အပိုင်း ၅၈
Viewers 7k

Chapter 58




မုန့်ယန်နှင့် ကျောက်ချင်းယွင်က သွမ့်ချန်ချင်းကို အလေးမထားခဲ့။ 


သွမ့်ချန်ချင်းသည် အလှတရားမှအပ မည်သည့်အရာမှ မရှိသည့် သာမန်သူတစ်ဦးမျှသာပင်။ 


ဒါပေမယ့် သူက ရှဲ့ယွင်နန်ရဲ့ အိမ်ထောင်ဖက်ဆိုတော့ .. အာရုံစိုက်ခံရမယ်ဆိုလည်း ထိုက်တော့ ထိုက်တန်ပါတယ် ...


ဒါပေမယ့် ရှဲ့ယွင်နန်ကရော သူ့အဆင့်အတန်း ဒီ့ထက်ပိုပြီး မြင့်လာတဲ့အခါကျ သွမ့်ချန်ချင်းကို ဆက်ပြီး ဂရုစိုက်နေပါဦးမလား ...


ပြီးတော့ ရှဲ့ယွင်နန်က အခုတောင် အရမ်း အလုပ်များနေတာလေ သူ့မှာ သွမ့်ချန်ချင်းကို အာရုံစိုက်ဖို့တောင် အချိန်ရှိလို့လား ...


ထိုယဇ်ဆရာနှစ်ဦးလုံးမှာ အရွယ်အားဖြင့် မငယ်တော့သည့်အတွက် အမျိုးမျိုးသော ကိစ္စရပ်များစွာကို ကြုံတွေ့ခဲ့ဖူးကြပြီး ဖြစ်သည်။ ရှဲ့ယွင်နန်က ယခုထက်ပိုပြီး တစ်ဖြည်းဖြည်း အလုပ်များလာကာ သွမ့်ချန်ချင်းကလည်း သူ့ကို စိတ်ပျက်လာတော့မည် ဖြစ်သည်။ ထို့နောက် ရှဲ့ယွင်နန်က သွမ့်ချန်ချင်းကို စိတ်ပျက်စရာ ကောင်းသည်ဟု ထင်မြင်လာပြီး အခြားတစ်ယောက်ကို ရှာဖွေကာ လက်တွဲသွားပေလိမ့်မည်။ 


“ဆင်ခြေဖုံးဒေသက လူတွေက ဘာမှလည်း နားမလည်၊ အရသာခံတတ်တဲ့ အရည်အချင်းလည်း မရှိဘူးပဲ ဒီပန်းအိုးတွေက ဘယ်လောက်တန်လဲဆိုတာရော သိရဲ့လား ဒီတိုင်းကြီး ဆွဲနှုတ်ပစ်တယ်ပေါ့ ...”


သူက သွမ့်ချန်ချင်းကို ပြောနေခြင်း ဖြစ်သော်ငြား ဒေါသစိတ်ကမူ ဆင်ခြေဖုံးဒေသတွင် ကြီးပြင်းလာသည့် ရှဲ့ယွင်နန်ကိုသာ တိုက်ရိုက် ဦးတည်ပေသည်။ 


ကျောက်ချင်းယွင်ကပါ မထီမဲ့မြင်ဖြင့် ဆက်ပြောလိုက်သည်။ 


“ဒီပန်းအိုးတွေက အများကြီး တန်တာလေ အိုး ဟုတ်သားပဲ မင်း ရောင်းလိုက်ပြီးရင် ပြန်တောင်းလို့ မရဘူးနော် ...”


