အပိုင်း ၅၇
Viewers 7k

Chapter 57




“အတိတ်တုန်းက စားစရာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်ဆိုတာ လျောင်မိသားစုက ယုတ်မာတဲ့ အကြံအစည်နဲ့ ပမာဏအများကြီး ဝယ်ယူပြီး တမင်သိုလှောင်ထားလို့ပဲ ..."


“အခု လျောင်မိသားစုကို ဖမ်းထားလိုက်ပြီးပြီဆိုတော့ တစ္ဆေဘုရင်အရှင်က လူတိုင်း ဝဝလင်လင် စားရအောင် စီစဉ်ပေးလိမ့်မယ် ...”


“လူတိုင်း ဝယ်လို့ရတယ်နော် စားစရာတွေ အလုံအလောက် ရှိတယ် ...”


တီဗီထဲရှိ အစီအစဉ် တင်ဆက်သူက မိုက်ခရိုဖုန်းကို ကိုင်ကာ ကျယ်ကျယ်လောင်လောင် ကြေငြာလိုက်သည်။ ထို့အပြင် ဈေးရောင်းချသည့် ဆိုင်ခန်းတစ်ခုမှ လူအုပ်ကြီးကိုပါ တစ်ပါတည်း ရိုက်ကူးပြသလိုက်၏။ 


ဟုန်ယဲ့မြို့တော်ရှိ အိမ်တစ်လုံးထဲတွင် လူအိုကြီးတစ်ဦးက တီဗီကို စိုက်ကြည့်လျက် မျက်ခုံးနှစ်ဖက်ကို စုတွန့်ကာ မေးလိုက်သည်။ 


“တစ္ဆေဘုရင်က ဒီလောက်တောင် အင်အားကြီးတယ်လား မုန့်ယန်နဲ့ တစ်ခြားသူတွေ အများကြီး ရှိနေတာကိုတောင် ဟုန်ယဲ့မြို့တော်ကို သိမ်းပိုက်နိုင်တယ်ပေါ့ ...”


“ဆရာ ကျွန်တော် ကြားတာတော့ မုန့်ယန်တို့က လက်နက်ချလိုက်တာပါတဲ့ ...”


“သူတို့က ဘယ်လိုဖြစ်ပြီး လက်နက်ချရမှာလဲ သွားစုံစမ်းခဲ့ ...”


ထိုသူက ပြောလိုက်သည်။ 


စုံစမ်းရန် သွားသူက များမကြာမီ အဖြေတစ်ခုနှင့်အတူ ပြန်ရောက်လာသည်။ 


“ဆရာ မုန့်ယန်နဲ့ ကျောက်ချင်းယွင်က ယဇ်ဆရာအကြီးအကဲကို အရမ်း လေးစားလို့ သူ့ကို ထိခိုက်အောင် လုပ်ခဲ့တဲ့ သူတွေနဲ့ တစ်ဖက်တည်း မနေနိုင်ပါဘူးတဲ့ အဲဒါကြောင့် တစ္ဆေဘုရင်ရဲ့ ဘက်ကို ပြောင်းသွားခဲ့တာလို့ ပြောပါတယ် ...”


“ပေါက်ကရတွေ ...”


ထိုလူက ဒေါသတကြီး မတ်တပ်ထရပ်လိုက်သည်။ 


“သူတို့က ယဇ်ဆရာအကြီးအကဲရဲ့ ဘက်ကမှ မဟုတ်တာ အသိသာကြီးကို ...”


ထိုလူမှာ ယဇ်ဆရာအကြီးအကဲ၏ ဘက်တော်သား နဝမအဆင့် တိုက်ခိုက်သူ ဖြစ်ပေသည်။ 


သူက ယဇ်ဆရာအကြီးအကဲ၏ သစ္စာရှိ အစေခံတော့ မဟုတ်။ ယခင် ယဇ်ဆရာအကြီးအကဲဟောင်းက သူ့ကို ကယ်တင်ခဲ့ဖူး၍ သစ္စာခံထားခြင်းသာ ဖြစ်သည်။ 


ယဇ်ဆရာအကြီးအကဲ ပျောက်ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူက ချက်ခြင်း လူများစွာ ခေါ်ကာ မြစ်ကြောင်းတစ်လျှောက် ရှာဖွေခဲ့သည်။ 


