Chapter 55
လုရှောင်ရန်၏ နောက်သို့ လိုက်လာခဲ့ကြသူများမှာ အမြဲ ညဉ့်နက်မှ အိပ်ယာဝင်ကာ အိပ်ယာထချိန်လည်း နောက်ကျတတ်ကြသည်။
များသောအားဖြင့် နေမွန်းတည့်ကာမှ နိုးလာတတ်ကြပြီး ယခုအချိန်မှာ မနက်စာ စားကြသည့် အချိန်မျိုး ဖြစ်ပေသည်။
သို့သော် ယခုမူ မုန့်ယန်နှင့် သူ့လူများ တစ္ဆေဘုရင်ကို တိုက်ခိုက်ရန် ထွက်သွားသည့်အတွက် သူတို့အားလုံး စောစောနိုးနေခဲ့ကြသည်။
ခန်းမထဲ၌ ဗိုက်ဖြည့်ရန် အလောတကြီး ထွက်လာခဲ့ကြသော်ငြား .. ဖမ်းဆီးခံလိုက်ရသည်။
အသက် ၂၀ ဝန်းကျင် လူငယ်များမှာ ဆာလောင်မှုဒဏ်ကို အများဆုံး ခံကြရသည်။ တစ်ယောက်ပြီးတစ်ယောက် ရေငတ်ကာ ဗိုက်ဆာလာကြတော့သည်။
“လုကော ဗိုက်ဆာနေပြီလား ...”
တစ်ယောက်က မေးလိုက်သည်။
သေချာပေါက်ကို ဆာတာပေါ့ ဗိုက်ဆာတာတင်ကို မကဘူး ..
လုရှောင်ရန်က သူ့အဖော်သားရဲ စိတ်တိုင်းကျ ပျော်ပါးကစားနိုင်မည့် နေရာကိုပင် ရှာလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။
အဖော်သားရဲကို အပြင်ထုတ်ရန် ဟုန်ယဲ့တောအုပ်သို့ သွားပြီးနောက် အလှောင်ပြောင်ခံလိုက်ရကတည်းက နောက်တစ်ကြိမ် ၎င်းကို အပြင်ထုတ်မပေးတော့။
တကယ်ကို မွန်းကြပ်နေပြီ ...
မဟုတ်သေးပါဘူး မွန်းကြပ်တာက သူမှ မဟုတ်တာ သူ့အဖော်သားရဲက မွန်းကြပ်နေတာလို့ ပြောရမှာလေ ...
သူက တစ်ခဏမျှ စဉ်းစားပြီးနောက် မုန့်ယန်အနီးသို့ တိုက်ရိုက် ချဉ်းကပ်လိုက်သည်။
“မုန့်လူကြီးမင်း .. ဘာတွေ ဖြစ်နေတာလဲ ...”
မုန့်ယန်က သူ ထိန်းချုပ်ခံထားရတယ်လို့ ပြောပါ့မလား ...
သေချာပေါက်ကို မပြောနိုင်ဘူးပေါ့ .. သူ့မျက်နှာ အပျက်မခံနိုင်ဘူးလေ ပြီးတော့ ပြောတယ်ပဲထား ဘယ်သူက ယုံမှာတဲ့လဲ ...
အကျိုးမရှိစွာ ရုန်းကန်နေပြီးနောက် မုန့်ယန်သည် သူ့ဘဝ ပိုပြီး သက်သာရာ ရစေမည့် ဆုံးဖြတ်ချက်ကို ချလိုက်တော့သည်။
သူက ပြောလိုက်သည်။
“ငါက တစ္ဆေဘုရင်ရဲ့ စတိုင်ကို သဘောကျလို့ အမှောင်ကို စွန့်ပြီး အလင်းဝင်ဖို့ ဆုံးဖြတ်လိုက်တာ ...”
လုရှောင်ရန်၏ အမူအယာ ကင်းမဲ့ပါသည်ဆိုသော မျက်နှာဖုံး တစ်စစီ ကျိုးပဲ့ပျက်စီးသွားလုမတတ်ပင်။
မုန့်ယန်က ထပ်ပြောလိုက်ပြန်သည်။
“အဟမ်း .. အဟမ်း တကယ်တမ်းတော့ ငါက ယဇ်ဆရာအကြီးအကဲရဲ့ ပရိသတ် ဖြစ်ခဲ့တာ ဒါပေမယ့် စိတ်မကောင်းစရာပဲ တစ်ချို့လူတွေက လက်ဦးမှုယူပြီး အကြီးအကဲကို သတ်လိုက်ကြတယ်လေ ... ငါက အဲဒီ့လူတွေနဲ့ ဘယ်တော့မှ ပူးပေါင်းမှာ မဟုတ်ဘူး ...”