သွမ့်ချန်ချင်းကလည်း ထိုအိုးထဲရှိ ပန်းပင်များမှာ တန်ဖိုးကြီးနိုင်လောက်သည်ဟု ထင်မိသည့်အတွက် ဖန့်ချီရှန့်အား ပန်းအိုးကို ရွှေ့ခိုင်းစဉ်က အပင်များကို ဘေးနားတွင် ပြန်စိုက်ခိုင်းခဲ့သည်။ 


အနာဂတ်တွင် ၎င်းတို့ကို ရောင်းချကာ ငွေရှာနိုင်ပေသည်။ 


သူက ဤကဲ့သို့ လှောင်ပြောင်ခံရလိမ့်မည်ဟု မျှော်လင့်မထား။ သွမ့်ချန်ချင်းက သူ့ရှေ့တွင် ရပ်နေသူနှစ်ဦးကို မော့ကြည့်လိုက်သည်။ 


သူ့ကို ရှဲ့ယွင်နန်က ကောင်းမွန်စွာ ကာကွယ်ပေးချိန်တွင် တစ္ဆေဘုရင်က သူ့ကို သဘောမကျခဲ့ပေ။ 


ထို့ကြောင့် သူက တစ္ဆေဘုရင်ကို ရိုက်နှက်လိုက်သည်။ 


ယခု ထိုသူနှစ်ဦးကလည်း ...


မုန့်ယန်က သူ့ကို တစ်ခဏမျှ စိုက်ကြည့်ပြီးနောက် ဆက်ပြောလိုက်သည်။ 


“အာ ဟုတ်သား မင်းက အခုအချိန်မှာတော့ ဟိတ်ကြီးဟန်ကြီးနဲ့ နေနေမှာပေါ့ ဒါပေမယ့် ရှေ့လျှောက် ဘာဆက်ဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ ...”


ကျောက်ချင်းယွင်ကလည်း ပြောလိုက်သည်။ 


“ငွေက လူမွဲတွေကို ပြောင်းလဲစေတယ်လေ ရှဲ့ယွင်နန်က မင်းကို လိုချင်နေဦးမယ်လို့ ထင်ရဲ့လား ဒီနေ့တင်ကို သူ့ကို ပိုးပန်းနေတဲ့သူတွေ အများကြီးပဲနော် ...”


သူတို့နှစ်ဦးလုံးက သွမ့်ချန်ချင်း အခက်တွေ့သွားမည်ကို မျက်မြင် ကြုံတွေ့လိုကြသည်။ 


သွမ့်ချန်ချင်းအတွက်မူ .. သူက ဤဖြစ်ရပ်အပြီးတွင် ရှဲ့ယွင်နန်ကို ပြန်တိုင်နိုင်ပေသည်။ သို့သော် သူတို့သာ သူ့ကို ခြိမ်းခြောက်ထားပါလျှင် ပြန်တိုင်ရဲတော့မည် မဟုတ်ချေ။ 


အကယ်၍ သူက အမှန်တကယ် သွားတိုင်သည့်တိုင် .. တစ္ဆေဘုရင်က သူတို့ကို လိုအပ်နေဆဲ ဖြစ်သည့်အတွက် သူတို့ကို မည်သို့မှ အပြစ်ပေးမည် မဟုတ်ချေ။ 


ရှဲ့ယွင်နန်၏ အဆင့်အတန်းအတွက် စိတ်ပူနေရသေးသရွေ့ သူတို့ကို မည်သို့မှ ကိုင်တွယ်ရဲမည် မဟုတ်ချေ။ 


“မင်းတို့နှစ်ယောက် ... တော်တော်လေးကို အတင်းပြောရတာ ကြိုက်နေတယ်ပေါ့ ...”


သွမ့်ချန်ချင်းက သူတို့နှစ်ဦးကို မဲ့ပြုံးပြုံးကာ စိုက်ကြည့်လိုက်သည်။


သူ့နောက်တွင် ရပ်နေသည့် ဖန့်ချီရှန့်၏ မျက်နှာတွင်မူ သနားမှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောယှက်ကာ ထင်ဟပ်နေ၏။ 


မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့ကလည်း တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ 


ထို့နောက် သူတို့၏ အရှေ့တွင် ရပ်နေသူထံမှ စကားသံကို ကြားလိုက်ရ၏။ 


“ဒါဆို ... အချက်တစ်ရာ ရိုက်ကြ ...”


