Chapter 60
အတိတ်ဘဝက ရှဲ့ယွင်နန်၏ ခွန်အားကို တစ်ဖြည်းဖြည်း တိုးတက်လာစေခဲ့သည့် အံ့ဖွယ်ဆေးပင်မှာ လွန်စွာ သေးငယ်လှသည်။
၎င်းက ဟုန်ယဲ့မြို့တော် အစွန်အဖျားရှိ စိုက်ခင်း၏ ခြံစည်းရိုးဘေးတွင် ပေါက်နေကာ ပေါင်းမြက်များနှင့် ထပ်တူညီလုနီးပါးပင်။
ထိုအချိန်က အံ့ဖွယ်သားရဲများကို နှိမ်နင်းရန် လူတစ်စုကို ဦးဆောင်ကာ ထွက်လာသည့် ရှဲ့ယွင်နန်က ရင့်မှည့်နေသည့် ထိုအပင်ကို အချိန်ကိုက် တွေ့လိုက်ရ၍သာ လက်ဝယ်ရရှိခဲ့ခြင်း ဖြစ်သည်။
ပြန်လည်မွေးဖွားလာပြီးနောက် လျောင်မုယဲ့သည် ထိုအပင်ကို အရယူမည်ဟု စိတ်ပိုင်းဖြတ်ထား၏။
သို့သော် ယခုမူ ထိုအပင် မရှိတော့။ ခပ်သေးသေး တွင်းပေါက်တစ်ပေါက်သာ ကျန်ရစ်ခဲ့တော့သည်။
မရင့်မှည့်သေးသည့် အံ့ဖွယ်ဆေးပင် ဖြစ်သည့်အလျောက် မည်သူကမှ စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။ ဂရုတစိုက် တူးထားသည့် အရိပ်အယောင်ကိုလည်း မတွေ့ရ၊ သာမန်ကာလျှံကာ ဆွဲနှုတ်ထားခြင်း ဖြစ်ရာ အနီးနားရှိ ကလေးများက ထိုအပင်ကို မြက်ပင်လှလှလေးတစ်ပင်ဟု ထင်မိ၍ ဆွဲနှုတ်သွားခြင်း ဖြစ်ပေလိမ့်မည်။
ဒါက အံ့ဖွယ်အပင်ကွ!!!! အံ့ဖွယ်အပင်ကိုတောင်မှ အိုးပြောင်းစိုက်ရင် သေနိုင်ချေတွေ အများကြီး ရှိတဲ့ အံ့ဖွယ်အပင်မျိုးလို့ ...
ဒီတိုင်း ဆွဲနှုတ်သွားလို့ကတော့ သေချာပေါက်ကို ညှိုးနွမ်းခြောက်သွေ့သွားတော့မှာ ...
ထိုအခိုက်အတန့်၌ သူသည် အနီးအနားရှိ ကလေးများထံမှ အံ့ဖွယ်ဆေးပင်ကို ပြန်လုယူချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။
ဤစိုက်ခင်းအနီးတွင် ကျူးကျော်ရပ်ကွက်တစ်ခု ရှိနေသည်။
ကြုံရာကျပန်း တည်ဆောက်ထားသည့် ကျူးကျော်အိမ်များတွင် ရေမရှိ၊ လျှပ်စစ်မီးလည်း မရှိ၊ ထိုအိမ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရွံရှာဖွယ် အောက်သိုးသိုးအနံ့တစ်ခုကို ရရှိပေလိမ့်မည်။
လူသားများသည် များသောအားဖြင့် အလွန်အကျွံ မလုပ်ကြ။ မကောင်းသည့် အရာကိုမှ စွဲလမ်းတတ်သည့် လူများလည်း အများအပြား ရှိကြပေသည်။
သိပ်မကြာခင်က အစာရေစာ ပြတ်လပ်သည့်အတွက် ဓားပြတိုက်မှု၊ လူသတ်မှုများစွာ ဖြစ်ပွားခဲ့သော်လည်း တစ္ဆေဘုရင်၏ ဘက်တော်သားများက စားစရာများ ဝေငှကာ ဘဝကို တည်ငြိမ်အောင် ဆောင်ရွက်ပေးပြီးနောက် ဆက်လက်ဖြစ်ပွားခြင်း မရှိတော့ချေ။
