အပိုင်း ၅၆
Viewers 7k

Chapter 56




ထိုသူများ အားလုံးမှာ ဟုန်ယဲ့မြို့၏ ဒေသခံ မြွေပွေးများသာ ဖြစ်ကြသည်။ မြင့်မြတ်မြို့တော်မှ အရူးကောင်များမှာ လွှတ်ထား၍ ရသော်ငြား ထိုသူများမှာမူ မတူညီချေ။ 


သူတို့ကိုသာ လွှတ်လိုက်ပါလျှင် ပြဿနာများစွာ ဖြစ်လာပေလိမ့်မည်။ 


ထိုသို့ဖြင့် .. ထိုလူများမှာ ဆက်ပြီးသာ အငတ်ခံလိုက်ရတော့သည်။ 


အားလုံး စားသောက်နေကြစဉ် တစ္ဆေဘုရင်၏ ဘက်တော်သားတစ်ဦးမှာ ရုတ်ချည်းဆိုသလို နာကျင်မှုအပြည့်ဖြင့် လဲကျသွားတော့သည်။ 


ထိုသူသည် တစ္ဆေဘုရင်ကို ကူညီရန် ရောက်လာခဲ့သူ ဖြစ်သည်။ 


သူသည် အလယ်အလတ်အဆင့် တိုက်ခိုက်သူတစ်ဦးသာ ဖြစ်သည့်အပြင် မည်သူကမှ သူ့တည်ရှိမှုကို ဂရုမပြုမိလောက်အောင်ကို သာမန်ဆန်လှသူ ဖြစ်သည်။ ယခု ရုတ်တရက် လဲကျသွားရာ ...


“သူက အဆိပ်မိသွားတာလား ...”


တစ်ယောက်က စိုးရိမ်တကြီး မေးလိုက်သည်။ 


“မဟုတ်ဘူး ကြည့်ရတာ ဒဏ်ရာဟောင်း ပြန်ထလာတာ ထင်တယ် ...”


ထိုသူနှင့် ရင်းနှီးသူတစ်ဦးက ပြန်ပြောလိုက်သည်။  


တိုက်ခိုက်သူများသည် အလွယ်တကူ ထိခိုက်ဒဏ်ရာရနိုင်သူများ ဖြစ်ကြသည်။ တိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီးနောက် ကုသမှုကို ခံယူရန်မှာမူ ခဲယဉ်းလွန်းမက ခဲယဉ်းလှပေသည်။ 


ထို အလယ်အလတ်အဆင့် တိုက်ခိုက်သူသည် မြင့်မြတ်မြို့တော်မှ ဒေသခံတစ်ဦး ဖြစ်သည်။ သူ၏ သာမန်ဆန်လွန်းလှသော နောက်ခံကြောင့် ကုသမှု ခံယူရန် အခက်တွေ့ခဲ့ရသည်။


ဘဝ၏ ဖိအားကြောင့် သူသည် အဆင့်နိမ့် ယဇ်ဆရာတစ်ဦးထံ ခိုလှုံကာ တစ်ဖက်သူကို ကာကွယ်ပေးရန် တာဝန်ယူခဲ့ရသည်။ ရလဒ်အနေဖြင့် တစ်ဖက်သူက အပြင်ထွက်ကာ အခြားသူများနှင့် အချင်းများခဲ့ကြသည့်အတွက် သူ့တွင် ထိခိုက်ဒဏ်ရာ ရခဲ့တော့သည်။ 


ထိုယဇ်ဆရာက သူ့ကို ကုသပေးလိမ့်မည်ဟု မျှော်လင့်ခဲ့သော်ငြား ... တစ်ဖက်သူက ဆန္ဒမရှိခဲ့ပေ။ 


အခြေအနေမှာ ဆိုးသည်ထက် ပိုဆိုးလာကာ သူ့အဖော်သားရဲအချို့မှာလည်း အပြင်းအထန် ဒဏ်ရာရပြီး အချိန်တိုအတွင်း သေဆုံးသွားခဲ့ကြတော့သည်။


တစ်ကိုယ်တည်း ကျန်ရစ်တော့သည့်အခါ စွန့်ပစ်ခံလိုက်ရတော့၏။ ထို့ကြောင့် မြင့်မြတ်မြို့တော်ကို စွန့်ခွါလာကာ နောက်ပိုင်းတွင် တစ္ဆေဘုရင်၏ ငယ်သားများနှင့် ချိတ်ဆက်မိသွားခဲ့သည်။ 


