဖိုချောင်ထဲ ခေါ်၍ ကူညီပေးရန် ပြောလိုက်သည်။
သူက ထိုသူနှစ်ဦး၏ အခြေအနေကို တစ္ဆေဘုရင်ထံမှ လေ့လာခဲ့သည်။ ထိုသူများမှာ လူကောင်း မဟုတ်သည့်တိုင် မည်သည့် မကောင်းမှုကိုမှလည်း လွန်ကျူးဖူးခြင်း မရှိသည့်အတွက် လူဆိုးဟုလည်း မဆိုနိုင်ပေ။
ထိုသူနှစ်ဦးအား ကောင်းကောင်းသင်ပြပြီးပါလျှင် အနာဂတ်တွင် အသုံးချနိုင်မည် ဖြစ်သည်။
မုန့်ယန်နှင့် ကျောက်ချင်းယွင် “...”
သူတို့လို ဂုဏ်သိက္ခာကြီးမားတဲ့ အလယ်အလတ်အဆင့် ယဇ်ဆရာတွေက .. ချက်ပြုတ်ရမယ် ဟုတ်လား ...
“မြန်မြန်လုပ် ဒီနေ့ ယွင်နန်က စောစောပြန်လာမှာတဲ့ ...”
သူက ပြောလိုက်သည်။
အလုပ်များနေသည့်အတွက် မုန့်ယန်နှင့် ကျောက်ချင်းယွင်သည် လက်စားချေရန်ပင် တွေးမနေအား။ ထို့ကြောင့် ခေါင်းကိုက်ဝေဒနာကိုလည်း မခံစားရတော့ချေ။
စိတ်ထဲမှ တီးတိုး မြည်တမ်းလိုက်သည်။
တစ္ဆေဘုရင်ရဲ့ ပုံစံကို ကြည့်ပြီး သူ့ကို ငယ်ရွယ်တယ်လို့ ထင်မနေနဲ့ လေးဆယ်နား ကပ်နေပြီ ဒီလို လူအိုကြီးအရွယ် ရောက်နေတာကိုတောင် အားနည်းချင်ယောင်ဆောင်ပြီးတော့ နှစ်ဆယ်ကျော် လူငယ်လေးနဲ့ ကြိုက်လိုက်သေးတယ် ... ဟီးဟီး ...
သွမ့်ချန်ချင်းက သူတို့ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။
မုန့်ယန်တို့နှစ်ဦးလည်း ကြောက်ရွံ့သွားကာ နောက်ထပ် ထပ်မတွေးရဲတော့။
စားစရာ အဆင်သင့် ဖြစ်သည့်အခါ အပြင်ဘက်မှ ပြန်ရောက်လာသူ အချို့က ဆက်တိုက် မကျေမနပ် ရေရွတ်နေကြသည်။
“အဲဒီ့ တစ္ဆေဘုရင်က ဘာဖြစ်နေတာလဲ ...”
“ဟုတ်တယ် သူက လူတိုင်းကို တိုက်ခိုက်သူ ဖြစ်စေချင်တယ်တဲ့ ... ဒါမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...”
“ငါကတော့ အဲဒီ့ ဆင်ခြေဖုံးဒေသကကောင်တွေ ကျင့်ကြံနိုင်မယ်လို့ လုံးဝကို မယုံနိုင်ဘူး ...”
“ပြီးတော့ ဟိုရှဲ့ယွင်နန်ရောပဲ သူ့လို အဆင့်နိမ့် ယဇ်ဆရာကို ဒီလိုမျိုး ဆက်ဆံနေရတာ ...”