သူက အခု ပင်လယ်ဓားပြ သင်္ဘောပေါ် ရောက်နေပြီ လုံးဝ ပြန်ဆင်းလို့ မရတော့ဘူးလို့ ...
သို့သော် သူ့ဆွေမျိုးအပေါင်းအသင်းများမှာမူ မြင့်မြတ်မြို့တော်တွင် ရှိနေကြဆဲပင်။
သူနှင့် တစ္ဆေဘုရင်အကြောင်း လူသိသွားသည်နှင့် တစ်ပြိုင်နက် သူ့ဆွေမျိုးနှင့် မိတ်ဆွေများ ဒုက္ခရောက်သွားပေလိမ့်မည်။
ထိုသို့ အဖြစ်မခံနိုင်၊ သူ့ကိုယ်ပိုင်ဘဝကိုလည်း အဆုံးရှုံးမခံနိုင်ပေ။
မြင့်မြတ်မြို့တော်ရှိ ဆွေမျိုးနှင့် မိတ်ဆွေများ၏ ဘေးကင်းရေးအတွက် မုန့်ယန်သည် ယဇ်ဆရာအကြီးအကဲကို ဆွဲထည့်ရန် ဆုံးဖြတ်လိုက်တော့သည်။
နောက်ဆုံး ယဇ်ဆရာအကြီးအကဲအချို့မှာ အလွန် အားနည်းလှသော်ငြား ထိုယဇ်ဆရာအကြီးအကဲဟူသည့် ရာထူးမှာ ဟိုးယခင်ကတည်းက ပေါ်ပေါက်နေခဲ့ခြင်း ဖြစ်သည့်အလျောက် မျိုးဆက်များစွာကို ဖိနှိပ်ထားနိုင်ခဲ့သည်.။
ထို့အပြင် လက်တလော ယဇ်ဆရာအကြီးအကဲများမှာ များစွာ အင်အားမကြီးသည့်အတွက် ခပ်လျှိုလျှိုသာ နေထိုင်ကြပြီး သူတို့အနီးအနားရှိ လူများကိုလည်း ခပ်လျှိုလျှိုသာ နေထိုင်ရန် တားမြစ်ခဲ့ကြသည်။
ထို့ကြောင့် အခြား ယဇ်ဆရာများမှာ အထက်စီးဆန်ကာ လွှမ်းမိုးလိုစိတ် ပြင်းထန်ပြီး လူများကို အပြစ်ပြုမိကြသည့်တိုင် ယဇ်ဆရာအကြီးအကဲမှာမူ ဤသို့သော လုပ်ရပ်မျိုးကို တစ်ကြိမ်တစ်ခါမျှပင် မလုပ်ချေ။
တစ္ဆေဘုရင်ပင်လျှင် ယဇ်ဆရာအကြီးအကဲအပေါ် အကောင်းမြင်စိတ်များ ရှိနေ၏။
ဤတစ်ခေါက် ယဇ်ဆရာအကြီးအကဲ၏ မတော်တဆမှုမှာ ရုတ်တရက် ဆန်လွန်းလှသည်။ သူ့ဘက်တော်သားများမှာ မည်ကဲ့သို့ တုန့်ပြန်သင့်ကြောင်း မသိကြတော့၊ ထို့အပြင် ယဇ်ဆရာအကြီးအကဲကလည်း ပျောက်ဆုံးနေရာ ...
ယဇ်ဆရာအကြီးအကဲ၏ လက်အောက်ရှိ လူများနှင့် သူနှင့် နီးစပ်သူများမှာ မီးတောက်ကို မျိုသိပ်ထားကြရသည်။
ယဇ်ဆရာအကြီးအကဲကို ပစ်မှတ်ထားသူများမှာ တစ်အုပ်စုတည်းမဟုတ်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အံဝင်ခွင်ကျ ဖြစ်မနေကြပေ။
သူ့ကိုယ်သူ ယဇ်ဆရာအကြီးအကဲ၏ ဘက်တော်သားဟု အမည်တပ်လိုက်သည့်အတွက် မည်သူကမှ မြင့်မြတ်မြို့တော်ရှိ သူ့မိသားစုဝင်များကို ထိပါးရဲတော့မည် မဟုတ်ချေ။
သူ့မိသားစုနဲ့ မိတ်ဆွေတွေကို ထိရဲတဲ့သူ ဘယ်သူမဆို အဲဒါ ယဇ်ဆရာအကြီးအကဲကို လုပ်ကြံခဲ့တဲ့သူဆိုတဲ့ သဘောပဲ ...