အခြားသူများက ယဇ်ဆရာအကြီးအကဲ၏ အဝတ်အစားနှင့် မျက်နှာဖုံးကိုသာ ရှာတွေ့ရာ အကြီးအကဲမှာ အရိုးအသားပင် မကျန်တော့ဟု ကောက်ချက်ချခဲ့ကြသော်ငြား သူကမူ အလျော့မပေးဘဲ ဆက်ရှာနေခဲ့ဆဲပင်။ 


မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့သည် ယဇ်ဆရာအကြီးအကဲ၏ ဘက်တော်သား မဟုတ်ကြောင်း သူ ကောင်းကောင်း သိထားပေသည်။ 


ထိုသူနှစ်ဦးသည် ယခင်က ယဇ်ဆရာအကြီးအကဲကို ဆန့်ကျင်ခဲ့သူများ ဖြစ်ကြ၏။ 


အရှက်မရှိလိုက်တာ .. ယဇ်ဆရာအကြီးအကဲရဲ့ ပုံစံကိုတောင် အတုခိုးလိုက်ကြသေးတယ် ...


ရှဲ့ယွင်နန် တီဗီတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုသူက ချက်ခြင်း ဒေါသတကြီး ထခုန်လိုက်တော့သည်။ 


ဒီလူက လုံးဝကို ယဇ်ဆရာအကြီးအကဲရဲ့ ဆက်ခံသူ မဟုတ်ဘူး အကုန် လိမ်နေကြတာ ...


ယဇ်ဆရာအကြီးအကဲ သေသွားတာတောင် ဒီလူတွေက အကြီးအကဲရဲ့ နာမည်ကို အသုံးချပြီး လောကကြီးကို လှည့်စားချင်နေကြတုန်းပဲ လုံးဝကို ခွင့်မလွှတ်နိုင်ဘူး ...


ဟုန်ယဲ့မြို့အကြောင်း သိလိုက်ရသည့်အခါ ယဇ်ဆရာအကြီးအကဲ၏ ဘက်တော်သားများမှာ မခံမရပ်နိုင် ဖြစ်ကုန်ကြတော့သည်။ 


တစ်ဖက်တွင် လျောင်မုယဲ့ကလည်း တီဗီကို ကြည့်နေ၏။ 


သူသည် သွေးတစ်လုပ်ပင် အန်ထွက်လုမတတ် ဖြစ်သွားတော့သည်။ 


ပြန်လည်မွေးဖွားလာပြီးနောက် ရှဲ့ယွင်နန်ကို ဖိနှိပ်နိုင်ရန် ကိစ္စများစွာကို လုပ်ဆောင်ခဲ့သည်။ 


ရလဒ်အနေဖြင့် လျောင်မိသားစုသည် စားစရာများကို မကောင်းသော အကြံအစည်ဖြင့် တမင်တကာ သိုလှောင်ရန် ကြိုးပမ်းမိခဲ့သည်။ ပိုက်ကွန်ထဲမှ လွတ်လာသည့် ငါးဟူ၍ သူတစ်ဦးသာ ရှိသည့်အတွက် အပြင်ပင် မထွက်ရဲ။ သို့သော် ရှဲ့ယွင်နန်ကမူ ...  


ရှဲ့ယွင်နန်က ယဇ်ဆရာ ဖြစ်သွားရုံတင် မကဘဲ ယဇ်ဆရာအကြီးအကဲရဲ့ ဆက်ခံသူတောင် ဖြစ်နေတယ်တဲ့လား ...


မဟုတ်မှလွဲရော တစ္ဆေဘုရင်က သူ့ကို ယဇ်ဆရာအကြီးအကဲရဲ့ ရတနာကို ပေးလိုက်တာများလား ...


ရှဲ့ယွင်နန်က ဘာလို့ ဒီလောက်တောင် ကံကောင်းနေရတာလဲ ...


လျောင်မုယဲ့က ခံစားချက်များကို ထိန်းချုပ်ရန် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ 


သူ အလောတကြီး လုပ်လိုက်လို့ မရဘူး ...


ရှဲ့ယွင်နန်က ယဇ်ဆရာအကြီးအကဲရဲ့ ရတနာကို ရသွားတာဆိုရင် ဘယ်လိုလုပ်မလဲ အဲဒီ့ရတနာနဲ့တောင် သူက မသေသေးဘူးလား ...


အဲဒီ့ရတနာ ... လုံလုံလောက်လောက် မသန်မာဘဲ လုံးဝ ထိန်းချုပ်လို့ မရနိုင်ဘူး ...


