Chapter 59
ရှဲ့ယွင်နန်က မုန့်ယန်နှင့် ကျောက်ချင်းယွင်သည် ရုတ်တရက်ကြီး နာခံမှု ရှိလာကာ သူ ခိုင်းသမျှတိုင်းကို ကောင်းကောင်းမွန်မွန် လုပ်ပေးနေကြောင်း သတိပြုမိလိုက်သည်။
ထိုမျှသာမက ထိုသူနှစ်ဦးက သူ့ကို ယဇ်ဆရာများသာ သိထားသင့် ဗဟုသုတအချို့ကိုပါ သင်ကြားပေးလိုက်သေး၏။
ဤကမ္ဘာတွင် စိတ်စွမ်းအင် အလုံအလောက် မရှိ။ အားလုံးက စမ်းတဝါးဝါးဖြင့် မြေစမ်းခရမ်းပျိုး ကျင့်ကြံနေကြကာ အမျိုးမျိုးသော အမှားများကို သင်ခန်းစာယူရာမှ အနည်းငယ် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ယဇ်ဆရာများက ဆေးဖော်စပ်ရန် အံ့ဖွယ်သားရဲနှင့် ထူးခြားဆေးပင်များကို အသုံးပြုကြခြင်းကဲ့သို့ ဖြစ်သည်။
ရှေးခေတ်ကာလများကတည်းက ထိုကဲ့သို့သော အသိပညာများကို ယဇ်ဆရာအချင်းချင်းကြားတွင်သာ လက်ဆင့်ကမ်းလာခဲ့ကြသည့်အတွက် ယခုအချိန်အထိ ထိုပညာရပ်များသည် ယဇ်ဆရာများ အကြားတွင်သာ ပျံ့နှံ့နေဆဲပင်။
ရှဲ့ယွင်နန် မဆိုထားနှင့်၊ တစ္ဆေဘုရင်နှင့် လုရှောင်ရန်ကဲ့သို့သော မိသားစုကြီးများတွင် မွေးဖွားကြီးပြင်းလာကြသူများပင်လျှင် ထိုကိစ္စများကို လုံးဝ မသိထားချေ။
မုန့်ယန်နှင့် ကျောက်ချင်းယွင်က အစပိုင်းတွင် ရှဲ့ယွင်နန်ကို သင်ကြားပေးရန် အစီအစဉ်မရှိ။ သို့သော် ရှဲ့ယွင်နန်သည် သွမ့်ချန်ချင်း သဘောကျနှစ်သက်သည့်သူ ဖြစ်နေပေသည်။
သူတို့က ထိုသို့ သင်ကြားပေးသည့်အတွက် တစ်ချိန်ချိန်တွင် သွမ့်ချန်ချင်းထံမှ အကျိုးအမြတ်များ တောင်းဆိုနိုင်ပေသည်။
ဤသို့ဖြင့် နှစ်ဦးလုံးသည် ရှဲ့ယွင်နန်အပေါ် လွန်စွာ ရည်မှန်းချက် ကြီးမားလာတော့သည်။
တစ္ဆေဘုရင်၏ ဘက်တော်သားများကမူ ယခင်ကတည်းက ရှဲ့ယွင်နန်အပေါ် အထင်အမြင်ကောင်းများ ရှိကြ၏။
ဒါက သူတို့ရဲ့ ယဇ်ဆရာလေ ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မှာလဲ ...