သို့သော် ဒဏ်ရာရထားဖူးသည့်အတွက် သူ့အခြေအနေမှာ လွန်စွာ ဆိုးရွားခဲ့သည်။ ယခု ထိုဒဏ်ရာက ဖောက်လွဲဖောက်ပြန် ဖြစ်လာ၏။ 


တိုက်ခိုက်သူ အများစုမှာ အလားတူ အခြေအနေများကို မြင်တွေ့ဖူးထားကြသည့်အတွက် အချိန်မီ မကုသပါလျှင် အသက်ပင် သေသွားနိုင်ကြောင်း သိထားကြသည်။ 


စင်စစ်အားဖြင့် တိုက်ခိုက်သူများသာ ဤသို့သော အခြေအနေမျိုးကို ကြုံတွေ့ရသည် မဟုတ်။ သာမန်သူများလည်း ကြုံတွေ့ကြရပေသည်။ 


ဒဏ်ရာဟောင်း ပြန်ထလာသူတစ်ဦး ရှိသည်ဟု ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အားလုံးက မုန့်ယန်နှင့် ကျောက်ချင်းယွင်ကိုသာ စိုက်ကြည့်လိုက်ကြတော့သည်။ 


မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့သည် ထိုသူကို ကုသလိုခြင်း အလျဉ်းမရှိ။ ထိုသူမှာ အလယ်အလတ်အဆင့် တိုက်ခိုက်သူမျှသာ ဖြစ်သည့်အတွက် ကုသစရိတ်လည်း ပေးနိုင်မည့်ဟန် မရှိပေ။ 


ထို့အပြင် လူများအား ကုသခြင်းကြောင့် ယဇ်ဆရာ၏ ခန္ဓာကိုယ် ပျက်စီးမသွားသည့်တိုင် .. သူတို့၏ ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်မှာ အသုံးပြုပြီးနောက် ပြန်လည် ပြည့်တင်းလာစေရန် အချိန်အချို့ စောင့်ဆိုင်းရပေသည်။ သူတို့က ထိုခံစားချက်ကို မနှစ်သက်လှပေ။ 


နှစ်ဦးလုံး တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြပြီး တစ်ဖက်သူက ကုသပေးမည်ကိုသာ မျှော်လင့်နေကြ၏။ 


သို့သော် ထိုအချိန်တွင် ရှဲ့ယွင်နန်က လဲကျနေသည့် တိုက်ခိုက်သူ၏ ဘေးတွင် ငုတ်တုတ်ထိုင်ကာ ထိုသူ၏ လက်ကို ဆွဲကိုင်လိုက်သည်။ 


သူသည် ဤရက်ပိုင်းအတွင်း တစ္ဆေဘုရင်ကို များစွာ ကုသပေးဖူးသည့်အတွက် ကုသမှုလုပ်ငန်းစဉ်နှင့် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။ ထိုတစ်ခဏ၌ များစွာ စဉ်းစားမနေနိုင်ခဲ့။ ထိုသူ၏ ခန္ဓာကိုယ်ထဲသို့ သူ့စိတ်စွမ်းအင်အားလုံးကို တိုက်ရိုက် ထည့်ပေးလိုက်သည်။ 


နာကျင်မှုကြောင့် ရှုံ့မဲ့နေရသည့် ထိုသူ၏ မျက်နှာအမူအယာမှာ ချက်ခြင်း ပြေလျော့သွားကာ သက်တောင့်သက်သာ ဖြစ်စွာပင် ဟောက်လိုက်သေးသည်။ 


သွမ့်ချန်ချင်းက ရှဲ့ယွင်နန်၏ အနောက်မှ လိုက်ကာ ထိုသူ၏ အခြေအနေကို အကဲခတ်လိုက်ပြီးနောက် မျက်ခုံးကို ပင့်ကြည့်လိုက်မိတော့သည်။ 


သူ့ရှေ့တွင် ရှိနေသူမှာ ဒဏ်ရာများစွာ ရှိနေပြီး .. ယခုလက်ရှိ သူ့ပုံစံမှာ .. အနည်းငယ်ပင် ရူးသွပ်တော့မည့်ဟန်။

(T/N ဒီမှာ သူ ပြောသွားတဲ့ ရူးတယ်ဆိုတာက အတွင်းအား ဖောက်ပြန်လို့ စိတ်ရူးဖောက်သွားတာမျိုးကို ပြောချင်တာပါ)


သို့သော် ရှဲ့ယွင်နန်က ထိုသူကို ကုသပေးပြီးသည်နှင့်တစ်ပြိုင်နက် ချက်ခြင်း ပျောက်ကင်းသွားတော့သည်။ 