ရှဲ့ယွင်နန်က ယဇ်ဆရာဖြစ်လာနိုင်တဲ့ အရည်အချင်း မရှိဘဲနဲ့ အတင်း ယဇ်ဆရာ ဖြစ်အောင် လုပ်ထားတာဆိုတော့ ကျိန်းသေ ကံဆိုးရုံပဲ ရှိမှာ ...


သူကတော့ မတူဘူး အဲဒီ့ ထူးခြားဆေးပင်ကိုသာ ရမယ်ဆိုရင် သေချာပေါက်ကို သွေးကြောကို နှိုးဆွပြီး သန်မာတဲ့သူ တစ်ယောက် ဖြစ်လာနိုင်မှာ ...


အတိတ်ဘဝတုန်းက ရှဲ့ယွင်နန်က နဝမအဆင့် တိုက်ခိုက်သူ ဖြစ်လာခဲ့တာ .. သူကလည်း ရှဲ့ယွင်နန်ထက် ညံ့နေလို့ မရဘူး ...


ထိုသို့ တွေးပြီးနောက် လျောင်မုယဲ့သည် ထိုအပင်ကို မနက်ဖြန် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ 


ထိုအပင် ကြီးထွားလာရန် အချိန်များစွာ စောင့်ဆိုင်းရဦးမည် ဖြစ်သည့်တိုင် သူ့အနေဖြင့် မျက်မြင် မတွေ့မချင်း စိတ်မအေးနိုင်။ 


သွမ့်ချန်ချင်းကလည်း စိတ်စွမ်းအင် ဆေးပင်အချို့ ရှာဖွေရန် ပင်မခရိုင်မှ ထွက်လာလိုက်သည်။


ရှဲ့ယွင်နန်က ကောင်းစွာ ကာကွယ်ပေးခြင်းကို ခံနေရသည့်အပြင် အလွန် အလုပ်များနေသည့်အတွက် သူ့လုံခြုံရေးအတွက် ပူနေရန် မလိုတော့။ 


ထို့နောက် တိုက်ဆိုင်စွာဖြင့် ဟုန်ယဲ့တောအုပ်အနီးသို့ မရောက်မီမှာပင် စိတ်စွမ်းအင်အပင်တစ်ပင်ကို တွေ့လိုက်ရသည်။ 


ထိုအပင်က သွေးကြောတည်ဆောက်ပုံကို လှုံ့ဆော်ပေးနိုင်၏။ သူ့အတွက် အသုံးမဝင်သည့်တိုင် ရှဲ့ယွင်နန်အတွက် များစွာ သင့်လျော်ပေသည်။  


သွမ့်ချန်ချင်း ရှာတွေ့သည့် စိတ်စွမ်းအင်ဆေးပင်မှာ ကျင့်ကြံရေးလောကတွင်လည်း လွန်စွာ အဖိုးထိုက်တန်၏။ အထူးသဖြင့် ပိုအင်အားကြီးသည့် မိစ္ဆာသွေးစက်ကို ပိုင်ဆိုင်ထားသည့် မိစ္ဆာကျင့်ကြံသူများအတွက် ဖြစ်သည်။


၎င်းက သွေးဖွဲ့စည်းပုံကို သန့်စင်ပေးနိုင်ကာ ဘိုးဘေးတို့၏ ကောင်းချီးကို ခံရသည့် ပိုအင်အားကြီးသော မိစ္ဆာအဖြစ်သို့ ရောက်အောင် လုပ်ဆောင်ပေးနိုင်သည်။ ထိုမျှသာမက သွေးကြောထဲရှိ တိမ်မြုပ်နေသော စွမ်းအင်ကိုပါ နိုးထလာစေနိုင်၏။ 


သူ့ခန္ဓာကိုယ်ထဲရှိ ပင်ကိုယ်ပါရမီမှာ များစွာ မကောင်းလှ။ ထို့ကြောင့် ဤသို့သော အပင်မျိုးကို စားခြင်းမှာ အသုံးမဝင်ပေ။ သို့သော် အကယ်၍ ရှဲ့ယွင်နန်သာ စားလိုက်ပါလျှင် ... သူ့ခွန်အားမှာ ကြီးစွာ ပြောင်းလဲ တိုးတက်လာမည် ဖြစ်သည်။ 