ထိုသို့ဖြင့် ရှဲ့ယွင်နန်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် အာရုံစိုက်မှုတို့၏ ဗဟိုချက် ဖြစ်သွားတော့သည်။
တစ္ဆေဘုရင်နှင့် သူ့ငယ်သားများမှာ လုပ်စရာအလုပ်များ လွန်စွာ များပြားလှသည့်အတွက် ဟုန်ယဲ့မြို့တော်ရှိ မိသားစုကြီးများကို ကိုင်တွယ်နေရန် အချိန်မရှိ။ ထိုမိသားစုများမှ အရေးအကြီးဆုံးလူများကိုသာ ထိန်းချုပ်ထားလိုက်တော့သည်။
အခြားသူများကမူ .. ထိုသူတို့မှာ လှိုင်းဂယက်ထအောင် စွမ်းဆောင်နိုင်သည့် အင်အားပင် မရှိကြသည့်အတွက် ချန်ထားရစ်လိုက်သည်။
ဒီလူတွေကို အာရုံစိုက်နေရတာ .. လူ့စွမ်းအားအရင်းအမြစ်ကို ဖြုန်းတီးနေတာနဲ့ အတူတူပဲ …
ထိုအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ အချို့က ရှဲ့ယွင်နန်ကို အလိုလိုက် အကြိုက်ဆောင်လာကြတော့သည်။ သို့သော် သူ့ကို မကျေမနပ် ဖြစ်နေကြသူများလည်း အများအပြား ရှိနေဆဲပင်။
ထိုသူများအနက် ရှဲ့ယွင်နန်ကို အမုန်းတီးဆုံးသူမှာ ယန်ယုကော ဖြစ်ကြောင်းကိုမူ တွေးနေရန်ပင် မလိုတော့ချေ။
လျောင်မုယဲ့က ရှဲ့ယွင်နန်ကို ထူးထူးခြားခြား ဆက်ဆံခဲ့သည့်အတွက် ယန်ယုကောက သူ့ကို မုန်းတီးခဲ့သည်။ သို့သော် ထိုစဉ်က ရှဲ့ယွင်နန်ကို များစွာ အာရုံမထားခဲ့။
သူ့အဖို့ ထိုသူမှာ ဆင်ခြေဖုံးဒေသ၏ ရွှံ့အိုင်ထဲမှ ဖားတစ်ကောင်သာ ဖြစ်ပေသည်။
လျောင်မုယဲ့နှင့် လျောင်ရှင်းယွမ်က ရှဲ့ယွင်နန်နှင့် မကြာမကြာ ဆက်သွယ်နေသည့်အတွက် အစပိုင်းတွင် သူတို့နှစ်ဦး စိတ်တိုသွားမည်ကို စိုးရိမ်စိတ်ကြောင့် ထိုသူကို ဘာမှ မလုပ်ခဲ့။ သို့သော် လျောင်မုယဲ့က ရှဲ့ယွင်နန် လက်ထပ်ပြီးသည်အထိ စိတ်မပြတ်နိုင်သေးသည့်အတွက် .. သူက လူတစ်ယောက်ကို ရှာကာ ရှဲ့ယွင်နန်အား ပြန်ပေးဆွဲခိုင်းလိုက်သည်။ သူက မတော်တဆ ဖြစ်သည့်ဟန်ဖြင့် ရှဲ့ယွင်နန်ကို သတ်ခိုင်းရန်ပင် တွေးခဲ့ဖူးသေး၏။
နောက်ဆုံးတွင် ရှဲ့ယွင်နန်က မည်သို့သော ဒုက္ခမျိုးကိုမှ မခံစားရ။ ထိုအစား သူ့ထက်မြင့်သည့် နေရာသို့ပင် ရောက်သွားလိုက်သေးသည်။
စိတ်ထဲတွင် အစိုင်အခဲ ဖြစ်နေသည့် ယန်ယုကောသည် ရှဲ့ယွင်နန်က လျောင်မုယဲ့အား ဝရမ်းထုတ်လိုက်ကြောင်း သိလိုက်ရသည့်အခါ ပို၍ပင် မွန်းကြပ်လာတော့သည်။
မကောင်းသည့် ရည်ရွယ်ချက်ဖြင့် စားစရာများကို တမင်တကာ သိုလှောင်ထားသော လျောင်မိသားစု တစ်ခုလုံး ဖမ်းဆီးခံထားရသည်။