ယနေ့ .. တီဗီကြည့်ရန်အတွက် တဲထဲတွင် လူအများအပြား စုရုံးရောက်ရှိနေ၏။
မီးစက်ကို မြောက်များစွာသော တီဗီများဖြင့် ချိတ်ဆက်ထားကာ အားလုံးက ဟုန်ယဲ့မြို့တော်၏ သတင်း တစ်ဖြစ်လဲ ရှဲ့ယွင်နန် တိုက်ခိုက်ခံရသည့် သတင်းကို ပြသနေသည်။
ဆင်ခြေဖုံးဒေသတွင် နေထိုင်သူများသည် ရှဲ့ယွင်နန်ကို များစွာ နှစ်သက်သဘောကျကြ၏။ သူသည်လည်း သူတို့ကဲ့သို့ပင် ဤဒေသ၌ မွေးဖွားကြီးပြင်းလာသူ ဖြစ်ပေသည်။
ရှဲ့ယွင်နန် လုပ်ကြံခံရကြောင်း ထုတ်လွှင့်မှုထဲတွင် သူ့ကို ရွံရှာစက်ဆုပ်စွာဖြင့် စိုက်ကြည့်နေသည့် ယန်ယုကော၏ မျက်နှာလည်း ပါဝင်သွားသည်။ ၎င်းမှာ ပြဿနာဟုပင် မမြင်နိုင်လောက်အောင် နုံအသူ အနည်းစုမှအပ ကျန်လူအများစုမှာ ဒေါသထွက်ကုန်ကြတော့သည်။
“ဒီခွေးသား ...”
“အဲဒီ့မိသားစုကြီးတွေကဆို တစ်ယောက်မှကို လူကောင်းမဟုတ်ပါဘူးလို့ ပြောသားပဲ ...”
“သူတို့က အသိစိတ်ကို မရှိကြတော့ဘူးလေ မကောင်းတဲ့ အကြံအစည်နဲ့ စားစရာတွေကို တမင် သိုလှောင်ထားတာပဲ ကြည့်ပါလား ငါတို့မှာ ဘာမှကို စားစရာ မရှိတော့ဘူး ...”
...
လတ်စသတ်တော့ အရင်က အဲဒီ့လူတွေက တမင် သိုလှောင်ထားပြီး ထုတ်မရောင်းပေးလို့ သူတို့တွေ မဝယ်နိုင်ခဲ့တာကိုး ... ဒါက သူတို့ကို သေလမ်းရောက်အောင် တွန်းပို့ပြီး ခြူးတစ်ပြား မကျန်အောင်ကို ညှစ်ထုတ်နေတာပဲ မဟုတ်လား ...
ထိုအကြောင်းကို သိလိုက်ရသည့်အခါ ဆင်ခြေဖုံးဒေသသာမက အထွေထွေခရိုင်ရှိ သာမန်သူအများစုကပင်လျှင် လျောင်မိသားစုကို မုန်းတီးသွားကြတော့သည်။
သူတို့က လျောင်မုယဲ့အတွက် ကူပြောပေးသည့် ယန်ယုကောကိုလည်း ထပ်တူ မုန်းတီးသွား၏။
“အဲဒီ့ လျောင်မုယဲ့ ဘယ်နား ပုန်းနေလဲဆိုတာ သိတဲ့သူ ရှိလား ...”
“သူ့ကို ငါတို့တွေ ဖမ်းမိနိုင်ရင် ကောင်းမှာပဲ အဲဒါဆို ငွေတွေ အများကြီးရမှာ ...”
“ရှေ့လျှောက် လူစိမ်းတစ်ယောက်ယောက်နဲ့ တွေ့ရင် သေချာ အာရုံစိုက်ပြီး လိုက်ကြည့်ထားရမယ်...”
“အဲဒီ့ယန်ယုကောက မစ္စတာရှဲ့ကို အသေသတ်ဖို့ကို ကြံစည်ထားတာ .. သေချာတယ် အဲဒါလည်း လျောင်မုယဲ့ရဲ့ လက်ချက်ပဲနေမှာ ...”
....