သို့သော် အပင်မှာ အပြည့်အဝ မကြီးထွားသေး။ သွမ့်ချန်ချင်းက တုန့်ဆိုင်းခြင်း အလျဉ်းမရှိဘဲ အပင်ကို တူးလိုက်ကာ သူ ယူလာသည့် ဖန်ရေတကောင်းထဲသို့ ထည့်လိုက်သည်။ 


ထိုအပင်ကို တူးပြီးနောက် ပိုပြီး လျင်မြန်သည့် အရှိန်နှင့်အတူ ဟုန်ယဲ့တောအုပ်ဆီသို့ ဦးတည်လိုက်သည်။


ကိုယ်ယောင်ဖျောက်ကာ အမြန် လှုပ်ရှားလိုက်၏။ အခြားသူများ သူ့ကို တွေ့သွားပါလျှင် ခက်ခဲသွားနိုင်သည့်အပြင် သူ့ကိုလည်း လူတွေ့မခံလိုသည့်အတွက် တစ္ဆေဘုရင်၏ မျက်နှာဖုံးကို ဝတ်လာလိုက်သည်။ 


ထို့နောက် ဟုန်ယဲ့တောအုပ်ထဲ ဝင်ကာ ဟိုဟိုဒီဒီ လှည့်ပတ်ရှာဖွေလိုက်တော့သည်။ 


ဟုန်ယဲ့တောအုပ်ထဲရှိ စိတ်စွမ်းအင် ဆေးပင်များမှာ ပြင်ပကမ္ဘာထက် ပိုမိုများပြားစုံလင်လှသည်။ အမျိုးမျိုးသော အံ့ဖွယ်သားရဲများသာမက စိတ်စွမ်းအင် ဆေးပင်များလည်း စုံလင်လှသည်။ပြီးခဲ့သည့်အခေါက်က သူတို့သည် တောအုပ် အစွန်နားသို့သာ လှည့်ပတ်ကြည့်ခဲ့ကြသည့်အတွက် အသုံးဝင်သည့်အရာ တစ်ခုတစ်လေကိုမှ ရှာမတွေ့ခဲ့။ 

သို့သော် ဤတစ်ကြိမ်မှာမူ မတူညီ။ သွမ့်ချန်ချင်းက တောနက်ပိုင်းအထိ ဝင်သွားလိုက်သည်။ 


တောနက်ထဲသို့ ရောက်လေလေ စိတ်စွမ်းအင် ဆေးပင်များကို ပိုတွေ့လာရလေလေ ဖြစ်သည်။ တစ်ခဏအကြာတွင် သွမ့်ချန်ချင်းသည် သူ့အတွက် အသုံးဝင်သည့် ဆေးပင်အချို့ကိုပါ ရှာတွေ့သွားခဲ့တော့သည်။ 


အံ့ဖွယ်သားရဲများကိုမူ သူ့အနေဖြင့် မည်သို့မှ မလုပ်နိုင်။ 


စိတ်စွမ်းအင်ဆေးပင်များ အလုံအလောက် ရရှိပါလျှင် သူ၏ အံ့ဖွယ်သားရဲတို့၏ အသားကို လိုအပ်ချက်မှာ တစ်ဖြည်းဖြည်း လျော့နည်းလာမည် ဖြစ်သည်။ 


အချိန်ပြည့်သည့်အခါ တောထဲမှ ပြန်လာလိုက်သည်။ သူနေထိုင်ရာ အိမ်သို့ ရောက်သည့်အချိန်အထိ ရှဲ့ယွင်နန်က ပြန်မလာသေး။ သူ့ကို စာတစ်စောင်သာ ပို့ထားခဲ့သည်။ တစ္ဆေဘုရင်မှာလည်း လွန်စွာ အလုပ်များနေသည့်အတွက် ပြန်မလာနိုင်သေးချေ။ 


သွမ့်ချန်ချင်း “...”


သူက ဒီအခန်းလွတ်ကြီးထဲမှာ တစ်ယောက်တည်း နေရမှာလား ...