လျောင်မိသားစုဝင်များက ထိုအကြံမှာ လျောင်မုယဲ့၏ အကြံဖြစ်ကြောင်း တစ်ညီတစ်ညွတ်တည်း ပြောလာကြသော်ငြား ထိုအချိန်တွင် လျောင်မုယဲ့က ထွက်ပြေးနှင့်နေပြီ ဖြစ်သည်။ ထိုသတင်းများကို ကြားလိုက်ရသည့်အတွက် ယနေ့တွင် ရှဲ့ယွင်နန်က ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ရှဲ့ယွင်နန်သည် တစ်မနက်လုံး အလုပ်များနေခဲ့၏။ နေ့လယ်ပိုင်း အနားယူချိန်တွင် သူ့ထံသို့ ယန်ယုကော ရုတ်တရက် ရောက်လာကာ ဆူပူကြိမ်းမောင်းကာ မကျေနပ်ကြောင်း ပြောလာခဲ့သည်။
ထိုနာမည်ကို ကြားလိုက်ရသည့်အခါ ရှဲ့ယွင်နန်သည် အနည်းငယ် တွန့်ဆုတ်သွားခဲ့မိသေးသည်။ ယခင်က ယန်ယုကောကို ကြောက်ရွံ့ခဲ့သော်ငြား ယခုမူ လုံးဝ ကြောက်ရွံ့ခြင်း မရှိတော့။
ယန်ယုကောကို သူ့ထံသို့ ခေါ်လာစေလိုက်သည်။
တစ်ချိန်က လွှမ်းမိုးလိုစိတ် ပြင်းထန်ကာ ထောင်လွှားမောက်မာတတ်သည့် သခင်လေးယန်သည် ယခင်အတိုင်း ဈေးကြီးသည့် အဝတ်အစားများကို ဝတ်ဆင်ထားဆဲပင်။ သို့သော် သူ့ပုံစံမှာ ယခင်ကဲ့သို့ များစွာ မခက်ထန်တော့။ သူက ရှဲ့ယွင်နန်ကို ရွံရှာမှု၊ မကျေနပ်မှုတို့ဖြင့် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်သည်။
“အဆင်ပြေရဲ့လား ...”
ရှဲ့ယွင်နန်က မေးလိုက်သည်။
“ရှဲ့ယွင်နန် မင်း စိတ်ရော မှန်သေးရဲ့လား မုယဲ့က မင်းအပေါ် အများကြီး ကောင်းပေးခဲ့တာကိုတောင် သူ့ကို ဖမ်းချင်သေးတယ်ပေါ့ ...”
ယန်ယုကောက ဒေါသတကြီး ပြောလိုက်သည်။
“သူ ငါ့ကို ဘယ်တုန်းက ကောင်းကောင်း ဆက်ဆံလို့လဲ ...”
ရှဲ့ယွင်နန်မှာ ရယ်မောလိုက်လိုစိတ်များပင် ဖြစ်ပေါ်လာတော့သည်။
လျောင်မုယဲ့က သူ့ကို အမြဲတမ်း အထင်သေးနေတာ ဘယ်တုန်းကမှ မျက်နှာသာ မပေးခဲ့ဖူးဘူး .. ဒါလား သူ့ကို ကောင်းကောင်း ဆက်ဆံပေးတယ်ဆိုတာ ...
“မင်း ... မင်းက မုယဲ့ကို မရနိုင်တာနဲ့ပဲ သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာ မဟုတ်လား ဘာလို့ ဒီလောက်အထိ ရက်စက်နိုင်ရတာလဲ ...”
ယန်ယုကောက လျောင်မိသားစုထဲတွင် တစ်ခုခု ဖြစ်ပွားသွားခဲ့လေသလားဟုလည်း သံသယ ဝင်နေမိသည်။
လျောင်မုယဲ့က လွတ်မြောက်သွားရင်တော့ ပြဿနာ မရှိပေမယ့် တကယ်လို့ သူသာ အဖမ်းခံရရင် .. အဲဒီ့ သူပုန်တွေက သူ့ကို ဘယ်လိုလုပ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ...
သူက ရှဲ့ယွင်နန်သည် လျောင်မုယဲ့ကို ကူညီပေးလိမ့်မည်ဟု ထင်ခဲ့မိသော်ငြား ရှဲ့ယွင်နန်သည် ကူညီပေးရန် တွေးပင် တွေးထားသည့်ဟန် မရှိပေ။
“ယန်သခင်လေး ဒီကို အကြောင်းပြချက် မရှိ ကျွန်တော့်ကို အသားလွတ်စွပ်စွဲဖို့ ရောက်လာတာလား ဒီလိုအရာတွေနဲ့ .. ကျွန်တော်က ခင်ဗျားကို ဘာမှ မလုပ်နိုင်ဘူးလို့ ထင်နေတာလား ...”