ဤကမ္ဘာမှာ ကျင့်ကြံရေးလောကနှင့် အနည်းငယ် ကွဲပြားလှ၏။ 


ထိုသူ စိတ်ရူးဖောက်သွားခြင်း၏ အကြောင်းအရင်းမှာ ဒဏ်ရာများကြောင့်သာမက ရောစပ်သွေးကြောကြောင့်လည်း ဖြစ်ပေသည်။ 


ဤကမ္ဘာတွင် သွေးကြောတစ်ခုတည်းသာ ရှိသူဟူ၍ မရှိပေ။ 


ရှဲ့ယွင်နန်က သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အားလုံးကို ထုတ်သုံးပြီးနောက် မတ်တပ်ရပ်လိုက်သည်။ 


“ငါက အခုမှ နိုးထလာကာစဆိုတော့ ခန္ဓာကိုယ်ထဲမှာ စွမ်းအင် နည်းနည်းလေးပဲ ရှိသေးတာ သူ့ကို မကုသနိုင်မှာတောင် ကြောက်ရ ...”


သူ့စကားပင် မဆုံးသေး၊ မြေပေါ်တွင် လဲကျနေသူက လူးလှိမ့်လာ၏။ ထို့နောက် မတ်တပ်ထရပ်ကာ ရှဲ့ယွင်နန်၏ အရှေ့တွင် ဒူးထောက်လျက် ဝင်းလက်တောက်ပသော မျက်နှာထားဖြင့် အရိုအသေပြုလိုက်သည်။ 


“ယဇ်ဆရာအရှင် ကျွန်တော်မျိုးကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ...”


“မြင့်မြတ်မြို့တော်မှာ ဒီလို ထုံးစံမျိုး ရှိတယ်ဆိုပေမယ့် ဒီမြို့မှာတော့ ဒါမျိုး မလိုဘူး ...”


တစ္ဆေဘုရင်က ထိုသူကို မြေပေါ်မှ ဆွဲထူကာ ရှဲ့ယွင်နန်ကို ဖျတ်ခနဲ လှမ်းကြည့်ရင်း ကောက်ကာငင်ကာ ပြောလိုက်သည်။ 


“ရှဲ့ယွင်နန်က ယဇ်ဆရာအကြီးအကဲရဲ့ အမွေကို လက်ခံထားတဲ့အပြင် အကြီးအကဲကိုယ်တိုင်ကလည်း သူ့ကို ဆက်ခံသူအဖြစ် အသိအမှတ် ပြုထားပြီးသား ... သူက အကြီးအကဲလိုမျိုးပဲ ကြင်နာတတ်တဲ့သူ ဖြစ်တဲ့အတွက် မင်းကို တစ်ယောက်တည်း ချန်ထားခဲ့မှာ မဟုတ်ဘူး ...”


ရှဲ့ယွင်နန်က သူ့တပည့်ဟု သိထားသူများ အများအပြား ရှိသည့်အပြင် ရှဲ့ယွင်နန်က သူ့အတွက် အလွန် အရေးကြီးသူဟုလည်း အားလုံးက သိထားကြသည်။


အနာဂတ်တွင် ရှဲ့ယွင်နန်သည် သူ့ကြောင့် အန္တရာယ်နှင့် ရင်ဆိုင်လာရနိုင်ပေသည်။ 


ထို့ကြောင့် သားဖြစ်သူကို လုံခြုံစေလိုပါလျှင် ပိုမြင့်မားသည့် အဆင့်အတန်းသို့ရောက်အောင် လုပ်ပေးရမည်ဖြစ်သည်။


တစ္ဆေဘုရင်က ယခင်က ထိုအကြောင်းကို မတွေးခဲ့ဖူးပေ။ ရှဲ့ယွင်နန်ကို ဟုန်ယဲ့မြို့အရှင် ဖြစ်လာအောင် လုပ်ပေးရန်သာ တွေးခဲ့ဖူး၏။ မြို့အရှင် ဖြစ်လာပါလျှင် ရှဲ့ယွင်နန်သည် ထိုအာဏာဖြင့် သူ့ကိုယ်သူ ကာကွယ်နိုင်မည် ဖြစ်သည်။ 


ဒါပေမယ့် မုန့်ယန်နဲ့ တစ်ခြားသူတွေ .. သူတို့အကုန်လုံးက ယဇ်ဆရာအကြီးအကဲကို အရမ်း သစ္စာရှိပြနေတယ် မဟုတ်လား ...