သူနှင့် ရှဲ့ယွင်နန်သည် ယခင်က မုန့်ယန်နှင့် ကျောက်ချင်းယွင် နေခဲ့သည့် အခန်းတွင် နေနေခြင်း ဖြစ်သည်။ 


ပတ်ဝန်းကျင်မှာ ကြည်နူးနှစ်သက်ဖွယ်ကောင်းကာ အခန်းအပြင်အဆင်များမှာလည်း လှပကောင်းမွန်လှ၏။ သူ ယခင်က နေခဲ့ဖူးသည့် နေရာနှစ်ခုနှင့် နှိုင်းစရာပင် မရှိချေ။ 


အစောပိုင်းက သူသည် အကြောင်းပြချက် တစ်ခုပေးကာ အနားယူရန် အခန်းထဲသို့ ထွက်လာလိုက်သည်။ ထို့နောက် အခန်းထဲတွင် သူတစ်ယောက်တည်း ကျန်နေသည့် အချိန်တွင်မှ ပြတင်းပေါက်ကို ဖွင့်လျက် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ပြန်လာသည့် အချိန်တွင်လည်း ပြတင်းပေါက်မှသာ ဝင်လာလိုက်သည်။ 


အခန်းထဲ ရောက်သည့်အခါ အဝတ်အစား လဲပြီး တံခါးပေါက်မှတစ်ဆင့် ပြန်ထွက်လာလိုက်သည်။ 


မူလက ထိုအိမ်ထဲတွင် အစေခံများစွာ ရှိသော်ငြား တစ္ဆေဘုရင်နှင့် အခြားသူများ ရွှေ့ပြောင်းလာပြီးနောက် ထိုသူများကို ဖယ်ရှားလိုက်သည်။ ယခု ထိုအိမ်ထဲတွင် နေထိုင်သူဟူ၍ တစ္ဆေဘုရင်၏ လက်မရွံ့ နောက်လိုက်များ အပါအဝင် မုန့်ယန်တို့ အုပ်စုသာ ရှိတော့သည်။ 


သွမ့်ချန်ချင်း၏ ဘက်တွင်မူ ယန်ယုကော၏ စေခိုင်းချက်အရ ရှဲ့ယွင်နန်ကို ဖမ်းဆီးရန် ရောက်လာပြီးနောက် မိစ္ဆာကျွန် ပြုခြင်း ခံလိုက်ရသည့် ကြေးစား တိုက်ခိုက်ရေးသမားတစ်ဦးသာ ရှိသည်။ 


ရှဲ့ယွင်နန်က ထိုသူကို သွမ့်ချန်ချင်းအား ကာကွယ်ရန် အမိန့်ပေးခဲ့သည်။ 


သွမ့်ချန်ချင်းက တံခါးပေါက်ကို ဖွင့်လိုက်သည့်အခါ ဖန့်ချီရှန့်ဟု အမည်ရသည့် ထိုကြေးစားက သူ့အခန်းရှေ့ တံခါးဝတွင် မတ်တပ်ရပ်နေကြောင်း တွေ့လိုက်ရသည်။ 


သူ့ကို မြင်သည့်အခါ ဖန့်ချီရှန့်၏ အကြည့်တို့ ဝင်းလက်သွားသည်။ 


ဖန့်ချီရှန့်သည် ရက်ပေါင်းများစွာ ထိန်းချုပ်ခံထားရပြီး ဖြစ်သည့်အတွက် တစ္ဆေဘုရင်နှင့် ရှဲ့ယွင်နန်တို့၏ အမိန့်များအား လိုက်နာရခြင်းအပေါ် အသားကျနှင့်နေပြီ ဖြစ်သည်။ များသောအားဖြင့် သူသည် အလုပ်များ အလွန်အကျွံ လုပ်ခြင်း သို့မဟုတ် မြေတွင်းများ တူးခြင်းဖြင့်သာ အချိန်ကို ကုန်ဆုံးလေ့ ရှိသည်။ 


သွမ့်ချန်ချင်းအား စောင့်ကြပ်ရသည့်အပေါ် အလွန် မကျေမနပ် ဖြစ်မိနေ၏။ 


ဒီ သွမ့်ချန်ချင်းဆိုတာ အားနည်းတဲ့ ခန္ဓာကိုယ်နဲ့ သာမန်လူတစ်ယောက်သာသာပဲဟာကို .. သူက ဘာလို့ တံခါးစောင့်ပေးရမှာလဲ ...


ပြီးတော့ တံခါးဝမှာ ဒီလို ရပ်နေရတာကြီးက စိုက်ခင်းထဲမှာ အလုပ်လုပ်ရတာထက်တောင် ပိုပင်ပန်းသေးတယ် ...


ဒါပေမယ့် ရှဲ့ယွင်နန်က သူ့ကို တံခါးစောင့်ခိုင်းထားတာဆိုတော့ မလုပ်လို့လည်း မရဘူး ...