ထို့နောက်တွင် မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့မှာ သူတို့ကိုယ်သူတို့ ထိန်းချုပ်၍ မရတော့။ ကိုယ့်ပါးစပ်ကို ပြန်ရိုက်လိုက်ကြတော့သည်။ 


ဒါ .. ဒါကြီးက မဖြစ်နိုင်လိုက်တာ ... အရင်တုန်းက သူတို့ အမိန့်နာခံစရာဆိုလို့ ရှဲ့ချင်နဲ့ ရှဲ့ယွင်နန်ပဲ ရှိတာလေ ...


ရှဲ့ချင်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောတဲ့စကားကိုတောင် နားထောင်စရာ မလိုခဲ့ဘဲနဲ့ ...


ဘာလို့ သွမ့်ချန်ချင်းရဲ့ စကားကိုကျ နားထောင်ဖို့ လိုနေရတာလဲ ...


မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့ နှစ်ယောက်လုံး စိတ်ထဲတွင် တုန့်ဆိုင်းသွားကြတော့သည်။ ထိုသို့ တုန့်ဆိုင်းသွားသည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော ခေါင်းကိုက်ဝေဒနာကိုပါ တစ်ပါတည်း ခံစားလိုက်ကြရ၏။ မျက်နှာတစ်ခုလုံး ဖြူရော်ကာ နဖူးတွင်လည်း ချွေးစေးများဖြင့် စိုရွှဲနေတော့သည်။ 


“မင်းက ဘယ်သူလဲ ...”


ကိုယ့်ပါးစပ်ကို ကိုယ်တိုင် ပြန်ရိုက်ထားရသည့်အတွက် အသံများမှာလည်း အက်ကွဲနေ၏။ 


သွမ့်ချန်ချင်းက ပြန်မဖြေ၊ ဤသို့သာ ပြောလိုက်သည်။ 


“ဖန့်ချီရှန့် သူတို့ကို ငါ့အခန်းထဲ ခေါ်သွားပြီး အထဲက ပန်းပင်နဲ့ မြက်တွေကို ယူပြီး ပန်းအိုးထဲ ပြန်စိုက်ခိုင်းလိုက် ...”


သူက စိတ်စွမ်းအင်ဆေးပင် အများအပြား ခူးလာခဲ့သော်ငြား အချို့မှာ မရင့်မှည့်သေး။ အထူးသဖြင့် သွေးကြောဖွဲ့စည်းပုံကို လှုံ့ဆော်ပေးနိုင်သည့် အပင်မှာ ချစ်စရာကောင်းလောက်အောင် သေးကွေးနေဆဲပင်။


သို့သော် အချို့မှာမူ အတော်အသင့် ကြီးထွားနေပြီ ဖြစ်၏။ သူက ထိုအပင်များကိုပါ ကောင်းကောင်း စိုက်ပျိုးရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ယူလာခဲ့လိုက်သည်။ 


ဖန့်ချီရှန့်က အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်၏။ 


“ဟုတ်ကဲ့ပါ ...”


ယခုအချိန်တွင် ဖန့်ချီရှန့်သည် သွမ့်ချန်ချင်းအတွက် အမှုထမ်းပေးရသည်ကိုပင် ဂုဏ်ယူမိနေပြီ ဖြစ်သည်။ အထူးသဖြင့် သွမ့်ချန်ချင်းက သူ့အား “ယဇ်ဆရာနှစ်ဦး” ကို ခေါ်ကာ အလုပ်လုပ်ခိုင်းရန် အမိန့်ပေးလိုက်သည့်အတွက် လွန်စွာ ကျေနပ်အားရသွားတော့သည်။ 


ဒီယဇ်ဆရာနှစ်ယောက်နဲ့ တကယ်ကို အတူတူ အလုပ်လုပ်နိုင်တယ် ...


ဒါက သူ့အတွက် အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ရတာထက် အများကြီး ပိုသာတယ်လေ ...