ထိုသူများသည် တစ္ဆေဘုရင်နှင့် ပူးပေါင်းရန် ဟုန်ယဲ့မြို့သို့ လာရောက်ခဲ့ကြသူများ ဖြစ်သည်။
သူတို့က ဟုန်ယဲ့မြို့ကို သိမ်းပိုက်ပြီးပါလျှင် စားကောင်းသောက်ဖွယ်များကို စားသောက်ရင်း ဘဝကို ဇိမ်ကျကျ ဖြတ်သန်းနိုင်တော့မည်ဟု ထင်ခဲ့ကြသည်။ သို့သော် မထင်မှတ်ထားစွာဖြင့် မြို့သို့ ရောက်လာသည့်အခါ သူတို့ကို ခစားမည့်သူ တစ်ဦးမျှပင် မရှိ၊ ချက်ပြုတ်ရန်ပင် တာဝန်ယူနေကြရတော့သည်။
မီးဖိုချောင်ထဲ ရောက်သည်နှင့်တစ်ပြိုင်နက် သွမ့်ချန်ချင်းကို တွေ့လိုက်ကြသည်။ အစက အနည်းငယ် ရှက်ရွံ့မိသွားသေးသော်ငြား ထို့နောက်တွင် ပို၍ပင် ထောင်လွှားလာတော့သည်။
သူတို့ မကျေနပ်ဘူးလေ အဲဒီ့တော့ ဘာဖြစ်လဲ ...
သွမ့်ချန်ချင်းက မုန့်ယန်ကို လှည့်ကြည့်လိုက်သည်။
“ဒီလူတွေက ကြည့်ရတာ ပူအိုက်နေကြတယ် ထင်တယ် သူတို့တွေ အေးသွားအောင် အပြင်ဘက်မှာ ခဏလောက် လေတိုက်ခံခိုင်းလိုက် ...”
ဤရက်ပိုင်းအတွင်း အပူချိန် ကျဆင်းလာသည့်အပြင် လေတိုက်နှုန်းကလည်း ပြင်းထန်လှ၏။
ဘာကို “အေးသွားအောင်”လဲ သွမ့်ချန်ချင်းက သူတို့ကို အေးခဲသွားစေချင်နေတာ အရှင်းကြီးကို ...
မုန့်ယန်နှင့် ကျောက်ချင်းယွင်က ထိုသူများကို အပြင်ဘက်သို့ အမြန် ဆွဲထုတ်လိုက်သည်။
ချက်ပြုတ်ရာတွင် ကူညီရန် တာဝန်ချထားခံရသူများ ဖြစ်သည့်အလျောက် ထိုသူများ၏ ခွန်အားမှာ များစွာ မသန်မာလှ။ အားလုံးမှာ အဆင့်နိမ့်တိုက်ခိုက်သူများသာ ဖြစ်ကြသည့်အတွက် ထိန်းချုပ်ရန် လွယ်ကူလှပေသည်။
အဲဒီ့လူတွေက သွမ့်ချန်ချင်းကိုတောင် ရန်စရဲလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ...
“ဘာလုပ်နေတာလဲ ဘော့စ်က ငါတို့ ချက်ပြုတ်မှာကို စောင့်နေတုန်းလေ ...”
တစ်ယောက်က အော်ပြောလိုက်သည်။
သွမ့်ချန်ချင်းက ထိုသူများကို လျစ်လျူရှုကာ ညစ
ာကိုယူ၍ အခန်းထဲသို့သာ ပြန်သွားလိုက်သည်။
သူက ရှဲ့ယွင်နန်ကို ယနေ့ စောစောပြန်လာပေးရန် တောင်းဆိုခဲ့ကာ ရှဲ့ယွင်နန်ကလည်း သဘောတူခဲ့သည်။
အကြောင်းအရင်းမှာ .. ဖန်ရေကရားထဲတွင် သူစိုက်ထားသည့် အပင်လေးမှာ ရင့်မှည့်ချိန်နီးနေသောကြောင့် ဖြစ်သည်။
ရှဲ့ယွင်နန်က ၎င်းကို စားပြီးပါလျှင် အလယ်အလတ်အဆင့် ယဇ်ဆရာအဖြစ်သို့ ရောက်ရှိနိုင်ပေမည် ။