မုန့်ယန်မှာ တွေးလေလေ ထိုအကြံက သင့်လျော်သည်ဟု ထင်မိလာလေ ဖြစ်သည်။ သူက ချက်ခြင်း မျက်နှာကို အုပ်ကာ မျက်ရည်များကို ခါးသီးစွာဖြင့် သုတ်လိုက်သည်။
“ယဇ်ဆရာအကြီးအကဲ... လေးစားရတဲ့ အရှင်က ဘာလို့များ ဒီလိုမျိုး ရုတ်တရက် ပျောက်ဆုံးသွားရတာလဲ ကျွန်တော်က အမြဲ အရှင့်ရဲ့ အကြံပေးမှုတွေကို လိုချင်နေခဲ့တာပါ ...”
သူက အမှန်ပြောနေခြင်း မဟုတ်။ သို့သော် မျက်ရည်များမှာမူ စစ်မှန်လွန်းမက စစ်မှန်လွန်းလှသည်။
ဘယ်လိုလုပ် မစစ်မှန်ဘဲ နေပါ့မလဲ ...
တစ်ခြားတစ်ယောက်ရဲ့ ထိန်းချုပ်တာကို ခံနေရတာလေ ငါ့ဘဝ ဘယ်လောက် သနားစရာကောင်းလိုက်သလဲ ...
လုရှောင်ရန် “...”
မုန့်ယန်က ယဇ်ဆရာအကြီးအကဲအပေါ် ဒီလို နက်ရှိုင်းတဲ့ ခံစားချက်မျိုး ရှိတယ်ပေါ့ ...
ကျောက်ချင်းယွင်နှင့် အခြားသူများမှာလည်း ပြောစရာစကားပင် မရှိတော့။
မြင့်မြတ်မြို့တော်မှာ ရှိတုန်းကတော့ မုန့်ယန်က ယဇ်ဆရာအကြီးအကဲကို နည်းနည်းလေးတောင် အလေးမထားခဲ့ဘူးလားလို့နော် ...
ဒီမနက်အထိကို ယဇ်ဆရာအကြီးအကဲဆီက ရတနာကို လုယူဖို့ ကြံနေတုန်း မဟုတ်လား ...
သူက လုံးဝကို ယဇ်ဆရာအကြီးအကဲအပေါ်မှာ အစစ်အမှန် လေးစားတာမျိုး မရှိဘူး ...
ဒီမုန့်ယန်က သရုပ်ဆောင်တဲ့ နေရာမှာတော့ တော်တော်လေး ကောင်းသားပဲ ...
ရှစ်ဟိုင်ယွမ်က တိတ်တခိုး လှောင်ရယ်လိုက်သည်။ ထို့နောက် သူကပါ အိုမင်းနေသည့် မျက်နှာကို လက်ဖြင့် အုပ်လျက် ငိုကြွေးလိုက်တော့သည်။
“ငါက အရင်တုန်းက ဒဏ်ရာရထားတာ ရှိတယ် အဲဒါအကုန် ယဇ်ဆရာအကြီးအကဲရဲ့ ကူညီစောင်မပေးမှုပေါ်မှာပဲ မူတည်တာ ... ငါ သူ့အတွက် ကျိန်းသေ လက်စားချေပေးရမယ် ...”
ကျောက်ချင်းယွင်ကလည်း ကျန်ရစ်မနေခဲ့။
“ယဇ်ဆရာအကြီးအကဲဆိုတာ ငါတို့လို ယဇ်ဆရာတွေအတွက်တော့ စံပြပုဂ္ဂိုလ်ပဲ ငါက အမြဲတမ်း သူ့ကို လေးစားအားကျနေခဲ့တာ .. တစ်ခြားသူတွေကို အနိုင်ကျင့်တဲ့ ယဇ်ဆရာတွေကတော့ ကျိန်းသေ ရှုံ့ချခံရသင့်တယ် ဒီနေ့ကနေစပြီး ငါ ကျောက်ချင်းယွင်က တစ္ဆေဘုရင်နဲ့အတူတူ ရှေ့ကို ချီတက်မယ် နောက်ပြန်ဆုတ်ရမယ်ဆိုလည်း သူနဲ့အတူတူပဲ ပြန်ဆုတ်မယ် ...”