ကိုယ့်မျက်နှာကိုယ် ပြန်ရိုက်ထားရသည့် မုန့်ယန်နှင့် ကျောက်ချင်းယွင်က ဖန့်ချီရှန့်၏ အနောက်သို့ မတတ်သာစွာဖြင့် လိုက်လာခဲ့ကြရသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မမြင်ရတော့သည့်အခါ မုန့်ယန်က သူ့ကို မေးလိုက်သည်။ 


“အဲဒီ့ သွမ့်ချန်ချင်းက ဘယ်သူလဲ …”


ဖန့်ချီရှန့်၏ ပုံစံမှာ သွမ့်ချန်ချင်းအကြောင်း ကောင်းကောင်းသိထားသည့်ပုံပင်။


“မင်းတို့ကို ဖမ်းပြီး ထိန်းချုပ်ထားတာကိုတောင် သူက ဘယ်သူမှန်း မသိသေးဘူးလား ...”


ငါတို့ကို ဖမ်းတယ်? 


မုန့်ယန်တို့နှစ်ဦးလုံး လူတစ်ဦး၏ မျက်နှာကို ချက်ခြင်း မြင်ယောင်မိသွားကြတော့သည်။ 


“သူက တစ္ဆေဘုရင်လား ...”


ဖန့်ချီရှန့်က တစ်ခွန်းမှ ပြန်မဖြေ။ သူတို့နှစ်ဦးလုံးကို သွမ့်ချန်ချင်း၏ အခန်းထဲသို့သာ ဝင်ခိုင်းလိုက်သည်။ အခန်းကြမ်းပြင်တွင် ပြန့်ကြဲနေသော အပင်မျိုးစုံကိုသာ တွေ့လိုက်ရ၏။ 


ပန်းပင်နဲ့ မြက်ပင်တွေ ဟုတ်လား ...


အကျိုးနည်း ... ဒါတွေ အကုန်လုံးက တန်ဖိုးကြီး အံ့ဖွယ်ဆေးပင်တွေလေ .. သွမ့်ချန်ချင်းက ဒါတွေကို ပန်းပင်နဲ့ မြက်ပင်လို့ ခေါ်တယ် ဟုတ်လား ...


မုန့်ယန်နဲ့ ကျောက်ချင်းယွင်တောင် ဒီလိုအရည်အသွေးရှိတဲ့ အပင်မျိုး တွေ့ဖူးမှာ မဟုတ်ဘူး !!!!! 


နေပါဦး သွမ့်ချန်ချင်းက ဒါတွေကိုပါ အပြင်ဘက်မှာ စိုက်မလို့ ကြံနေတာလား ...


အဲဒီ့ပန်းအိုးတွေက သာမန်ပန်းပင်တွေအတွက်ပဲလေ ဘယ်လိုလုပ် အံ့ဖွယ်ဆေးပင်တွေကို စိုက်လို့ ရမှာလဲ .. ဒီလိုစိုက်လို့ သေမသွားရင်ကို တော်တော်လေး ဟုတ်နေပြီ ...


မုန့်ယန်နှင့် ကျောက်ချင်းယွင်က တိတ်တခိုး မြည်တမ်းလိုက်ကြကာ နာခံမှု ရှိစွာဖြင့် ထို “ပန်းပင်နှင့်မြက်ပင်" အားလုံးကို အပြင်ဘက်သို့ ရွှေ့ပြီး သွမ့်ချန်ချင်း၏ ကြီးကြပ်မှုအောက်တွင် စိုက်ပျိုးလိုက်သည်။ 


တန်ဖိုးကြီးပါတယ်ဆိုတဲ့ အံ့ဖွယ်အပင်တွေကို ပန်းအိုးထဲမှာ ဒီအတိုင်းကြီး စိုက်ထားတော့မယ်ပေါ့ .. ရိုးရိုးမြေဆွေးတွေတောင် ထည့်ထားလိုက်သေးတယ် ...


အဲဒီ့အပင်တွေ သိပ်မကြာခင်မှာတင် ခြောက်သွေ့ပြီး သေသွားမလားတောင် ကြောက်ရတယ် သူက တစ္ဆေဘုရင်မကလို့ ဘာကြီးပဲဖြစ်ဖြစ် ဒီလိုမျိုး မဖြုန်းတီးသင့်ဘူးလေ ...