ဒါဆို သူ့သားကို ယဇ်ဆရာအကြီးအကဲရဲ့ ဆက်ခံသူဆိုပြီး လုပ်လိုက်မယ်လေ ...


တကယ် ဟုတ်လား မဟုတ်လားကတော့ ... ယဇ်ဆရာအကြီးအကဲက သေတောင် သေနေပြီပဲဟာ သူက မြေကြီးထဲကနေ ထွက်လာပြီး မဟုတ်ဘူးလို့ ငြင်းနိုင်မှာတဲ့လား ...


သူတို့က မြင့်မြတ်မြို့တော်ကို ဆန့်ကျင်ကြသူများ ဖြစ်သည့်တိုင် ယဇ်ဆရာများ မရှိဘဲ မရှင်သန်နိုင်ပေ။ ထို့ကြောင့် အနာဂတ်တွင် သားဖြစ်သူကို သူတို့ဘက် ရပ်တည်မည့် ယဇ်ဆရာအကြီးအကဲ ဖြစ်လာအောင် လုပ်ပေးရပေလိမ့်မည်။ 


သူက မြင့်မြတ်မြို့တော်ရှိ ယဇ်ဆရာအကြီးအကဲကဲ့သို့ အင်အားစုများ၏ အထက်တွင် မရပ်နိုင်သည့်တိုင် ကျိန်းသေ ဘေးကင်းနေပေလိမ့်မည်။ 


ထို့အပြင် ရှဲ့ယွင်နန်ကို ဟုန်ယဲ့မြို့အရှင်အဖြစ် ခန့်အပ်လိုပါလျှင်လည်း ကျိုးကြောင်းဆီလျော်သွားပေမည်။ 


ယဇ်ဆရာအကြီးအကဲ ... တကယ်ကို အသုံးဝင်တာပဲ ...


တစ္ဆေဘုရင်က ထိုသို့ တွေးလိုက်သော်ငြား မုန့်ယန်တို့မှာမူ မနာလိုစိတ်တို့ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ 


ယဇ်ဆရာ အကြီးအကဲက မြင့်မြတ်မြို့တော်မှာ သေသွားခဲ့တာလေ ဘယ်လိုလုပ် ဆက်ခံသူ ရှိသွားတာလဲ ...


သူတို့ရှေ့မှာ ရှိနေတဲ့သူက ယဇ်ဆရာအကြီးအကဲရဲ့ ရတနာကို ရသွားတာလား ...


သူတို့လည်း လိုချင်တယ်လို့ !!!!! အဲဒီ့ရတနာကို ရတဲ့သူ ဘယ်သူမဆို ယဇ်ဆရာအကြီးအကဲရဲ့ ဆက်ခံသူ ဖြစ်မှာလေ ...


တစ္ဆေဘုရင်က ရှဲ့ယွင်နန်သည် ဆက်ခံသူတစ်ဦး ဖြစ်သည်ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကို ကြည့်သည့် အကြည့်တို့မှာ ပြောင်းလဲသွားတော့သည်။ 


အထူးသဖြင့် တစ္ဆေဘုရင်၏ ဘက်တော်သားများပင်။ ယခုလက်ရှိ သူတို့၏ အမြင်တွင် ရှဲ့ယွင်နန်သည် အဖိုးမဖြတ်နိုင်သည့် ရတနာသဖွယ် ဖြစ်နေတော့၏။ 


တစ္ဆေဘုရင်၏ ငယ်သားများမှာ ပို၍ပင် သိလိုစိတ်တို့ ပြင်းပြလာတော့သည်။ 


ဘော့စ်က ဒီအကြောင်းကို သိထားလို့ ရှဲ့ယွင်နန်ကို ရုတ်တရက်ကြီး တပည့်အဖြစ် လက်ခံလိုက်တာလား ...


တစ္ဆေဘုရင်က ပေါက်ကရ လျှောက်ပြောနေခြင်းဖြစ်ကြောင်း သိနေသူဟူ၍ သွမ့်ချန်ချင်း တစ်ဦးတည်းသာ ရှိပေသည်။ 


သို့သော် သူကလည်း တစ္ဆေဘုရင် ထိုသို့ ပြောလိုက်ခြင်းက ကောင်းသည်ဟု ထင်မြင်မိ၏။ အနာဂတ်တွင် ရှဲ့ယွင်နန်၏ အဆင့်အတန်းမှာ လွန်စွာ မြင့်မားလာတော့မည် ဖြစ်ပေသည်။ ယခုမူ သူ့မိသားစုဝင် ရှဲ့ယွင်နန်မှာ ကြောင်အနေ၏။ 


တစ္ဆေဘုရင်က ထပ်ပြောလိုက်ပြန်သည်။ 


“ကောင်းပြီ ဗိုက်ပြည့်ပြီလား ဒါဆို အလုပ်လုပ်ဖို့ သွားရအောင် လျောင်မိသားစုရဲ့ စားစရာတွေကို ထိန်းချုပ်လိုက်ပြီးတော့ ဈေးချိုချိုနဲ့ ရောင်းပေးလိုက်ကြ ...”