ကျောက်ချင်းယွင်က ငိုကြွေးခြင်း မပြုသော်ငြား မျက်လုံးတို့မှာမူ ရဲရဲနီနေ၏။ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည့် သူ့ပုံစံမှာ လွန်စွာ သွေးကြွဖွယ် ကောင်းလှသည့်အတွက် သူပြောသည့် စကားများမှာ စစ်မှန်သည့် စိတ်ရင်း ဟုတ်မဟုတ် သံသယဝင်ရန် ခဲယဉ်းလှပေသည်။
ဒါ .. မုန့်ယန်နဲ့ ကျောက်ချင်းယွင်က ဒီလိုလူတွေ ဖြစ်လိမ့်မယ်လို့ တကယ် ထင်မထားမိဘူး ...
လုရှောင်ရန်နှင့်အတူ လိုက်လာသူများနှင့် ဟုန်ယဲ့မြို့တော်ရှိ မိသားစုကြီးများကမူ သူတို့၏ စကားများကို ယုံကြည်ကာ ကြောင်အသွားကြတော့သည်။
ဒီနှစ်ယောက်က ယဇ်ဆရာအကြီးအကဲကို ဆန့်ကျင်တဲ့ဘက်က မဟုတ်ဘူးလား ...
အမှန်တရားကို သိသူဟူ၍ တစ္ဆေဘုရင်နှင့် သူ့ဘက်တော်သားများသာ ရှိပေသည်။ ထိုသူများမှာ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်မလာစေရန် မနည်း ထိန်းချုပ်ထားကြရသည်။
ထိုသူများမှာ သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရောက်နေရကြောင်း များစွာ သိသာထင်ရှားနေသည့်တိုင် တရားမျှတကာ ဂုဏ်သိက္ခာကြီးမြတ်သည် ဆိုသည့် အမည်ကို ထိန်းသိမ်းရန် အသည်းအသန် အားထုတ်နေကြဆဲပင်။
သို့သော် သူတို့အနေဖြင့် အမှန်တရားကို ထုတ်ပြောရန် အတွေးမရှိ။
သူတို့က ယဇ်ဆရာအကြီးအကဲကို အဆိုးမြင်နေတာမှ မဟုတ်တာ ပြီးတော့ အခု ပြဇာတ်ကနေတဲ့ လူတွေက မြင့်မြတ်မြို့တော်ရဲ့ အာဏာကို ခွဲယူနိုင်တယ်လေ ဒါ မကောင်းဘူးလား ...
သွမ့်ချန်ချင်း “...”
သူ ချုပ်ဆိုထားသည့် စာချုပ်အရ ထိုသူများသည် ယဇ်ဆရာအကြီးအကဲကို အနည်းငယ်မျှပင် လေးစားခြင်း မရှိကြောင်း ခံစားမိနေပေသည်။
ဒီလူတွေ .. အဓိပ္ပါယ်မရှိတဲ့ စကားကို တစ်ယောက်မကျန်ကို ပြောနိုင်ကြတာပဲ ...
ပြီးတော့ တစ္ဆေဘုရင်ရဲ့ လက်အောက်ကို ဝင်တာနဲ့ ယဇ်ဆရာအကြီးအကဲကို လေးစားတာ ဘာဆိုင်လို့လဲ တစ္ဆေဘုရင်က ယဇ်ဆရာအကြီးအကဲရဲ့ ဘက်တော်သားမှ မဟုတ်တာ ...