တစ်ယောက်တစ်ခွန်း အလုအယက် ပြောလိုက်ကြသည်။
အလယ်အလတ်အဆင့် တိုက်ခိုက်သူတစ်ဦး ဖြစ်သည့်အလျောက် လျောင်မုယဲ့၏ အကြားအာရုံမှာ များစွာ ကောင်းမွန်လှသည်။ ထိုစကားများကို အဝေးမှ ကြားလိုက်ရသည့်အခါ သူ့မျက်နှာတစ်ခုလုံး အမှောင်ဖုံးသွားတော့သည်။
ဤရက်များအတွင်း ရှဲ့ယွင်နန်သည် သူ့မျက်နှာအား တစ်ချိန်လုံး ပြသကာ စားစရာများ ဝေငှပေးခဲ့သည့်အတွက် အားလုံးက သူ့ကို ကယ်တင်ရှင်ဟု သတ်မှတ်လိုက်ကြသည်။
ဤတစ်ကြိမ်တွင် ရှဲ့ယွင်နန်မှာ လုပ်ကြံမှုကြောင့် သေလုနီးပါးပင် ဖြစ်ခဲ့ရသည်။ သူတို့က အကျိုးအကြောင်းကို ရှင်းပြလိုက်သည့်အခါ လျောင်မုယဲ့သည် ပုန်ကန်မှု မဖြစ်ပွားမီကတည်းကပင် ရှဲ့ယွင်နန်အပေါ် အကောက်ကြံနေခဲ့သည့် ဗီလိန်အဖြစ်သို့ ရောက်ရှိသွားတော့သည်။
မည်သူကမှ ထိုစကားကို သံသယမဝင်။ ရှဲ့ယွင်နန်သည် လွန်စွာ ကြည့်ကောင်းလှသူဖြစ်ကာ ရှချင်နှင့်အတူ ရပ်နေသည့်တိုင် သူ့ရုပ်ရည်ကသာ ထူးကဲထင်ရှားနေတတ်သည်။
ထို့အပြင် ရှဲ့ယွင်နန်က လက်ထပ်ပြီးသူတစ်ဦး ဖြစ်သည့်အပြင် ယဇ်ဆရာအဖြစ်လည်း နိုးထထားသေး၏။
လျောင်မုယဲ့က ဟိုးအရင်ကတည်းက လူတွေကို အနိုင်ကျင့်နေကျထင်တယ် ...
လျောင်မုယဲ့က ထိုကျူးကျော်ရပ်ကွက်ထဲ သွားကာ သူ့အပင်ကို ရှာဖွေလိုသော်ငြား တီဗီအနီးတွင် ထိုင်နေသည့် အဆင့်နိမ့် တိုက်ခိုက်သူအချို့ကို တွေ့လိုက်သည့်အခါ ချက်ခြင်း လက်လျော့လိုက်တော့သည်။
ထိုသူအားလုံး စုပေါင်းတိုက်ခိုက်သည့်တိုင် သူ့ကို အနိုင်တိုက်နိုင်မည် မဟုတ်ချေ။ သို့သော် သူ မည်သူဖြစ်ကြောင်း ဖော်ထုတ်ခံရပါလျှင် သိသွားသူအားလုံးကို သတ်ရန် အချိန်များစွာ ယူနေရပေလိမ့်မည်။
ထိုအခါ သူ့ကို ဖမ်းဆီးမည့် လူအချို့လည်း ရောက်လာနိုင်၏။
လျောင်မုယဲ့က စိတ်ပျက်ဝမ်းနည်းစွာဖြင့် သူ့ပုန်းအောင်းနေကျ နေရာသို့ ပြန်လာလိုက်သည်။ အထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ရှဲ့ယွင်နန်နှင့် များစွာဆင်တူလှသူက သူ့ကို နှုတ်ဆက်လိုက်သည်။
“ပြန်လာပြီလား ...”