ရှဲ့ယွင်နန်က အေးစက်စွာဖြင့် ပြောလိုက်သည်။
သူက ယန်ယုကောနှင့် ပတ်သက်၍ အဖုအထစ် ရှိနေခဲ့သည့်တိုင် ထိုသူကို လုံးဝ ဂရုမစိုက်ခဲ့။
“မင်းက ကံကောင်းသွားရုံလေးတင်ပါ ဒီတိုင်း ဆင်ခြေဖုံးဒေသကနေ ရောက်လာတဲ့ သာမန် အဆင့်နိမ့်လူတစ်ယောက်သာသာပဲလေ ... “
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒေါသစိတ်များစွာကို မျိုသိပ်ထားခဲ့ရသည့် ယန်ယုကောသည် သူ့အဖော်သားရဲကို ထုတ်ကာ ရှဲ့ယွင်နန်ကို ချက်ခြင်း တိုက်ခိုက်လိုက်တော့သည်။
သူတို့နှစ်ဦး ပထမဆုံးအကြိမ် စတွေ့စဉ်ကကဲ့သို့ပင် ကျားသစ်က ရှဲ့ယွင်နန်ထံ တစ်ဟုန်ထိုး ပြေးဝင်လာသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ရှဲ့ယွင်နန်က အန္တရာယ်ကို စောစောစီးစီး အာရုံခံမိသည့်အတွက် ခြေတစ်လှမ်း နောက်ဆုတ်ကာ ရှောင်ပိုင်ကို ဆင့်ခေါ်၍ ရှေ့တိုးစေလိုက်သည်။
ယခင်က အရွယ်မရောက်သေးသည့် ရှောင်ပိုင်သာ ဖြစ်ပါလျှင် ထိုကျားသစ်ကို ကိုင်တွယ်နိုင်မည် မဟုတ်။ သို့သော် အရွယ်ရောက်ပြီးသည့် ရှောင်ပိုင်မှာ ကျားသစ်နှင့်ပင် အရွယ်အစားချင်း သိပ်မကွာတော့ချေ။
သွမ့်ချန်ချင်းက စိတ်စွမ်းအင်များ စဉ်ဆက်မပြတ် ကျွေးမွေးထားသည့်အတွက် ရှောင်ပိုင်သည် သာမန်ခွေးများထက် အဆများစွာ ကြီးမားလာခဲ့သည်။
ရှောင်ပိုင်က ကျားသစ်ကို ကိုက်ခဲရန် ပြင်လိုက်သည်။ သို့သော် ကျားသစ်ကို မထိရသေးခင်မှာပင် ခြင်္သေ့တစ်ကောင် ရောက်လာကာ ကျားသစ်အပေါ် ခုန်အုပ်၍ နှစ်ပိုင်းဖြစ်အောင် ဆွဲဖြဲလိုက်သည်။ ထို့ကြောင့် စိတ်တိုနေသည့် ရှောင်ပိုင်က ထိုခြင်္သေ့ကို ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
ခြင်္သေ့က လုံးဝ မလှုပ်ရှားရဲတော့။
ကျားသစ်က ချက်ခြင်း ပျောက်ကွယ်သွားကာ တစ်ချိန်တည်းမှာပင် ယန်ယုကောကလည်း ခေါင်းကို အုပ်ကိုင်လျက် အော်ဟစ်ညည်းညူလိုက်ပြီးနောက် မြေပေါ်သို့ လဲကျသွားတော့၏။
ဝင်ရောက်တိုက်ခိုက်ပေးသူမှာ ရှစ်ဟိုင်ယွမ်ဖြစ်သည်။ သူနှင့် အခြား နဝမအဆင့် တိုက်ခိုက်သူတစ်ဦးအား သွမ့်ချန်ချင်း ပေးထားသည့် အဓိကတာဝန်မှာ ရှဲ့ယွင်နန်ကို ကာကွယ်ရန် ဖြစ်သည်။
ထို့ကြောင့် ရှဲ့ယွင်နန် အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ သူတို့သည် ကာယကံရှင်ထက်ပင် ပိုပြီး ပူထူသွားတော့သည်။
ထို့နောက် ရှစ်ဟိုင်ယွမ်က ယန်ယုကောကို ဆွဲထူကာ ပြောလိုက်သည်။
“မြန်မြန် လုပ်ကြံသူကို ဖမ်းလိုက်တော့ ...”