ဖန့်ချီရှန့်က သူသည် ရှဲ့ယွင်နန်အပေါ် မကောင်းကြံ၍ မရကြောင်း သိထားပေသည်။ ထိုသို့ ကြံစည်မိပါလျှင် မခံမရပ်နိုင်လောက်အောင် နာကျင်သည့် ခေါင်းကိုက်ဝေဒနာကို ခံစားရမည် ဖြစ်သည်။ သို့သော် သူ့အနေဖြင့် သွမ့်ချန်ချင်းကိုမူ ခြောက်လှန့်နိုင်ပေသည်။ 


သူက အဖော်သားရဲကို အပြင်ထုတ်လိုက်သည်။ ထို့နောက် ကြောက်စရာ ကောင်းလှသည့် ဧရာမ မြွေကြီးတစ်ကောင်က သွမ့်ချန်ချင်း ရှိရာသို့ ရောက်ရှိလာတော့၏။ 


ဖန့်ချီရှန့်က သွမ့်ချန်ချင်းအား သူ့အဖော်သားရဲဖြင့် ဖမ်းချုပ်ကာ ငိုသည်အထိ ခြောက်လှန့်ရန် တွေးထားခြင်း ဖြစ်သည်။ 


သူ့စိတ်ထဲတွင် သေသည်အထိ ခြောက်လှန့်ရန် အကြံ မရှိသည့်အတွက် အမိန့်ကို ချိုးဖောက်ရာ မရောက်ရာ ခေါင်းကိုက်ဝေဒနာကို မခံစားရချေ။ သို့သော် သူ့အဖော်သားရဲ သွမ့်ချန်ချင်းအနီးသို့ မရောက်မီမှာပင် တစ်ဖက်သူက ရှေ့တစ်လှမ်းတိုးကာ သူ့အဖော်သားရဲကို တက်နင်းလိုက်သည်။ 


ထိုမျှသာမက သူ့ကို ခပ်ပြုံးပြုံး စိုက်ကြည့်လျက်ပင် ပြောလိုက်သေးသည်။ 


“ကြည့်ရတာ ခင်ဗျားက ဘယ်သူကမှ သခင်အစစ်ဆိုတာကို မသိသေးဘူးပဲ ...”


ပြုံးနေသည့် မျက်နှာကို ငေးကြည့်ရင်း ဖန့်ချီရှန့်သည် မရဏအရိပ်အယောင်များကို ခံစားမိလာသည်။ 


ဆယ်မိနစ်ခန့် ကြာပြီးနောက် သွမ့်ချန်ချင်းက သူ့ကိုခေါ်ကာ အိမ်ထဲမှ ထွက်လာလိုက်သည်။ 


ဖန့်ချီရှန့်သည် ယခင်က သူ့ကို ကာကွယ်ရန် တာဝန်ပေးထားခံရသည့်တိုင် အရေးထားခဲ့ခြင်း မရှိ၊ သူ့ကိုလည်း မထီလေးစား ဆက်ဆံခဲ့ပေသည်။ 


သို့သော် ယခုမူ နောက်ကလိုက်လာသည့် ဖန့်ချီရှန့်သည် ဦးခေါင်းမှ ခြေဖျားအထိ ဆံချည်မျှင်တစ်မျှင်ချင်းစီမကျန် "လေးစားမှု” ဟူသည့် စာသားကို အပြည့် ရေးထိုးထားသည့် အလားပင်။ 


ယခင်က သူ့ကို ထိန်းချုပ်ထားသူမှာ ရှချင်ဖြစ်လိမ့်မည်ဟုသာ ထင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ထိုအုပ်စုထဲတွင် ရှချင်ကသာ အားအကောင်းဆုံး ဖြစ်ပေသည်။ 


ယခုမူ .. သူသည် အစောပိုင်းကတည်းက မှားယွင်းနေခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်သွားတော့၏။ 


ထိုအုပ်စုထဲတွင် ကြောက်စရာအကောင်းဆုံးမှာ ရှချင်မဟုတ်၊ သူ့ရှေ့တွင် ရပ်နေသည့် သွမ့်ချန်ချင်းသာ ဖြစ်ပေသည်။ 


သွမ့်ချန်ချင်းကို ဖမ်းဖို့ လုပ်တုန်းက သူ ဘာလို့ ချော်လဲသွားခဲ့လဲဆိုတာ မထူးဆန်းတော့ပါဘူး ...