ဟုန်ယဲ့မြို့တော်ကို သိမ်းပိုက်လိုပါလျှင် စစ်အင်အားသာမက သာမန်သူတို့၏ အသိအမှတ်ပြုမှုကိုပါ ဦးစွာ ရရှိရဦးမည် ဖြစ်သည်။ 


လူထု၏ လက်ခံမှုကို ရရှိနိုင်ရန်အတွက်မူ ... ယခုအချိန်တွင် ပြည်သူများက စားစရာကို လိုအပ်နေကြရာ .. ဂိုဒေါင်များကို ဖွင့်ချလျက် ဝေငှပေးလိုက်မည်။ 


အနည်းငယ် မကြင်နာရာ ရောက်သည့်တိုင် .. သူတို့အနေဖြင့် လျောင်မိသားစုကို အမှန်တကယ် ကျေးဇူးတင်သင့်ပေသည်။ 


တစ္ဆေဘုရင်၏ စကားများကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် လျောင်မိသားစု၏ အကြီးအကဲမှာ ရုတ်ချည်း ဖြူရော်သွားတော့သည်။ 


မြေးဖြစ်သူ ပြန်လည်မွေးဖွားလာကြောင်း သိလိုက်ရချိန်မှစကာ သူသည် လျောင်မိသားစု ကြီးကြီးမားမား အောင်မြင်လာမည့် တစ်နေ့ကို အမြဲ စိတ်ကူးယဉ်နေခဲ့သည်။ 


သို့သော် ယခုမူ .. ထိုအိပ်မက်မှ လန့်နိုးလာခဲ့ရတော့၏။ 


အိပ်မက်မှ နိုးထလာရရုံသာမကသေး။ လျောင်မိသားစုသည် အမျိုးမျိုးသော စားစရာများကို ဝယ်ယူရန် ပိုင်ဆိုင်မှု များစွာကို ရောင်းချခဲ့ရသည်။ ထိုစားစရာများကိုသာ လက်လွှတ်လိုက်ရပါလျှင် .. လျောင်မိသားစုတစ်ခုလုံး များမကြာမီ ပျောက်ကွယ်သွားပေလိမ့်မည်။ 


သို့သော် တစ္ဆေဘုရင်နှင့် အခြားသူများမှာ အလွန် ရက်စက်လွန်းလှသည်။ သူတို့က လျောင်မိသားစုကိုသာမက အခြား မိသားစုကြီးများကိုလည်း အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ 


ထိုသို့ တွေးမိပြီးကာမှ အတော်လေး စိတ်သက်သာရာ ရသွားတော့သည်။ 


ထို စိတ်သက်သာရာ ရချိန်မှာလည်း မကြာမြင့်လှ။ 


အခြားမိသားစုကြီးများက ထိုကဲ့သို့သော မလျော်ကန်သည့် ကိစ္စမျိုးကို မလုပ်ခဲ့ဖူးသည့်အတွက် တစ္ဆေဘုရင်သည် ထိုသူများအပေါ် မည်သို့မှ လှုပ်ရှားခဲ့ခြင်း မရှိ။ 


သူတို့က လူထု၏ ဒေါသကို နှိုးဆွရန် လျောင်မိသားစုကို လိုအပ်နေပေသည်။ ထို့အပြင် မျောက်ကို ခြောက်နိုင်ရန် သတ်ရမည့် ကြက်တစ်ကောင်လည်း လိုအပ်နေဆဲပင်။ 


တစ္ဆေဘုရင်က သူ့လူများအား တာဝန်ခွဲပေးပြီးနောက် ရှဲ့ယွင်နန်ကို ပြောလိုက်သည်။ 


“ယွင်နန် ငါနဲ့ လိုက်ခဲ့ ...”