ထိုသူသည် လျောင်မိသားစုခေါင်းဆောင်၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် သူခေါ်လာခဲ့သူ ဖြစ်ပေသည်။ သူ့နာမည်ကိုပင် ကျိုးယီချင်းဟု ပြောင်းလဲလိုက်သေး၏။
လျောင်မိသားစုခေါင်းဆောင်၏ ခင်ပွန်းအမည်တွင် “ချင်”ဟူသည့် စကားလုံး ပါဝင်ပေသည်။
ကျိုးယီချင်း၏ မျက်နှာကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် လျောင်မုယဲ့၏ ဒေါသစိတ်များ အုံကြွလာပြန်ကာ သူ့ပါးကို အကြိမ်အနည်းငယ်ခန့် ရိုက်လိုစိတ်များပင် ဖြစ်ပေါ်လာတော့သည်။ သို့သော် သူ့အကူအညီကို လိုအပ်နေဆဲဖြစ်ကြောင်း ပြန်တွေးလိုက်မိသည့်အတွက် .. နူးညံ့သည့် အပြုံးတစ်ပွင့်ကို လှစ်ဟပြရင်းသာ ပြန်နှုတ်ဆက်လိုက်သည်။
ကျိုးယီချင်းသည်လည်း လျောင်မုယဲ့၏ အကြံများကို အတိအကျ သိထားကာ သူကိုယ်တိုင်ကပင်လျှင် မြင့်မြတ်မြို့တော်ရှိ လုမိသားစုအပေါ် တွယ်တက်ချင်သူ ဖြစ်ပေသည်။
ထို့ကြောင့် လတ်တလောတွင် ဖြစ်ပျက်ခဲ့သည်များ သတင်းထဲတွင် ပါလာသည့်တိုင် ကျိုးယီချင်းက များစွာ မတွေးခဲ့။ သူက ရှဲ့ယွင်နန်သည် မူလက လျောင်မုယဲ့ လုမိသားစုသို့ ပို့ရန် ရှာတွေ့ထားသူဟုသာ ထင်ထားခဲ့သည်။
ကျိုးယီချင်းသည်လည်း ချမ်းသာကြွယ်ဝသူတစ်ဦး ဖြစ်လိုသည့်အလျောက် လျောင်မုယဲ့နှင့် အတွေးအကြံချင်း တူညီသည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့်လည်း လျောင်မုယဲ့ကို ကောင်းစွာ ဆက်ဆံနေခြင်း ဖြစ်သည်။
...
လျောင်မုယဲ့ဘက်တွင် ဖြစ်နေသည်များအား ရှဲ့ယွင်နန်က မသိချေ။
ယန်ယုကော၏ လုပ်ရပ်မှာ လုပ်ကြံသတ်ဖြတ်ခြင်းဟုလည်း တစ်ထစ်ချ မဆိုနိုင်သော်လည်း ဟုန်ယဲ့မြို့တော်ရှိ မိသားစုကြီးများအား တိုက်ခိုက်ရန် ကြံစည်ထားသည့်အတွက် လုပ်ကြံမှုဟုသာ ခေါင်းစဉ်တပ်လိုက်တော့သည်။
မည်ကဲ့သို့ စီရင်မည်ကိုမူ မဆုံးဖြတ်ရသေးချေ။
ထိုရက်က ရှဲ့ယွင်နန်သည် အိမ်သို့ အလွန်နောက်ကျမှ ပြန်ရောက်လာခဲ့၏။ သူ ပြန်ရောက်လာချိန်တွင် ပန်းအိုးထဲရှိ ပန်းပင်နှင့် မြက်ပင်အချို့အား ရေလောင်းနေသည့် မုန့်ယန်နှင့် ကျောက်ချင်းယွင်ကို တွေ့လိုက်ရသည်။
ထိုသူများသည်လည်း ဖမ်းချုပ်ခံထားရသူများပင် ဖြစ်ရာ ဤမျှအထိ စိတ်အေးလက်အေး ဖြစ်နေကြလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားချေ။
သိ့သော် ရှဲ့ယွင်နန်က ထိုသူများအကြောင်း များစွာ တွေးမနေပဲ သွမ့်ချန်ချင်းထံသို့သာ တိုက်ရိုက် သွားလိုက်သည်။
သွမ့်ချန်ချင်းက အိပ်ခန်းထဲတွင် တီဗီကြည့်နေ၏။ ယခင်နေ့က ရေချိုးခန်းထဲ ထည့်ထားသည့် မြက်ပင်အိုးမှာလည်း အိပ်ယာဘေးရှိ စားပွဲပေါ်သို့ ရောက်နေခဲ့သည်။
သွမ့်ချန်ချင်းက ထိုမြက်ပင်ကို လွန်စွာ သဘောကျလှကြောင်း သိသာပေသည်။
ရှဲ့ယွင်နန်က အားရပါးရ ပြုံးကာ တစ်ခုခု ပြောမည်ပြုစဉ် တီဗီထဲမှ အသံတစ်သံကို ကြားလိုက်ရသည်။ ၎င်းမှာ သူ့ကို ချီးကျူးနေသည့် ဆရာဖြစ်သူ၏ အသံပင် ဖြစ်သည်။
သူပုန်များအနေဖြင့် ဟုန်ယဲ့မြို့တော်ကို လက်ရောက် ရလိုပါလျှင် လူထုတစ်ရပ်လုံးအား စည်းရုံးခြင်းကသာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ ထို့ကြောင့် သူတို့က ဟုန်ယဲ့မြို့ဒေသခံဖြစ်သည့် သူ့အား ရှေ့သို့ တွန်းပို့လိုက်ကြတော့သည်။
ရလဒ်မှာ လွန်စွာ ကောင်းမွန်လှကြောင်း ဝန်ခံရပေမည်။ ဟုန်ယဲ့မြို့တော် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းမှာ အထွေထွေခရိုင်နှင့် ဆင်ခြေဖုံးဒေသမှ ဖြစ်ကာ ထိုဒေသတွင် နေထိုင်သူများက သူ့ကို များစွာ နှစ်သက်သဘောကျကြသည်။
သူ့အား အလွန်အကျွံ ချီးကျူးနေသည့် အစီအစဉ်တင်ဆက်သူကို ကြည့်နေသည့် သွမ့်ချန်ချင်းကို မြင်လိုက်ရသည့်အခါ .. ရှဲ့ယွင်နန်၏ မျက်နှာတစ်ခုလုံး ရှက်သွေးများဖြင့် နီမြန်းသွားတော့သည်။
“ယွင်နန် ပြန်လာပြီလား ...”