ဤကမ္ဘာရှိ လူများသည် အံ့ဖွယ်ဆေးပင်များမှ ဖြာထွက်လာသည့် စိတ်စွမ်းအင်ပေါ် မူတည်၍သာ အမျိုးအစား ခွဲခြားနိုင်ကြကာ အံ့ဖွယ်ဆေးပင် မျိုးကွဲများကိုမူ ပိုင်းခြားနိုင်ခြင်း မရှိကြပေ။ 


အချို့အံ့ဖွယ်ဆေးပင်များမှာ ယခင်က သာမန်အပင်များသာ ဖြစ်ကြပြီး နောက်ပိုင်း ရင့်မှည့်ပြီးချိန်တွင်မှ အံ့ဖွယ်အပင်အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။ 


စိတ်စွမ်းအင် ဖြာထွက်နေတာသာ မရှိပါလျှင် မည်သူကမှ စိတ်စွမ်းအင်ဆေးပင်ဟု သိကြလိမ့်မည် မဟုတ်ချေ။ 

(ဒီမှာ သူတို့က စွမ်းအင်ဖြာထွက်နေရင် ထူးခြားဆေးပင်/ အံ့ဖွယ်ဆေးပင် ဖြာထွက်နေတာ မရှိရင် ရိုးရိုးအပင်လို့ပဲ သိကြတာပါ အံ့ဖွယ်ဆေးပင်တွေထဲမှာမှ ဘယ်အပင်က ဘာအတွက်ဆိုပြီး မသိဘူးလို့ ပြောချင်တာပါ)


သွမ့်ချန်ချင်းက ထိုသုံးဦးအား စိတ်စွမ်းအင်ဆေးပင်များကို စိုက်ပျိုးရန် မှာကြားပြီးနောက် အပင်၏ စိတ်စွမ်းအင်ကို ထိန်းသိမ်းရန် ရိုးရှင်းသည့် အကာအရံတစ်ခု ဖန်တီးကာ ထွက်သွားလိုက်သည်။ 


ဤနေရာတွင် နေထိုင်သည့် ဦးရေမှာ မများလှ။ မည်သူကမှလည်း ထိုအပင်များကို အံ့ဖွယ်ဆေးပင်များဟု သတိပြုမိလိမ့်မည် မဟုတ်ချေ။ အကယ်၍ သတိပြုမိသူ ရှိသည့်တိုင် .. အကာအရံကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် သူက ချက်ခြင်း သိနိုင်မည် ဖြစ်သည်။ 


သူက ထိုသူများ အလုပ်ပြီးစီးသွားသည်အထိ စောင့်ကာ ပြောလိုက်သည်။ 


“ဒီနေ့ ဖြစ်ခဲ့တာတွေကို လုံးဝ ထုတ်ပြောလို့ မရဘူး ပြီးတော့ ငါ့ရဲ့ သရုပ်မှန်အကြောင်းကိုရောပဲ ... ရှေ့လျှောက် မင်းတို့တွေ အားလပ်ချိန်မှာ ငါ့ကို လာကူညီပေးလို့ ရတယ် ...”


ယဇ်ဆရာနှစ်ဦးသည် စိတ်စွမ်းအင် ကုန်ဆုံးသွားကာ တစ္ဆေဘုရင်ကို မကူညီနိုင်တော့သည့်တိုင် အခြားအရာများကို ကူညီပေးနိုင်ကြဆဲပင်။ 


ဥပမာဆို အခန်းကို သန့်ရှင်းရေး လုပ်တာမျိုးပေါ့ ...


မုန့်ယန်နှင့် ကျောက်ချင်းယွင် “...”