ရှဲ့ယွင်နန်က တိုက်ခိုက်ခံလိုက်ရပြီ ...
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရှဲ့ယွင်နန်သည် တစ္ဆေဘုရင်၏ အင်အားစုအတွက် ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။
နဝမအဆင့် တိုက်ခိုက်သူအယောင်ဆောင်ထားသည့် တစ္ဆေဘုရင်သည် လွန်စွာ ကြောက်ရွံ့ရွံရှာဖွယ်ကောင်းသည့် မျက်နှာဖုံးကို ဝတ်ဆင်ထားသည့်အတွက် လူလုံးထွက်ပြရမည့် ကိုယ်စားလှယ်လုပ်ရန် ခဲယဉ်းလှသည်။ တစ္ဆေဘုရင် တစ်ဖြစ်လဲ သွမ့်ချန်ချင်းကလည်း ထိုကဲ့သို့သော ကိစ္စများကို အာရုံမထား။ အခြားသူများကမူ လုပ်ရဲသည့် သတ္တိ မရှိကြပေ။
ထိုသို့ဖြင့် ရှဲ့ယွင်နန်ကသာ ကိုယ်စားလှယ် ဖြစ်လာရတော့၏။
ရှဲ့ယွင်နန် အခြားသူများအား ကုသပေးချိန်တိုင်း သို့မဟုတ် အခြားအလုပ်တစ်ခုခုကို လုပ်နေချိန်တိုင်း သူ့ဘေးတွင် ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ ရှိနေကာ တီဗီမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသနေသည်။
ယခုအချိန်မှာ သူ၏ စားသောက်ချိန် ဖြစ်သည်။ အခြားသော သာမန်ဝန်ထမ်းများနှင့် အတူတူပင် စားသောက်နေကာ ထိုစားသောက်နေသည်ကအစ သူ လုပ်သမျှတိုင်းကို ရိုက်ကူးနေသည့်အတွက် ယန်ယုကော၏ လုပ်ရပ်များကိုလည်း အလိုလိုပင် ရိုက်ကူးမိသွားတော့သည်။
ချက်ခြင်းပင် သတင်းစာ ခေါင်းကြီးပိုင်းသို့ ရောက်လုနီးပါး ဖြစ်သွား၏။
ထိုသတင်းကို မြင်လိုက်သည့် လျောင်မုယဲ့မှာ မကျိန်ဆဲဘဲပင် မနေနိုင်တော့ချေ။
“စောက်ရူးကောင် ...”
အဲဒီ့ ယန်ယုကောက တကယ်ကို ရူးနေတာပဲ ...
ပြီးခဲ့တဲ့ ဘဝတုန်းကလည်း အဲဒီ့အတိုင်းပဲ လုပ်တတ်တာလည်း ဘာမှမရှိ၊ ဦးနှောက်လည်း မရှိ၊ သေလမ်းရှာဖို့လောက်ပဲ တတ်တယ် ...
အခုထိကို ဘာအသိဉာဏ်မှ မရှိသေးဘူး ...