သွမ့်ချန်ချင်းက ပြုံးကာ ပြောလိုက်သည်။
ရှဲ့ယွင်နန်က အသက်ကို ပြင်းပြင်းရှူကာ တီဗီမှ အသံများကို လျစ်လျူရှုရန် ကြိုးစားရင်း သွမ့်ချန်ချင်းနှင့်သာ စကားပြောနေလိုက်သည်။ သူ ယနေ့ ကြုံခဲ့ရသည်များကိုလည်း မချွင်းမချန် ပြန်ပြောပြလိုက်၏။
“အခု ကိုယ်တို့ဘက်က လူတွေကြားထဲမှာ အမြင်နှစ်ခု ကွဲနေတယ် တစ်ချို့ကကျ ကိုယ်တို့တွေ မြင့်မြတ်မြို့တော်ကို တိုက်ခိုက်တဲ့နေရာမှာ မိသားစုကြီးတွေရဲ့ အင်အားကို အသုံးချသင့်တယ်လို့ ထင်နေကြတယ် ဒါပေမယ့် ကိုယ့်ဆရာကကျ အဲဒါက ရေငတ်နေတဲ့အချိန် အဆိပ်ရည်ကို သောက်လိုက်သလိုမျိုးပဲ တစ်ချိန်ချိန်မှာ ကိုယ်တို့အတွက် အခက်အခဲ ဖြစ်လာစေနိုင်တယ်တဲ့ ...”
ဟုန်ယဲ့မြို့တော်ကို မည်သို့ စီမံသင့်ကြောင်း ဆွေးနွေးရင်း အမြင်ကွဲပြားကုန်ကြသည်။
အချို့က တန်းတူညီမျှမှုကို လိုချင်နေကြသည်။
ဒါပေမယ့် စီနီယာအဆင့် တိုက်ခိုက်သူနဲ့ သာမန်သူတွေက အတူတူ ဖြစ်နိုင်မှာလဲ ပြီးတော့ မြင့်မြတ်မြို့တော်က သူတို့ရဲ့ ရန်သူလေ ...
အခြားသူများကမူ မြင့်မြတ်မြို့တော်ကို မတိုက်ခိုက်မီ မိသားစုကြီးများနှင့် ပူးပေါင်းကာ အာဏာကို တိုးတက်လာစေသင့်သည်ဟု ထင်မြင်ကြ၏။
သွမ့်ချန်ချင်းက မေးလိုက်သည်။
“ယွင်နန် ခင်ဗျားကရော ဘာကို ဆန္ဒအရှိဆုံးလဲ ...”