နှစ်ဦးလုံး အခန်းရှိရာဆီသို့ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာလိုက်ကြသည်။ 


ယခင်က သူတို့သည် အကောင်းမွန်ဆုံးသော အခန်းများတွင်သာ နေခဲ့ကြရသည်။ ယခုမူ တစ္ဆေဘုရင် နေခဲ့သည့် အခန်းနှင့် သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန် နေခဲ့သည့် အခန်းတို့တွင်သာ နေနေကြရ၏။


ယခင်က သူတို့ သွမ့်ချန်ချင်းကို သဘောမကျခြင်းမှာ သာမန်သူတစ်ဦး ဖြစ်နေသောကြောင့် ဖြစ်သည်။ 


ယခုမူ ထိုသို့ပင် မတွေးရဲတော့။ 


“မထူးဆန်းတော့ပါဘူး တစ္ဆေဘုရင်က ...”


သူတို့က သွမ့်ချန်ချင်းအကြောင်း ဆွေးနွေးချင်သော်လည်း တစ်ဝက်တစ်ပျက်ဖြင့် စကားဆက်ပြော၍ မရတော့။ 


သူ့အကြောင်း ဖော်ထုတ်လို့ မရဘူး ဆိုတာနဲ့ သူ့နာမည်ကိုပါ ပြောလို့ မရတော့ဘူးလား ...


တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ ခံစားချက်မှာ အတူတူ၊ အတွေးများကပင်လျှင် ထပ်တူညီနေတော့သည်။ 


တစ္ဆေဘုရင်က တစ်နှစ်လုံး မျက်နှာဖုံး တပ်ထားတာ သိပ်မထူးဆန်းတော့ပါဘူး သူ့ပုံစံက ဒီလိုကိုး ...


ရှဲ့ယွင်နန်ရဲ့ အဆင့်အတန်းက အရမ်း မြင့်မားပြီး ယဇ်ဆရာအကြီးအကဲရဲ့ ရတနာကိုတောင် ရနိုင်တာလည်း အံ့ဩစရာ မရှိတော့ပါဘူး သူ့အိမ်ထောင်ဖက်က တစ္ဆေဘုရင် ဖြစ်နေခဲ့တာကိုး ...


သူတို့ကို ဖမ်းပြီးတော့ ဘာလို့ တစ္ဆေဘုရင်က ပျောက်သွားပါလိမ့်လို့ ထူးဆန်းနေတာ ... လက်စသတ်တော့ သူက ပျောက်သွားတာ မဟုတ်ဘဲ ဘေးနားမှာပဲ ဆက်တိုက် ရှိနေခဲ့တာပဲ ...


ဖိစီးလာသော စိုးရိမ်စိတ်များကြောင့် နှစ်ဦးလုံး ကောင်းကောင်း အိပ်မပျော်နိုင်တော့ချေ။ 


တစ်ဖက်တွင် သွမ့်ချန်ချင်းကလည်း ရှဲ့ယွင်နန် သူ၏ ပင်ပန်းနေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ ပြန်မလာမီအထိ ဆက်တိုက် လေ့ကျင့်နေလိုက်သည်။ 


“ယွင်နန် ပြန်လာပြီလား တစ်ခုခု စားချင်လား ...”


သွမ့်ချန်ချင်းက သူ အဆင်သင့် ပြင်ဆင်ထားသည့် အဆာပြေမုန့်များကို ညွှန်ပြကာ မေးလိုက်သည်။ 


“ကောင်းပြီလေ ...”


ရှဲ့ယွင်နန်က ပြန်ပြောလိုက်သည်။ 


သူက စားသောက်ပြီးပြီ ဖြစ်သော်ငြား အရသာရှိသည့် မုန့်များကို တွေ့လိုက်သည့်အခါ နောက်တစ်ကြိမ် စားချင်စိတ် ဖြစ်ပေါ်လာတော့သည်။ 


“ဒီနေ့ အလုပ်များနေတာလား ...”


သွမ့်ချန်ချင်းက မေးလိုက်သည်။ 


“အရမ်းကို အလုပ်များခဲ့တာ ...”