ဘာလို့ အားလုံး အလုပ်များနေကြတဲ့ အချိန်မှာ သွမ့်ချန်ချင်းက အိမ်ထဲမှာပဲ အိပ်နေနိုင်တာလဲ ဆိုတာလည်း အံ့ဩစရာ မရှိတော့ပါဘူး ...


အဲဒီ့နေ့က မုန့်ယန်နဲ့ သူ့လူတွေ တံခါးဝအထိ ရောက်လာတဲ့အချိန်မှာ “တစ္ဆေဘုရင်” ရုတ်တရက်ကြီး ပေါ်လာတာရောပဲ ဘာမှ မထူးဆန်းတော့ဘူး ...


သူ့ရှေ့မှာ ရပ်နေတဲ့သူကမှ မုန့်ယန်တို့ကို အနိုင်တိုက်ခဲ့တဲ့ “တစ္ဆေဘုရင်” ဖြစ်လိမ့်မယ် ...


ဒီအကြောင်းကို တစ်ခြားသူတွေအကုန် သိထားကြပြီးသားနေမှာ အဲဒါကြောင့်လည်း သူ့ကို အရမ်း ကောင်းပေးနေကြတာ နေမှာပေါ့ ...


သွမ့်ချန်ချင်းက အပြင်ထွက်လာကာ ဖန့်ချီရှန့်ကို ပြောလိုက်သည်။ 


“ဒီနားက ပန်းအိုးလေးတွေက ကောင်းတယ် ငါ့ဆီ ယူလာခဲ့ပေး ...”


ဖန့်ချီရှန့်က တစ်ခွန်းမျှ စောဒက မတက်ဘဲ ယူပေးလိုက်သည်။ 


သွမ့်ချန်ချင်းက စိတ်စွမ်းအင်ဆေးပင်အချို့ကို တူးကာ ပြန်ယူလာခဲ့သည်။ အချို့မှာ လုံလောက်အောင် မကြီးထွားသေးသည့်အတွက် ကောင်းစွာ ပျိုးထောင်ပေးရန် လိုအပ်ပေသည်။ ထို့ကြောင့် သူက ၎င်းတို့ကို စိုက်ပျိုးရန်အတွက် ပန်းအိုးအချို့ ရှာထားခြင်း ဖြစ်သည်။ 


စိုက်ပျိုးခြင်းကိုမူ သူကိုယ်တိုင် မလုပ်။ ဖန့်ချီရှန့်ကိုသာ လုပ်ခိုင်းလိုက်သည်။ 


ဘေးနားမှ ရပ်ကာ အပင်များအား ပန်းအိုးထဲနှင့် ပန်းခြံထဲတွင် ကျပန်း စိုက်ပျိုးရန် ညွှန်ကြားပြီးနောက် မြေများကို ဆွထားရန်ပါ ပြောလိုက်သည်။ 


ဖန့်ချီရှန့် အလုပ်များနေစဉ်မှာပင် မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့ ပြန်ရောက်လာ၏။ 


ထိုသူနှစ်ဦးမှာလည်း ဤနှစ်ရက်အတွင်း များစွာ အလုပ်များနေ၏။ 


တစ္ဆေဘုရင်က သူတို့နှစ်ဦးကို ဟုန်ယဲ့မြို့တော်ရှိ တိုက်ခိုက်သူများအား ကုသပေးရန် ပြောခဲ့သည်။ 


သူတို့၏ အဆင့်အတန်းမှာ အများက လေးစားကြရသည့် အနေအထားတွင် ရှိခဲ့သည်။ အတိတ်က သူတို့ကို ကုသပေးရန် လာရောက်တောင်းဆိုသူများသည် လေးစားမှု အပြည့်ဖြင့် ငွေကြေးများစွာ ပေးအပ်ကာ တရိုတသေ တောင်းဆိုကြရသည်။ ယခုမူ ငြင်းခွင့်မရှိ၊ အားလုံးကို ကုသပေးနေရသည့်အတွက် စိတ်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေတော့၏။ 


သို့သော် တစ္ဆေဘုရင်နှင့် ရှဲ့ယွင်နန်၏ အမိန့်ကို မနာခံ၍လည်း မရပေ။ 


ယခုလက်ရှိတွင် သူတို့၏ စိတ်စွမ်းအင်ကို ကုန်စင်သည်အထိ အသုံးပြုပြီးဖြစ်၍ ဆက်ပြီး မကုသနိုင်တော့သောကြောင့်သာ ပြန်လာခွင့်ရခြင်း ဖြစ်သည်။ 


မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့သည် ယခင်က ဆက်ဆံရေး မကောင်းခဲ့။ သို့သော် လတ်တလောတွင် ပုန်ကန်လိုသူအချင်းချင်း ရင်းနှီးလာကြသည်။ မုန့်ယန်က ကျောက်ချင်းယွင်ကို ပြောလိုက်သည်။ 


“ရှဲ့ယွင်နန် ပြန်သက်သာတဲ့နှုန်းက အရမ်းကို မြန်တာပဲ သူ့လက်ထဲမှာ ယဇ်ဆရာအကြီးအကဲရဲ့ ရတနာ ရှိနေတယ်ဆိုတာ သေချာတယ်ထင်တယ် ...”


“ဆင်ခြေဖုံးဒေသက သာမန်သူဆိုပေမယ့် ယဇ်ဆရာအကြီးအကဲရဲ့ ရတနာကို ရပြီးနောက်ပိုင်း ကံကောင်းလာလိုက်တာများ ...”


ကျောက်ချင်းယွင်မှာ မနာလိုစိတ်များ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ ထို့နောက် နာကျင်စွာဖြင့် အော်ဟစ်ငိုယိုလိုက်ရ၏။ 


သူ့ပုံစံကို မြင်သည်နှင့် တစ်ပြိုင်နက် မုန့်ယန်က မနာလိုစိတ်များကို ချက်ခြင်း ရှင်းထုတ်လိုက်သည်။ 


သူသာ မနာလိုမုန်းတီးစိတ်တို့ ဖြစ်ပေါ်မိပါလျှင် အနည်းငယ်မျှသာ ဖြစ်သည့်တိုင် ခေါင်းကိုက်ဝေဒနာကို ခံစားရမည် ဖြစ်သည်။ 


ဒါပေမယ့် ရှဲ့ယွင်နန်က တကယ်ကို မနာလိုဖြစ်စရာပဲ ...


သူက အလယ်အလတ်အဆင့် ယဇ်ဆရာတောင် မဖြစ်သေးဘူး အဆင့််နိမ့်ယဇ်ဆရာတစ်ယောက်က သူတို့ကို ဘယ်လိုနည်းနဲ့မှကို ယှဉ်နိုင်စရာအကြောင်း မရှိဘူးလေ ဒါပေမယ့် မြန်မြန် ပြန်သက်သာနိုင်တဲ့ အစွမ်းကြောင့် သူတို့ထက်တောင် ပိုပြီးတော့ လူအများကြီးကို ကုသပေးနိုင်နေတယ် ...


မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့က မနာလိုစိတ်များဖြင့် လောင်မြိုက်နေစဉ် ရှဲ့ယွင်နန်ကမူ ယနေ့ သူ ပြန်အားပြည့်သည့်နှုန်းမှာ အနည်းငယ် နှေးကွေးနေသည်ဟု ခံစားမိနေ၏။


ဘာလို့ ဘေးနားမှ သွမ့်ချန်ချင်း ရှိနေမှ ပြန်အားပြည့်တဲ့နှုန်းက ပိုမြန်တာလို့ တွေးမိနေပါလိမ့် ...


ဒီရက်ပိုင်းထဲ ကိစ္စတွေ အများကြီး ဖြစ်သွားတော့ ကျင့်ကြံရေးဘက်ကို သေချာ အာရုံမစိုက်မိလို့ ထင်တယ် ...


*****


အနားယူရန် ပြန်လာသည့်လမ်းတွင် မုန့်ယန်နှင့် ကျောက်ချင်းယွင်သည် သွမ့်ချန်ချင်းနှင့် သူ့ကို ကူညီပေးနေသော ကြေးစားတိုက်ခိုက်သူကို တွေ့လိုက်သည်။ 


ဤနှစ်ရက်

အတွင်း သူတို့၏ စိတ်ထဲတွင် အမျိုးမျိုးသော မကျေနပ်မှုများက တစ်ဖြည်းဖြည်း ထုထည်ဖွဲ့နှင့်နေပြီး ဖြစ်သည်။ 


သွမ့်ချန်ချင်းကို မြင်လိုက်သည့်အခါ သူတို့သည်လည်း ဖန့်ချီရှန့်ကဲ့သို့ပင် ဒေါသစိတ်ကို သူ့အပေါ် ပုံချလိုစိတ်များ ဖြစ်ပေါ်လာတော့၏။