ရှဲ့ယွင်နန်က တစ္ဆေဘုရင်နှင့်အတူ အပြင်ဘက်သို့ ထွက်လာလိုက်သည်။ 


“ယွင်နန် စောစောက တောင်းပန်ပါတယ် ငါ မင်းကို ငါ့ရဲ့ သရုပ်မှန်အစစ်ကို မပြောခဲ့မိဘူး .. တကယ်တမ်းတော့ ငါက သူပုန်တစ်ယောက်ပါ ...”


“ဆရာ ဘယ်သူကမှ ဒီလို အတွေးမျိုး ရှိမှာ မဟုတ်ပါဘူး ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


ဆရာဖြစ်သူ ဘာကြောင့် သူ့သရုပ်မှန်ကို ဖုံးကွယ်ထားရကြောင်း နားလည်ပေး၍ ရပေသည်။ 


သူနှင့် ဆရာဖြစ်သူ သိကျွမ်းလာသည့် ကာလမှာ များစွာ မကြာမြင့်သေး။ ထို့ကြောင့် ဤကဲ့သို့သော ကိစ္စမျိုးအား သူ့ကို ပြောပြလိမ့်မည် မဟုတ်ချေ။ 


ရှဲ့ယွင်နန်က အခြားအရာများကို ပိုပြီး စိတ်ပူနေ၏။ 


“ဆရာ စောစောက လျောင်မိသားစု သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေကို ခွဲဝေပေးမယ်လို့ ပြောခဲ့တာလေ အဲဒါ ဘာကို ဆိုလိုတာလဲ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာက သူတို့ကြောင့်လား ..."


“ဟုတ်တယ် ...”


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


ရှဲ့ယွင်နန်က ထပ်မေးလိုက်ပြန်၏။ 


“ဒါဆို ကျွန်တော်က ယဇ်ဆရာအကြီးအကဲရဲ့ ဆက်ခံသူဆိုတာကရော ...”


“ဒီလိုပြောရင် မင်းအတွက် ပိုပြီး လုံခြုံလို့ ပြီးတော့ ငါတို့အတွက်လည်း အကျိုးရှိတယ်လေ ...”


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


“ဒါက တစ်ချိန်ချိန်မှာ ပေါ်သွားနိုင်လောက်လား ...”


“မဖြစ်နိုင်ဘူး ယဇ်ဆရာအကြီးအကဲက သေသွားပြီ ပြီးတော့ .. မင်းရဲ့ အရည်အချင်းကလည်း တော်တော်လေးကို အားကောင်းတယ်လေ ...”


တစ္ဆေဘုရင်က မြင့်မြတ်မြို့တော်တွင် ဖြစ်ပျက်ခဲ့သည်များအား အသေးစိတ် ပြန်ပြောပြလိုက်သည်။ 


ထို့နောက် သူက ရှဲ့ယွင်နန်ကို ထပ်မေးလိုက်သည်။ 


“မင်း ဟုန်ယဲ့မြို့တော်ကို ကိုင်တွယ်ဖို့ ငါနဲ့အတူ လိုက်ခဲ့ချင်လား ..."


ရှဲ့ယွင်နန်အနေဖြင့် ဆန္ဒမရှိပါလျှင်လည်း ယဇ်ဆရာဟူသော ဂုဏ်ပုဒ်ကြောင့် အကာအကွယ်ပေးခြင်း ခံနေရဦးမည် ဖြစ်သည်။ 


အကယ်၍ ရှဲ့ယွင်နန်က ဆန္ဒရှိပါလျှင် .. သူက ရှဲ့ယွင်နန် ထိုအရာများနှင့် နေသားတကျ ဖြစ်သွားစေရန် အကောင်းဆုံး ကြိုးစားပေးမည် ဖြစ်သည်။


ရှဲ့ယွင်နန်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ 


“ကျွန်တော် လုပ်ပါ့မယ် ...”


ကိစ္စတို့မှာ အပြောင်းအလဲ မြန်လွန်းလှကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆင့်ကဲ တိုးတက်ပြောင်းလဲလာခဲ့သည်။ 


သို့သော် ရှဲ့ယွင်နန်က ၎င်းကို အမိအရ ရယူထားလိုဆဲပင်။ ၎င်းက သူ့အတွက် ကြီးမားသော ပြောင်းလဲမှုကောင်းများ ဖြစ်စေမည့် အခွင့်အရေးကို ယူဆောင်ပေးပေလိမ့်မည်။ 


*****

ဟုန်ယဲ့မြို့တော်၏ အထွေထွေခရိုင်တွင် ...