ယခုလက်ရှိတွင် ယဇ်ဆရာအကြီးအကဲ၏ ဂုဏ်ပုဒ်သည် မည်ကဲ့သို့ပင် ဖြစ်နေပါစေ၊ သူသည် ယဇ်ဆရာတို့၏ ခေါင်းဆောင်ပြယုဂ် ဖြစ်နေဆဲပင်။ တစ္ဆေဘုရင်သာ လောကကြီးကို ပြောင်းလဲလိုပါလျှင် ယဇ်ဆရာအကြီးအကဲကို ဖယ်ရှားရမည် ဖြစ်သည်။
ယခုမူ ယဇ်ဆရာအကြီးအကဲက သေဆုံးသွားပြီ ဖြစ်သည့်အလျောက် သူ့ကို ဖယ်ရှားရန်မှာ အရေးမပါတော့ချေ။
မုန့်ယန်နှင့် သူ့လူများက ယဇ်ဆရာအကြီးအကဲအပေါ် ထားရှိသည့် သူတို့၏ သစ္စာတရားကို တဖွဖွ ပြောနေကြဆဲပင်။ လုရှောင်ရန်ကပါ အခိုင်အမာ ဝင်ပြောလိုက်ပြန်သည်။
“ယဇ်ဆရာအကြီးအကဲက ငါ ကလေးဘဝကတည်းက လေးစားအားကျခဲ့ရတဲ့ စံပြပုဂ္ဂိုလ်ပဲ ပြီးတော့ ငါ့ရည်မှန်းချက် ပန်းတိုင်လို့ ပြောလို့လည်း ရတယ် ...”
မုန့်ယန်နှင့် အခြားသူများ “...”
မင်းက တကယ်ကြီးကို ငါတို့အကွက်တွေအတိုင်း လိုက်လုပ်နေတာပါ့လား ...
ညီလေးရေ ယဇ်ဆရာအကြီးအကဲဆိုတာ မင်းနဲ့မှ အသက်အတူတူပဲ ရှိသေးတာနော် ဒါကို သိရောသိရဲ့လား သူက ကလေးဘဝတုန်းကဆို နည်းနည်းလေးမှတောင် နာမည်မကြီးဘူးကွ .. ဒါတောင် ဘယ်လိုလုပ်ပြီး မင်းရဲ့ ကလေးဘဝက အိုင်ဒေါ ဖြစ်သွားရတာလဲ ...
သူတို့၏ စိတ်ထဲ၌ မည်သို့ပင် တွေးနေကြပါစေ၊ အပေါ်ယံတွင်မူ နှလုံးသားထဲ ထိရှသွားသည့် အမူအယာမျိုး လုပ်ပြနေဆဲပင်။
“ငါတို့အားလုံးက တကယ်ကို စိတ်တူကိုယ်တူ ညီအစ်ကိုတွေ ဖြစ်နေကြတာပဲ ...”
ထိတ်လန့်မှုတို့ ကျော်လွန်ကာ အားလုံး ဟန်မပျက် ဆက်ပြောနိုင်လာတော့သည်။
တံစက်မြိတ်အောက်ကို ဝင်ချင်ရင် ခေါင်းငုံ့ရမှာပဲလေ ...
“ငါလည်း ယဇ်ဆရာအကြီးအကဲကို အလေးစားဆုံးပဲ ...”
“ငါ ယဇ်ဆရာအကြီးအကဲကို တစ်ခါ တွေ့ဖူးတယ် သိလား သူက ငါ့ဘဝရဲ့ မီးပြတိုက်ပဲ ...”
“သူက ငါ့ဘဝကို လမ်းကြောင်းပြပေးခဲ့တာ ...”
“ဘယ်လိုဖြစ်လို့ လေးစားရတဲ့ ယဇ်ဆရာအကြီးအကဲက ဒီလိုမျိုး အသတ်ခံခဲ့ရတာလဲ ...”
....
မိဘများထံမှ မုန့်ဖိုးပိုတောင်းရန် ဟန်ဆောင်မျက်ရည် ကျပြတတ်သည့် အရည်အချင်းကို ပိုင်ဆိုင်ထားသည့် သခင်ငယ်လေးများကပါ ချက်ခြင်း မျက်ရည်လည်ရွှဲ ဖြစ်ကုန်ကြတော့သည်။
သိပ်ကောင်းတယ် အကုန် ကောင်းကောင်းကြီး ဖျော်ဖြေနိုင်ကြတာပဲ ...
လုရှောင်ရန်က အေးစက်စက်မျက်နှာထားဖြင့် တစ္ဆေဘုရင်၏ အနီးသို့ လျှောက်သွားလိုက်သည်။
“ဒီဘက်က အရှင် ကျွန်တော်တို့တွေ အကုန်လုံးက တစ်လှေတည်း စီးကြတဲ့ သူတွေပဲဆိုတော့ စားစရာလေး နည်းနည်းလောက် ပေးနိုင်မလား ...”