အတိတ်ဘဝတွင်လည်း တစ္ဆေဘုရင်သည် ဟုန်ယဲ့မြို့တော်ကို သိမ်းပိုက်ခဲ့ပေသည်။ သို့သော် ထိုစဉ်က တစ္ဆေဘုရင်သည် ပြင်းထန်စွာ နာမကျန်းဖြစ်နေသည့်အပြင် လူသူအင်အားလည်း နည်းပါးခဲ့၏။ ထို့ကြောင့် ဒေသခံ မိသားစုကြီးများ၏ အကူအညီကို လိုအပ်ခဲ့ကာ လျောင်မိသားစု၊ ယန်မိသားစုတို့နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့သည်။
တစ္ဆေဘုရင်က သူ့ကို မြို့အရှင်အဖြစ်ပင် ခန့်အပ်ခဲ့သေး၏။
သို့သော် အခြေအနေကို ရှင်းရှင်းလင်းလင်း နားမလည်သည့် ယန်ယုကောက လူငှားကာပင် ရှဲ့ယွင်နန်ကို လုပ်ကြံခဲ့သေးသည်။
သူ့လုပ်ရပ်များက တစ္ဆေဘုရင်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့၏။ တစ္ဆေဘုရင်က ယန်ယုကောကို သတ်ခဲ့ရုံသာမက သူ့(လျောင်မုယဲ့)ကိုပါ မြို့အရှင် ရာထူးမှ ဖယ်ရှားခဲ့သည်။
ဤဘဝတွင် တစ္ဆေဘုရင်က ပြန်လည်မွေးဖွားလာသည့်အပြင် ယဇ်ဆရာအကြီးအကဲ၏ ရတနာကိုပါ ရရှိခဲ့သည်။ သူက နာမကျန်း မဖြစ်ရုံသာမက သူ့ကို ထောက်ပံ့ကူညီမည့် လူအများအပြားကိုပင် စုဆောင်းနိုင်ခဲ့သေး၏။ ဟုန်ယဲ့မြို့တော်သည် အံ့ဖွယ်သားရဲတို့၏ ကပ်ဘေးကို မကြုံရသည့်အတွက် လူအများအပြား မလိုအပ်ခဲ့။
လက်ရှိတစ္ဆေဘုရင်သည် မိသားစုကြီးများကို ဖြုတ်ချကာ ၎င်းတို့လက်ထဲမှ အာဏာကိုပင် သိမ်းယူရန် ကြံစည်နေပေသည်။
ဒါတောင်မှ ယန်ယုကောက ရှဲ့ယွင်နန်ကို ရန်စရဲသေးတယ် ...
ဒီကောင်က ဆက်ပြီး အသက်မရှင်ချင်တော့ဘူး ထင်တယ် ပြီးတော့ သူ့ကိုပါ ဆွဲထည့်လိုက်သေးတယ် ...
လျောင်မုယဲ့မှာ ဒေါသထွက်လာရသော်ငြား သူ့တွင် စိုးရိမ်နေရန် အချိန်မရှိတော့။
ဝရမ်းပြေး ဖြစ်လာသည့်အတွက် ပုန်းအောင်းရန် လိုအပ်လာပေသည်။
ကံကောင်းထောက်မစွာဖြင့် ရှဲ့ယွင်နန်နှင့် ရုပ်ချင်းဆင်လှသူမှာ သူ့ကို လုံးဝဥဿုံ နှစ်သက်ချစ်ကြိုက်နေသည့်အတွက် သူ ရှိသည့်နေရာကို ဖော်ထုတ်ခြင်း မပြုခဲ့။
လျောင်မုယဲ့က သူ့မျက်နှာကို ပိုမည်းစေမည့် မိတ်ကပ်မျိုး လိမ်းပေးရန် ထိုသူကို အကူအညီ တောင်းလိုက်သည်။ ထို့နောက် မုတ်ဆိတ်အတုကို တပ်ဆင်လျက် အံ့ဖွယ်အပင်၏ အခြေအနေကို အကဲခတ်ရန် တိတ်တဆိတ် ခိုးထွက်လာခဲ့သည်။
ထိုအပင် ရှိသည့်နေရာသို့ ရေ
ာက်သွားပြီးနောက် မျှော်လင့်တကြီး ထွက်လာခဲ့သည့် လျောင်မုယဲ့မှာ စကားပင် မပြောနိုင်၊ ကြောင်အသွားရှာတော့သည်။
သူ့ရဲ့ အံ့ဖွယ်အပင် .. ဘယ်ရောက်သွားတာလဲ ...