ရှဲ့ယွင်နန်က ပြောလိုက်သည်။
“ကိုယ်က အားလုံးကို သာတူညီမျှ ဖြစ်စေချင်တာ ဒါပေမယ့် အဲဒါကလည်း အရမ်း ခက်ခဲလွန်းတယ်လေ .. ကိုယ် ယဇ်ဆရာအဖြစ် နိုးထလာပြီးနောက်ပိုင်း ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေနဲ့ အတူတူ ဖြစ်လာတယ် ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“တကယ်လို့ မိသားစုကြီးတွေကသာ မြေတွေ အများကြီး ပိုင်ဆိုင်နေဦးမယ်ဆိုရင် သာမန်သူတွေက အသက်ရှင်နေထိုင်ဖို့ သူတို့အပေါ် မှီခိုနေရဦးမှာပဲ .. ဒီလိုနဲ့ပဲ သူတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ ဖိနှိပ်ခံနေရဦးမှာ တကယ်လို့ လူတိုင်းကို သာတူညီမျှ ဖြစ်စေချင်တယ်ဆိုရင် မြေယာပိုင်ဆိုင်မှုကို တန်းတူညီမျှ ဖြစ်စေတာ အကောင်းဆုံးပဲ ...”
ဤကမ္ဘာသည် သူ ပထမဆုံး နေထိုင်ခဲ့သည့် ကမ္ဘာရှိ အချို့သော နိုင်ငံများနှင့် ဆင်တူပေသည်။
နိုင်ငံ၏ ထိန်းချုပ်မှုကြောင့် အာဏာသည် အချို့သော “အထက်တန်းလွှာ” လူနည်းစု၏ လက်ထဲတွင်သာ တည်မြဲနေခဲ့သည်။ စစ်မှန်သော သာတူညီမျှမှု ဟူသည့် စကားမှာ ဖြစ်နိုင်ချေ မရှိ။ “ဒီမိုကရေစီ” ဟူသော အသုံးအနှုန်းမှာလည်း ပြက်လုံးတစ်ခုမျှသာပင်။
ဤတစ်ကြိမ်တွင် ရှဲ့ယွင်နန်တို့က ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူများကို နေထိုင်စားသောက်စရာနှင့် အလုပ်အကိုင်များ စီစဉ်ပေးနိုင်သော်ငြား ထိုသူများက မိသားစုကြီးများကိုသာ မှီခိုနေရပါလျှင် များမကြာမီ အလုပ်အကိုင်မဲ့ကာ ကျူးကျော်ရပ်ကွက်သို့သာ နောက်တစ်ကြိမ် ပြန်ရောက်သွားရမည် ဖြစ်သည်။
ဤကမ္ဘာမှာ ခွန်အားကြီးသူကို လေးစားသည့်ကမ္ဘာ ဖြစ်သည့်အလျောက် မြေယာပိုင်ဆိုင်ခွင့်မှာ လူတိုင်းအတွက် အသုံးမဝင်။
သန်မာတဲ့သူတွေက တစ်ခြားသူတွေရဲ့ မြေယာတွေကို မလုယူနိုင်တော့ဘူးတဲ့လား...
လူတိုင်း ကျင့်ကြံနိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပေါ့ ...
သွမ့်ချန်ချင်းက ရှဲ့ယွင်နန်နှင့် အချိန်ကြာမြင့်စွာ ဆွေးနွေးနေလိုက်သည်။ ရှဲ့ယွင်နန် အိပ်မောကျသွားသည့်အခါ အပြင်ထွက်၍ တစ္ဆေဘုရင်၏ ပြတင်းပေါက်ကို ခေါက်လိုက်သည်။
အိပ်ပျော်ကာစမှာပင် အနှိုးခံလိုက်ရသည့်အတွက် တစ္ဆေဘုရင်သည် အနည်းငယ် စိတ်တိုမိသွားသော်လည်း သွမ့်ချန်ချင်းကို မြင်လိုက်သည့်အခါ ဒေါသစိတ်ကို မျိုသိပ်လိုက်ရတော့သည်။
“ဘာဖြစ်လို့လဲ ...”
သူက ဘာလို့ ဒီအထိ ရောက်လာတာလဲ ...
သွမ့်ချန်ချင်းက ပြတင်းပေါက်ကို လှလှပပ ကျော်ဝင်ကာ တစ္ဆေဘုရင်ကို ပြောလိုက်သည်။
“ပြောစရာရှိလို့ ...”
“ဘာလဲ ...”
တစ္ဆေဘုရင်က မေးလိုက်သည်။
“ကျင့်ကြံရေးနည်းလမ်း ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“အဲဒါက အားလုံးအတွက် သင့်တော်တယ် ဒါကို လေ့ကျင့်တဲ့ သူတွေက အံ့ဖွယ်သားရဲရဲ့ အသားကို စားဖို့ မလိုအပ်ဘူး ကြိုးကြိုးစားစား လေ့ကျင့်သရွေ့ အနည်းဆုံး အလယ်အလတ်အဆင့် တိုက်ခိုက်သူအထိတောင် ဖြစ်လာနိုင်တယ် ပြီးတော့ ယဇ်ဆရာအဖြစ် နိုးထလာနိုင်ချေလည်း များတယ် ...”