ဘယ်သူက မင်းဘက်ကလဲကွ ငါတို့က ယဇ်ဆရာအကြီးအကဲနဲ့ တစ်ဖက်တည်း မဟုတ်ဘူးလို့ !!!!!!
သို့သော် တစ္ဆေဘုရင်က လက်ခံလိုက်ဆဲပင်။
“သွားစားလိုက် ...”
သူက လုရှောင်ရန်နှင့် မြင့်မြတ်မြို့တော်မှ ပါလာသူများကို လွတ်လပ်ခွင့် ပေးထားလိုက်သည်။
ထိုသူများက တစ္ဆေဘုရင်၏ ငယ်သားများနှင့်အပြိုင် အသားကင်ကို လုမစားရဲ၊ ထို့ကြောင့် အရသာရှိသည့် သာမန် စားစရာများကိုသာ စားလိုက်ကြသည်။ စားနေရင်း လုရှောင်ရန်ကိုပါ မမေ့မလျော့ ချီးကျူးမြှောက်ပင့်လိုက်ပြန်၏။
“လုကော ကောက အရမ်းကို ဉာဏ်ကောင်းတာပဲ ...
“ဒီလူတွေကို ကြည့်ရတာ သိပ်ပြီး ဆက်ဆံရ ခက်မယ့်ပုံ မပေါ်ပါဘူး သူတို့က ကျွန်တော်တို့ကို ဂရုမစိုက်တာများလား ...”
လုရှောင်ရန်က ကြက်ခြေထောက်ကို တစ်ကိုက်ကိုက်ရင်း မျက်နှာသေဖြင့် ပြောလိုက်သည်။
“မကောင်းတာသာ မလုပ်နဲ့ ဘယ်သူမှ မင်းတို့ကို ဂရုမစိုက်ဘူး ...”
“ကျွန်တော်တို့ လုံးဝကို မကောင်းတာ မလုပ်ပါဘူး ...”
“ဟုတ်သား .. ဒီအခြေအနေအတိုင်းဆို .. ကျွန်တော်တို့ရဲ့ မိဘတွေကို သက်ရောက်လာနိုင်လောက်လား ...”
“ကျွန်တော့်ကို မိသားစုထဲကနေ ထုတ်ပစ်လောက်လား ...”
လုရှောင်ရန်က နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
“ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါတို့ရဲ့ အပေါ်မှာ လူတွေ ရှိနေတုန်းပဲ ဘာကို စိတ်ပူနေမှာလဲ ...”
မြင့်မြတ်မြို့တော်တွင် ကျန်ခဲ့ကြသူများက သူတို့ကို ဒေါသထွက်ကာ ပြဿနာ ရှာလိုသည့်တိုင် ထိုသူများက မုန့်ယန်၊ ကျောက်ချင်းယွင်နှင့် အခြားသူများကိုသာ ဖမ်းဆီးကာ ဖြေရှင်းချက် တောင်းရမည် ဖြစ်သည်။
ကြံရာပါ ငနုံငအတွေကို ဘယ်သူက ဂရုစိုက်နေမှာလဲ ...
သူတို့မိသားစုတွေက သူတို့ကို အပြင်လောကမှာ ဒုက္ခခံလာကြရပြီဆိုပြီးတောင် စိတ်မကောင်း ဖြစ်ကြလိမ့်ဦးမယ် ...
သူ့အတွက်ကတော့ .. တစ္ဆေဘုရင်က သူ့ဦးလေးဆိုတော့ .. ဒေါ်လေးက အကြောင်းပြချက်ကောင်းကောင်း တစ်ခုကို ကျိန်းသေ ရှာပေးမှာပဲ ...
ဒေါ်လေးကို ဘယ်သူမှ ရန်မစရဲကြဘူးလေ ...