အထွေထွေခရိုင်၏ လမ်းမများမှာ ကုန်တင်ယာဉ်အကြီးများပင် သက်တောင့်သက်သာ ဝင်ထွက်သွားလာနိုင်သည်အထိ ကျယ်ဝန်းလှသော်ငြား နေထိုင်သူများကမူ ဆင်ခြေဖုံးဒေသကဲ့သို့သော သယ်ယူပို့ဆောင်ရေးယာဉ်များကိုပင် အသုံးပြုနေကြဆဲပင်။ မော်တော်ဆိုင်ကယ်၊ ဘတ္တရီကားနှင့် စက်ဘီးများကိုသာ အများဆုံး အသုံးပြုကြ၏။ 


သို့သော် နေထိုင်မှု ဘဝမှာမူ ဆင်ခြေဖုံးဒေသထက် များစွာ ကောင်းမွန်ပေသည်။ 


ဝင်ငွေ အတည်တကျ ရှိသူများ ဖြစ်သည့်အလျောက် ထိုသူတို့သည် များသောအားဖြင့် စားဝတ်နေရေးအတွက် ပူပန်နေရန် မလိုအပ်ပေ။ 


သို့သော် လတ်တလော၌ မထင်မှတ်ထားသည့် ကိစ္စများ ဖြစ်ပွားခဲ့သည်။ 


စားစရာကုန်ဈေးနှုန်းများ တစ်စထက်တစ်စ မြင့်တက်လာကာ အိမ်တွင် စားစရာ သိုလှောင်ထားတတ်သူများမှအပ အားလုံး အခက်ကြုံကြရတော့သည်။ 


လူငယ်များက စားစရာကို အမြန် ဝယ်ယူနိုင်သည့်အတွက် အဆင်ပြေသေးသော်ငြား သက်ကြီးရွယ်အိုအချို့မှာမူ ငတ်မွတ်မှုဒဏ်ကို ခံစားလာရတော့သည်။ 


အဒေါ်လျှိုလည်း တစ်ဦးအပါအဝင်ပင်။ 


သူမ၏ မိသားစုဝင် အရေအတွက်မှာ များပြားလှရာ စားစရာအများအပြား လိုအပ်၏။ ကုန်ဈေးနှုန်း စတင် တက်လာစဉ်က ဝယ်ယူသိုလှောင်ထားခြင်း မပြုခဲ့သည့်အတွက် .. ယခု သူမတွင် စားစရာ မကျန်တော့ချေ။ 


သူမ၏ မိသားစုဝင်များက မြို့အပြင် ထွက်ကာ စားစရာတစ်ခုခု ရှာဖွေပြီး အိမ်သို့ ပြန်သယ်၍ ချက်ပြုတ်စားသောက်နေကြရသည်။ 


သို့သော် ဟုန်ယဲ့မြို့တော်တွင် လူ ထောင်သောင်းများစွာ ရှိနေကာ အားလုံး၏ အတွေးမှာ သူတို့နှင့် အတူတူပင် ဖြစ်နေသည့်အတွက် မြို့အပြင်၌ပင် စားစရာ ရှာမရတော့။


အချို့က လုယက်ရန် ကြံစည်ကြသော်ငြား ထိုသို့ လုယက်ရန်မှာလည်း ခွန်အားရှိသူများကသာ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ပေသည်။ 


အဒေါ်လျှိုက အိမ်ပေါက်ဝတွင် ငုတ်တုတ်ထိုင်ကာ အားနည်းချိနဲ့စွာဖြင့် ရေရွတ်နေလိုက်သည်။ 


“စားစရာတွေက ဘယ်တွေများ ရောက်ကုန်ပါလိမ့်နော် ...”


ဘေးအိမ်မှ လူအိုကြီးက ပြောလိုက်သည်။ 


“စားသောက်ဆိုင်တွေ အကုန်လုံးလည်း ပိတ်ကုန်ပြီ ငါတို့တွေ ရှေ့ဆက်ပြီး ဘယ်လိုရော အသက်ဆက်ရပါ့မလဲ ...”


“ငါတို့ကို ငတ်ပြတ်ပြီး သေစေချင်နေကြတာ ထင်တယ် ...”


“ဆင်ခြေဖုံးဒေသက မြို့ငယ်လေးတွေ အကုန်လုံးကို ရေနဲ့ လျှပ်စစ်ဓာတ်အားတွေ ဖြတ်လိုက်ကြပြီတဲ့ ဘယ်ကုန်ကြမ်းမှလည်း ဝယ်လို့ မရတော့ဘူး ဂတ်စ်ဈေးတွေကအစ မိုးပေါ်အထိ ရောက်နေပြီ ...”