ရှဲ့ယွင်နန်က ယနေ့ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပြန်ပြောပြလိုက်သည်။ 


သူသည် ဗဟုသုတ နည်းပါးကာ ပညာရေးပိုင်းတွင်လည်း ပျမ်းမျှအဆင့်မျှသာ ရှိသည့် သာမန်သူတစ်ဦး ဖြစ်ခဲ့ဖူးသည်။ 


ယနေ့ သူ့ဆရာက သူ့ကို ရုတ်ချည်းဆိုသလို အများအပြား သင်ကြားပေးခဲ့သည့်အတွက် များစွာ ပင်ပန်းနေတော့သည်။ 


သို့သော် ထိုပင်ပန်းရသည့် ခံစားချက်ကိုလည်း သဘောကျမိပေသည်။ 


သွမ့်ချန်ချင်းက သူ့အား ဤကဲ့သို့ စကားပြောကာ အဖော်ပြုပေးသည်ကိုလည်း လိုလား၏။ 


ထိုကဲ့သို့ စကားပြောပြီးနောက် သူ့တစ်ကိုယ်လုံး ပင်ပန်းခြင်း မရှိ၊ လန်းဆန်းတက်ကြွသွားတော့သည်။ 


စကားပြောနေရင်းမှာပင် ရှဲ့ယွင်နန်၏ မျက်တောင်တို့ ငိုက်စဉ်းကာ သမ်းဝေလာတော့သည်။ 


“ရေချိုးပြီး စောစောအိပ်လိုက်တော့လေ ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


ရှဲ့ယွင်နန်က အဝတ်များကို ယူကာ ရေချိုးခန်းထဲသို့ ဝင်၍ ကိုယ်လက် ဆေးကြောလိုက်သည်။ ထိုသို့ ဆေးကြောနေစဉ် ဘေစင်ပေါ်တွင် ဖန်ရေတကောင်းတစ်ခုကို တွေ့လိုက်သည်။ ထိုရေတကောင်းထဲတွင် လက်တစ်ချောင်းစာမျှ အရွယ်သာရှိသည့် အဝါရောင် အရွက်ဝိုင်းများဖြင့် အပင်လေးတစ်ပင်ကိုပါ တွေ့လိုက်ရသည်။ 


ရေချိုးခန်းထဲမှ ပြန်ထွက်လာပြီးနောက် သူက သွမ့်ချန်ချင်းကို မေးလိုက်သည်။ 


“ဘေစင်ပေါ်က မြက်ပင်လေးက ချစ်စရာကောင်းတယ်နော် ဘယ်ကနေ ရောက်လာတာလဲ ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


“ကျွန်တော် ဉယျာဉ်ထဲကနေ တူးလာတာ ...”


ထိုအပင်မှာ ရှဲ့ယွင်နန်အတွက် ရည်ရွယ်ကာ တူးလာခြင်း ဖြစ်သောကြောင့် ရေချိုးခန်းထဲတွင် သိမ်းထားခဲ့ခြင်း ဖြစ်သည်။ 


ရင့်မှည့်လာသည့်အခါ ရှဲ့ယွင်နန် စားနိုင်ပေလိမ့်မည်။ 


သူ့အကူအညီကြောင့် ထိုအပင်သည် များမကြာမီ အမြန် ကြီးထွားလာမည် ဖြစ်သည်။ 


“လှတယ်နော် ...”


ရှဲ့ယွင်နန်က ပြုံးကာ ပြောလိုက်သည်။ 


သွမ့်ချန်ချင်းက တကယ်ကို စိတ်ကူးယဉ်ဆန်တာပဲ ဉယျာဉ်ထဲက ပန်းပင်လေးတွေကို ခူးပြီးတောင် အခန်းကို အလှဆင်လိုက်သေးတယ် ...


“ကျွန်တော်လည်း လှတယ်လို့ ထင်နေတာ ...”