လုရှောင်ရန်မှာ ကြက်ခြေထောက်ကို ကိုက်နေရင်း ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းကို သွားတွေ့လိုစိတ်များ ဖြစ်ပေါ်လာတော့သည်။
ဦးလေးဖြစ်သူ “သေဆုံးချိန်”တွင် သူ့အသက်မှာ အလွန်ငယ်လှသေးသည့်အတွက် ထိုသူ၏ ရုပ်ရည်မှာ မည်သို့မည်ပုံ ရှိမှန်း မမှတ်မိတော့။
သို့သော် သူ ကလေးဘဝက ဗီဒီယို အများစုမှာ ဦးလေးဖြစ်သူက ရိုက်ထားပေးခြင်းဖြစ်ပြီး တစ်ခုစီတိုင်းတွင် ထိုသူ၏ “ဟားဟားဟားဟား” ဟူသော ရယ်သံများပါ ပါဝင်နေခဲ့သည်။
ထိုဗီဒီယိုများကို သူ့မိသားစုဝင်များက ပြန်ကြည့်ကြလေတိုင်း ဦးလေးဖြစ်သူကို လွမ်းဆွတ်မိခဲ့သည်။
သတိရမိလေတိုင်း ဦးလေးဖြစ်သူ၏ ဓာတ်ပုံကို သွားကြည့်မိခဲ့၏။
သူက ဦးလေးကို အရမ်းကို အထင်ကြီးခဲ့တာ !!!!
ရှဲ့ယွင်နန်ကို စတွေ့ကာစ အချိန်ကတည်းက ထိုသူမှာ သူ့ဦးလေးနှင့် ရုပ်ချင်းဆင်လှသည်ဟု ခံစားမိခဲ့သည်။
ဒါ .. သူ့ရဲ့ ဝမ်းကွဲပဲ ဖြစ်လိမ့်မယ် ...
ဒီနှစ်တွေထဲမှာ ဝမ်းကွဲက အတော်လေးကို ဒုက္ခခံခဲ့ရတယ်ထင်တယ် .. ကြည့်ပါဦး ဒီလို သာမန်စားစရာလေးတွေကိုတောင် တန်ဖိုးကြီးပစ္စည်းလိုမျိုး သဘောထားနေတာ ...
သနားစရာကောင်းလိုက်တဲ့ ဝမ်းကွဲလေး ...
သို့သော် သူက ရှဲ့ယွင်နန်ကို သွားနှုတ်ဆက်ရန် အကြံမရှိချေ။
သူ့အဖော်သားရဲက ဝမ်းကွဲ၏ အဖော်သားရဲကို တိုက်ခိုက်ခဲ့ဖူးသည့်အပြင် သူ့အိမ်ထောင်ဖက်၏ အဖော်သားရဲနောက်သို့ပါ လိုက်ခဲ့ဖူးရာ ...
သူသာ သွားနှုတ်ဆက်လိုက်ရင် ဝမ်းကွဲက ဖြစ်ခဲ့သမျှ အကုန် ထုတ်ပြောပစ်လောက်လား ...
“ဒီနှစ်ယောက်ရဲ့ ပုံစံက တော်တော်လေး ထူးခြားတယ် ...”
လုရှောင်ရန်၏ အကြည့်များနောက်သို့ လိုက်ကြည့်ရင်း ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းကို တွေ့လိုက်သည့် သခင်လေးတစ်ဦးက သူ့အတွေးများကို အံ့ဩတကြီး ထုတ်ပြောလိုက်မိသည်။
လုရှောင်ရန်က သူ့ကို သတိပေးလိုက်၏။
“ပြဿနာ မရှာနဲ့ ...”
ဒါက ငါ့ဝမ်းကွဲကွ!!!! သူတို့နှစ်ယောက်ကို ဘယ်လို မကောင်းတဲ့ အကြည့်မျိုးနဲ့မှ အကြည့်မခံစေရဘူးလို့ စိတ်ကို ဆုံးဖြတ်ထားပြီးသား ...
“ကောင်းပါပြီ ...”
ထိုသူက ချက်ခြင်း ပြန်ပြောလိုက်သည့်တိုင် စိတ်ထဲတွင်မူ ပဟေဠိ ဖြစ်နေဆဲပင်။
လုရှောင်ရန်တောင် ကြည့်နေတုန်းကို ...
ဒါပေမယ့် လုကောရဲ့ အမြင်က သူတို့နဲ့ မတူတော့ ... ဘာကိစ္စမှတော့ မရှိဘူး မဟုတ်လား ...
ထိုသူများ စားသောက်နေကြစဉ် ဟုန်ယဲ့မြို့တော်မှ အထက်တန်းလွှာများကလည်း သူတို့၏ သစ္စာရှိမှုကို တစ်ယောက်ပြီးတစ်ယောက် ပြသလိုက်ကြသည်။
သို့သော် တစ္ဆေဘုရင်က သူတို့ကို လွှတ်မပေးပေ။
သူက ထိုသူများကို အကောင်းမြင်ခြင်း အလျဉ်းမရှိပေ။