ဤကမ္ဘာရှိ လူအားလုံးမှာ မိစ္ဆာများပင် ဖြစ်ကြရာ .. အားလုံး ကျင့်ကြံနိုင်သည်ဟု အဓိပ္ပါယ်ရပေသည်။
(ဒီမှာ သူပြောတဲ့ မိစ္ဆာက မြေခွေးမိစ္ဆာ၊ ယုန်မိစ္ဆာလို မိစ္ဆာမျိုးကို ပြောတာပါ)
သွမ့်ချန်ချင်းက ဤရက်ပိုင်းအတွင်း မိစ္ဆာအားလုံးအတွက် သင့်လျော်သည့် အခြေခံ ကျင့်ကြံရေးလမ်းစဉ်ကို ပြန်လည်ပြင်ဆင်နေခဲ့သည်။
ထိုလမ်းစဉ်က သွေးကြောတည်ဆောက်ပုံနှင့် ပင်ကိုယ်ပါရမီကို ထည့်တွေးနေရန် မလို။ ထိုးသွင်းသဘောပေါက်နိုင်စွမ်း၊ အားစိုက်ထုတ်မှုနှင့် ခန္ဓာကိုယ်ကို ရင်းနှီးကာ ကျင့်ကြံရသည့် တိုက်ခိုက်ရေးပညာရပ်ကို အခြေခံထားသည့်အတွက် စတင်လေ့ကျင့်ရန် လွန်စွာ ရိုးရှင်းလှသည်။
ကျင့်ကြံရေးလောကတွင် လူသားအဖြစ်သို့ရောက်အောင် မကျင့်ကြံရသေးသည့် မိစ္ဆာများသည် သူတို့ မူလကိုယ်၏ ခွန်အားကို လွန်စွာ အလေးထားကြသည်။ သို့သော် လူသားအဖြစ်သို့ ရောက်ရှိနိုင်သွားသည့်အခါ ... ကျားကို ကိုက်ဖြဲနိုင်သည့် ယုန်များပင် ရှိလာ၏။
မူလဇစ်မြစ်ဟူသည်မှာ များစွာ အရေးမပါလှချေ။
သိမြင်နားလည်နိုင်စွမ်းအပေါ်တွင်လည်း မူတည်နေသေးပေ၏။ သို့သော် အနည်းဆုံးအနေဖြင့် သာမန်သူတိုင်းအတွက် မျှော်လင့်ချက် ရှိနေပေသည်။
သူတို့မှာ မျှော်လင့်ချက် မရှိတော့ဘူး ဆိုရင်တောင် ကလေးတွေကတော့ ရှိသင့်တာပေါ့ မဟုတ်ဘူးလား ...
ထို့အပြင် ၎င်းက ခန္ဓာကိုယ်ကို လေ့ကျင့်ရသည့် ကျင့်ကြံစဉ်ဖြစ်သည်။ သိမြင်နားလည်နိုင်စွမ်း နည်းပါးသည့်တိုင် အပတ်တကုတ် အားထုတ်ကြိုးပမ်းသူများသည် ကောင်းစွာ နားလည်သဘောပေါက်သော်လည်း ကြိုးစားခြင်း မရှိသူကို ဖိနှိပ်ထားနိုင်ပေသည်။
တစ္ဆေဘုရင်က ကြောင်အသွား၏။
“ဒီလိုကိစ္စမျိုးလည်း ရှိသေးတယ်လား ...”
“အင်း ...”
သွမ့်ချန်ချင်းက ပြောလို
က်သည်။
တစ္ဆေဘုရင်၏ အမူအယာမှာ လုံးဝဥဿုံ ပြောင်းလဲသွားတော့သည်။
သူက သွမ့်ချန်ချင်းကို ဘာအလုပ်မှလည်း မလုပ်ဘူးဆိုပြီး အပြစ်မတင်သင့်တော့ဘူး ဒါကမှ တကယ်ကို တစ်ခြားလူတွေကို ဂရုစိုက်ပေးတတ်တဲ့ လူစားမျိုးပဲ ...