သွမ့်ချန်ချင်းက ရှဲ့ယွင်နန်၏ လက်ကို ဆွဲချ၍ အိပ်ယာပေါ် လှဲစေကာ သူ့နားထင်ကို နှိပ်ပေးလိုက်သည်။ 


မူလက ရှဲ့ယွင်နန်သည် အနည်းငယ် လေ့ကျင့်ဦးမည်ဟု တွေးထားခဲ့သော်ငြား .. သွမ့်ချန်ချင်း၏ နှိပ်နယ်ပေးမှုကြောင့် ... ချက်ခြင်း အိပ်မောကျသွားတော့သည်။ 


သူတို့ လက်ထပ်ပြီးသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်ငြား အမျိုးမျိုးသော ကိစ္စများစွာတို့ကြောင့် မင်္ဂလာဦးညကို မကျော်ဖြတ်ကြရသေးချေ။ 


နောက်တစ်နေ့မနက် နိုးလာသည့်အခါ ရှဲ့ယွင်နန်သည် အပြည့်အဝ လန်းဆန်းတက်ကြွနေတော့သည်။


အားလုံးက ခန်းမထဲတွင်သာ စားသောက်ကြသည့်အတွက် သူလည်း သွမ့်ချန်ချင်းကို ခန်းမထဲသို့ ခေါ်လာခဲ့လိုက်သည်။ 


ရှဲ့ယွင်နန်က သွမ့်ချန်ချင်းကို အရေးတယူ ဆက်ဆံသည့်အတွက် တစ္ဆေဘုရင်၏ ဘက်တော်သားများကလည်း သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြပေသည်။ သွမ့်ချန်ချင်း၏ ရုပ်ရည်မှာလည်း ချောမောပြေပြစ်လှသည့်အတွက် မည်သူမဆို အလှလေးကို အကောင်းဆုံး ဆက်ဆံလိုကြသည်မှာ သဘာဝပင် ဖြစ်ပေသည်။ 


ယခင်က မုန့်ယန်နှင့် အခြား ထိန်းချုပ်ခံထားရသူများသည် သူတို့ကို ကြည့်မရသည့်အတွက် သွမ့်ချန်ချင်းကို အရေးတယူ မဆက်ဆံခဲ့။


အထူးသဖြင့် မုန့်ယန်နှင့် ကျောက်ချင်းယွင်ပင်။ သူတို့က မျက်နှာကို မော့ချီကာ ရှဲ့ယွင်နန်အပေါ် ထားရှိသည့် သဘောထားမှာလည်း ဆိုးရွားလှသည်။ 


သို့သော် ယနေ့တွင်မူ ထူးဆန်းစွာဖြင့် နှစ်ဦးလုံး တိတ်ဆိတ်နေ၏။ 


ပြီးတော့ ရှဲ့ယွင်နန်ကိုတောင် နည်းနည်း လေးစားနေသလိုပဲ ...


သို့သော် ရှဲ့ယွင်နန်က တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိနေသည်။ 


“ခင်ဗျားတို့ ပါးစပ်တွေက ဘာဖြစ်ထားတာလဲ ...”


“ဒီတိုင်း မတော်တဆ ခိုက်မိထားတာပါ ...”


မုန့်ယန်က သွမ့်ချန်ချင်းကို ဖျတ်ခနဲ ချောင်းကြည့်လိုက်ပြီးနောက် ချက်ခြင်း ခေါင်းကို ငုံ့ချလိုက်သည်။ 


“အဆင်ပြေတယ်ဆိုရင်လည်း စားသောက်ပြီး သွားကြတာပေါ့ ...”


ရှဲ့ယွင်နန်က ပြောလိုက်

သည်။


“ကောင်းပါပြီ ...”


မုန့်ယန်နှင့် ကျောက်ချင်းယွင်က ချက်ခြင်း သဘောတူလိုက်သည်။ 


သူတို့က ရှဲ့ယွင်နန်သည်ပင်လျှင် မြင်နေရသလို မရိုးရှင်းဟု ခံစားမိလာတော့သည်။ 


တစ္ဆေဘုရင်လို လူမျိုးကိုတောင် ဒီလိုဖြစ်အောင် လုပ်ထားနိုင်တာ .. ဘယ်လိုမှ သာမန်လူ မဖြစ်နိုင်ဘူး ...