“ရှေ့ရက်ပိုင်းတုန်းက လူငယ်လေးတစ်အုပ်စု ဟုန်ယဲ့တောအုပ်ထဲ ဝင်သွားကြသေးတယ်လေ ဒါပေမယ့် ဘယ်သူမှ ပြန်မလာနိုင်ခဲ့ဘူး ...”


....


လျောင်မိသားစုက စားစရာကိုသာမက အမျိုးမျိုးသော ကုန်ကြမ်းကုန်ချော ပစ္စည်းအားလုံးကိုပါ သိုလှောင်ထားခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် ဟုန်ယဲ့မြို့တော်သည် လျှပ်စစ်ဓာတ်အားပင် ထောက်ပံ့နိုင်ခြင်း မရှိတော့ချေ။ 


လျှပ်စစ်မီတာခမှာလည်း မြင့်သည်ထက် မြင့်တက်လာကာ အချို့နေရာများတွင် မကြာခဏ ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်နေကြရတော့သည်။ 


အားလုံး သက်ပြင်းချနေကြစဉ် လူတစ်ယောက် ရောက်လာကာ အပြေးအလွှား ပြောလိုက်သည်။ 


“သတင်းကောင်း သတင်းကောင်းဟေ့ အပြင်ဘက်မှာ စားစရာတွေ ရောင်းပေးနေတယ် ငါတို့မြို့ကို တစ္ဆေဘုရင်က ဝင်စီးလိုက်ပြီတဲ့ သူက လျောင်မိသားစု ဂိုဒေါင်ထဲမှာ စားစရာတွေ အများကြီး တွေ့လို့ အကုန်လုံးကို ဈေးချိုချိုနဲ့ ရောင်းပေးနေတယ် ...”


“တကယ်လား ...”


“တကယ်ပြောနေတာ တီဗီမှာတောင် လာနေတယ် ...”


စားစရာ ရောင်းချသည့် သတင်းမှာ အမှန်တကယ်ပင် တီဗီတွင် လာနေ၏။ ထို့အပြင် ဟုန်ယဲ့မြို့တော်၏ အုပ်ချုပ်မှုကို ပြောင်းလဲလိုက်ပြီဖြစ်ကြောင်းကိုပါ တီဗီမှတစ်ဆင့် အားလုံး သိလိုက်ရသည်။ 


ဤကုန်းမြေတိုက်တွင် မြို့တစ်ခုချင်းစီတိုင်းမှာ အမှီအခိုကင်းကင်းဖြင့် တစ်မြို့ချင်း ရပ်တည်နေကြခြင်း ဖြစ်ကြပြီး အခြားမြို့များနှင့်လည်း များစွာ ကူးလူးဆက်ဆံခြင်း မရှိပေ။ 


အချို့မြို့များသည် မြင့်မြတ်မြို့တော်နှင့် ဆက်ဆံရေး မကောင်းသည့်အတွက် ထိုမြို့များ၏ စံနှုန်းမှာ မြင့်မြတ်မြို့တော်နှင့် ကွဲပြားလှသည်။ 


ယခု ဟုန်ယဲ့မြို့တော်မှာလည်း အမှီအခိုကင်းစွာ ရပ်တည်နေရာ တစ္ဆေဘုရင်နှင့် သူ့လူများက အခြားမြို့များကို အကြောင်းကြားလိုက်ပြီးနောက် မြို့ထဲတွင် နေရာချထားပြီး စားစရာများကို မူလဈေးနှုန်းဖြင့် ရောင်းချပေးလိုက်သည်။ 


စားစရာ လာဝယ်သူများ အများအပြား ရှိနေကာ လုယက်လိုသူ အချို့လည်း ရှိနေ၏။ လုယက်လိုသူ အားလုံးကို ဈေးဆိုင်များတွင် စောင့်ကြပ်ရန် စီစဉ်ပေးထားသည့် တစ္ဆေဘုရင်၏

တိုက်ခိုက်သူများက အမိအရ ဖမ်းဆီးလိုက်ကြသည်။ 


မုန့်ယန်နှင့် အခြားသူများ မျက်ရည်လည်ရွှဲဖြင့် လက်နက်ချလိုက်ပြီးနောက် ဟုန်ယဲ့မြို့ထဲရှိ အခြားသူများ အထူးသဖြင့် စစ်တပ်ကပင်လျှင် လက်နက်ချလာသည့်အတွက် ... သူတို့တွင် အမိန့်ကို ကောင်းစွာ လိုက်နာမည့်သူ မရှားပါးတော့ချေ။